ပြစ်ဒဏ်ကို ကျော်လွှားစေမည့် အံဖွယ်သက်ရှိပုံစံ
Vol. 24 Ch. 325
ဘုန်း
လက်သီးက ဝက်ဝံအရုပ်နှင့် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူအပေါ် ကျရောက်လာသဖြင့် သူ၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ ပထမဆုံးဖြစ်ပျက်သွားသည်မှာ ဧရာမဝက်ဝံအရုပ်ကြီး ပြင်းပြင်းထန်ထန် တုန်ခါသွားပြီးနောက် အစိတ်စိတ်အမြွှာမြွာ ကွဲထွက်သွားခြင်းပင်။ ပေါက်ကွဲသံကြီး ပဲ့တင်ထပ်နေစဉ် ထိုလူ၏ခန္ဓာကိုယ်မှာ အထဲချိုင့်ဝင်သွား၏။ သူ၏ပါးစပ်မှ သွေးခုနစ်လုပ်၊ ရှစ်လုပ်ခန့် ပန်းထွက်သွားပြီး သူသည် နောက်သို့ မီတာပေါင်းများစွာ လွင့်သွားသည်။ နောက်ဆုံး သူရပ်သွားသောအခါ နောက်ထပ် သွေးတစ်လုပ်အန်ပြီးနောက် တစ်ကိုယ်လုံး သွေးတို့ရွှဲလျက် သိသိသာသာ လျော့တိလျော့ရဲဖြစ်သွားသည်။
သူမှာ ရုတ်တရက် အိုမင်းလာပုံရသည်။ သူ့ ရပ်ပင်မရပ်နိုင်ခင် သက်လတ်ပိုင်းအရွယ်မှ အဘိုးကြီးအရွယ်ရောက်သွားလေပြီ။ သူ၏ဆံပင်မှာ ခဲရောင်ဖြစ်ပြီး သူ့အရေပြားပေါ်တွင် အတွန့်အခေါက်များဖုံးနေကာ သူ့မျက်လုံးများကား ပင်ပန်းနွမ်းနယ်နေ၏။
အားလုံးအထဲ ကြောက်စရာအကောင်းဆုံးမှာ သူ၏ခန္ဓာကိုယ်ပေါ်က ဆေးမင်ကြောင်အရုပ်သုံးခု မှေးမှိန်ပျော်ကွယ်သွားခြင်းပင်။
စောစောက ဧရာမဝက်ဝံကြီး၏ တစ္ဆေပုံရိပ်သေးသေးလေးသည် မန်ဟို့၏ညာလက်ဝါးပေါ်တွင် စူးစူးဝါးဝါးအော်မြည်ရင်း လွင့်မျောနေသည်။
ဤတင်မပြီးသေး။ အသက်တစ်ရှိုက်အတွင်း မန်ဟိုက ရှေ့သို့တစ်လှမ်းလှမ်းပြီး နောက်ထပ် လက်သီးသုံးချက် ပစ်သွင်းလိုက်သည်။
ပထမလက်သီးက ဆင်အရုပ်နှင့် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူကို ဝင်တိုက်သည်။ သူ့မှာ ပါးစပ်မှသွေးများပန်းထွက်ရင်း နောက်သို့ မီတာငါးဆယ်လွင့်ထွက်သွား၏။ သူက ငြီးတွားလိုက်ပြီး သူ၏ခန္ဓာကိုယ်မှာ ပေါက်ကွဲတော့မည့်အသံပေါက်လာသည်။ သူသည် လျင်မြန်စွာ အသက်ကြီးလာ၏။ အသက်စွမ်းအား လွင့်စင်ပျောက်ကွယ်လာပြီး ဆေးမင်ကြောင် အရုပ်များ မှေးမှိန်သွားသည်။ ယခုတွင် ဝက်ဝံတစ်ကောင်နှင့် ဆင်တစ်ကောင်သည် မန်ဟို့လက်ဝါးပေါ်တွင် ပျံဝဲနေကြသည်။
