← Chapters

ပုံရိပ်ယောင် လကျောက်တုံး

Vol. 54 Ch. 745

ပုံရိပ်ယောင် လကျောက်တုံး

Vol. 54 Ch. 745

ရွှီ...ရွှီ...

ကျန်းရီသည် သူက အရူးမဟုတ်ကြောင်း ထိုဓားပြများကို ချက်ချင်း ပြသလိုက်၏။ သူ့လက်ထဲရှိ ဧကရာဇ်နန်းတော် လင်းလက်လာပြီး ဖုန်းလန် ရုတ်တရက် ထွက်ပေါ်လာလေသည်။ သူမသည် အမှောင်ထု တာအိုပုံသဏ္ဌာန်ကို ထုတ်လွှတ်လိုက်ကာ ပတ်ဝန်းကျင်တစ်ခွင်လုံးကို လွှမ်းခြုံလိုက်၏။ တစ်ချိန်တည်းမှာပင် ကျန်းရီ၏ မျက်ခုံးနှစ်ခုကြားမှနေ၍ ဝိညာဉ်ဓား (၃၆)လက် ထွက်ပေါ်လာပြီး မရဏဓား(၃၆)လက်ကဲ့သို့ ပျံထွက်သွားလေသည်။

အနီးပတ်ဝန်းကျင်တွင် ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သော ပညာရှင်များ ပုန်းအောင်းနေနိုင်၏။ ထို့ကြောင့် ကျန်းရီသည် မိုးကြိုးမီးကို မထုတ်ဝံ့ပေ။ မဟုတ်လျှင် သူမည်သူဖြစ်ကြောင်း ပေါ်သွားပေလိမ့်မည်။ ထို့ပြင် သူသည် ကောင်းကင်မိုးကြိုးမြို့တွင် မဟုတ်တော့ပေ။ မိုးကြိုးမီးကို နည်းနိုင်သမျှ နည်းနည်း အသုံးပြုခြင်းက အကောင်းဆုံးဖြစ်သည်။ အလွန်အရေးကြီးသည့် အခိုက်တွင်မှ မဟုတ်လျှင် သူသည် မိုးကြိုးမီးကို မသုံးဝံ့ချေ။

ဖောင်း...ဖောင်း...ဖောင်း...ဖောင်း...

ထိုတောင်ပေါ်ဓားပြအုပ်စုသည် အသေးဆုံးဓားပြအုပ်စုများထဲမှ တစ်စုဖြစ်၏။ သူတို့အုပ်စုတွင် ကောင်းကင်ဧကရာဇ်အဆင့် သိုင်းသမားတစ်ယောက်သာ ရှိပေသည်။ သူတို့သည် ကျန်းရီ၏ ဝိညာဉ်ဓားများကို မည်သို့ ခုခံမည်နည်း။ အနီရောင်အလင်းတန်း(၃၆)တန်းက အဆင့်နိမ့် ကောင်းကင်ဧကရာဇ်ကို ဖြတ်ကျော်၍ ပျံသန်းသွား၏။ ကျန်သူများအားလုံးမှာ စိတ်ဝိညာဉ်များ ပျက်စီးသွားကာ အစွမ်းကုန်ပြီး သေဆုံးသွားကြလေသည်။

ထိုအဆင့်နိမ့် ကောင်းကင်ဧကရာဇ်သည် တိုက်ခိုက်လိုသော်လည်း သူ့မျက်လုံးရှေ့တွင် အနီရောင်အလင်းတန်းတစ်ခုကို မြင်လိုက်ရလေ၏။ ဝိညာဉ်ဓားခြောက်လက်သည် သူ၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်သွား၏။ ထို့နောက်တွင် ၎င်းတို့သည် သူ၏စိတ်ဝိညာဉ်ပင်လယ်အတွင်း လှည့်ပတ်ပျံသန်းရုံသာ ပျံသန်းနေပြီး မတိုက်ခိုက်ကြသေးချေ။

အဆင့်နိမ့် ကောင်းကင်ဧကရာဇ်က ချက်ချင်း ဒူးထောက်လိုက်ပြီး အော်ပြောလိုက်၏။

“အရှင်... ကျုပ် အညံ့ခံပါတယ်။ ကျေးဇူးပြုပြီး ကျုပ်ကို မသတ်ပါနဲ့”

