အသက်တစ်ရာ နေရပါစေ
Vol. 54 Ch. 741
သခင်လေးလင်း၏အမည်မှာ လင်းဟူ၍ တစ်လုံးတည်းဖြစ်သည်။ သူသည် လုမျိုးနွယ်၏ လူငယ်မျိုးဆက်အတွင်းမှ ထူးချွန်သူတစ်ဦးဖြစ်ပြီး ပါရမီကောင်း၏။ သူသည် အသက်နှစ်ဆယ့်တစ်နှစ်မှာပင် ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ မကြာသေးခင်က သူသည် တစ်နှစ်ကြာ အခန်းအောင်း ကျင့်ကြံနေခဲ့၏။ ထို့ကြောင့် အလယ်အလတ်အဆင့် တာအိုပုံသဏ္ဌာန်နောက်တစ်ခုကို သိမြင်နားလည်ခဲ့သည်။ သူ၏ကျင့်ကြံနှုန်းက မယုံနိုင်လောက်အောင် မြန်ပေသည်။ သူ့ကို အကြီးအကဲများက လုမျိုးနွယ်၏ ဆက်ခံသူငါးယောက်ထဲမှ တစ်ယောက်ဟု အသိအမှတ်ပြုထားကြသည်။ သူ့တွင်သာ မကောင်းသောအကျင့်စရိုက် မရှိလျှင် မျိုးနွယ်ခေါင်းဆောင်ငယ်အဖြစ် ခန့်အပ်ခံထားရလောက်ပေပြီ။
သခင်မလေးယွီနှင့် သခင်လေးလင်းတို့မှာ မောင်နှမဝမ်းကွဲများဖြစ်၏။ သူမသည် လုမျိုးနွယ်၏ နံပါတ်(၁)သခင်မလေးဖြစ်ရန် လုံးဝထိုက်တန်ပေသည်။ သူမ၏အဖေသည် လုမျိုးနွယ်၏ လက်ရှိခေါင်းဆောင် လုရွှင်းဖြစ်၏။ သူက နောင်တွင် မျိုးနွယ်အကြီးအကဲဖြစ်လာမည့်သူပင်။ လုရွှင်းတွင် သမီးတစ်ယောက်သာ ရှိ၏။ ထို့ပြင် လုယွီ၏ မွေးရာပါ ပါရမီက အတော်လေး ကောင်းမွန်ပေသည်။ သူမ၏ ရုပ်ရည်သွင်ပြင်ကလည်း ထိပ်တန်းပင်။ အနာဂတ်မျိုးနွယ်အကြီးအကဲ၏ သမီးဖြစ်သော သူမသည် လုမျိုးနွယ်၏ နံပါတ်(၁) သခင်မလေးဖြစ်ရန် သေချာပေါက် ထိုက်တန်ပေသည်။
ထိုအဆင့်အတန်းမြင့်သူနှစ်ယောက်သည် မကြာသေးခင်က အခန်းအောင်း ကျင့်ကြံနေကြခြင်းဖြစ်ပြီး ယခုမှ ထွက်လာကြခြင်းဖြစ်သည်။ သူတို့နှစ်ယောက်စလုံးသည် အနည်းနှင့်အများ တိုးတက်လာကြပြီး အပျင်းဖြေရန် အပြင်သို့ သွားရန် ဆုံးဖြတ်ခဲ့ကြခြင်းပင်။ အဘယ်ကြောင့် သူတို့ ကောင်းကင်မိုးကြိုးကျွန်းသို့ လာခဲ့ခြင်းမှာမူ... ထိုမေးခွန်းကို လုတိအား မေးရပေမည်။
