← Chapters

သခင်လေးက တကယ့်ကို ဉာဏ်ကြီးရှင်ပဲ

Vol. 54 Ch. 747

သခင်လေးက တကယ့်ကို ဉာဏ်ကြီးရှင်ပဲ

Vol. 54 Ch. 747

“မိုးကြိုးစွမ်းအား၊ မီးစွမ်းအား၊ အလင်းစွမ်းအား၊ အမှောင်စွမ်းအား၊ အဖျက်စွမ်းအား၊ အသက်စွမ်းအား၊ လေစွမ်းအား၊ သတ္တုစွမ်းအား... မြေစွမ်းအား။ ငါ ဒီ ကွဲပြားတဲ့ အဆင့်နိမ့် တာအိုပုံသဏ္ဌာန်ကိုးခုကို ဘယ်လို ပေါင်းစည်းရမလဲ။ မတူတဲ့ တာအိုပုံသဏ္ဌာန်ကိုးခုကို ပေါင်းစည်းလို့ရော ရပါ့မလား”

ကျန်းရီ၏စိတ်ထဲတွင် အဆင့်နိမ့် တာအိုပုံသဏ္ဌာန်ကိုးခု ထွက်ပေါ်လာ၏။ ယင်းတို့မှာ သူ မိုးကြိုးတောင်တန်းတွင် လေ့လာခဲ့သော ကွဲပြားသည့် တာအိုပုံသဏ္ဌာန်ကိုးခု ဖြစ်သည်။ သို့သော် ယင်းမှာ မမှန်ပေ။ အမှန်တွင် သူသည် မိုးကြိုးတောင်တန်း၌ တာအိုပုံသဏ္ဌာန်ရှစ်ခုကိုသာ လေ့လာခဲ့ခြင်းပင်။ သူသည် မီးစွမ်းအား တာအိုပုံသဏ္ဌာန်ကို သွေးညအကြောက်တရားပင်လယ်တွင် လေ့လာခဲ့ပြီးဖြစ်သည်။

ထိုတာအိုပုံသဏ္ဌာန်ကိုးခုမှာ အခြေခံအကျဆုံး တာအိုပုံသဏ္ဌာန်များဖြစ်၏။ ယင်းတို့အားလုံးသည် အဆင့်အနိမ့်ဆုံး တာအိုပုံသဏ္ဌာန်များဖြစ်ကြသည်။ ကျန်းရီသည် မိုးကြိုးတောင်တန်းတွင် ခံစားခဲ့ရသော တာအိုအရှိန်အဝါကို ပိုင်းခြားလိုက်၏။ ထို့နောက် သူသည် တာအိုပုံသဏ္ဌာန်များအား ပေါင်းစည်းရန် နည်းလမ်းကို မစဉ်းစားခင် တစ်ခုချင်း ပြန်လေ့လာလိုက်၏။ မယခုတွင် သူသည် ပေါင်းစည်းမှုပြုလုပ်ရန် ပြင်ဆင်နေပြီဖြစ်သည်။

သို့သော်...

တာအိုပုံသဏ္ဌာန်များကို တစ်ခုချင်းစီ လေ့လာရသည်မှာ လွယ်၏။ သို့သော် ပေါင်းစည်းရန်မှာမူ အလွန်ခက်ပေသည်။ ဥပမာအားဖြင့် ဧရာမကြိုးတစ်ချောင်းကို ကြည့်ပါ။ ၎င်းကြိုးကို ကြိုးသေးလေး ကိုးချောင်းအဖြစ် ခွဲထုတ်ရသည်မှာလွယ်၏။ သို့သော် ယင်းကြိုးသေးလေးများကို ပြီးပြည့်စုံအောင် ပြန်ပေါင်းစည်းရခြင်းမှာ ခက်ခဲပေသည်။ တာအိုပုံသဏ္ဌာန်များကို ပေါင်းစည်းရာတွင်လည်း သာမန်ကာလျှံကာ ပေါင်းစည်းရသည်မဟုတ်ဘဲ ပြီးပြည့်စုံအောင် ပေါင်းစည်းရပေသည်။

“ငါ အရင်ဆုံး တာအိုအရှိန်အဝါကို ‌လေ့လာလိုက်မယ်။ နောက်မှ တာအိုပုံသဏ္ဌာန်တွေကို ဘယ်လို ပေါင်းစည်းရမလဲဆိုတာ နည်းလမ်းရှာမယ်”

ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်၏။ သူသည် ဤအခြေအနေ၌ ရှိနေလျှင် မိုးမြေနှင့် တစ်သားတည်းဖြစ်သွားပြီး လောကဓာတ်များကို ပို၍ ထိတွေ့ခံစားနိုင်ပေသည်။ ထို့ကြောင့် သူသည် တာအိုပုံသဏ္ဌာန်များကို ပို၍လွယ်ကူစွာ လေ့လာ၊ ပေါင်းစည်းနိုင်လေသည်။

ကျန်းရီ၏စိတ်ထဲတွင် မိုးကြိုးတောင်တန်းမှ တာအိုအရှိန်အဝါ ထွက်ပေါ်လာ၏။ သူသည် ၎င်းကို ဂရုတစိုက် အာရုံခံလေ့လာကာ ခွဲခြမ်းစိတ်ဖြာနေ၏။

ကျန်းရီသည် မိုးကြိုးတောင်တန်းအနီးတွင် မဟုတ်တော့သဖြင့် အတန်ငယ် စိတ်ပျက်နေသည်။ ဤနေရာတွင် တာအိုအရှိန်အဝါကို ဝေဝေဝါးဝါးသာ ခံစားရ၏။ သူသည် အရေးပါသော အပိုင်းတော်တော်များများကို ပြန်မခံစားနိုင်ချေ။

နှစ်နာရီ၊ တစ်ရက်၊ ငါးရက်...

ကျန်းရီ၏စိတ်အတွင်းရှိ တာအိုအရှိန်အဝါသည် ပို၍ပင် မထင်မရှားဖြစ်လာ၏။ ထို့ကြောင့် သူ့တွင် ‌ရွေးချယ်စရာမရှိတော့ဘဲ လက်လျှော့လိုက်ရလေသည်။ ထို့နောက် သူသည် သူ့ရင်ထဲရှိ ဝေဝေဝါးဝါးအတွေးနောက်သို့ လိုက်သွားပြီး မိုးကြိုးစွမ်းအားနှင့် မီးစွမ်းအားတို့ကို ဖြည်းဖြည်းချင်း ပေါင်းစည်းလိုက်သည်။

“မိုးကြိုးက မီးကို ထုတ်နိုင်တယ်။ မိုးကြိုးစွမ်းအားနဲ့ မီးစွမ်းအားကို ပေါင်းစည်းတာမှာ ဘာပြဿနာမှ မရှိဘူး။ ဒါပေမဲ့ အဲ့ဒါကို တခြားတာအိုပုံသဏ္ဌာန်တွေနဲ့ ဘယ်လို ပေါင်းစည်းရမှာလဲ...”

“အလင်းနဲ့အမှောင်... အဖျက်နဲ့အသက်... အဲ့ဒါတွေက ဆန့်ကျင်ဘက် စွမ်းအားတွေပဲ။ ငါ အဲ့ဒါတွေကို ဘယ်လို ပေါင်းစည်းရမှာလဲ”

“လေ၊ မြေနဲ့ သတ္တုစွမ်းအားတွေက တစ်ခုနဲ့တစ်ခု မသက်ဆိုင်တဲ့ စွမ်းအားသုံးခုပဲ။ ငါ အဲ့ဒါတွေကို ဘယ်လို ပေါင်းစည်းနိုင်မလဲ”

“တာအိုပုံသဏ္ဌာန်နှစ်ခုကို ပေါင်းစည်းရတာတောင် ခေါင်းကိုက်နေပြီ။ ငါ တကယ်ပဲ ကိုးခုလုံးကို ပေါင်းစည်းရမှာလား”

ကျန်းရီသည် အတန်ကြာ တွေး‌တောပြီးနောက် ခေါင်းကိုက်လာ၏။ ထို့ကြောင့် ထိုအကြောင်းများကို မတွေးတော့ဘဲ အရင်ဆုံး မိုးကြိုးစွမ်းအားနှင့် မီးစွမ်းအားကိုသာ ပေါင်းစည်းရန် ဆုံးဖြတ်လိုက်၏။

