လူသားပုံစံ ရတနာမိစ္ဆာ
Vol. 54 Ch. 746
“သူတို့ကို ရှာမတွေ့ဘူး ဟုတ်လား”
ကောင်းကင်မိုးကြိးမြို့တွင် လုလင်းသည် ခရမ်းရောင်ရွှေစားပွဲတစ်လုံးကို ဒေါသဖြင့် ရိုက်လိုက်၏။ ထိုခရမ်းရောင်ရွှေစားပွဲသည် ခရမ်းရောင်ရွှေဖြင့် ပြုလုပ်ထားခြင်းဖြစ်သော်လည်း သူ၏လက်ဝါးချက်အောက်တွင် အစိတ်စိတ်အမွှာမွှာ ကွဲသွားလေသည်။
ယနေ့သည် ဆယ်ရက်မြောက်နေ့ပင်။ ကောင်းကင်ဧကရာဇ်တစ်ထောင်နီးပါးက မိုင်ဆယ်သန်းပတ်ပတ်လည်ကို ရှာခဲ့ပြီးဖြစ်သည်။ သို့သော် ကျန်းရီ၏ အရိပ်ကိုပင် မတွေ့ရသေးချေ။ ထို့ကြောင့် လုဖင်းတွင် ရွေးချယ်စရာမရှိတော့ဘဲ ပြန်လာကာ တင်ပြရလေသည်။ ယင်းက လုလင်းကို ဒေါသူပုန်ထသွားစေ၏။
လုလင်း ဒေါသတကြီး အော်လိုက်သည်။
“ဦးလေးဖန်... မျိုးနွယ်က ဦးလေးရုံဆီ အကြောင်းကြားလိုက်။ ဦးလေးရုံကို လုမျိုးနွယ်ရဲ့ သတင်းခန်းမကိုသုံးပြီး ကျန်းရီတို့ကို ရှာခိုင်းလိုက်ပါ။ လုဖင်း.. ခင်ဗျားဆီမှာရှိတဲ့ ကျန်းရီတို့လူစုအကြောင်း သတင်းအချက်အလက်တွေအားလုံး ကျွန်တော့်ဆီ ယူလာပေးပါ။ သူတို့ လောကအဆုံးထိ ထွက်ပြေးသွားရင်တောင် ကျွန်တော် သူတို့ကို ရှာရမယ်။ မဟုတ်ရင် ကျွန်တော် လုလင်း ရှန်းစီမျိုးနွယ်စုမှာ မျက်နှာပြရဲတော့မှာ မဟုတ်ဘူး”
လုဖင်း၏မျက်လုံးများ ကျုံ့သွား၏။ အကယ်၍ လုမျိုးနွယ်သာ သတင်းခန်းမကို အသုံးပြုခဲ့ပါက ကျန်းရီက သူမနှင့် ပူးပေါင်း၍ မိုးကြိုးကျောက်တုံးများ ရောင်းချခဲ့သည်ကို သူတို့ အမှန်ပင် သိသွားပေလိမ့်မည်။ သို့သော် လုလင်းက ကျန်းရီတို့ထွက်ပြေးသွားသည့် ကိစ္စကြောင့် အလွန်ဒေါသထွက်နေပေရာ သူမ စောဒကမတက်ဝံ့ပေ။ ချမ်ဝမ်ကွမ်းက အမြော်အမြင်ရှိရှိဖြင့် မည်သည့်သဲလွန်စမှ ချန်မထားခဲ့ရန်သာ သူမ မျှော်လင့်နိုင်ပေသည်။
“တစ်ကိုယ်တော်ဝံပုလွေရဲ့ လက်အောက်ငယ်သားတွေကို တစ်ယောက်ယောက် သွားခေါ်စမ်း။ သူတို့ကို တစ်ကိုယ်တော်ဝံပုလွေ ဘယ်မှာလဲလို့ စစ်မေးလိုက်...”
