← Chapters

ခရမ်းရောင်နဂါးမြို့

Vol. 54 Ch. 752

ခရမ်းရောင်နဂါးမြို့

Vol. 54 Ch. 752

တစ်လ...

ကျန်းရီသည် အရူးတစ်ယောက်ကဲ့သို့ ရေးဆွဲခဲ့၏။ သူ၏ ပန်းချီစွမ်းရည်များလည်း ပိုကောင်းလာခဲ့သည်။ သူသည် နေ့စဉ် ပင်လယ်တွင် မီးတောက်ပေါက်ကွဲနေသည့်ပုံ ပန်းချီကားတစ်ရာနီးပါး ရေးဆွဲခဲ့သည်။ ထိုပန်းချီကားများထဲမှ ငါးပုံတစ်ပုံသည် တာအိုအရှိန်အဝါကို ပိုင်ဆိုင်သော ကောင်းကင်ပန်းချီကားများဖြစ်၏။ ထို့ကြောင့် တစ်လအတွင်းမှာပင် သူသည် ကောင်းကင်ပန်းချီကား ခြောက်ရာ ရေးဆွဲနိုင်ခဲ့ပေသည်။ သူသည် ပန်းချီရေးဆွဲတိုင်း အန်ချင်သလို ခံစားခဲ့ရ၏။

ချင်းယွီနှင့် ဖုန်းလန်တို့ကသာ မြူဆွယ်သည့် ပုံစံအမျိုးမျိုးသုံး၍ ကျန်းရီကို စိတ်အားတက်အောင် မလုပ်ခဲ့လျှင် ကျန်းရီသည် စုတ်တံကိုင်ဖို့ပင် စိတ်ပါမည်မဟုတ်ချေ။ ထိုတစ်လအတွင်း၌ မိန်းမပျိုနှစ်ယောက်သည် ကျန်းရီကို သူမတို့အား စိတ်ကြိုက်ပြုစေခဲ့၏။ ရှေးရိုးဆန်သော ဖုန်းလန်သည်ပင် ပို၍ပွင့်လင်းလာပြီး ကျန်းရီကို သူမတို့နှင့် လိင်အရသာ ခံစားခွင့်ပြုခဲ့ပေသည်။

ထိုတစ်လလုံးတွင် ကျန်းရီသည် တစ်ရက်ပင် မကျင့်ကြံခဲ့ချေ။ တာအိုပုံသဏ္ဌာန်များကိုလည်း မပေါင်းစည်းခဲ့ပေ။ သူသည် တာအိုပုံသဏ္ဌာန်များကို မေ့ထားပြီး စိတ်ကို လုံးဝပြေလျော့နေစေခဲ့၏။ ယင်းသို့လုပ်ခြင်းက ဆန်းကြယ်သော ရလဒ်တစ်ခု ရစေနိုင်လောက်သည်။

“အင်း.. ပြီးပြီ”

ကောင်းကင်ပန်းချီကား ခြောက်ရာ... ရောင်းမည့်အရေအတွက်က များသော်လည်း ပန်းချီကားတစ်ချပ်ကို ကောင်းကင်ကျောက်တုံးတစ်သန်းစီဖြင့် ရောက်ချနိုင်ပေသည်။ ထို့ကြောင့် ပန်းချီကား ခြောက်ရာသည် ကောင်းကင်ကျောက်တုံး သန်းခြောက်ရာနှင့် ညီမျှ၏။ သူတို့တွင် ရှိထားသည့် ကောင်းကင်ကျောက်တုံး သန်းရှစ်ရာနှင့် ပေါင်းလိုက်လျှင် ရှန်းစီမြို့တွင် အိမ်ကြီးအိမ်ကောင်းတစ်လုံး ဝယ်၍ နှစ်အနည်းငယ်မျှ အေးအေးချမ်းချမ်း နေနိုင်လောက်သည်။