ကျန်းရီသည် စွမ်းအင်ဖြည့်ဆေးလုံးများစွာ သောက်ထားသဖြင့် နှစ်အနည်းငယ်လောက် မစား၊ မသောက်ဘဲနေလျှင်လည်း မည်သည့်ပြဿနာမှ ရှိမည် မဟုတ်ပေ။ သူသည် တာအိုပုံသဏ္ဌာန်များကို လေ့လာခြင်းတွင်သာ အပြည့်အဝ အာရုံစိုက်ထား၏။ သူ့အတွက် တာအိုပုံသဏ္ဌာန်များမှလွဲ၍ အခြားမည်သည့်အရာကမှ အရေးမကြီးသကဲ့သို့ပင်။ သူ့အတွက် ကောင်းကင်မိုးကြိုးကျွန်းသို့ ပြန်သွားနိုင်ရန် အခွင့်အရေးမရှိတော့ချေ။ ထို့ကြောင့် မိုးကြိုးမီးကို ထပ်စုဆောင်းရန် မဖြစ်နိုင်တော့ပေ။ သူသာ မိုးကြိုးမီးအားလုံးကို သုံးပြီးသွားလျှင် မိုးကြိုးမီးနတ်ဘုရားဒိုင်းကို ထပ်မံ ထုတ်လွှတ်နိုင်တော့မည် မဟုတ်။ သို့ဆိုလျှင် သူ၏တိုက်ခိုက်စွမ်းအားက အတော်လေးလျော့ကျသွားပေလိမ့်မည်။

အချိန်သည် ရေကဲ့သို့ စီးဆင်းသွားပြီး သုံးလဟူသောအချိန်က မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားလေသည်။

နဂါးဖြူကျွန်းဆွယ်တွင် အခြေအနေများ တည်ငြိမ်လာပေပြီ။ တောင်ပေါ်ဓားပြများစွာသည် ကျန်းရီတို့အဖွဲ့ကို ရှာလိုခဲ့ကြ၏။ သို့သော် သုံးလတိုင်တိုင် ရှာပြီးသည်ပင် မည်သည့်ရလဒ်မှ မထွက်ခဲ့ချေ။ ထို့ကြောင့် သူတို့ ပျင်းလာကြသည်။ အပြစ်သားကျွန်းမှာ ကြီးမားလွန်းပေသည်။ ထိုနေရာ၏ လူဦးရေသည် သန်းတစ်သိန်းကျော်လောက် ရှိ၏။ ထို့ပြင် အနည်းဆုံး မြို့ တစ်သောင်းလောက်ရှိသည်။ ထိုမြို့များ၏ အပြင်ဘက်တွင် တောင်ပေါ်ဓားပြများ ပုန်းအောင်းနေကြသည်။ သူတို့ ကျန်းရီကိုရှာလိုလျှင် ကောက်ရိုးပုံထဲ အပ်ရှာသကဲ့သို့သာ ဖြစ်ပေလိမ့်မည်။

အခြားမျိုးနွယ်ကြီးများမှ သခင်လေး၊ သခင်မလေးများသည်လည်း စိတ်မပါတော့ချေ။ အရှက်ကွဲခဲ့သူမှာ သူတို့မဟုတ်ပေ။ သူတို့သည် လုလင်းကို အတန်ငယ် မျက်နှာလို၊ မျက်နှာရလုပ်နေခြင်းသာဖြစ်သည်။ ကျန်းရီကို ရှာကာ သတ်နိုင်ခဲ့လျှင် ကောင်း၏။ သို့သော် သူတို့သည် ကျန်းရီတို့အဖွဲ့ကို ရှာရန် များစွာ အားမထုတ်ခဲ့ပေ။

“လုလင်း... မင်းကိုပဲ အပြစ်တင်ရမှာပဲ”

ခရမ်းရောင်ကျောက်စိမ်းမြို့အတွင်းရှိ ခြံဝန်းတစ်ခုထဲ၌ ရှိနေသော ဧကရာဇ်နန်းတော်ထဲတွင် ကျန်းရီသည် မျက်လုံးဖွင့်ကာ မကျေမနပ်ပြောလိုက်၏။ အကယ်၍ လုလင်းကြောင့်သာ မဟုတ်လျှင် သူသည် မိုးကြိုးတောင်တန်း၌ လအနည်းငယ် ဆက်နေနိုင်ပြီး ဤအဆင့်မြင့် တာအိုပုံသဏ္ဌာန်ကို ပေါင်းစည်းနိုင်မည်ဖြစ်သည်။ ထို့ပြင် ရှန်းစီမြို့၌နေနိုင်ရန် ကောင်းကင်ကျောက်တုံး အလုံအလောက်လည်း ရနိုင်မည်ဖြစ်သည်။

