တစ်ကိုယ်တော်ဝံပုလွေနှင့် အခြားသူများ... ထွက်ပြေးသွားခြင်း
Vol. 54 Ch. 743
ဒုတိယနေ့လယ်ခင်းတွင် လုဖင်းက ကျန်းရီကို ဆင့်ခေါ်၍ နဂါးဖြူမြို့တွင် မင်္ဂလာပွဲကျင်းပရန် မဖြစ်နိုင်ကြောင်း၊ ကျန်းရှောင်နူကလည်း ပထမဇနီးဖြစ်ရန် မဖြစ်နိုင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောလိုက်၏။ သို့သော် လုလင်းက ကောင်းကင်မိုးကြိုးမြို့တွင်တော့ စားသောက်ပွဲတစ်ပွဲ ကျင်းပပေးရန် ဆန္ဒရှိပေသည်။ ထို့ပြင် သူသည် ထိုပွဲသို့ နဂါးဖြူမြို့မှ ဂုဏ်သရေရှိ သခင်လေးများ၊ သခင်မလေးများကို ကိုယ်တိုင်ဖိတ်ကြားပေးမည်ဖြစ်သည်။ ယင်းမှာ ကျန်းရီကို အလွန်မျက်နှာသာပေးထားခြင်းဖြစ်၏။
ကျန်းရီက အလွန်စိတ်ပျက်နေဟန်ဖြင့် ကျန်းရှောင်နူက သဘောမတူသေး၍ အချိန်အနည်းငယ်လောက် ထပ်လိုသေးကြောင်း ပြောလိုက်လေသည်။ လုဖင်းက အဆင်ပြေကြောင်း ပြန်ပြောလိုက်၏။ သို့သော် ဤကိစ္စကို နှစ်ပတ်အတွင်း အဆုံးသတ်ရပေမည်။ ဤကိစ္စသာ ပြီးသွားလျှင် သူမသည် ကောင်းကင်မိုးကြိုးမြို့တွင် မြို့အရှင်မအနေဖြင့် နောက်ငါးနှစ် ဆက်နေနိုင်မည်ဖြစ်ကြောင်း ပြောလိုက်သေးသည်။ သို့ဆိုလျှင် သူမသည် ကျန်းရီနှင့်အတူ မိုးကြိုးကျောက်တုံးများဆက်ရောင်းနိုင်ပြီး အကျိုးအမြတ်များ ရှာနိုင်မည်ဖြစ်သည်။
နောက်ရက်များတွင် ကျန်းရီသည် ကျေနပ်သော မျက်နှာထားဖြင့် သူ၏ခြံဝန်းနှင့် မြို့အရှင်စံအိမ်ကို ကူးချီသန်းချီ လုပ်နေလေသည်။ နောက်ဆုံး ငါးရက်မြောက်နေ့တွင် သူတို့သည် မင်္ဂလာကိစ္စကို သဘောတူလိုက်ပြီး နောက်တစ်လကြာလျှင် ကောင်းကင်မိုးကြိုးမြို့တွင် မင်္ဂလာပွဲကျင်းပရန် သတ်မှတတ်လိုက်ကြလေသည်။
လုလင်းက ဝမ်းသာအားရဖြစ်သွားပြီး သူ၏ကိုယ်ရံတော်များကို ခေါ်ကာ ထွက်သွား၏။ လုယွီကမူ ထွက်မသွားဘဲ မြို့ထဲတွင် နေခဲ့ကာ မိုးကြိုးတောင်တန်းတွင် လှည့်လည်သွားလာခြင်း၊ တာအိုပုံသဏ္ဌာန်အချို့ကို လေ့လာခြင်းတို့ လုပ်နေခဲ့သည်။