လုလင်းက နောက်လှည့်၍ နောက်ထပ်အမိန့်တစ်ခု ပေးလိုက်၏။ ထိုအမိန့်က လုဖင်းကို ရင်တုန်သွားစေသည်။ အကယ်၍ ထိုလူများသာ ဖိအားပေးမှုကို မခံနိုင်ဘဲ ကျန်းရီနှင့်သူမ၏ ပတ်သတ်မှုကို ထုတ်ပြောလိုက်လျှင် သူမ အဆုံးသတ်သွားပေလိမ့်မည်။ ထို့ကြောင့် သူမ လျင်မြန်စွာ တုံ့ပြန်လိုက်သည်။
“သခင်လေးလင်း... ဒေါ်လေးက တစ်ကိုယ်တော်ဝံပုလွေရဲ့ လက်အောက်ငယ်သားတွေနဲ့ ရင်းနှီးပါတယ်။ ဒေါ်လေး ဒေါ်လေးရဲ့လူတွေကို လွတ်ပြီး သူတို့ကို ဖမ်းချုပ် စစ်ဆေးခိုင်းလိုက်ပါတယ်”
“အဲ့ဒါဆို ဘာလို့ အခုချက်ချင်း သွားမလုပ်သေးတာလဲ”
လုလင်းက လုဖင်းကို စူးစူးဝါးဝါး ကြည့်လိုက်သည်။ လုဖင်း၏ ကျောထောက်နောက်ခံက လုမျိုးနွယ်၏ အကြီးအကဲမဟုတ်လျှင် လုလင်းသည် သူမကို လွန်ခဲ့သော ဆယ်ရက်ကပင် သတ်လိုက်ပြီဖြစ်သည်။ သခင်လေး၊ သခင်မလေး ဒါဇင်ကျော်က မြို့အရှင်စံအိမ်တွင် နေထိုင်နေကြ၏။ ထို့ကြောင့် လုလင်းတစ်ယောက် လုံးဝ အရှက်ရနေရပေသည်။
“ဝမ်းကွဲအစ်ကို...”
လုဖင်းနှင့် အခြားသူများ ထွက်သွားပြီးနောက်တွင် ဘေးတွင် ထိုင်နေသော လုယွီက ရုတ်တရက် စကားပြောလိုက်၏။
“အစ်ကို အဲ့လူကို ဖမ်းချင်ရင် တခြားမျိုးနွယ်တွေက သခင်လေးတွေ၊ သခင်မလေးတွေကို ဆက်သွယ်ဖို့ ညီမ အကြံပေးချင်တယ်။ အဲ့လူက ထွက်ပြေးသွားပြီဆိုတော့ သေချာပေါက် နဂါးဖြူကျွန်းဆွယ်မှာ ဆက်နေရဲမှာ မဟုတ်ဘူး။ သူက တောင်ဘက်က နဂါးပြာကျွန်းဆွယ် ဒါမှမဟုတ် မြောက်ဘက်က နဂါးစိမ်းကျွန်းဆွယ်ကို သွားလောက်တယ်။ ဖြစ်နိုင်တာက... ရှန်းစီကျွန်း”
“ဟုတ်တယ်”
လုလင်း၏မျက်လုံးများသည် အေးစက်စက်အလင်း လင်းလက်လာ၏။ ထို့နောက် သူပြောလိုက်သည်။
“ငါ တခြားမျိုးနွယ်တွေက သခင်လေးတွေကို သူ့ကို ခြေရာခံပေးဖို့ ဆက်သွယ်လိုက်မယ်။ အဲ့မျိုးမစစ်က ဉာဏ်နီဉာဏ်နက် များလွန်းတယ်။ သူက ဒီလောက်လူတွေအများကြီးရဲ့ မျက်လုံးအောက်ကနေ ဘယ်လိုများ လွတ်သွားနိုင်ရတာလဲ။ သူက တကယ်ပဲ မြေရှိုး၊ မိုးပျံတတ်တာလား”
သခင်လေးလင်းက မကျေမနပ် ပြောနေ၏။ လုယွီ၏ မျက်လုံးလေးများသည် အရောက်တလက်လက် တောက်နေ၏။ ထို့နောက် သူမ၏ ချယ်ရီနှုတ်ခမ်းလေးများ အတန်ငယ် ဟလာပြီး ပြောလိုက်သည်။
“ဆံပင်အနီ၊ မြေရှိုးမိုးပျံ... ကောင်းကင်ရှောင်တိမ်းခြင်းအတတ်များ ဖြစ်နေမလား။ မျိုးရိုးနာမည်ကလည်း ကျန်းပဲ။ သူက အတုအယောင် နတ်ဘုရား အသုံးအဆောင်တစ်ခု ပိုင်တယ်လို့ ပြောကြတယ်... အနီရောင်စစ်သံချပ်ကာလေ၊ သူက... ကျန်းရီ ဖြစ်နေမလား”