ကျန်းရီသည် မည်သည့် ဝိညာဉ်ကျွန်ကိုမှ မလိုချင်ပေ။ ထို့ပြင် သူသည် ဤအဆင့်သာရှိသည့် ကောင်းကင်ဧကရာဇ်ကို မလို။ ကျန်းရီ သူ့ကို မသတ်လိုက်ခြင်းမှာ မေးစရာရှိ၍ဖြစ်သည်။ သူသည် အသံဩဩဖြင့် မေးလိုက်၏။

“ဒီနေရာကဘာလဲ။ ဒီအနီးနားမှာ ကျွန်းကြီးကြီးမားမားတွေ ရှိလား”

ကောင်းကင်ဧကရာဇ်က အလျင်အမြန် ပြန်ဖြေ၏။

“အရှင်.. ဒီနေရာက နဂါးပြာကျွန်းဆွယ်ပါ။ ဒီနေရာကနေ တောင်ဘက်မိုင်တစ်သန်းအကွာမှာ အလင်းပြာကျွန်းရှိပါတယ်”

“အလင်းပြာကျွန်းလား...”

ကျန်းရီ တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။ ချမ်ဝမ်းကွမ်းတွင် ရှန်းစီမျိုးနွယ်စု၏ မြေပုံတစ်ခုရှိပြီး အနီးပတ်ဝန်းကျင်အကြောင်းကို အတော်လေး သိထားပေသည်။ အလင်းပြာကျွန်းမှာ နဂါးပြာကျွန်းဆွယ်တွင် အတော်လေးကြီးသောကျွန်းတစ်ကျွန်းဖြစ်သည်။ ထို့ကြောင့် ယင်းကျွန်းတွင် သူရိန်နီကုန်သည်အဖွဲ့အစည်းကဲ့သို့ ကုန်သည်အဖွဲ့အစည်းတစ်ခု ရှိလောက်ပေသည်။ သူသည် ထိုနေရာတွင် ကောင်းကင်ကံကြမ္မာသင်္ဘောစီးကာ ရှန်းစီကျွန်းသို့ သွားနိုင်၏။

ကျန်းရီ ခေတ္တမျှ တွေးလိုက်ပြီး ထပ်မေးလိုက်၏။

“အလင်းပြာကျွန်းပေါ်မှာ ကုန်သည်အဖွဲ့အစည်းကြီးတစ်ခု ရှိလား။ အဲ့မှာ နဂါးပြာကျွန်းဆွယ်ကို ဖြတ်ပြီး လုံလုံခြုံခြုံ ခရီးသွားနိုင်မယ့် ကောင်းကင်ကံကြမ္မာသင်္ဘောရောရှိလား”

“ရှိပါတယ်...ရှိပါတယ်”

ကောင်းကင်ဧကရာဇ်က ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။

“အလင်းပြာကျွန်းရဲ့ မြောက်ဘက်အကျဆုံး အပိုင်းမှာ ဧရာမတောင်ထွတ်တစ်ခုရှိပါတယ်။ အဲ့မှာ ဗျပ်စောင်းခံတပ်လို့ခေါ်တဲ့ မှောင်ခိုဈေးတစ်ခုရှိပါတယ်။ အရှင် အဲ့မှာ ကောင်းကင်ကံကြမ္မာသင်္ဘောစီးလို့ ရပါတယ်။ အဲ့နေရာက လဗျပ်စောင်းကုန်သည်အဖွဲ့အစည်းရဲ့ ခံတပ်ပါ”

“အင်း..ကောင်းပြီ၊ အခု ခင်ဗျား သေနိုင်ပြီ”

ကျန်းရီက အေးစက်သောလေသံဖြင့် ပြောလိုက်ပြီး ဝိညာဉ်ဓားခြောက်လက်ကို ထိန်းချုပ်၍ ကောင်းကင်ဧကရာဇ်၏ စိတ်ဝိညာဉ်အတွင်း ထိုးစိုက်လိုက်လေသည်။ ဤကောင်းကင်ဧကရာဇ်က အလွန်အားနည်း၏။ သူ့တွင် စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ခုခံနိုင်သော မည်သည့်တန်ပြန်အစီအမံမှ မရှိချေ။ အကြိမ်ဒါဇင်အနည်းငယ်မျှ တိုက်ခိုက်ပြီးနောက်တွင် သူ၏စိတ်ဝိညာဉ် ပျက်စီးသွားလေသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် အစွမ်းမဲ့စွာ ပြုတ်ကျသွားပြီး အောက်ဘက် ပင်လယ်ရေမျက်နှာပြင်တွင် ဂယက်ထသွားစေလေသည်။

ဝီ...

