ပြိုင်ပွဲ
Vol. 156 Ch. 2177
နှစ်ရက်ကြာပြီးနောက် ရှီမာယူယူသည် အကြီးအကဲများနောက်လိုက်ကာ အဂ္ဂိရတ်ပြိုင်ပွဲကို ကြည့်လေသည်။
ရှီမာယူယူ ရောက်လာသည့်သတင်းမှာ ပြန့်သွားပြီး သူမပြိုင်ပွဲကြည့်မည် ဆိုသည်မှာ အားလုံးကို အလွန်စိတ်လှုပ်ရှားသွားစေသည်။ အထူးသဖြင့် သူမ ခေါင်းဆောင်များနှင့် ပြိုင်ပွဲကွင်းသို့ ဝင်လာချိန်ဖြစ်သည်။ အားလုံးသည် ကျယ် လောင်စွာနှင့် အလွန်ပင် တက်ကြွစွာ အားပေးကြလေသည်။
“ဒီကလေးတွေကတော့လေ.. အရင်တုန်းက ငါတို့ကို ဒီလိုမျိုး တက်တက် ကြွကြွကြိုဆိုတာ မမြင်ဖူးပါဘူး” ရှားကျောင်ထျန်သည် စနောက်ရင်း စောဒက တက်လေသည်။
“ဒါပေါ့.. ခင်ဗျားက ယူယူလိုမျိုး သူတို့ရင်ထဲမှာ နေရာမှယူမထားတာ” ဟော်ချန်းဒုံသည် ပေါ့ပါးစွာပင် ပြန်ဖြေလေသည်။
ရှီမာယူယူသည် သူတို့၏ ရူးသွပ်နေသော တက်ကြွမှုကြောင့် အံ့ဩသွား သည် “မဟုတ်လောက်ပါဘူးနော်.. ကျွန်မက အသင်းမဟာမိတ်ထဲမှာ မနေဘူး သလို သူတို့နဲ့လည်း ဘာအဆက်အစပ်မှမရှိဘူး.. ဘာလို့ ဒီလောက်တောင် ရူးသွပ်နေကြတာလဲ”
“ဒါပေမဲ့ မင်းလုပ်ခဲ့တဲ့ကိစ္စတွေကို သူတို့သိကြတယ်လေ.. အရှေ့မျှတမှု မြို့မှာ၊ ပညာရှိစံအိမ်တော်မှာဖြစ်ခဲ့တာတွေနဲ့ အနက်ဝတ်လူတွေအကြောင်း ရောပဲ.. မင်းက ဘာမှအများကြီးလုပ်ဖို့မလိုပေမဲ့ သူတို့ကတော့ တော်တော်လန့် နေကြပြီ” ရှဲချန်လင်းပြောလေသည်။
“ဟုတ်တယ် မင်းက အဂ္ဂိရတ်ပညာ၊ လက်နက်သန့်စင်မှု၊ ဝိညာဉ်ရှာဖွေမှု သခင်၊ အစီအရင်တွေ၊ သားရဲထိန်းကျောင်းတာတွေနဲ့ အဆိပ်တွေမှာလည်း ကျွမ်းကျင်သေးတယ်လေ.. ပြောပါဦး မင်းမသိတာဘာရှိသေးလဲ.. မင်းမတော် တာဘာရှိသေးလဲ.. မင်း ဘာမှမလုပ်နိုင်ရင်တောင် မင်းရဲ့ရာထူးက အသင်း မဟာမိတ်ရဲ့ဒုဥက္ကဌလေ.. မင်းရဲ့တည်ရှိမှုက သူတို့ကိုရူးသွပ်စေတာပေါ့” ရှန်းယန်ပါ ပြုံးပြီး သူမကိုစနောက်လေသည်။
အင်း ဟုတ်ပြီလေ။ သူမကိုယ်သူမတော့ လိုသေးတယ်လို့ထင်နေတာ။ အဲလိုမျိုး ဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူးပဲ။
“ထိုင်ကြတာပေါ့”
