စိတ်တိုနေသော တုန်းလော့လင်း
Vol. 24 Ch. 327
ဖြစ်ပျက်သွားသည်က လျင်မြန်လွန်းသည်။ မန်ဟို့မှာ ပါးစပ်အဟောင်းသားနှင့် ကျန်ခဲ့လေသည်။ သူ မတုံ့ပြန်နိုင်ခင် အမြန်ဆုံးနှုန်းဖြင့် လေကိုခွင်းကို သွားနေသော ရောင်စုံအလင်းတန်းကို မြင်လိုက်ရသည်။ ၄င်းမှာ ကြယ်ပျံတစ်စင်းသဖွယ် အလှဂုဏ်မောက်နေသော ကြက်သွေးရောင်ဒေါင်းထံ ဦးတည်သွားနေ၏။
ထိုရောင်စုံအလင်းတန်းထဲတွင်တော့ ခေါင်းမော့လျက် တဟုန်ထိုးသွားနေသော ကြက်တူရွေး ရှိသည်။ ၄င်းက လှံထိပ်သဖွယ် ခန္ဓာကိုယ်ကို စုထားပြီး ၄င်း၏ ကွေးကောက်ပြီးချွန်နေသော နှုတ်သီးက အေးစက်သောအလင်းကိုထုတ်လွှတ်နေသည်။
မန်ဟို အမြင်မှားသည်လား မသေချာသော်လည်း ၄င်း၏မျက်လုံးများမှာ စိတ်လှုပ်ရှားမှုအပြင် ခိုင်မာပြတ်သားသောစိတ်ဆန္ဒနှင့် ရမ္မက်မီးတိို့ဖြင့် တောက်ပနေပုံရလေသည်။
၄င်းက မယုံနိုင်ဖွယ်ရာ အမြန်နှုန်းဖြင့် ရွေ့လျားနေသည်။ အသက်တစ်ရှိုက်တွင် ဒေါင်းထံမှ အတော်လေးအလှမ်းဝေးသေး၏။ နောက်တစ်ရှိုက်တွင်တော့ ၄င်းအပေါ်ရောက်သွားလေပြီ။
ကြက်သွေးရောင်ဒေါင်း၏ ခန္ဓာကိုယ်ပေါ်ရှိအမွှေးများအားလုံး ထောင်သွားပြီး ၄င်း၏ပိုင်နက်ကို ကျူးကျော်လာသူတိုင်းအား သတိပေးရန် ဖီးနစ်ငှက်တစ်ကောင်၏ကြီးမားသောအင်အားကို ထုတ်လွှတ်ရင်း လှပသောခေါင်းလေးကိုလှည့်လိုက်သည်။ မန်ဟို့မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး မူးမိုက်သွားလေသည်။ သူ့မှာ ဖြစ်ပျက်နေသောအရာနှင့်ပတ်သက်၍ ရုတ်တရက် ခံစားချက်မကောင်းတော့ပေ။ ကြက်တူရွေးဖြစ်သည့် ရောင်စုံအလင်းတန်းက ဒေါင်း၏တင်ပါးထံ တန်းတန်းမတ်မတ် ဦးတည်သွားလေသည်......
