← Chapters

ရှန်းစီကျွန်း... ငါလာပြီ

Vol. 54 Ch. 753

ရှန်းစီကျွန်း... ငါလာပြီ

Vol. 54 Ch. 753

အနုပညာခန်းမ၏ ဆိုင်ရှင်အဘိုးရှိသည် အဆင့်မြင့် အနုပညာရာဖြတ်တစ်ယောက် ဖြစ်သည်။ ချမ်ဝမ်ကွမ်းက ပန်းချီကားကို ထုတ်လိုက်သောအခါ အဘိုးအိုသည် ထူးခြားသောတစ်စုံတစ်ခုကို ချက်ချင်း မြင်ခဲ့သည်။

ပန်းချီကားသည် အမှန်ပင် ကောင်းကင်ပန်းချီကားဖြစ်၏။ သို့သော် သူ ပြောခဲ့သလိုပင် ပန်းချီလက်ရာက ကြမ်းလွန်းပေသည်။ မဟုတ်လျှင် ဈေးနှုန်းသည် ဆယ်ဆ သို့မဟုတ် အဆတစ်ရာ ပိုများသွားမည်ဖြစ်သည်။ ထို့ပြင် ပန်းချီကားအတွင်းရှိ တာအိုအရှိန်အဝါသည် အနိမ့်ဆုံးအဆင့်ဖြစ်သော မီးစွမ်းအား၏ တာအိုအရှိန်အဝါပင်။ ထို့ကြောင့် နှစ်သန်းဟူသော ဈေးနှုန်းက အမှန်ပင် သင့်လျော်ပေသည်။ သို့သော် သူ ပြန်ရောင်းသည့်အခါတွင် အနည်းဆုံး ကောင်းကင်ကျောက်တုံးတစ်သန်း မြတ်မည်ဖြစ်သည်။

အမှန်တွင် အဘိုးအိုသည် ထိုပန်းချီကားကို မရောင်းလိုဘဲ ဆိုင်တွင် ပြသစရာ ရတနာတစ်ခုအဖြစ် သိမ်းထားလိုခဲ့၏။ ချမ်ဝမ်ကွမ်းတွင် ပန်းချီကားများ ထပ်ရှိဦးလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။ ချမ်ဝမ်ကွမ်းထံ၌ ပန်းချီကားခြောက်ရာ ရှိနေပေသည်။

ကောင်းကင်ကျောက်တုံး သန်းတစ်ထောင့်နှစ်ရာဟူသော ပမာဏသည် အနုပညာခန်းမအသေးလေးများအတွက် အလွန်များပေ၏။ အဘိုးအို၏ တစ်နှစ်စာ အမြတ်သည်ပင် ကောင်းကင်ကျောက်တုံး သန်းရာကျော်လောက်သာ ရှိသည်။ သူ့ထံတွင် ကျော်ကြားသော ပန်းချီကားများ မရှိပေ။ လုပ်စရာမရှိ၍ အားနေသူများသာ ဤနေရာသို့လာကာ လက်ရေးလှနှင့် ပန်းချီများကို လေ့လာကြသည် မဟုတ်ပါလား။

အဘိုးအိုက ထရပ်လိုက်ပြီး ခါးသက်သက်ပြုံးကာ မေးလိုက်၏။

“သခင်လေး... သခင်လေး သေချာရဲ့လား”

ချမ်ဝမ်ကွမ်းက ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။

“လုံးဝသေချာတယ်။ ခင်ဗျားတို့ခန်းမက အကုန်လုံး မဝယ်နိုင်ဘူးဆိုရင် ကျုပ် တခြားကုန်သည်အဖွဲ့အစည်းတွေဆီ သွားရမှာပဲ”

“သခင်လေး ခဏစောင့်ပါဦး။ ကျုပ် အကြံသွားတောင်းဖို့ လိုလို့ပါ”

ဤအရောင်းအဝယ်ကိစ္စသည် ကြီးလွန်းသဖြင့် အဘိုးအို မျက်မှောင်ကြုတ်လိုက်၏။ ထိုကိစ္စသည် သူ့ကဲ့သို့ အနုပညာခန်းမအသေးလေး၏ ဆိုင်ရှင်က ဆုံးဖြတ်နိုင်သောကိစ္စ မဟုတ်ပေ။ သူသည် ကုန်သည်အဖွဲ့အစည်း၏ ကြီးကြပ်ရေးမှူးထံမှ အကြံတောင်းရမည်ဖြစ်သည်။

“မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့ပါ။ ကျုပ် ဆယ့်ငါးမိနစ်ပဲ စောင့်မယ်”

ချမ်ဝမ်ကွမ်းက ဘေးရှိ ခြင်္သေ့ထိုင်ခုံတွင် ထိုင်လိုက်ပြီး စိတ်မပါဟန်ဖြင့် ပြောလိုက်သည်။

အဘိုးအိုက ခေါင်းညိတ်ကာ ခပ်သွက်သွက် ထွက်သွား၏။ သူသည် ဆယ်မိနစ်မပြည့်ခင်တွင် စွဲမက်ဖွယ် လှပသော မိန်းမပျိုတစ်ယောက်နှင့် ပြန်လာ၏။ အဘိုးအိုသည် တံခါးမှ ဝင်လာပြီးနောက် မိတ်ဆက်ပေးလိုက်၏။

“သခင်လေး... သူက ကျုပ်တို့ ခရမ်းရောင်နဂါးကုန်သည်အဖွဲ့အစည်းရဲ့ ကြီးကြပ်ရေးမှူးလီပါ”

ချမ်ဝမ်ကွမ်း ထရပ်လိုက်ပြီး အေးစက်စက်လေသံဖြင့် ပြောလိုက်၏။

“ကြီးကြပ်ရေးမှူးလီကို နှုတ်ဆက်ပါတယ်”

“သခင်လေးကို နှုတ်ဆက်ပါတယ်”

စွဲမက်ဖွယ် လှပသော မိန်းမပျိုက ခပ်ရေး‌ရေးပြုံးကာ ပြောလိုက်၏။

“သခင်လေးရဲ့ ပန်းချီကား ခြောက်ရာစလုံးကို ကျွန်မတို့ ဝယ်ပါမယ်။ ဒါပေမဲ့ အရေအတွက်က အရမ်းများနေ‌တော့ ဈေးလေးတော့ နည်းနည်းလျှော့ပေးရပါမယ်။ ကျွန်မတို့ဘက်ကလည်း ပန်းချီကားချပ် ခြောက်ရာလုံးကုန်အောင် ပြန်ရောင်းဖို့က နည်းနည်းခက်မယ် မဟုတ်လား။ ဒီတော့ ကျွန်မတို့အနေနဲ့ အများဆုံး ကောင်းကင်ကျောက်တုံး သန်းခြောက်ရာပဲ ပေးနိုင်ပါမယ်။ တကယ်လို့ သခင်လေး ရောင်းချင်တယ်ဆိုရင် သခင်လေးရဲ့ ပန်းချီကားတွေကို ထုတ်လိုက်လို့ရပါပြီ”

ချမ်ဝမ်ကွမ်းသည် ခေတ္တမျှ တွေးတောလိုက်ပြီး ပြန်ပြောလိုက်၏။

“သန်းရှစ်ရာ... အဲ့ထက်နည်းရင် ကျုပ် ရောင်းမှာ မဟုတ်ဘူး”

မိန်းမပျိုက ပြုံးလိုက်ပြီး ခပ်ဖွဖွ ခေါင်းညိတ်လိုက်၏။

“သခင်လေးဆီမှာသာ ပန်းချီကားတွေရှိရင် သန်းရှစ်ရာ ရပါစေမယ်။ ကျွန်မက သခင်‌လေးကို မိတ်ဆွေသစ်တစ်ယောက်လို ဆက်ဆံမှာပါ”

ရွှီ...

ချမ်ဝမ်ကွမ်း၏ လက်စွပ် လင်းလက်သွားပြီး လိပ်ထားသော ပန်းချီကားလိပ်ရာကျော် ထွက်လာလေသည်။ ပန်းချီကားလိပ်များ စားပွဲပေါ်တွင် ပုံသွား၏။

“အာ...”