သူ၏ဒုတိယလက်သီးချက်က မိုးပြာရောင်မျက်နှာဖုံးနှင့် ကျင့်ကြံသူတစ်ယောက်၏ရင်ဘတ်အပေါ် ကျရောက်သည်။ ကျိုးအက်သံများ ထွက်လာပြီး ထိုလူက စူးစူးဝါးဝါးအော်လိုက်သည်။ သူ့ပါးစပ်မှ သွေးများပန်းထွက်သွားသည့်အတွက် သူ၏မျက်နှာဖုံး အစိတ်စိတ်အမြွှာမြွှာဖြစ်သွားသည်။ သူလည်း မီတာငါးဆယ်ကျော် လွင့်ထွက်သွား၏။ သူ၏ခန္ဓာကိုယ်မှာ လျင်မြန်စွာရင့်ရော်လာပြီး ကျင့်ကြံခြင်းအခြခံ ပျက်စီးတော့မတတ်ပင်။
တတိယလက်သီးက အခြား မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူကို ဝင်ဆောင့်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ အခြားတစ်ယောက်ထက် အတန်ငယ်အားနည်းလေသည်။ သူသည် မကြာသေးမီကမှ အမြုတေဖြစ်တည်မှု စဦးပိုင်းအဆင့်သို့ ဝင်ရောက်ထားသည်ဖြစ်ရာ သူ၏အမြုတေမှာ အပြည့်အဝ တည်ငြိမ်မှုမရှိသေးပေ။ မန်ဝို၏ လက်သီးချက်က သူ့ကို သုံးဆယ့်ငါးမီတာခန့် လွင့်ထွက်သွားစေသည်။ ကြောက်မက်ဖွယ်စွမ်းအားကြီးတစ်ခုက သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်မွှေနှောက်၍ အရာအားလုံးကို ဖျက်စီးနေသဖြင့် သူ့မှာ ခေါင်းနပန်းကြီးသွားသည်။ သူ၏အမြုတေ တစစီအက်ကွဲသွားပြီးနောက် သူ၏ခန္ဓာကိုယ်မှာ သွေးသားအစိုင်များအဖြစ် ပေါက်ကွဲထွက်သွားသည်။
ဤအရာအားလုံးမှာ မျက်တစ်ခတ်စာအတွင်း ဖြစ်ပျက်သွားခြင်းပင်။ ထို့နောက် မန်ဟိုက လောင်ချုုံးအရှေ့ရောက်လာသည်။ သူ၏ ပါးလွှာသောလက်အိတ်နှင့် လက်သည် လောင်ချုံး၏လည်ပင်းကို ဆုပ်ကိုင်ပြီး သူ့ကို လေပေါ်မြှောက်လိုက်သည်။
ရွှေရောင်မျက်နှာဖုံး၏ အနောက်ရှိ လောင်ချုံး၏မျက်လုံးများမှာ ထိတ်လန့်မှုဖြင့် တောက်ပသွားသည်။ သူ၏ခန္ဓာကိုယ် တုန်ရီပြီး အသက်ရှူသံများ မြန်လာသည်။ သို့သော် သူ မရုန်းရဲပေ။ ဤမျက်နှာမဲ့တိုက်ခိုက်သူဆီမှ ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒကို သူအာရုံရနေသည်။ အသတ်အဖြတ်စိတ်ဆန္ဒ၏ သိပ်သည်းမှုက သူ့စိတ်ကို ချာချာလည်သွာစေသည်။
မန်ဟို၏ ရိုက်ခတ်လှုပ်ရှားနေသော အသတ်အဖြတ်စိတ်ဆန္ဒကို မြင်သောအခါ သောလန်၏မျက်နှာ ဖြူဖျော့သွားပြီး အော်လိုက်သည်။ "ကြီးမြတ်လှပါသော မိစ္ဆာသခင်၊ ကျေးဇူးပြုပြီး နားထောင်ပေးပါ။ ကျွန်မတို့မှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး။ စောစောက ဖြစ်သွားတာက နားလည်မှုလွဲတာလေးပါ။ မိစ္ဆာသခင်ကြီး၊ ကျွန်မတို့ရဲ့ မိုက်မဲမှုကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။ ဒါ အရှင့်ရဲ့ပိုင်နက်ဆိုတာ မသိခဲ့လို့ပါ။ ကျေးဇူးပြုပြီး လွှတ်ပေးလိုက်ပါနော်... စောစောက ကျွန်မတို့ရဲ့အပြုအမူတွေအတွက် လျော်ကြေးပေးဆိုပေးပါ့မယ်"