ဂီးးးးး
လှပကြောရှင်းခဲ့ဖူးသော ဒေါင်းထံမှ ငယ်သံပါအောင် အော်သံကြီး ပဲ့တင်ထပ်လာသည်။ ဖော်ပြမတတ်နိုင်သောနာကျင်မှုက ၄င်းကို လွှမ်းခြုံသွားသဖြင့် အသံမှာ စိတ်မချမ်းမြေ့ဖွယ်ကောင်းနေတော့သည်။
၄င်း၏ အမွှေးများ အဆုံးထိထောင်သွားပြီးအမူအရာမှာ ရှုံ့မဲ့သွား၏။ ၄င်းမှာ မတင့်တယ်တော့သည့်အပြင် ၄င်း၏အလှတရားမှာ ယခုတွင် ဆင်းရဲဒုက္ခခံနေရသည့်အသွင်ပြောင်းသွားသည်။ ၄င်းမှာ တဆတ်ဆတ်တုန်နေပြီး ၄င်းအော်သံက တုန်းလော့မြို့တစ်မြို့လုံး ဖုံးလွှမ်းသွားရာ ကျင့်ကြံသူအတော်များများကို သတိထားမိသွားစေသည်။ အကုန်လုံး တအံ့တသြမော့ကြည့်လိုက်ကြသည်။
သူတို့မြင်လိုက်ရသည်မှာ အမြဲ အလှဂုဏ်မောက်နေသော ဒေါင်းသည် ယခုတွင် မချိတင်ကဲအော်ဟစ်ရင်း တုန်ရီနေ၏။ ၄င်းက ကိုယ်ပေါ်က တစ်ခုခုကို ခါရန်ကြိုးစားနေသည့်အလား တောင်ပံများကို တဖျပ်ဖျပ်ခတ်ရင်း လေထဲတွင် ဆောက်တည်ရာမရ ပျံသန်းနေသည်။
၄င်း၏အားထုတ်မှုများမှာ အချည်းနှီးပင်။ ၄င်း အော်ဟစ်နေစဥ် ၄င်း၏မျက်လုံးများ အနီရောင်ပြောင်းသွားပြီး တဟုန်းဟုန်းတောက်နေသော မီးပင်လယ်တစ်စင်း ၄င်း၏ပတ်ပတ်လည်တွင် ပေါ်လာသည်။ မီးပင်လယ်အတွင်းတွင် ဒေါင်းမှာ ငယ်သံပါအောင် ဆက်လက်အော်ဟစ်နေသည်။ ၄င်း၏အမွှေးများမှာ ရူးသွပ်မှုကြောင့် ပေါက်ကွဲတော့မတတ် ထောင်နေတော့သည်။
မြို့ရှိ ကျင့်ကြံသူအားဘုံးမှာ ဘာဖြစ်နေသည်လဲ မသိသဖြင့် ပါးစပ်အဟောင်းသားနှင့် ကြည့်နေကြသည်။ သို့သော် လောလောဆယ်တွင် ဒေါင်းမှာ အသည်းခိုက်မတတ် နာကျင်နေသည်ကိုတော့ သူတို့အားလုံးအာရုံရလေသည်။
ဤအခိုက်အတန့်တွင် တုန်းလော့မြို့၏ကျင့်ကြံသူမျိုးနွယ်စုဝင်များ ထွက်လာပြီး စိုးရိမ်နေဟန်ဖြင့် ဒေါင်းထံသို့ ပျံသန်းလာကြသည်။ သူတို့ထဲကတစ်ယောက်သည် မြစိမ်းရောင်ဂါဝန်အရှည်ကို ဝတ်ဆင်ထားသော မိန်းမပျိုလေးတစ်ယောက်ဖြစ်၏။ သူမ၏ပုံပန်းသွင်ပြင်မှာ လှပပြီး ဆွဲဆောင်မှုရှိသော်လည်း ဒေါင်းထံချဥ်းကပ်လာစဥ် သူမ၏ သမင်မျက်ဝန်းလေးများတွင် စိုးရိမ်သောကများ ပြည့်နေသည်။
"ဒေါင်းနီလေး ဘာဖြစ်လို့လဲ..." သူမကပြောသည်။ သူမအသံမှာ သံစဥ်လေးသဖွယ် သာယာလေသည်။
အောက်ရှိ ကျင့်ကြံသူများ သူမကို မြင်သည်နှင့်တစ်ပြိုင်နက် တီးတိုးပြောလာကြသည်။
"အဲ့တာ တုန်းလော့မျိုးနွယ်စုရဲ့ နတ်သမီးလေးတုန်းလော့လင်းပဲ...."