သူတို့ထိုင်လိုက်သည်နှင့် တင်ဆက်သူသည် စင်မြင့်ပေါ်သို့တက်သွား၏။ အရင်ကဆိုလျှင် ထိုအချိန်တွင် အားလုံးသည် တိတ်ဆိတ်သွားတတ်သည်။ သို့သော် ယနေ့မှာ သူတို့သည် စိတ်လှုပ်ရှားနေကြသဖြင့် ကွင်းတစ်ခုလုံးမှာ အလွန်ပင် ဆူညံသွားလေသည်။ အများစုမှာ ရှီမာယူယူ၏ နာမည်ကို သံပြိုင် အော်နေကြသည်။
တင်ဆက်သူသည် ဥက္ကဌများစင်မြင့်ကို မတတ်သာစွာဖြင့်ကြည့်လေ သည်။
“ယူယူ အားလုံးကို စကားလေးနည်းနည်းလောက် ပြောပေးပါဦး မဟုတ် ရင် ဒီပြိုင်ပွဲတော့ ဒီနေ့လုပ်လို့ရမှာမဟုတ်တော့ဘူး” ဟော်ချန်းဒုံ ပြောလေ သည်။
“ဟုတ်ပါပြီ” ရှီမာယူယူသည် မတ်တတ်ထပြီး လက်နှက်ဖက်လုံးကို ဝှေ့ယမ်းလိုက်သည်။ ကွင်းတစ်ခုလုံးသည် ချက်ချင်းပင် ငြိမ်ကျသွားသည်။ ဆက်ဆံပုံကွာခြားလွန်းသဖြင့် တင်ဆက်သူပင် ငိုချင်သွားသည်။
“ဒီလိုမျိုးနွေးနွေးထွေးထွေး ကြိုဆိုပေးကြလို့ အားလုံးကို ကျေးဇူးတင်ပါ တယ်… ကျွန်မလည်း တကယ် အံ့ဩသွားတာပါ.. ဒါပေမဲ့ ဒီနေ့ပြိုင်ပွဲက တကယ် အရေးကြီးပါတယ်.. အဲဒါကြောင့် အားလုံးပဲ ငြိမ်ပေးကြပါ အဲဒါမှ ပြိုင်ပွဲစလို့ရမှာလေ ဟုတ်တယ်မလား.. ကျွန်မလည်း အားလုံးနဲ့အတူ အဂ္ဂိရတ် ပြိုင်ပွဲကိုကြည့်မှာပါ၊ ဒီနေ့ပြိုင်တဲ့လူတွေ အကောင်းဆုံးကြိုးစားကြပါ.. အားလုံး အကောင်းဆုံးလုပ်နိုင်ဖို့ မျှော်လင့်ပါတယ်” သူမသည် ပေါ့ပါးစွာပြုံးကာ ပြောပြီး သည်နှင့် သွားပြန်ထိုင်လေသည်။
အသင်းမဟာမိတ်မှလူများသည် ပိုစိတ်လှုပ်ရှားလာကြသည်။ အဂ္ဂိရတ် ပညာပြိုင်မည့်လူများလည်း ပို၍စိတ်တက်ကြွလာသည်။
သူတို့သည် ရှီမာယူယူ၏ အဂ္ဂိရတ်ပညာကို မြင်ဖူးကြသလို ကြားလည်း ကြားဖူးကြသည်။ ထိုအချိန်တွင် သူမသည် အားလုံး၏ နှလုံးသားထဲတွင် နတ်ဘုရားမနှင့်တူညီသည်။ ယခုအခါ သူတို့၏ နတ်ဘုရားမသည် အားပေးနေ သဖြင့် သူတို့၏ အာဒရီနလင် (စိတ်လှုပ်ရှားလျှင်ထွက်လာသော အရည်) များ အပြည့်အဝထွက်လာစေသည်။ အမျိုးသမီးအဂ္ဂိရတ်ပညာရှင်များပင် အလွန် စိတ်လှုပ်ရှားလာကြပြီး သူမကို မနာလိုခြင်းမဖြစ်မိကြပေ။
