← Chapters

အင်အားတည်ဆောက်ခြင်း

Vol. 24 Ch. 328

အင်အားတည်ဆောက်ခြင်း

Vol. 24 Ch. 328

တံခါး အစိတ်စိတ်အမြွှာမြွှာဖြစ်သွားသည့်နှင့် ကြက်တူရွေးမှာ ဝှစ်ခနဲ ပျောက်ချင်းမလှ ပျောက်သွားတော့သည်။ ဘယ်နားသွားပုန်းလဲ မသိသော်လည်း ၄င်းသည် သူ့မျက်နှာပေါ်က အကြည့်ကို မြင်ပြီး ၄င်းရှာခဲ့သည့်ပြဿနာကို သိသွားကြောင်း သေချာသည်။ သို့သော် ကိုယ့်အရှုပ်ထုပ်ကိုယ်ရှင်းမည့်အစား မန်ဟို့ကို လွှဲချခဲ့လေသည်။ မန်ဟိုမှာ ပို၍စိတ်တိုသွားတော့သည်။

သူ၏မျက်လုံးမှာ အေးစက်သွား၏။ ကြီးနိုင််ငယ်ညင်းဝါဒသည် အနက်ရောင်နယ်မြေများတွင် အသက်ရှင်သန်ရေးနည်းလမ်းအဖြစ် အလေးအမြတ်ထားခံရသည်။

အနက်ရောင်နယ်မြေများတွင် အကြောင်းပြချက်ဟူ၍ မရှိ၊ ခွန်အားသာရှိသည်။

အင်အားကြီးမားသူသည် မြို့များကို သိမ်းပိုက်၍ မျိုးနွယ်စုများကို ကျွန်ပြုနိုင်သည်။ အနက်ရောင်နယ်မြေများတွင် မည်သည့်အရာကိုမဆို လုပ်နိုင်ပြီး ဘယ်သူကမှ သူတို့အကျိုးစီးပွားမထိခိုက်သရွေ့ ဘာမှလုပ်မည်မဟုတ်ပေ။ အခြားသူတစ်ယောက်၏ ပိုင်နက်ကို မကျူးကျော်လျှင် ကျင့်ကြံသူများမရေမတွက်နိုင်အောင် သတ်ဖြတ်ခဲ့စေကာမူ သူတို့က နည်းနည်းလေးပင် အဖက်လုပ်မည်မဟုတ်။

ဥပမာဆိုလျှင် ကိုးပြည်ထောင်စုအဖြစ် ပေါင်းစည်းထားသော မျိုးနွယ်စုကိုးစုသည် နှစ်ပေါင်းများစွာတစ်လျှောက် အကြိမ်များစွာ ပြောင်းလဲခဲ့၏။ မျိုးနွယ်စုတစ်စု ပေါ်ထွက်လာလျှင် အခြားတစ်စုသည် ယနေ့အထိ ကျဆင်းသွားခဲ့သည်။

တံခါးဖျက်စီးခံရပြီးနောက် အေးစက်သောအလင်းရောင်နှင့်အတူ လူနှစ်ယောက် အခန်းထဲဝင်ရောက်လာသည်။ သူတို့ သူအပေါ် ဆင်းသက်လာစဥ် မန်ဟိုက အေးစက်စက်နှာမှုတ်လိုက်သည်။ အမှန်တွင် သူသည် တာဝန်ရှိသူဖြစ်သော်လည်း အရေးမကြီးပေ။ သူက အသတ်အဖြတ်စိတ်ဆန္ဒထုတ်ဖော်ရင်း တင်ပျဥ်ခွေထိုင်နေ၏။ သူ၏ညာလက်သည် လျှပ်စီးသဖွယ် မြောက်တက်သွားပြီး လက်တစ်ချောင်းတိုက်ကွက်က ရှေ့ထွက်သွားသည်။