"အနက်ရောင်နယ်မြေက အလှဆုံးအမျိုးသမီးကျင့်ကြံသူ သုံးယောက်ထဲကတစ်ယောက် တုန်းလော့လင်း"
ဤအချိန်တွင် မန်ဟိုမှာ ခေါင်းငုံ့ပြီး မြို့ထဲ ခပ်သုတ်သုတ်ဝင်လိုက်သည်။ သူ့မှာ ခေါင်းကြိမ်းနေလေပြီ။ သူက လူအုပ်ကြီးထဲ ဝင်ရောပြီး မျက်နှာဖြူဖပ်ဖြူလျော်နှင့် ကောင်းကင်ရှိ မီးတောက်များကို မော့ကြည့်လိုက်သည်။ ဒေါင်း၏ စူးစူးဝါးဝါးအော်သံများမှာ ပဲ့တင်ထပ်နေဆဲပင်။
"ငလူးမ ကြက်တူရွေး" မန်ဟိုက အံကြိတ်ရင်း တွေးလိုက်သည်။ သို့သော် သူတတ်နိုင်သည့်အရာမရှိပေ။ ကြက်တူရွေး၏ စိတ်အလိုလိုက်မှုကို သူစဥ်းစားမိခဲ့သင့်၏။ ၄င်းကြေးမုံထဲတွင် ပိတ်နေတုန်းက ဤကဲ့သို့အရာမျိုးမှာ မန်ဟို့၏ ထိန်းချုပ်မှုအောက်တွင် ဖြစ်သည်။ သို့သော် ယခု ၄င်းမှာ လွတ်လပ်သွားသည့်အတွက် လှပသောအမွှေးတောင်များနှင့်ဒေါင်းကိုမြင်သည့်အခါ ၄င်းကို၄င်း မထိန်းချုပ်နိုင်တော့ပေ။
"ငါ ဒီကောင့်ကို ဒီကိုခေါ်လာတာ သူများတွေ သိလို့မဖြစ်ဘူး...." သူက မျက်မှောင်ကြုတ်တွေးလိုက်သည်။ အပေါ်တွင် ဒေါင်းက ထပ်အော်ပြန်သည်။ ယခုတွင် ဒေါင်း၏ တင်ပါးနားတွင် ရွှီးခနဲရွေ့လျားသွားသော ရောင်စုံအလင်းတန်းတစ်တန်းကို မြင်လိုက်ရသည်။ ဘယ်သူ့မှာ အတွင်းရှိအရာကို ရှင်းရှင်းလင်းလင်းမမြင်ရခင် ၄င်းသည် အရှိန်တင်ပြီး ဒေါင်းထံ ပြန်ဦးတည်သွား၏။
ဒေါင်းမှာ ရှောင်ရန် ကြိုးစားလိုက်သော်လည်း မရပေ။ လူများ ဤအခြင်းအရာကို မြင်သောအခါ ဆွံ့အစွာသာ ကြည့်နေနိုင်တော့သည်။
သူတို့စောစောက မြင်လိုက်သည့်အရာအပေါ် အခြေခံ၍ လှပသော ကြက်သွေးရောင်ဒေါင်း အဘယ်ကြောင့် ဤမျှမချိတင်ကဲအော်နေသည်လဲ နားလည်သွားကြသည်။
လူတိုင်းက သူတို့၏အံ့သြမယုံနိုင်မှုများအား ထုတ်ပြောလိုက်သဖြင့် စကားသံများ ချက်ချင်းဆူညံသွားသည်။
"အဲ့တာ...."
"အဲ့တာ ဘာကြီးလဲ။ သူလုပ်နေတာက...."
"ရောင်စုံအလင်းက ဝင်နေတယ်...ဗုဒ္ဓေါ။ ဒီလိုလုပ်တတ်တဲ့မှော်ပစ္စည်း ရှိလို့လား။ ဘာကြီးလဲ။ ရက်ရက်စက်စက်ကြီးကို ထိုးသွင်းနေပါ့လား....."