မိန်းမပျိုနှင့် အဘိုးအိုတို့သည် ပန်းချီကားများကို တစ်ချက်ကြည့်လိုက်ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ထိုပန်းချီကားများက တစ်ပုံစံတည်းတူနေသဖြင့် သူတို့၏မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ရှိနေသည်။ ထိုပန်းချီကားများကို လူတစ်ယောက်တည်းက ရေးဆွဲထားခြင်းလော။ တစ်နည်းဆိုရလျှင် ခရမ်းရောင်နဂါးမြို့ထဲတွင် အနုပညာဧကရာဇ်တစ်ပါး ရှိနေခြင်းလော။

အနုပညာဧကရာဇ်သည် အနုပညာလောကတွင်သာ မဟုတ် ကောင်းကင်ကြယ်တာရာနယ်မြေ တစ်ခွင်လုံးတွင်လည်း အဆင့်အတန်းမြင့်ပေသည်။ သူတို့သည် ပန်းချီကားအတွင်းသို့ တာအိုပုံသဏ္ဌာန်တစ်ခု၏ တာအိုအရှိန်အဝါကို ထည့်သွင်းနိုင်၏။ ကောင်းကင်ပန်းချီကားများ ဝယ်ယူထားသော မျိုးနွယ်များသည် ယင်းပန်းချီများကို မျိုးဆက်အလိုက် လက်ဆင့်ကမ်း၍ မျိုးဆက်သစ်များကို ပန်းချီကားများသုံးစေ၍ တာအိုပုံသဏ္ဌာန်ကို အလွယ်တကူ လေ့လာစေကြ၏။

အရှေ့ဘက် တော်ဝင်နယ်မြေ၏ ဗုဒ္ဓအရှင်သည် အနုပညာဧကရာဇ်တစ်ပါးဖြစ်သည်။ သို့သော် သူ၏ပန်းချီကားများက အပြင်လောကသို့ ရောက်လာခဲ၏။ သူ့မျိုးနွယ်၏ မျိုးဆက်များသာ သူ၏ပန်းချီကားများကို ကြည့်ရှုခံစားနိုင်ပေသည်။ တစ်ခါက ဗုဒ္ဓအရှင်သည် အဆင့်မြင့် တာအိုပုံသဏ္ဌာန်တစ်ခုကို ပန်းချီကားတစ်ချပ်အတွင်း သွင်း၍ ယင်းပန်းချီကားကို လေလံပစ်ခဲ့၏။ နောက်ဆုံးတွင် ထိုပန်းချီကားသည် ကောင်းကင်ကျောက်တုံး သန်းတစ်သောင်းဖြင့် ရောင်းထွက်သွားခဲ့သည်။

အကယ်၍ ချမ်ဝမ်ကွမ်း၏ နောက်ခံသည် အမှန်ပင် အနုပညာဧကရာဇ်တစ်ပါး ဖြစ်နေပါက သူနှင့် ကောင်းမွန်သောဆက်ဆံရေး ရှိထားခြင်းမှာ ကောင်းပေလိမ့်မည်။ သူတို့သာ အဆင့်မြင့် ကောင်းကင်ပန်းချီကား အနည်းငယ်ကို ဝယ်ယူနိုင်ပြီး ခရမ်းရောင်နဂါးမြို့၏ ချွီမျိုးနွယ်ကို ဆက်သနိုင်ခဲ့လျှင် ဆုလာဘ်များစွာ ချီးမြှင့်ခံရမည်ဖြစ်သည်။

ထို့ကြောင့် မိန်းမပျို၏အပြုံးသည် ပို၍ တောက်ပလာလေသည်။ သူမ လက်ဝှေ့ယမ်းလိုက်ပြီး အဘိုးအိုအား ပန်းချီကားများကို စစ်ဆေးခိုင်းလိုက်၏။ သူမကမူ ချမ်ဝမ်ကွမ်းထံ လျှောက်သွားပြီး ပြောလိုက်၏။

“သခင်လေး... ဒီပန်းချီကားတွေကို သခင်လေးဆွဲထားတာပါလား။ သခင်လေးက အရမ်းတော်တာပဲ”

အချိုသပ်ခြင်းလော။

ချမ်ဝမ်ကွမ်းသည် ထိုကဲ့သို့ ချဉ်းကပ်မှုများကို ရိုးနေပြီဖြစ်သဖြင့် တည်တည်ငြိမ်ငြိမ်ဆက်ရှိနေပြီး အေးစက်စက်ပြုံး၍ ပြောလိုက်၏။