လုယွီ ပြန်သွားပြီးနောက်တွင်မူ မြို့သည် နဂိုအတိုင်း ပြန်ဖြစ်သွား၏။
ကျန်းရီသည် ကျန်းရှောင်နူကို မိုးကြိုးတောင်များသို့ ခေါ်၍ ဆက်ကျင့်ကြံစေလိုက်သည်။ သူသည်လည်း မိုးကြိုးကျောက်တုံးများ ဆက်တူးဖော်နေလိုက်သည်။ ဖုန်းလန်နှင့် ချမ်ဝမ်ကွမ်းတို့က သူတို့၏ ပုံမှန်အလုပ်များကို ဆက်လုပ်နေပြီး မြို့ကိစ္စများကို စီမံနေကြသည်။ အရာအားလုံး ပုံမှန်ပင်။ လုဖင်းလည်း စိတ်အေးသွားသည်။ သူမသည် လုလင်းကို အပြစ်မပြုဝံ့ပေ။ သူမက သူ့ကို မျက်နှာလုပ်ချင်ပေသည်။ ဤကိစ္စပြီးသွားလျှင် သူမက ကောင်းကင်မိုးကြိုးမြို့၏ မြို့အရှင်မအဖြစ် ဆက်ရှိနေနိုင်စေရမည်ဟု လုလင်းက သူမကို ကတိပေးသွားခဲ့သည်။
ကျန်းရီသည် ရသောအချိန်ကို အသုံးချကာ နေ့ဘက်ဆိုလျှင် မိုးကြိုးကျောက်တုံးများ တူးဖော်၍ ညဘက်ဆိုလျှင် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ နောက်ဆုံး တာအိုပုံသဏ္ဌာန်ကို လေ့လာနေပေသည်။
ကျန်းရီ၏ ကံက အတော်လေးကောင်း၏။ သူသည် ဆယ့်ခြောက်ရက်အတွင်းမှာပင် နောက်ဆုံး အဆင့်နိမ့် တာအိုပုံဏ္ဌာန်၏ အစပိုင်းအဆင့်ကို သိမြင်နားလည်ခဲ့လေသည်။ တာအိုပုံသဏ္ဌာန်များကို လေ့လာရာတွင် အခက်ခဲဆုံးအပိုင်းမှ အစပိုင်းအဆင့်သို့ ရောက်ရန်ပင်။ အစပိုင်းအဆင့်သို့သာ ရောက်သွားလျှင် နောက်ပိုင်းအဆင့်များက ချောမွေ့လွယ်ကူသွားမည်ဖြစ်သည်။
ထိုအချိန်အတောအတွင်း၌ ချမ်ဝမ်ကွမ်းက မည်သည့် ရောင်းချမှုမှ မလုပ်ခဲ့ပေ။ လုဖင်းက မင်္ဂလာပွဲနီးကပ်လာပြီဖြစ်၍ မည်သည့်လွဲချော်မှုမှ မရှိစေရန် အမိန့်ပေးထား၍ပင်။ လုဖင်း ဆိုလိုချင်သည်မှာ ရှင်းပေ၏။ မင်္ဂလာဆောင်မတိုင်ခင် မည်သူမှ ကောင်းကင်မိုးကြိုးမြို့မှ မထွက်ရပေ။
(၁၉)ရက်မြောက်နေ့တွင်...