တိမ်နက်များ တဖြည်းဖြည်း လွင့်ပါးလာသည်။ ဖုန်းလန်နှင့် ကျန်းရီတို့သည် လေထဲတွင် ရပ်နေကြ၏။ ထို့နောက် ကျန်းရီသည် အောက်သို့ ပျံဆင်းသွားပြီး ရှေးဟောင်းနတ်ဘုရားလက်စွပ်အားလုံးကို စုဆောင်းကာ ၎င်းတို့ကို ဖုန်းလန်ထံ ပစ်ပေးလိုက်၏။ ထို့နောက်တွင် သူတို့နှစ်ယောက်သည် တောင်ဘက်သို့ ဆက်ပျံသန်းသွားကြလေသည်။

အလင်းပြာကျွန်းက သိပ်မဝေးလောက်ပေ။ သူတို့နှစ်ယောက်သည် လမ်းတွင် မည်သည့် တောင်ပေါ်ဓားပြများနှင့်မှ ထပ်မတွေ့ရတော့ချေ။ သူတို့ တစ်နာရီကျော်ပျံသန်းပြီးနောက် သူတို့အရှေ့တွင် ဧရာမကျွန်းကြီးတစ်ကျွန်း ထွက်ပေါ်လာသည်။ ယင်းကျွန်းက ကျားဖြူကျွန်းထက် အတန်ငယ် ပိုသေး၏။ သူတို့နှစ်ယောက်သည် အဝေးရှိ ဧရာမတောင်ထွတ်တစ်ခုကို လှမ်းမြင်နေရပေသည်။

ဝီ...

ဧကရာဇ်နန်းတော် လင်းလက်လာ၏။ ကျန်းရီက ချမ်ဝမ်ကွမ်းနှင့် ရွှေရောင်မျောလွင့်နဂါးတို့ကို အပြင်သို့ ထုတ်လိုက်သည်။ သူက ချမ်ဝမ်ကွမ်းကို ကြည့်ပြီး မေးလိုက်၏။

“ဝမ်ကွမ်း... မင်း လဗျပ်စောင်းကုန်သည်အဖွဲ့အစည်းကို သိလား”

“သိတာပေါ့”

ချမ်ဝမ်ကွမ်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အဲ့ကုန်သည်အဖွဲ့အစည်းက သူရိန်နီကုန်သည်အဖွဲ့အစည်းထက် ပိုကြီးတယ်။ လဗျပ်စောင်းကုန်သည်အဖွဲ့အစည်းက ရှန်းစီမျိုးနွယ်စုမှာ နာမည်ကြီးတယ်။ ခေါင်းဆောင်.. ဘာလို့ ကျုပ်ကို အဲ့ဒါ မေးတားလဲ”

ကျန်းရီက အရှေ့ရှိ တောင်ထွတ်ကို ညွှန်ပြကာ ပြောလိုက်၏။

“အဲ့‌ရှေ့က တောင်ထွတ်က လဗျပ်စောင်းကုန်သည်အဖွဲ့အစည်းရဲ့ ခံတပ်ပဲ။ ငါတို့ အဲ့ကိုသွားကြမှာ... ပြီးရင် အဲ့နေရာကို စုံစမ်းရမယ်”

“ကောင်းပါပြီ”

ချမ်ဝမ်ကွမ်း၏မျက်လုံးများ တောက်ပသွားသည်။ ထိုနေရာကသာ အမှန်တကယ် လဗျပ်စောင်းကုန်သည်အဖွဲ့အစည်း၏နေရာဖြစ်လျှင် ရှန်းစီကျွန်းသို့သွားမည့်ခရီးတွင် အရာအားလုံး ပိုလုံခြုံမှုရှိသွားပေလိမ့်မည်။

ဝှစ်...ဝှစ်...