မနာလိုခြင်းဆိုသည်မှာ အလွန်ထူးဆန်းသည့်အရာဖြစ်သည်။ လူတစ် ယောက်သည် ကိုယ့်ထက်သာလျှင် မနာလိုဖြစ်သင့်သည်။ သို့သော် သူမ ရောက်နေသည့်အဆင့်သည် သူတို့အိပ်မက်မက်၍ပင် မရနိုင်သောနေရာဖြစ် သည်။ ထိုမနာလိုမှုသည် လေးစားမှုနှင့် ကိုင်းရှိုင်းခြင်းအဖြစ်ပြောင်းသွားသည်။ သူတို့သည် လုံးဝမနာလိုမဖြစ်မိပေ။
တင်ဆက်သူသည် သူတို့ကို ငြိမ်ကျသွားအောင် ထပ်မံကြိုးစားရပြန် သည်။ သည်တစ်ကြိမ်တွင် သူတို့၏နတ်ဘုရားမမှ ငြိမ်သက်ရန်နှင့် ပြိုင်ပွဲကို သက်ရောက်မှုမဖြစ်စေရန် ပြောထားသဖြင့် ပို၍နာခံကြသည်။
“ဟုတ်ပြီ ဒီနေ့ပြိုင်ပွဲစပါပြီ အဂ္ဂိရတ်ပညာရှင်တွေ ကွင်းထဲကိုဝင်လာကြ ပါ…”
ရှီမာယူယူသည် တင်ဆက်သူ စည်းမျဉ်းများကြေညာသည်ကို ကြည့်နေ သည်။ သူမ အရင်က ဝင်ပြိုင်ဖူးသည့် ပြိုင်ပွဲများနှင့် ခပ်ဆင်ဆင်ပင်။ ပထမ အချီမှာ ရေးဖြေဖြစ်သည်။ လူတစ်ယောက်ချင်းစီသည် အဂ္ဂိရတ်ပညာနှင့် ပတ်သက်သည့်မေးခွန်းများ ဆေးပစ္စည်းများရေးထားသည့် မေးခွန်းစာရွက်များ ရကြသည်။
ထိုအချိန်တွင် ရှားကျောင်ထျန်သည် သူမကို မေးခွန်းစာရွက်တစ်စုံပေး လေသည်။ သူမသည် မေးခွန်းအထပ်လိုက်ကြီးကိုကြည့်လိုက်သည်။ မေးခွန်း များမှာ လွယ်ကူသည့်မေးခွန်းများလည်းရှိသလို ခက်ခဲသည့်အရာများ၊ ဆန်းကြယ်ပြီး ရှားပါးသည်များ၊ လှည့်စားထားသည့်မေးခွန်းများလည်းပါဝင်နေ သည်။ မြင်ရခဲလှပြီး အသုံးချလေ့မရှိသည့် မေးခွန်းများလည်းပါသည်။
သူမသည် မေးခွန်းများအားလုံးဖြေပြီး ရှားကျောင်ထျန်ကို ပြန်ပေးလိုက် သည်။ ရှားကျောင်ထျန်သည် အဖြေကိုသိထားပြီးနှင့်ပြီဖြစ်၍ သူမ၏အဖြေများ ကိုအမြန်ဖတ်လိုက်သည်။
အမှတ်ပြည့်…
ရှားကျောင်ထျန်သည် ရလဒ်ကို မအံ့ဩတော့ပေ။ သူမ၏ စွမ်းရည်ကို အခြေခံလျှင် ဤမေးခွန်းလောက်သည် သူမအတွက် မပြောပလောက်ပေ။
“အဲဒီနောက်ဆုံးမေးခွန်းလေ.. တော်တော်များများ အဖြေမသိလောက် ဘူးထင်တယ် ဟုတ်တယ်မလား.. ဘာလို့ဒီလောက်ခက်တာကို ပေးထားတာလဲ” ရှီမာယူယူ မေးလိုက်သည်။
