မိန်းမပျိုကို ပွင့်ပွင့်လင်းလင်း တောင်းရမ်းခြင်း
Vol. 54 Ch. 742
ကျန်းရီ၏ မျက်နှာထား ပြောင်းမသွားချေ။ သူက အားလုံးကို စိတ်ငြိမ်ငြိမ်ထားရန် လက်ဟန်ပြလိုက်သည်။ ထို့နောက် သူသည် ပြုံးကာ လုလင်းကို ခေါင်းညိတ်ပြလိုက်ပြီး ပြန်ပြောလိုက်၏။
“သခင်လေးလင်းရဲ့ ကောင်းချီးအတွက် ကျေးဇူးအများကြီးတင်ပါတယ်”
သခင်လေးလင်းက ထိုဘက်ကို လုံးဝ အရေးမစိုက်တော့ပေ။ သူသည် ကျန်းရီကို ကြည့်ပင်မကြည့်ချေ။ ထို့နောက် သူသည် လုဖင်းနှင့် အခြားတပ်မှူးများကို ရွှင်ရွှင်ပြပြ စကားပြောဆိုနေလေသည်။ လုမျိုးနွယ်၏ သခင်လေးက ဣန္ဒြေထိန်းသည့် နေရာတွင် အတော်လေး တော်၏။ သူသည် ဤကဲ့သို့စားသောက်ပွဲကိုပင် ကျင်လည်စွာ အလွယ်တကူ ဖြတ်ကျော်နေနိုင်လေသည်။
ကျန်းရီသည် ဘေးတွင် တိတ်တဆိတ်ထိုင်ကာ ပြုံးထား၏။ သို့သော် ထိုအပြုံးက အပြုံးနှင့်မတူပေ။ အစောတွင် သူသည် သူ၏အမြင်ကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပြီးပေပြီ။ ဤသခင်လေးလင်းကို မည်သည့်နည်းနှင့်မှ အပြစ်ပြုမိ၍ မရချေ။ သခင်လေးလင်းက စစ်မှန်သော သခင်လေးတစ်ယောက်ဖြစ်သည်။ သူ စည်းမကျော်သ၍ ကျန်းရီက သူ့ကို ထွက်ပေါက်ပေးထားမည်ဖြစ်သည်။
စားသောက်ပွဲ စတင်ပြီးနောက် နှစ်နာရီအကြာတွင် သခင်လေးလင်းနှင့် သခင်မလေးယွီတို့က ထရပ်ကာ နှုတ်ဆက်၍ ပြန်သွားကြလေသည်။ ကျန်းရီကလည်း အခွင့်အရေးကို အသုံးချ၍ ပြန်သွား၏။ သူတို့လေးယောက် မြို့အရှင်စံအိမ်အတွင်းမှ ထွက်လာချိန်တွင် ချမ်ဝမ်ကွမ်းနှင့် အခြားသူများက အပြင်ဘက်တွင် စောင့်နေပြီဖြစ်သည်။ သူတို့သည် ကျန်းရီကို စိုးရိမ်သော မျက်နှာထားများဖြင့် ကြည့်နေကြ၏။
“ပြန်ကြစို့”
ကျန်းရီက လက်ဝှေ့ယမ်းလိုက်ပြီး အခြားသူများကို ခြံဝန်းဆီသို့ ဦးဆောင်ခေါ်သွားလေသည်။ သူသည် အားလုံးကို ပြန်သွားခိုင်းလိုက်ပြီး အမိန့်ကို စောင့်နေရန် ညွှန်ကြားလိုက်၏။ သို့သော် ချမ်ဝမ်ကွမ်း၊ ဖုန်းလန်နှင့် အခြားသူများကို ခြံဝန်းထဲသို့ ခေါ်သွားလိုက်သည်။
“ငါတို့ ပြဿနာကြီးတစ်ခုနဲ့ ကြုံရနိုင်တယ်”
ကျန်းရီသည် သူတို့ အခန်းထဲဝင်သွားပြီးပြီးချင်း အကာအရံဆင်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်၏။
