← Chapters

မိုးလောက်မြင့်သော ဈေးနှုန်း

Vol. 54 Ch. 749

မိုးလောက်မြင့်သော ဈေးနှုန်း

Vol. 54 Ch. 749

“အကြီးဆုံး အနုပညာခန်းမလား၊ သော်တာလေညင်းကုန်သည်အဖွဲ့အစည်းရဲ့ အနုပညာခန်းမက အကြီးဆုံးပဲ.... အဲ့မှာ အနုပညာပစ္စည်းအမျိုးမျိုး ရှိတယ်”

ချမ်ဝမ်ကွမ်းသည် မြို့၏ အရှေ့ဘက်ခြမ်းတွင် အဘိုးအိုတစ်ဦးကို မေးမြန်းနေ၏။ ထိုအဘိုးအိုမှာ သူမေးမြန်းခဲ့သော ငါးယောက်မြောက်လူဖြစ်သည်။ ပထမနှစ်ယောက်သည် သူ မေးသည်ကို မသိကြပေ။ သို့သော် ကျန်သုံးယောက်လုံးက ထိုအနုပညာခန်းမက အကြီးဆုံး ဖြစ်ကြောင်း ပြောကြ၏။ ထို့ကြောင်း ယင်းမှာ မှန်ပေလိမ့်မည်။

ချမ်ဝမ်ကွမ်းသည် သော်တာလေညင်းကုန်သည်အဖွဲ့အစည်း၏ တည်နေရာကို အတိအကျကို မေးပြီးနောက်တွင် ထိုနေရာသို့ သွားလိုက်လေသည်။ သို့သော် သူသည် တဝဲလည်လည် လည်နေပြီးမှ မြို့အလယ်ရှိ မြို့ရင်ပြင်သို့ ရောက်သွား၏။ ထိုနေရာတွင် သော်တာလေညင်းကုန်သည်အဖွဲ့အစည်း တည်ရှိပေသည်။

နေရာသည် ဧရာမ ရဲတိုက်ကြီးတစ်ခုဖြစ်၏။ သော်တာလေညင်းကုန်သည်အဖွဲ့အစည်းသည် ခရမ်းရောင်နဂါးကျွန်းဆွယ်တွင် အကြီးဆုံး ကုန်သည်အဖွဲ့အစည်းဖြစ်သည်ဟု ဆိုကြ၏။ ထိုကုန်သည်အဖွဲ့အစည်းသည် မြို့တိုင်းတွင် အဖွဲ့ခွဲများရှိ၏။ ၎င်းတို့ထံတွင် ရတနာအမျိုးမျိုးနှင့် ရှာပါးပစ္စည်းအမျိုးမျိုးတို့ကို ရရှိနိုင်ပေသည်။

“သခင်လေး... ကျန်းခမ်းသာပါရဲ့လား။ သခင်လေး ဝယ်ချင်တဲ့ ပစ္စည်း ရှိပါသလား”

ကုန်သည်အဖွဲ့အစည်း၏ ဝင်ပေါက်တွင် လှပသော အမျိုးသမီးအခြွေအရံ အနည်းငယ် ရှိ၏။ ချမ်ဝမ်ကွမ်း၏ ရုပ်ရည်က မခံ့ညားသော်လည်း သူဝတ်ဆင်ထားသော အဝတ်များမှာ အကောင်းဆုံးအရည်အသွေးရှိပေသည်။ ထို့ပြင် သူ၏ အရှိန်အဝါကလည်း ထူးကဲလေသည်။ လူကဲခတ် ကောင်းပုံပေါ်သော အခြွေအရံ မိန်းမပျိုတစ်ယောက်က သူ့ထံသို့ ခပ်သွက်သွက် လျှောက်လာ၍ ကြိုဆိုလိုက်၏။

ချမ်ဝမ်ကွမ်းက ဟိတ်ဟန်အပြည့်ဖြင့် အခြွေအရံမိန်းမပျိုကို အေးစက်စက်ကြည့်ကာ မေးလိုက်သည်။

“အနုပညာခန်းမက ဘယ်မှာလဲ”

“ဒီဘက်ကို ကြွပါ သခင်လေး...”

