← Chapters

အရင်က မစမ်းဖူးဘူး

Vol. 24 Ch. 326

အရင်က မစမ်းဖူးဘူး

Vol. 24 Ch. 326

"အမြစ်ကို ဖျက်စီးမရသရွေ့ အရွက်တွေ ဘယ်တော့မှ မသေဘူး။ အရွက်တွေ ဘယ်တော့မှ မသေသရွေ့ အမြစ်တွေကို ဖျက်စီးလို့ မရဘူး...." မန်ဟိုက အစိတ်အပိုင်းများကို အတူတကွဆက်ကြည့်နေသဖြင့် မျက်လုံးများတွင် အတွေးများပြည့်နေလေသည်။ မိခင်နှင့်သားအကြားရှိ ပတ်သက်မှုမျိုး ပြသသော အံ့ဖွယ်သက်ရှိပုံစံတစ်ခု။ ကမ္ဘာပေါ်တွင် တစ်ခါမှ မမြင်ဖူးသလောက် ရှားသည်။

ယခု မန်ဟို့စိတ်ထဲ၌ ပေါ်လာသည်က လွန်ခဲ့သော နှစ်များက သူကြားခဲ့ရသည့် စကားလုံးများဖြစ်သည်။

"ပိုးကောင်ကို ဖျက်စီးမရသလို ချည်မျှင်ကို ဖြတ်တောက်လို့မရဘူး။ ချည်မျှင်ကို ဖြတ်တောက်လို့မရသလို ပိုးကောင်ကို ဖျက်စီးလို့မရဘူး" ဤစကားလုံးများသည် ပိုးစာမိုးကြိုးရွက်များ ကျွေးပါက အေးခဲနှင်းမှ အံ့ဖွယ်ပိုးကောင်ဟုခေါ်သည့် မျက်လုံးမဲ့ပိုးကောင်အသွင်ပြောင်းနိုင်သော သတ္တဝါတစ်ကောင်ကို ဖော်ပြနေသည်။

"အဲ့ဒီပိုးကောင်အပြင် တခြားနည်းလမ်းရှိပေမယ့် သူတို့ရဲ့ဖွံ့ဖြိုးမှုက မပြည့်ဝဘူး... " မန်ဟို သွေးကိုယ်ပွားများကို တွေးမိလိုက်သဖြင့် မျက်လုံးများ တောက်ပသွားသည်။

သွေးကိုယ်ပွားတစ်ကိုယ်စီ၏ ဗဟိုချက်က အသားဂျယ်လီ၏အရေပြားဖြစ်သည့်အတွက် သူမသေသရွေ့ ၄င်းတို့အား ဖျက်စီးမရပေ။ ဖျက်စီး၍ရလျှင်တောင် အလွယ်တကူ ပြန်လည်ဖန်တီးနိုင်သည်။ ၄င်းတို့မှာ ထာဝရမပျက်စီးနိုင်ဟု ပြောလျှင် အတန်ငယ် ချဲ့ကားရာရောက်သော်လည်း သတ်ဖြတ်ရန် အလွန်ခက်ခဲသည်ကတော့ အမှန်ပင်။

သို့သော် သွေးကိုယ်ပွားများ၏ ကျင့်ကြံခြင်းအခြေခံများမှ သူ၏ကျင့်ကြံခြင်းအခြေခံထံမှ လျှော့ချခံထားရသည်။ ဖျက်စီးရခက်သော်လည်း မိုးကောင်းကင်ပြစ်ဒဏ်ကို ရင်ဆိုင်ရသည့်အခါတွင်တော့ သွေးကိုယ်ပွားများ ရှုံးနိမ့်မည်ကို မန်ဟိုသိသည်။

