ကျားဟွေ့လေး
Vol. 107 Ch. 1488
ယန်အာ ပြတ်ပြတ်သားသားပြောပြီးနောက် တအောင့်ကြာသော် နဝမဂိုဏ်း၏ပါရာဂွန်သည် သက်ပြင်းချ၏။ “အဲဒီတုန်းက ငါ ဖန်မုအတွက် တန်ခိုးရှင်လမ်း ဖွင့်မပေးခဲ့သင့်ဘူး... ဒီတစ်ခေါက်တော့ အဲဒီအမှားမျိုး ထပ်မလုပ်တော့ဘူး”
ဖန်မု၏ကြွေလွင့်မှုက နဝမဂိုဏ်းအတွက် ရိုက်ချက်ပြင်းခဲ့လေသည်။ ဆန့်ကျင်ဘက်တွင် ကျန်ဂိုဏ်းရှစ်ဂိုဏ်းမှ ရွေးချယ်ခံများသည် စိတ်သက်သာရာရသွားကြ၏။
သူတို့မှာ ခေါင်းပေါ်တွင် အလေးတုံးကြီး ထမ်းထားရသကဲ့သို့ မခံစားရတော့သော်လည်း ... နှစ်တစ်ရာကြာသော် ယန်အာသည် ဆရာ၏ခြေရာကို နင်း၍ သူတို့ခေါင်းပေါ် အလေးတုံးကြီး ပြန်တင်ပေးခဲ့လေသည်။
ယန်အာက နဝမဂိုဏ်း၏ပါရာဂွန်ထံမှ အဖြေကို ကြားလျှင် မျက်လုံးများကို ပိတ်ပြီးနောက် မြေကြီးပေါ်တွင် ဒူးထောက်လိုက်သည်။ ထိုနေရာတွင် သူမသည် မလှုပ်မယှက် ဒူးထောက်နေ၏။ ဝင်ပေါက်သာဖွင့်မပေးလျှင် သူမကား ထိုနေရာတွင်သာ ထာဝရဒူးထောက်နေတော့မည့်အလားပင်။
ယန်အာသည် အာရုံအပြည့်အဝစူးစိုက်ထား၏။ ဤသည်မှာ သူမဘဝ၏တာဝန်ဖြစ်ပြီး တောင်းဆိုနေခြင်းမဟုတ်ပေ။ သူမ လုပ်နေသောအရာသည် တောင်းဆိုမှုထက် များစွာကျော်လွန်၏ ...
သူမဆရာ အမှန်တကယ် ဆုံးပါးခဲ့ပြီလား အတည်ပြုဖို့ သူမဆရာကို သူမ ရှာချင်သည်။ ယင်းက သူမ၏အစွဲဖြစ်၍ ဘယ်တော့မှ အစွဲကျွတ်မည်မဟုတ်ပေ။
တစ်လ၊ ခြောက်လ၊ တစ်နှစ် ၊ သုံးနှစ်....