လူလေးယောက်သည် ကောင်းကင်ကိုဖြတ်၍ ပျံသန်းသွား၏။ ကျန်းရီက အရှေ့ရှိ ဧရာမတောင်ထွတ်ထံသို့ ကောင်းကင်စိတ်အာရုံ ပို့လွှတ်လိုက်သည်။ သို့သော် သူ မည်သည်ကိုမှ အာရုံမခံမိချေ။ ထို့ကြောင့် ယင်းတောင်ထွတ်တွင် အားကောင်းသော ပုံရိပ်ယောင်နယ်မြေတစ်ခုရှိကြောင်း ထင်ရှားပေသည်။

ကျန်းရီက မျက်လုံးများမှိတ်လိုက်ပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်၏။ မျှော်လင့်ထားသကဲ့သို့ပင် သူသည် အရှေ့တွင် အဟန့်အတားဂယက်အနည်းငယ်ကို တွေ့လိုက်ရလေသည်။ သူ မျက်လုံးပြန်ဖွင့်လိုက်ပြီး အော်ပြောလိုက်၏။

“သွားကြစို့...”

ချမ်ဝမ်ကွမ်းတို့သုံးယောက်သည် ကျန်းရီနောက်သို့လိုက်ကာ တောင်ထွတ်၏ ထိပ်ဆီသို့ ပျံသန်းသွားကြ၏။ ထိုတောင်ထွတ်သည် သုံးကီလိုမီတာကျော်မြင့်၏။ တောင်ထွတ် တစ်ဘက်ခြမ်းမှာ ပင်လယ်ဘက်ဖြစ်လေသည်။ ပင်လယ်လှိုင်းလုံးများသည် ကမ်းပါးများကို ရိုက်ခတ်နေ၏။ ထို့ကြောင့် လှိုင်းပုတ်သံများ ထွက်ပေါ်နေပေသည်။

ဝှစ်...ဝှစ်...ဝှစ်...

ကျန်းရီတို့အုပ်စု တောင်ထွတ်သို့ ချဉ်းကပ်လာသောအခါ အဖြူရောင်အလင်းတစ်ချက် လင်းလက်သွားကာ ကောင်းကင်ဧကရာဇ်တစ်ဒါဇင် ပျံထွက်လာလေသည်။ အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါးက အော်ပြောလိုက်၏။

“ရပ်လိုက်.. ဒါက လဗျပ်စောင်းခံတပ်ပဲ၊ မဆိုင်တဲ့သူတွေ ဝင်ခွင့်မရှိဘူး”

ကျန်းရီတို့သည် လေထဲတွင် ရပ်လိုက်ကြ၏။ ချမ်ဝမ်ကွမ်းက ပြုံးကာ ‌ရှေ့သို့ ပျံသွားပြီး ထိုအလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်နှင့် စကားပြောလိုက်သည်။ ခေတ္တကြာပြီးနောက် ချမ်ဝမ်ကွမ်းက ကျန်းရီတို့ကို လက်ဝှေ့ယမ်းပြကာ ပြောလိုက်၏။

“ခေါင်းဆောင်... ကျုပ်တို့ အခု ဝင်လို့ရပြီ”

“သွားကြစို့”

ကျန်းရီတို့အားလုံး အ‌ရှေ့သို့ ပျံသွားကြ၏။ ထို့နောက် အဖြူရောင်အလင်းတစ်ချက် လက်သွားပြီး ရှုခင်းက လုံးဝ ပြောင်းလဲသွားလေသည်။ တောင်ထွတ်တွင် သပ်ရပ်၍ စည်းစနစ်ကျသော ရဲတိုက်လေးများနှင့် ပြည့်နေပြီး လှပသော ပတ်ဝန်းကျင် ရှုခင်းမှာ အမိုးထက်ဥယျာဉ်တစ်ခုကဲ့သို့ ရှိနေပေ၏။

“ခေါင်းဆောင်... ဒီဘက်ကိုလာပါ”