မိုးကြိုးတောင်တန်းပေါ်တွင် ထိုင်နေသော ကျန်းရီသည် မျက်လုံးများ ရုတ်တရက် ဖွင့်လိုက်၏။ သူသည် အဆင့်နိမ့် တာအိုပုံသဏ္ဌာန် ကိုးခုစလုံးကို အောင်အောင်မြင်မြင် လေ့လာပြီးသွားပေပြီ။ သူ နောက်ဆုံးပေါင်းစည်းမှုကို လုပ်ရန်သာ လိုတော့၏။ သူ၏မျက်လုံးများက လျှပ်စီး ဖြာထုတ်နေ၏။ သူ မိုးကြိုးတောင်တန်းများကို နှမြောဟန်ဖြင့် ကြည့်လိုက်သည်။
အချိန်သာပိုရလျှင် ကျန်းရီသည် မိုးကြိုးတောင်တန်းများမှ တာအိုအရှိန်အဝါကိုသုံး၍ အဆင့်မြင့် တာအိုပုံသဏ္ဌာန်ကို ပေါင်းစည်းနိုင်၏။ မိုးကြိုးတောင်တန်းများ၏ အနီးတွင် မဟုတ်လျှင် အဆင့်မြင့် တာအိုပုံသဏ္ဌာန်ကို ပေါင်းစည်းရန် ပို၍ခက်ခဲပေလိမ့်မည်။
မင်္ဂလာပွဲ နီးကပ်လာပေပြီ။ ထို့ကြောင့် ကျန်းရီသည် ရွေးစရာမရှိတော့ဘဲ ပေါင်းစည်းမှုကို လက်လျော့ရတော့ပေမည်။ သူ မျက်လုံးများကို ထပ်မံပိတ်လိုက်ပြီး တာအိုအရှိန်အဝါတန်းကို ဂရုတစိုက် လေ့လာလိုက်ပြီး ထိုတာအိုအရှိန်အဝါကို သူ့စိတ်အတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်သွားစေလိုက်သည်။ သူသည် ဤခံစားချက်ကို တဖြည်းဖြည်း မေ့သွားမည်ဖြစ်သော်လည်း အချိန်တိုအတွင်းဆိုလျှင် ခံစားချက်ကို ပြန်ဖော်ကြည့်နိုင်မည်ဖြစ်သည်။ ယင်းက ပေါင်းစည်းမှုတွင် သေချာပေါက် အထောက်အကူဖြစ်ပေလိမ့်မည်။
“သွားကြစို့...”
ညဉ့်နက်နေပေပြီ။ ကျန်းရီ ကောင်းကင်ထက်သို့ ပျံတက်သွားပြီး ဧကရာဇ်နန်းတော်ကို ရှေးဟောင်းနတ်ဘုရားလက်စွပ်အတွင်းသို့ ပြန်သွင်းလိုက်သည်။ ထို့နောက် သူသည် လျှပ်စီး၏အလျင်ဖြင့် မိုးကြိုးတောင်တန်းအတွင်းဘက်သို့ ပျံသန်းသွား၏။ လမ်းတစ်လျှောက်တွင် သူသည် အမြန်ဆုံးအလျင်ဖြင့် ပျံသန်းနေပြီး မြင်သမျှ မိုးကြိုးကျောက်တုံးများကို တူးဖော်နေသည်။ တစ်ညလုံး တူးဖော်ပြီးနောက်တွင် အရုဏ်တက်တွင် သူသည် မိုးကြိုးတောင်တန်းများ၏ အနီးပတ်ဝန်းကျင်နယ်မြေသို့ သွားလိုက်၏။
သူသည် မိုးကြိုးတောင်တန်းများ အပြင်ဘက်တွင် မီးဝိညာဉ်ပုလဲကို အသုံးပြု၍ မိုးကြိုးမီးကို အဆက်မပြတ် စုဆောင်းလိုက်ပြီး ယင်းမီးကို သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားစေကာ ကောင်းကင်ကြယ်ကိုးလုံး စွမ်းအားဖြင့် သန့်စင်လိုက်၏။ သူ၏မီးဝိညာဉ်ပုလဲထဲတွင် သန့်စင်ပြီးသော မိုးကြိုးမီးဖြင့် ပြည့်နှက်သွားသောအခါ နေအလင်းက ကုန်းမြေများကို တောက်ပစွာ အလင်းပေနေပြီဖြစ်သည်။ သူသည် မြေပေါ်မှ မိုးကြိုးကျောက်တုံးများအားလုံးကို စုဆောင်းလိုက်ကာ မိုးကြိုးတောင်တန်းများကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီး ကောင်းကင်မိုးကြိုးမြို့ဆီသို့ ဦးတည်ပျံသန်းသွားလိုက်လေသည်။