စူးစူးဝါးဝါးအော်သံကြီး လေတွင် ပြည့်နှက်သွားပြီး အလောင်းတစ်လောင်း တံခါးမှ လွင့်ထွက်သွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ကျန်ရှိသောလက်လေးချောင်းသည် လက်သည်းကြီးသဖွယ် ကွေးကောက်သွားပြီး အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူ၏လည်မျိုကို ဆုပ်ကိုင်လိုက်သည်။

ထိုလူမှာ မည်မျှ ရုန်းကန်ရုန်းကန် တစ်လက်မပင် မလှုပ်နိုင်ပေ။ မန်ဟိုသည် ထိုလူ၏ကျင့်ကြံခြင်းအခြေခံအတွင်းသို့ စိတ်ဝိညာဥ်အာရုံ ချက်ချင်း ပို့လွှတ်၍ တင်းတင်းကြပ်ကြပ် ချုပ်နှောင်လိုက်သည်။

တိုက်ခိုက်သောအခါ လူတစ်ယောက်သည် တုံ့ဆိုင်းခြင်းမရှိရသလို အားနည်းချက်ကိုလည်း မဖော်ပြရပေ။ ယင်းက အနက်ရောင်နယ်မြေများ၏ အခြေခံစည်းမျဥ်းပင်။

မန်ဟိုသည် ပကတိတည်ငြိမ်သော မျက်နှာထားဖြင့် တံခါးကို လှမ်းကြည့်သည်။ အပြင်တွင် အနက်ရောင်ဝတ်ရုံများ ဝတ်ဆင်ထားသော ကျင့်ကြံသူ ရှစ်ဦးရပ်နေသည်။ သူတို့၏အမူအရာများမှာ လေးနက်နေသော်လည်း အခန်းထဲမဝင်ရဲပေ။ ထိုအစား မန်ဟို့ကို သတိရှိရှိကြည့်နေကြသည်။

"တုန်းလော့လင်း" မန်ဟိုက အေးစက်စွာပြောသည်။ "ဒါက တုန်းလော့မျိုးနွယ်စု ဧည့်သည်တွေကို ဆက်ဆံတဲ့ပုံလား။ မင်း ရှင်းပြရင် ရှင်းပြ၊ မဟုတ်ရင် မင်းခေါင်းကို ရိုက်ခွဲပစ်မယ်"

အပြင်ရှိလူများ တိတ်ဆိတ်နေစဥ် အမျိုးသမီးတစ်ယောက် သူတို့အနောက်မှ လမ်းလျှောက်ထွက်လာသည်။ သူမသည် မြစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အတော်လေးလှ၏။ သူမအသားအရေမှာ လေညင်းလေးတစ်ချက်ကပင် ပွန်းပဲ့စေမည့်ပုံပေါ်သည်အထိ အလွန်နူးညံ့လေသည်။ ဤသည်မှာ တုန်းလော့လင်းကလွဲ၍ တခြားမဟုတ်ပေ။ သူမသည် မျက်ခုံးလေးနှစ်ဖက်တွန့်ချိုးလျက် မန်ဟို့အခန်းကို စိန်းစိန်းဝါးဝါးကြည့်နေသည်။

"ငါဘယ်သူလဲဆိုတာ သိမှတော့ ငါ့လူကို အခုချက်ချင်းလွှတ်လိုက်တာ ကောင်းမယ်။ ပြီးရင် နည်းနည်းပါးပါး ဆွေးနွေးကြတာပေါ့" သူမအသံသည် နှစ်လိုဖွယ်ကောင်းသော်လည်း အေးစက်နေ၏။ သူမ၏ကျင့်ကြံခြင်းအခြေခံမှာ သာမန်မဟုတ်ပေ။ အမြုတေဖြစ်တည်မှု စဦးပိုင်းအဆင့်ဖြစ်ဟန်တူသည်။