ကျန်းရီက လေနက်တပ်မဟာကို ရှင်းထုတ်ပစ်ပြီးနောက်တွင် လုတိသည် အခြားအစီအစဉ်တစ်ခုကိုသုံးရန် ဆုံးဖြတ်ခဲ့၏။ သူ၏ မကောင်းသောအကြံကို လုပ်ရန် တစ်စုံတစ်ယောက်ကို အသုံးချဖို့ ဆုံးဖြတ်ခဲ့သည်။ ထိုတစ်စုံတစ်ယောက်မှာ သခင်လေးလင်းဖြစ်ပေသည်။ သို့သော် လုတိ နဂါးဖြူမြို့သို့ ပြန်ရောက်သောအခါ သခင်လေးလင်းက အခန်းအောင်းကျင့်ကြံနေကြောင်း သိခဲ့ရ၏။ သခင်လေးလင်းက မကြာသေးခင်ကမှ ထွက်လာခြင်းဖြစ်သည်။ ထို့ကြောင့် သခင်လေးလင်းသည် အချိန်အတော်ကြာမှ ကောင်းကင်မိုးကြိုးမြို့သို့ ရောက်လာခြင်းဖြစ်၏။
သခင်လေးလင်းသည် ခန်းမထဲသို့ ဝင်လာလာချင်းမှာပင် တစ်ချက် ဝေ့ဝဲကြည့်လိုက်၏။ သူ ချက်ချင်းပင် ကျန်းရှောင်နူကို တွေ့သွားခဲ့သည်။ သူ၏အပြုအမူကို ကြည့်ရုံဖြင့် သူ ပြင်ဆင်လာခဲ့ကြောင်း သိနိုင်သည်။ သူသည် ကျန်းရှောင်နူကို မြင်လိုက်သည့်အခိုက်တွင် ဤသို့လာခဲ့ရခြင်းမှာ အချည်းနှီးမဟုတ်ဟု ခံစားလိုက်ရလေသည်။ လုတိက သူ့ကို မလိမ်ခဲ့ပေ။ ကျန်းရှောင်နူသည် အမှန်ပင် ထိပ်တန်းအလှပဂေးလေးဖြစ်ပြီး ရှားပါးမျိုးနွယ်ဖြစ်သည်။
လုယွီ၏မျက်လုံးများကလည်း ဖုန်းလန်နှင့် ကျန်းရှောင်နူတို့အပေါ် ကျရောက်သွားသည်။ မိန်းမလှလေးများသည် သူမတို့ကဲ့သို့ လှပသူများအပေါ် ပို၍အာရုံစိုက်တတ်သည်မှာ သဘာဝပင်။ သို့သော် သူမ၏မျက်လုံးများက ကျန်းရီဆီသို့ လျင်မြန်စွာ ရောက်သွား၏။ ထိုသူသည် ထိုကဲ့သို့ ဆွဲမက်ဖွယ် မိန်းမလှလေးသုံးယောက်ကို ပိုင်ဆိုင်ထားလောက်အောင် အင်အားနှင့် စွဲဆောင်မှုရှိသူဖြစ်၏။
ကျန်းရီက သူမကို စိတ်မပျက်စေခဲ့ပေ။ နဂါးညှိုးရော်မြက်ပင်၏ ပြန်လည်ပြုပြင်မှုကို ခံရပြီးနောက်တွင် ကျန်းရီသည် မိန်းကလေးများကပင် အားကျရလောက်သော အသားအရေကို ပိုင်ဆိုင်ခဲ့၏။ သူ၏ခန္ဓာကိုယ်ကလည်း အပြစ်ကင်းစင်ပြီး သခင်လေးလင်းထက်ပင် စွဲဆောင်မှုရှိပေသေးသည်။
ပို၍အရေးကြီးသည်မှာ ကျန်းရီ၏ အရှိန်အဝါဖြစ်သည်။ ကျန်းရီသည် ငယ်ရွယ်ခံ့ညားသော ရုပ်သွင်ရှိ၏။ သို့သော် သူ၏အရှိန်အဝါမှာ အသက်လတ်ပိုင်းအမျိုးသားတစ်ဦး၏ အတွေ့အကြုံများသော အရှိန်အဝါပင်။ ယင်းမှာ ဆန့်ကျင်ဘက်အဆိပ်တစ်ခုကဲ့သို့ လုယွီကို နက်နက်ရှိုင်းရှိုင်း စွဲမက်စေလေသည်။
