← Chapters

သခင်ငါး မိုးမီးလောင်ခြင်း

Vol. 24 Ch. 329

သခင်ငါး မိုးမီးလောင်ခြင်း

Vol. 24 Ch. 329

"အနက်ရောင်နယ်မြေတွေ အကြီးအကျယ်အုတ်အော်သောင်းနင်း ဖြစ်နေပြီဟုတ်လား" တုန်းလော့ဟန်က အံ့အားသင့်စွာဖြင့် မျိုးနွယ်စုခေါင်းဆောင်ကိုပြောသည်။

တုန်းလော့လင်းလည်း ထိတ်လန့်တုန်လှုပ်သွားသည်။ အနက်ရောင်နယ်မြေရှိ ကြီးနိုင်ငယ်ညှင်းဝါဒသည် အပေါ်ယံကြည့်လျှင် စည်းမျဉ်းဥပဒေမရှိဟု ထင်ရသည်။ သို့ရာတွင် အနက်ရောင်နယ်မြေနန်းတော်နှင့် ကိုးပြည်ထောင်စုကြောင့် အတန်ငယ်တည်ငြိမ်မှုတော့ ရှိလေသည်။ အပြင်ပန်းအရ အနက်ရောင်နယ်မြေမှာ စည်းလွတ်ဘောင်လွတ် ဖြစ်နေပုံရသော်လည်း အင်အားအစုအဖွဲ့များကြောင့် ထင်ရသည်ထက် အများကြီးပို၍ ထိုသို့ဖြစ်ပွားမှု နည်းပါးသည်။

တုန်းလော့မျိုးနွယ်စုခေါင်းဆောင်သည် ကောင်းကင်ရှိကြယ်များကို မော့ကြည့်ရင်း အတန်ကြာ နှုတ်ဆိတ်နေပြီးနောက် ပြော၏။ "ပြီးခဲ့တဲ့လေးရက်က စနေမြို့မှာ အကြီးအကဲတုမို အနောက်ဘက်နယ်မြေက ခေါင်းဆောင်ကြီးသေမင်းတမန်ရဲ့ သတ်တာခံလိုက်ရတယ်...."

သူ၏စကားလုံးများက တုန်းလော့ဟန်၏မျက်နှာကို ရိပ်ခနဲ ဖြစ်သွားစေသည်။ ပတ်ဝန်းကျင်ရှိကျင့်ကြံသူအားလုံးလည်း မယုံနိုင်ဖြစ်သွား၏။

တုန်းလော့ဟန်က အသက်ပြင်းစွာရှူရင်း ပြောသည်။ "အကြီးအကဲတုမိုက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်လေ... ဘယ်လိုလုပ်...." ကိုးပြည်ထောင်စုကို ဖွဲ့စည်းထားသော မျိုးနွယ်စုကိုးစုသည် အလွန်ကွဲပြား၏။ ထိုမျှသာမက နှစ်ပေါင်းများစွာတစ်လျှောက် အမျိုးမျိုးသော မျိုးနွယ်စုများ လာလိုက်သွားလိုက်၊ ပေါ်လိုက်ပျောက်လိုက် ဖြစ်ခဲ့သည်။ သို့သော် အနက်ရောင်နယ်မြေနန်းတော်နှင့်အပြိုင် ကိုးပြည်ထောင်စု ရပ်တည်နေနိုင်သည့် အဓိကအကြောင်းရင်းမှာ ကြီးမြတ်သော တောင်ကြီးလေးလုံးကြောင့်ဖြစ်သည်။

ဤတောင်ကြီးလေးလုံးတွင် စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးလေးဦး ရှိသည်။ ဤလေးဦးသည် ပင်ကိုယ်အားဖြင့် မဟာမိတ်ခေါင်းဆောင်ကြီးများ ဖြစ်၏။ အဆိုပါခေါင်းဆောင်ကြီးလေးဦး၏တည်ရှိမှုကြောင့် သူတို့အနေဖြင့် အနက်ရောင်နယ်မြေနန်းတော်ကို ဆန့်ကျင်၍ ယနေ့အထိ ရပ်တည်နိုင်ခဲ့ခြင်းပင်။