"ကြီးမြတ်လှပါသော မိစ္ဆာသခင်" လောင်ချုံးက ပြောသည်။ "ဒါ.. ဒါတွေအားလုံးက နားလည်မှုလွဲတာပါ။ တကယ် နားလည်မှုလွဲတာပါ...." သူ့မှာ သင်္ချိုင်းကုန်းသို့ ခြေတစ်ဖက်ရောက်နေသည့်အလား ခံစားနေရသည်။ ထိုခံစားချက်က သူ့ကို အိပ်မက်ဆိုးများ အဆက်မပြတ်မက်စေခဲ့သော တောင်ပိုင်းဒေသမှ ဖန်မုကို ရင်ဆိုင်ခဲ့စဥ်ကနှင့် တူသည်။
ယင်းက သူ့အတွက် ဤကဲ့သို့ ပထမဆုံးအကြိမ် ခံစားရခြင်းဖြစ်ပြီး ယခုက ဒုတိယအကြိမ်ပင်။
ဤတစ်ခေါက် ခံစားချက်က ပထမတစ်ကြိမ်ထက်ပို၍ ပြင်းထန်သည်ကလွဲ၍။ စောစောက သူ၏မောက်မာထောင်လွှားမှုအားလုံး ယခုတွင် ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်လေပြီ။
"နားလည်မှုလွဲတာတဲ့လား" မန်ဟိုက ကျောက်တုံးနှစ်တုံး ပွတ်တိုက်လိုက်သကဲ့သို့ ခပ်အက်အက်အသံကြီးဖြင့်ပြောသည်။ သူ၏ဘယ်လက်သည် ဝတ်ရုံထဲနှိုက်၍ ဆေးလုံးတစ်လုံး ထုတ်လိုက်သည်။ သူက ၄င်းကို လောင်ချုံး၏ပါးစပ်ထဲ ပစ်ထည့်ပြီးနောက် တစ်ထပ်တည်းတူသော ဆေးလုံးကို သောလန်ထံ ပစ်ပေးလိုက်သည်။
"အဲ့ဆေးလုံးကို စားလိုက်" သူက အေးစက်စက်ပြောသည်။ "ဒါဆို ဒီကိစ္စကို နားလည်မှုလွဲတာလို့ စဥ်းစားပေးမယ်" လောင်ချုံး၏မျက်လုံးများမှာ ပို၍ပင်ပြင်းထန်သောကြောက်စိတ်များဖြင့် ပြည့်နှက်သွားသည်။ စောစောက ဘာဆေးလုံးစားလိုက်သည်လဲ သူမသိသော်လည်း မည်သည့်အရာဖြစ်သည်ကိုတော့ ခန့်မှန်းကြည့်နိုင်သည်။ ယခုတွင် သူဘာမှမတတ်နိုင်ပေ။ အဆိပ်ဖြေနိုင်သော အနက်ရောင်နယ်မြေနန်းတော်ကို ပြန်ရောက်သည်အထိ စောင့်ရလိမ့်မည်။
သောလန်မှာ ချီတုံချတုံဖြစ်နေသည်။ လောင်ချုံးသေသေရှင်ရှင် သူမ ဂရုမစိုက်ပေ။ သို့ရာတွက် သူမသာ ဆေးလုံးကိုမစားလျှင်တော့ ဖြစ်လာမည့်အကျိုးဆက်မှာ ကောင်းမည်မဟုတ်။
သောလန်သည် သူမ၏လှသောသွားလေးများကို တင်းတင်းစေ့ပြီးနောက် ဆေးလုံးကိုမြှောက်ကာ မြိုချလိုက်သည်။ ထို့နောက် မန်ဟို့ကိုကြည့်သည်။