“ဒီသခင်လေးလင်းက အချိန်မရွေး လှုပ်ရှားလာနိုင်တယ်။ အဲ့ဒါကြောင့် ငါတို့ ပြင်ဆင်စရာအားလုံးကို ပြင်ဆင်ထားပြီး အချိန်မရွေး ထွက်သွားနိုင်ဖို့ အသင့်ဖြစ်နေရမယ်။ ပြီးတော့ ချမ်ဝမ်ကွမ်းကလွဲပြီး ဖုန်းအာ၊ ချင်းယွီ၊ ရှောင်နူနဲ့ ရွှေရောင်မျောလွင့်နဂါးတို့ အကုန်လုံးက ဧကရာဇ်နန်းတော်ထဲကို ဝင်နေပါ။ မူမမှန်တာ တစ်ခုခု တွေ့တာနဲ့ ငါတို့ ချက်ချင်းထွက်သွားပြီး ရှန်းစီမြို့ကို သွားကြမယ်”
“ဒါပေမဲ့ ကျုပ်တို့မှာ ကောင်းကင်ကျောက်တုံး လုံလုံလောက်လောက် မရှိဘူးလေ”
ချမ်ဝမ်ကွမ်းက ချီတုံချတုံ ပြောလိုက်၏။
“ငါတို့မှာ လုံလုံလောက်လောက် မရှိရင်တောင် ငါတို့ ထွက်သွားရမယ်”
ကျန်းရီက အံကြိတ်ကာ ပြောလိုက်၏။
“ငါတို့ သခင်လေးလင်းတို့နဲ့ တိုက်ပွဲစလို့ မဖြစ်ဘူး။ သူ့ဘေးက အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ကို ထည့်မတွက်သေးရင်တောင် အဆင့်မြင့် ကောင်းကင်ဧကရာဇ်တွေ ရှိနေသေးတယ်။ ငါတို့ သူ့ကို သတ်နိုင်ရင်တောင် လုမျိုးနွယ်က အလုံးအရင်းနဲ့ လိုက်ဖမ်းတာကို ခံရမှာပဲ။ ငါတို့ အပြစ်သားကျွန်းပေါ်မှာ ဆက်နေနိုင်တော့မှာ မဟုတ်ဘူး။ တကယ်လို့ ငါတို့ သူတို့နဲ့ ပဋိပက္ခ မဖြစ်ဘဲ ရှန်းစီမြို့ကို သွားနိုင်ရင် သူတို့နဲ့ ရန်ငြိုးမဖြစ်အောင် ရှောင်နိုင်လောက်တယ်”
“အွမ်း...”
ဖုန်းလန်က ခေါင်းညိမ်ကာ ပြောလိုက်၏။
“အဲ့ဒါက တကယ် ဖြစ်နိုင်မယ်ဆိုရင်ပေါ့။ ကျွန်မတို့ ချက်ချင်းထွက်သွားရင်ရော... ကောင်းကင်ကံကြမ္မာသင်္ဘောကို မစီးဘဲနဲ့လေ။ ကျွန်မတို့ ခပ်သေးသေး တောင်ပေါ်ဓားပြအဖွဲ့နှစ်ဖွဲ့လောက်ကို ရှင်းပစ်ဖို့ နည်းလမ်းရှာနိုင်မယ်ဆို ကောင်းကင်ကျောက်တုံး လုံလုံလောက်လောက် ရလောက်တယ်။ ဒါပေမဲ့ အဲ့နည်းက နည်းနည်းအန္တရာယ်များတယ်”
“ငါတို့ ဒီကကိစ္စတွေကို ပြီးပြတ်အောင် လုပ်ရဦးမယ်။ မင်းတို့အားလုံး ဧကရာဇ်နန်းတော်ထဲကို ဝင်လိုက်ပါ။ ဝမ်ကွမ်း မင်းက အမြဲ ငါ့နောက်ကလိုက်နေ၊ မြို့ထဲက ကိစ္စတွေကို အာရုံမထားနဲ့တော့။ အဲ့ကိစ္စတွေကို ရန်တုံဆီ လွှဲပေးလိုက်...”