သို့သော် နှမြောစရာတစ်ခုမှာ ကျန်းရီ၏ စွမ်းအားက အားနည်းလွန်းနေခြင်းပင်။ သူသည် ဗာဂျရာပဉ္စမအဆင့်တွင်သာ ရှိပေသည်။ ထို့ပြင် ကျန်းရီက မကျော်ကြားပေ။ သူမက သူ့ကို ယခင်က မသိခဲ့ချေ။ ယင်းမှာ ကျန်းရီသည် အင်အားကြီးမျိုးနွယ်တစ်ခုမှ မဟုတ်ဟူသော အဓိပ္ပာယ်ပင်။ ထို့ကြောင့် လုယွီသည် သူ့ကို ခေတ္တသာ ကြည့်လိုက်ပြီး အကြည့်လွှဲလိုက်လေသည်။ အကယ်၍ ယောက်ျားတစ်ယောက်တွင် အင်အားနှင့် နောက်ခံမရှိလျှင် မည်မျှ ခံ့ညားစေကာမူ အလှပြပန်းအိုးတစ်ခုကဲ့သို့သာ ဖြစ်နေမည်ဖြစ်သည်။
သခင်လေးလင်းက ကျန်းရှောင်နူကို ခေတ္တမျှကြည့်ပြီးနောက် ဣန္ဒြေပြန်ဆည်လိုက်၏။ မျိုးနွယ်(၁၃)ခုထဲမှ တစ်ခုဖြစ်သော လုမျိုးနွယ်သည် အတော်လေး စည်းကမ်းတင်းကြပ်သည့်ပုံပင်။ သခင်လေးလင်းက ခပ်ရေးရေး ပြုံးလိုက်ပြီး လုဖင်းထံသို့ ခံ့ညားစွာ လျှောက်သွားပြီး ရယ်မော၍ ပြောလိုက်၏။
“ဒေါ်လေးလု... ဒေါ်လေးက ကျွန်တော့်ကို ကောင်းကင်မိုးကြိုးမြို့က ပါရမီရှင်တွေ၊ မိန်းမလှလေးတွေနဲ့ မိတ်ဆက်မပေးတော့ဘူးလား”
လုဖင်းသည် ကူကယ်ရာမဲ့ဟန် ပြုံးလိုက်ပြီး ကျန်းရီကို မျက်ရိပ်ပြကာ စတင် မိတ်ဆက်ပေးလိုက်သည်။
“သူတို့က ကောင်းကင်မိုးကြိုးမြို့ရဲ့ တပ်မှူးလုပုနဲ့ တပ်မှူးလုဖုန်းပါ။ သခင်လေးလင်း သူက သခင်လေးရဲ့ မျိုးရိုးထဲကပါပဲ။ သူကတော့ တစ်ကိုယ်တော်ဝံပုလွေပါ.. အဖွဲ့မှူးကျန်းလို့ သိကြပါတယ်၊ မြို့က ကျွန်တွေရဲ့ ကိုယ်စားလှယ်ပေါ့။ သူတို့ကတော့ သခင်မလေးဖုန်းလန်နဲ့ သခင်မလေးချင်းယွီတို့ပါ... သူတို့နှစ်ယောက်စလုံးက အဖွဲ့မှူးကျန်းရဲ့ ကိုယ်လုပ်တော်တွေပါ။ သူက သခင်မလေးကျန်းရှောင်နူပါ... သူက တစ်ကိုယ်တော်ဝံပုလွေရဲ့ ညီမလေးပါ”
လုဖင်းက တစ်ယောက်ချင်းစီကို မိတ်ဆက်ပေးသောအခါ မိတ်ဆက်ပေးခံရသူက လက်ဆုပ်ကာ ဦးညွှတ်ကြ၏။ သို့သော် ဖုန်းလန်၊ ကျန်းရှောင်နူနှင့် ချင်းယွီတို့ကို မိတ်ဆက်ပေးသောအခါ သခင်လေးလင်းက အရင်ဆုံး ဦးညွှတ်၍ နှုတ်ဆက်လိုက်၏။
“သခင်မလေးဖုန်း၊ သခင်မလေးချင်း၊ သခင်မလေးကျန်း... ကျွန်တော်က လုလင်းပါ။ သခင်မလေးတို့နဲ့ သိကျွမ်းရတာ ဂုဏ်ယူမိပါတယ်”
