မင်း ရှင်သန်ရမယ်
Vol. 54 Ch. 744
“ဘာ...”
ရုတ်ခြည်းပင် လုလင်း၏ ခံ့ညားသောမျက်နှာက ရှုံ့မဲ့သွားသည်။ ကျန်းရီ ထွက်ပြေးသွားပြီလော။ သို့ဆိုလျှင် ကျန်းရှောင်နူလည်း ထွက်ပြေးသွားပြီဆိုသော အဓိပ္ပာယ် မဟုတ်လော။ သူသည် နဂါးဖြူကျွန်းဆွယ်မှ ကြွယ်ဝ၍ အာဏာရှိသော သခင်လေး၊ သခင်မလေးများကို မင်္ဂလာပွဲတက်ရန် ဖိတ်ကြားခဲ့၏။ သို့သော် သူ၏သတို့သမီးက အမှန်ပင် ထွက်ပြေးသွားပြီလော။
ဤမင်္ဂလာပွဲတွင် ဘာကြည့်စရာ ရှိတော့မည်နည်း။ သူတို့က သခင်လေးလင်း အရှက်ကွဲသည်ကို ကြည့်ရမည်လော။
“ဒေါ်လေး သေချာရဲ့လား”
လုလင်း၏ မျက်လုံးများတောက်ပလာပြီး သူ တစ်ခါ ထပ်မေးလိုက်သည်။ သူသည် လုဖင်းနှင့် အခြားသူများက မှိုင်းညို့သောမျက်နှာထားများဖြင့် ခေါင်းညိတ်လိုက်သည်ကို တွေ့လိုက်သောအခါ ဆက်၍ ဣန္ဒြေထိန်းမထားနိုင်တော့ပေ။ သူ ဒေါသတကြီး အော်လိုက်၏။
“ခင်ဗျားတို့အားလုံးက သုံးစားမရတဲ့သူတွေပဲ။ လုဖင်း ခင်ဗျားတို့ နှစ်ယောက်က အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တွေ မဟုတ်ဘူးလား။ အဲ့ဒါတောင် ဗာဂျရာအဆင့် သိုင်းသမားလေးတစ်ယောက်က ခင်ဗျားတို့လက်ထဲက ထွက်ပြေးသွားနိုင်တယ်ပေါ့လေ။ သူတို့က မြေရှိုး၊ မိုးပျံတတ်တယ်လို့တော့ ကျွန်တော့်ကို မပြောနဲ့”
လုဖင်း မျက်နှာပျက်သွားပြီး ရှင်းပြလိုက်၏။
“သခင်လေးလင်း... အဲ့တစ်ကိုယ်တော်ဝံပုလွေက ဉာဏ်နီဉာဏ်နက် များလွန်းပါတယ်။ သူက မိုးကြိုးတောင်တန်းကို တိုက်ခိုက်ဖို့ အသေခံ တိုက်ခိုက်ရေးသမားနှစ်ယောက်ကို စေလွှတ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒေါ်လေးတို့ အဲ့ကို သွားခဲ့ရပါတယ်။ နောက်တော့ သူက ကောင်းကင်မိုးကြိုးမြို့ကနေ ချက်ချင်း ထွက်ပြေးသွားခဲ့တယ်။ ဒေါ်လေးတို့ လိုက်ဖမ်းတဲ့အချိန်မှာ သူတို့က ပျောက်သွားကြပြီ။ သူတို့ ထွက်ပြေးသွားချင်းချင်း ဒီအဘွားကြီးက လူတွေခေါ်ပြီး သူတို့နောက် လိုက်မလို့လုပ်နေတာပါပဲ”
“အဲ့ဒါဆို ခင်ဗျားက ဘာစောင့်နေတာလဲ။ သူ့နောက်ကို ချက်ချင်း လိုက်လေ။ သူ့ကို ရှာမတွေ့ရင် ဘယ်တော့မှ ပြန်မလာခဲ့နဲ့”
လုလင်း အော်ပြောလိုက်၏။ ထို့နောက် သူသည် အနောက်မှ ရထားလုံးပျံများကို ကြည့်ကာ ပြောလိုက်သည်။