“အဖွဲ့မှူးကျန်း”
လမ်းတွင် ကျန်းရီသည် မိုးကြိုးကျောက်တုံး စုဆောင်းရန် သွားနေသော သိုင်းသမားများဖြင့် တွေ့ခဲ့၏။ ကျန်းရီက ပြုံးကာ သူတို့ကို ပြန်နှုတ်ဆက်လိုက်ပြီး ကောင်းကင်မိုးကြိုးမြို့ဆီသာ တန်းတန်းမတ်မတ် ဆက်ပျံသွားသည်။
မြို့ထဲတွင် အေးစက်အုံ့မှိုင်းနေသည်။ လူလည်း သိပ်မရှိပေ။ ကျန်းရီက သူ့ခြံဝန်းသို့ ပြန်သွားလိုက်၏။ ဖုန်းလန်နှင့် ချမ်ဝမ်ကွမ်းတို့က သူ့ကို ခန်းမထဲတွင် စောင့်နေကြောင်း သူတွေ့လိုက်ရ၏။ သူ လေးလံသော လေသံဖြင့် မေးလိုက်၏။
“အားလုံး စီစဉ်ပြီးသွားပြီလား”
“ပြီးပါပြီ”
ချမ်ဝမ်ကွမ်း ခေါင်းညိတ်လိုက်၏။ ထို့နောက် ကျန်းရီသည် သူတို့နှစ်ယောက်ကို ဧကရာဇ်နန်းတော်အတွင်း ထည့်လိုက်ပြီး အပြင်သို့ ထွက်သွားလိုက်သည်။ သူသည် လူအချို့ကို ဦးဆောင်ကာ မြို့အရှင်စံအိမ်သို့သွားလိုက်၏။ စံအိမ်သို့ ရောက်သောအခါ သူတစ်ယောက်တည်း ဒုတိယထပ်သို့ တက်သွားလိုက်လေသည်။
လုဖင်းက သူ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆို၏။ ထို့နောက် သူမသည် လုလင်းက သူ လမ်းတွင်ရောက်နေပြီဟု လှမ်းအကြောင်းကြားကြောင်း၊ ယနေ့ည သို့မဟုတ် မနက်ဖြန်ဆိုလျှင် မြို့သို့ ရောက်လာနိုင်ကြောင်း ကျန်းရီအား ပြောလေ၏။ ထို့ပြင် မင်္ဂလာခန်းမကို ပြင်ဆင်ပြီးပြီဖြစ်ပြီး အနီးမြို့များမှ မြို့အရှင်များလည်း ပွဲတက်ရောက်မည်ဖြစ်ကြောင်း ပြောလေသည်။
ကျန်းရီက ကျေးဇူးတင်ကြောင်း ထပ်ခါ ထပ်ခါ ပြော၍ လုဖင်းနှင့် တစ်နေ့လယ်လုံး ဆွေးနွေးနေလိုက်၏။ ညနေစောင်းမှ သူ ပြန်သွားလေသည်။
ဝီ...
ကျန်းရီ မြို့အရှင်စံအိမ်မှ ပြန်လာပြီး သူ့ကိုယ်ပိုင်ခြံဝန်းသို့ ရောက်သွားသည့်အခိုက်တွင် မိုးကြိုးတောင်တန်းမှနေ၍ အားကောင်းသော အာကာပြင်လှိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။ အရှေ့ဘက်ကောင်းကင်တွင် လျှပ်စီးနဂါးတစ်ကောင် လူးလွန့်နေသည်။ ရာသီဥတုလည်း ပြောင်းလဲသွားပေပြီ။ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုက မြို့ဘက်သို့ ပျံ့နှံ့လာ၏။ မြို့တွင်းမှ လူအားလုံးသည် ထိုအရှိန်အဝါကို ခံစားနိုင်ပေသည်။
ဝှစ်...ဝှစ်...ဝှစ်...