တုန်းလော့မျိုးနွယ်စုခေါင်းဆောင်က ဖြေးဖြေးချင်း ဆက်ပြောသည်။ "အကြီးအကဲတုမို ကွယ်လွန်ပြီးတဲ့နောက် အနက်ရောင်နယ်မြေနန်းတော်က သူရဲ့စနေမျိုးနွယ်စုကို ချက်ချင်း ကျူးကျော်တိုက်ခိုက်ခဲ့တယ်။ တစ်ရက်တည်းနဲ့ မျိုးနွယ်ဝင်အားလုံး သုတ်သင်ခံရပြီးနောက်ဆုံး စနေမြို့ဟာ အနက်ရောင်နယ်မြေနန်းတော်ရဲ့ သိမ်းပိုက်ခံလိုက်ရပြီ"

တုန်းလော့ဟန် တုန်လှုပ်သွားသည်။ "အနက်ရောင်နယ်မြေနန်းတော်...... အနောက်ပိုင်းသဲကန္တာရ..." တခဏတွေးပြီးနောက် သူ၏စိတ်နှလုံးတုန်ရီသွားသည်။ ဤသတင်းက သူ့အား ဒေါင်းကိစ္စကို မေ့သွားစေသည်။

"ဒီကိစ္စကို လျှို့ဝှက်ထားရမယ်..." တုန်းလော့လင်းက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို ကြည့်ရင်း ပြောသည်။

မျိုးနွယ်စုခေါင်းဆောင်က ခေါင်းခါသည်။ "ဒီသတင်းက အနက်ရောင်နယ်မြေတစ်ခုလုံး ပြန့်သွားဖို့ ကြာမှာမဟုတ်ဘူး။ ကိုးပြည်ထောင်စု ဖုံးဖိဖို့ ကြိုးစားရင်တောင်မှ ပြန့်သွားဦးမှာပဲ" သူ့ပုံစံမှာ ပင်ပန်းပြီး စိုးရိမ်သောက ရောက်နေပုံရသည်။

တုန်းလော့လင်းသည် တစ်ခုခုပြောရန်ပြင်လိုက်သော်လည်း ရုတ်တရက် ကြက်သွေးရောင်ဒေါင်းရှိရာ မြို့၏အပေါ်ထပ်မှ စူးစူးဝါးဝါးအော်သံကို ကြားလိုက်ရ၏။ အော်သံမှာ မဖော်ပြနိုင်သောနာကျင်မှုကို ခံစားနေရသည့်အလား အဆုံးစွန်ထိ စိတ်မချမ်းမြေ့ဖွယ်ကောင်းနေသည်။

တုန်းလော့လင်းမျက်နှာ ရိပ်ခနဲဖြစ်သွား၏။ သူမဘေးက တုန်းလော့ဟန်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ကျင့်ကြံသူအားလုံး အပေါ်ကို မော့ကြည့်လိုက်ကြ၏။

မန်ဟိုကမူ အခန်းထဲတွင် တင်ပျဥ်ခွေထိုင်နေသည်။ တုန်းလော့မျိုးနွယ်ဝင်များ ထွက်သွားပြီးနောက် ဆိုင်အလုပ်သမား ပြန်ရောက်လာပြီး မန်ဟို့ကို တော်တော်လေးကျယ်သော အခန်းတစ်ခန်းစီစဥ်ပေးသည်။ ဆိုင်ပိုင်ရှင်မှာ သူ့ကို ရင်တုန်ပန်းတုန်ဖြင့် စောင့်နေပြီး အခန်းပြောင်းခွင့်ပေးသည့်အပြင် ထွက်မသွားခင် စိတ်ဝိညာဥ်ကျောက်တုံးတချို့ပင် လက်ဆောင်ပေးခဲ့၏။