“ကြီးကြပ်ရေးမှူးလီ... မမေးသင့်တဲ့ မေးခွန်းတွေကို မမေးတာ အကောင်းဆုံးပဲ။ မဟုတ်ရင် နောက်စီးပွားရေးက အောင်မြင်မှာ မဟုတ်ဘူး”

ကြီးကြပ်ရေးမှူးလီက ခပ်ဖွဖွ ခေါင်းညိတ်လိုက်၏။ သူမသည် လုံးဝ ဒေါသမထွက်သွားပေ။ ထိုအစား သူမသည် တံဆိပ်ပြားတစ်ခုထုတ်ကာ ပြောလိုက်၏။

“သခင်လေး.. ဒါက ခရမ်းရောင်နဂါးကုန်သည်အဖွဲ့အစည်းရဲ့ တံဆိပ်ပြားပါ။ ဒီတံဆိပ်ပြားနဲ့သာဆိုရင် ကုန်သည်အဖွဲ့အစည်းမှာရှိတဲ့ အရာအားလုံးကို နှစ်ဆယ်ရာခိုင်နှုန်း လျှော့ဈေးနဲ့ ဝယ်နိုင်ပါတယ်။ ဒါက အဆင့်အမြင့်ဆုံး တံဆိပ်ပြားပါ။ ပြီးတော့ လီရှန်းက တကယ်ကို သခင်လေးနဲ့ မိတ်ဆွေဖြစ်ချင်တာပါ”

ချမ်ဝမ်းကွမ်းက တံဆိပ်ပြားကို အရေးမစိုက်ဟန်ဖြင့် ယူလိုက်ပြီး ပြောလိုက်၏။

“ကြီးကြပ်ရေးမှူးလီကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေမဲ့ ကျုပ်ရဲ့ မျိုးနွယ်က ဆရာသခင်က ဒီအကြောင်းကို ဘယ်သူ့ကိုမှ မသိစေချင်ဘူး။ နောက်ကျ ပိုအဆင့်မြင့်တဲ့ ပန်းချီကားတွေ ရလာရင် ကျုပ် သေချာပေါက် ကြီးကြပ်ရေးမှူးလီကို လာရှာမှာပါ”

“သခင်လေးရဲ့ မျက်နှာသာပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ လီရှန်းက သေချာပေါက် သခင်လေး ကျေနပ်မယ့်ဈေး ပေးမှာပါ။ ပြီးတော့ ဒီကိစ္စကို မပေါက်ကြားစေဖို့လည်း ကတိပေးပါတယ်”

ကြီးကြပ်ရေးမှူလီသည် ရွှန်းလဲ့သောမျက်လုံးရွဲကြီးများဖြင့် ချမ်ဝမ်ကွမ်းကို ကြည့်လိုက်သည်။ ချမ်ဝမ်ကွမ်းသည် လာဘ်ထိုး၍ရမည့်သူ မဟုတ်သည့်ပုံပင်။ သူ၏နောက်ခံသည် အမှန်ပင် အာဏာရှိသူတစ်ယောက် ဖြစ်ရပေမည်။ အစတွင် သူမသည် နိုင်ယောင်ခံလိုက်၍ စုံစမ်းရန် တစ်စုံတစ်ယောက်ကို ခိုင်းလိုခဲ့၏။ သို့သော် ယခုတွင် သူမ မဆင်မခြင် မပြုမူဝံ့‌တော့ပေ။

ဆိုင်ရှင်က ကောင်းကင်ပန်းချီကားအားလုံးကို စစ်ဆေးလိုက်ပြီး ခေါင်းညိတ်လိုက်၏။

“ကြီးကြပ်ရေးမှူးလီ... ပန်းချီကားအားလုံးကို စစ်ဆေးပြီးပါပြီ”

ကြီးကြပ်ရေးမှူးလီ၏ လက်ထဲမှ လက်စွပ်လင်းလက်လာ၏။ သူမသည် လက်စွပ်ရှစ်ကွင်း ထုတ်လိုက်ပြီး ပြောလိုက်၏။

“သခင်လေး... ဒီမှာ ကောင်းကင်ကျောက်တုံး သန်းရှစ်ရာပါ။ စစ်ဆေးကြည့်လိုက်ပါဦး”