မန်ဟိုက သွားပေါ်အောင် ပြုံးလိုက်သည်။ သူသည် စာပေသမားပုံစံရှိသော်လည်း ယခုတွင် ရက်စက်ကြမ်းကြုတ်သောအသွင်ကို ပိုင်ဆိုင်ထားလေပြီ။ သူက ရုတ်တရက် ညာလက်ကို ဆုပ်လိုက်သည်။ ကျိုးအက်သံအကျယ်ကြီး ကြားလိုက်ရသည်။ အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူ၏လည်ပင်း အစိတ်စိတ်အမြွှာမြွှာကျိုးသွားသည့်အတွက် သူ၏ခန္ဓာကိုယ်မှ ဆန့်ငင်ဆန့်ငင်ဖြစ်သွားတော့သည်။ သူအသက်မရှိတော့သည့်အခါ မန်ဟိုက ထရပ်ပြီး တံခါးထံ ရိပ်ခနဲ ထွက်သွားသည်။

တုန်းလော့ရင်းက လှောင်သလိုရယ်သည်။ သူမက တုပ်တုပ်မှ မလှုပ်ပေ။ သူမ လူသေအလောင်းကို ငုံံ့ကြည့်လိုက်စဥ် သူမပတ်လည်ရှိ အဘိုးကြီးရှစ်ယောက်က ရုတ်တရက် မန်ဟို့ကိုတားရန် လှုပ်ရှားလိုက်သည်။ သူတို့ထဲက နှစ်ယောက်မှာ ဆံဖြူအဘိုးကြီးနှစ်ယောက်ဖြစ်သည်။ သူတို့၏ အကြည့်များသည် လျှပ်စီးသဖွယ် လင်းလက်နေပြီး အရပ့်မြင့်မြင့် ထောင်ထောင်မောင်းမောင်း ဖြစ်လေသည်။ အံဖွယ်ကောင်းစွာ သူတို့၏လက်မောင်းပေါ်တွင် ဆေးမင်ကြောင်အရုပ်များပင် ရှိနေသည်။ သို့သော် သူတို့မှာ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများနှင့် မတူပေ။ သူတို့၏ကျင့်ကြံခြင်းအခြေခံသည် အမြုတေဖြစ်တည်မှုအလယ်အလတ်အဆင့် ဖြစ်၏။ သူတို့ခန္ဓာကိုယ်က တုန်းလော့လင်းကို ကာကွယ်ရန် လျှပ်တပြက်ရွေ့လျားသွားကြသည်။

သူတို့သည် မြန်သော်လည်း မန်ဟိုက ပို၍ပင် မြန်သေးသည်။ မျက်တစ်ခတ်အတွင်း သူက တံခါးအပြင်ရောက်နေလေပြီ။ သူက အကျီလက်စကို ခါလိုက်ရာ လေမုန်တိုင်းတစ်လုံး ရုတ်တရက် ရိုက်ခတ်သွားသည်။ ၄င်းက အရပ်မျက်နှာအနှံ့ တဝေါဝေါတိုက်ခတ်သွားပြီး ကျင့်ကြံသူရှစ်ယောက်ကို သွေးအန်ပြီး ခန္ဓာကိုယ်များ တုန်ရီသွားစေသည်။ သူတို့အားလုံး အံ့အားသင့်နေသောမျက်နှာများဖြင့် နောက်ဆုတ်လိုက်ကြသည်။

ဤအခြင်းအရာက တုန်းလော့လင်း၏မျက်နှာကို ပြောင်းလဲသွားစေပြီး သူမ တွေးပင်မတွေးမိလိုက်ခင် သူငယ်အိမ်များ ကျဥ်းမြောင်းသွား၏။ သူမအရှေ့ရှိ အဘိုးကြီးနှစ်ယောက် မျက်နှာပျက်သွားသည်။

