← Chapters

ချန်လဲ့

Vol. 107 Ch. 1489

ချန်လဲ့

Vol. 107 Ch. 1489

ကိုယ်ပွား၏ စတုတ္ထဘဝသည် ဆောင်းတွင်း၌ပင် ဆဋ္ဌမမြေထုအပေါ်ရှိ ခမ်းနားသောစံအိမ်ကြီးထဲတွင် စတင်၏။

အာကာပြင်ကျယ်ဂြိုဟ်ပေါ်တွင် ကျင့်ကြံသူများအပြင် စစ်သည်တော်လူတန်းစားတစ်ရပ်လည်း ရှိသည်။ စစ်သည်တော်များသည် ကျင့်ကြံသူများအတွက် ပုရွက်ဆိတ်များအတွက် မပိုသော်လည်း သေမျိုးများထက်တော့ အဆင့်တစ်ဆင့် မြင့်မားလေသည်။

လေးဘဝမြောက်တွင် မန်ဟို့ကိုယ်ပွားသည် စံအိမ်၏သခင်လေးအဖြစ် ဖွားမြင်ခဲ့၏။ စံအိမ်က ဆဋ္ဌမမြေထု၏ သေမျိုးကမ္ဘာထဲက မြို့တော်၌ တည်ရှိသည်။ စံအိမ်ထဲတွင် အင်အားအကြီးမားဆုံးစစ်သည်များအနက်မှတစ်ဦး တည်ထောင်ခဲ့သော မျိုးနွယ်စုတစ်စု နေထိုင်လေသည်။ အမှန်တွင် သေမျိုးကမ္ဘာတွင် ထိုလူသည် .... အဓိကစစ်သည်တော်တစ်ဦးအဖြစ် ထင်ရှားကျော်ကြား၏။

အဓိကစစ်သည်တော်၏ မျိုးရိုးမှာ ချန်ဖြစ်သည်။ မန်ဟို့ကိုယ်ပွား မွေးဖွားလာသောနေ့တွင် အပြင်၌ မိုးကြိုးမုန်တိုင်း သည်းထန်ခဲ့သည့်အတွက် သူ့အား ချန်လဲ့ဟူ၍ အသိများလာလေသည်။

ကိုယ်ပွား၏ ဘေးဘဝမြောက်စတင်သည့်အချိန်တွင် မန်ဟိုသည် အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်ထဲတွင် သတ္တမမှန်ကွဲစတည်ရှိခဲ့သောနေရာနှင့် ဝေးရာသို့ တဟုန်ထိုး သွားနေ၏။ သူ့အနောက်မှ ဒေါသတကြီး ဟိန်းသံတစ်သံ ပဲ့တင်ထပ်လာသည်။

ဖုန်မုန်တိုင်းတစ်လှိုင်းက ကြယ်တာရာကောင်းကင်အပြည့် နေရာယူရင်း ဧရာမခေါင်းကြီးတစ်ခေါင်းအသွင်ပြောင်းကာ သောင်းကျန်းနေသည်။ ၎င်း၏မျက်နှာကြီးသည် ဒေါသထွက်နေပုံပေါ်သည့်တိုင် မန်ဟို့နောက်လိုက်ဖို့ ကြောက်နေလေသည်။ ၎င်း၏ဟိန်းသံက ကြယ်တာရာကောင်းကင်အား တသိမ့်သိမ့်တုန်ခါနေစေသည်။

“တစ်နေ့ ငါ လွတ်လာတဲ့အချိန်ကျရင် မင်းကို လာရှာမယ်” မျက်နှာကြီးက‌ ဒေါကြီးမောကြီး ကြုံးဝါးသည်။ “မင်းတို့သွေးဆက်တစ်ဆက်လုံးကို သုတ်သင်ပစ်မယ်။ မင်းနဲ့ကံကြွေးဆက်နေတဲ့သူမှန်သမျှ အပြတ်ရှင်းပစ်မယ်”

မန်ဟိုက ပြုံးလျက် တည်ငြိမ်စွာ တုံ့ပြန်သည်။ “မင်း ငါ့ကို လာရှာစရာမလိုပါဘူး။ မင်း မလွတ်ခင် ငါ မင်းကို ပြန်လာရှာပါ့မယ်”