ဖုန်းလန်တို့သုံးယောက်၏ မျက်နှာထားများ အနည်းငယ် ပြောင်းလဲသွား၏။ ကျန်းရှောင်နူ၏ ကျောက်စိမ်းမျက်နှာလေးကလည်း အေးစက်သွားသည်။ ဤသခင်လေးလင်းသည် အမှန်ပင် ကျန်းရီကို လျစ်လျူရှုကာ ထိုသုံးယောက်ကို တိုက်ရိုက် စကားပြောခဲ့ပေသည်။ သူက ကျန်းရီကို အရှက်ခွဲခဲ့သဖြင့် သူမတို့သုံးယောက်က မကျေနပ်ပေ။
ကျန်းရီက ခပ်ဖွဖွ ပြုံးလိုက်ပြီး သူမတို့သုံးယောက်ကို မျက်ရိပ်ပြလိုက်၏။ လုဖင်းသည် သူ့ကို ဤညတွင် မည်သည့်ကိစ္စပဲဖြစ်လာဖြစ်လာ သည်းခံရန် အကြိမ်ကြိမ် မျက်ရိပ်ပြခဲ့ပြီးဖြစ်၏။ ထို့ကြောင့် မိန်းမပျိုသုံးယောက်သည် ရွေးစရာမရှိတော့ဘဲ ဒေါသကို မျိုသိပ်ထားလိုက်ရလေသည်။ ထိုစဉ် ဖုန်းလန်က အရေးမစိုက်ဟန်ဖြင့် ပြောလိုက်၏။
“သခင်လေးလင်းနဲ့ သိကျွမ်းရတဲ့အတွက် ကျွန်မတို့က ဂုဏ်ယူရမှာပါ”
သခင်လေးလင်းက အတန်ငယ် ဦးညွှတ်၍ ပြန်တုံ့ပြန်လိုက်၏။ သူ၏ဟန်ပန်သည် အတော်လေး ကြော့ရှင်းပေသည်။ လုဖင်းသည် မိတ်ဆက်ပေးသည်ကို ရပ်လိုက်ပြီး ပြောလိုက်၏။
“သခင်လေးလင်း၊ သခင်မလေးယွီ.. ထိုင်ကြပါ၊ ဒေါ်လေးတို့ ကောင်းကင်မိုးကြိုးမြို့ရဲ့ အထူး စားကောင်းသောက်ဖွယ်တွေနဲ့ သေရည်ကောင်းကို မြည်းကြည့်ပါဦး”
“ဟားဟားဟား... ကျေးဇူးအများကြီးတင်ပါတယ် ဒေါ်လေးလု”
လုလင်းက ကျယ်လောင်စွာ ရယ်လိုက်ပြီး ထိုင်ခုံဆီသို့ လုယွီနှင့်အတူ လျှောက်သွား၏။ သူတို့နောက်တွင် ကိုယ်ရံတော်တစ်စုလည်း ပါသွားပေသည်။ သူတို့နှစ်ယောက်သည် ခရမ်းရောင်ရွှေစင်မြင့်ပေါ်တွင် ထိုင်လိုက်ပြီး ကိုယ်ရံတော်များက သူတို့နောက်တွင် ထိုက်လိုက်သည်။
လုဖင်းက ညာဘက်ရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး လက်ဟန်ပြ၍ စွဲမက်ဖွယ်မိန်းမပျိုလေးများကို ခန်းမအလယ်တွင် စတင်ကပြရန် ခိုင်းလိုက်လေသည်။ အခန်းထောင့်မှ ဂီတပညာရှင်များနှင့် ခန်းမထဲရှိ မွေးရနံ့က ဤစားသောက်ပွဲကို အတော်လေး ခမ်းနားနေစေသည်။
လုဖင်းသည် ရွှင်ပြသောအပြုံးဖြင့် ထရပ်လိုက်ပြီး သေရည်ခွက်ကို မြှောက်လိုက်၏။