အခြွေအရံမိန်းမပျိုက ချမ်ဝမ်ကွမ်းကို ဘေးဘက်ရှိ ခန်းမတစ်ခုထဲသို့ ခေါ်သွား၏။ ထိုခန်းမထဲတွင် ဝယ်သူများဖြင့် စည်ကားနေသည်။ သူတို့အားလုံးသည် ရင့်ကျက်ကြသည်ဟု ဆိုနိုင်ပြီး ကျင့်ကြံခြင်းအဆင့် အမျိုးမျိုး ရှိကြပေသည်။ သူတို့ထဲတွင် အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါးပင် ရှိလေသည်။ ထိုလူများသည် ထက်၍ အဆင့်တက်နိုင်ရန် မမျှော်လင့်နိုင်လောက်တော့ပေ။ သူတို့သည် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးပြီဖြစ်၍ အခြားလုပ်စရာမရှိကြတော့ဘဲ လက်ရေးလှရေးသားခြင်းနှင့် ပန်းချီကားများအပေါ်သာ အာရုံစိုက်နေကြခြင်းပင်။

ခန်းမထဲတွင် ပန်းချီကားများစွာ ချိတ်ဆွဲထား၏။ လူပုံတူ ပန်းချီကားများ၊ မိစ္ဆာသားရဲများ၏ ပန်းချီကားများနှင့် ရှုခင်းပုံ ပန်းချီကားများ ရှိပေသည်။ ချမ်ဝမ်ကွမ်းသည် ခန်းမထဲသို့ ဝင်သွားပြီးနောက် ကြောက်မက်ဖွယ် မိစ္ဆာသားရဲတစ်ကောင်၏ ပုံကို ရေးဆွဲထားသော ဧရာမပန်းချီကားတစ်ချပ်ကို တွေ့လိုက်၏။ ရုတ်တရက် သူသည် ထိုပန်းချီကားကို အစစ်ဟုထင်ကာ ကြောက်ရွံ့တုန်လှုပ်သွား၏။ မိစ္ဆာသားရဲပန်းချီကားက သူ၏စိတ်ဝိညာဉ်ကို ရေခဲတမျှ အေးစက်သွားစေ၏။ ခန်းမထဲတွင် ခက်ထန်ကြမ်းကြုတ်သော သားရဲတစ်ကောင် လွတ်နေသကဲ့သို့ သူခံစားလိုက်ရသည်။

“ကောင်းကင်ကျောက်တုံးငါးသန်းလား”

ချမ်ဝမ်ကွမ်းသည် ဈေးနှုန်းကို တွေ့သောအခါ နှုတ်ခမ်းစွန်းများ တွန့်သွား၏။ ပန်းချီကားတစ်ချပ်ကို အမှန်ပင် ထိုမျှမြင့်‌သောဈေးနှုန်းဖြင့် ရောင်းချသည်လော။ ထိုပန်းချီကားသည် ဘာမှ အသုံးမဝင်ပေ။ ကြည့်ရှုခံစားရုံသာ ရပေသည်။

“ဒီကဧည့်သည်တော်... ဧည့်သည်တော်က ပန်းချီကားဝယ်ဖို့ပါလား... ဒါမှမဟုတ် ရောင်းဖို့ပါလား”

ဝတ်ရုံပြာ ဝတ်ဆင်ထားသော အသက်လတ်ပိုင်း ကြီးကြပ်သူတစ်ယောက်က လျှောက်လာပြီး မေးလိုက်၏။ ချမ်ဝမ်ကွမ်းက ပန်းချီကားလိပ်တစ်ခု ယူလာသည်ကို သူ တွေ့ပေသည်။ သူသည် ပန်းချီကားမှာ ရိုးရိုးရှင်းရှင်း လိပ်ထားသည့် ပန်းချီကားဖြစ်ကြောင်း တွေ့သောအခါ အတန်ငယ် အထင်သေးသွား၏။ ဘောင်ပင်မသွင်းထားလျှင် ယင်းကို အဘယ်သို့ ပန်းချီကားတစ်ချပ်ဟု ခေါ်နိုင်မည်နည်း။

ချမ်ဝမ်ကွမ်းက ပြုံးကာ ပြောလိုက်သည်။

“ကျုပ်က ပန်းချီကားတွေ အကြောင်းကို သိပ်မသိပါဘူး။ ဘာပန်းချီကားကိုမှ ဝယ်ဖို့စိတ်ကူး မရှိပါဘူး။ ကျုပ် ရှေးဟောင်းပန်းချီကား တစ်ချပ်ကို ရခဲ့လို့ ကောင်းကင်ကျောက်တုံး နည်းနည်းလောက်နဲ့ လာလဲတာပါ”