“ဦးလေးဖန်... ဦးလေးတို့လည်း ချက်ချင်း လူတွေခေါ်ပြီး မိုင်တစ်သန်းပတ်လည်အတွင်းမှာ ရှာကြပါ။ အဲ့ကောင်လေးက ဗာဂျရာအဆင့်မှာပဲ ရှိပါသေးတယ်။ သူ့အမျိုးသမီးတွေထဲက တစ်ယောက်ကပဲ အဆင့်နိမ့် ကောင်းကင်ဧကရာဇ်အဆင့်မှာ ရှိတာ။ သူ ဝေးဝေး ပြေးနိုင်ဦးမှာ မဟုတ်ဘူး။ သူတို့ကိုရှာတွေ့ရင် အရှင်ဖမ်းခဲ့ပါ”
“ကောင်းပါပြီ”
လုလင်း၏ အထွတ်အထိပ်အဆင့် ကိုယ်ရံတော်က လက်ဆုပ်၍ ပြန်ဖြေလိုက်ပြီး သိမ်းငှက်တစ်ကောင်ကဲ့သို့ မြောက်ဘက်ကို ပျံသန်းသွားလေသည်။ ကျန်ကိုယ်ရံတော်များကလည်း အခြားအရပ်မျက်နှာများသို့ ပျံသန်းသွားပြီး ရှာဖွေလိုက်ကြသည်။
“မင်းတို့လည်း သွားရှာကြပါ။ မင်းတို့ သံသယရှိတဲ့သူမှန်သမျှကို ဖမ်းခေါ်ခဲ့”
“ဟုတ်တယ်... အစ်ကိုကြီးလင်းကို လှည့်စားတာက ကျွန်တော်တို့ကို လှည့်စားတာနဲ့ အတူတူပဲ။ အားလုံးပဲ လူခွဲပြီး ရှာကြ။ မိုင်တစ်သန်းပတ်လည်အတွင်း ဘယ်သူမှ မလွတ်စေနဲ့။ မင်းတို့ အဲ့မျိုးမစစ်အုပ်စုကို ပြန်ဖမ်းလာနိုင်ရမယ်”
ရထားလုံးပျံများထဲရှိ နဂါးဖြူကျွန်းဆွယ်မှ သခင်လေး၊ သခင်မလေးများကလည်း သူတို့၏ ကိုယ်ပိုင်ကိုယ်ရံတော်များကို လိုက်ရှာခိုင်းလိုက်၏။ ယနေ့တွင် သူတို့အားလုံးသည် မင်္ဂလာပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခံခဲ့ရသည်။ သို့သော် လုလင်း အရှက်ကွဲသည်ကိုသာ သူတို့မြင်ခဲ့ရသည်။ အကယ်၍ လုလင်းက လုမျိုးနွယ်၏ သခင်လေးမဟုတ်လျှင် သူတို့သည် သူ့ကို သေချာပေါက် လှောင်ပြောင်ကြမည်ဖြစ်သည်။ သို့ရာတွင် ထိုအခိုက်၌ သူတို့ မရယ်ဝံ့ကြပေ။ သူတို့သည် လုလင်းကို မျက်နှာလို၊ မျက်နှာရ လုပ်ရန် လိုပေ၏။
ဝှစ်...ဝှစ်...
ကောင်းကင်ဧကရာဇ် တစ်ထောင်နီးနီးသည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာအသီးသီးသို့ ပျံထွက်သွားကြ၏။ သူတို့သည် အမြန်ဆုံးအလျင်ဖြင့် မိုင်သန်းအနည်းငယ် ပတ်လည်အတွင်း စတင်ရှာဖွေကြလေသည်။ ကျန်းရီတို့မှာ သိပ်စွမ်းအားမကြီးကြချေ။ သူသာ မြေမရှိုး၊ မိုးမပျံ နိုင်လျှင် ထိုကောင်းကင်ဧကရာဇ်များ၏ လက်မှ လွတ်နိုင်မည် မဟုတ်ပေ။
***
“အဖွဲ့မှူးကျန်း ထွက်ပြေးသွားတာလား”
ကောင်းကင်မိုးကြိုးမြို့ထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ လုလင်းက ကျန်းရှောင်နူကို အတင်းလက်ထပ်လိုနေကြောင်း သူတို့ကြားထားပြီးဖြစ်သည်။ ဤအတောအတွင်း၌ သူတို့အားလုံးသည် ခမ်းနားသောမင်္ဂလာပွဲကို တက်ရန်သာ ပြင်ဆင်ထားကြ၏။ ကျန်းရီက မင်္ဂလာပွဲကို သဘောတူလိုက်ပြီဟု သူတို့ ထင်ထားကြသည်။ သို့သော် ကျန်းရီသည် အလွန်သတ္တိကောင်းသဖြင့် လုမျိုးနွယ်၏ သခင်လေးကို လှည့်ဖြားသွားခဲ့လေသည်။