“လာ..လာ... သခင်လေးလင်းနဲ့ သခင်မလေးယွီတို့အတွက် ခွက်မြှောက်ကြစို့။ သူတို့နှစ်ယောက် ရောက်လာတာက ကောင်းကင်မိုးကြိုးမြို့လေးကို ဂုဏ်တက်စေလိမ့်မယ်”
လုလင်းက ဟိတ်ဟန်မထုတ်ဘဲ ထရပ်လိုက်ပြီး တလေးတစား ပြန်ပြောလိုက်၏။
“ဒေါ်လေးလုက ယဉ်ကျေးလွန်းနေပါပြီ။ ကောင်းကင်မိုးကြိုးမြို့ကို ကြိုးကြိုးစားစား စောင့်ရှောက်ထားပေးလို့ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်တော် မျိုးနွယ်ကို ပြန်ရောက်ရင် မျိုးနွယ်ရဲ့ အကြီးအကဲခန်းမကို တင်ပြပြီး အားလုံးကို ရာထူးတိုးပေးဖို့ အကြံပြုထောက်ခံပေးပါမယ်”
လုလင်းက သေရည်ကို တစ်ကြိုက်တည်း မော့ချလိုက်ပြီး လုယွီက တစ်ငုံမျှသာ သိမ်သိမ်မွေ့မွေ့သောက်လိုက်သည်။ ကျန်းရီမှာမူ ခပ်ရေးရေးပြုံးထားဆဲဖြစ်၏။ သူ ကျေနပ်နေသလော သို့မဟုတ် ဒေါသထွက်နေသလော မသိနိုင်ပေ။ လုလင်းက ကျန်းရှောင်နူကို စိုက်ကြည့်နေစဉ်တွင်ပင် သူသည် မည်သည့် ထူးခြားသည့်မျက်နှာထားမှ မပြချေ။ သူက သခင်လေးလင်းကို အပြစ်ပြုမိ၍ မရကြောင်း သူ ရှင်းရှင်းလင်းလင်း သိပေသည်။ သခင်လေးလင်းက တရားလွန်မလာသေးသ၍ ကျန်းရီသည် မလေးမစား ပြုမူမည် မဟုတ်ပေ။
ဖုန်းလန်နှင့် ကျန်မိန်းမပျိုနှစ်ယောက်မှာမူ ကြည်လင်သော မျက်နှာထားမရှိပေ။ သူမတို့သည် ခံစားချက်ကင်းမဲ့သကဲ့သို့ ရှိနေပြီး ခေါင်းငုံ့ကာ စားကောင်းသောက်ဖွယ်များ စားနေကြသည်။ လုလင်းသည် စားပွဲတစ်ဘက်တွင် တပ်မှူးများနှင့်အတူ အဆက်မပြတ် ခွက်မြှောက်ကာ သောက်နေ၏။ လုယွီမှာမူ လှည့်ပတ်ကြည့်ရှုနေသည်။ သူမ ဘာကိုတွေးနေကြောင်း မသိနိုင်ပေ။
“အဖွဲ့မှူးကျန်း... လာပါ ကျွန်တော်တို့ ခွက်မြှောက်ကြတာပေါ့”
ရုတ်တရက် လုလင်းက အဝေးမှနေ၍ ကျန်းရီထံ ခွက်မြှောက်လိုက်သည်။ သူသည် ယဉ်ယဉ်ကျေးကျေးပင် ပြောလိုက်သေး၏။ ထိုနေရာရှိ လူအားလုံးသည် အံ့အားသင့်သွား၏။ ကျန်းရီက ခပ်ရေးရေး ပြုံးလိုက်ပြီး ထရပ်ကာ ပြန်ပြောလိုက်သည်။
“သခင်လေးက ယဉ်ကျေးလွန်းနေပါပြီ။ ကျွန်တော့်ကို တစ်ကိုယ်တော်ဝံပုလွေလို့ပဲ ခေါ်ပါ။ ဒီတစ်ခွက်က တစ်ကိုယ်တော်ဝံပုလွေက သခင်လေးလင်းအတွက် မြှောက်တာပါ”
“ဟားဟားဟား...”