မန်ဟိုသည် ယခင်အတိုင်း တည်ငြိမ်အေးဆေးစွာဖြင့် တုန်းလော့လင်းအနားကပ်လာသည်။ အဘိုးကြီးနှစ်ယောက်၏မျက်လုံးများ လက်ခနဲဖြစ်သွားပြီး သူတို့က မုဒြာလက်ကွက်များဖော်ရင်း ပြေးတက်လာကြသည်။ သူတို့၏ ကျင့်ကြံခြင်းအခြေခံ စွမ်းအားများဖြင့် တဟုန်းဟုန်းတောက်လောင်နေစဥ် သူတို့၏မှော်ပညာရပ်များ ပေါ်ပေါက်လာသည်။

"အမြုတေချီမရှိဘူး" မန်ဟိုက လုပ်ယူထားသော မောက်မာသောအသွင်ဖြင့် ပြောသည်။ "ပိုးကောင်တွေ" သူစကားပြောလိုက်ချိန်မှာပင် သူ၏ညာလက်သည် မြောက်တက်သွားပြီးနောက် လက်သီးပုံစံဖြင့် အောက်သို့ကျဆင်းလာသည်။

ဘုန်း

အဘိုးကြီးနှစ်ယောက်ထဲက တစ်ယောက်၏မျက်နှာတွင် တုန်လှုပ်သွားသော အမူအရာ ဖုံးလွှမ်းသွားသည်။ သူ ရွတ်ဖတ်နေခဲ့သော မှော်ပညာရပ်မှာ ချက်ချင်း ပြိုကွဲသွား၏။ မယုံကြည်နိုင်ဖွယ် အားကြီးက သူ့ကိုရိုက်နှက်လိုက်သည့်အလား ခံစားရပြီး ပါးစပ်မှ သွေးများပန်းထွက်က နောက်သို့ ယိုင်သွားသည်။

ကျန်အဘိုးကြီးမှာမူ မျက်လုံးများ ကျဥ်းမြောင်းသွားပြီး မာန်သွင်းဟိန်းဟောက်ကာ တိုက်ခိုက်လိုက်သည်။ မန်ဟို၏ဘယ်လက်က ဆန့်ထွက်လာပြီး ထိုလူ၏နဖူးကို ဖွဖွလေးတောက်လိုက်သည်။ ရုတ်တရက် မန်ဟိုတစ်ယောက်တည်းသာ မြင်ရသည့် မိစ္ဆာချီ ထွက်ပေါ်လာသည်။ ၄င်းက ထိုလူအထဲ စီးဝင်ပြီး သွေးကြောများကို ဖောင်းပွသွားစေရာ သူ၏မျက်လုံးများတွင် တွေဝေမှုများ ပြည့်နှက်သွားသည်။

ဤအရာအားလုံး တခဏလေးအတွင်းဖြစ်ပျက်သွားပြီးနောက်တွင် မန်ဟိုသည် တုန်လှုပ်နေသော တုန်းလော့လင်းအရှေ့ ရောက်နေလေပြီ။

သူမ စိတ်လိုက်မာန်ပါ လုပ်ခဲ့မိပြီး ပြိုင်ဘက်မှာ သူမထက် အဆများစွာ အစွမ်းထက်နေကြောင်း တုန်းလော့လင်းသိလိုက်သည်။ ယခု သူမလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ စိတ်တိုတိုနှင့် ပြောရန်သာ။ "ငါ့မျိုးနွယ်စုရဲ့မြို့တော်မှာ ငါ့ကိုတကယ်အာခံရဲလား။ နင်သေချာပေါက်သေပြီသာမှတ်"