ချမ်ဝမ်ကွမ်း၏ စကားက ပန်းချီကားများအား ကြည့်ရှုခံစားနေသည့် အဘိုးအိုများကို အာရုံစိုက်သွားစေ၏။ သူတို့သည် သူ၏ လိပ်ထားသောပန်းချီကားက အတန်ငယ် အဝါရောင်သမ်းနေသည်ကို တွေ့သောအခါ အတန်ငယ် စိတ်ဝင်စားသွားကြပြီး ၎င်းက အမှန်ပင် ရှေးဟောင်းပန်းချီကားတစ်ချပ်ဖြစ်သည်ဟု တွေးလိုက်ကြလေသည်။

“အို့... ဧည့်သည်တော် ကျွန်တော့်ကို အဲ့ပန်းချီကားကို တစ်ချက်လောက် ပြကြည့်လို့ရမလားခင်ဗျာ။ တကယ်လို့ အဲ့ဒါက တကယ့်ကို ပန်းချီကားကောင်းတစ်ချပ်ဆိုင် ဒီခန်းမလေးက ဧည့်သည်တော်ကို ကျေနပ်လောက်တဲ့ဈေး ပေးမှာပါ”

အသက်လတ်ပိုင်း ကြီးကြပ်သူက ယဉ်ကျေးသည့်လေသံဖြင့် ပြောလိုက်သည်။

“ဒီပန်းချီကားပါ”

ချမ်ဝမ်ကွမ်းက လက်ထဲမှ ပန်းချီကားကို ပေးလိုက်ပြီး ပြုံးလိုက်သည်။

“ကျုပ်ရဲ့ မျိုးနွယ်ခေါင်းဆောင် ပြောတာကတော့ ဒီပန်းချီကားက အရှေ့ဘက် တော်ဝင်နယ်မြေက ရှေးဟောင်းပန်းချီကားတစ်ချပ်တဲ့။ အဖွင့်ဈေးကို ကောင်းကင်ကျောက်တုံးတစ်သန်း ထားရမယ်တဲ့”

“အာ...”

ထိုစကားက အနုပညာခန်းမအတွင်းရှိ လူများကို ပို၍ စိတ်ဝင်စားသွားစေ၏။ ကြီးကြပ်သူ၏ မျက်နှာထားလည်း လေးနက်သွားသည်။ သူသည် ပန်းချီကားကို ဂရုတစိုက် ဖြည်လိုက်ပြီး ဖြည်းဖြည်းချင်း ဖွင့်လိုက်ကာ ဘေးရှိ စားပွဲတစ်ခုပေါ်တွင် တင်လိုက်လေသည်။

ခန်းမအတွင်းရှိ လူတစ်ဝက်ခန့်သည် အနီးသို့ တိုးလာကာ ပန်းချီကားကို ကြည့်လိုက်ကြ၏။

“ဟင်...”

“ဒီလိုဟာမျိုးကို ပန်းချီကားလို့တောင် ခေါ်နိုင်ရဲ့လား”

“အဲ့ကောင်ရဲ့ ဦးနှောက်က ကောင်းရောကောင်းရဲ့လား။ တစ်သန်းဟုတ်လား.. သူက ဆင်းရဲလွန်းလို့ ရူးသွားတာထင်တယ်”

“အို့.. ငါ့မျက်လုံးတွေ... ငါ့မျက်လုံးတွေ...”

ပန်းချီကား အပြည့်အဝ မပွင့်သေးခင်မှာပင် လူများစွာက လှောင်ပြောင်၊ အထင်သေးဟန်များဖြင့် ကြည့်လိုက်ကြသည်။ အဘိုးအိုတစ်ယောက်ဆိုလျှင် ပန်းချီကားက သူ့မျက်လုံးများကို ညစ်နွမ်းစေသကဲ့သို့ အပိုလုပ်ကာ သူ၏မျက်လုံးများကို ကာပင် ကာလိုက်သေးသည်။ ကြီးကြပ်သူသည် ချမ်ဝမ်ကွမ်းက သူ့ကို လာနောက်နေသည်ဟု ထင်သွား၍ အတန်ငယ် ဒေါသထွက်သွား၏။