လုဖင်းနှင့် အခြား အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်သည် အဖြူရောင်အလင်းတန်းနှစ်ခုအဖြစ် ပြောင်းလဲကာ မိုးကြိုးတောင်တန်းဆီသို့ ပျံသန်းသွားလိုက်၏။ တပ်မှူးဆယ်ယောက်သည်လည်း မျက်နှာထားပြောင်းသွားပြီး သူတို့၏လူများကို ဦးဆောင်ကာ မိုးကြိုးတောင်တန်းဘက်သို့ ထွက်သွားကြသည်။ လုဖင်း မှန်ပေသည်။ အကယ်၍ မိုးကြိုးစုစည်းအစီအရင်သာ ဖျက်ဆီးခံလိုက်ရလျှင် မြို့တွင်းရှိ ကျွန်အားလုံးသာမက လုဖင်းနှင့် အခြားသူများလည်း သေရမည်ဖြစ်သည်။
“နျိုတုန်... မြန်မြန် လူတချို့ခေါ်ပြီး သွားစစ်ဆေးလိုက်”
ကျန်းရီက ကောင်းကင်ထက်သို့ ပျံတက်သွားပြီး ဒေါသဖြင့် အော်လိုက်သည်။ ရန်တုံနှင့် အခြားသူများ ကောင်းကင်ထက်သို့ ပျံတက်လာသောအခါ ကျန်းရီထံမှနေ၍ အနက်ရောင်စာအိတ်တစ်အိတ်နှင့် အသံပို့လွှတ်မှုတစ်ခု ထွက်လာလေသည်။
“ချိပ်ပိတ်ထားတဲ့ စာအိတ်ကို မဖွင့်ခင် သေချာစစ်ဆေးပါ”
အခြေအနေက အတန်ငယ် ထူးဆန်းသည်ဟု ရန်တုံ ခံစားလိုက်ရ၏။ အဘယ်ကြောင့် ကျန်းရီက ဤကဲ့သို့ ကြီးမားသည့်ကိစ္စတစ်ခု ဖြစ်လာချိန်တွင် ကိုယ်တိုင်မသွားရသနည်း။ အဘယ်ကြောင့် ကျန်းရီက သူ့ကို ချိပ်ပိတ်ထားသည့် စာအိတ်တစ်အိတ် ပေးရသနည်း။ သို့သော် ကျန်းရီက သူ့ကို အမိန့်ပေးပြီးပေပြီ။ ရန်တုံ အမိန့်ကို အာမခံဝံ့ပေ။ ထို့ကြောင့် သူသည် သူ့လူများနှင့်အတူ မိုးကြိုးတောင်တန်းဆီသို့ သွားလိုက်လေသည်။
ဝှစ်...
ငါးမိနစ်ကျော်ကြာပြီးနောက် ကျန်းရီသည် အနောက်ဘက် မြို့ဂိတ်တံခါးဆီသို့ ရုတ်တရက် ပျံသန်းသွားလိုက်၏။ တစ်စုံတစ်ယောက်က သူ့ကို တားရန် ကြိုးစားသောအခါ သူက ခက်ထန်သောမျက်နှာထားဖြင့် ဒေါသတကြီး ပြောလိုက်သည်။
“သခင်လေးလင်းက ဒီကို ရောက်နေပြီ။ ငါ သူ့ကို အရင်ကြိုဆိုမလို့။ မင်းတို့ မြို့အရှင်မကို ချက်ချင်း သတင်းသွားပို့ကြ။ ပြီးတော့ သခင်လေးလင်းကို ကြိုဆိုဖို့ မြို့ပြင်ကို ထွက်မလာခင် သေချာစစ်ဆေးခဲ့ဖို့ အရှင်မကို ပြောလိုက်ဦး”
“အို့.. ဟုတ်ကဲ့ပါ”
မြို့ဂိတ်တံခါးတွင် မည်သည့် တပ်မှူးမှ ရှိမနေပေ။ မိုးကြိုးတောင်တန်းတွင် ဖြစ်နေသော အဖြစ်ကြောင့် ဤအဆင့်နိမ့်အစောင့်များကို အလွယ်တကူ ဖိန့်၍ ရနေပေသည်။ သူတို့ အဘယ်သို့ အာခံဝံ့မည်နည်း။ သူတို့သည် ကသိုက်ကရိုက်ထွက်သွားသော ကျန်းရီကိုကြည့်ရင်း အဘယ်ကြောင့် ကျန်းရီက သခင်လေးလင်း ရောက်လာသည်ကို သိနေရခြင်းနည်းဟု တွေးနေကြလေသည်။
ဝှစ်...