လုလင်းက ဟက်ဟက်ပက်ပက် ရယ်လိုက်၏။ သူ၏ဟန်ပန်သည် ထည်ဝါပေသည်။ ထို့နောက် သူသည် ကျန်းရီကို လေးစားဟန်ဖြင့်ကြည့်ကာ ပြောလိုက်၏။
“ဒီလိုအသက်ငယ်ငယ်နဲ့ သူရဲကောင်းတစ်ယောက် ဖြစ်နေပြီပဲ။ အဖွဲ့မှူးကျန်းက ငယ်သေးပေမယ့် ကောင်းကင်မိုးကြိုးမြို့က ကျွန်တွေရဲ့ ကိုယ်စားလှယ်ဖြစ်နေပြီ။ အဲ့တော့ အဖွဲ့မှူးကျန်းက ထူးခြားတယ်ဆိုတာ ပြောနေစရာတောင် မလိုပါဘူး။ လင်းက အဖွဲ့မှူးကျန်းလို သူရဲကောင်းတွေနဲ့ မိတ်ဆွေဖွဲ့ရတာကို သဘောကျတယ်။ နောက်ကျရင် အဖွဲ့မှူးကျန်း နဂါးဖြူမြို့ကိုလာပြီး ကျော်ကြားလာအောင် လုပ်လို့ရပါတယ်။ လင်းက သေချာပေါက် အဖွဲ့မှူးကျန်းကို ကူညီပေးမှာပါ”
“အာ...”
လူအားလုံး အံ့အားသင့်သွား၏။ ဤကဲ့သို့ အဆင့်အတန်းမြင့်သည့် လုလင်းက ကျန်းရီကို ယဉ်ယဉ်ကျေးကျေး ပြောဆိုနေပြီး သူ့အား ကူညီပေးမည်ဟု လူရှေ့သူရှေ့တွင် ကြေညာနေခြင်းလော။ ကျန်းရီ နဂါးဖြူမြို့တွင် ကျော်ကြားလာအောင် သူက ကူညီပေးမည်လော။
လုလင်းသည် လုမျိုးနွယ်၏ လူငယ်မျိုးဆက်မှ အထူးချွန်ဆုံး သခင်လေးများထဲမှ တစ်ယောက်ဖြစ်၏။ သူ၏အာဏာကို လုဖင်းပင် မယှဉ်နိုင်ချေ။ သူနှင့် လုယွီတို့ နောက်မှ အင်အားအကြီးဆုံး ကိုယ်ရံတော်သည် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ဖြစ်သည်။ ထို့ကြောင့် လုမျိုးနွယ်သည် မည်မျှ အဆင့်အတန်းမြင့်ကြောင်း တွေးကြည့်နိုင်ပေသည်။
အကယ်၍ ကိစ္စများက ထူးဆန်းနေလျှင် လျှို့ဝှက်အစီအစဉ်တစ်ခု ရှိနေ၍ ဖြစ်ရပေမည်။
ကျန်းရီက အမှန်ပင် ပါရမီရှင်တစ်ယောက်ဖြစ်သည်။ သို့သော် ကောင်းကင်မိုးကြိုးမြို့က လူများမှလွဲ၍ အခြားမည်သူကမှ သူ၏ဆန်းကြယ်မှုကို မသိပေ။ သို့ဆိုလျှင် အဘယ်ကြောင့် လုလင်းက ကျန်းရီကို ထိုသို့သော အပြုအမူဖြင့် ဆက်ဆံနေရခြင်းနည်း။
အဖြေမှာ ရှင်းပေသည်။ လုလင်းသည် ငါးကြီးကြီးရရန် ငါးစာချနေခြင်းပင်။ သူ၏ ဤသေရည်ခွက်မြှောက်ခြင်းတွင် လျှို့ဝှက်အကြံတစ်ခု ရှိပေသည်။ သူသည် ကျန်းရီ၏ အမျိုးသမီးကို လိုချင်ခြင်းပင်။
ကျန်းရီ ခပ်ဖွဖွ ပြုံးလိုက်ပြီး သူ၏သေရည်ကို တစ်ကြိုက်တည်း မော့သောက်လိုက်ပြီး လုလင်းကို တည်တည်ငြိမ်ငြိမ်ကြည့်ကာ ပြန်ပြောလိုက်၏။
“သခင်လေးလင်းရဲ့ အသိအမှတ်ပြုမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ တစ်ကိုယ်တော်ဝံပုလွေမှာ အဲ့လို ရည်မှန်းချက်ကြီးကြီးမားမား မရှိပါဘူး။ နဂါးဖြူမြို့မှာ ပညာရှင်တွေ အများကြီးရှိပါတယ်။ တကယ်လို့ တစ်ကိုယ်တော်ဝံပုလွေသာ အဲ့ကိုသွားရင် တောင်းစားနေရပါလိမ့်မယ်။ ကျွန်တော် ကောင်းကင်မိုးကြိုးမြို့မှာပဲ အလုပ်ဆက်လုပ်နေချင်ပါတယ်။ ဒါပေမဲ့ တစ်ကိုယ်တော်ဝံပုလွေက သခင်လေးလင်းရဲ့ စေတနာကို ရင်ထဲမှာ မှတ်သားထားမှာပါ”
“အာ...”