ဖုန်းလန်နှင့် ချမ်ဝမ်ကွမ်းတို့သည်လည်း ဆွေးနွေးပြီးသွားပြီဖြစ်သည်။ ချင်းယွီက ကောင်းကင်ပန်းချီကားများကို သပ်သပ်ရပ်ရပ် လိပ်ထားပြီးဖြစ်သည်။ ချမ်ဝမ်ကွမ်းက လက်ဝှေ့ယမ်း၍ ကောင်းကင်ပန်းချီကား အားလုံးကို သိမ်းလိုက်၏။ သို့သော် သူသည် မိုးကြိုးတောင်တန်းပုံ ပန်းချီကားများကို‌တော့ ချန်ထားခဲ့ပေသည်။

ချမ်ဝမ်ကွမ်းနှင့် ဖုန်းလန်တို့ ဆွေးနွေးပြီး‌နောက်တွင် ပန်းချီကားများကို ချမ်ဝမ်ကွမ်းကိုယ်တိုင်သွားရောင်းခြင်းက ပိုကောင်းကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ ရွှေရောင်မျောလွင့်နဂါးသည် မိစ္ဆာသားရဲတစ်ကောင်ဖြစ်သဖြင့် သူ၏သားရဲအသိဉာဏ်က အတန်ငယ် ထိုင်းနိုင်ပေသည်။ ယင်းက သူတို့ကို ‌ပေါ်သွားစေနိုင်၏။ ချမ်ဝမ်ကွမ်းသည် သူ၏ရုပ်သွင်ကို ပြောင်းရန် ပုံရိပ်ယောင် လကျောက်တုံးနှင့် ကျန်းရီထံတွင်ရှိသော ရုပ်ပြောင်းဆေးလုံးတို့ကို သုံးမည်ဖြစ်သည်။ ထို့ကြောင့် ပညာရှင်တစ်ယောက်က သူ၏ပုံရိပ်ယောင်ကို ဖောက်မြင်နိုင်ခဲ့လျှင်ပင် ပြဿနာရှိတော့မည် မဟုတ်ချေ။

“သွားကြစို့”

ကျန်းရီက အားလုံးကို ပြောလိုက်၏။ ထို့နောက် သူ၏ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင်အလင်းတစ်ချက်လက်သွားပြီး သူသည် ဧကရာဇ်နန်းတော်အပြင်ဘက်သို့ ရောက်သွားလေသည်။ ကျန်းရီက ရွှေရောင်မျောလွင့်နဂါးကို ခေါင်းညိတ်ပြလိုက်ပြီး သူ့ကို ဧကရာဇ်နန်းတော်အတွင်း ပို့လိုက်သည်။ ထို့နောက် ကျန်းရီသည် ဧကရာဇ်နန်းတော်ကို သိမ်းလိုက်ပြီး ရုပ်ပြောင်းဆေးလုံးတစ်လုံး သောက်လိုက်၏။ သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်း ပြောင်းလဲလာကာ သူ အရပ်ပုသူ တစ်ယောက်အဖြစ် ပြောင်းလဲသွား၏။ ထို့နောက် သူသည် ပုံရိပ်ယောင် လကျောက်တုံးအတွင်းသို့ အတွင်းအားထည့်ကာ သူ၏ရုပ်သွင်ကို ပြောင်းလိုက်ပြီး ခြံဝန်းအပြင်သို့ ထွက်သွားလေသည်။

ကျန်းရီသည် ကုန်သည်အဖွဲ့အစည်းတစ်ခုကို မရှာဘဲ မြို့အလယ်ရှိ ရင်ပြင်သို့ တိုက်ရိုက်သွားလိုက်၏။ ရင်ပြင်ထဲတွင် တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခု ရှိပေသည်။ ထိုအစီအရင်သည် မည်သူ့ကိုမဆို ခရမ်းရောင်ကျောက်စိမ်းမြို့သို့ ချက်ချင်း ရောက်လာစေနိုင်၏။ သို့သော် တည်နေရာပြောင်းရွှေ့ခက အလွန်ဈေးကြီးသည်။ ခရမ်းရောင်နဂါးမြို့သို့ တည်နေရာပြောင်းရွှေ့မည်ဆိုလျှင် ကောင်းကင်ကျောက်တုံး ဆယ်သန်းလိုပေသည်။