ကျန်းရီသည် အရှိန်အဟုန်အပြည့်ဖြင့် ပျံသန်းနေ၏။ သူသည် ကောင်းကင်မိုးကြိုးကျွန်းအပြင်သို့ ရောက်ရန် (၁၅)မိနစ်သာ ပျံသန်းခဲ့ရ၏။ ထိုစဉ်တွင် ကောင်းကင်မိုးကြိုးမြို့ဘက်မှနေ၍ ကောင်းကင်ကိုပင် တုန်ခါသွားစေသော ကြိမ်းဝါးသံကြီးတစ်သံ ပဲ့တင်ထပ်လာသည်။
“တစ်ကိုယ်တော်ဝံပုလွေ... မင်းက ထွက်ပြေးရဲတယ်ပေါ့လေ။ မင်း လောကအဆုံးထိ ထွက်ပြေးရင်တောင် သေချာပေါက် သေရမှာပဲ...”
“ဟားဟားဟား...”
ကျန်းရီ ကျယ်လောင်စွာ ရယ်လိုက်ပြီး သူ့အသံအတွင်းသို့ အတွင်းအားထည့်ကာ အော်လိုက်လေသည်။
“မြို့အရှင်မ... ခင်ဗျားက နှလုံးသားမရှိမှတော့ ကျွန်တော်ကလည်း သစ္စာမဲ့ရုံပဲပေါ့။ ကျွန်တော်နောက်ကို လိုက်မလာဖို့ ကျွန်တော် ခင်ဗျားကို အကြံပေးချင်တယ်။ မဟုတ်ရင် ခင်ဗျား အကျိုးဆက်တွေကို ခံရလိမ့်မယ်”
ရွှစ်...ရွှစ်...
ကျန်းရီ၏လက်နှစ်ဘက်သည် အဖြူရောင်အလင်း လင်းလက်လာ၏။ သူသည် အာကာပြင်ကို စုတ်ဖြဲလိုက်ပြီး ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးလိုက်လေသည်။ သူသည် အနီးပတ်ဝန်းကျင်ကို လေ့လာထားပြီးဖြစ်၏။ လုဖင်းတို့က အဝေးတွင်သာ ရှိသေးသည်။ ကျန်းရီ မည်သို့ ထွက်ပြေးသွားကြောင်း သူမတို့ သိနိုင်မည် မဟုတ်ပေ။
ဝီ...
အာကာပြင်သည် အတန်ငယ် တုန်ခါသွား၏။ ထို့နောက် အက်ကြောင်းက လျင်မြန်စွာ ပြန်ဆက်သွားသည်။ ပတ်ဝန်းကျင်သည်လည်း နဂိုအတိုင်း ပြန်ဖြစ်သွားသည်။ ကျန်းရီသည် ခြေရာလက်ရာမကျန်ခဲ့ဘဲ ပျောက်ကွယ်သွားပေပြီ။
ဝှစ်...ဝှစ်...