မန်ဟိုမှာ အံကြိတ်၍ လူကြားထဲတွင် ရပ်နေသည်။ သူ့မျက်နှာ မီးမြှိုက်ခံနေသည့်အလား ခံစားနေရပြီး ထိုရောင်စုံအလင်းတန်းကို ခေါ်လာခဲ့သူမှာ သူဖြစ်ကြောင်း လူတိုင်းသိသွားမှာစိုးနေလေသည်။
တုန်းလော့မျိုးနွယ်စု ကျင့်ကြံသူများမှာ ဒေါင်းကို မည်သို့ကယ်တင်ရမည်လဲ အသည်းအသန်စဥ်းစားရင်း လေလယ်၌ ရပ်နေကြသည်။ တုန််းလော့လင်း၏မျက်နှာမှာ စိုးရိမ်သောကများဖြင့်ပြည့်နေသည်။ သို့သော် ရောင်စုံအလင်းတန်း၏မြင်ကွင်းက သူတို့ကို မျက်လုံးပြူးလျက်သာ ကြည့်နေမိစေသည်။
ကြက်သွေးရောင်ဒေါင်း၏အော်သံများမှာ သနားဖွယ်ကောင်းပြီး ၄င်း၏မျက်လုံးများတွင် ရှက်ရွံမှုနှင့် နာကျင်မှုတို့ပြည့်နှက်နေသည်။ ရုတ်တရက် ၄င်းမှာ တဆတ်ဆတ်တုန်လျက် မြေပေါ်ပြုတ်ကျလာသည်။ တုန်းလော့မျိုးနွယ်စုကျင့်ကြံသူများက ကမန်းကတန်းပြေးလာ၏။ သူတို့အနားရောက်လာစဥ် ရောင်စုံအလင်းကပျောက်ကွယ်သွားပြီး မောဟိုက်နေသောအသံသာ ချန်ထားခဲ့သည်။
တုန်းလော့မျိုးနွယ်စု ကျင့်ကြံသူများ၏မျက်နှာများ အတိုင်းအထက်အလွန် ပျက်သွားသည်။ တုန်းလော့လင်းမှာ ဒေါသမီးတဟုန်းဟုန်းတောက်နေသည်။ အချိန်အနည်းငယ်ကြာသော် တစ်မြို့လုံးအား အဝင်အထွက် ပိတ်လိုက်၏။ တုန်းလော့မျိုးနွယ်စုကျင့်ကြံများ ထပ်မံပေါ်လာပြီီး အသတ်အဖြတ်စိတ်ဆန္ဒနှင့် ဒေါသများဖြင့် ဟုန်းဟုန်းတောက်လျက် ရောင်စုံအလင်းကို လိုက်ရှာတော့သည်။
သူတို့သာ ထိုလျှို့ဝှက်ဆန်းကြယ်သော ရောင်စုံအလင်းကိုရှာတွေ့လျှင် မည်မျှရက်စက်သောနည်းလမ်းများဖြင့် နှိပ်စက်မည်ကို တွေးသာကြည့်နိုင်လေသည်....
ကြက်သွေးရောင်ဒေါင်းမှာတော့ လောလောဆယ် အရေးပေါ်ကုသရန် ခေါ်ဆောင်သွားခံရသည်....
လူအုပ်ကြီးနှင့်အတူ ခွဲထွက်လာစဥ် မန််ဟို့မျက်နှာမှာ အရုပ်ဆိုးနေတော့သည်။ ကြက်တူရွေး ဘယ်သွားသည်လဲ သူမသိပေ။ ၄င်းသာ ရုတ်တရက် သူ့ပခုံးပေါ်တွင်ပေါ်လာခဲ့လျှင် သူ ဤမြို့မှ ချက်ချင်းထွက်သွားရလိမ့်မည်။
အသားဂျယ်လီကဖြင့် တကယ်တမ်းလူကြီးလူကောင်းပီသကြောင်း ရုတ်တရက်တွေးမိလိုက်၏....