ချမ်ဝမ်ကွမ်းက စစ်ဆေးကြည့်လိုက်ပြီး ကောင်းကင်ကျောက်တုံးများတွင် ပြစ်ချက်မရှိကြောင်း အတည်ပြုလိုက်၏။ ထို့နောက် သူလက်ဆုပ်ကာ ပြောလိုက်သည်။

“နှုတ်ဆက်ပါတယ်... နောက်လမှ ကျုပ် ထပ်လာခဲ့ပါမယ်”

“ကောင်းပါပြီ”

ကြီးကြပ်ရေးမှူးလီက ဦးညွှတ်ကာ ချိုသာစွာပြုံး၍ ပြောလိုက်၏။

“သခင်လေး နောက်တစ်ခေါက်လာတဲ့ အခါကျရင် ကျွန်မက သခင်လေး သေချာပေါက် စိတ်လှုပ်ရှားသွားမယ့် လက်ဆောင်လေးတစ်ခု ပြင်ဆင်ထားပါမယ်”

ချမ်ဝမ်ကွမ်းသည် ဤသို့သောကိစ္စမျိုးတွင် အလွန်တော်ကြောင်း ဝန်ခံရပေမည်။ သူကိုယ်တိုင် လာခဲ့၍သာ တော်ပေသေးသည်။ အကယ်၍ လာခဲ့သူမှာ ရွှေရောင်မျောလွင့်နဂါးဖြစ်ပါက ကြီးကြပ်ရေးမှူးလီ၏ ဆွဲဆောင်မှုကို မခံနိုင်‌လောက်ပေ။ သို့ဆိုလျှင် သူတို့၏တည်နေရာလည်း ပေါ်သွားနိုင်ပေသည်။

ချမ်ဝမ်ကွမ်းသည် ထိုကုန်သည်အဖွဲ့အစည်းအတွင်းမှ ထွက်လာပြီးနောက် အခြား ကုန်သည်အဖွဲ့အစည်းအနည်းငယ်အတွင်းသို့ ဝင်ချီထွက်ချီဖြင့် သူ၏ရုပ်သွင်ကို ပြောင်းလဲခဲ့၏။ ထို့‌နောက်တွင် သူသည် ကြီးကြပ်ရေးမှူးလီပေးလိုက်သော တံဆိပ်ပြားကို အိမ်သာထဲသို့ ပစ်ချကာ နောက်ထပ် တစ်နာရီ ထပ်မံ လှည့်ပတ်နေပြီးမှ ငှက်စိမ်းကုန်သည်အဖွဲ့အစည်းသို့ ပြန်သွားလိုက်လေသည်။ သူသည် ကောင်းကင်ကျောက်တုံး သန်းရှစ်ရာထဲမှ သန်းလေးရာကို ထုတ်လိုက်ပြီး ကုသိုလ်မှတ်များဖြင့် လဲလှယ်လိုက်၏။ ထို့နောက် သူသည် တည်းခိုခန်းသို့ ပြန်သွားလေသည်။

သူသည် ကောင်းကင်ကျောက်တုံး သန်းခုနစ်ရာကို ကုသိုလ်မှတ်များနှင့် လဲလှယ်ထားပြီးဖြစ်သည်။ ယခုတွင် သူသည် နောက်ထပ်သန်းလေးရာကို ထပ်မံလဲလှယ်ခဲ့သည်။ မှောင်ခိုဈေးကွက်တွင် ကောင်းကင်ကျောက်တုံး သန်းတစ်ထောင်က ကုသိုလ်မှတ် သန်းတစ်ရာနှင့် ညီ၏။ ထို့ကြောင့် ယခု သူတို့ထံတွင် ကုသိုလ်မှတ် သန်းတစ်ရာ့တစ်ဆယ်ရှိနေပြီဖြစ်သည်။ ယင်းပမာဏက ရှန်းစီမြို့တွင် ခြံဝန်းတစ်ခုဝယ်ရန် လုံလောက်ပေသည်။

“ခေါင်းဆောင် အားလုံး လုပ်ပြီးသွားပါပြီ”