ချမ်ဝမ်ကွမ်းက ဦးဆောင်၍ အားလုံးကို ရဲတိုက်လေးတစ်ခုအတွင်းသို့ ခေါ်သွား၏။ သူတို့ အထဲသို့ ဝင်သွားပြီးနောက်တွင် ချမ်ဝမ်ကွမ်းက ပြောလိုက်သည်။

“ခေါင်းဆောင်... လဗျပ်စောင်းကုန်သည်အဖွဲ့အစည်းဆီမှာ ကျုပ်တို့ကို ရှန်းစီကျွန်းဆီ တိုက်ရိုက်ခေါ်သွားနိုင်တဲ့ ကောင်းကင်ကံကြမ္မာသင်္ဘောရှိတယ်တဲ့။ ဒါပေမဲ့ ဈေးကတော့ နည်းနည်းကြီးတယ်... သင်္ဘောက တစ်ရက်နေပြီးရင် ရောက်လာလိမ့်မယ်”

“မဟုတ်ဘူး... ငါတို့ ရှန်းစီကျွန်းကို တန်းမသွားဘူး”

ကျန်းရီ ခေါင်းခါ၍ ပြောလိုက်သည်။

“ငါတို့ အရင်ဆုံး နဂါးနက်ကျွန်းဆွယ်ကိုသွားပြီးမှ ရှန်းစီကျွန်းကိုသွားမယ်။ လုလင်းတို့က ငါတို့ကို ရှန်းစီကျွန်းအပြင်ဘက်မှာ စောင့်နေလောက်တယ်လို့ ငါထင်တယ်။ တကယ်လို့ လုလင်းသာ သူ့လူတွေကို ဦးဆောင်ခေါ်လာမယ်ဆိုရင် လဗျပ်စောင်းကုန်သည်အဖွဲ့အစည်းက ငါတို့ဘက်က နေမှာမဟုတ်ဘူး။ သူက မျိုးနွယ်(၁၃)ခုထဲက သခင်လေးတစ်ယောက်မဟုတ်လား”

“ခေါင်းဆောင်ရဲ့ အတွေးက အကျိုးအကြောင်းညီပါတယ်”

ချမ်ဝမ်ကွမ်း ခေတ္တမျှ တွေးတောလိုက်ပြီး လက်ခံလိုက်၏။

“အဲ့ဒါဆို ကျုပ်တို့ ကောင်းကင်ကံကြမ္မာသင်္ဘောစီးပြီး ရှန်းစီမျိုးနွယ်စုတစ်ခွင် လျှောက်သွားပြီး မြို့သေးလေးတစ်မြို့မှာ တစ်နှစ်လောက် ခိုနေရင်ရော... လုလင်းတို့က ရှန်းစီကျွန်းအပြင်ဘက်မှာ ထာဝရစောင့်မနေနိုင်လောက်ဘူး မဟုတ်လား။ ပြီးတော့ ကျုပ်တို့သာ ကောင်းကင်ကံကြမ္မာသင်္ဘောကို တစ်စီးပြီးတစ်စီး ပြောင်းစီးနေရင် လုလင်းနဲ့ သူ့လူတွေ ကျုပ်တို့ကို ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး။ ခေါင်းဆောင်တို့တွေ အရင်နားကြပါ။ ကျုပ် အပြင်သွားပြီး သတင်းအချက်အလက်တွေ စုံစမ်းလိုက်ဦးမယ်။ ပြီးမှ သွားမယ့် လမ်းကြောင်းကို ဆုံးဖြတ်ကြတာပေါ့”

“ကောင်းပြီ”

ကျန်းရီ ခေါင်းညိတ်လိုက်၏။ ထို့နောက် သူသည် ကျန်းရှောင်နူနှင့် ချင်းယွီတို့ မစိုးရိမ်စေရန် သူမတို့ကို အပြင်သို့ ထုတ်လိုက်သည်။ သူတို့သည် ပင်မခန်းမထဲတွင် အနားယူနေလိုက်ကြ၏။ နေ့ဝက်ကြာပြီးနောက် ချမ်ဝမ်ကွမ်း ပြန်ရောက်လာသည်။ ချမ်ဝမ်ကွမ်းသည် ပြန်ရောက်လာသောအခါ ပြုံးရယ်၍ ပြောလိုက်၏။