သူက လက်ကိုလျော့လိုက်ပြီးနောက် အင်္ကျီလက်စကို ခါကာ တောင်ထံ ပြန်လျှောက်သွားသည်။ သူက အထက်စီးဆန်သော အမူအရာကို တမင်ဖမ်းပြီးနောက် ပြောသည်။ "ဒီနေရာက ထွက်သွားစမ်း။ ဘယ်အရပ်မျက်နှာမှာမဆို ကီလိုမီတာသုံးရာဧရိယာအတွင်း ထပ်ဝင်လာရင် အဆိပ်က မင်းကို သတ်လိမ့်မယ်။ မိုးကောင်းကင်အောက်က ဘယ်ဆေးဝါးပညာရှင်မှ ငါ့ရဲ့မိစ္ဆာဆေးလုံးတွေကို မဖြေနိုင်ဘူး" ထို့နောက် သူက ကျင့်ကြံခြင်းဂူအထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။
လောင်ချုံး၊ သောလန်နှင့် အခြားသူများမှာ တခဏသာတုံ့ဆိုင်းနေပြီးနောက် အဝေးသို့ထွက်သွားကြသည်။
သူတို့က ကီလိုမီတာတစ်ရာခန့်အကွာသို့ရောက်မှနောက်ဆုံး ရပ်ပြီး မန်ဟို့ကျင့်ကြံခြင်းဂူရှိရာကို ပြန်လှည့်ကြည့်သည်။
"ချီးတဲ့မှပဲ.... အနက်ရောင်နယ်မြေနန်းတော်ကို ပြန်ရောက်တာနဲ့ ဒီနေရာကို အမြစ်ဖြုတ်ဖို့ လူတချို့လွှတ်မယ်" လောင်ချုံးက အန္တရာယ်များသောမျက်နှာအမူအရာဖြင့် ပြောသည်။
"ကျုပ် တာဝန်ယူမယ်" မိုးပြာရောင်မျက်နှာဖုံးနှင့်ကျင့်ကြံသူတစ်ယောက်က အံကြိတ်လျက် ပြောသည်။ "အဲ့ဒီလူမှာ ဘယ်လိုသဘာဝလွန်စွမ်းအားတွေ ရှိနေမလဲကြည့်ရမယ်။ ကျုပ်...." သူစကားပြောမပြီးခင် စကားလုံးနှစ်လုံးက မည်သည့်နေရာကမသိ ရုတ်တရက်ထွက်လာသည်။
"အပ်နှင်း"
စကားလုံးနှစ်လုံးတည်း။ ၄င်းပဲ့တင်ထပ်သွားသည့်အခိုက်၌ မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ တုန်ရီလာသည်။ လောင်ချုံး နှင့် အခြားသူ တအံ့တသြကြည့်လိုက်စဥ် ထိုလူ၏ မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သက်ဝင်လှုပ်ရှားနေသော အနက်ရောင်အရှိန်အဝါတစ်ခုထွက်လာသည်။ မကြာမီ အနက်ရောင်အရှိန်အဝါအမြောက်အမြား သူ့ထံမှ ပျံ့နှံ့လာသည်။ သောလန်မှာမူ အဘိုးကြီး၏ ခေါင်းပေါ်၌ တစ္ဆေပုံရိပ်တစ်ခုကို မြင်နေရ၏။ ၄င်းကား မန်ဟို့၏ သမာဓိအပ်နှင်းခြင်း မိစ္ဆာမန္တန်ကလွဲ၍ တခြားမဟုတ်။
ဝိုးတိုးဝါးတား မိစ္ဆာမန္တန်သည် ထိုလူ၏ငယ်ထိပ်မှတစ်ဆင့် ခန္ဓာကိုယ်ထဲ ထိုးဖောက်သွားသည်။ မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူမှာ စူးစူးဝါးဝါး အော်နေပြီး သူ၏ညာလက်မှာ ရုတ်တရက် တဆတ်ဆတ်တုန်လာသည်။ လောင်ချုံးမှာ ပါးစပ်အဟောင်းသားနှင့်ကြည့်နေစဥ် ထိုလူ၏ညာလက်က ရုတ်တရက် သူ့နဖူးသူ ရိုက်ချလိုက်သည်။
ဘန်းခနဲအသံနှင့်အတူ ထိုလူ၏ခေါင်းမှာ ပေါက်ကွဲပြီး သေဆုံးသွားတော့သည်။