နွေ မိုး ဆောင်း။ နေ့များ၊ ညများ ကုန်လွန်သွားသော်လည်း ယန်အာသည် တစ်ချိန်လုံး ဒူးထောက်လျက်သာ ရှိ၏။ လက်လျှော့ဖို့ မည်သူလာရောက်နားချနားချ ယန်အာက တုပ်တုပ်မှမလှုပ်ပေ။ သူမ၏စိတ်သည် ပြတ်သား၏။ နဝမဂိုဏ်းသားများမှာ တုန်လှုပ်နေကြပြီး တစ်ချိန်တုန်းက ပို၍ပင်ထူးချွန်ထက်မြက်ခဲ့သော ပုဂ္ဂိုလ်အား ပြန်မတွေးမိဘဲ မနေတော့ပေ။
ဤဆရာနှင့်တပည့်သည် အတော်လေး တူ၏။
ငါးနှစ်ကြာသည့်အခါ ဂျုန်းခနဲမြည်သံနှင့်အတူ အကွဲကြောင်းတစ်ကြောင်း ပွင့်လာကာ လှေကားတစ်စင်းသည် အပေါ်မှ သက်ဆင်းလာတော့သည်။
“ကျေးဇူးတင်ပါတယ် ပါရာဂွန်” ယန်အာက ပြောသည်။ သူမမျက်နှာလေးသည် အတန်ငယ်ဖြူဖျော့နေသော်လည်း သူမက အသက်ပြင်းပြင်းရှူပြီး လှေကားထစ်များအတိုင်း စတက်သွားသည်။ သို့သော် ညင်ညင်သာသာအားတစ်ရပ်က သူမကိုယ်ထဲ ဝင်ရောက်လာကာ သူမ၏ပင်ပန်းနွမ်းနယ်မှုမှန်သမျှကို ဖယ်ရှား၍ သူမအား ပို၍အားအင်ပြည့်ဝသွားစေသည်။
“အသက်ရှင်လျက် ... ပြန်လာခဲ့” နဝမဂိုဏ်း၏ပါရာဂွန်က နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ ကုန်ဆုံးသွားခဲ့သည် ငါးနှစ်တာအတွင်း သူသည် ယန်အာ့ကို နားလည်လာခဲ့၍ သက်ပြင်းချလျက်သာ ကျန်ခဲ့လေသည်။ သူ့အနေဖြင့် ဖန်မု၏ တစ်ဦးတည်းသော တပည့်အား တားနိုင်စွမ်း မရှိသည်သာ။
သူမ ထိုကဲ့သို့ ဒူးထောက်၍ အသက်စွမ်းအားကုန်ခမ်းသွားမည်ကို လက်ပိုက်ကြည့်နေမည့်အစား ပါရာဂွန်သည် .... လက်လျှော့၍ သူမကို လွှတ်ပေးလိုက်ဖို့သာ ရွေးချယ်ခဲ့၏။
ပါရာဂွန်၏သက်ပြင်းချသံ ပဲ့တင်ထပ်နေစဉ် ယန်အာက လက်ယှက်အရိုအသေပေးပြီးနောက် ခိုင်မာပြတ်သားမှုနှင့်အတူ တမ်းတမှုတို့ တောက်ပနေသောမျက်ဝန်းများဖြင့် အကွဲကြောင်းကို မော့ကြည့်လိုက်သည်။
“ဆရာ ယန်အာ ဆရာ့ကို လာရှာမယ်” သူမက ပြောသည်။ ထို့နောက် လှေကားထစ်များအတိုင်း တဟုန်ထိုးတက်ကာ အကွဲကြောင်းထဲ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
ယန်အာ ထွက်သွားသည့်နှစ်တွင် အာကာပြင်ကျယ်ကျောင်းတော်၏ ရွေးချယ်ခံများမှာ ဝန်ပေါ့သွားသလို မခံစားရဘဲ ပို၍ပင်လေးလံသွားကြသည်။