ဤမှန်ကွဲစမှာ တခြားမှန်ကွဲစများထက် များစွာပို၍ ရယူဖို့ ခက်ခဲခဲ့လေသည်။ မန်ဟိုမှာ လက်ရှိစွမ်းအားအဆင့်ဖြင့်ပင် မှန်ကွဲစကို ယူပြီး လွတ်မလာခင် အန္တရာယ်များသောအခြေအနေများစွာကို ကျော်ဖြတ်ခဲ့ရ၏။

သူက စိတ်လှုပ်ရှားနေသောအမူအရာဖြင့် ပျံသန်းနေသည်။ ယခု ကြေးမုံကို ဆင့်မခေါ်နိုင်ခင် လိုက်ရှာစရာ မှန်ကွဲစတစ်ခုတည်းသာ ကျန်တော့လေပြီ။ ဤအခိုက်အတန့်တွင် ကြေးမုံမည်သည့်နေရာတွင် ရှိနေကြောင်း အတိအကျမပြောတတ်သော်လည်း အကြမ်းဖျင်းခံစားနေရပြီဖြစ်သည်။

“ငါ နောက်ဆုံးမှန်ကွဲစကို ရတာနဲ့ ကြေးမုံကို ပြန်ခေါ်နိုင်ပြီ” သူသည် အဋ္ဌမမှန်ကွဲစရှိရာသို့ မျှော်လင့်ချက်များဖြင့် ပျံသန်းနေ၏။

သူတတ်နိုင်သော အမြန်နှုန်းကို ထည့်တွက်လျှင်ပင် ၎င်းဆီ ရောက်ရန် သူ့အတွက် ဆယ်နှစ်ကြာလိမ့်မည်။ ရှစ်ခုမြောက်မှန်ကွဲစ၏ တည်နေရာ အနားရောက်သည့်အခါ မန်ဟို မျက်မှောင်ကြုတ်သွားသည်။

ဤနေရာတွင် ဝဲမရှိ။ ပန်းတစ်ပွင့်ကိုသာ သူ မြင်ရသည်။

ပန်းသည် အလွန်တရာကြီးမားလှ၍ အာကာပြင်ကျယ်ဂြိုဟ်တစ်ဝက်ခန့်ပင် ရှိသယောင်ထင်ရ၏။

၎င်း၏အမြစ်သည် ဟင်းလင်းပြင်နှင့် တစ်သားတည်းဖြစ်နေပြီး ပန်းကမူ ပွင့်နေသောအခြေအနေမဟုတ်ပေ။ ပန်းဖူးထက် ပိုသည်ဆိုရုံလေးသာ ရှိသော်လည်း ၎င်း၏အရှိန်အဝါက မန်ဟို့ကိုပင် ကြောက်ဒူးတုန်သွားစေသည်အထိ ပြင်းထန်သည်။

ရှစ်ခုမြောက်မှန်ကွဲစသည် ထိုပန်းဖူးထဲတွင် ရှိကြောင်း မန်ဟို ခံစားနေရလေသည်။ သို့သော် သူ မည်သည့်နတ်ဘုရားစွမ်းရည်ကို ထုတ်လွှတ်စေကာမူ ပန်းဖူး၏မျက်နှာပြင်၌ ပွန်းပဲ့ရာလေးပင် မထင်။

သူခံစားနေရသည်အရ ပန်းသည် လောလောဆယ်တွင် ကြီးထွားနေဆဲဖြစ်၍ အချိန်တချို့ကြာလျှင် သဘာဝအတိုင်းပွင့်လာလိမ့်မည်။ သူ့အနေဖြင့် နှောင့်ယှက်စရာလည်းမလို၊ အကူအညီပေးစရာမလိုပေ။

“ပွင့်လာတဲ့အထိ ထိုင်စောင့်နေရမှာလား....” သူက မျက်မှောင်ကြုတ်လျက် တွေးသည်။ တခဏကြာသော် နောက်ထပ်နတ်ဘုရားစွမ်းရည်အနည်းငယ် ထုတ်လွှတ်ကြည့်သော်လည်း အဆုံးသတ်တွင် သက်ပြင်းသာချလိုက်ရ၏။