သုံးလရှိခဲ့ပေပြီ။ သူသည် မိုးကြိုးစွမ်းအားနှင့် မီးစွမ်းအားကို အောင်အောင်မြင်မြင် ပေါင်းစည်းနိုင်ခဲ့၏။ သို့သော် ကျန်တာအိုပုံသဏ္ဌာန်များကို မပေါင်းစည်းနိုင်သေးချေ။ အစက သူသည် မိုးကြိုးစွမ်းအားနှင့် မီးစွမ်းအားကို ပေါင်းစည်းနိုင်ခဲ့ပါက မိုးကြိုးမီးကို ထုတ်လွှတ်နိုင်လိမ့်မည်ဟု ထင်ခဲ့၏။ သို့သော် သူ၏အထင် မှားခဲ့ပေသည်။ မိုးကြိုးနှင့် မီးစွမ်းအားတို့ကို ပေါင်းစည်းခြင်းက မိုးကြိုးမီးကို ထုတ်လုပ်နိုင်ခြင်းနှင့် မတူပေ။

“ပေါင်းစည်းတာကို ဆက်လုပ်ရမယ်”

သုံးလသာ ရှိပေသေးသည်။ ကျန်းရီက ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ ရွှေရောင်မျောလွင့်နဂါးကို ဆက်သွယ်လိုက်၏။ ရွှေရောင်မျောလွင့်နဂါးက အရာအားလုံး အေးချမ်းနေသည်ဟု ပြော၏။ ထို့ကြောင့် ကျန်းရီသည် ဆက်မမေးတော့ဘဲ တာအိုပုံသဏ္ဌာန်များကို ပေါင်းစည်းနိုင်ရန် ဆက်ကြိုးစားနေလိုက်သည်။

ကျန်းရီ၏စိတ်ထဲရှိ တာအိုအရှိန်အဝါက လုံးဝ ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည်။ ကျန်းရီသည် ယင်းအရှိန်အဝါကို မည်သို့မှ ပြန်မခံစားနိုင်တော့ပေ။ ထို့ကြောင့် သူ့တွင် ရွေးချယ်စရာမရှိတော့ဘဲ ကျန်တာအိုပုံသဏ္ဌာန်များကို ပေါင်းစည်းရန် ကိုယ့်ကိုယ်ကိုသာ အားကိုးရလေတော့သည်။

နောက်နှစ်လကြာပြီးနောက် ကျန်းရီသည် မျက်လုံးများဖွင့်ကာ ထရပ်လိုက်၏။ သူ၏မျက်လုံးများထဲတွင် စိတ်ပျက်မှုနှင့် ပြည့်နှက်နေ၏။ တာအိုပုံသဏ္ဌာန်များကို ပေါင်းစည်းရန်မှာ အလွန်ခက်ခဲပေသည်။ တာအိုအရှိန်အဝါ၏ လမ်းညွှန်မှုမရှိလျှင် သူသည် ၎င်းတို့ကို မည်သို့ ပေါင်းစည်းရမည်ကို မသိပေ။

ကျန်းရီသည် ၎င်းတို့ကို မပေါင်းစည်းနိုင်သဖြင့် ရပ်တန့်လိုက်၏။ ထိုကဲ့သို့သော အရာမျိုးကို အတင်းတွန်းအားပေး၍ မရပေ။ ယခုတွင် သူသည် ကံကြမ္မာနှင့် အခွင့်အရေးအပေါ်သာ မှီခိုရပေတော့မည်။ သို့မဟုတ် သူ ပေါင်းစည်းခြင်းကို ရုတ်တရက် နားလည်သွားရန်သာ မျှော်လင့်ရပေမည်။

အပြင်ဘက်တွင် ဖုန်းလန်နှင့် ချင်းယွီတို့သည် မည်သည့်လုပ်စရာမှမရှိသဖြင့် တစ်ယောက်က ပန်းထိုး၊ တစ်ယောက်က ပန်းချီဆွဲ၍ အပျင်းဖြေနေကြ၏။ သူမတို့နှစ်ယောက်သည် ကျန်းရီအခန်းထဲမှ ထွက်လာသည်ကိုပင် သတိမပြုမိကြချေ။

“ပန်းထိုးတာလား”

ကျန်းရီက ယင်းကို စိတ်မဝင်စားပေ။ သို့သော် ဖုန်းလန်၏ ပန်းချီကားက သူ့ကို ဆွဲဆောင်နေ၏။ ဖုန်းလန်သည် အပြည့်အဝအာရုံစိုက်ကာ စုတ်တံတစ်ချောင်းဖြင့် ရှုခင်းပုံပန်းချီကားတစ်ချပ် ရေးဆွဲနေသည်။ သူမတွင် ထူးကဲသောပန်းချီစွမ်းရည်ရှိပြီး သူမ၏ပန်းချီကားက အစစ်နှင့် အလွန်တူပေသည်။