မန်ဟို အတွေးထဲ နစ်မြောလျက် ထိုင်နေစဉ် ဘဝင်မြင့်နေသောကြက်တူရွေးက မန်ဟို့ကို အထင်သေးသလိုကြည့်သည်။ "အဲ့အကြောင်း တွေးတောင်မတွေးနဲ့" ၄င်းက ကောက်ကာငင်ကာ ပြောသည်။ "အင်မတန် ကံထူးတဲ့သူတွေပဲ အဲ့ဒီလို အံ့ဖွယ်သက်ရှိပုံစံတစ်ခု ရနိုင်တယ်။ ဥပမာ ငါကိုယ်တော် သခင်ငါးဆိုရင် တစ်ခါက အံ့ဖွယ်ကြာမြစ်ကို ရခဲ့ဖူးတယ်။ ငါ့လိုလူတွေပဲ အဲ့လိုမျိုးရနိုင်တာ"

မန်ဟိုက ကြက်တူရွေးကို ဘေးမဲ့ပေးပြီး ဆက်တွေးနေသည်။ ရုတ်တရက် အကြံအသစ်တစ်ခု သူ့ခေါင်းထဲတွင် ဖျတ်ခနဲ လက်သွားသည်။ ကြက်တူရွေး၏ စကားလုံးများက ပြစ်ဒဏ်ကိုကျော်လွှားရန်နှင့် စပ်လျဉ်းသော သူ၏ စိတ်တံခါးကို ဖွင့်ပေးခဲ့လေသည်။ သွေးအင်မိုတယ်အမွေအနှစ်နယ်မြေတွင် မဟုတ်တော့သဖြင့် ဤတစ်ခေါက် သူတစ်ယောက်တည်း စမ်းသပ်မှုကို ရင်ဆိုင်ရတော့မည်မဟုတ်ပါလော။

သူသည် ထိုကိစ္စကို အတော်ကြာကြာတွေးနေခဲ့လေသည်။ စောစောက ကြက်တူရွေး၏ စကားများက သူကို အလင်းပွင့်သွားစေခဲ့သည်။ အတွေးပေါင်းစုံ၊ မေးခွန်းပေါင်းစုံ သူ့စိတ်ထဲ၌ ပေါက်ကွဲထွက်သွားသည်။

"အံ့ဖွယ်သက်ရှိပုံစံတွေနဲ့ ပတ်သက်ပြီး" သူကတွေးသည်။ "ငါလုပ်နိုင်တဲ့ တခြားအရာရှိတယ်။ ပုံရိပ်ယောင်မန္တန်ဖန်တီးဖို့ ကောင်းကင်နဲ့မြေကြီးဆီက မိစ္ဆာချီကို ငှားယူနိုင်တယ်။ မန္တန်က ငါ့စိတ်ဆန္ဒကို သယ်ဆောင်ပြီး လူတွေကိုသတ်နိုင်တယ် မဟုတ်လား။ အဲ့တာနဲ့ မိုးကောင်းကင်ပြစ်ဒဏ်ကို ရင်ဆိုင်နိုင်မလား မသိဘူး..... မန္တန်က အားနည်းတာ ဆိုးလွန်းတယ်။ ဒါပေမဲ့ အဲ့တာက လေ့လာလို့ရတဲ့နယ်ပယ်တစ်ခုပဲလေ" သူ့တွင် တကယ်တမ်း အံ့ဖွယ်သက်ရှိပုံစံသုံမျိုးရှိနေပြီးဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် သူ၏မျက်လုံးများတောက်ပသွားသည်။

"ဒါ့အပြင် ငါ့မှာ အသားဂျယ်လီရှိတယ်" သူက တွေးလိုက်သည်။ သူ၏မျက်လုံးများ မသိမသာလင်းလက်သွားသည်။ ပြစ်ဒဏ်ကို ကျော်လွှားရာ၌ အသားဂျယ်လီကို အသုံးပြုခြင်းက သူ့အတွက်နောက်ဆုံးဖဲချပ်ဖြစ်သည်။ သူသည် အရင်ကတည်းက ၄င်း၏ မိုးကြိုးစားနိုင်စွမ်းကို သတိပြုပြီး ဖြစ်လေသည်။