“ကိစ္စမရှိ‌လောက်ပါဘူး။ ငါ့ကိုယ်ပွားက လေးဘဝမြောက်မှာပဲ ရှိသေးတယ်။ အချိန်နည်းနည်းလိုသေးတယ်ဆိုတော့ .. ပန်းပွင့်လာမယ့် အချိန်ကိုပဲ ထိုင်စောင့်တာပေါ့” သူသည် နိမိတ်ဖတ်လိုက်သဖြင့် မျက်လုံးများတောက်ပသွား၏။ “အမြန်ဆုံးဆို နှစ်တစ်ရာ၊ အနှေးဆုံးဆို ရာချီမယ်။ ဒါပေမဲ့ ပွင့်လာတာနဲ့ ... ငါ အထဲဝင်နိုင်ပြီ။ ပြီးရင် ရှစ်ခုမြောက် မှန်ကွဲစက ငါ့အပိုင်ဖြစ်လာလိမ့်မယ်” ထို့နောက် မန်ဟိုသည် အင်္ကျီလက်စကို ခါလျက် ဖျတ်ခနဲ လှုပ်ရှားလိုက်ရာ ပန်း၏ပွင့်ချပ်တစ်ချပ်အပေါ်တွင် ပေါ်လာ၏။ ထိုနေရာတွင် သူက တင်ပျဉ်ခွေထိုင်ပြီး မျက်လုံးပိတ်ကာ တိတ်ဆိတ်စွာ တရားစထိုင်လေသည်။

အချိန်တွေ ကုန်လွန်သွားသည်။

အာကာပြင်ကျယ်ဂြိုဟ်၏ ဆဋ္ဌမမြေထုအပေါ်၌.....

နှစ်အနည်းငယ်ကြာသည့်အခါ ချန်လဲ့သည် မွေးကင်းစကလေးမဟုတ်‌တော့ပေ။ သူသည် ဆယ်နှစ်ပြည့်ပြီဖြစ်ပြီး ဆယ်နှစ်တည်းနှင့် မျိုးနွယ်စံအိမ်တွင် အရေးပါသောလူတစ်ယောက် ဖြစ်နေချေပြီ။

သူ၏အဆင့်အတန်းက မြင့်မားပြီး အံ့ဩစရာကောင်းလောက်အောင် ပါရမီထက်သန်သည်။ သူသည် စစ်သည်တော်ကျင့်စဉ်တွင် ခုန်ပျံကျော်လွှား တိုးတက်ခဲ့သည်သာမက ကိုယ်တွင်းချီကိုပင် ပျိုးထောင်နိုင်ခဲ့၏။ သူ့အား အဓိကစစ်သည်တော်လေးဟုပင် ခေါ်လာကြသည်။

ပါရမီထက်သန်သော်ငြား ချန်လဲ့ကား လေ့ကျင့်ဖို့ စိတ်မဝင်စားဘဲ ဆော့ကစားရင်းသာ အချိန်ဖြုန်းလေ့ရှိသည်။ သူ့မိဘနှစ်ပါးရော၊ ဤမျိုးနွယ်စုတစ်စုလုံးကို တည်ဆောက်ခဲ့သော အဓိကစစ်သည်တော်၊ သူ့အဘိုးဖြစ်သူရော ဘဝင်မကျသော်လည်း သက်ပြင်းချရုံသာ တတ်နိုင်ကြသည်။

ကုန်ကုန်ပြောရလျှင် ချန်လဲ့သည် အတော်လေးအလိုက်ခံရ၏။ လက်ထပ်နိုင်သောအရွယ်ရောက်သည့်အခါ ဗြုန်းစားကြီး ခရီးထွက်ရသည်ကို စွဲမက်လာသည်။ သူက သူ့အစေခံများကို နိုင်ငံအနှံ့ခေါ်သွားပြီး စိတ်မဝင်စားတော့သည့်အချိန်တွင် အသက်သုံးဆယ်ရှိနေလေပြီ။ နောက်ဆုံးတော့ သူ့မိဘနှစ်ပါးက သူ ခြေငြိမ်သွားပြီဟု ထင်၍ လက်ထပ်ပေးဖို့ စီစဉ်သည်။