မန်ဟိုက သူမကို အေးစက်စွာ လှမ်းကြည့်သည်။ ထို့နောက် သူက ညာလက်ကိုမြှောက်ပြီး သူမကို လှမ်းဆွဲတော့မည့်အချိန် ရုတ်တရက် မျက်မှောင်ကြုတ်ပြီး ရပ်တန့်လိုက်၏။ ထို့နောက် သူ့လက်ကိုမြေကြီးထံ ညွှန်လိုက်သည်။ မမြင်နိုင်သော မိစ္ဆာချီများ အဘက်ဘက်မှ အပြေးအလွှားရောက်လာပြီး မန်ဟို့ကို လည်ပတ်နေသည့်အတွက် စားသောက်ဆိုင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါလာသည်။ ၄င်းသည် အဝေးမှ သူ့ထံသို့ ဦးတည်လာနေသော အနက်ရောင်လှံတစ်ချောင်းကို ကာကွယ်ရန် ဒိုင်းအသွင်ပြောင်းလိုက်သည်။

လှံသည် ကလေးတစ်ယောက်၏လက်အရွယ်မျှ အလုံးတုတ်ပြီး လည်နေသော ခပ်ရှုပ်ရှုပ်အပြောက်အမွမ်းများဖြင့် ဖုံးနေသည်။ ၄င်းက လေကိုခွင်း၍လာနေပြီး မန်ဟို့ကို ဝန်းရံထားသည့် မိစ္ဆာချီဝဲကြီးကို ဝင်ဆောင့်သည်။ ပေါက်ကွဲသံကြီး ပဲတင်ထပ်သွားပြီး လှံမှာ တုန်ခါကာ တစစီဖြစ်သွားသည်။ အပိုင်းအစများက အစိမ်းရောင်ချီအသွင်ပြောင်း၍ အဘက်ဘက်သို့ ကွဲထွက်သွားသည်။ သို့ရာတွင် လှံထိပ်က ပျောက်မသွားဘဲ ရေဝဲကို စိုက်ကျန်ရစ်ခဲ့သည်။ ၄င်း ထိုးဖောက်ဝင်ရောက်လာတော့မည့်အချိန်မှာပင် မန်ဟိုက လှံထိပ်ကို လှမ်းထိလိုက်၏။

သူ ၄င်းကို ထိလိုက်သည်နှင့် လှံထိပ်သည် တုန်ခါပြီးနောက် အမြုတေချီအပိုင်းအစများအဖြစ် ပေါက်ကွဲသွားသည်။

တုန်းလော့လင်းက ဤအခြေအနေကို အခွင့်ကောင်းယူ၍ နောက်သို့ မီတာနှစ်ဆယ် ဆုတ်လိုက်သည်။ သူမမှာ ထွက်ပြေးတော့မည့်ပုံပင်။ မန်ဟိုက အေးအေးဆေးဆေးပြောသည်။ "ဒီကိုပြန်လာခဲ့"

ရိုးရှင်းသော စကားလုံးများဖြစ်သော်လည်း ၄င်းတို့ကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် တုန်းလော့လင်းမျက်နှာဖြူဆုပ်သွားသည်။ သူမတစ်ကိုယ်လုံး ရုတ်တရက်လှုပ်မရတော့ကြောင်း တွေ့လိုက်ရလေသည်။

စောစောက မန်ဟို နဖူးတောက်ခဲ့သော အဘိုးကြီးမှာ စိတ်လွတ်သွားသည့်အလား ကြောင်တောင်တောင်ဖြစ်နေသည်။ သူ့မှာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်သကဲ့သို့ တုန်းလော့လင်းကို ချုပ်ပြီး သူမကိုဆွဲကာ မန််ဟိုဆီ ပျံသန်းလာသည်။

ဤအခိုက်အတန့်တွင် မန်ဟိုက ခေါင်းမော့ပြီး အဝေးသို့လှမ်းကြည့်သည်။ ညနေစောင်းအချိန်ဖြစ်သည့်အတွက် ကျင့်ကြံသူများအား မည်သည့်နေရာတွင်မှ မမြင်ရပေ။ စားသောက်ဆိုင်ပင်လျှင် လူရှင်းနေပုံရသည်။ သို့သော် အဝေးတွင် သက်လတ်ပိုင်းလူတစ်ယောက် ခေါင်းမိုးထိပ်တွင် ရပ်နေသည်။ သူ၏ခန္ဓာကိုယ်မှာ အရိုးခြောက်သဖွယ် ပိန်းချုံးခြောက်ကပ်နေ၏။ သို့သော် သူသည် သိက္ခါရှိသောအရှိန်အဝါကို ထုတ်လွှတ်လျက် မန်ဟို့ကို ကြည့်နေသည်။