“ဝမ်ကွမ်း... ငါတို့ ထွက်သွားတာနဲ့ အားလုံး ရန်တုံရဲ့ အမိန့်ကို နာခံရမယ်လို့ စာတစ်စောင်ရေးလိုက်။ ငါတို့ ထွက်သွားရင် လုလင်းက ရန်တုံနဲ့ တခြားသူတွေကို အခက်တွေ့အောင် လုပ်လောက်မှာ မဟုတ်ပါဘူး။ ကံမကုန်သေးရင်တော့ ငါတို့ ပြန်ဆုံရမှာပေါ့ကွာ”
ကျန်းရီက ဧကရာဇ်နန်းတော်ကို ထုတ်လိုက်ပြီး ဖုန်းလန်၊ ချင်းယွီ၊ ကျန်းရှောင်နူနှင့် ရွှေရောင်မျောလွင့်နဂါးတို့ကို အထဲသို့ ပို့လိုက်၏။ ထို့နောက် သူ ချမ်ဝမ်ကွမ်းနှင့် ဆွေးနွေးရန် ပြင်ဆင်နေစဉ်တွင် အပြင်ဘက်မှ အကာအရံက အတန်ငယ် တုန်ခါသွား၏။ သူ၏မျက်လုံးများ အေးစက်သွား၏။ သူ အကာအရံကို ချက်ချင်း ရုတ်သိမ်းလိုက်ပြီး ကောင်းကင်စိတ်အာရုံ ဖြန့်ကျက်လိုက်၏။ ရောက်လာသူမှာ တပ်မှူးလုဖုန်းဖြစ်ကြောင်း တွေ့လိုက်သောအခါ သူသည် ချမ်ဝမ်ကွမ်းကို အပြင်ထွက်၍ လုဖုန်းကို အတွင်းသို့ ခေါ်လာစေလိုက်၏။
“တပ်မှူးဖုန်း... အထဲမှာ ထိုင်ပါ”
ကျန်းရီက လုဖုန်းကို အထဲသို့ ယဉ်ယဉ်ကျေးကျေး ဖိတ်ခေါ်လိုက်၏။ သို့သော် လုဖုန်း၏မျက်နှာထား မကောင်းပေ။ သူသည် အထဲသို့ ဝင်ပြီးနောက်တွင် မထိုင်ဘဲ လှည့်ပတ် လျှောက်နေလေသည်။ ထို့နောက် သူ သက်ပြင်းသဲ့သဲ့ချကာ တီးတိုးပြောလိုက်၏။
“အဖွဲ့မှူးကျန်း... အရှင်မက ကျွန်တော့်ကို သတင်းတစ်ခု ပို့ခိုင်းလိုက်လို့ပါ။ သခင်လေးလင်းက ကုသိုလ်မှတ်သန်းတစ်ရာကို မင်္ဂလာလက်ဖွဲ့အဖြစ် ကမ်းလှမ်းပြီး သခင်မလေးရှောင်နူကို သူ့ရဲ့ကိုယ်လုပ်တော်အဖြစ် လက်ထပ်ချင်နေပါတယ်။ ပြီးတော့ နောက်ကျရင် အဖွဲ့မှူးကျန်းက နဂါးဖြူကျွန်းဆွယ်တစ်ခွင်မှာ လွတ်လွတ်လပ်လပ်သွားလာနိုင်စေဖို့ သူကတိပေးတယ်တဲ့။ အဖွဲ့မှူးကျန်းသာ ပြဿနာမရှာရင် သူက အဖွဲ့မှူးကျန်းရဲ့ လုံခြုံရေးကို အာမခံပါတယ်တဲ့။ ပြီးတော့ အရှင်မကလည်း အဖွဲ့မှူးကျန်းကို သေသေချာချာ စဉ်းစားစေဖို့ အကြံပေးလိုက်ပါတယ်”
“ပြဿနာက ရောက်လာပါပြီ”
ကျန်းရီနှင့် ချမ်ဝမ်ကွမ်းတို့သည် တစ်ယောက်ကိုတစ်ယောက် လေးနက်သော မျက်နှာထားများဖြင့် ကြည့်လိုက်ကြ၏။ အစောတွင် လုလင်းက သူ၏ရည်ရွယ်ချက်ကို အရိပ်အမြွက်ပြရုံသာ ပြခဲ့သည်။ ယခုတွင်မူ သူသည် မိန်းမပျိုကို ပွင့်ပွင့်လင်းလင်း တောင်းရမ်းနေပေပြီ။ လုဖင်းကလည်း ဤဖိအားကို မခံနိုင်လောက်ချေ။ မဟုတ်လျှင် သူမက သူ့ကို အကြံပေးမည် မဟုတ်ပေ။