ညက တုန်းလော့မြို့ကို လွှမ်းခြုံသွားသည့်အခါတွင် စောစောကအဖြစ်အပျက်သည် ကျင့်ကြံသူမျိုးစုံကြားထဲပျံ့နှံ့သွားသည်။ ထိုညနှောင်းပိုင်းတွင် တုန်းလော့မျိုးနွယ်စုတစ်စုလုံး ဒေါသူပုန်ထနေတော့သည်။
တုန်းလော့မျိုးနွယ်စု၏ စံအိမ်တွင် တုန်းလော့လင်းသည် တဆတ်ဆတ် တုန်လျက် အိပ်ပျော်နေသော ကြက်သွေးရောင်ဒေါင်းကို နှစ်သိမ့်ရင်း မျက်ရည်များဖြင့် ရပ်နေသည်။ ၄င်းတစ်ချက်တုန်သွားတိုင်း သူမမျက်လုံးများတွင် အသတ်အဖြတ်စိတ်ဆန္ဒ လင်းလက်သွား၏။
"အဲ့ဒီရောင်စုံအလင်းကို တွေ့အောင်ရှာမယ်" သူမက အံကြိတ်ရင်းပြောသည်။ "တွေ့ရင် အရိုးတခြားအသားတခြား ဖြစ်အောင်လုပ်ပစ်မယ်"
ထိုအချိန်တွင် မန်ဟိုသည် စားသောက်ဆိုင်တစ်ဆိုင်ရှိ အခန်းတစ်ခန်း၌ သုန်မှုန်လျက်ထိုင်နေသည်။ နောက်ဆုံး၌ ကြက်တူရွေးပေါ်လာသဖြင့် သူကတရားထိုင်နေရာမှ မျက်လုံးဖွင့်ပြီး သက်ပြင်းဖွဖွချလိုက်သည်။
၄င်းသည် ယခင်အတိုင်း အသားဂျယ်လီခေါင်းလောင်းကို ခြေမှာချိိတ်လျက် ရောင်စုံကြက်တူရွေးပုံစံပင်။ ၄င်း၏ မျက်နှာအမူအရာမှာ မောက်မာသည့်ဟန်ရှိပြီး မျက်လုံးများတွင် အားရကျေနပ်မှုတို့ ပြည့်နှက်နေသည်။
"ဟေး သခင်ငါးပြန်ရောက်ပြီ" ၄င်းက ရင်ကိုကော့ရင်း စားပွဲပေါ်တွင် ရှေ့လျှောက်လိုက်၊ နောက်လျှောက်လိုက်လုပ်ပြီး မန်ဟို့ကို ခေါင်းမော့ကြည့်သည်။
"ပျော်ခဲ့ရဲ့လား" မန်ဟိုက ခံစားချက်မဲ့သောမျက်နှာထားဖြင့် အေးစက်စွာ မေးသည်။
"သိပ်ပျော်တာပေါ့" ကြက်တူရွေးက ပြန်ဖြေသည်။ ၄င်းသည် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး ၄င်း၏မျက်နှာပေါ်က မောက်မာမှုပျောက်ကွယ်သွားကာ ပြန်ပြောင်းသတိရနေသည့်ဟန်ပေါ်လာသည်။
"ငါ အဲ့ဒီလို အရောင်တစ်ရောင်ထဲရှိတဲ့ ငှက်တွေအများကြီးနဲ့ လုပ်ခဲ့ဖူးတယ်" ၄င်းက သက်ပြင်းချလိုက်သည်။ "တစ်နှစ်တုန်းက သူတို့ရဲ့ဘိုးဘေးနဲ့တောင် လုပ်ခဲ့သေးတယ်။ ဒါပေမဲ့ ငါမစမ်းခဲ့ဖူးတာ ကြက်သွေးရောင်ပဲကျန်ခဲ့တာ။ မဆိုးဘူး တကယ့်ကိုမဆိုးဘူး"
"ခင်ဗျားဆိုတာ သိသွားရင် ဘယ်လောက်ဒုက္ခရောက်တော့မယ်ဆိုတာ သိလား" မန်ဟိုကပြောသည်။
"ဘာတွေကြောက်နေတာလဲ" ၄င်း၏မျက်နှာမှာ ကိုယ့်ကိုကိုယ် အထင်ကြီးနေသောဟန်ဖြင့် ပြည့်နှက်နေသည်။ "သခင်ငါးကိုယုံကြည်၊ ထာဝရဘဝရမည်။ သခင်ငါးပေါ်လာ ဘယ်ကောင်ရန်ဖြစ်ရဲမှာ။ ငါ့ကို ယီးတားယားတားလုပ်ရဲရင် သေအောင်သတ်ပစ်မယ်။ အဲ့ ငှက်လို သူတို့ကို လုပ်ပစ်မှာပေါ့။ မင်းကိုပြောတာမဟုတ်ဘူးနော်။ ငှက်တွေမှာ မင်းတို့လူတွေလို ဇွဲရှိတယ်။ ဇွဲ ၊ အဲ့တာကမှသော့ချက်ကွ။ ကြည့် မင်းကိုကူညီပေးဖို့ ငါ့မှာတာဝန်ရှိတယ်။ ကဲ ကျယ်ကျယ်လိုက်ဆိုမယ်..."