ရန်တုံသည် ချက်ချင်းပင် ချိပ်ပိတ်ထားသော စာအိတ်ကို ထုတ်ကြည့်လိုက်သည်။ စာအိတ်အတွင်း၌ စာတစ်စောင်နှင့် အာကာသလက်စွပ်တစ်ကွင်း ရှိ၏။ သူသည် ၎င်းတို့ကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် စိတ်ပျက်သည့်မျက်နှာထားဖြင့် ၎င်းတို့ကို သူ့ဘေးရှိ နျိုတုန်အား ပေးလိုက်သည်။
“ညီနောင်တို့... မင်းတို့ ဒီစာကို ဖတ်နေတဲ့အချိန်ဆို ငါ ထွက်သွားပြီးလောက်ပါပြီ။ ငါ မင်းတို့အားလုံးကို ခေါ်မသွားနိုင်တာ တကယ်စိတ်မကောင်းပါဘူး။ မင်းတို့ကို မခေါ်သွားတာက မင်းတို့ ငါ့နောက်လိုက်လာရင် ကြီးမားတဲ့အန္တရာယ်နဲ့ ကြုံရမှာမလို့ပါ။ ငါ ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်ကတည်းက ငါနဲ့လုမျိုးနွယ်ကြားမှာ ဘာဆက်ဆံရေးမှ မရှိတော့ဘဲ လုမျိုးနွယ်၊ လုဖင်းနဲ့ တခြားသူတွေရဲ့ လိုက်ဖမ်းတာကို ခံရမယ်ဆိုတာ ငါသိပါတယ်။ အပြစ်သားကျွန်းက အရမ်းကြီးတယ်ဆိုပေမယ့် မျိုးနွယ်(၁၃)ခုက ဘယ်လောက်အင်အားကြီးလည်းဆိုတာ မင်းတို့အားလုံး သိကြမှာပါ...”
“ငါ ထွက်သွားတော့မယ်။ မင်းတို့အားလုံး နည်းနည်းလောက် သိုသိုသိပ်သိပ်နေမယ်ဆိုရင် ဒီကိစ္စက မင်းတို့အပေါ် မသက်ရောက်လောက်ပါဘူး။ ရန်တုံ... ငါထွက်သွားရင် မင်းက ငါ့နေရာကို ယူပါ။ တကယ်လို့ လုဖင်းက မင်းနဲ့ ပူးပေါင်းချင်တယ်ဆိုရင်... မင်း သူနဲ့ ပူးပေါင်းလို့ ရပါတယ်။ ဒါပေမဲ့ ပူးပေါင်းမှုပြီးသွားရင် သူက မင်းကို နှုတ်ပိတ်မှာကိုတော့ မင်းသတိထားရမယ်။ ညီနောင်တို့အားလုံး... ငါ ညီနောင်တို့နဲ့ သိကျွမ်းခွင့်ရခဲ့တာ အရမ်းဂုဏ်ယူမိပါတယ်၊ ပြီးတော့ မင်းတို့နဲ့အတူ ဆက်မတိုက်ခိုက်နိုင်တော့တာကို ငါ စိတ်မကောင်းပါဘူး။ ရန်တုံ... ငါ့ကိုယ်စား ရှောင်ဟုန်ကို စောင့်ရှောက်ပေးပါ။ အစ်မကြီးဆည်းလည်းက ငါ့ကိုပေးသွားတဲ့တာဝန်ကို ငါ မကျေပွန်နိုင်ခဲ့ဘူး။ တကယ်လို့ နောက်ကျ အခွင့်အရေးရရင် ငါ သူ့ကို ကိုယ်တိုင် တောင်းပန်မှာပါ။ ငါ မင်းတို့အကုန်လုံးကို ထပ်ပြီး တောင်းပန်ပါတယ်။ အာကာသလက်စွပ်ထဲမှာ ကောင်းကင်ကျောက်တုံး သန်းတစ်ရာရှိပါတယ်။ ရန်တုံ... အဲ့ဒါတွေကို အညီအမျှ ခွဲဝေပေးလိုက်ပါ။ အခွင့်အရေးရရင် သောက်ရင်စားရင်း ပျော်ပျော်ပါးပါး စကားထပ်ပြောကြသေးတာပေါ့”