“ခေါင်းဆောင်... ကျုပ် ပစ္စည်းကောင်းနည်းနည်း ရခဲ့တယ်”

“ဘာတွေလဲ”

ကျန်းရီ မျက်ခုံးပင့်ကာ မေးလိုက်သည်။ ထိုစဉ် ချမ်ဝမ်ကွမ်း၏ ခန္ဓာကိုယ်သည် အဖြူရောင်အလင်း တောက်ပလာ၏။ ထို့နောက် သူသည် လှပချောမောသော မိန်းမလှလေးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွား၏။ ကျန်းရီနှင့် အခြားသူများသည် ထိုမြင်ကွင်းကို မြင်သောအခါ ကြက်သီးထသွားကြသည်။

“မဟုတ်ဘူး... ဒါက အာရုံလွှဲတာပဲ”

ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို ထုတ်၍ အာရုံခံလိုက်ရာ ချမ်ဝမ်ကွမ်း၏ ခန္ဓာကိုယ်ပေါ်တွင် ဝေဝါးမှုတစ်ခုရှိနေသည်ကို သတိပြုမိလိုက်၏။ ချမ်ဝမ်ကွမ်းသည် ရတနာတစ်ခုကို သုံး၍ သူ၏ရုပ်သွင်ပြင်ကို ပြောင်းလိုက်ခြင်းဖြစ်မည်။

ဝီ...

ချမ်ဝမ်ကွမ်း၏ခန္ဓာကိုယ်သည် အဖြူရောင်အလင်း ထပ်မံလက်သွားပြီး အသက်လတ်ပိုင်း အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲသွားလေသည်။ သူပြုံးကာ ပြောလိုက်၏။

“ခေါင်းဆောင်... ကျုပ် ခန္ဓာကိုယ်ပတ်ပတ်လည်မှာ ပုံရိပ်ယောင်နယ်မြေအသေးလေးလုပ်နိုင်တဲ့ ပုံရိပ်ယောင် လကျောက်တုံးနည်းနည်း ရလာတယ်။ တစ်ဘက်လူက စွမ်းအားကြီးစိတ်ဝိညာဉ်ရှိတဲ့ သိုင်းသမား ဒါမှမဟုတ် အဆင့်မြင့် ကောင်းကင်ဧကရာဇ်မဟုတ်ရင် ရုပ်သွင်အစစ်အမှန်ကို မြင်နိုင်မှာ မဟုတ်ဘူး”

“အဲ့ဒါက တကယ့်ကို ပစ္စည်းကောင်းပဲ”

ကျန်းရီက ခေါင်းညိတ်ကာ တိတ်တဆိတ် အသိအမှတ်ပြုလိုက်၏။ ဤလောကထဲတွင် အံ့အားသင့်စရာများ များစွာ ရှိပေသည်။ သူသည် ချမ်ဝမ်ကွမ်းထံမှ အနက်ရောင်ကျောက်တုံးတစ်တုံးကို ယူလိုက်ပြီး ၎င်းပတ်ပတ်လည်တွင် အတွင်းအားလှည့်ပတ်ကာ သန့်စင်လိုက်သည်။ ထို့နောက် သူ အတွေးတစ်ချက်တွေးလိုက်ရာ သူ၏ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင်အလင်း လင်းလက်လာလေသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ပြောင်းလဲမှုမှ မရှိပေ။ သို့သော် ဖုန်းလန်နှင့် အခြားသူများက သူ မီခိုးရောင်ဆံပင်များရှိသည့် အဘိုးကြီးတစ်ယောက်အဖြစ် ပြောင်းသွားသည်ကို မြင်လိုက်ရပေသည်။

“ဒီပစ္စည်းက နည်းနည်း ဈေးကြီးတယ်။ ကျုပ် သုံးတုံးပဲ ဝယ်ခဲ့တာ။ အစ်မဖုန်းလည်း တစ်တုံး သန့်စင်သင့်တယ်။ နောက်ကျရင် ကျုပ်တို့သုံးယောက် အပြင်မှာ ပတ်သွားရင် ရှောင်နူ၊ အစ်မချင်းနဲ့ ရွှေရောင်မျောလွင့်နဂါးတို့က ဧကရာဇ်နန်းတော်ထဲမှာ နေနိုင်တာပေါ့”