"မေ့လိုက်တော့၊ ဒီတိုင်းမေ့လိုက်တော့လို့" ကြက်တူရွေးက မန်ဟို့ကို စွေစောင်းကြည့်ရင်း ပြောသည်။ ၄င်းက အရာခပ်သိမ်းကို နှံ့နှံ့စပ်စပ် သိရှိသော မျက်နှာထားဖြင့် သက်ပြင်းချလိုက်သည်။ "အဲ့ဒီနည်းလမ်းက သေချာပေါက် ခက်လွန်းတယ်။ ကောင်းကင်အားလုံးမှာ သခင်ငါးတစ်ယောက်ပဲ အဲ့လိုမျိုးစွမ်းဆောင်နိုင်တယ် ထင်တယ်။ အင်း တခြားသူတွေဆိုရင်တော့ အိပ်မက်ထဲမှာပဲ ဖြစ်နိုင်တယ်

"သခင်ငါးက စာပေကျမ်းဂန်နှံ့စပ်တဲ့ ရှေးကောင်းကင်ငှက်လေ။ အကုန်သိတယ် ဟုတ်ပြီလား။ ငါ မင်းကို နောက်တစ်နည်းပြောပြမယ်။ ဒီတစ်ခုက သိပ်မခက်ဘူး။ တကယ်တော့ တော်တော်လေးလွယ်ကူတယ်။ ဒါပေမဲ့ ကံထူးတဲ့သူတွေပဲ ရမှာ

"သိပ်မရှုပ်ထွေးဘူး။ မင်းဘေးမှာ မိုးကြိုးဝိညာဉ်တစ်ကောင် ထားရုံပဲ။ ဒါဆို ပြစ်ဒဏ်ကို ကျော်လွှားဖို့ အများကြီးပိုလွယ်မှာ။ အခြေခံအားဖြင့် အင်မတန် နက်နဲတဲ့ကျင့်ကြံခြင်းအခြေခံရှိတဲ့ ကျင့်ကြံသူတစ်ယောက်၏ ဝိညာဉ်နဲ့စရမှာ။ ဒါဆို ဝိညာဉ်ကိုယ်ကို ပြောင်းဖို့ မိုးကြိုးကို ဖြေးဖြေးချင်းသုံးလို့ရပြီ။ အချိန်ကြာလာတာနဲ့အမျှ မိုးကြိုးပမာဏကို တဖြေးဖြေး တိုးရမယ်။ ဝိညာဉ် မပျက်စီးဘူးလို့ယူဆပြီး နောက်ဆုံး အဲ့ဒီဝိညာဉ်ကို မင်းသုံးချင်တဲ့ မိုးကြိုးဝိညာဉ်အဖြစ်ပြောင်းလိုက်" ကြက်တူရွေးသည် သမ်းပြီးနောက် ကျင့်ကြံခြင်းဂူအပြင်သို့ လျှပ်တပြက် ပျံထွက်သွားသည်။ အပြင်ရောက်သည်နှင့် ၄င်းသည် ၄င်းဘာသာ ကြေညာထားသော ကောင်းကင်မှော်ပညာနှင့်ပတ်သက်၍ ကျင့်ကြံသူများအား နောက်တစ်ကြိမ်ပို့ချတော့သည်။

မန်ဟိုက ကြက်တူရွေးပြောခဲ့သည့် မိုးကြိုးဝိညာဉ်အကြောင်းတွေးရင်း ကျင့်ကြံခြင်းဂူထဲတွင် တင်ပျဉ်ခွေနေသည်။ သူ၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခုပေါ်လာပြီး အချိန်အနည်းငယ်ကြာသော် သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ သူ့လက်ထဲတွင် သွေးမျက်နှာဖုံးပေါ်လာ၏။ သူက ကြက်တူရွေးပေါ်လာပြီးနောက် အသားဂျယ်လီမေ့သွားသော လီမျိုးနွယ်စုခေါင်းဆောင်ကြီးကို ရှာရန် အထဲသို့ သူ၏စိတ်ဝိညာဉ်အာရုံကို ပို့လွှတ်လိုက်သည်။