အခြေအနေသည် အတန်ငယ် အိုးတိုးအန်းတန်း ဖြစ်သွား၏။ ကျန်းရီက လှလှပပပြောသွားသော်လည်း ဆိုလိုရင်းမှာ ရှင်းပေသည်။ ‘မင်းက ငါ့အမျိုးသမီးကို လိုချင်တာလား၊ မရဘူးကွ’
လုလင်း ရယ်မောလိုက်၏။ လုယွီကမူ ထူးဆန်းသော မျက်နှာထားဖြင့် လှမ်းကြည့်လိုက်သည်။ သူတို့နောက်ရှိ ကိုယ်ရံတော်များ၏ မျက်လုံးများထဲတွင် အေးစက်စက်အလင်းတစ်ချက် လက်သွားလေသည်။ ကျန်းရီသည် ဟန်ပင်မဆောင်ခဲ့ဘဲ နေရာမှာပင် တိုက်ရိုက်ငြင်းခဲ့ပေသည်။ သူသည် သခင်လေးလင်းကို မျက်နှာပျက်အောင် လုပ်နေခြင်းလော။ သူက စေတနာကို မည်သို့ အသိအမှတ်ပြုရမည်ကို မသိခြင်းလော။
သခင်လေးလင်းက သူ့ခွက်ထဲမှ သေရည်ကို မသောက်တော့ဘဲ ပြန်ထိုင်လိုက်သည်။ သူသည် ခံ့ညားစွာ ပြုံးကာ ပြောလိုက်၏။
“လူတိုင်းက ကိုယ့်ရည်မှန်းချက်နဲ့ကိုယ် ရှိကြတာပဲ။ ဖြစ်မလာဖို့ ကံကြမ္မာပါပြီးသား ကိစ္စကို ကြိုးစားနေလည်း အသုံးမဝင်ပါဘူးလေ။ လင်း နှမြောမိပါတယ်။ အဖွဲ့မှူးကျန်း အသက်တစ်ရာ နေရပါစေလို့ ကျွန်တော် မျှော်လင့်ပါတယ်...”
ဝှစ်...ဝှစ်...ဝှစ်...
ဖုန်းလန်တို့မိန်းမပျိုလေးများ၏ မျက်နှာထားသည် ချင်ချင်းပြောင်းလဲသွား၏။ သူမတို့၏မျက်လုံးများထဲတွင် ဒေါသဖြင့် ပြည့်နှက်သွားလေသည်။ လုလင်း၏ ခြိမ်းခြောက်မှုမှာ သိသာလွန်းပေသည်။ ကျန်းရီ၏ လက်ရှိစွမ်းအားနှင့်ဆိုလျှင် သူသည် အသက်နှစ်ရာအထိ အလွယ်တကူနေနိုင်ပေသည်။ သို့သော် လုလင်းက ကျန်းရီကို အသက်တစ်ရာ နေရပါစေဟု ပြောခဲ့လေသည်။
***