ဆရာတပည့်နှစ်ယောက်လုံး တန်ခိုးလမ်းအပေါ် နင်းခဲ့ကြသည့်အချိန်တွင် သူတို့ရွေးချယ်ခံများသည် အာကာပြင်ကျယ်မော်ကွန်းတိုက်၌ နေရာလုနေကြဆဲဖြစ်၏။ ရွှံ့နွှံနှင့် တိမ်တိုက်များပမာ ကွာခြားနေသည့်အချက်က သူတို့ကို လက်ခံရခက်စေသည်။
ယန်အာသည် တန်ခိုးရှင်လမ်းအတိုင်း တရွေ့ရွေ့ လျှောက်နေ၏။ မြန်မြန်သွားချင်သော်လည်း သူမ,မသွားနိုင်ပေ။ ဖန်မုက သုံးနှစ်အတွင်း ပထမပြစ်ဒဏ်ကို ကျော်ဖြတ်နိုင်ခဲ့သော်လည်း ယန်အာကတော့ ထိုအမြန်နှုန်းကို မမှီ။ သူမအတွက် အချိန်ပိုလိုသည့်တိုင် သူမ၏ခိုင်မာပြတ်သားမှုက နည်းနည်းမျှ လျော့ကျမသွားခဲ့ဘဲ တိုးပင်တိုးလာသေးသည်။
“ဆရာ ဆရာရဲ့ရုပ်ကြွင်းကို ကျွန်မ ရအောင် ရှာမယ်” သူမက တိုးညင်းစွာ ရေရွတ်သည်။ အပေါ်မှ သက်ရောက်နေသော ဖိအားက သူမအား ရွေ့လျားရခက်ခဲစေသော်လည်း သူမသည် တရွေ့ရွေ့သွားနေသေး၏။ သူမဘေးတွင်မူ သွေးခွေးကြီးက တစ်ချိန်လုံး တိတ်ဆိတ်စွာ လျှောက်နေသည်။
ဤသို့ဖြင့် ငါးနှစ်ကုန်ဆုံးသွားသည်။
သတ္တမမြေထု၏ တောအုပ်ထဲတွင် လွန်ခဲ့သည့်ဆယ့်နှစ်နှစ်ကျော်က မွေးဖွားခဲ့သော ကောင်လေးသည် ယခုတွင် လူပျိုပေါက် ဖြစ်လာ၏။ သူသည် ရွာ၏ အထူးချွန်ဆုံးမုဆိုးများအထဲမှ တစ်ယောက်ဖြစ်လာခဲ့ပြီး အရပ်သိပ်မရှည်သေးသော်လည်း ပြိုင်ဘက်ကင်းလောက်အောင် သွက်လက်ဖျတ်လတ်လေသည်။ လောလောဆယ်တွင် သူသည် မုဆိုးဒူးလေးကို လက်တွင်ကိုင်လျက် သစ်ပင်များကြားမှ ခပ်မြန်မြန်ပြေးနေ၏။ အမွှေးတိုင်တစ်ဝက်ထွန်းစာမျှကြာသော် သူက တုံ့ခနဲ ရပ်ပြီးနောက် လျှပ်စီးလိုအမြန်နှုန်းဖြင့် ဒူးလေးပေါ် မြှားတစ်စင်း ချိတ်လိုက်သည်။
ဝှစ်
မြားသည် လေကိုခွင်းလျက် မီတာသုံးဆယ်ခန့်အကွာရှိ ဝက်ဝံနက်တစ်ကောင်၏ ခေါင်းကို ထိုးစိုက်သွား၏။ မြားက လေးလက်မခန့်သာ စိုက်ဝင်ခဲ့သည့်အတွက် ဝက်ဝံအား သေအောင်မသတ်နိုင်လိုက်ဘဲ ဒေါသူပုန်ထသွားစေသည်။ ဝက်ဝံသည် ဟိန်းပြီး လူငယ်ထံသို့ ပြေးလာ၏။
လူငယ်က ဝက်ဝံဆီ မြားများပစ်လွှတ်ရင်း တည်ငြိမ်စွာ နောက်ဆုတ်သည်။ စီးကျနေသောသွေးများက ဝက်ဝံ၏ဒေါသကို ပိုကြီးထွားလာစေသည်။ ထို့နောက် လူငယ်က တုံ့ခနဲ ရပ်ကာ ဝက်ဝံအား အေးအေးဆေးဆေး ကြည့်နေသည်။