ချမ်ဝမ်ကွမ်းသည် အထင်သေးသော မျက်လုံးများကို ရှောင်၍ သူ၏မျက်နှာကို အိုးတိုးအန်းတန်း ပွတ်လိုက်၏။ သို့သော် ကျန်းရီနှင့်ဖုန်းလန်တို့က သူ့ကို အကြောင်းမရှိဘဲ စနောက်မည် မဟုတ်ကြောင်း သူယုံကြည်ပေသည်။ ထို့ကြောင့် သူ့တွင် ရွေးချယ်စရာမရှိဘဲ ဆက်၍ ဟန်ကိုယ်ဖို့နေရမည်ဖြစ်သည်။

ပန်းချီကား အပြည့်ပွင့်သွားသောအခါ လူများစွာသည် ထပ်မံကြည့်လိုက်ကြပြီး အထင်‌သေးသောမျက်လုံးများဖြင့် အကြည့်လွှဲလိုက်လေသည်။ ကြီးကြပ်သူကလည်း ပန်းချီကားကို တစ်ချက်၊ နှစ်ချက်ကြည့်၍ ချမ်ဝမ်ကွမ်းကို စိတ်မပါဟန်ဖြင့် ပြောလိုက်၏။

“ဒီကဧည့်သည်တော်... ကျွန်တော်တို့ ဒီပန်းချီကားကို မဝယ်နိုင်ပါဘူး။ ဧည့်သည်တော် တခြားနေရာမှ သွားရောင်းလိုက်ပါ”

ချမ်ဝမ်ကွမ်းက သူ၏နှာခေါင်းကို ပွတ်လိုက်ပြီး အံကြိတ်၍ ပြောလိုက်၏။

“ဆိုင်ရှင်... ကျုပ်ရဲ့ မျိုးနွယ်ခေါင်းဆောင်ပြောတာက ဒီပန်းချီကားထဲမှာ တစ်ခုခု ပါတယ်တဲ့။ ခင်ဗျား အနုပညာရာဖြတ်တစ်ယောက်ကို ရှာပြီး ဒီပန်းချီကားကို သေချာကြည့်ခိုင်းလိုက်ပါလား”

အသက်လတ်ပိုင်း ကြီးကြပ်သူက နှာခေါင်းရှုံးကာ ပြောလိုက်၏။

“ကျွန်တော်က တတိယအဆင့် အနုပညာရာဖြတ်တစ်ယောက်ပါ။ ဒီကဧည့်သည်တော် တခြားနေရာတစ်ခုကို သွားရှာလိုက်ပါလား”

“အို့...”

ချမ်ဝမ်ကွမ်း စိတ်ပျက်ဟန်ဖြင့် တုံ့ပြန်လိုက်၏။ သူသည် ခေါင်းကုတ်ကာ အကြံအိုက်နေ၏။ ကျန်းရီနှင့် ဖုန်းလန်တို့က အားယားနေ၍ သူ့ကို အ‌ပျော်သဘော စနောက်လိုက်ခြင်းလော။

“နေပါဦး”

ချမ်ဝမ်ကွမ်း ပန်းချီကားကို ပြန်လိပ်ရန် ဟန်ပြင်လိုက်စဉ်တွင် ကျန်းမာသန်စွမ်းသော ဆံပင်ဖြူနှင့် အဘိုးအိုတစ်ယောက် လျှောက်လာ၏။ ထိုသူသည် အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်ဖြစ်၏။ ထိုအခိုက်တွင် သူ၏မျက်လုံးများ တောက်ပနေပေသည်။ သူသည် ပန်းချီကားကို ဂရုတစိုက်ကြည့်လိုက်ပြီး ခေါင်းမော့ကာ ဈေးဆစ်လိုက်၏။

“လူငယ်လေး... ဒီပန်းချီကားရဲ့ ဈေးကို နည်းနည်းလောက် လျှော့ပေးနိုင်မလား”

“အာ...”