ယင်းစာကို ကျန်းရီကိုယ်တိုင် ရေးထားခြင်း မဟုတ်ပေ။ သို့သော် အာဘော်မှာ ကျန်းရီ၏အာဘော်ဖြစ်ပြီး စိတ်ရင်းအမှန်ဖြစ်သည်။ ကျန်းရီပြောပေးသည်ကို ချမ်ဝမ်ကွမ်းက ရေးထားခြင်း ဖြစ်ဖို့များသည်။ နျိုတုန်သည် စာကိုဆုံးအောင် ဖတ်ပြီးသောအခါ သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီး နောက်လှည့်၍ မျက်ရည်များ သုတ်လိုက်၏။
နျိုတုန်နှင့် ရန်တုံတို့နှစ်ယောက်စလုံးသည် ကျန်းရီ၏ နောက်လိုက်အဖြစ် တစ်နှစ်နေခဲ့၏။ ကျန်းရီသည် လွန်စွာရိုးသားပြီး သူတို့အပေါ် ဂရုစိုက်၏။ သူသည် သူတို့ကို လက်အောက်ငယ်သားများဟု မမြင်ခဲ့ပေ။ သူတို့၏ ဆက်ဆံရေးမှာ ညီအစ်ကိုများကဲ့သို့ပင်။ တစ်ခါတစ်ရံတွင် ညီအစ်ကိုဆက်ဆံရေးထက်ပင် ပိုခဲ့သည်။ ထို့ပြင် နျိုတုန်တို့သည် သွေးအေးပြီး နှလုံးသားမဲ့သူများမဟုတ်သဖြင့် ယင်းတို့ကို ခံစားနိုင်ခဲ့သည်။
ယခုတွင် ကျန်းရီ ထွက်သွားပေပြီ။ ရန်တုံနှင့် နျိုတုန်က ကျန်းရီအား သူတို့ကို မခေါ်သွားသည့်အတွက် လုံးဝ အပြစ်မတင်ပေ။ သူတို့သည် ဝမ်းနည်းမှုတစ်ခုကိုသာ ခံစားနေရသည်။ အံ့အားသင့်ဖွယ်ကောင်းသည့် ထိုလူငယ်လေးကို သူတို့ နောက်ထပ် တွေ့နိုင်ရန် အခွင့်အရေး မရှိလောက်တော့ပေ။ ကျန်းရီမှာ သူတို့ထက် အများကြီးငယ်သည့် ညီလေးတစ်ယောက်ဖြစ်သည်။
“အဖွဲ့မှူးကျန်း... မင်း ရှင်သန်ရမယ်၊ ကောင်းကောင်မွန်မွန် ဆက်ရှင်သန်ရမယ်”
ရန်တုံနှင့် နျိုတုန်သည် သူတို့၏ရင်ဘက်ပေါ်သို့ လက်များတင်လိုက်ပြီး အတန်ငယ် ဦးညွှတ်လိုက်ကြ၏။ သူတို့သည် အနောက်မြောက်ဘက်မှ ကောင်းကင်သို့ ကြည့်လိုက်ပြီး ကျန်းရီအတွက် တိတ်တဆိတ် ဆုတောင်းပေးလိုက်ကြလေသည်။
***
ကျန်းရီသည် အမှန်ပင် မြေရှိုး၊ မိုးပျံ နိုင်ပေသည်။ ယခုတွင် သူသည် ကောင်းကင်ရှောင်တိမ်းခြင်း နတ်အတတ်ကို သုံးနေ၏။
ကျန်းရီသည် ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်သည့်နေကတည်းက ချမ်ဝမ်ကွမ်းနှင့် ဆွေးနွေးခဲ့ပြီးဖြစ်၏။ ဤတစ်ခေါက်တွင် သူတို့သည် စွန့်စား၍ ကောင်းကင်ရှောင်တိမ်းခြင်းကို အသုံးပြုမည်ဖြစ်သည်။ မဟုတ်လျှင် အားလုံး မရှုမလှ သေရပေလိမ့်မည်။