အကယ်၍ ကျန်းရီသာ ငြင်းဆိုလိုက်လျှင် လုဖင်းက လုလင်းဘက်သို့ မလိုက်ဘူးဆိုလျှင်ပင် ဘေးမှ ရပ်ကြည့်နေရန် တတ်နိုင်မည် မဟုတ်ချေ။ ထို့ပြင် လုမျိုးနွယ်၏ စစ်မှန်သော သခင်လေးတစ်ယောက်က ကျန်းရီကို အန္တရာယ်ပြုလိုပါက အလွယ်တကူ ပြုနိုင်ပေသည်။
ကျန်းရီ နှုတ်ဆိတ်သွားပြီး နောက်ငါးမိနစ်နေမှ ပြန်ပြောလိုက်သည်။
“တပ်မှူးဖုန်း... ရှောင်နူက ကျွန်တော့်ရဲ့ ညီမလေးပါ။ သခင်လေးလင်းက ထူးချွန်တဲ့သူတစ်ယောက်ဆိုပေမယ့် ရှောင်နူက ဒီမင်္ဂလာကိစ္စနဲ့ပတ်သတ်ပြီး ကျေနပ်မှာမဟုတ်ဘူးဆိုတာ ခင်ဗျားလည်း မြင်တာပဲ။ ဒီတော့ ကျွန်တော့်ကို အချိန်နည်းနည်းပေးနိုင်မလား။ ကျွန်တော် သေချာစဉ်းစားပြီး ကျွန်တော့် ညီမလေးရဲ့ သဘာထားကို မေးရဦးမယ်.. တစ်လဆိုရင်ရော ဘယ်လိုလဲ”
“တစ်လလား”
လုဖုန်းက ခေါင်းခါပြီး ပြောလိုက်၏။
“တစ်လကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အများဆုံးမှ လဝက်လောက်ပဲ ရမယ်။ ကျွန်တော် ပြန်ပြီး သတင်းပို့လိုက်ပါမယ်”
“ကောင်းပါပြီ”
ကျန်းရီ ခေါင်းညိတ်ကာ ပြောလိုက်၏။
“ကျွန်တော် တပ်မှူးဖုန်းကိုပဲ ဒုက္ခပေးရတော့မှာပဲ။ နောက်မှ ကျွန်တော် မြို့အရှင်မဆီ သွားလည်လိုက်ပါဦးမယ်”
လုဖုန်းက အားတင်းပြုံးကာ အပြင်သို့ လျှောက်သွားသည်။ ထို့နောက် သူသည် တံခါးဝမှနေ၍ အသံပို့လွှတ်လိုက်၏။
“အဖွဲ့မှူးကျန်း... ခင်ဗျား ဒီကိစ္စကို ကောင်းတဲ့ဘက်က ကြည့်သင့်တယ်။ သခင်လေးလင်းက အတော်လေး ထူးချွန်တယ်... သူက မျိုးနွယ်ခေါင်းဆောင်ငယ်အဖြစ် လျာထားခံရတဲ့ ငါးယောက်ထဲက တစ်ယောက်ပဲ။ သူ့ရဲ့အနာဂတ်က အကန့်အသတ်မဲ့ပဲ။ တကယ်လို့ ခင်ဗျားသာ ဒီမင်္ဂလာကိစ္စကနေပြီး သူနဲ့ ဆက်နွယ်မှုတချို့ရှိသွားရင် ခင်ဗျားရဲ့ အနာဂတ်တိုးတက်မှုအတွက်လည်း အကျိုးရှိလာမှာပဲ။ သခင်မလေးရှောင်နူကလည်း တစ်ချိန်ချိန်တော့ လက်ထပ်ရမှာပဲလေ... သခင်လေးလင်းထက် ပိုသင့်တော်တဲ့သူ ဘယ်သူရှိမှာလဲ။ သခင်လေးလင်းနဲ့ လက်ထပ်ဖို့ အရည်အချင်းမမီတဲ့ မိန်းမပျိုလေးတွေ အများကြီးရှိတယ်မလား...”
လုဖုန်းသည် ကျန်းရှောင်နူက ကျန်းရီ၏ ညီမလော သို့မဟုတ် အမျိုးသမီးလောကို မသိပေ။ သို့သော် ကျန်းရီနေရာတွင် အခြားတစ်ယောက်သာဖြစ်ပါက လုဖုန်းသည် တံခါးမှ ဝင်လာကတည်းက ဂုဏ်ပြုစကားဆိုခဲ့ပြီဖြစ်သည်။ သို့သော် ကျန်းရီကို သူ အနည်းငယ် နားလည်ပေသည်။ ကျန်းရီသည် ခင်မင်မှုကို တန်ဖိုးထားပြီး ဩဇာအာဏာကို မနှစ်မြို့ကြောင်း သူသိ၏။ ထို့ကြောင့် သူက ကျန်းရီကို ဤသို့ အကြံပေးလိုက်ခြင်းပင်။
ဝုန်း...