လူများသည် အံ့အားသင့်သောမျက်နှာထားများဖြင့် ထိုဘက်သို့ ကြည့်လိုက်ကြ၏။ ကြီးကြပ်သူသည်လည်း မျက်မှောင်ကြုတ်သွားပြီး ပန်းချီကားကို ထပ်၍ကြည့်ကာ ဂရုတစိုက် စစ်ဆေးလိုက်သည်။ ထိုအဘိုးအိုသည် ဤခန်းမ၏ ဖောက်သည်တစ်ယောက်ဖြစ်ပြီး စူးရှသောအမြင်ရှိပေ၏။ အကယ်၍ သူသာ ထိုပန်းချီကားကို အမှန်တကယ် ဝယ်ယူလိုခြင်းဖြစ်လျှင် ထိုပန်းချီကားသည် သေချာပေါက် တစ်ခုခု ထူးခြားပေလိမ့်မည်။

ချမ်ဝမ်ကွမ်းက ခေါင်းခါ၍ ပြတ်ပြတ်သားသား ပြောလိုက်၏။

“ကျုပ်ရဲ့ မျိုးနွယ်ခေါင်းဆောင်ပြောတာက ဒီပန်းချီကားကို ကောင်းကင်ကျောက်တုံးတစ်သန်းထက် လျှော့ပြီး ရောင်းလို့ မရဘူးတဲ့”

“ကောင်းပြီ”

ဆံပင်ဖြူနှင့် အဘိုးအို၏ လက်စွပ်က လင်းလက်သွား၏။ အဘိုးအိုသည် ယင်းလက်စွပ်အတွင်းမှ အခြားလက်စွပ်တစ်ကွင်းကို ထုတ်လိုက်ကာ ပြောလိုက်လေသည်။

“ဒီလက်စွပ်ထဲမှာ ကောင်းကင်ကျောက်တုံးတစ်သန်းရှိတယ်။ ကျေးဇူးပြုပြီး စစ်‌ဆေးကြည့်ပါ”

“နေပါဦး...”

ထိုအခိုက်တွင် အသက်လတ်ပိုင်း ကြီးကြပ်သူက ရုတ်တရက် အော်လိုက်၏။ သူ၏မျက်လုံးများသည် ကြောက်မက်ဖွယ် တောက်ပနေပြီး သူ၏အသက်ရှူနှုန်းကလည်း မြန်နေလေသည်။

“ကျွန်တော်တို့ သော်တာလေညင်းခန်းမက ဒီပန်းချီကားကို ဝယ်ပါမယ်။ ကျွန်တော်တို့ ကောင်းကင်ကျောက်တုံးတစ်သန်းခွဲပေးပါမယ်”

“ဝိုး...”

အနုပညာခန်းမသည် အုတ်အုတ်ကျွက်ကျွက် ဖြစ်သွား၏။ အားလုံးသည် ထိုပန်းချီကားကို အံ့ဩတကြီး ကြည့်လိုက်ကြသည်။ သို့သော် အသက်လတ်ပိုင်း ကြီးကြပ်သူက ပန်းချီကားကို ချက်ချင်း လိပ်လိုက်ပြီး ဆံပင်ဖြူနှင့် အဘိုးအိုကို ဦးညွှတ်ကာ လက်ဆုပ်၍ ပြောလိုက်၏။

“အဘိုးလောင် ကျွန်တော် တောင်းပန်ပါတယ်။ ဒီညီငယ်လေးက သူ့ရဲ့ပန်းချီကားကို ရောင်းဖို့ ကျွန်တော်တို့ရဲ့ အနုပညာခန်းမကို လာခဲ့တာပါ... အဲ့ဒါကြောင့် ကျွန်တော်တို့ သော်တာလေညင်းခန်းမက ဒီပန်းချီကားကို ဝယ်သင့်ပါတယ်။ နောက်ကျ အဘိုးလောင် ဒီက တခြားပန်းချီကားတွေကို ဝယ်ချင်ရင် ကျွန်တော်တို့ အဘိုးလောင်ကို ဆယ်ရာခိုင်နှုန်း ဈေးလျှော့ပေးပါမယ်”

“ဟားဟား...”

ဆံပင်ဖြူနှင့် အဘိုးအိုသည် ဒေါသထွက်သွားပြီး နှာမှုတ်ကာ ပြောလိုက်၏။

“မင်းတို့ သော်တာလေညင်းခန်းမက တော်တော် အတင့်ရဲတာပဲကွ..ဟမ်.. မင်းပဲ အစောက ဒီပန်းချီကားကို မဝယ်ဘူးလို့ ပြောခဲ့တယ်မလား။ ဒါပေမဲ့ ငါဝယ်ဖို့ ဈေးကမ်းလှမ်းပြီးမှ မင်းက ငါပေးတဲ့ ဈေးထက် ပိုပေးလိုက်တာပေါ့လေ။ ကောင်းပြီ.. အဲ့ဒါဆို ငါ ကောင်းကင်ကျောက်တုံး နှစ်သန်းပေးမယ်။ လူငယ်လေး... မင်း ဘယ်လိုထင်လဲ”

“အာ...”