ခေတ္တကြာပြီးနောက် အနက်ရောင်အလင်းတန်းနှစ်တန်းက ကောင်းကင်မိုးကြိုးကျွန်းအထက်မှ ကောင်းကင်ကို ဖြတ်၍ ပျံသန်းသွား၏။ လုဖင်းနှင့် အခြား အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်သည် ဒေါသထွက်နေသော မျက်နှာထားများဖြင့် ပျံသန်းလာသည်။ သူမတို့နှစ်ယောက်သည် ကောင်းကင်စိတ်အာရုံများကို အဆုံးစွန်ထိ ဖြန့်ကျက်လိုက်၏။ သို့သော် ကျန်းရီ၏ ခြေရာလက်ရာကို ရှာမတွေ့ကြချေ။
ဝှစ်...ဝှစ်...ဝှစ်...
တပ်မှူးဆယ်ယောက်က အစောင့်တစ်စုကို ဦးဆောင်၍ လျင်မြန်စွာ လိုက်လာ၏။ မိုးကြိုးတောင်တန်းတွင် မည်သည့်ကိစ္စကြီးမှ ဖြစ်မနေပေ။ အဆင့်နိမ့် ဗာဂျရာပညာရှင်နှစ်ယောက်က မိုးကြိုးတောင်တန်းကို တိုက်ခိုက်နေခြင်းသာ။ ထို့ကြောင့် မိုးကြိုးစုစည်းအစီအရင်တွင် တုန်ခါမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ထိုနှစ်ယောက်သည် မိုးကြိုးတန်းများ၏ သတ်ဖြတ်မှုကို ခံလိုက်ရပေပြီ။ လုဖင်းသည် အလျင်အမြန် ရောက်သွားပြီးမှ ထိုအဖြစ်ကို သိရှိသွားခြင်းပင်။ အမှန်တွင် ယင်းမှာ သူမကို အဝေးသို့ မျှားခေါ်ထုတ်မည့် ကျန်းရီ၏အစီအစဉ်ဖြစ်ပေသည်။
ဝှစ်...ဝှစ်...
ထိုအခိုက်တွင် အဝေးရှိ ကောင်းကင်မှနေ၍ စူးရှသော အသံတစ်သံ ထွက်ပေါ်လာပြီး ဇိမ်ခံရထားလုံး ဒါဇင်ကျော် လျင်မြန်စွာ ပျံသန်းလာလေသည်။ ရှေ့ဆုံးမှ ရထားလုံးပေါ်တွင် ခံ့ညားသော သခင်လေးတစ်ယောက်ပါ၏။ ထိုသူမှာ လုလင်းမဟုတ်လျှင် မည်သူဖြစ်နိုင်ပါဦးမည်နည်း။
ရထားလုံးပျံက လျင်မြန်စွာ ချဉ်းကပ်လာလေသည်။ လုလင်း မျက်မှောင်ကြုတ်၍ မေးလိုက်၏။
“ဒေါ်လေးလု... ဘာဖြစ်လို့လဲ။ ကျွန်တော် အဝေးကနေပြီး အားကောင်းတဲ့ အာကာပြင်တုန်ခါမှုကို ခံစားခဲ့ရတယ်...”
လုဖင်း တစ်ချက်ကြည့်လိုက်ရာ ရထားလုံးပျံများပေါ်မှ လူများကို မြင်လိုက်၏။ သူတို့အားလုံးသည် နဂါးဖြူကျွန်းဆွယ်ရှိ အရေးပါသောမျိုးနွယ်များမှ သခင်လေးများ၊ သခင်မလေးများ ဖြစ်ပေသည်။ သူမ၏မျက်နှာထားသည် သူမ၏ဖခင် ဆုံးပါးသွားတုန်းကထက်ပင် ပိုရုပ်ဆိုးသွားလေသည်။ သူမ အံကြိတ်လိုက်ပြီး ဝမ်းနည်းသည့် လေသံဖြင့် ပြောလိုက်၏။
“သခင်လေးလင်း.. ဒီအဘွားကြီးက အသုံးမကျပါဘူး။ တစ်ကိုယ်တော်ဝံပုလွေနဲ့ တခြားသူတွေ... ထွက်ပြေးသွားပါတယ်”
***