လီမျိုးနွယ်စုခေါင်းဆောင်ကြီးမှာ ယခင်ကကဲ့သို့ ချုံးချုံးကျမနေတော့ပေ။ သို့သော် မန်ဟို့ကို မြင်လိုက်သည်နှင့် သူ့တစ်ကိုယ်လုံးတုန်ရီသွားသည်။ သိသာစွာပင် သူ၏အသားဂျယ်လီအပေါ် ကြောက်လန့်မှုမှာ ဂိတ်ဆုံးသို့ရောက်နေလေပြီ။

မန်ဟိုက လီမျိုးနွယ်စုခေါင်းဆောင်ကြီး၏ ဝိညာဉ်ကိုယ်ကို စူးစမ်းရင်း ထိုလူ့ကို လှည့်ပတ်လိုက်သည်။ တခဏကြာသော် သူ၏မျက်လုံးများ တောက်ပလာသည်။

ထိုကဲ့သို့ မျက်လုံးများတောက်ပသွားခြင်းက လီမျိုးနွယ်စုခေါင်းဆောင်ကြီးကို ဖိန့်ဖိန့်တုန်အောင် ကြောက်သွားစေသည်။

"မင်း ဘာ....ဘာကြံနေတာလဲ" သူက သိချင်စိတ်ပြင်းပြစွာဖြင့် မေးသည်။ အလွန်သနားဖွယ်ကောင်းသောအရာတစ်ခု သူ၏ဝိညာဉ်ကိုယ်တွင် ဖြစ်ပျက်တော့မည့်အလား မကောင်းသောခံစားချက်ကြီးရနေလေသည်။ အသားဂျယ်လီ၏ ညှင်းပန်းနှိပ်စက်မှုဒဏ်ခံရပြီးနောက် သေခြင်းအား ရွေးချယ်စရာမလိုသည့်တိုင် သူ့မှာ ယခင်ကကဲ့သို့ ထောင်လွှားမောက်မာခြင်းမရှိတော့ပေ။

မန်ဟိုက ဘာမှမပြောပေ။ လီမျိုးနွယ်စုခေါင်းဆောင်ကြီးကို တခဏလေ့လာပြီးနောက် သူက စိတ်ဝိညာဉ်အာရုံဖြင့် တစ်စုံတခုလုပ်လိုက်ရာ သွေးမျက်နှာဖုံးအတွင်း၌ လျှပ်စီးတန်းတစ်တန်းပေါ်လာသည်။ ၄င်းက ဂျိန်းခနဲ ထစ်ချုန်း၍ လီမျိုးနွယ်စုခေါင်းဆောင်ကြီး၏ဝိညာဉ်ကိုယ်ကို ပစ်ချလိုက်သည်။

"သေပါပြီ သောက်ကျိုးနဲ မင်းဘာလုပ်နေတာတုန်း" သူ့မှာ တုန်ရီသွားပြီး သူ၏ဝိညာဉ်ကိုယ်မှာ လွင့်စင်ပြိုကွဲတော့မည့်အလား မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည်။

မန်ဟိုက ခေါင်းညိတ်ပြီးနောက် စိတ်ဝိညာဉ်အာရုံကို သုံးကား လျှပ်စီးတန်းတစ်တန်းပြီးတစ်တန်း ဆင့်ခေါ်သည်။ ၄င်းတို့က ငယ်သံပါအောင် အော်ဟစ်နေသော လီမျိုးနွယ်စုခေါင်းဆောင်းကြီးထံ ထိုးဆင်းသွားသဖြင့် ထစ်ချုန်းသံများ မြည်ဟည်းနေတော့သည်။

ဤအတိုင်း နှစ်နာရီကြာပြီးနောက်ဆုံး လီမျိုးနွယ်စုခေါင်းဆောင်ကြီး၏ဝိညာဉ်ကိုယ် မှေးမှိန်လာတော့သည်။