လူငယ် မရွေ့လျားတော့သည်ကို မြင်လျှင် ဝက်ဝံသည် အရှိန်တင်လိုက်၏။ ၎င်း သူ့ကို ခုန်အုပ်တော့မည့်အချိန်မှာပဲ မြေကြီးက ဝုန်းခနဲ ကျွံကျသွားပြီး တွင်းကြီးတစ်တွင်း ပေါ်လာသည်။ ဝက်ဝံမှာ တွင်းထဲ ပြုတ်ကျသွားတော့သည်။ တွင်း၏အောက်ခြေတွင် မြေကြီးထဲ ရိုက်ထည့်ခံထားရသော သစ်သားငြောင့်များက ၎င်းကို ဆီးကြိုနေလေသည်။
ဟိန်းဟောက်သံကြီး ပဲ့တင်ထပ်နေစဉ် ဝက်ဝံမှာ အသက်ထွက်သွားလေပြီ။
လူငယ်က စိတ်လှုပ်ရှားနေသောမျက်ဝန်းများဖြင့် အသက်ပြင်းပြင်းတစ်ချက် ရှူသည်။ သူက တွင်းထဲသို့ ဂရုတစိုက် ဆင်းပြီး ဝက်ဝံသေကို ပခုံးပေါ်ထမ်းလျက် ရွာပြန်သွားသည်။
လူငယ် ဝက်ဝံနှင့်အတူ အိမ်ပြန်ရောက်သည့်အခါ သူ့တစ်ကိုယ်လုံး ချွေးတို့ရွှဲနေတော့သည်။ ခြံထဲတွင် တောက်ပစွာ ပြုံးနေသော ဗလတောင့်တောင့် သက်လတ်ပိုင်းလူတစ်ယောက် ထိုင်နေသည်။ သူ၏ညာခြေမှာ ကျပ်ထုပ်စည်းခံထားရ၏။ လွန်ခဲ့သောရက်ပိုင်းက အမဲလိုက်တုန်း ကျိုးသွားခဲ့ခြင်းဖြစ်သည်။ ကံကောင်းထောက်မစွာနှင့် ကျန်းမာရေးလည်း ကောင်း၊ သမားတော်ကလည်း မတော်တဆဖြစ်လျှင်ချင်း ရောက်လာခဲ့သဖြင့် နောက်တွင် ထိုခြေထောက်နှင့်ပတ်သက်၍ အခက်အခဲတချို့တော့ ရှိမည်ဖြစ်သော်လည်း ပြဿနာကြီးကြီးမားမားတော့ မဖြစ်နိုင်တော့ပေ။
“တော်သကွာ။ ရှစ်မျိုးနွယ်စုရဲ့ ကျားဟွေ့လေးကတော့ အခု ဝက်ဝံတွေကိုတောင် အမဲလိုက်နိုင်ပြီပဲကွ”
လူငယ်က ပြုံးရင်း အပြေးသွားလိုက်သည်။ ထိုအချိန်မှာပဲ တံခါးပွင့်လာပြီး သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက် ထွက်လာသည်။ သူမသည် လူငယ်ကို ချစ်မြတ်နိုးစွာ ကြည့်၍ သူ့ဆံပင်များကို ဖွပြီးနောက် ယောက်ျားဖြစ်သူကို မျက်စောင်းထိုးလိုက်၏။
အမျိုးသားမှာ ဇက်ကလေးပုသွားပြီး ယောက်ျားရင့်မာကြီးကဲ့သို့ အသံနေအသံထားဖြင့် ရယ်ကာ ပြောသည်။ “ဟားဟား ငါ့သားက ကလေးမဟုတ်တော့ဘူးပဲ။ ငါ သူ့အရွယ်တုန်းကလည်း ဝက်ဝံတွေကို အမဲလိုက်နိုင်နေပြီ။ ကျားဟွေ့ရဲ့သားက အဖေ့ခြေရာနင်းနိုင်တာ ဘယ်ဆန်းတုန်း”
လူငယ်က ပြုံးသည်။ ခြံလေးအတွင်းရှိ နွေးထွေးမှုနှင့် ချစ်ခြင်းမေတ္တာသည် ထင်ရှားမြင်သာပေ၏။ ဤလူငယ်ကား ဖန်မု၏တတိယဘဝ ... ကျားဟွေ့လေး ပင်။