ချမ်ဝမ်ကွမ်း၏ ခပ်ဖိုင့်ဖိုင့် ခန္ဓာကိုယ်သည် တုန်ရင်သွား၏။ ကျန်းရီသည် အမှန်ပင် သူ့ကို စနောက်ခဲ့ခြင်း မဟုတ်ပေ။ ဤလျှောက်ခြစ်ထားသောပန်းချီကားက အမှန်ပင် ရတနာတစ်ခု ဖြစ်နေသည်လော။ ကောင်းကင်ကျောက်တုံးနှစ်သန်းမှာ မိုးလောက်မြင့်သော ဈေးနှုန်းဖြစ်သည်။ ထိုကောင်းကင်ကျောက်တုံးပမာဏနှင့်ဆိုလျှင် ခရမ်းရောင်ကျောက်စိမ်းမြို့ထဲတွင် ခြံဝန်းနှစ်ခု ဝယ်နိုင်ပေသည်။

ချမ်ဝမ်ကွမ်းသည် ချက်ချင်း ဣန္ဒြေဆည်လိုက်ပြီး အသက်လတ်ပိုင်း ကြီးကြပ်သူ၏လက်ထဲမှ ပန်းချီကားကို ပြန်ယူလိုက်၏။ ထို့နောက် သူသည် ပန်းချီကားကို အဘိုးအိုအား ပေးကာ ပြောလိုက်လေသည်။

“ဒီကအဘိုးက အမြင်ရှိတာပဲ။ ဒီတော့ ကျုပ် ဒီပန်းချီကားကို သူ့ကိုပဲ ရောင်းရမှာပေါ့။ ကဲ ဈေးကို ကောင်းကင်ကျောက်တုံးနှစ်သန်းနဲ့ ဖြတ်လိုက်ပြီ”

“ကောင်းပြီ”

အဘိုးအိုက ကောင်းကင်ကျောက်တုံးတစ်သန်းပါသော လက်စွပ်နောက်တစ်ကွင်းကို လျင်မြန်စွာ ထုတ်လိုက်သည်။ သူသည် အခြားတစ်ယောက်က ဤပန်းချီကားကို ကြားဖြတ်ယူသွားမည်ကို အမှန်ပင် ကြောက်နေသည့်ပုံပင်။ ချမ်ဝမ်ကွမ်းက ကောင်းကင်ကျောက်တုံး အရေအတွက်ကို စစ်ဆေးလိုက်ပြီး လက်ဆုပ်ကာ ဦးညွှတ်၍ ထွက်သွားလိုက်၏။

“ညီငယ်လေး... နေပါဦး”

အသက်လတ်ပိုင်း ကြီးကြပ်သူက နောင်တရသော မျက်နှာထားဖြင့် ချမ်ဝမ်ကွမ်းနောက်သို့ အပြေးလိုက်သွားလိုက်သည်။ ထို့နောက် သူသည် လက်ဆုပ်ကာ တောင်းပန်သည့် အပြုံးဖြင့် ပြောလိုက်၏။

“ညီငယ်လေး.. ဒီတစ်ခေါက် ကျွန်တော် ပစ္စည်းကောင်းကို သတိမပြုမိခဲ့ဘူး။ နောက်ကျ ညီငယ်လေး ဒီလို ပန်းချီကားမျိုး ထပ်ရရင် ကျေးဇူးပြုပြီး ဒီကိုပဲ ယူလာခဲ့ပါ။ ဈေးကိုတော့ ကျွန်‌တော်တို့ ညှိနှိုင်းကြတာပေါ့”

“ကောင်းပြီ”