လုဖုန်းထွက်သွားပြီးနောက်တွင် ကျန်းရီသည် ခြံဝန်းထဲတွင် အကာအရံပြန်ဆင်လိုက်ပြီး အခန်းထဲမှ စားပွဲကို လက်တစ်ဘက်ဖြင့် ရိုက်ချလိုက်၏။ အသံခပ်အုပ်အုပ်တစ်သံ ထွက်ပေါ်လာပြီး အစိမ်းရောင် သစ်သားစားပွဲသည် ရုတ်ခြည်း အမှုန့်ဖြစ်သွားလေသည်။ ကြမ်းပြင်တွင် သစ်သားမှုန့်များ ပြန့်ကျဲသွားသည်။
“ခေါင်းဆောင် ကျုပ်တို့ ဘာလုပ်ကြမလဲ”
ချမ်ဝမ်ကွမ်းတစ်ယောက် အတော်လေး မျက်နှာပျက်နေ၏။ ကျန်းရီက ခေတ္တနေမှ စကားပြောလိုက်သည်။
“ငါ နောက်မှ လုဖင်းကို သွားရှာလိုက်မယ်၊ ဆုံးဖြတ်ချက်မချခင် သူ ဘာပြောစရာရှိလဲဆိုတာ အရင်နားထောင်ရမယ်”
ကျန်းရီတို့နှစ်ယောက်သည် ခြံဝန်းထဲတွင် လေးနာရီကြာ ဆွေးနွေးခဲ့၏။ ညနက်လာခါမှ ကျန်းရီက ချမ်ဝမ်ကွမ်းကို ဧကရာဇ်နန်းတော်အတွင်းသို့ ထည့်လိုက်ပြီး အပြင်သို့ ထွက်သွားလေသည်။ ထို့နောက် သူသည် မြို့အရှင်စံအိမ်၏ ဒုတိယထပ်သို့ သွားလိုက်၏။
“အရှင်မ.. တစ်ကိုယ်တော်ဝံပုလွေက တွေ့ခွင့်တောင်းပါတယ်”
လုဖင်း၏ အခန်းအပြင်တွင် ကျန်းရီက ရောက်ကြောင်း ပြောပြီးသည်နှင့် တံခါးကို ဖွင့်လိုက်လေသည်။ ကျန်းရီ ရောက်လာမည်ဖြစ်ကြောင်း လုဖင်းသိပေသည်။ ထို့ကြောင့် သူမက အခန်းထဲတွင် သူ့ကို စောင့်နေခြင်းပင်။
ဝီ...
တံခါးပိတ်သွားသောအခါ အကာအရံ နိုးထလာ၏။ လုဖင်းက ကျန်းရီကို ထိုင်ရန် ပြောလိုက်သည်။ ထို့နောက် ကျန်းရီ ဘာမှ မပြောနိုင်သေးခင်မှာပင် သူမ ပြောလိုက်၏။
“အဖွဲ့မှူးကျန်း... ငါလည်း ဒီတစ်ခေါက် ဘာမှ မတတ်နိုင် ဖြစ်နေပြီ။ သခင်လေးလင်းက မင်းရဲ့ ညီမလေးကို တိုက်ရိုက်ကမ်းလှမ်းထားပြီ။ ကြည့်ရတာတော့ တစ်ယောက်ယောက်က နောက်ကနေပြီး လှုံ့ဆော်ပေးနေသလိုပဲ...”
“သခင်လေးလင်းက မိန်းမလှလေးတွေနဲ့ ထူးခြားတဲ့မျိုးနွယ်တွေကို ကြိုက်တတ်တာက လွဲရင် အကျင့်စရိုက်က ကောင်းပါတယ်။ အရင်တုန်းကလည်း သူ့ရဲ့ အဲ့အကျင့်က ပြဿနာအများကြီး ဖြစ်စေခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ အဘိုးက မျိုးနွယ်ရဲ့ မဟာအကြီးအကဲလေ။ ဒီတော့ ငါလည်း ဒီကိစ္စမှာ ဘာမှ မတတ်နိုင်ဘူး။ တကယ်လို့ မင်းသာ ရှောင်နူကို မပေးရင် ငါလည်း မင်းကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး”
“အာ...”