"ကိုယ့်ကိုကိုယ် ဂရုစိုက်" မန်ဟိုက မပျောက်ကွယ်ခင် အေးစက်စက်ပြောခဲ့သည်။
အရာအားလုံး သုဿန်တစပြင်ပမာ တိတ်ဆိတ်သွားသည်။
လောင်ချုံး၏ကိုယ်မှာ ထိန်းမရအောင် တုန်ရီနေပြီး စောစောက ပြောနေခဲ့သော မည်သည့်အတွေးကိုမဆို ချက်ချင်းစွန့်ပစ်လိုက်သည်။ သူတွေးနိုင်သည့် တစ်ခုတည်းသောအရာမှာ ဤနေရာ၏သုံးရာကီလိုမီတာအတွင်းသို့ ဘယ်တော့မှမလာရန်ပင်။
သောလန်၏ ရင်အစုံမှာ နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး မျက်လုံးလေးများ ဝိုင်းစက်ပြူးကျယ်နေသည်။ သူမသည် အနောက်ပိုင်းသဲကန္တာရတွင် မိစ္ဆာသခင်တချို့ကို မြင်ခဲ့ဖူးသော်လည်း ဘယ်သူကမှ ဤတစ်ယောက်လောက် ထူးဆန်းစွာ ကြောက်စရာမကောင်းပေ။
"အဲ့တာက အရုပ်အဖြစ်ပြောင်းသွားရင် ဘယ်လိုလုပ်မလဲ...." သောလန် တွေးလိုက်သည်။ သူမနှလုံးမှာ ပို၍မြန်မြန်ခုန်လာသည်။
ကျန်ရှိသော ကျင့်ကြံသူလေးယောက်သည် ပါးစပ်ပိတ်ပြီး အဝေးသို့ထွက်သွားကြ၏။
ကျင့်ကြံခြင်းဂူ၏အပြင်တွင် လောင်ချုံးနှင့် အခြားသူများ ထွက်ပြေးသွားခြင်းက ကျင့်ကြံသူတစ်ရာကျော်၏ မျက်လုံးများကို ဝင်းလက်တောက်ပသွားစေသည်။ ကျင့်ကြံသူများသည် စွမ်းအားကြီးမားသူကို ရိုသေလေးစားပြီး စောစောက မန်ဟိုပြသသွားသည့် စွမ်းအားမှာ သူတို့ကို ချာချာလည်ပြီး ရင်တုန်သွားစေသည်။
"မြင်ကြလား" ကြက်တူရွေးက ချက်ချင်း လေပေါ်ပျံတက်ရင်း အော်သည်။ ၄င်း၏မျက်လုံးများသည် ကျင့်ကြံသူအဖွဲ့အပေါ်တွင် တဖြေးဖြေးရွေ့လျားသွားသည်။ "အဲ့တာက သခင်ငါးရဲ့ ကောင်းကင်မှော်ပညာပဲ။ ငါ့ညွှန်ကြားမှုအတိုင်း တစိုက်မတ်မတ်ကျင့်ကြံရင် အဲ့လိုအစွမ်းထက်ဖို့ မကြာဘူး"
ကျင့်ကြံခြင်းဂူထဲတွင် မန်ဟိုသည် သူ၏ညာလက်ကို ငုံ့ကြည်ပြီး သူ၏မျက်လုံးများ၌ လျှို့ဝှက်ဆန်းကြယ်သောအလင်းရောင် ပြည့်နှက်သွားသည်။
"ဒီညာလက်က ငါ့ကျင့်ကြံခြင်းအခြေခံနဲ့ မိစ္ဆာချီပေါင်းလိုက်ရင် အမြုတေဖြစ်တည်မှုအလယ်အလတ်အဆင့်ကို သတ်ဖြတ်နိုင်တယ်။ ဒါပေမဲ့ နှောင်းပိုင်းအဆင့်အတွက်တော့ သွေးအင်မိုတယ်မျက်နှာဖုံးကို သုံးဖို့ပဲရှိတယ်
"ဘယ်လိုနေနေ ငါက အမြုတေဖြစ်တည်မှုစဦးပိုင်းအဆင့်ဆိုတာ စဥ်းစားရင် ငါနဲ့ယှဥ်လို့ရတဲ့ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူများများစားစား မရှိဘူး"