ကျန်းရီ ကောင်းကင်ရှောင်တိမ်းခြင်း သုံးခဲ့ချိန်တွင် အနီး၌ မည်သည့် ပညာရှင်မှ မရှိလောက်ပေ။ မဟုတ်လျှင် သူတို့ မည်သည်မည်ဝါဖြစ်ကြောင်း အလွယ်တကူ ပေါ်သွားပေလိမ့်မည်။ ထိုသို့ဖြစ်လာလျှင် မျိုးနွယ်အသီးသီးမှ ပညာရှင်များက သူ့ကို လိုက်ဖမ်းကာ သူ၏ရတနာများကို လုယက်ကြမည်ဖြစ်သည်။ ထို့ကြောင့် ချမ်ဝမ်ကွမ်းက လုဖင်းကို မျှားခေါ်ရန် ဝိညာဉ်ကျွန်နှစ်ယောက်ကို မိုးကြိုးတောင်တန်းအား တိုက်ခိုက်စေခဲ့ခြင်းပင်။
ကျန်းရီသည် ကောင်းကင်ရှောင်တိမ်းခြင်းသုံးကာ တောင်ဘက်သို့ သွားနေ၏။ သူက နဂါးပြာကျွန်းဆွယ်သို့ သွားလိုနေခြင်းဖြစ်သည်။ သူ ထိုသို့သွားခြင်းမှာ ကျန့်ဝူရွှမ်း သို့မဟုတ် ယွင်ဖေးကို ရှာရန် မဟုတ်ချေ။ သူသည် ဤလမ်းကြောင်းကိုသုံး၍ ရှန်းစီကျွန်းသို့ သွားလိုခြင်းပင်။
ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့သည် နဂါးပြာကျွန်းဆွယ်တွင် သက်တောင့်သက်သာ အခြေချနေကြပြီဖြစ်သည်။ မည်သူမှ သူတို့ကို မသိကြချေ။ ထို့ကြောင့် သူတို့သည် မြို့ထဲတွင် အလွန်လုံခြုံနိုင်ပေသည်။ ကျန်းရီသည် ရှန်းစီမြို့တွင် လုံလုံခြုံခြုံရှိမှ သူတို့ကို လှမ်းခေါ်မည်ဖြစ်သည်။
ရှန်းစီမျိုးနွယ်စုတွင် မျိုးနွယ်(၁၃)ခုရှိ၏။ ယင်းတို့ထဲမှ အင်အားပိုနည်းသော မျိုးနွယ်(၉)ခုက ကျွန်းဆွယ်တစ်ခုစီကို အုပ်ချုပ်ပေသည်။ အင်အားအကြီးဆုံး ကျန်မျိုးနွယ်(၄)ခုမှာမူ ရှန်းစီကျွန်ကို အတူတကွ အုပ်ချုပ်ကြသည်။ နဂါးကိုးကောင်က ပုလဲကို ကိုင်ထား၏။ နဂါးကိုးကောင်က ကျွန်းဆွယ်ကြီးကိုးခုကို ကိုယ်စားပြုပြီး ပုလဲသည် ရှန်းစီကျွန်းကို ကိုယ်စားပြုလေသည်။
ရှန်းစီကျွန်းသည် အလွန်ကြီးမားပြီး ကောင်းကင်နှင့်မြေကြီး အတွင်းအား သိပ်သည်းစွာရှိသော ရတနာကုန်းမြေတစ်ခု ဖြစ်သည်။ ထိုနေရာတွင် လုမျိုးနွယ်၏ လွှမ်းမိုးနိုင်မှုက အလွန်အားနည်းပေသည်။ ကျန်းရီနှင့် ချမ်ဝမ်ကွမ်းတို့ သေချာ တွက်ချက်ထား၏။ အကယ်၍ သူတို့သာ မြို့တွင်းသို့ ဝင်နိုင်ပြီး အိမ်တစ်လုံး ဝယ်ကာ နေထိုင်နိုင်ခဲ့လျှင် လုလင်းက သူတို့ ရှန်းစီမြို့အတွင်း၌ ရှိနေကြောင်း သိသွားလျှင်ပင် ဘာမှ လုပ်နိုင်မည် မဟုတ်ချေ။
ကျန်းရီသည် လမ်းတစ်လျှောက်တွင် ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးခဲ့သော်လည်း တစ်ဆက်တည်း အကြာပြီးသုံးကာ မသွားဝံ့ပေ။ အကယ်၍ သူသာ မြို့တစ်မြို့ကို မတော်တဆ ဖြတ်သွားမိလျှင် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များ၏ အာရုံစိုက်မှုကို ခံရနိုင်ပေသည်။ အကယ်၍ ထိုကောင်းကင်ဧကရာဇ်များကသာ သူ့ကို ရုတ်တရက် တိုက်ခိုက်လိုက်လျှင် သူ အဆုံးသတ်သွားပေလိမ့်မည်။