"သောက်ရူး" လီမျိုးနွယ်စုခေါင်းဆောင်ကြီးက အံကြိတ်ရင်း ပြောသည်။ " ကျပ်မပြည့်တဲ့ကောင်၊ ပြီးတော့ အိပ်မက်ဆိုးတွေပေးသွားတဲ့ ဟိုအသားဂျယ်လီ။ တစ်ရက်ရက်ကျရင် ငါလက်စားပြန်ချေမယ်" သူသည် အဆက်မပြတ် ကျိန်ဆဲနေသော်လည်း အတွင်းတွင်တော့ သနားဖွယ်ကောင်းပြီး သက်ပြင်းများ အဆက်မပြတ်ချနေ၏။

ကျင့်ကြံခြင်းဂူထဲတွင် မန်ဟို၏မျက်လုံးများ ပွင့်လာသည်။

"လီမျိုးနွယ်စုခေါင်းဆောင်ကြီးမှာ ထူးခြားတဲ့ ကျင့်ကြံခြင်းအခြေခံရှိတယ်။ ပြီးတော့ မိုးကြိုးဝိညာဉ်ဖြစ်လာဖို့ လိုအပ်ချက်တွေအားလုံးနဲ့ ကိုက်ညီတယ်။ အခုကစပြီး သူ့ကို မိုးကြိုးနဲ့အသားကျအောင်လုပ်ဖို့ ငါ့မှာရှိသမျှနည်းလမ်းအကုန် သုံးရမယ်။ မျက်လုံးမဲ့ပိုးကောင်ကိုလည်း လိုတယ်။ ဒါပေမဲ့ အဲ့တာမတိုင်ခင် ပြီးပြည့်စုံသော ရွှေအမြုတေအတွက် လိုအပ်တဲ့ နောက်ဆုံးဆေးပင်ကို အရှာထွက်ရမယ်" မန်ဟိုသည် စိတ်ပိုင်းဖြတ်ပြီး ဟွမ်ဒရှန်းကို စိတ်ဝိညာဉ်အာရုံဖြင့် ရှာလိုက်သည်။

သူသည် လောလောဆယ်တွင် ကြက်တူရွေးတစ်ကောင် ပုံစံအမျိုးမျိုးဖြင့် ဟိုဟိုသည်ပျံသန်းနေသော အဖွဲ့တစ်ဖွဲ့အထက်တွင် ပျံဝဲနေသည်ကို အားရကျေနပ်စွာ ကြည့်နေ၏။ ရုတ်တရက် မန်ဟို့အသံက သူ့ခေါင်းထဲတွင် ပဲ့တပ်လာသဖြင့် ဟွမ်ဒရှန်းတစ်ကိုယ်လုံး တုန်ရီသွားသည်။ ထို့နောက် သူ့စိတ်မှာ မန်ဟိုလိုအပ်သော ဆေးပင်၏ပုံရိပ်ဖြင့် ခတ်နှိပ်ခံလိုက်ရသည်။

လဝက်ကြာသော် မန်ဟိုသည် သူ၏ ကျင့်ကြံသူတစ်ရာကျော် စုံစမ်းရှာဖွေပေးထားသည့် ဆေးပင်အချက်အလက် ပါရှိသော ကျောက်စိမ်းပြားတစ်ပြားကို ငုံ့ကြည့်နေသည်။ ထို့နောက် သူက ထရပ်ပြီး ကျင့်ကြံခြင်းဂူမှ ထွက်လာသည်။

"ကိုးပြည်ထောင်စုအဖွဲ့ဝင် တုန်းလော့မြို့တော်" ကျောက်စိမ်းပြားအတွင်းတွင် သိပ်မဝေးသော တုန်းလော့မြို့တော်၏တည်နေရာအား မှတ်သားထားသည့် အနက်ရောင်နယ်မြေမြေပုံတစ်ခုလည်း ရှိသည်။