“ရပ်လိုက်”

ရင်ပြင်သို့ ရောက်ပြီးနောက်တွင် ဧရာမ တည်နေရာပြောင်းရွှေ့အစီအရင်နှစ်ခု အပြင်ဘက်မှ အစောင့်များက ကျန်းရီ ချဉ်းကပ်လာသည်ကို တွေ့သောအခါ သူ့ကိုတားလိုက်ကြသည်။ ထိုအခါ ကျန်းရီက အရေးမစိုက်ဟန်ဖြင့် လက်စွပ်တစ်ကွင်းထုတ်လိုက်ပြီး လက်စွပ်ကို ပစ်ပေးကာ ပြောလိုက်၏။

“ကျွန်‌တော် ခရမ်းရောင်နဂါးမြို့ကို သွားချင်လို့”

တပ်မှူးတစ်ယောက်က ရှေးဟောင်းနတ်ဘုရားလက်စွပ်အတွင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြုံးသွားကာ လက်ဆုပ်၍ ပြောလိုက်လေသည်။

“သခင်လေး... တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ကြွပါ”

တည်နေရာပြောင်းရွှေ့အစီအရင်အတွင်းသို့ လူမည်မျှ ဝင်သည်ဖြစ်စေ တည်နေရာပြောင်းရွှေ့ခမှာ ကောင်းကင်ကျောက်တုံး ဆယ်သန်းသာဖြစ်သည်။ အကြွင်းမဲ့ပညာရှင်များ သို့မဟုတ် နောက်ခံကောင်းကောင်းရှိသူများမဟုတ်လျှင် မည်သူက ထိုဈေးကို တတ်နိုင်မည်နည်း။ ကျန်းရီ၏ အရှိန်အဝါက အလွန်အားနည်းသော်လည်း သူသည် ရုပ်ဖျက်ထားသော ပညာရှင်တစ်ယောက် ဖြစ်နိုင်ပေသည်။

ဝီ...

တည်နေရာပြောင်း‌ရွှေ့အစီအရင် လင်းလက်လာသောအခါ ရင်ပြင်ထဲမှ မရေမတွက်နိုင်သော လူများသည် အားကျ၊ ကြောက်ရွံ့သည့် မျက်လုံးများဖြင့် လှမ်းကြည့်လိုက်ကြ၏။ တည်နေရာပြောင်းရွှေ့အစီအရင်ကို အသုံးပြုနိုင်သူတိုင်းသည် သေချာပေါက် အရေးပါသောပုဂ္ဂိုလ်များဖြစ်ပေမည်။

ကျန်းရီ၏မျက်လုံးများအရှေ့တွင် အဖြူရောင်အလင်းတစ်ချက် လင်းလက်သွား၏။ သူ ကြည့်လိုက်ချိန်တွင် သူသည် ဧရာမမြို့ကြီးတစ်မြို့သို့ ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရလေသည်။ တည်နေရာပြောင်းရွှေ့အစီအရင် အပြင်ဘက်ရှိ အစောင့်များအားလုံးသည် အဆင့်နိမ့် ကောင်းကင်ဧကရာဇ်များဖြစ်သည်။ တပ်မှူးမှာမူ အလယ်အလတ်အဆင့် ကောင်းက်ဧကရာဇ်ဖြစ်သည်။

ခရမ်းရောင်နဂါးမြို့...