ထို့ကြောင့် ကျန်းရီသည် ကောင်းကင်ရှောင်တိမ်းခြင်းကို တစ်နာရီ မပြည့်တပြည့်သာ အသုံးပြု၍ မိုင်သန်းနှစ်ဆယ်ကျော် သွားပြီးတိုင်း အာကာပြင်ကိုစုတ်ဖြဲ၍ ပြန်ထွက်လာ၏။ သူသည် အပြင်သို့ ထွက်လိုက်ချင်းချင်း ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ပတ်ဝန်းကျင်ကို အာရုံခံ၏။ အနီးတွင် မည်သည့်မြို့၊ မည်သည့်ပညာရှင်မှ ရှိမနေကြောင်း အတည်ပြုပြီးမှသာ သူ သက်ပြင်းရှည်တစ်ချက် ချရလေသည်။
တွက်ချက်မှုများအရ ကျန်းရီသည် နဂါးပြာကျွန်းဆွယ်၏ နယ်မြေသို့ ရောက်နေပြီဖြစ်သည်။ လုဖင်းနှင့် အခြားသူများ သူ့နောက်သို့ လိုက်လာရန် မဖြစ်နိုင်တော့ပေ။ သို့သော် သူ သတိလက်လွတ် မဖြစ်ဝံ့သေးဘဲ တောင်ဘက်သို့ လျင်မြန်စွာ ဆက်ပျံသန်းလိုက်သည်။ သူသည် လူသူကင်းရှင်းသော ကျွန်းတစ်ကျွန်းကို ရှာလိုက်ပြီး ထိုကျွန်းတွင် အနက်ရောင်ဝတ်ရုံရှည်တစ်ခုကို ထုတ်ကာ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်၏။ ထိုသို့လုပ်ပြီးမှ သူ တောင်ဘက်သို့ ဆက်ပျံသန်းလိုက်၏။
ဝှစ်...ဝှစ်...ဝှစ်...
မိုင်သောင်းချီ ဆက်ပျံသန်းပြီးနောက် ကျန်းရီ ကျွန်းအသေးလေးတစ်ခုကို ဖြတ်ကျော်နေစဉ်၌ သိုင်းသမားရာကျော်က သူ့ဆီသို့ ပျံသန်းလာလေသည်။ သူတို့အားလုံးသည် သတ်ဖြတ်လိုစိတ်များဖြင့် သူ့ကို တားလိုက်၏။ ခေါင်းဆောင်ဖြစ်သော အဆင့်နိမ့် ကောင်းကင်ဧကရာဇ်က အော်ပြောလိုက်သည်။
“မင်းရဲ့ ရှေးဟောင်းနတ်ဘုရားလက်စွပ်နဲ့ ရတနာတွေအကုန်လုံးကို ထားခဲ့လိုက်၊ အဲ့ဒါဆို ငါ မင်းကို အသက်ချမ်းသာပေးမယ်”
“တောင်ပေါ်ဓားပြတွေလား...”
ကျန်းရီ မျက်ခုံးပင့်ကာ သူ၏ကောင်းကင်စိတ်အာရုံကို ကျွန်းဆီသို့ ဖြန့်ထုတ်လိုက်၏။ ကျွန်းပေါ်တွင် မည်သည့်ပညာရှင်မှ ပုန်းအောင်းမနေကြောင်း အတည်ပြုပြီးသောအခါ သူသည် ကျယ်ပြောသော ကောင်းကင်ကိုဖြတ်၍ တောင်ပေါ်ဓားပြများဆီသို့ စကားတစ်ခွန်းမှမပြောဘဲ ပျံသန်းသွားလေသည်။
“ရပ်လိုက်... မဟုတ်ရင် မင်းကို မညှာဘဲ သတ်ပစ်မယ်”
တောင်ပေါ်ဓားပြများ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေသည်။ သူတို့သည် ထိုကောင်လေးက အရူးပေလောဟု တွေးနေကြ၏။ သူသည် ရှန်းစီမျိုးနွယ်စုတွင် တစ်ယောက်တည်း ခရီးသွားနေရုံသာမက ဓားပြတိုက်ခံရချိန်တွင်ပင် ထွက်မပြေးဘဲ သေလမ်းရှာနေလေသည်။
***