“မိုးကြိုးတောင်တန်းလား”

ကျန်းရီ တိတ်တဆိတ်လျှောက်သွားလိုက်၏။ သူသည် ဖုန်းလန်၏ပန်းချီကားထဲက ရှုခင်းကို တွေ့သောအခါ ရုတ်တရက် ရင်ခုန်မြန်သွားပြီး အတွေးထဲတွင် ပုံရိပ်များ ထွက်ပေါ်လာလေသည်။ ထိုပုံရိပ်များက သူ့ကို ရင်တလှပ်လှပ် ဖြစ်သွားစေ၏။

“ဟုတ်တယ်.. ငါလည်း ပန်းချီကားတစ်ချပ်ဆွဲနိုင်တယ်၊ မိုးကြိုးတောင်တန်းကို ဆွဲနိုင်တယ်။ ငါ တာအိုအရှိန်အဝါကို တုပပြီး ဘယ်လိုပေါင်းစည်းရမလဲဆိုတဲ့ နည်းလမ်းတွေကို ရှာနိုင်မယ့် အခွင့်အရေးတစ်ခု ရှာနိုင်တယ်”

ကျန်းရီ၏ စိတ်ဝိညာဉ် တုန်ရင်သွား၏။ ထို့နောက် သူသည် ဖုန်းလန်၏လက်ထဲမှ စုတ်တံကို ယူလိုက်ပြီး နောက်ထပ် စက္ကူဖြူတစ်စကို ထုတ်ကာ စတင် ရေးဆွဲလိုက်သည်။ သူသည် ရေးဆွဲနေစဉ်တွင် မျက်လုံးများမှိတ်ထားပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်းအခြေအနေသို့ ဝင်နေပေသည်။

“အန်...”

ဖုန်းလန် အံ့အားသင့်သွား၏။ ပန်းထိုးနေသော ချင်းယွီကလည်း အံ့ဩတကြီး ထရပ်လိုက်သည်။ သူမ လှမ်းခေါ်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ဖုန်းလန်၏ အသံပို့လွှတ်မှုကို ကြားလိုက်ရသည်။

“ရှူး... သခင်လေးက တစ်ခုခုကို နားလည်သဘောပေါက်သွားတဲ့ပုံပဲ။ သူ့ကို မနှောင့်ယှက်ဘဲနေရအောင်”

“အို့... အင်း..”

ချင်းယွီသည် မြေပေါ်တွင် အစာကောက်နေသော ကြက်ကလေးတစ်ကောင်ကဲ့သို့ ခေါင်းညိတ်လိုက်ပြီး ကျန်းရီ၏ပန်းချီကားကို လှမ်းကြည့်လိုက်လေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သူမ စိတ်ပျက်သွားသည်။ ကျန်းရီသည် ပန်းချီရေးဆွဲနေခြင်းပင် မဟုတ်ပေ။ လျှောက်၍ ခြစ်နေခြင်းသာ။ ပန်းချီကားမှာ အလွန်ရုပ်ဆိုးလွန်းလှသဖြင့် ချင်းယွီ ဆက်၍ပင် မကြည့်နိုင်ချေ။

ဖုန်းလန်သည် ပန်းချီပညာရှင်ဖြစ်၏။ သူမသည် ငယ်စဉ်ကတည်းက ပန်းချီကို ချစ်မြတ်နိုးခဲ့သည်။ ယခင်ကတည်းက သူမသည် ဧကရာဇ်နန်းတော်ထဲ၌ နေရသည်ကို ပျင်းလျှင် ပန်းချီဆွဲတတ်၏။ သူမသည် ရှုခင်းပုံ ပန်းချီများကိုသာ အဆွဲများ၏။ လူပုံစံ ပန်းချီများကိုလည်း တစ်ခါတစ်ရံ ဆွဲတတ်သည်။ သူမသည် ကျန်းရီ၏ ပုံတူပန်းချီများကို အများအပြားဆွဲထား၏။ သို့သော် ထိုအကြောင်းကို ကျန်းရီ မသိပေ။