သို့သော် အိမ်ကလေး၏ နွေးထွေးမှုနှင့် ချစ်ခြင်းမေတ္တာမှာ နှစ်နှစ်ကျော်သာ ခံလိုက်သည်။ ဆောင်းတွင်းတစ်တွင်းတွင် သူ့အဖေသည် အမဲလိုက်ရင်း ပျောက်ဆုံးသွား၍ အနွေးဓာတ်လည်း ပျောက်ကွယ်သွားခဲ့၏။
ထိုညတွင် လူငယ်၏ ကမ္ဘာကြီး ပျက်စီးသွားခဲ့သည်။ သူ့အမေမှာ သူမယောက်ျား၊ ပတ်ဝန်းကျင်ရှိ တောတောင်များ၌ ကျွမ်းကျင်စွာ အမဲလိုက်နေခဲ့သော ရွာ၏အတော်ဆုံးမုဆိုး ပျောက်ဆုံးသွားသည်ကို မယုံနိုင်ပေ။ ထို့ကြောင့် သူမသည် သူ့ကို လိုက်ရှာ၏။ နေ့တိုင်း၊ ညတိုင်း လိုက်ရှာသည်။
ဘယ်တော့မှ ရှာမတွေ့ခဲ့ပေ။ နောက်တစ်နှစ်ကြာသော် သူ့အမေမှာ ပူဆွေးသောကကြောင့် မျက်လုံးကန်းသွားသည်။ နှစ်နှစ်ကြာသည့်အခါ ... သူမသည် ကိုယ်စိတ်နှလုံးလုံးလုံးပါးပါး၍ သေဆုံးသွားလေသည်။
မသေခင် သူမက ကျားဟွေ့လေး၏လက်ကို ဆုပ်ကိုင်ပြီး ငေးကြောင်နေသောမျက်ဝန်းများဖြင့် အဝေးသို့ ကြည့်ရင်း တိုးညှင်းစွာ ပြောခဲ့၏။ “ကျားဟွေ့လေး သားအဖေက ဒီတိုင်းပျောက်သွားတာ မဟုတ်နိုင်ဘူး...”
ကျားဟွေ့လေးသည် ထိုနေ့တွင် သူ့အဖေ ပျောက်သွားသည့်နေ့တုန်းကလို ရှိုက်ကြီးတငင် ငိုကြွေး၏။ ထိုနေ့မှစ၍ သူက ရွာထဲတွင် မနေတော့သလို၊ လက်ထပ်ဖို့လည် ငြင်းဆန်သည်။ သူသည် တောတောင်ထဲတွင် နေထိုင်ကာ အဖေဖြစ်သူကို နေ့စဉ်ရက်ဆက် လိုက်ရှာ၏။
တစ်နှစ်၊ နောက်တစ်နှစ်၊ နောက်တစ်နှစ် ...
မြင့်မြင့်နိမ့်နိမ့် တောင်ဟူသမျှ သူ တက်သည်။ နှစ်နှစ်ဆယ်တိုင် သူ ရှာဖွေခဲ့ပြီးနောက် နွေဦးတစ်ရက်တွင် တောင်တန်းများ၏ ချောင်တစ်ချောင်၌ သံချေးတက်နေသော ဓားတစ်လက်အား သူ တွေ့သည်။ ဓားကို မြင်လျှင်ချင်း သူ့အဖေ၏ဓားမှန်း သိလိုက်သဖြင့် သူ၏မျက်လုံးများ နီရဲသွားလေသည်။
၎င်းက သူ ပထမဆုံးရှာတွေ့ခဲ့သော သဲလွန်စဖြစ်သည်။ သူသည် ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ် လိုက်ရှာလိုက်ရာ ဓားထံမှ မီတာသုံးရာအကွာ၌ အရိုးစုတစ်စုကို တူးဖော်တွေ့ရှိသွား၏။
အရိုးစုကို စစ်ဆေးကြည့်ပြီးနောက် ညာပေါင်ရိုးပေါ်တွင် ကျိုးဖူးထားသော နေရာတစ်နေရာရှိကြောင်း သတိထားမိသည့်အခါ ကျားဟွေ့လေးက ဒူးထောက်ချကာ ဂါဝရပြုလိုက်သည်။ ဤအရိုးစုကား ပျောက်ဆုံးနေခဲ့သော သူ့အဖေ ဖြစ်လေသည်။