သို့သော် ချန်လဲ့က မိန်းကလေးတစ်ယောက်ကို အရူးအမူး ချစ်သွား၏။ သူမက အလွန်အရေးပါသောပုဂ္ဂိုလ် ၊ ဧကရာဇ်၏သမီးတော်မှတစ်ပါး အခြားမဟုတ်ပေ။ သူမ အပြင်တစ်ကြိမ် ထွက်လာတုန်းက ချန်လဲ့မှာ သူမနှင့်ပက်ပင်းတိုးပြီး မြင်မြင်ချင်း ချစ်သွားခဲ့လေသည်။ ထို့နောက် သူသည် သူမကို ရဖို့ ရေကုန်‌ရေခမ်း ကြိုးစားတော့၏။

မျက်နှာရလိုရငြား လက်ဆောင်များလည်း ဆက်သပြီး သူမတောင်းဆိုသမျှ အကုန်လိုက်လျောပေးသည်။ မျိုးနွယ်စုတစ်စုလုံးပင် အဆွဲသွင်းခံလိုက်ရ၍ မကြာမီ လူတိုင်း ဒဏ်ခံလာရတော့သည်။ ချန်လဲ့၏အဘိုးမှာ ဇရာကြောင့် အားနည်းလာပြီး သူ့မိဘနှစ်ပါးမှာ အင်အားကြီးသောစစ်သည်တော်များ ဖြစ်သော်လည်း အဓိကစစ်သည်တော်များတော့ မဟုတ်ကြပေ။ ချန်လဲ့ ထိုမိန်းမလှလေးကို ပိုးပန်းနေမှုကြောင့် မျိုးနွယ်စုတစ်စုလုံး ချွတ်ခြုံကျလာတော့၏။

တစ်ခါတွင် မင်းသမီးက သူ့အား အရေးပါသော ခုံရုံးအရာရှိတစ်ဦးကို သတ်ပေးဖို့ မိန်းမမာယာသုံးလိုက်ရာ ချန်လဲ့တစ်ယောက် ဒုက္ခအကြီးအကျယ်ရောက်တော့သည်။ မျိုးနွယ်စုမှာ ချန်လဲ့အသက်ကို ကယ်တင်ဖို့ ရှိရှိသမျှဥစ္စာဓနအားလုံး အကုန်ခံလိုက်ရ၏။ ထို့အပြင် သူ့အဘိုးမှာလည်း ဧကရာဇ်၏ခိုင်းစေမှုကြောင့် အန္တရာယ်များသောတာဝန်များကို ထမ်းဆောင်ရင်း သင်္ချိုင်းနှင့် နီးသထက်နီးကပ်လာခဲ့သည်။

ဤအဖြစ်အပျက်အားလုံးက ချန်လဲ့ကို အချစ်ရူးရူးနေသောအဖြစ်မှ နိုးလာစေလိမ့်မည်ဟု သူ့အဘိုးမှာ ထင်ခဲ့သော်လည်း .... ချန်လဲ့က အင်မော်တယ်ကျင့်စဉ်ဘက် အာရုံ‌ရောက်သွားပြန်သည်။ မျိုးနွယ်စုမှာ ဆင်းရဲမွဲတေလာပြီး ချန်လဲ့လည်း အသက်လေးဆယ်နား နီးနေချေပြီ။ သို့ထိတိုင် သူသည် အင်မော်တယ်လမ်းစဉ်ကို ရှာဖို့ ထွက်သွားသေး၏။

ဆယ်နှစ်တစ်စုနီးပါး ထိုလမ်းကို သူ လျှောက်ခဲ့သော်လည်း မည်မည်ရရ မတိုးတက်ခဲ့ပေ။

ဆယ်နှစ်ကြာသော် ချန်လဲ့သည် အသက်ငါးဆယ်ကျော်ပြီဖြစ်၏။ ဆံပင်ဖြူများလည်း ပေါက်နေပြီဖြစ်သလို အင်အားလည်း နည်းပါးလာသည်။ သူက အသက်မဲ့နေသောမျက်လုံးများဖြင့် အိမ်ပြန်လာခဲ့သော်လည်း လူသူကင်းမဲ့နေသည့် အိမ်အစုတ်တစ်လုံးနှင့် သင်္ချိုင်းမြေပုံများကိုသာ တွေ့လိုက်ရလေသည်။