ယခုတွင် မန်ဟိုသည် နောက်လိုက်တစ်ရာ၏ကျေးဇူးကြောင့် အနက်ရောင်နယ်မြေ၏ အင်အားဖွဲ့စည်းပုံနှင့် ရင်းနှီးနေလေပြီ။ အနက်ရောင်နယ်မြေနန်းတော်နှင့် ကိုးပြည်ထောင်စုမှလွဲဲ၍ အနက်ရောင်နယ်မြေများမှာ သင်းကွဲကျင့်ကြံသူများဖြင့် ပြည့်နေသည်။ ရံဖန်ရံခါ အဖွဲ့များစုပေါင်း၍ အသေးစားအခြေစိုက်စခန်းများ တည်ဆောက်ကြသည်လည်း ရှိသည်။ တချို့က အင်အားကြီးသည်၊ တချို့က အင်အားနည်းသည်။ သို့သော် မည်သို့ဆိုစေ စည်းလုံးမှုမရှိသောပြည်နယ် ဖြစ်လေသည်။

မန်ဟိုအလိုရှိသည့် ပါဝင်ပစ္စည်းမှာ သိပ်မရှားသော စိတ်ဝိညာဥ်သစ်ခွရွက်ဖြစ်သည်။ ပြောခဲ့သည့်အတိုင်း အသေးစားအခြေစိုက်စခန်းများတွင် ရှိမည့်အရာတော့ မဟုတ်ပေ။ အဓိကမြို့တော်ကိုးမြို့ထဲက တစ်မြို့မြို့တွင်သာ ရရှိနိုင်လိမ့်မည်။

သူရရှိထားသော အချက်အလက်အရ တုန်းလော့မြို့တော်တွင် မကြာမီ လေလံပွဲကျင်းပလိမ့်မည်။ ဆေးပင်များနှင့်အတူ ဆေးလုံးများ ရောင်းချမည်ဖြစ်သည်။ စိတ်ဝိညာဥ်သစ်ခွရွက်မှာမူ ဒဏ်ရာများ တိုက်ရိုက်ကုသရန် စားသုံးနိုင်သည့်အတွက် လူတော်တော်များများ ဝယ်ချင်ကြမှ သေချာသည်။

မန်ဟိုသည် တစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ကျင့်ကြံခြင်းဂူနယ်ပယ်မှ ထွက်လာပြီး အင်္ကျီလက်စခါလိုက်သည်။ သူသည် အလင်းတန်းအသွင်ပြောင်း၍ အဝေးသို့ လျှပ်စီးတန်းသဖွယ် ထွက်သွားတော့သည်။

ကမ္ဘာဦးကောင်းကင်အားဖြည့်ဆေးလုံး၏အကူအညီကြောင့် သူ၏ဆံပင်သည် တစ်ဖန်ပြန်လည် နက်မှောင်သွားပြီး မျက်ဝန်းများက နက်နဲနေသည်။ ဝတ်ဆင်ထားသည့် အစိမ်းရောင်ဝတ်ရုံ၏ ထင်ဟပ်မှုကြောင့် သူ၏ပုံပန်းသွင်ပြင်မှာ ချောမောခန့်ညားနေ၏။ သူ့နဖူးတွင် ကြေးခွံလိုလို၊ ငှက်မွှေးလိုလို ဖြစ်သည့်တိုင် တစ်ခုမှမဟုတ်သော အမှတ်အသားတစ်ခုရှိသည်။ ခြုံပြောရလျှင် သူသည် တမူထူးခြားနေ၏။