ဤမြို့သည် ခရမ်းရောင်နဂါးကျွန်းဆွယ်တွင် အကြီးဆုံးမြို့ဖြစ်သည်။ ကျန်းရီသည် မြို့ကို အာရုံခံလိုက်၏။ ဤမြို့ထဲတွင် မိုးမြေအတွင်းအား များစွာစုဝေးနေပြီး အနည်းဆုံး အပြင်ထက် လေးဆ၊ ငါးဆ ပိုသိပ်သည်းကြောင်း သူ သတိပြုမိလိုက်သည်။

“ကျွန်တော် ခရမ်းရောင်နဂါးမြို့ကနေပြီး ရှန်းစီမြို့ဆီ တိုက်ရိုက်တည်နေရာပြောင်းရွှေ့လို့ရလား”

ကျန်းရီသည် တည်နေရာပြောင်းရွှေ့အစီအရင်အတွင်းမှ ထွက်လိုက်ပြီး အစီအရင်ဘေးရှိ တပ်မှူးတစ်ယောက်၏ မျက်လုံးများကို စိုက်ကြည့်ကာ မေးလိုက်သည်။

ထိုတပ်မှူးက ‌ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။

“ရပါတယ်၊ ဒါပေမဲ့ တစ်ခါတည်နေရာပြောင်းရွှေ့ခက ကောင်းကင်ကျောက်တုံး သန်းငါးရာ ကျပါလိမ့်မယ်။ တကယ်လို့ သခင်လေးကသာ မျိုးနွယ်(၁၃)ခုကို ပေးထားတဲ့ ရှန်းစီတံဆိပ်ပြားကို ပြနိုင်မယ်ဆိုရင် ကောင်းကင်ကျောက်တုံး ဆယ်သန်းပဲ ပေးစရာလိုပါတယ်”

“သန်းငါးရာ...”

ကျန်းရီ၏မျက်လုံးများ ကျုံ့သွား၏။ မျိုးနွယ်(၁၃)ခုသည် နေ့ခင်းကြောင်တောင် ဓားပြတိုက်နေခြင်းသာ။ တစ်ခါတည်နေရာပြောင်းရွှေ့ရန်အတွက် သန်းငါးရာ ကုန်ကျမည်လော။ အကယ်၍ တစ်ရက်တည်းတွင် လူနှစ်ယောက် တည်နေရာပြောင်းရွှေ့ခဲ့လျှင် ခရမ်းရောင်နဂါးကျွန်းဆွယ်ကို ထိန်းချုပ်သော ချွီမျိုးနွယ်သည် ရှန်းစီမြို့တွင် ခြံဝန်းတစ်ဝန်း ဝယ်နိုင်သွားမည် မဟုတ်ပါလား။

ထိုအကြောင်းကို တွေ့ကြည့်လျှင် သာမန်လူများသည် သေချာပေါက် တည်နေရာပြောင်းရွှေ့အစီအရင်ကို သုံးနိုင်မည် မဟုတ်ချေ။ သူတို့သည် ကုန်သည်သင်္ဘောများကို စီးရန်သာ ရွေးချယ်နိုင်ပေသည်။ သို့သော် မျိုးနွယ်(၁၃)ခုမှ လူများမှာမူ ကောင်းကင်ကျောက်တုံးဆယ်သန်းသာပေးရန် လို၏။ သို့ဖြစ်၍ တည်နေရာပြောင်းရွှေ့အစီအရင်၏ ဝင်ငွေသည် ဆိုးလှမည် မဟုတ်ပေ။

ကျန်းရီ တိတ်တဆိတ်ပင် ထွက်သွားလိုက်သည်။ သူ့တွင် ကောင်းကင်ကျောက်တုံး သန်းငါးရာရှိ၏။ သို့သော် ထိုကျောက်တုံးများကို တည်နေရာပြောင်းရွှေ့အစီအရင်အတွက် သုံးပစ်၍မရပေ။ သူသည် အနီးရှိ တည်းခိုခန်းတစ်ခုသို့ လျင်မြန်စွာ လျှောက်သွားလိုက်ပြီး အကောင်းဆုံးအခန်းတစ်ခန်း ငှားယမ်းလိုက်၏။ သူသည် အခန်းထဲသို့ ဝင်သွားပြီးနောက်တွင် ဧကရာဇ်နန်းတော်ကို ထုတ်ကာ ချမ်ဝမ်ကွမ်းကို အပြင်သို့ ထုတ်လိုက်သည်။

“ဝမ်ကွမ်း.. အစီအစဉ်အတိုင်း လုပ်ပါ”