သူစဥ်းစားရသရွေ့ ချီအခြေတည်အဆင့်တွင် သူကိုင်စွဲခဲ့သည့်စွမ်းအားနှင့် ယခုစွမ်းအားသည် အလွန်တရာခြားနား၏။
"နောက်ဆုံး ဆေးပင်ကိုရှာဖို့ မခက်ဘူး။ ဒါပေမဲ့ ငါပြီးပြည့်စုံတဲ့ရွှေအမြုတေကို ဖန်တီးတာနဲ့ မိုးကောင်းကင်ပြစ်ဒဏ် ကျရောက်လာလိမ့်မယ်....အဲ့တာက ပြဿနာပဲ" မန်ဟိုမျက်မှောင်ကြုတ်သွားသည်။ ယင်းမှာ သူ စိတ်အထင့်ဆုံးအရာပင်။ ချီအခြေတည်အဆင့်တုန်းက မိုးကောင်းကင်ပြစ်ဒဏ်မှာ ကြောက်စရာကောင်းခဲ့သည်။ သွေးအင်မိုတယ်အမွေအနှစ်သာ သူ့အတွက် ၄င်းနှင့် မရင်ဆိုင်ခဲ့လျှင် ပြီးပြည့်စုံသောအခြေကို ဘယ်တော့မှ တည်ဆောက်နိုင်မည်မဟုတ်ပေ။
သူက တစ်ယောက်တည်းရေရွတ်နေရင်း ရုတ်တရက် မျက်လုံးများလင်းလက်သွားပြီး စာတစ်စောင်ဖြင့် စိတ်ဝိညာဥ်အာရုံကို ပို့လွှတ်လိုက်သည်။ အချိန်အနည်းငယ်ကြာသော် တဖျပ်ဖျပ် တောင်ပံခတ်သံနှင့်အတူ ရောင်စုံကြက်တူရွေးသည် အတန်ငယ်စိတ်မရှည်ဖြစ်နေသောဟန်ဖြင့် အပြင်မှ ပျံဝင်လာသည်။
"ဘာကိစ္စတုန်း" ၄င်းက မန်ဟို့ကို ကြည့်ရင်း မေးသည်။ "သခင်ငါး ဟိုက ကျင့်ကြံသူတွေကို လေ့ကျင့်ပေးနေတာ မသိဘူးလား။ သခင်ငါးရဲ့အချိန်တွေ ဘယ်လောက်တန်ဖိုးရှိလဲ မင်းမသိဘူးလား"
"မိုးကောင်းကင်ပြစ်ဒဏ်ကို ဘယ်လိုကျော်လွှားရမလဲ" မန်ဟိုက ကွေ့ဝိုက်မနေဘဲ မေးလိုက်သည်။
"မိုးကောင်းကင်ပြစ်ဒဏ်" ကြက်တူရွေး မျက်လုံးပြူးသွားပြီး မန်ဟို့ကို့ ပတ်၍ပျံလနေသည်။ ၄င်းမှာ သူ့ကို ရှုထောင့်အမျိုးမျိုးမှ အကဲခတ်နေဟန်ပင်။ နောက်ဆုံး၌ ၄င်းက တောက်တစ်ချက်ခေါက်ပြီး ခေါင်းခါလိုက်သည်။ "ဘယ်သူမှ မကျော်လွှားနိုင်ဘူး။ မင်းသေပြီ။ ငါကိုယ်တော်သခင်ငါးတော့ သခင်အသစ်ရှာရတော့မယ်ထင်တယ်"
၄င်း ထွက်သွားတော့မည့်အချိန် မန်ဟိုက မပြောင်းလဲသောမျက်နှာထားဖြင့် အေးစက်စက်ပြောသည်။ "ဆိုတော့ မိုးကောင်းကင်ပြစ်ဒဏ်ကို ဘယ်လိုကျော်လွှားရမလဲတောင် ခင်ဗျားမသိဘူးပေါ့။ ဒါနဲ့များ ကိုယ့်ကိုကိုယ် ရှေးကောင်းကင်ငှက်လို့ ခေါ်နေသေးတယ်" သူ့က လှောင်ပြုံးပြုံးလိုက်သည်။
ကြက်တူရွေး ထိုလှောင်ပြုံးကို မြင်သောအခါ အမွှေးများထောင်သွားပြီး မန်ဟို့ကို စူးစူးဝါးဝါးကြည့်သည်။
"ငါမသိဘူးတဲ့လား" ၄င်းက ရှူးရှူးရှားရှား ပြောသည်။ "မင်းက ငါ့ကို ငါမသိဘူးလို့ပြောရဲတယ်လား... လွယ်လွယ်အရူးလုပ်လို့ရမယ်မထင်နဲ့" ၄င်းက ဆက်မပြောတော့ဘဲ မောက်မာသောအမူအရာဖမ်းရင်း အမွှေးများကို သနေသည်။