သူ ကျင့်ကြံခြင်းဂူမှ ထွက်လာသည်နှင့် အသားဂျယ်လီနှင့် ကြက်တူရွေးလည်း လိုက်ပါလာသည်။

သူတို့တရိပ်ရိပ်ပျံသန်းနေစဥ် ကြက်တူရွေးသည် အသားဂျယ်လီကို အဆက်မပြတ် အပြစ်တင်နေပြီး အသားဂျယ်လီကလည်း တရစပ် ပြန်ရန်တွေ့သည်။ ဤကဲ့သို့ နှစ်ကောင်သား ရံဖန်ရံခါ ထသတ်ရင်း ရက်အနည်းငယ် ကုန်လွန်သွားသည်။ နောက်ဆုံးတွင် ကြက်တူရွေးက ၄င်း၏ဝှက်ဖဲအား ထုတ်သုံးတော့သည်။ ၄င်းမှာ 'မင်းသိချင်လား' ဆိုသော မေးခွန်းတသီတတန်းကြီးဖြစ်ရာ အသားဂျယ်လီမှာ မခံရပ်နိုင်တော့ဘဲ ခေါင်းလောင်းသေးသေးလေးအသွင်ပြောင်း၍ ကြက်တူရွေး၏ ခြေထောက်တွင် သွားချိတ်လိုက်တော့သည်။

နောက်ဆုံးတွင် ကြက်တူရွေးသည် မန်ဟို့ပခုံးပေါ် ဆင်းပြီး တစ်ကောင်တည်းသာရှိသည့် တစ်လောကလုံး၏ ရိုလေးစားခံ ကောင်းကင်ငှက်ဖြစ်ကြောင်း ပြောနေသောမျက်နှာပေးဖြင့် နားနေသည်။

သူတို့အောက်ရှိမြေကြီးမှာ မည်းနက်နေပြီး ရံဖန်ရံခါ အနက်ရောင်အပင်များကို တွေ့ရသည်။ ၄င်းတို့အားလုံးမှာ အလွန်အန္တရာယ်များမည့်ပုံပင်။ တစ်ချိန်လုံး မန်ဟိုသည် တစ်ကြိမ်လေးပင် မရပ်နားဘဲ မြေပုံပေါ်တွင်ဖော်ပြထားသည့်အတိုင်း တုန်းလော့မြို့တော်ကိုပျံသန်းနေ၏။

ရက်အနည်းငယ်ကြာပြီးနောက် တစ်ညနေတွင် အစိမ်းရောင်မြို့တစ်မြို့အရှေ့တွင် ပေါ်လာသည်။ ၄င်းသည် ကြီးကျယ်ခမ်းနားခြင်းမရှိသော်လည်း လေးထောင့်ပုံသဏ္ဍာန်ရှိပြီး အပင်များဖြင့် တည်ဆောက်ထားပုံရသည်။

မြို့နံရံများမှာ လိမ်ယှက်နေသောအပင်များမှ ဖန်တီးထာခြင်းဖြစ်သည်။ အပင်များဖြစ်ပေါ်လာသော အစိမ်းရောင်က မြို့တော်ကို အနက်ရောင်မြေကြီးနှင့် အလိုလိုကွဲထွက်နေစေသည်။

မြို့အလယ်တွင် သစ်ပင်များပေါက်ရောက်နေ၏။ သစ်ပင်အားလုံးတွင် ပြန့်ကားပြီး တစ်ခုနှင့်တစ်ခု လိမ်ယှက်နေသော ဧရာမအကိုင်းအခက်များစွာရှိသည်။ မြို့တော်မှာ အထပ်နှစ်ထပ်ရှိပုံရသည်။ တစ်ထပ်က မြေပေါ်တွင်ဖြစ်ပြီး နောက်တစ်ထပ်က ကောင်းကင်တွင် ဖြစ်သည်။

ဧရာမသစ်ပင်ကြီးတစ်ပင်တည်းဖြင့် တည်ဆောက်ထားသော တတိယအထပ် မြို့အတွင်းပိုင်းလည်းရှိသည်။ အဝေးမှကြည့်လျှင် မြို့တော်သည် အလွန်ဆန်းပြားနေ၏။ မန်ဟို့မျက်လုံးများ တောက်ပလာသည်။

သူတို့ ချဥ်းကပ်လာစဥ် ထွေးယှက်နေသောအပင်ကြီးရှစ်ပင်မှ ဖြစ်ပေါ်လာသည့် မြို့ဂိတ်ပေါက်ကို မြင်လိုက်၏။ ကျင့်ကြံသူများက မြို့ဂိတ်၌ ဝင်လိုက်ထွက်လိုက်လမ်းလျှောက်နေကြပြီး မြို့ထဲတွင် ကျင့်ကြံသူအတော်လေးများလေသည်။