ကျန်းရီက လက်ဝှေ့ယမ်းလိုက်၏။ ချမ်ဝမ်ကွမ်းက ရုပ်ပြောင်းဆေးလုံးတစ်လုံးကို သောက်ကာ တံခါးအပြင်သို့ လျှောက်သွားလိုက်သည်။ ကျန်းရီတွင် ထင်ရှားမှုတစ်ခုရှိ၏။ စွမ်းအားကြီး သိုင်းပညာရှင်တစ်ယောက်ကသာ သူ၏ဒန်တျန်ကို စစ်ဆေးလိုက်လျှင် သူ၏စက်လုံးပုံ ကြယ်ကိုးခုကို တွေ့သွားမည်ဖြစ်သည်။ သို့ဆိုလျှင် သူ မည်သူဖြစ်ကြောင်း ချက်ချင်း ပေါ်သွားပေလိမ့်မည်။

ချမ်ဝမ်ကွမ်းသည် တည်းခိုခန်းအပြင်ဘက်သို့ လျှောက်သွားလိုက်ပြီး လျင်မြန်စွာ လှုပ်ရှားလိုက်၏။ ရှန်းစီမျိုးနွယ်စု၏ မြို့များအားလုံးတွင် ညမထွက်ရအမိန့်ရှိပေသည်။ ညအချိန်တွင် လမ်းပေါ်၌ လျှောက်သွားနေလျှင် သက်ညှာမှုမရှိ အသတ်ခံရမည်ဖြစ်သည်။ တည်းခိုခန်းများကလည်း ညအိပ်ဧည်သည့်များ လက်မခံပေ။ အကယ်၍ ကိုယ်ပိုင်အိမ်ခြေမရှိဘဲ မြို့ထဲတွင် ‌ညအိပ်ညနေ နေပါက ကွပ်မျက်ခံရပေလိမ့်မည်။ ထို့ကြောင့် ချမ်ဝမ်ကွမ်းသည် မမှောင်ခင် ကိစ္စပြီးအောင် လုပ်ရမည်ဖြစ်သည်။

ချမ်ဝမ်ကွမ်းသည် သတင်းအချက်အလက်များ ကြိုတင် စုံစမ်းထားပြီးဖြစ်၏။ ထို့ကြောင့် ဤမြို့ထဲတွင် ရှန်းစီမျိုးနွယ်စု၏ အကြီးဆုံးကုန်သည်အဖွဲ့အစည်းကြီးသုံးခုထဲမှ တစ်ခုဖြစ်သော ငှက်စိမ်းကုန်သည်အဖွဲ့အစည်း၏ အဖွဲ့ခွဲတစ်ခုရှိကြောင်း သူသိထားပြီးဖြစ်သည်။ သူသည် ထိုကုန်သည်အဖွဲ့အစည်းတည်ရှိသော ဧရာမရဲတိုက်တစ်ခုသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်၏။

ချမ်ဝမ်ကွမ်းသည် ကောင်းကင်ကျောက်တုံး သန်းငါးဆယ် အသုံးပြုပြီးနောက် ရှန်းစီမြို့သို့ ညဘက်ထွက်သည့် ကောင်းကင်ကံကြမ္မာသင်္ဘောကို စီးခွင့်ရသွားလေသည်။ ကောင်းကင်ကျောက်တုံး သန်းငါးဆယ်က ချမ်ဝမ်ကွမ်းကို ရင်ထဲမကောင်း ဖြစ်သွားစေ၏။ သို့သော် ရှန်းစီကျွန်းနှင့် နီးလာလေလေ၊ မိုးမြေအတွင်းအား ပိုသိပ်သည်းလာလေလေဖြစ်ကြောင်း သူတွေးမိသွားသည်။ ယင်းမှာ ဤနယ်မြေများရှိ တောင်ပေါ်ဓားပြတပ်မဟာများကလည်း ပို၍အင်အားကြီးလိမ့်မည်ဟူသော အဓိပ္ပာယ်ပင်။ အကယ်၍ သူတို့သာ ကောင်းကင်ကံကြမ္မာသင်္ဘောကို မစီးလျှင် ရှန်းစီကျွန်းသို့ မရောက်ခင်မှာပင် သေချာပေါက် သေသွားကြပေလိမ့်မည်။