လူတိုင်း သေသွားကြပြီဖြစ်သည်။ သူ ထွက်သွားပြီး နှစ်နှစ်ကြာသည့်အခါ သူ့အဘိုး ဆုံးပါးသွား၏။ ရှစ်နှစ်ကြာသ်ော အင်အားကြီးရန်သူတစ်‌ယောက်က သူ့မိဘနှစ်ပါးကို သတ်ခဲ့သည်။ မျိုးနွယ်ဝင်အားလုံးလည်း အသတ်ခံလိုက်ရ၍ အသက်ရှင်ကျန်ခဲ့သော အစေခံများ၏ စေတနာကြောင့်သာ လူတိုင်းမြေမြှုပ်ခံထားရခြင်းဖြစ်ပေသည်။

ချန်လဲ့မှာ ထိုမြေပုံများကို မြင်လျှင် ငိုင်တွေသွားသည်။ ထိုနေ့တွင် မိုးရွာနေပြီး သူက မိုးရေထဲတွင် တုန်ရီစွာ ရပ်နေ၏။ ပရိဒေဝမီးတို့ သူ့နှလုံးသားထဲတွင် ပူပြင်းစွာ တောက်လောင်နေပြီး သူ့မှာ တအီးအီးငိုရှိုက်နေသည်။ မျက်ရည်များက မိုးရေနှင့် ရောထွေးလျက် မြေပေါ် ခ,သည်။

“အဖေ... အမေ.. ဘိုးဘိုး...” ယခုတော့ သူ အမှန်တကယ် နိုးလာခဲ့လေပြီ။ သူ့ဘဝကို ပြန်တွေးကြည့်သောအခါ သူ့မှာ ဟားတိုက်ရယ်ချင်လာသည်။ ငယ်ငယ်တုန်းက သူ၏မြင့်မားသောရည်မှန်းချက်များနှင့် အတွင်းချီကို ပျိုးထောင်နိုင်ခဲ့ပုံကို သတိရလိုက်သည်။ သူသာ တစ်စုံတစ်ခုတွင် အောင်မြင်ချင်လျှင် ‌အောင်မြင်လိမ့်မည်ဟု သူ အမြဲတွေးခဲ့လေသည်။

သူသည် ဘဝ၏အပေါ်ယံချိုမြိန်မှုများကို ခုံမင်ခဲ့၏။ ကမ္ဘာအနှံ့ ခရီးပတ်သွားခဲ့သည်။ မင်းသမီးတစ်ဦးကို နှစ်သက်ခဲ့၍ သူမနှလုံးသားကို သိမ်းပိုက်ဖို့ ငွေတွေဖြုန်းခဲ့သည်။ အဆုံးသတ်တွင် သူမက သူ ဘယ်တော့မှ မသတ်ခဲ့သင့်သော လူတစ်ယောက်ကို သတ်ဖို့ သူ့အား အသုံးချခဲ့သည်။ ထို့ကြောင့် ကပ်ဆိုက်ခဲ့လေသည်။

သူ့မျိုးနွယ်စုကို ဒုက္ခတွင်းထဲ ကျစေခဲ့ပြီးနောက် ကျင့်ကြံအားထုတ်ဖို့ ထွက်လာခဲ့သည်မှာလည်း သူပင် ဖြစ်သည်။ ပြန်ရောက်လာခဲ့သည့်အခါတွင် ချန်လဲ့သည် သူ့မိသားစုနှင့်မျိုးနွယ်စုကို သတ်ခဲ့သော ဆန်ကုန်မြေလေးအပြစ်သားတစ်ဦးလို ခံစားလိုက်ရ၏။

သူက ခါးသီးစွာဖြင့် သွေးအန်သည့်တိုင်အောင် အော်ရယ်ပြီးနောက် မိုးရေထဲတွင် လဲကျသွားသည်။

နောက်တစ်နေ့တွင် မိုးစဲသွား၏။ ချန်လဲ့က နိုးလာပြီး ပို၍ပင်အိုသွားသယောင် ထင်ရသည်။ သူသည် အသက်ငါးဆယ်သာ ရှိသေးသော်လည်း သင်္ချိုင်းထဲ ခြေတစ်ဝက်လှမ်းနေပြီဖြစ်သည့်အလား ရင့်ရော်နေလေပြီ။