သူတို့နှစ်ယောက်၏အကြည့်ဆုံသွားပြီး စိတ်ဝိညာဥ်အာရုံနှစ်ခုက ပြင်းထန်သောဖိအားကို ထုတ်လွှတ်ရင်း ထိပ်တိုက်တွေ့သည်။ မမြင်ရသော လှိုင်းဂယက်များ ရိုက်ခတ်သွား၏။ မန်ဟိုက လှုပ်ရှားခြင်းမရှိသော်လည်း သက်လတ်ပိုင်းလူ၏မျက်နှာ ရိပ်ခနဲဖြစ်သွားပြီး သွေးအန်ရင်း နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။

"ဒီတော့" မန်ဟိုက သွေးအေးသောအသံဖြင့်ပြောသည်။ "အမြုတေဖြစ်တည်မှု အလယ်အလတ်အဆင့် အမြုတေချီက ပိုးကောင်ထက် နည်းနည်းလေးပဲသာပါလား"

"အရှင် သင်က ဘယ်သူပါလဲ" သက်လတ်ပိုင်းလူက နှိမ့်ချ၍ပြောသည်။ " ကျွန်တော်တို့ တုန်းလော့မျိုးနွယ်စုကို ဘာကြောင့် သင့်ရဲ့ရန်သူဖြစ်စေချင်တာလဲ" သူ၏အမူအရာသည် တည်ကြည်လေးနက်နေပြီး မန်ဟို့ကျင့်ကြံခြင်းအခြေခံကို မမြင်နိုင်သည့်ပုံရသည်။

"လူကြီးမင်း အဲ့တာ ကျုပ် ခင်ဗျားကို မေးချင်တဲ့ မေးခွန်းပဲ" မန်ဟိုက တည်ငြိမ်စွာ ပြန်ဖြေသည်။ "ကျုပ်မှာ တုန်းလော့မျိုးနွယ်စုနဲ့ ရန်ကြွေးမရှိဘူး။ ဘာကြောင့် ခင်ဗျားလူတွေကို လွှတ်ပြီး ကျုပ်ကိုသတ်ဖို့ကြိုးစားတာလဲ"

တုန်းလော့လင်းက အံကြိတ်ပြီး မုန်းတီးသော မျက်ဝန်းများဖြင့် မန်ဟို့ကို ကြည့်သည်။ "ဒေါင်းနီလေး ဒဏ်ရာရတဲ့နေ့ကနေ ဒီနေ့အထိ လူဆယ့်သုံးယောက်ပဲ မြို့တော်ကိုဝင်ရောက်ခဲ့တယ်။ ငါကိုယ်တိုင် တခြားဆယ့်နှစ်ယောက်ကို သွားကြည့်ပြီးပြီ။ နင်က နောက်ဆုံး၊ပြီးတော့သံသယဝင်စရာအကောင်းဆုံးပဲ" သူမမှာ ယခုတွင် ကြက်သွေးရောင်ဒေါင်း ပျံပင်မပျံနိုင်တော့သည့်အပြင် အိပ်တိုင်း အမြဲတုန်ရီနေတတ်သည်ကို ပြန်တွေးမိတိုင်း မန်ဟို့ကို အရိုးထဲထိအောင် မုန်းတီးလေသည်။