ကျန်းရီ၏ မျက်လုံးများ မှေးမှိန်သွား၏။ သူသည် သူ့၏ကံကြမ္မာကို လက်ခံလိုက်သကဲ့သို့ပင်။ သူ သက်ပြင်းချလိုက်ပြီး ပြန်ပြောလိုက်၏။
“ကျွန်တော့်ဘက်က အဆင်ပြေပါတယ်။ ဒါပေမဲ့ ညီမလေးက သဘောမတူတော့ သူ့ကို နားချဖို့ အချိန်နည်းနည်းတော့ လိုလိမ့်မယ်။ ပြီးတော့ အရှင်မ... သူက ကိုယ်လုပ်တော်တစ်ယောက် ဖြစ်လာမှာလား။ သူက ပထမဇနီး ဒါမှမဟုတ် ရိုးရိုးဇနီးဖြစ်လို့ မရဘူးလား”
“မဖြစ်နိုင်ဘူး”
ကျန်းရီက ချီတုံချတုံ ဖြစ်နေကြောင်း တွေ့သောအခါ လုဖင်းသည် ပြုံးလိုက်ပြီး ရှင်းပြလိုက်၏။
“အဖွဲ့မှူးကျန်း... လုမျိုးနွယ်က မျိုးနွယ်(၁၃)ခုထဲက တစ်ခု။ ပြီးတော့ သခင်လေးလင်းက လူငယ်မျိုးဆက် သခင်လေးတွေထဲက ထိပ်သီးတစ်ယောက်။ သေချာပေါက် သူ့ရဲ့ ပထမဇနီးက သူနဲ့အဆင့်အတန်းတူတဲ့သူပဲ ဖြစ်ရမှာ။ မိန်းကလေးရှောင်နူမှာ ရွေးချယ်စရာမရှိဘူး... ကိုယ်လုပ်တော်ပဲ ဖြစ်ရမှာပဲ”
“အဲ့လိုကိုး...”
ကျန်းရီက အတန်ငယ် စိတ်ပျက်ဟန် ပေါ်သွားပြီး ဆက်မေးလိုက်၏။
“အဲ့ဒါဆို သူက ဂုဏ်သိက္ခာရှိရှိ လက်ထပ်လို့ မရဘူးပေါ့။ သူက တရားဝင်လက်ထပ်လို့ မရရင် သခင်လေးလင်းနဲ့ ဒီလိုပဲ လိုက်သွားရမှာလား။ အဲ့လိုဆို ရှောင်နူက လက်ထပ်မယ့်အစား အသေပဲခံလိမ့်မယ်”
“အဲ့ဒါက...”
လုဖင်း ဘေးကျပ်နံကျပ်ဖြစ်နေ၏။ အမှန်တွင် လုလင်းက ကျန်းရှောင်နူကို လက်ထပ်လိုသည်ဟု ပြောခြင်းမှာ ကျန်းရီကို အနည်းငယ် မျက်နှာသာပေးခြင်းသာ။ ရှင်းရှင်းပြောရလျှင် လုလင်းက ကုသိုလ်မှတ်သန်းတစ်ရာသုံး၍ အရုပ်တစ်ရုပ် ဝယ်ခြင်းသာဖြစ်သည်။ အဘယ်ကြောင့် သူသည် ကျန်းရှောင်နူကို တရားဝင်လက်ထပ်ရမည်နည်း။
လုဖင်း လက်ဝှေ့ယမ်းကာ ပြောလိုက်၏။
“မင်း ပြန်သွားပြီး မင်းညီမကိုပဲ အရင် ဖျောင်းဖျပါဦး။ ဒီကိစ္စကို ငါ မနက်ဖြန်ကျရင် သခင်လေးလင်းနဲ့ ဆွေးနွေးလိုက်ပါမယ်”
ကျန်းရီ လက်ဆုပ်ကာ ဦးညွှတ်လိုက်ပြီး ထွက်သွားလိုက်၏။ သူသည် သူ၏ခြံဝန်းသို့ ပြန်ရောက်သောအခါ ချမ်ဝမ်ကွမ်းကို ပြန်ထုတ်လိုက်ပြီး အေးစက်သောမျက်နှာထားဖြင့် ပြောလိုက်လေသည်။
“ငါတို့ အစောက အစီအစဉ်အတိုင်း လုပ်မယ်။ လုဖင်းက ဒီလောက် နှလုံးသားမဲ့မှတော့ ငါတို့ သစ္စာမရှိတာကိုလည်း အပြစ်မတင်နဲ့”
***