“တစ်ယောက်ယောက်ကတော့ သိမှာပေါ့” ရှားကျောင်ထျန် ပြောလိုက် သည် “အခုတော့ မဟာမိတ်က အရည်အချင်းရှိတဲ့သူတွေကို ပျိုးထောင်မလို့ လုပ်ထားတယ်.. အရည်အချင်းရှိတဲ့လူတင်မကဘူး လမ်းလွဲနေတဲ့လူတွေကို ရောပဲ”
ရှီမာယူယူ နားလည်သည်။ ထိုလှည့်စားထားသည့် မေးခွန်းများသည် သူတို့ပျိုးထောင်ချင်သည့် လူများကိုရွေးထုတ်ရန် မေးထားသည့်မေးခွန်းများ ဖြစ်သည်။ တစ်စုံတစ်ယောက်သာ ဤမေးခွန်းကိုဖြေနိုင်လျှင် အမှတ်ကောင်း ကောင်းမရလျှင်တောင် သူတို့ကိုရွေးချယ်မည်ဖြစ်သည်။
ရှားကျောင်ထျန် ဆက်ပြောလေသည် “မင်းလိုမျိုး ရယ်စရာကောင်းတဲ့ အရည်အချင်းရှိတဲ့လူလိုပေါ့.. ငါတို့မဟာမိတ်ရဲ့ စွမ်းအားကို တိုးအောင်လုပ်ချင် တယ်ဆိုရင် အရင်ကြည့်နေကျလို အရည်အချင်းတွေကိုကြည့်လို့မဖြစ်ဘူး”
တခြားလူများသည် ခေါင်းကုတ်နေစဉ်တွင် သူမသည် အဖြေများကို ဖြေ ပြီးကာ သူတို့ကိုပါ တွက်ချက်ပေးနေသည်။ ထိုအရာသည် သူတို့အကြားမှ ဆံချည်မျှင်တစ်ပင် ကွာခြားချက်ကို ပြနေသလိုပင်။
“ကျွန်မကို ချီးကျူးနေတာလား” ရှီမာယူယူ ပြုံးလိုက်သည်။
“မင်းကို ချီးကျူးနေလည်း အသုံးမဝင်ဘူး.. ငါတို့လိုတာက သန်မာဖို့ပဲ” ရှားကျောင်ထျန် ပြောလိုက်သည် “ဒါကအရမ်းကိုလေးလံတဲ့ ဝန်ထုတ်ဝန်ပိုး ဖြစ်သလို အလှမ်းလည်းဝေးသေးတယ်”
“ပိုသန်မာလာမှာပါ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
အရင်က အနက်ဝတ်လူများ ပေါ်ပေါက်လာသည့်ကိစ္စသည် ကောင်းသည် ဟု ရှီမာယူယူ တိတ်တိတ်လေးတွေးမိသည်။ အနည်းဆုံးတော့ သူတို့သည် အသင်းများကို နိုးကြားစေပြီး အကျပ်အတည်းကိုခံစားရစေကာ မောက်မာခြင်း များပျောက်သွားစေပြီး ရှေ့ဆက်သွားစေခဲ့သည်။ သူတို့သာ ဂုဏ်မောက်ပြီး ရပ်တန့်လိုက်ပါက အသင်းကြီးအတွက် အကြီးမာဆုံးကပ်ဘေးဖြစ်သည်။
အချိန်ပြည့်သွားသောအခါ ပြိုင်ပွဲဝင်များသည် အဖြေစာရွက်များကို ပြန် ပေးကြလေသည်။ ပြိုင်ပွဲပြီးသွားပြီဟု ပြေ၍ရသည်။
နေ့လယ်ခင်းတွင် တခြားအသင်းမှ ဥက္ကဌများရောက်မလာကြပေ။ ရှီမာ ယူယူ၊ ရှားကျောင်ထျန်နှင့် တခြားဒုဥက္ကဌတချို့သာ လာကြသည်။