"အစက ထွက်သွားဖို့အတွက် တိုက်ခိုက်ပြီးမှ ရုပ်ဖျက်ပြန်လာရမယ်လို့ ထင်ထားပေမယ့်" မန်ဟိုသည် အနက်ရောင်အမိန့်ဆွဲပြားကို ငုံ့ကြည့်ရင်း တွေးနေ၏။ "တုန်းလော့မျိုးနွယ်စုက နောက်ဆုတ်ပေးမယ်လို့ ဘယ်သူတွေးမိမလဲ" သူ့မျက်နှာပေါ်တွင် စဥ်းစားရခက်နေသောအရိပ်အယောင်တစ်ခု ပေါ်လာသည်။ "ငါမသိတာ တစ်ခုခုဖြစ်သွားတာလား"

ဤအခိုက်အတန့်တွင် အပြင်မှ စူးစူးဝါးဝါးအော်သံကို သူကြားလိုက်၏။ သူ့မှာ ကပျာကယာထပြီး ပြတင်းပေါက်ဖွင့်၍ ထူးဆန်းသောမျက်နှာထားဖြင့် အပြင်ကိုကြည့်လိုက်သည်။

အော်သံက နောက်တစ်ဖန် ပျံ့လွင့်လာပြန်သည်။ ဤတစ်ကြိမ်တွင်တော့ အရင်တစ်ခေါက်က ကြက်သွေးရောင်ဒေါင်းမဟုတ်ကြောင်း သိသာသည်။ မြို့ထဲက လူတိုင်း အံ့အားသင့်နေကြစဥ်မှာပင် အော်သံကြီးက တတိယအကြိမ် ပဲ့တင်ထပ်လာသည်။

တစ်ချိန်တည်းမှာပင် မီးကဲ့သို့ တောက်ပနေသော အရိပ်သုံးခုသည် မြို့၏ဒုတိယအထပ်မှ တဟုန်ထိုး ထွက်လာ၏။ ယင်းကား နောက်ထပ် ကြက်သွေးရောင်ဒေါင်းသုံးကောင်ပင်။ အကြီးဆုံးသည် မီတာတစ်ရာကျော် ရှည်လျားပြီး အသေးဆုံးက မီတာသုံးဆယ်ခန့်သာ ရှိသည်။ ၄င်းတို့မှာ တဂီးဂီး အော်မြည်နေကြ၏။ ကြားလိုက်ရသည့်မည်သူမဆို ၄င်းတို့၏နာကျင်မှုကို ခံစားရသလောက်ပင်။

ပေါက်ကွဲမှုကြီး ဝုန်းခနဲ ရိုက်ခတ်သွားပြီး အားကြီးတစ်ခုသည် မြို့၏ဒုတိယအထပ်ကို ဖြစ်ပေါ်စေသော ဧရာမသစ်ပင်ကြီးတစ်ပင်အား ထိုးခွဲလိုက်ပုံရသည်။ ၄င်းက ကြိမ်ဖန်များစွာ ဝင်လိုက်ထွက်လိုက် ထိုးခွဲနေပြီး နောက်ဆုံး စာလုံးတစ်လုံး ဖန်တီးလိုက်သည်။

၅

ဘန်းခနဲ အသံနှင့်အတူ ထောင်ထောင်မောင်းမောင်းလူတစ်ယောက်သည် ရောင်စုံအလင်းဖြင့် ဝန်းရံလျက် လေလယ်တွင် ပေါ်လာ၏။ သူ၏ပုံပန်းသွင်ပြင်မှာ မသဲကွဲသော်လည်း သူက လေလယ်တွင် ရပ်၍ မြေပြင်ကို ငုံ့ကြည့်နေစဥ် အတိုင်းထက်အလွန် မောက်မာသော အငွေ့အသက်ကို ပေးစွမ်းနေသည်။

ဒေါင်းသုံးကောင် တုန်ရီနေသည်။ ၄င်းတို့အောက်က သစ်ပင်မှာ ထွင်းထားသော ငါးဆိုသည့် ဧရာမစာလုံးကြီးက ထင်းခနဲ မြင်သာနေ၏။