ထိုနေ့မှစ၍  စံအိမ်ထဲတွင် သူ့ဘဝသူ ပြန်စဉ်းစားပြီး နောင်တရနေတတ်သော သုဘရာဇာတစ်ဦး စတင်နေထိုင်သည်။

အချိန်တွေ ကုန်လွန်သွားသည်။ ဆယ်နှစ်ကြာသော် ချန်လဲ့မှာ ခါးကုန်းလာသည်။ သူ့ဘဝ အဆုံးသတ်တော့မည်ဖြစ်ကြောင်း သူ ပြောနိုင်၏။

ယခုနှစ်ဆောင်းက အရိုးကွဲမတတ် အေးသည်။

တစ်မနက်ခင်းတွင် နှင်းများ စကျလာပြီး မြင်းခွာသံများကို သူ ကြားလိုက်ရ၏။ ခပ်လှမ်းလှမ်းတွင် တပ်သားများစီတန်းနေသည်ကို မြင်လိုက်ရသည်။

မြင်းစီးတပ်သားများသည် ဝေါယာဉ်တစ်စင်း၏ပတ်ပတ်လည်တွင် နေရာယူထားကြ၏။ တပ်သားများ နီးကပ်လာစဉ် ဝေါယာဉ်ထဲရှိ တစ်စုံတစ်ယောက်က တပ်သားများအား တစ်စုံတစ်ခု ပြောလိုက်၍ အကုန်လုံး ရပ်လိုက်ကြသည်။ စျေးကြီးကြီးအဝတ်အစားများ ဝတ်ထားသော ခပ်လှလှမိန်းမငယ်လေးတစ်ဦး ထွက်လာသည်။ သူမဘေးတွင် အဘွားအိုတစ်ဦးက မိန်းမငယ်လေးကို တွဲလျက် စံအိမ်ထဲ လမ်းလျှောက်ဝင်လာ၏။

“ဘွားဘွား ဘာလို့ဒီမှာရပ်တာလဲဟင်” မိန်းကလေးက ဇဝေဇဝါဖြစ်နေဟန်ဖြင့် မေးသည်။

“ဒီနေရာကို မြင်တော့ ဘွားဘွား မိတ်ဆွေတစ်ယောက်ကို သတိရလိုက်လို့ပါ” အဘွားအိုက ပြန်ဖြေသည်။ သူမသည် အိုနေပြီဖြစ်သော်လည်း အရွယ်တင်ပြီး မိန်းမငယ်လေးနည်းတူ စျေးကြီးကြီးအဝတ်အစားများကို ဝတ်ဆင်ထား၏။ သူမမျက်နှာပေါ်တွင် အတွန့်အခေါက်အနည်းငယ်ကိုသာ မြင်ရရာ စိတ်ချမ်းချမ်းသာသာ နေထိုင်ခဲ့ရကြောင်း ပေါ်လွင်သည်။

မြေးအဘွားနှစ်ယောက်သား လူသူခြောက်ကပ်နေ‌သော အိမ်၏အပြင်တွင် ရပ်လိုက်ကြသည်။ မြေးဖြစ်သူသည် အလိုက်သိ၍ မေးခွန်းထပ်မမေးပေ။ အဘွားအိုကမူ တစ်ခါတုန်းက အဖြစ်အပျက်များကို ပြန်တွေးနေသည့်အလား ခံစားချက်များရှုပ်ထွေးနေသည်။ သူမမျက်ဝန်းထဲတွင် နောင်တအနည်းငယ်ပင် ရှိ၏။

အတန်ကြာသော် အဘွားအိုက သက်ပြင်းချပြီး လှည့်ထွက်တော့မည့်အချိန် မြေးမ,က ရုတ်တရက် ပြောသည်။ “ဘွားဘွား ဟိုမှာ လူတစ်ယောက်ရယ်”

မိန်းမငယ်လေးက ပြောလိုက်စဉ် စံအိမ်၏အရှေ့တံခါးပွင့်လာပြီး ချန်လဲ့သည် အဘိုးကြီးတစ်ယောက်လို ခါးကိုင်းကိုင်းဖြင့် ထွက်လာ၏။