နေ့လယ်တွင် ရလဒ်များကို ကြေညာသည်။ နောက်ပြိုင်ပွဲစသည်နှင့် နောက်တစ်ဆင့်မတက်သူများသည် ပွဲကြည့်စင်သို့ပြန်ကာ တခြားသူများနှင့် အတူ ပွဲကြည့်ကြသည်။
ရှီမာယူယူသည် သူတို့၏ ပြိုင်ပွဲကို တဒင်္ဂမျှကြည့်ပြီးနောက် ရှားကျောင် ထျန်နှင့် ပြိုင်ပွဲဝင်များအကြောင်းကို ဆွေးနွေးသည်။ ပြိုင်ပွဲဝင်များထဲတွင် အရည်အချင်းရှိသူများပ်နေသည်ကို သူမ သတိထားမိသည်။
ပြိုင်ပွဲပြီးသွားချိန်တွင် ရှီမာယူယူနှင့် ရှားကျောင်ထျန်တို့သည် အတူတကွ ထွက်သွားကြသည်။ သူတို့ နားနေသည့်နေရာရောက်သောအခါ ရှီမာယူယူ သည် ထူထဲလှသည့်ဆေးညွှန်းစာအုပ်တစ်အုပ်ထုတ်ကာ သူကိုပေးလိုက်သည်။
“ဒါတွေက…” ရှားကျောင်ထျန်သည် ထိုဆေးညွှန်းစာအုပ်ကို တအံ့တဩ ကြည့်လိုက်သည်။ သူပိုကြည့်လေလေ ပိုအံ့အားသင့်လေလေပင် “ယူယူ ဒါတွေ ကို ဘယ်ကရတာလဲ.. ဒီဆေးညွှန်းတော်တော်များများက ပျောက်နေတာကြာ ပြီ”
“အရင်တုန်းက မတော်တဆရခဲ့တာ” ရှီမာယူယူ ပြောလိုက်သည် “မဟာ မိတ်ထဲက ဆေးညွှန်းတွေကို ဖတ်ကြည့်ပြီးပြီ ဒါတွေက အသစ်တွေပဲ”
“ကောင်းတယ် ကောင်းတယ် ဒါတွေနဲ့ဆိုရင် ငါတို့အဂ္ဂိရတ်အသင်းက တော့ နောက်တစ်ဆင့်တက်နိုင်တော့မယ်” ရှားကျောင်ထျန်သည် အလွန်ပင် ပျော်ရွှင်နေသည်။ သူသည် ထိုဆေးညွှန်းများတွင် နစ်မျောနေသည်။
ရှီမာယူယူသည် သူ့ကို ငေးငိုင်စွာကြည့်ပြီး ရယ်မောလိုက်သည် “ဒါဆို လည်း ဥက္ကဌယူသွားပြီးကြည့်လိုက်ပါ.. ကျွန်မပြန်လိုက်ဦးမယ် မနက်ဖြန် ပြိုင်ပွဲမှာတွေ့ပါမယ်”
ရှားကျောင်ထျန်သည် သူမနှင့် စကားပြောရန်ပင် စိတ်မဝင်စားတော့ပေ။ သူသည် သူမကို လက်ဝှေ့ယမ်းပြီး ပြောလိုက်သည် “မင်း ပြန်လို့ရပြီ ပြန်တော့”
ရှီမာယူယူသည် ပြုံးပြီးထွက်သွားလေသည်။
ညဥ့်နက်လေလေ လုပ်ကြံရန်အကောင်းဆုံးအချိန်ပင်ဖြစ်သည်။
အတွင်းပိုင်းဒေသ၏ နေရာတော်တော်များများရှိ အပြင်ဘက်စခန်းများ တွင် တဖြည်းဖြည်းအဝိုင်းခံရလေသည်။ သူတို့မသေခင်တွင် အနက်ဝတ်အရိပ် အဖွဲ့တစ်ဖွဲ့ကို မြင်လိုက်ရလေသည်။
***