လုယွီသည် လုမျိုးနွယ်၏ နံပါတ်(၁) သခင်မလေးဖြစ်သဖြင့် သူမ၏မျှော်မှန်းချက်က အခြားသူများထက် မြင့်ပေသည်။ သူမ၏မျက်လုံးများထဲတွင် သာမန်ယောက်ျားတစ်ယောက်ကို မြင်မည် မဟုတ်ပေ။ သို့သော် ကျန်းရီ၏အမည်သည် သာမန်အမည်တစ်ခု မဟုတ်ချေ။
လုယွီသည် ရှန်းစီမျိုးနွယ်စုရှိ ထိပ်တန်း သခင်လေးအားလုံး၏ အကြောင်းများကို အသေးစိတ်စုဆောင်းထားပေ၏။ သူမသည် အလွန်ဉာဏ်ကောင်းပြီး သူမ၏မင်္ဂလာကိစ္စကို သူမကိုယ်တိုင် ဆုံးဖြတ်၍ မရကြောင်း သိပေသည်။ သူမ၏ လက်တွဲဖော်သည် သူမနှင့် အဆင့်အတန်းတူသူသာ ဖြစ်ရမည်ဖြစ်သည်။ ထို့ကြောင့် သူမသည် ဂုဏ်ရှိန်ကြီးသော သခင်လေးများ၏ သတင်းအချက်အလက်များကို စုဆောင်းထားခြင်းဖြစ်သည်။ ထိုမှ နောင်တွင် သူမ ရွေးချယ်နိုင်မည်ဖြစ်သည်။
အပြစ်သားကျွန်း၏ မျိုးနွယ်(၁၃)ခုက ဧကရာဇ်ကိုးပါးမျိုးနွယ်စု၏ အရှက်ကွဲမှုကို ကြားရသည်ကို ဝမ်းသာသဖြင့် ကျန်းရီ၏အမည်မှာ ရှန်းစီမျိုးနွယ်စုထဲတွင် အချိန်အတော်ကြာ ကျော်ကြားနေခဲ့သည်။ ကျန်းရီသည် အလွန်ငယ်ရွယ်သေးသော်လည်း သူ၏အမည်က အရှေ့ဘက် တော်ဝင်နယ်မြေတွင် ကျော်ကြားနေပြီဖြစ်သည်။ ထို့ကြောင့် မျိုးနွယ်(၁၃)ခုမှ သခင်မလေးများသည် သူ့ကို အာရုံစိုက်ခဲ့ကြသည်။ သို့ဖြစ်၍ လုယွီသည် ကျန်းရီနှင့်ပတ်သတ်သော သတင်းအချက်အလက်အချို့ကို ကြားရသောအခါ ချက်ချင်း သံသယဝင်သွားခြင်းပင်။
“ဟူး...”
ခေတ္တမျှ တွေးတောပြီးနောက် လုယွီ၏မျက်လုံးများ မှေးမှိန်သွားလေသည်။ ကျန်းရီက လုလင်းကို အပြစ်ပြုမိခဲ့သဖြင့် လုမျိုးနွယ်တွင် မနေနိုင်တော့ပေ။ အကယ်၍ အထီးကျန်ဝံပုလွေက ကျန်းရီဖြစ်နေလျှင်လည်း သူသည် သူမ၏ ရန်သူသာ ဖြစ်ပေလိမ့်မည်။
ထို့ပြင် ကျန်းရီက အရှေ့ဘက် တော်ဝင်နယ်မြေ၌ အလွန်ကျော်ကြားနိုင်သော်လည်း သူ၏အဆင့်အတန်းက သူမနှင့် မထိုက်တန်သေးပေ။
***
လုလင်းက လုမျိုးနွယ်၏ လွှမ်းမိုးနိုင်စွမ်းကို အသုံးပြုလိုက်သောအခါ နဂါးဖြူကျွန်းဆွယ်တစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားလေသည်။ လုမျိုးနွယ်ကို မှီခိုနေရသော အဖွဲ့အားလုံး စတင်လှုပ်ရှားလာကြသည်။ နဂါးဖြူကျွန်းဆွယ်တစ်ခွင်လုံး ရုတ်ရုတ်သဲသဲ ဖြစ်နေပေသည်။
ထို့ပြင် အနီးရှိ ကျွန်းဆွယ်များမှ မရေမတွက်နိုင်သော လူများသည်လည်း စတင် လှုပ်ရှားနေကြသည်။ နှစ်ပတ်ကြာပြီးနောက် လဗျပ်စောင်းကုန်သည်အဖွဲ့အစည်းက ကျန်းရီ၏ သတင်းကို ရောင်းလိုက်သဖြင့် ကျန်းရီ၏ တည်နေရာ ထွက်ပေါ်လာလေတော့သည်။
သို့သော်...