ချမ်ဝမ်ကွမ်းသည် ညဘက်ထွက်ခွာရန် စီစဉ်ပြီးသောအခါ ပို၍ စိတ်အေးသွားပြီး ငှက်စိမ်းကုန်သည်အဖွဲ့အစည်း၏ ရဲတိုက်ကို လျှောက်ပတ်ကြည့်လိုက်လေသည်။ သူသည် ပတ်ဝန်းကျင်နှင့် အသားကျလာသောအခါ မှောင်ခိုကုန်သည်တစ်ယောက်ကို ရှာလိုက်ပြီး ရှေးဟောင်းနတ်ဘုရားလက်စွပ်အတွင်းမှ ကောင်းကင်ကျောက်တုံးသန်းခုနစ်ရာကို ကုသိုလ်မှတ်များဖြင့် လဲလှယ်လိုက်၏။ ထိုကုသိုလ်မှတ်များကို မျိုးနွယ်(၁၃)ခုက အထူးပြုလုပ်ထားခြင်းဖြစ်ပြီး မည်သူမှ မတုပနိုင်ပေ။

ချမ်ဝမ်ကွမ်းသည် ကုသိုလ်မှတ်များကို သိမ်းဆည်းပြီးနောက် ငှက်စိမ်းကုန်သည့်အဖွဲ့အစည်း၏ ရဲတိုက်ထဲမှ ထွက်ကာ တည်းခိုခန်းသို့ ပြန်သွားလိုက်သည်။ သူသည် တည်းခိုခန်းတွင် သူ၏ အဝတ်အစားနှင့် ရုပ်သွင်ကို ထပ်မံပြောင်းလဲလိုက်ပြီး အပြင်သို့ ပြန်ထွက်လိုက်၏။ ဤတစ်ခေါက်တွင် သူသည် ခရမ်းရောင်နဂါးမြို့ရှိ အကြီးဆုံး ကုန်သည်အဖွဲ့အစည်းသို့ သွားလိုက်သည်။ ထိုကုန်သည်အဖွဲ့အစည်းသည် ခရမ်းရောင်နဂါးကျွန်းဆွယ်ကို ထိန်းချုပ်သော ချွီမျိုးနွယ် ပိုင်ဆိုင်သည့် အဖွဲ့အစည်းဖြစ်ပြီး ခရမ်းရောင်နဂါးကျွန်းဆွယ်တွင် နာမည်အကြီးဆုံးဖြစ်သည်။

“အနုပညာခန်းမက ဘယ်မှာလဲဗျ”

ထိုကုန်သည်အဖွဲ့အစည်းသည် မြို့အရှင်စံအိမ်ထဲတွင် ရှိ၏။ ဤမြို့၏ မြို့အရှင်စံအိမ်သည် ကောင်းကင်မိုးကြိုးမြို့၏ မြို့အရှင်စံအိမ်ထက် အနည်းဆုံး ဆယ့်နှစ်ဆပိုကြီးပေလိမ့်မည်။ စံအိမ်ဝန်းထဲတွင် အနည်းဆုံး ဈေးဆိုင်တစ်သောင်းရှိပြီး ဈေးရောင်း၊ ဈေးဝယ်များ မရေမတွက်နိုင်အောင် ရှိနေပေသည်။

ချမ်ဝမ်ကွမ်းသည် အစောင့်တစ်ယောက်၏ လမ်းညွှန်မှုဖြင့် ဒုတိယထပ်သို့သွားလိုက်ပြီး ကောင်းကင်ကျောက်တုံးတစ်ထောင်ပေးကာ လမ်းမေးလိုက်သည်။ နောက်ဆုံးတွင် သူသည် ဧရာမအနုပညာခန်းမတစ်ခု၏ အပြင်သို့ ရောက်သွားလေ၏။

“ဒီအနုပညာခန်းမက တော်တော်ခမ်းနားတာပဲ”