"မင်းတို့ကောင်တွေ သခင်ငါးပြောတာ သေချာနားထောင်။ ငါမွေးလာတုန်းက ကောင်းကင်နဲ့မြေကြီးမှာ အလေးစားခံရဆုံးက ငါပဲ။ ငါ လူတွေကို အဝတ်ဝတ်စေချင်ရင် ဝတ်ရတယ်။ တိရစ္ဆာန်တွေကို အမွှေးအတောင်ထားစေချင်ရင် ချက်ချင်းထားရတယ်"

ပဲ့တင်ထပ်နေသော အသံကြီးက တုန်းလော့မျိုးနွယ်စု၏ဒေါသကို ချက်ချင်း ရန်စလိုက်ချေပြီ။ မျိုးနွယ်စုအတွင်းမှ ဒေါသတကြီးကြိမ်းမောင်းသံများ ကြားလိုက်ရသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်စွမ်းအား ထုတ်လွှတ်နေသော မျက်နှာနီနီနှင့် အဘိုးကြီးတစ်ယောက် ရုတ်တရက် ထိုးထွက်လာသည်။ သူသည် လောလောဆယ် အသားဂျယ်လီ၏ အသွင်ပြောင်းစွမ်းရည်ကို အသုံးပြုထားသော ကြက်တူရွေးထံ ပြေးဝင်သွားသည်။

"မင်းက ရာရာစစ တုန်းလော့မျိုးနွယ်စံအိမ်ကို အသေရေဖျက်ရဲတယ်လား ဒီကိုပြန်လာခဲ့စမ်း"

"အီးပေါလောကြီး" လူပုံစံနှင့်ကြက်တူရွေးက အသံကုန်အော်သည်။ "ငါကိုယ်တော်သခင်ငါး မင်းကိို စမုံတုန်းပစ်မယ်" သူ၏ခန္ဓာကိုယ်သည် အဘိုးကြီးထံ လှစ်ခနဲပြေးဝင်သွား၏။ သူသည် ကောင်းကင်ဘုံအားလုံးတွင် အစွမ်းအထက်ဆုံးလူကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုကို ထုတ်လွှတ်နေသည်။

ဤပြင်းပြသော အားမာန်သည် ဤကမ္ဘာပေါ်တွင် သူ မသိမ်းပိုက်နိုင်သည့် အပေါက်ဟူ၍ မရှိသကဲ့သို့ သူ့ကို လျင်မြန်စွာ လွှမ်းမိုးသွားသည်။

ဗလတောင့်တောင့်နှင့်လူအသွင်ပြောင်းထားသော ကြက်တူရွေးက ရုတ်တရက် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ၏ဘေးတွင် ဖျတ်ခနဲ ပေါ်လာသည်။ သူ၏အမြန်နှုန်းက ထိုအဘိုးကြီးကို မျက်လုံးပြူးသွားစေပြီး သူဘာမှမလုပ်နိုင်ခင် သူတို့နှစ်ယောက် ဝင်တိုက်သွား၏။

ပေါက်ကွဲသံကြီး မြည်ဟည်းနေစဥ်မှာပင် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ၏မျက်နှာ ရှုံ့မဲ့သွားသည်။ သူ့ရန်သူမှာ သူ၏ချက်အောက် တစ်ထွာအကွာသို့ တန်းတန်းမတ်မတ် ဦးတည်လာနေသည့်အတွက် သူ့နဖူးမှ ဇောချွေးများ ထွက်လာသည်။ သူသာ မြန်မြန် မရှောင်နိုင်လျှင်တော့.....

သူ့မှာ သူ၏အတွေးရထားကြီးဖြင့် ဆက်လိုက်မသွားနိုင်ခင် ရုတ်တရက် လေအေးတစ်ချက် သူ့ကျောအား ရိုက်ခတ်သွားသည်ကို ခံစားလိုက်ရသည်။

လူအသွင်နှင့်ကြက်တူရွေးက ဘေးတွင် ခေါင်းမော့ပြီး အော်ဟစ်ကြုံးဝါးနေ၏။

" ယုတ်မာလွန်းတယ်" အသံတစ်သံက ပြောသည်။ "ဒီလိုကိစ္စမျိုးလုပ်တာက အကျင့်ပျက်လွန်းတယ်။ အရမ်း အရမ်း အကျင့်ပျက်လွန်းတယ်။ မင်း မလုပ်သင့်.....