သူ့အဖေ ပျောက်ဆုံးသွားလိမ့်မည်ဟု သူ့အမေက တစ်ခါမှ မယုံခဲ့သလို ကျားဟွေ့လေးလည်း မယုံပေ။ သူ့အဖေသည် အင်မတန် ထူးချွန်သောမုဆိုးတစ်ယောက်ဖြစ်သည်ဟု သူ အမြဲယုံကြည်ခဲ့၏။ သူ့အဖေက အန္တရာယ်များသည့် သားရဲတစ်ကောင်ကို ဆုံတွေ့ရလျှင်တောင်မှ အသက်ရှင်လျက် လွတ်မြောက်နိုင်မည့် နည်းလမ်းကို စဉ်းစားနိုင်ခဲ့လိမ့်မည်။ ထို့အပြင် တောတောင်ထဲတွင် အန္တရာယ်အများဆုံးတိရစ္ဆာန်များက ဝက်ဝံများဖြစ်လေသည်။
ဖအေ၏အကြွင်းအကျန်များကို စစ်ဆေးပြီးနောက် တောရိုင်းတိရစ္ဆာန်တစ်ကောင်၏ တိုက်ခိုက်ခြင်းခံခဲ့ရသော သက်သေမရှိကြောင်း သူ အတည်ပြုနိုင်လိုက်သည်။ ထိုအစား သူတွေ့လိုက်ရသည်မှာ သူ့အဖေ၏ ခါးရိုးပေါ်ရှိ မြားဒဏ်ရာတစ်ခုကိုပင်။ လွန်ခဲ့သောနှစ်နှစ်ဆယ်တုန်းက သူ့အဖေမှာ နောက်မှ မြားဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်မည်။
ကျားဟွေ့လေးသည် လေးနှင့်မြားအရာ၌ ကျွမ်းကျင်သူဖြစ်သည်နှင့်အညီ သူ့အတွက် သက်သေက ထင်ရှားပေသည်။
သူက ဖအေ၏ အရိုးစုကို ကြည့်ကာ ပြုံးသည်။ ခါးသီးနေသောအပြုံး၊ ရက်စက်သောအပြုံးလည်း ဖြစ်သည်။ ထို့နောက် သူသည် သူ့အဖေ၏အရိုးစုကို ရွာသို့ ပြန်သယ်သွားပြီး သူ့အမေ၏ဘေးတွင် မြှုပ်လိုက်၏။ မြေပုံနှစ်ပုံ၏အပေါ်တွင် ကမ္ဗည်းတိုင်တစ်တိုင် စိုက်ထူကာ အရှေ့၌ ဒူးထောက်၍ ရေရွတ်လိုက်သည်။
“အဖေ သား ဘယ်လောက်ပဲပေးဆပ်ရပေးဆပ်ရ အဖေ့အတွက် ကလဲ့စားချေပေးပါ့မယ်...”
အတန်ကြာသော် သူသည် ထရပ်လိုက်ပြီး ထိုသို့ထရပ်လိုက်သောအခါ ပို၍ပင်အေးစက်လာပုံရ၏။ ထို့နောက် လှည့်ထွက်သွားသည်။
အချိန်တွေ ကုန်လွန်သွားသည်။ ဆယ်နှစ်ကြာသော် ကျားဟွေ့လေးသည် အိုမင်းလာပြီဖြစ်၏။ ဤဆယ်စုနှစ်အတွင်း သူက သူ့အဖေနှင့်ပတ်သက်သည့် အမှန်တရားကို ဖော်ထုတ်ဖို့ နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့လေသည်။ အဆုံးသတ်တွင် လူသတ်သမားသည် တောင်တောင်ထဲရှိ တခြားမုဆိုးရွာ၏ မျိုးနွယ်စုတစ်စုမှ ဖြစ်ကြောင်း အတည်ပြုနိုင်သွား၏။
သူ့အဖေကို သတ်ခဲ့သော လူသတ်သမားက အသက်ရှင်နေသေးသည်။
ကျားဟွေ့လေးသည် ဘာကြောင့်လူသတ်မှုဖြစ်ပေါ်ခဲ့သလဲ အသေးစိတ်စုံစမ်းမနေ။ တစ်စုံတစ်ယောက်ကို သတ်ပြီးလျှင် အသက်နှင့် ပြန်ပေးဆပ်ရမည်ကိုသာ သူ သိသည်။