ချမ်ဝမ်ကွမ်းက ကြီးကြပ်သူကို စောင်းငဲ့ကြည့်လိုက်ပြီး ‌ဝံ့ဝါသော လေသံဖြင့် ပြန်ပြောကာ ထွက်သွားလေသည်။ သူသည် ချက်ချင်း ပြန်မသွားဘဲ အနီးရှိ ဈေးဆိုင်များသို့ လှည့်ပတ်သွားကာ တည်းခိုခန်းတစ်ခု၏ အခန်းတစ်ခုထဲတွင် ပုံရိပ်ယောင် လ‌ကျောက်တုံးကို သုံး၍ သူ၏ရုပ်သွင်ကို ပြောင်းလဲလိုက်၏။ ထို့နောက်တွင်မှ သူသည် သူ၏ခြံဝန်းသို့ လျင်မြန်စွာ ပြန်သွားလိုက်လေသည်။

ချမ်ဝမ်ကွမ်းသည် နှစ်နာရီကျော် ထွက်သွားခဲ့၏။ ကျန်းရီတို့သည်လည်း သူတို့၏ ကိစ္စဝိစ္စများ ပြီးသွားပြီဖြစ်ပြီး ယခုတွင် ပင်မခန်းမထဲတွင် လက်ဖက်ရည်သောက်နေကြလေသည်။ ကျန်းရီက ပြန်ရောက်လာသော ချမ်ဝမ်ကွမ်းကို ဧကရာဇ်နန်းတော်အတွင်း ပြန်ခေါ်လိုက်သည်။ ချမ်ဝမ်ကွမ်းသည် နန်းတော်အတွင်း ရောက်ရောက်ချင်း ကျယ်လောင်စွာ အော်ပြောလိုက်၏။

“ခေါင်းဆောင်... ကျုပ်တို့ ချမ်းသာတော့မယ်။ ခေါင်းဆောင်ရဲ့ ပန်းချီကားကို တကယ်ပဲ ကောင်းကင်‌ကျောက်တုံးနှစ်သန်းနဲ့ ရောင်းလို့ရခဲ့တယ်။ မြန်မြန်..မြန်မြန်... နောက်ထပ် ပန်းချီကားရာကျော်လောက် မြန်မြန် ဆွဲလိုက်ပါ။ ကျုပ်တို့ အဲ့ဒါတွေ အကုန်လုံးကို ရောင်းပြီးရင် ရှန်းစီမြို့ထဲမှာ နေနိုင်လောက်ပြီ”

“အာ...”

ကျန်းရီ၏ စိတ်ဝိညာဉ် တုန်သွား၏။ သူ လျှောက်ခြစ်ထားသော ပန်းချီကားသည် အမှန်ပင် ဒဏ္ဍာရီလာ ကောင်းကင်ပန်းချီကားလော။ သူ လျှောက်ဆွဲလိုက်သော ပန်းချီကားတစ်ချပ်သည် အမှန်ပင် ကောင်းကင်ကျောက်တုံးနှစ်သန်း တန်သည်လော။ သူ ဆတ်ခနဲ ထရပ်လိုက်ပြီး ချက်ချင်း စတင် ရေးဆွဲလိုက်သည်။ သူသည် အခြားကိစ္စများကို မတွေးသေးဘဲ ပန်းချီကားရာကျော် ရေးဆွဲ၍ ကောင်းကင်ကျောက်တုံး သန်းရာကျော် ရအောင်လုပ်မည်ဖြစ်သည်။

ဖုန်းလန်က မင်သွေးနေပြီဖြစ်သည်။ ချင်းယွီကလည်း အသက်ရှူအောင့်၍ ဘေးမှ ကြည့်နေသည်။ ကျန်းရီသည် အလွန်လျင်မြန်သော နှုန်းဖြင့် နဂါးလိုလို၊ မြွေလိုလို ပုံစံများ ရေးခြစ်နေလေသည်။ သူသည် ဆယ်မိနစ်မပြည့်ခင်မှာပင် ကြောင်ခြစ်၊ကျားခြစ်ပန်းချီကား နောက်တစ်ချပ်ကို ရေးဆွဲပြီးသွားခဲ့ပေပြီ။

သို့သော် ဖုန်းလန်က တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါလိုက်၏။

“ဒါက မဟုတ်‌သေးဘူး။ ဒီပန်းချီကားမှာ ဘာတာအိုအရှိန်အဝါမှ မပါဘူး။ ဒီပန်းချီကားက ကောင်းကင်ပန်းချီကား မဟုတ်ဘူး။ ဘယ်သူမှ အဲ့ဒါကို အိမ်သာသုံးစက္ကူအနေနဲ့တောင် သုံးမှာမဟုတ်ဘူး...”

***

All Chapters