ချမ်ဝမ်ကွမ်းသည် ခေတ္တမျှ ကြည့်လိုက်ပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ အနုပညာခန်းမသည် အနည်းဆုံး တစ်မိုင်ပတ်လည်ရှိပေလိမ့်မည်။ အထဲတွင် ခန်းမအသေးလေးများ ထပ်ခွဲထားသည်။ ထို့ကြောင့် အနုပညာခန်းမသည် မရေမတွက်နိုင်သော အနုပညာပစ္စည်းများ ပြသထားသည့် ဝင်္ကပါလေးတစ်ခုလို ဖြစ်နေပေသည်။

“ဒီကဧည့်သည်တော်က ဝယ်မှာပါလား၊ ရောင်းမှာပါလား”

အမျိုးသမီးအခြွေအရံတစ်ယောက်က ပြုံး၍ ကြိုဆိုလိုက်သည်။

ချမ်ဝမ်ကွမ်းက လက်ဝှေ့ယမ်းလိုက်ပြီး ဝံ့ဝံ့ကြွားကြွား ပြောလိုက်၏။

“မင်းတို့ရဲ့ ဆိုင်ရှင်ကို ငါ့ဆီ ခေါ်ခဲ့ပါ။ ငါ သူနဲ့ စီပွားရေးကိစ္စကြီးတစ်ခု ဆွေးနွေးစရာရှိတယ်”

“သခင်လေး ကျွန်မနောက်က လိုက်ခဲ့ပါ”

အမျိုးသမီးအခြွေအရံသည် လူရည်လည်သဖြင့် ချမ်ဝမ်ကွမ်းကဲ့သို့ ထူးခြားသည့်အရှိန်အဝါရှိသူတစ်ယောက်က သူမကို စနောက်မည်မဟုတ်ကြောင်း သိပေသည်။ ချမ်ဝမ်ကွမ်းသည် အမျိုးသမီးအခြွေအရံနောက်မှ လိုက်သွားလိုက်ပြီး အကွေ့အကောက်များကို ဖြတ်ကျော်ပြီးနောက် လှပသောခန်မအသေးလေးတစ်ခုအတွင်းသို့ ရောက်သွားလေသည်။

ခန်းမလေးထဲတွင် ပိန်ပါး၍ ပါးရည်နားရည်တွန့်နေသော အဘိုးအိုတစ်ယောက် ထိုင်နေ၏။ ထိုအဘိုးအိုသည် ကျန်းမာရေးကောင်းပုံပေါ်သည်။ သူက ချမ်ဝမ်ကွမ်းဝင်လာသည်ကို တွေ့သောအခါ ခပ်ဖွဖွ ခေါင်းဆတ်ပြလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

“ဒီကဧည်သည့်တော်ကို ကျုပ် ဘာကူညီပေးရမလဲခင်ဗျာ”

ချမ်ဝမ်ကွမ်းက အမျိုးသမီးအခြွေအရံကို ကြည့်လိုက်သည်။ အဘိုးအိုက သူမကို ထွက်သွားရန် လက်ဟန်ပြလိုက်၏။ ထို့နောက်တွင် ချမ်ဝမ်ကွမ်း၏ ရှေးဟောင်းနတ်ဘုရားလက်စွပ် လင်းလက်လာသည်။ ချမ်ဝမ်ကွမ်းသည် လက်စွပ်အတွင်းမှ ကောင်းကင်ပန်းချီကားတစ်ချပ် ထုတ်လိုက်ပြီး ၎င်းကို အဘိုးအိုထံ လှမ်းပေးလိုက်၏။

“ဆိုင်ရှင်... ဒီပန်းချီကားကို တစ်ချက်ကြည့်ပြီး အဲ့ဒါက ဘယ်လောက်တန်လဲဆိုတာ ကျုပ်ကို ပြောပါ”

အဘိုးအိုသည် လေးနက်သောမျက်နှာထားဖြင့် ချမ်ဝမ်ကွမ်း၏ ပန်းချီကားကို ယူလိုက်သည်။ ထို့နောက် သူသည် ၎င်းကို စားပွဲ‌‌ပေါ်သို့ ညင်သာစွာတင်လိုက်ပြီး ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။

ရွှီး...