မန်ဟိုက မျက်နှာသုန်မှုန်သွားသည်။ သူ၏အေးစက်သောအသံထွက်လာသည်။ "ဘယ်လောက်ရယ်စရာကောင်းလိုက်သလဲ။ မင်း ပြဿနာရှာဖို့ သက်သက်မဲ့ကြိုးစားနေတာပဲ" သူက ရှင်းပြရန်ပင် မကြိုးစားပေ။ သူ၏ရိုးရှင်းသော တုံ့ပြန်မှုက သူ့ကို ပို၍ပင်အံ့ဖွယ်ကောင်းသွားစေသည်။

သက်လတ်ပိုင်းလူက တခဏတုံ့ဆိုင်းသွား၏။ နောက်ဆုံး၌ သူသည် ခါးသက်သက်အပြုံးဖြင့် လက်ယှက်ပြီး မန်ဟို့ကို အရိုအသေပေးသည်။ "နားလည်မှုလွဲတာလေးပါ" သူက သက်ပြင်းချရင်း ပြောသည်။ "ကျွန်တော့်ညီမလေးက စုံစမ်းဖို့ သူ့ဘာသာသူထွက်လာခဲ့တာပါ။ တာအိုရောင်ရင်း၊ ကျွန်တော်တို့ကိုခွင့်လွှတ်ပေးဖို့ တကယ်မျှော်လင့်မိပါတယ်။ အဲ့ဒီကြက်သွေးရောင်ဒေါင်းက ကျွန်တော့်ညီမလေးရဲ့အချစ်ဆုံးတိရစ္ဆာန်ဖြစ်တာမလို့ ကျွန်တော်တို့ ဒေါသထွက်ခဲ့တာပါ။ ဒါကြောင့် လူကြီးမင်းကို မရည်ရွယ်ပဲရန်စမိပါတယ်။ ကျွန်တော်က တုန်းလော့ဟန်ပါ။ ထောက်ထားပေးဖို့ တောင်းဆိုပါတယ်ခင်ဗျာ"

မန်ဟို တုံ့ဆိုင်းသွားဟန်တူသည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ တုန်းလော့လင်းကို ချုပ်ထားသော အဘိုးကြီးမှာ ကြောင်တောင်တောင် ဖြစ်သွားသည်။ သူ့မှာ စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွားပုံရပြီး ချက်ချင်းတုန်ရီလာ၏။ သူက မန်ဟို့ကို ဘီလူးသရဲကြည့်သလို ကြည့်သည်။

တုန်းလော့လင်း၏ခန္ဓာကိုယ်က ရိပ်ခနဲ အလင်းတန်းအသွင်ပြောင်းပြီး သက်လတ်ပိုင်းလူအနား သွားရပ်သည်။ သူမက မန်ဟို့ကို မျက်စောင်းထိုးနေ၏။

"ကျေးဇူးအများကြီးတင်ပါတယ် တာအိုရောင်ရင်း" ထိုလူကပြောသည်။ "တုန်းလော့မြို့ အမိန့်ဆွဲပြားတစ်ခု ပေးခွင့်ပြုပါ။ ဒီဆွဲပြားနဲ့ဆိုရင် မြို့ထဲမှာ နေရတာပိုပြီး သက်တောင့်သက်သာရှိမှာပါ" တုန်းလော့ဟန်က အနက်ရောင်အမိန့်ဆွဲပြားတစ်ခုကို ထုတ်ကာ မန်ဟို့ကိုပစ်ပေးသည်။ မန်ဟိုက ၄င်းကို ဖမ်းပြီးနောက် ကြည့်သည်။ လတ်တလောမြို့ထဲတွင်နေနေစဥ် တုန်းလော့မြို့၌ အမိန့်ဆွဲပြားငါးခုရှိကြောင်း သူသိခဲ့ရသည်။ ကြက်သွေးရောင်က အမြင့်ဆုံးဖြစ်ပြီး အနက်က ဒုတိယဖြစ်ကာ အဝါ၊အပြာ၊ အဖြူအဆင့်ဆင့်ဖြစ်သည်။ ဆွဲပြားအရောင်ပေါ်မူတည်၍ မြို့ထဲ၌ အခွင့်အရေးအမျိုးမျိုးကွဲပြားသည်။