ချက်ချင်းပင် တပ်သားများက ကာကွယ်ဖို့ ရှေ့တက်သွားသည်။ အဘွားအိုကတော့ ချန်လဲ့၏မျက်နှာကို အကဲခတ်ပြီး ဇဝေဇဝါ ဖြစ်နေပုံပေါ်သည်။

“ရှင်က .... “ သူမက မေးသည်။

ချန်လဲ့သည် ခေါင်းငုံ့ကာ ခပ်ဩဩပြန်ဖြေ၏။ “ဒီက အစေခံတစ်ယောက်ပါ။ သင်္ချိုင်းတွေကို စောင့်ပေးပါတယ်”

“ဒီမှာနေတာ ကြာပြီလား” အဘွားအိုက မေးသည်။

“ဆယ်နှစ်ရှိပြီ” သူက တိုးညင်းစွာ ပြန်ဖြေသည်။

အဘွားအိုသည် ပထမဆုံး ဘာမှပြန်မပြော။ ထို့နောက်.. “ဒီအိမ်ရဲ့သခင်လေးရော ... ပြန်လာသေးလား”

ချန်လဲ့က ပြန်ဖြေတော့မည့်အလား ပါးစပ်ဟလိုက်သော်လည်း ပြန်ပိတ်ပြီး ခေါင်းသာခါလိုက်သည်။

အဘွားအိုသည် အတန်ကြာတိတ်ဆိတ်သွား၏။ ထို့နောက် သူမက သင်္ချိုင်းကို စောင့်ရှောက်ပေးသည့်အတွက် ငွေစနှစ်စဆုချလိုက်ရန် တပ်သားများအား အမိန့်ပေးပြီးနောက် ဝေါယာဉ်ဆီ ပြန်လျှောက်သွားပြီး ခရီးဆက်၏။ ထိုစဉ် အဘွားအိုသည် ကန့်လန့်ကာကို ဖွင့်ကာ ချန်လဲ့အား ပြန်ကြည့်သည်။ ဤတစ်ကြိမ်တွင် သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၍ သူမတစ်ကိုယ်လုံး တုန်ရီသွားလေသည်။

ဖြည်းဖြည်းချင်း သူမမျက်ဝန်းများသည် ငိုင်တွေသွားပြီး သူမက ကန့်လန့်ကာကို ပြန်ပိတ်လိုက်၏။

တပ်သားတန်းကား အဝေးသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

ချန်လဲ့က ငွေစနှစ်စကို လျစ်လျူရှု၍ ကျနေသော နှင်းများကို မော့ကြည့်သည်။ ထိုအဘွားအိုကို သူ မည်ကဲ့သို့ မမှတ်မိဘဲ ရှိမည်နည်း။ သူမက လွန်ခဲ့သောနှစ်ပေါင်းများစွာတုန်းက သူ နှစ်သက်ခဲ့သော မင်းသမီးပင်။

သူသည် သူတစ်ယောက်တည်းသာ ကြားရသောအသံဖြင့် ရေရွတ်ရင်း အိမ်ထဲ ပြန်ဝင်သွားလေသည်။

နှင်းကား ပိုသည်းလာ၏။

ချန်လဲ့က အဝတ်အစားများကို သပ်သပ်ရပ်ရပ် လုပ်ပြီးနောက် မျိုးနွယ်သင်္ချိုင်းရှိရာ အိမ်အနောက်ခြံဝင်းထဲ လျှောက်သွားသည်။ ထိုနေရာတွင် သူ့အတွက်သူ မြေတူးထားပြီးသားဖြစ်သည်။ ထိုမြေတွင်းထဲ ဖြည်းဖြည်းချင်း ဆင်းပြီးနောက် ခေါင်းတလားထဲ ဝင်သည်။ အဖုံးပိတ်ပြီးနောက် သူသည် နောက်ဆုံးတစ်ချက် အသက်ရှူသွင်းကာ မျက်လုံးများပိတ်လိုက်၏။

“တကယ့် အလကားဘဝပဲ” သူက တွေးသည်။ ထို့နောက် သူ့မျက်လုံးများက ဘယ်တော့မှ ပြန်ပွင့်မလာတော့ပေ။

All Chapters