ကျန်းရီတို့အဖွဲ့က အခြားကုန်သည်အဖွဲ့အစည်းများက ပိုင်ဆိုင်သော ကောင်းကင်ကံကြမ္မာသင်္ဘောများကို တစ်စီးပြီးတစ်စီး ပြောင်းစီး၍ နဂါးနက်မြို့ထဲသို့ ရောက်သွားကြပြီဖြစ်သည်။ နဂါးနက်မြို့မှာ အလွန်ကြီးပေသည်။ ကျန်းရီတို့အဖွဲ့ မြို့ထဲသို့ရောက်သွားလျှင် ကောက်ရိုးပုံထဲ အပ်ရှာရသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ထို့ပြင် သတင်းအချက်အလက်အရ ချမ်ဝမ်ကွမ်းက ဗျပ်စောင်းခံတပ်တွင် ပုံရိပ်ယောင် လကျောက်တုံးသုံးတုံး ဝယ်သွားကြောင်းကိုလည်း သိရပေသည်။ ထို့ကြောင့် ကျန်းရီတို့သည် မည်သည့်ရုပ်သွင်ဖြင့် မြို့ထဲသို့ ဝင်သွားကြောင်း မည်သူမှ မသိနိုင်ချေ။ သူတို့ အသေးစိတ် ရှာဖွေလိုလျှင်လည်း နဂါးနက်မြို့၏ လူဦးရေးမှာ သန်းရာကျော်ရှိသဖြင့် မည်သူမှ ထိုသို့ရှာနိုင်မည် မဟုတ်ပေ။ နဂါးနက်ကျွန်းဆွယ်ကို အုပ်ချုပ်သော ဂူမျိုးနွယ်ခေါင်းဆောင်က ကူညီရှာပေးမှာသာ ဖြစ်နိုင်ပေလိမ့်မည်။
သို့သော် ဂူမျိုးနွယ်ခေါင်းဆောင်က အမိန့်ပေးခဲ့လျှင်ပင် နေ့စဉ် နဂါးနက်မြို့ကို ဝင်ထွက်နေကြသူများ မရေမတွက်နိုင်အောင် ရှိပေရာ ကျန်းရီတို့အဖွဲ့ကသာ ပုံရိပ်ယောင် လကျောက်တုံးကို အသုံးပြု၍ သူတို့၏ရုပ်သွင်ကို ပြောင်းလဲထားလျှင် မည်သူက သူတို့ကို ခြေရာခံနိုင်ပါမည်နည်း။
တစ်လတိုင်တိုင် ရှာပြီးနောက်တွင် လုလင်းက အားလုံးကို ရှာဖွေခြင်းရပ်ရန် အမိန့်ပေးလိုက်လေသည်။ ရှန်းစီမျိုးနွယ်စုက ကြီးမားလွန်းပေသည်။ အကယ်၍ ကျန်းရီ သူ့ဘာသာ ထွက်ပေါ်မလာလျှင် သူ့ကို မည်သို့မှ ရှာမတွေ့နိုင်ပေ။
ရန်တုံ၊ နျိုတုန်နှင့် အခြားသူများသည်လည်း နှိပ်စက်မှုများ ခံရပြီးနောက် ပြန်လွတ်လာကြသည်။ လုဖင်းသည် မဆင်မခြင်မလုပ်ဝံ့ပေ။ အကယ်၍ ရန်တုံတို့ နှိပ်စက်ခံရ၍ သေသွားသည်ဟူသော သတင်းကို ကျန်းရီသာ ကြားသွားပါက သူသည် သူတို့ မိုးကြိုးကျောက်တုံးများ ရောင်းချခဲ့သည့် သတင်းကို ထုတ်ဖော်ပစ်လိုက်လောက်သည်။ ကျန်းရီသည် လုမျိုးနွယ်၏ လိုက်ဖမ်းခြင်းကို ခံနေရပြီးဖြစ်၍ ထူး၍ကိစ္စမရှိပေ။ သို့သော် သူမကတော့ အလွန်အခြေအနေဆိုးသွားမည်ဖြစ်သည်။ လုမျိုးနွယ်၏ စည်းမျဉ်းများက တင်းကျပ်၏။ ထိုအကြောင်းသာ ပေါ်သွားပါက သူမ ကွပ်မျက်ခံရရုံသာမက သူမ၏ မျိုးဆက်ပေါ်လည်း သက်ရောက်မှုရှိမည်ဖြစ်သည်။
လုလင်းနှင့် လုယွီတို့ ထွက်သွားပြီးနောက်တွင် ကျန် သခင်လေး၊ သခင်မလေးများသည်လည်း သူတို့၏ ရထားလုံးပျံများကိုစီးကာ ပြန်သွားကြလေသည်။ လုလင်းနှင့်တစ်ကိုယ်တော်ဝံပုလွေတို့၏ အကြောင်းသည် နဂါးဖြူကျွန်းဆွယ်တစ်ခွင်လုံးတွင် လျင်မြန်စွာ ပျံ့နှံ့သွား၏။ မျိုးနွယ်(၁၃)ခုမှ ကျန် သခင်လေး၊ သခင်မလေးများသည် ထိုအဖြစ်ကို ဟာသကြီးတစ်ခုအဖြစ် သတ်မှတ်ကြလေသည်။
လုလင်းတစ်ယောက် အလွန်မကျေမနပ်ဖြစ်နေသည်။ သို့သော် သူ့တွင် အခြားရွေးချယ်စရာလည်း မရှိပေ။ သို့သော် သူသည် လွှမ်းမိုးမှုကြီးသော ကုန်သည်အဖွဲ့အစည်းအသီးသီးသို့ ကြေညာချက်တစ်ခု ပို့ခဲ့၏။ အကယ်၍ သူတို့သာ ကျန်းရီ၏တည်နေရာကို ရှာတွေ့လျှင် ကောင်းကင်ကျောက်တုံးသန်းတစ်ရာ ဆုချီးမြှင့်ခံရမည်ဖြစ်သည်။ အကယ်၍ သူတို့ ကျန်းရီကို သတ်နိုင်ခဲ့လျှင် ဆုမှာ ကောင်းကင်ကျောက်တုံးသန်းသုံးရာဖြစ်သည်။ အကယ်၍ သူတို့သာ ကျန်းရီကို အရှင်ဖမ်းပေးနိုင်ပါက ဆုက ကောင်းကင်ကျောက်တုံးသန်းငါးရာ ဖြစ်လေသည်။
ထိုကြေညာချက် ပျံ့နှံ့သွားသည်နှင့် အုတ်အော်သောင်းနင်းဖြစ်သွားခဲ့သည်။ တောင်ပေါ်ဓားပြတပ်မဟာများကလည်း ကျန်းရီတို့အဖွဲ့နှင့် ပတ်သတ်သည့် သတင်းအချက်အလက်များကို ရခဲ့သည်။ အထူးသဖြင့် ကျန်းရီ၏ မိုးကြိုးမီး၊ ဖုန်းလန်၏ အနက်ရောင်တာအိုသင်္ကေတနှင့် ကျန်းရှောင်နူ၏ အိပ်မက် လှိုင်းဂယက် ဝတ်စုံတို့အကြောင်းကို သူတို့ သိခဲ့ရသည်။ ထိုသတင်းများကြောင့် ကျန်းရီတို့အဖွဲ့သည် ကောင်းကင်ကျောက်တုံးများနှင့် ပြည့်နှက်နေသော လူသားပုံစံ ရတနာမိစ္ဆာများအဖြစ် ပြောင်းလဲသွားလေသည်။
အမှန်တွင်...