ဥပမာ လာမည့်လေလံပွဲတွင် ပါဝင်ရန်အလို့ငှာ လူတစ်ယောက်သည် အနည်းဆုံး အဝါရောင်အမိန့်ဆွဲပြား လိုအပ်သည်။

မန်ဟို အမိန့်ဆွဲပြားကို ယူပြီးနောက်တွင် တုန်းလော့ဟန်က နောက်တစ်ခေါက်လက်ယှက်၍အရိုအသေပေးပြီးနောက် ခေါင်းမာနေသော တုန်းလော့လင်းကိုဆွဲကာ အခြားသောကျင့်ကြံသူများနှင့်အတူ ထွက်သွားသည်။ ထွက်သွားရသဖြင့် တုန်းလော့ဟင်းမှာ ဒေါသူပုန်ထနေ၏။

"အစ်ကိုသုံး အဲ့လူကို ဘာလို့ အလျှော့ပေးတာလဲ" သူမကမေးသည်။ "သူ့ကို ရက်ပေါင်းများစွာ စောင့်ကြည့်ခဲ့ရတာလေ။ သံသယရှိသူသုံးယောက်ထဲမှ သူက သေချာပေါက် သံသယဝင်စရာအကောင်းဆုံးပဲကို။ သူ့ကို ရောင်စုံကြက်တူရွေးနဲ့ မြင်လိုက်တဲ့လူတွေတောင် ရှိတယ်"

တုန်းလော့ဟန် ပြန်မပြောနိုင်ခင် သိက္ခါရှိသောအသံတစ်သံအား ရုတ်တရက် ဘေးမှကြားလိုက်ရသည်။

"ငါလုပ်ခိုင်းခဲ့တာ"အသံနှင့်အတူ ယောကျ်ားတစ်ယောက်ပေါ်လာသည်။ သူ့မှာ သတ်လတ်ပိုင်းအရွယ်ဖြစ်ပုံရသော် ရှေးဆန်မှုတစ်မျိုးလည်း ရှိနေ၏။ သူပေါ်လာသည်နှင့်တစ်ပြိုင်နက် တုန်းလော့ဟန်နှင့် တုန်းလော့လင်းက ခေါင်းငုံ့အရိုမသေပေးလိုက်ကြသည်။

"ဂါဝရပြုပါတယ် မျိုးနွယ်စုခေါင်းဆောင်"

"အနက်ရောင်နယ်မြေတွေ အကြီးအကျယ် အုတ်အော်သောင်းနင်းဖြစ်နေပြီ။ ကိုးပြည်ထောင်စု အန္တရာယ်တွေ့နေတယ်။ အခုလောလောဆယ် ငါတို့ အစွမ်းထက်ရန်သူတွေကိုရှောင်ရမယ်။ ဟိုလူက အမြုတေဖြစ်တည်မှုအလယ်အလတ်အဆင့် ဖြစ်ပုံရပေမယ့် စောစောက သူ့တိုက်ကွက်က ပြိုင်ဘက်ကင်းအောင် ရက်စက်တယ်။ တခြား အမြုတေဖြစ်တည်မှုအလယ်အလတ်အဆင့် ကျင့်ကြံသူကို အခက်အခဲမရှိ သုတ်သင်နိုင်ခဲ့တယ်။ သင်းကွဲကျင့်ကြံသူတစ်ယောက်ဖြစ်ပုံရပေမယ့် တစ်ချိန်တည်းမှာပဲ အဲ့လိုမထင်ရပြန်ဘူး။ ပုံမှန်အခြေအနေဆို အရေးမကြီးပေမယ့် အခုတော့ ငါတို့သတိထားရမယ်"

***

All Chapters