"ခင်ဗျားက တကယ်တော့ မျက်စိနောက်စရာကောင်းတဲ့ ငှက်အိုကြီးသက်သက်ပဲ" မန်ဟိုက ပုံမှန်အတိုင်း ပြောလိုက်သည်။ သူ၏လှောင်ပြုံးသည် ပို၍ထင်ရှားလာ၏။ သူက စကားဆက်မပြောချင်တော့သည့်အလား မျက်လုံးများပင်ပိတ်လိုက်သည်။
ကြက်တူရွေး ဒေါကန်သွားလေပြီ။ ၄င်းက သနေသောအမွှေးများကို ဆိတ်ရင်း ဟောက်သည်။ "ငါမသိဘူးလို့ ဘယ်သူပြောလဲ။ မိုးကောင်းကင်ပြစ်ဒဏ်ကို ဖိနှိပ်ပြီး အချိန်ဆွဲနိုင်တဲ့ နည်းလမ်းတစ်ခု ငါသိတယ်။ ငါမသိတဲ့ ကောင်းကင်မှော်ပညာဆိုတာ မရှိဘူးကွ"
"ဒီတော့ ခင်ဗျားတကယ်မသိတာပဲ" မန်ဟိုက ပေါ့ပေါ့ပါးပါးပြန်ဖြေသည်။
"မိုးကောင်းကင်ပြစ်ဒဏ်က အီးတုံးထက်မပိုဘူး" ကြက်တူရွေးက အော်သည်။ "ဟိုတုန်းကဆိုရင် ငါ့အသက်တစ်ရှိုက်လေးနဲ့ ပြစ်ဒဏ်ကို ကျော်လွှားနိုင်တယ်။ အခုတောင် အနည်းဆုံး နည်းလမ်းတစ်သောင်းသိတယ်...မဟုတ်သေးဘူး တစ်သန်းလို့ပြောချင်တာ။ ငါမင်းကို တစ်ခုပြောပြမယ်။ မင်းလုပ်ရမှာက အမြစ်နဲ့အရွက်တွေက မိခင်နဲ့သားလို ဆက်စပ်နေတဲ့ အံ့ဖွယ်သက်ရှိပုံစံတစ်ခုကို ရှာရမှာ။ အမြစ်ကို ဖျက်စီးမရသရွေ့ အရွက်တွေ ဘယ်တော့မှ မသေဘူး။ အရွက်တွေ ဘယ်တော့မှ မသေသရွေ့ အမြစ်တွေကို ဖျက်စီးလို့မရဘူး။ မင်း အမြစ်ကိုကိုင်၊ အရွက်ကိုသုံးပြီး မိုးကောင်းကင်ပြစ်ဒဏ်ကို ခုခံရမယ်။ အဲ့တာက ပြစ်ဒဏ်ကို ဘယ်လိုကျော်လွှားရမလဲဆိုတာပဲ
"မင်းအတွက် ကံဆိုးလွန်းတာက အံ့ဖွယ်သက်ရှိပုံစံတွေက အဲ့လောက်အတွေ့မများဘူး။ သူနဲ့ဆင်တူတာတွေတောင် အရမ်းရှားတာ။ အားလုံးမျိုးတုံးကုန်ပြီ။ မထင်မှတ်ဘဲ ရှာတွေ့ဖို့ဆို ကံအရမ်းအရမ်းကောင်းနေမှ။ မင်းကိုကြည့်လိုက်တာနဲ့ မဖြစ်နိုင်ဘူးလို့ ငါပြောနိုင်တယ်။ မင်းက အဲ့လိုလူမျိုးမဟုတ်ဘူး။ ပြောရရင် မင်းသေပြီ"
ကြက်တူရွေး၏စကားလုံးများက အမှန်တွင် မန်ဟို့၏မျက်လုံးများကို လက်ခနဲဖြစ်သွားစေသည်။ ကြက်တူရွေး၏စကားများကို သုံးသပ်ပြီးနောက်တွင် ၄င်းတို့က အတော်လေးယုတ္တိရှိပုံရလေသည်။ ထိုမျှသာမက လောလောဆယ်တွင် သူ့စိတ်သည် ချာချာလည်နေ၏။ အကြောင်းရင်းကား ကြက်တူရွေးဖော်ပြသွားသည်နှင့်အလွန်ဆင်တူသော အနက်ရောင်နယ်မြေမှ အံ့ဖွယ်သက်ရှိပုံစံကို သူတွေးမိသွား၍ပင်။
***