ကြက်တူရွေး၏ခြေထောက်က ခေါင်းလောင်းပေါ်တွင် တည်ကြည်လေးနက်သောမျက်နှာတစ်ခု ရုတ်တရက်ပေါ်လာသည်။ "မင်းက အကျင့်မကောင်းဘူး။ အရမ်းယုတ်မာလွန်းတယ်။ ငါ့ဘဝရဲ့တာဝန်က မင်းကို သေချာပေါက်ပြောင်းလဲဖို့ပဲ အယုတ်တမာငှက်ရဲ့"
ကြက်တူရွေးက အသားဂျယ်လီကို အထင်သေးသောဟန်ဖြင့်ကြည့်သည်။ "ပိတ်ထားစမ်း ခွေးမသား ၊ ဒီလိုဟာမျိုးလုပ်ဖို့ ငါက မင်းကို ခေါ်သွားလို့လား။ မင်း ဟိုနှစ်က ဟင်းလင်းပြင်မျောက်ဝံကို မှတ်မိသေးလား။ ငါနဲ့အတူ မင်းကိုခေါ်သွားခဲ့လား။ မခေါ်သွားခဲ့ဘူးလား။ မီးတောက်ဖီးနစ်ငှက်ရော။ ငါနဲ့အတူ ခေါ်သွားခဲ့လား၊ မသွားခဲ့လား။ ကြယ်ပင်လယ်က ဟိုအမွေးထူထူငါးကြီးရော ဒါမှမဟုတ် အဋ္ဌမတောင်က ဟိုကျားရော။ မဟာရွှေနဂါးရော ဘယ်လိုလဲ။ အဲ့အကြောင်းမေ့သွားပြီလား"
အသားဂျယ်လီမှာ တခဏ တွန့်သွားပြီးနောက် အံကြိတ်ကာ ပြောသည်။ "အား... မင်းငါ့ကို အတင်းခိုင်းခဲ့တာလေ"
မန်ဟိုသည် ဘေးတွင် တိတ်ဆိတ်စွာ ရပ်ကြည့်နေ၏။ ပထမက သူသည် ယနေ့ဖြစ်ခဲ့သည့်အရာနှင့်ပတ်သက်၍ နည်းနည်းပါးပါးပြောရန် တွေးထားခဲ့သော်လည်း ကြက်တူရွေး ၄င်း၏'အောင်မြင်မှုများ'ကို ရွတ်ပြနေသည်ကိုကြားသော် ပြောစရာမရှိကြောင်း ရုတ်တရက် သဘောပေါက်လိုသည်။ သူ့မှာ သက်ပြင်းချရင်း ထိုနှစ်ကောင်ကို လျစ်လျူရှုကာ မျက်လုံးများပိတ်၍ တရားထိုင်လိုက်သည်။
တုန်းလော့မျိုးနွယ်စုမှာ သူတို့၏အဖိုးထိုက်ရတနာအားလုံး၊ နတ်ဘုရားအာရုံအားလုံးဖြင့် တစ်ညလုံး အစွမ်းကုန်ရှာဖွေနေတော့သည်။ ၄င်းတို့အားလုံးမှာ အချည်းနှီးပေ။ ဤသို့ဖြင့် ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေစဥ် သုံးရက်သည် တဖြေးဖြေးကုန်ဆုံးသွား၏။