ကျန်းရီက ကျောက်တုံးတစ်တုံးကို ဖုန်းလန်အား ပေးလိုက်သည်။ ထို့နောက် ချမ်ဝမ်ကွမ်းက စတင် ရှင်းပြလိုက်၏။

“ခေါင်းဆောင်... ကျုပ် လမ်းကြောင်းကို ဆုံးဖြတ်ပြီးပြီ။ ကျုပ်တို့ မနက်ဖြန်ကျရင် ကောင်းကင်ကံကြမ္မာသင်္ဘောကိုစီးပြီး နဂါးနက်ကျွန်းဆွယ်ကိုသွားကြမယ်။ ကောင်းကင်ကံကြမ္မာသင်္ဘောက ကျုပ်တို့ကို နဂါးနက်မြို့အထိ တိုက်ရိုက်ခေါ်သွားပေးနိုင်တယ်၊ အဲ့မြို့ရောက်မှ ကျုပ်တို့ တည်နေရာပြောင်းရွှေ့အစီအရင်ကိုသုံးပြီး လမ်းခွဲသွားမယ်။ ကျုပ်တို့ နဂါးနက်ကျွန်းဆွယ်ရဲ့ တောင်ဘက်မှာရှိတဲ့ သူရိန်နက်မြို့ကို ရောက်ရင် နောက်ထပ် ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စင်းကို စီးပြီး ခရမ်းရောင်နဂါးကျွန်းဆွယ်ကိုသွားကြမယ်။ နောက်ဆုံး ကျုပ်တို့ ခရမ်းရောင်နဂါးကျွန်းဆွယ်က ခရမ်းရောင်ကျောက်စိမ်းမြို့မှာ တစ်နှစ် ခိုနေမယ်...”

“ကောင်းပြီ... မင်း ဖုန်းအာနဲ့အတူ ပြင်ဆင်စရာရှိတာ ပြင်ဆင်လိုက်ပါ”

ကျန်းရီသည် ထိုအစီအစဉ်များကို နားထောင်ပြီး ခေါင်းမူးလာ၏။ ချမ်ဝမ်ကွမ်းနှင့် ဖုန်းလန်က ရှန်းစီမျိုးနွယ်စုအကြောင်းကို သူ့ထက်ပို၍ သိပေသည်။ သူတို့သာ စီစဉ်ပါက ဘာပြဿနာမှ ရှိနိုင်မည် မဟုတ်ချေ။

“ငါတို့မှာ ကောင်းကင်ကျောက်တုံး လုံလုံလောက်လောက် မရှိသေးဘူး။ ငါတို့ ခရမ်းရောင်နဂါးကျွန်းဆွယ်ကိုရောက်ရင် တောင်ပေါ်ဓားပြတချို့ကိုဖမ်းဖို့ နည်းလမ်းတွေ ရှာရမယ့် ပုံပဲ”

ကျန်းရီက အခြားကိစ္စတစ်ခုကို တွေးလိုက်သည်။ သူတို့တွင် ကောင်းကင်ကျောက်တုံး လုံလုံလောက်လောက် မရှိပေ။ ထို့ပြင် သူတို့ ထွက်မလာခင်တွင် ရန်တုံတို့ကို ကောင်းကင်ကျောက်တုံးသန်းတစ်ရာ ပေးခဲ့သေးသည်။ ဤခရီးကလည်း အလွန်ဈေးကြီးလောက်သည်။ သူတို့ မြို့အသေးလေးတစ်ခု၌ အခြေချပြီးနောက်တွင် သူ ကောင်းကင်ကျောက်တုံးများ ရနိုင်မည့် နည်းလမ်းများကို ရှာရပေမည်။ သူတို့ ရှန်းစီမြို့တွင် နေလိုလျှင် လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိရမည်ဖြစ်သည်။

“ရှန်းစီမြို့”

ရှန်းစီမြို့အကြောင်း တွေးမိသောအခါ ကျန်းရီ စိတ်လှုပ်ရှားလာ၏။ ရှန်းစီမြို့သို့ ရောက်ပြီးနောက်တွင် ဘာဆက်ဖြစ်မည်နည်းဟု သူ တွေးလိုက်လေသည်။

***

All Chapters