ချင်းယွီသည် ကျန်းရီတစ်ယောက် လျှောက်ခြစ်နေသည်ကို ကြည့်ရင်း အံ့အားသင့်နေ၏။ ဖုန်းလန်ကမူ မရယ်ဘဲ အတော်လေး စိတ်ဝင်တစား ကြည့်နေသည်။ ထို့နောက်တွင် သူမသည် ပို၍ စိတ်ဝင်စားလာပြီး ပန်းချီကားထဲတွင် လုံးဝ စိတ်နှစ်လိုက်သည်။ သူမ၏မျက်လုံးများက ဝေဝါးနေ၏။ သူမသည် အသိစိတ်မရှိတော့သလိုပင်။

“အဲ့ပန်းချီကားက ဘာတွေများ ထူးခြားနေလို့လဲ”

ချင်းယွီ မျက်လုံးပြူး၍ သေချာကြည့်လိုက်သည်။ ကျန်းရီက မိုးကြိုးတောင်တန်းကို ရေးဆွဲနေခြင်းဖြစ်ကြောင်း သူမ ခပ်ရေးရေး မြင်နိုင်၏။ သို့သော် သူမသည် အခြားအရာကို မမြင်နိုင်ချေ။ ထိုပြင် ထိုမိုးကြိုးတောင်ဆယ်လုံးက အလွန်အရုပ်မဆိုးလေသလော။ ယင်းတို့မှာ အသော့ရေးဆွဲထားသည့် ကျောက်တိုင်ဆယ်တိုင်ကဲ့သို့ပင်။

ကျန်းရီက အလွန်လေးနက်စွာ ရေးဆွဲနေ၏။ သူသည် မျက်လုံးပိတ်ထားသော်လည်း ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်းအခြေအနေတွင် ရှိနေသဖြင့် မျက်လုံး ပိတ်ပိတ်၊ ဖွင့်ဖွင့် မည်သို့မှ မကွာခြားပေ။ သူသည် အရာအားလုံးကို မေ့လျော့နေပြီး သူ့အတွေးထဲရှိ မိုးကြိုးတောင်တန်း၏ ရှုခင်းကို ပုံဖော်ရန်သာ လုံးဝစိတ်နှစ်ထားလေသည်။ သူ၏ပန်းချီစွမ်းရည်က မကောင်းခြင်းမှာ နှမြောစရာပင်။ ယင်းပန်းချီကားကို တစ်ချက်ကြည့်လိုက်ရုံဖြင့် လျှောက်ခြစ်ထားခြင်းဟု ပြောနိုင်ပေသည်။

စုတ်ချက် ရပ်တန့်သွားသောအခါ မင်လည်း ခြောက်နေပေပြီ။

ကျန်းရီသည် စုတ်တံကို ချလိုက်ပြီး မျက်လုံးများဖွင့်၍ ကြည့်လိုက်၏။ ထို့နောက် သူ ခေါင်းခါကာ သက်ပြင်းချလိုက်သည်။

“ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ပန်းချီဆွဲတာက တာအိုအရှိန်အဝါကို ပြန်ခံစားရနိုင်ဖို့ အထောက်အကူဖြစ်တယ်။ နောက်ကျရင် ငါ ပန်းချီပညာကို လေ့ကျင့်ရမယ်။ ဒီပန်းချီက အရမ်းရုပ်ဆိုးလွန်းတယ်...”

“ဟူး..ဟူး..ဟူး...”

ဘေးမှ ဖုန်းလန်သည်လည်း ပြန်အသိစိတ်ဝင်လာ၏။ သူမ အသက်ရှူနှုန်း မြန်နေ၏။ ထို့ကြောင့် သူမ၏ ရင်ဘတ်ကလေးက ဖားဖိုကဲ့သို့ နိမ့်ချည်၊ မြင့်ချည်ဖြစ်နေသည်။ သူမ၏ ဇာမနီမျက်ဝန်းတစ်စုံသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တောက်ပနေ၏။ သူမသည် တံတွေးအနည်းငယ် မျိုချလိုက်ပြီး လျှောက်ခြစ်ထားသော ပန်းချီကားကို ကြည့်ကာ စိတ်နှင့်ကိုယ်မကပ်သကဲ့သို့ ရေရွတ်လိုက်၏။

“နောက်ဆုံးတော့ ကျွန်မ ဒဏ္ဍာရီလာ ကောင်းကင်ပန်းချီကားကို မြင်နိုင်ခဲ့ပြီ။ သခင်လေး... သခင်လေးက တကယ့်ကို ဉာဏ်ကြီးရှင်တစ်ယောက်ပဲ”

***

All Chapters