ချမ်ဝမ်ကွမ်းသည် တည်းခိုခန်းသို့ ပြန်ရောက်သောအခါ စိတ်လှုပ်တရှား လက်ဆုပ်၍ ပြောလိုက်၏။ ကျန်းရီက မျက်လုံးများ မှိတ်ထားပြီး မည်သို့မှ ပြန်မပြောပေ။ ‌တစ်နာရီကြာပြီးမှ သူသည် မျက်လုံးဖွင့်ကာ ပြောလိုက်သည်။

“ဝမ်ကွမ်း.. မင်း ကောင်းကောင်း လုပ်နိုင်ခဲ့ပြီ။ ဘယ်သူမှ မင်း‌နောက်ကို နောက်ယောင်ခံလိုက်မလာဘူး”

အစောက ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်းအခြေအနေသို့ ဝင်ကာ တည်းခိုခန်းအပြင်ဘက်သို့ အာရုံခံနေခြင်းပင်။ ချမ်ဝမ်ကွမ်းနောက်သို့ တစ်ယောက်ယောက် နောက်ယောင်ခံလိုက်လာမည်ကို သူစိုးရိမ်၏။ ယခု တစ်နာရီကြာပြီးနောက်တွင် သူသည် မည်သည့်မူမမှန်မှုကိုမှ မတွေ့ရသေးပေ။

ချမ်ဝမ်ကွမ်းက ကျန်းရီအား ကုသိုလ်မှတ်များနှင့် ကောင်းကင်ကျောက်တုံး သန်းသုံးရာ ထုတ်ပေးလိုက်သည်။ ကျန်းရီက ဘာမှ မမေးဘဲ ၎င်းတို့ကို ချက်ချင်း သိမ်းလိုက်၏။ ထို့နောက် သူသည် ပြတင်းပေါက်မှနေ၍ အပြင်ဘက်ရှိ ရာသီဥတုကို ကြည့်ကာ မေးလိုက်သည်။

“ငါတို့ ဘယ်အချိန် သွားကြမှာလဲ”

“နောက်နှစ်နာရီနေရင် သွားရပါမယ်။ ကောင်းကင်ကံကြမ္မာသင်္ဘောက မြို့မြောက်ဘက်မှာ ကပ်မှာပါ။ ကျုပ်တို့ မြို့တံခါးအပြင်ဘက်ကို ရောင်သွားရင် သင်္ဘောပေါ် တက်လို့ရပါပြီ”

ချမ်ဝမ်ကွမ်းက ပြန်ပြောလိုက်၏။

ကျန်းရီက ဘာမှ ထပ်မပြောတော့ဘဲ ကောင်းကင်နှင့်လူသား‌ ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ တည်းခိုခန်း၏ပတ်ဝန်းကျင်မှ အခြေအနေကို ဆက်လေ့လာလိုက်လေသည်။ ကုန်သည်အဖွဲ့အစည်းများ၏ ကောင်းကင်ကံကြမ္မာသင်္ဘောက အလွန်လုံခြုံမှုရှိ၏။ သို့သော် လုလင်းကသာ သူ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်တွင် ရှိကြောင်း သိသွားပါက သူတို့ အန္တရာယ်များသွားပေလိမ့်မည်။

“သွားကြစို့”

အချိန်နှစ်နာရီသည် လျင်မြန်စွာ ကုန်ဆုံးသွား၏။ ဆည်းဆာချိန်ပင် ရောက်လာပေပြီ။ အနောက်အရပ်တွင် နေလုံးနီနီကြီး ရှိနေ၏။ ၎င်းက မြို့ကို နီရင့်ရင့်အလင်း ပေးနေလေသည်။

ကျန်းရီနှင့် ချမ်ဝမ်ကွမ်းတို့သည် သူတို့ကိုယ်သူတို့ ရုပ်ဖျက်ကာ မြို့၏ မြောက်ဘက်ဂိတ်တံခါးသို့ တိတ်တဆိတ် သွားလိုက်လေ၏။ မြို့မြောက်ဘက်ရှိ ကောင်းကင်ထဲတွင် မိုင်ဒါဇင်ချီ စီတန်းသော ဧရာမကောင်းကင်ကံကြမ္မာသင်္ဘောများ ရှိနေပေသည်။ ၎င်းတို့သည် ရင်တုန်စေသော ဧရာမသတ္တဝါကြီးများကဲ့သို့ပင်။