လုလင်းကလည်း သူရရှိထားသော ကျန်းရီ၏ သတင်းအချက်အလက်အားလုံးက ‘ကျန်းရီ’၏သတင်းအချက်အလက်များနှင့် ကိုက်ညီနေသဖြင့် သံသယဖြစ်နေပေသည်။ တူညီသော ဆံပင်အနီရောင်၊ တူညီသောအသက်အရွယ်၊ တူညီသောအင်အား၊ တူညီသော မီးတိမ်သံချပ်ကာ။ ထို့ပြင် ပို၍အရေးကြီးသည်မှာ... ကောင်းကင်ရှောင်တိမ်းခြင်းအတတ်ဖြစ်သည်။ ကျန်းရီတစ်ယောက် နဂါးပြာကျွန်းဆွယ်သို့ ရုတ်တရက် ရောက်သွားခြင်းမှာ ကောင်းကင်ရှောင်တိမ်းခြင်းအတတ်ကြောင့်ဟူ၍မှ လွဲ၍ အခြားရှင်းပြနိုင်သည့်အကြောင်း မရှိပေ။
ကျန်းရီက မည်သူဖြစ်နိုင်ကြောင်း သူ ခန့်မှန်းနိုင်ခဲ့ပြီဖြစ်သော်လည်း၊ ကျန်းရီသည် တစ်ခါတုန်းက ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို အရှက်ခွဲခဲ့ဖူးသော်လည်း လုလင်း၏ ကျန်းရီကိုသတ်မည့်ဆုံးဖြတ်ချက်မှာ မပြောင်းလဲသေးပေ။ လုလင်းသည် မွေးကတည်းက ဤကဲ့သို့ အရှက်ကွဲမှုမျိုးကို တစ်ခါမှ မခံခဲ့ဖူးချေ။
လက်ရှိတွင် ကျန်းရီသည် ခရမ်းရောင်နဂါးကျွန်းဆွယ်၏ ခရမ်းရောင်ကျောက်စိမ်းမြို့တွင် ရှိနေပေသည်။
ချမ်ဝမ်ကွမ်းနှင့် ဖုန်းလန်တို့က အသေးစိတ် ပြင်ဆင်မှုတစ်ခုလုပ်ခဲ့၏။ သူတို့သည် ကုန်သည်အဖွဲ့အစည်းများစွာ၏ ကောင်းကင်ကံကြမ္မာသင်္ဘောများကို တစ်စီးပြီးတစ်စီး ပြောင်းစီးခဲ့ကြသည်။ ထို့နောက်တွင် သူတို့သည် နဂါးနက်မြို့အတွင်းရှိ တည်နေရာပြောင်းရွှေ့အစီအရင်ကို သုံးနိုင်ရန် ကောင်းကင်ကျောက်တုံးများကို ရက်ရက်ရောရော သုံးစွဲခဲ့သည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ပုံရိပ်ယောင် လကျောက်တုံးများကို အသုံးပြု၍ သူတို့၏ရုပ်သွင်များကို ပြောင်းလဲကာ သိုသိုသိပ်သိပ်ဖြင့် ခရမ်းရောင်နဂါးကျွန်းဆွယ်အလယ်ပိုင်းရှိ ခရမ်းရောင်ကျောက်စိမ်းမြို့လေးသို့ သွားခဲ့ကြလေသည်။
ချမ်ဝမ်ကွမ်းသည် ကောင်းကင်ကျောက်တုံးများကို ကုသိုလ်မှတ်များဖြင့် လဲလှယ်ခဲ့၏။ ခရမ်းရောင်ကျောက်စိမ်းမြို့ထဲတွင် ခြံဝန်းတစ်ခုဝယ်ရန် ကုသိုလ်မှတ်(၁၀၀,၀၀၀)သာ ကုန်ကျပေသည်။ ထိုပမဏသည် သူတို့အတွက် မပြောပလောက်ပေ။