မြို့၏ ဗဟိုရှိ ဧရာမသစ်ပင်ကြီး၏ထိပ်တွင် မီတာဒါဇင်များစွာရှည်လျားသော ဧရာမဖီးနစ်ငှက်တစ်ကောင်ဖြစ်ပုံပေါ်သည့်အကောင်တစ်ကောင် နားနေသည်။ ၄င်းတွင် တောက်ပနေသော ကြက်သွေးရောင်အမွှေးများရှိပြီး အတိုင်းထက်အလွန်လှပလေသည်။

အနီးကပ်ကြည့်ပါက ဖီးနစ်ငှက်မဟုတ်ဘဲ ဒေါင်းတစ်ကောင်ဖြစ်နေသည်။

၄င်းက မာနကြီးသောမျက်နှာထားဖြင့် မြို့တော်ကို ဝေ့ကြည့်တတ်သည်။ ကျင့်ကြံခြင်းအခြေခံစွမ်းအား ထုတ်လွှတ်မနေသော်လည်း အင်အားကြီးသော ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသေးရာ အဝေးမှ မန်ဟိုပင် အာရုံရလိုက်သည်။ ယင်းက သူ၏သူငယ်အိမ်များကို ကျုံ့သွားစေသည်။

ဒေါင်းမျက်လုံးထဲရှိ အကြည့်မှာ ဘယ်သူ့မှ သူ့အကြည့်နှင့်မတန်ကြောင်း ပြောနေသည့်အလားပင်။ ၄င်းသည် မြင်မြင်သမျှအရာအားလုံးကို အထင်သေးလျက် မောက်မာစွာ ကြည့်နေသည်။

ရုတ်တရက် ကြက်တူရွေး၏ရေရွတ်သံကို မန်ဟိုကြားလိုက်ရသည်။ "ရာရာစစ ခွေးမက သခင်ငါးရဲ့ ရှေ့မှာ အဲ့လိုပြုမူရဲရတယ်လို့"

မန်ဟိုသည် ကျောက်စိမ်းပြားထဲတွင် ဤကြက်သွေးရောင်ဒေါင်းအကြောင်း ဖတ်ခဲ့ပြီးဖြစ်သည်။ ၄င်းက တုန်းလော့မျိုးနွယ်စု၏ သန့်စင်သောတိရစ္ဆာန်ဖြစ်သည်။ မသိရသော အကြောင်းပြချက်တချို့ကြောင့် ၄င်းသည် ရံဖန်ရံခါ မြို့ကိုပတ်၍ပျံသန်းတတ်သည်။ ထိုမြင်ကွင်းကိုမြင်သူတိုင်း ၄င်း၏အလှကို မချီးမွမ်းပဲမနေနိုင်ပေ။

သူတို့ မြို့ထဲဝင်ရောက်တော့မည်အချိန်မှာပင် မန်ဟိုတစ်ယောက် သူ့အနားရှိကြက်တူရွေး ဖားဖိုကြီးလိုအသက်ရှူနေသည်ကို ကြားလိုက်ရသည်။

"အီး ၊ အနီးကပ်ကြည့်တော့မှ မင်းရဲ့အထာပေးနေတဲ့ အကြည့်ကိုတွေ့တော့တယ်.....အဟင်းဟင်း ငှက်နီလေးရေ ငါ အရင်က တစ်ခါမှ မစမ်းကြည့်ဖူးဘူးကွ" မန်ဟို ၄င်း၏အဓိပ္ပါယ်ကို တွေးပင်မတွေးနိုင်ခင် ကြက်တူရွေးကား မရှိတော့ပေ။ မန်ဟိုမှာ လေထဲတွင် လှိုင်းဂယက်များ ထသွားပြီး ရောင်စုံအလင်းတန်းတစ်တန်း ဒေါင်းထံ တဟုန်ထိုးတက်သွားသည်ကိုသာ ငေးကြည့်နေမိတော့သည်။

***

All Chapters