“ခေါင်းဆောင် ဟိုမှာပါ”

ချမ်ဝမ်ကွမ်းက အကြီးဆုံး ကောင်းကင်ကံကြမ္မာသင်္ဘောကို ကြည့်၍ အသံပို့လွှတ်လိုက်၏။ ကျန်းရီလက်ဝှေ့ယမ်းလိုက်ရာ သူတို့နှစ်ယောက်စလုံး ကောင်းကင်ထက်သို့ ပျံတက်သွားပြီး ကောင်းကင်ထဲရှိ ကောင်းကင်ကံကြမ္မာသင်္ဘောဆီသို့ ဦးတည်သွားလိုက်လေသည်။

“လက်မှတ်တွေပြပါ”

အစိမ်းရောင်စစ်သံချပ်ကာ ဝတ်ဆင်ထားသော အစောင့် ကောင်းကင်ဧကရာဇ်ရာကျော်က ကျန်းရီတို့ နှစ်ယောက်ကို အေးစက်စက်ကြည့်လိုက်ကြ၏။ ချမ်ဝမ်ကွမ်းက အစိမ်းရောင်တံဆိပ်ပြားတစ်ခု ထုတ်လိုက်ပြီး ပစ်ပေးလိုက်၏။ အစောင့်တစ်ယောက်က တံဆိပ်ပြားကို ဖမ်းယူလိုက်ပြီး ကြည့်လိုက်လေသည်။ ထို့နောက် သူသည် လေးနက်သောလေသံဖြင့် ပြောလိုက်၏။

“အခန်းနံပါတ်(၇၀၈)... ခင်ဗျားတို့ စည်းမျဉ်းတွေကို သိလောက်မှာပါ။ ခင်ဗျားတို့ရဲ့ အခန်းနဲ့ အခန်းနံပါတ်(၁)ကလွဲပြီး တခြားဘယ်နေရာကိုမှ မဝင်ရဘူး... ကောင်းကင်စိတ်အာရုံနဲ့လည်း အာရုံမခံရဘူး။ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်မှ အကြမ်းဖက်လို့ မရဘူး.. မဟုတ်ရင် အကျိုးဆက်တွေ ခံစားရလိမ့်မယ်”

ကျန်းရီတို့နှစ်ယောက်သည် ထိုစည်းမျဉ်းများကို သိထားပြီးဖြစ်သည်။ ထို့နောက် သူတို့သည် သူတို့၏အခန်းသို့ သွား၍ အကာအရံနှိုးလိုက်လေသည်။

ဝှစ်...ဝှစ်...ဝှစ်...

ကောင်းကင်သင်္ဘောပေါ်သို့ လူများ အဆက်မပြတ် တက်နေကြ၏။ တစ်နာရီအတွင်းမှာပင် လူထောင်ကျော် တက်လာခဲ့ပြီဖြစ်သည်။ ကောင်းကင်က လုံးဝမှောင်သွားသောအခါ ကောင်းကင်ကံကြမ္မာသင်္ဘောသည် အစိမ်းရင့်ရောင် အကာအရံတစ်ခု တောက်ပလာပြီး မြောက်ဘက်မိုးကုပ်စက်ဝိုင်းဆီသို့ ဦးတည်ထွက်ခွာသွားလေတော့သည်။

ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက သင်္ဘောကုန်ခန်းကို ဖြတ်၍ မည်းမည်းမှောင်နေသည့် မြောက်ဘက်ကောင်းကင်အထိ ရောက်သွား၏။ သူ၏မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ၊ မျှော်လင့်ချက်များနှင့် ပြည့်နှက်နေလေသည်။ ထို့နောက် သူသည် သူသာကြားနိုင်လောက်သော အသံဖြင့် ပြောလိုက်၏။

“ရှန်းစီကျွန်း... ငါလာပြီ။ အဲ့နေရာက နတ်ဘုရားတွေချီးမြှင့်ထားတဲ့ စစ်မှန်တဲ့နိဗ္ဗာန်ဘုံတစ်ခုဖြစ်ဖို့ ငါမျှော်လင့်ပါတယ်။ ငါ ရှန်းစီကျွန်းမှာ အမှန်တကယ် ကျော်ကြားလာနိုင်ဖို့ မျှော်လင့်တယ်”

***

All Chapters