ကျန်းရီတို့အားလုံးသည် ပင်မခန်းမအတွင်းသို့ ဝင်သွားပြီးနောက်တွင် ခြံဝန်းထဲတွင် အကာအရံတစ်ခုဆင်လိုက်ကာ အပြင်သို့ ခြေတစ်လှမ်းမျှပင် မထွက်ကြတော့ချေ။ ဤမြို့တွင် တင်းကျပ်သော စည်းမျဉ်းတစ်ခုရှိ၏။ အခြားသူတစ်ယောက်၏ ခြံဝန်းကို မည်သူမှ မစူးစမ်းရပေ။ မြို့စောင့်များပင် ထိုသို့ လုပ်ခွင့်မရှိချေ။ အကယ်၍ တစ်ယောက်ယောက် ထိုသို့ လုပ်နေသည်ကို မိခဲ့ပါက ထိုသူသည် အမေးအမြန်းမရှိ ကွပ်မျပ်ခံရမည်ဖြစ်သည်။
ကျန်းရီသည် ဧကရာဇ်နန်းတော်ကို ထုတ်ကာ ခြံဝန်းထဲတွင် ထားလိုက်၏။ သူသည် ချမ်ဝမ်ကွမ်း၏ ပုံရိပ်ယောင် ကျောက်တုံးကို အသုံးပြု၍ ပုံရိပ်ယောင်နယ်မြေတစ်ခု ဆင်လိုက်၏။ ထို့ကြောင့် တစ်စုံတစ်ယောက်က ခြံဝန်းထဲသို့ ချောင်းကြည့်လျှင် ဂရုတစိုက်မကြည့်ပါက ဘာကိုမှ မြင်ရမည် မဟုတ်ချေ။ ထို့နောက် သူသည် ဖုန်းလန်တို့နှင့်အတူ ဧကရာဇ်နန်းတော်အတွင်းသို့ ဝင်သွားလိုက်၏။ ရွှေရောင်မျောလွင့်နဂါးကိုမူ အပြင်တွင် အစောင့်အဖြစ် ထားခဲ့ပေသည်။
ရွှေရောင်မျောလွင့်နဂါးသည် ဧကရာဇ်နန်းတော်အနီးတွင် ထိုင်နေ၏။ အကယ်၍ အခြေအနေထူးပါက သူသည် ကျန်းရီကို ချက်ချင်း သတင်းပို့ရမည်ဖြစ်သည်။ ထိုမှ ကျန်းရီက ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ထွက်ပြေးနိုင်ပေလိမ့်မည်။
“ဖုန်းအား... မင်းတို့အားလုံး ဒီမှာနေကြပါ။ ရှောင်နူက အခန်းအောင်းပြီး ကျင့်ကြံနေပါ။ ဝမ်ကွမ်း.. မင်းလည်း စိတ်ဝိညာဉ် တာအိုပုံသဏ္ဌာန်ကို ဆက်လေ့လာသင့်တယ်။ ငါတို့ ဒီမြို့မှာ တစ်နှစ်နေမယ်၊ အခြေအနေတွေ တည်ငြိမ်သွားရင် ကောင်းကင်ကျောက်တုံးတွေ ပိုရှာနိုင်မယ့် တခြားနည်းလမ်းကို စဉ်းစားပြီး ရှန်းစီမြို့ကို သွားကြတာပေါ့”
ကျန်းရီသည် ညွှန်ကြားချက်များ ပေးပြီးသောအခါ အခန်းတစ်ခုအတွင်း ဝင်သွားပြီး အခန်းအောင်း ကျင့်ကြံလိုက်လေ၏။ သူ၏မှတ်ဉာဏ်အတွင်းရှိ မိုးကြိုးတောင်တန်း၏အရှိန်အဝါ ပျောက်ကွယ်မသွားသေးခင် အဆင့်မြင့် တာအိုပုံသဏ္ဌာန် ပေါင်းစည်းမှုကို လုပ်ရမည်ဖြစ်သည်။
“မိုးကြိုးတောင်တန်းက မိုးကြိုးတန်းတွေရဲ့ သန့်စင်တာကို နှစ်ပေါင်းသိန်းချီ ခံခဲ့ရတာပဲ။ အဲ့ဒါကြောင့် အဲ့တောင်တန်းက သဘာဝအတိုင်း တာအိုအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နိုင်လာတာ။ ဒီအဆင့်မြင့်တာအိုပုံသဏ္ဌာန်ကိုသာ ပေါင်းစည်းပြီးသွားရင် ဘယ်လောက်စွမ်းအားကြီးလာမလဲ...”
ကျန်းရီက မျှော်လင့်ချက်ကြီးသော မျက်နှာထားဖြင့် ရေရွတ်လိုက်၏။ ထို့နောက် သူသည် မျက်လုံးမှိတ်ကာ တရားထိုင်လိုက်လေတော့သည်။