ပန်းချီကားကို အပြည့်မဖွင့်ရသေးခင်မှာပင် အဘိုးအို၏ မျက်လုံးများ အရောင်တောက်လာလေသည်။ သူသည် ပန်းချီကားကို သေချာကြည့်လိုက်ပြီး ခေါင်းတဆတ်ဆတ်ညိတ်ကာ ပြောလိုက်သည်။

“မဆိုးဘူး... ဒီပန်းချီကားကို ကျုပ်တို့ ခရမ်းရောင်နဂါးအနုပညာခန်းမက ကောင်းကင်ကျောက်တုံး ငါးသိန်းနဲ့ ဝယ်ပါမယ်”

“ဟားဟားဟား...”

ချမ်ဝမ်ကွမ်းက ကျယ်လောင်စွာ ရယ်လိုက်ပြီး နှာမှုတ်လိုက်၏။

“ဆိုင်ရှင်က မရိုးသားဘူးပဲ။ အဲ့တော့ ကျုပ်လည်း ဒီစီးပွားရေးကို မလုပ်သင့်ဘူး”

အဘိုးအို၏မျက်လုံးများ အရောက်တောက်သွား၏။ သူ ချက်ချင်း အော်ပြောလိုက်သည်။

“ကောင်းကင်ကျောက်တုံး နှစ်သန်းပေးမယ်။ ဒါက ကျုပ်ပေးနိုင်တဲ့ အမြင့်ဆုံးဈေးပဲ။ ဒီပန်းချီကားရဲ့ လက်ရာက ကြမ်းလွန်းတယ်.. မဟုတ်ရင် ဒီဈေးထက် ဆယ်ဆ ဒါမှမဟုတ် အဆတစ်ရာလောက် ရနိုင်တယ်”

“ကောင်းပြီ... လက်ခံတယ်”

ချမ်ဝမ်ကွမ်းက ခေါင်းညိတ်လိုက်ပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ ထို့နောက် သူသည် အဘိုးအိုထံ အသံပို့လွှတ်လိုက်၏။

“ဆိုင်ရှင်... ကျုပ်ဆီမှာ ဒီလိုပန်းချီကားတွေ အများကြီးရှိသေးတယ်။ ခင်ဗျား အဲ့ပန်းချီကားတွေကို လိုချင်လား။ ဈေးကိုလည်း ကောင်းကင်ကျောက်တုံးနှစ်သန်းပဲ ပေးမှာလား”

“အာ... ဧည့်သည်တော်ဆီမှာ ဘယ်နှစ်ချပ် ထပ်ရှိသေးလဲ”

အဘိုးအို၏ မျက်လုံးများထဲတွင် ဝမ်းမြောက်သော အရိပ်အယောင်တစ်ခု ပေါ်လာ၏။

“ဧည့်သည်‌တော်မှ ရှိသမျှ ကျုပ်ယူပါမယ်။ ‌ဈေးနှုန်းကလည်း အတူတူပဲ ဖြစ်စေရပါမယ်”

“ဟားဟားဟား...”

ချမ်ဝမ်ကွမ်းသည် အသံထွက်ကာ အားရပါးရ ရယ်လိုက်သည်။ ထို့နောက် သူ ထပ်မံ၍ အသံပို့လွှတ်လိုက်၏။

“ကောင်းပြီ... ခင်ဗျား ကောင်းကင်ကျောက်တုံး သန်းထောင့်နှစ်ရာ ပြင်ထားလိုက်တော့၊ ကျုပ်မှာ ပန်းချီကား အချပ်ခြောက်ရာရှိတယ်...”

ဘုတ်...

အဘိုးအို၏ ခြေထောက်များ ပျော့ခွေသွားပြီး သူ၏တင်ပင်ပါးသည် ကြမ်းပြင်နှင့် မိတ်ဆက်သွားလေတော့သည်။

***

All Chapters