ဆောင်းညတစ်ည၊ အရာအားလုံး အေးခဲနေသည့်အချိန် သူသည် လူသတ်သမား၏အိမ်ထဲ ဝင်သွား၏။ သူ ပြန်ထွက်လာသောအခါ တစ်ကိုယ်လုံး သွေးတို့ရွှဲနေပြီး ခေါင်းပြတ်တစ်ခေါင်းကို ကိုင်ထားသည်။ သူကား အဘိုးအိုကို သတ်ခဲ့သည့်အပြင် သူ့ကလေးများ ပြန်တိုက်ခိုက်သောအခါ သူတို့ကိုလည်း သတ်ပစ်ခဲ့၏။ တစ်မိသားစုလုံးကို သူ အပြတ်ရှင်းခဲ့လိုက်လေပြီ။
ကျားဟွေ့လေးမှာ သေနိုင်သည်အထိ ဒဏ်ရာပြင်းထန်နေသော်လည်း ခေါင်းပြတ်ကို ကိုင်လျက် ရွာဆီ ဒယိမ်းဒယိုင် ပြန်လာနိုင်ခဲ့သေးသည်။ သူက သူ့မိဘနှစ်ပါး၏မြေပုံအရှေ့သို့ ခေါင်းပြတ်အား ပစ်ချကာ မြေကြီးပေါ် ထိုင်ချလိုက်သည်။ သူသည် အရက်သောက်ရင်း ဘယ်သူမှမကြားနိုင်သော စကားလုံးများဖြင့် မိဘနှစ်ပါးကို တိုးညင်းစွာ စကားပြောနေ၏။
နှင်းက ပိုသည်းလာသည်။ သူ့ဒဏ်ရာများမှာ စက္ကန့်နှင့်အမျှ ပိုမိုပြင်းထန်လာနေ၏။ သူကား မီးသေတော့မည့် မီးအိမ်အလားပင်။ တဖြေးဖြေး အသိစိတ်လွတ်လာသည့်အခါ သူ့မိဘနှစ်ပါးကို သူ လှမ်းမြင်လိုက်ရသည်။
အတန်ကြာသော် သူသည် သူ့မိဘနှစ်ပါးနှင့် ပြန်ဆုံစည်း၍ ကလေးတုန်းက ခံစားခဲ့ရသော အနွေးဓာတ်နှင့် ချစ်ခြင်းမေတ္တာကို ပြန်လည်ခံစားနေသည့်အလား မျက်လုံးများကို ပိတ်ကာ သင်္ချိုင်းမြေပုံ၏ဘေးတွင် လှဲချလိုက်၏။
နှင်းများက သူ့အလောင်းကို ဖုံး,သွားသော်လည်း သူ့နဖူးမှ ထွက်လာသော ဝိညာဉ်ကိုတော့ မဖုံးလွှမ်းနိုင်ပေ။ ဝိညာဉ်သည် ကောင်းကင်ပေါ် တက်နေစဉ် မြေပုံအား ပြန်လှည့်ကြည့်ကာ သက်ပြင်းချ၏။ ဝိညာဉ်အတွင်းတွင် ချုပ်စည်းသုံးစည်း လင်းလက်တောက်ပနေသည်ကို မြင်ရနိုင်လေသည်။
ဝိညာဉ်သည် လက်ယှက်၍ အလောင်းကို အရိုအသေပေးပြီးနောက် ဘဝပြန်ဝင်စားခြင်းသံသရာထဲ လှည့်ဝင်သွားတော့၏။
သူ၏တတိယဘဝ နိဂုံးချုပ်၍ စတုတ္ထဘဝ ... စတင်နေလေပြီ။
ထိုအခိုက်အတန့်တွင် ယန်အာသည် တန်ခိုးရှင်လမ်းပေါ်တွင် ဒုတိယပြစ်ဒဏ်ကို ရင်ဆိုင်နေ၏။ ဆယ်ဆဖိအားက သူမကို အံတင်းတင်းကြိတ်မိစေသော်လည်း သူမကား ဆက်သွားနေဆဲပင်။ သူမ၏ကျင့်ကြံခြင်းအခြေခံက ယခုတွင် အနှစ်သာရ ၁ ခုအထွတ်အထိပ်အဆင့်တွင် ဖြစ်နေလေပြီ။