သုံးရက်အတွင်း မန်ဟိုအပြင်နှစ်ခါထွက်ခဲ့သည်။ အကြိမ်တိုင်း ကြက်တူရွေးသည် ဟိတ်ဟန်အပြည့်ဖြင့် သူ့ပခုံးပေါ်တွင်နားရင်း လိုက်ပါလာတတ်သည်။ တုန်းလော့မျိုးနွယ်စုဝင်များနှင့် ရံဖန်ရံခါ ပက်ပင်းတိုးသော်လည်း ကြက်တူရွေးအား သံသယရှိပုံမပေါ်ပေ။
" စိတ်မပူပါနဲ့ကွာ " ကြက်တူရွေးက ပြောသည်။ "ငါ ဒီလိုမျိုး အများကြီးလုပ်ဖူးတယ်၊ တစ်ခါမှအဖမ်းမခံရဘူး ။ သခင်ငါးရဲ့ဒဏ္ဍာရီတွေပဲ ကျန်ခဲ့တာ။ ဒါမဲ့ ဘယ်သူမှ ငါ့ရဲ့ပုံစံအစစ်အမှန်ကို မသိဘူး"
မန်ဟိုက ပြန်မဖြေ။
အပြင်နှစ်ခါထွက်သည့်အတောအတွင်း မန်ဟိုသည် ဆယ်ရက်အတွင်းကျင်းပမည့် လေလံပွဲအကြောင်းစုံစမ်းပြီး စိတ်ဝိညာဥ်သစ်ခွရွက်အား လေလံတင်မည်ကိုအတည်ပြုနိုင်ခဲ့သည်။
သူသည် စျေးနှုန်းနှင့်ပတ်သက်၍လည်း စုံစမ်းသည်။ ဤအပင်မှ နှစ်အနည်းကြာတိုင်း လေလံပွဲတွင် ပေါ်လာတတ်ပြီး စျေးနှုန်းက အမြဲ ဝိညာဥ်ကျောက်တုံးတစ်သောင်းစွန်းစွန်းဖြစ်သည်။
မန်ဟို့တွင် ဝိညာဥ်ကျောက်တုံးများများစားစားမရှိသော်လည်း ကျီဟုန်တုန်၏အိတ်ထဲတွင် သာလွန်အဆင့် ဝိညာဥ်ကျောက်တုံးများနှင့်အတူ သာမန်ဝိညာဥ်ကျောက်တုံး နှစ်သောင်းခန့်ရှိသည်။ ဆေးလုံးများပွားရန်အတွက်တော့ သိပ်မများသော်လည်း စိတ်ဝိညာဥ်သစ်ခွရွက်ကို ဝယ်ရန် လုံလောက်ပြီး အနည်းငယ်ကျန်သင့်သေးလေသည်။
လေးရက်မြောက်နေ့ညနေတွင် မန်ဟို အခန်းထဲ၌ တင်ပျဥ်ခွေထိုင်နေသည်။ ရုတ်တရက် သူ၏မျက်လုံးများ ပွင့်လာပြီး သက်ပြင်းချလိုက်၏။ သူခန့်မှန်းထားသည့်အတိုင်း ပြဿနာက သူ့ကို လာရှာလေပြီ။ သူက တံခါးကို မော့ကြည့်လိုက်သည်။
မကြာခင် ၄င်းသည် ပေါက်ကွဲပြီး အစအနများက အခန်းထဲ လွင့်စင်လာသည်။
***