"သောက်ပါးစပ်ပေါက်ကို ပိတ်ထား ခွေးမသား။ ဒီအီးပေါလောကြီးကို သခင်ငါး စမုံတုန်းပစ်မယ်" လူအသွင်နှင့်ကြက်တူရွေးက အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူကို မျက်လုံးစိမ်းကြီးများဖြင့် စိုက်ကြည့်ပြီး စူးစူးဝါးဝါးအော်ဟစ်ကာ ပြေးထွက်သွားသည်။

ထိုလူထူးဆန်း သူ့ဆီ ချဥ်းကပ်လာနေသည်ကို မြင်သော် အဘိုးကြီး ဖင်ကြိမ်းသွားသည်။ ဤသည်မှာ သူ့ဘဝတွင် ပထမဆုံး ကြောက်လန့်မိခြင်းပင်။ သို့သော် ဤအခိုက်အတန့်တွင် တုန်းလော့မျိုးနွယ်စုအတွင်းမှ အေးစက်စက်နှာမှုတ်သံတစ်ချက် ထွက်ပေါ်လာသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်စွမ်းအား ထုတ်လွှတ်နေသော အလင်းတန်းနှစ်တန်း ပျံထွက်လာသည်။ ဤနှစ်ယောက်အနက် တစ်ယောက်သည် အနုသုခုမရုပ်ခန္ဓာ နှောင်းပိုင်းအဆင့်ဖြစ်၏။

ပေါက်ကွဲသံတစ်သံ ပဲ့တင်ထပ်သွားပြီး လူအသွင်နှင့်ကြက်တူရွေး နောက်လွင့်ထွက်သွားသည်။ သူ၏မျက်လုံးများမှာ ပို၍ပင်စိမ်းလာပြီး ဒေါသကြောင့် တစ်ကိုယ်လုံးတုန်လာသည်။

"မင်းတို့ကို စမုံတုန်းပစ်မယ်။ မင်းတို့ခွေးကောင်တွေ အားလုံး...."

"အရမ်းစိတ်လှုပ်ရှားစရာမလိုဘူး" အသားဂျယ်လီက ပြောသည်။ "စိတ်လိုက်မာန်ပါမလုပ်နဲ့...."

"အဇူရာမီးတောက်" လူအသွင်နှင့်ကြက်တးရွေးက လေလယ်တွင် ရပ်ပြီး အော်သည်။ ရုတ်တရက် အနက်ရောင်မီးတောက်များ ဖြစ်တည်လာ၏။

"မိုးလျှောက် သတ်ဖြတ်" ၄င်းက နောက်တစ်ဖန် အော်သည်။ မီးတောက်များက မိုးထိတိုင် မြင့်တက်လာ၏။ အနက်ရောင်မီးတောက်အားလုံး၏အလယ်တွင်ကား အသားတဆတ်ဆတ်တုန်နေသော လူအသွင်နှင့်ကြက်တူရွေးပင်။ ရုတ်တရက် ၄င်း၏လက်ထဲ၌ အနက်ရောင်သိုင်းကြိုးတစ်ကြိုးပေါ်လာသည်။ ထိုကြိုးက ၄င်း၏ မျက်လုံးတစ်ဖက်ကို ဖုံးလျက် နဖူးကို ရစ်ပတ်နေရာ တကယ် ထူးဆန်းနေတော့သည်။ ရုတ်တရက် ၄င်းသည် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများထံ ထိုးဆင်းလာ၏။

၄င်း၏ အမြန်နှုန်းကား အံ့ဖွယ်အတိပင်။ ၄င်းထိုးဆင်းလာနေစဥ် ၄င်း၏ခန္ဓာကိုယ်မှ အနက်ရောင်မြူများအပြင် မီးလျှံတို့ တဟုန်းဟုန်းတောက်လာသည်။ တဖြေးဖြေးနှင့် ၄င်းသည် မီတာရာပေါင်းများစွာ ရှည်လျားသော မျက်လုံးတစ်လုံးကျီးနက်ကြီးအသွင် ပြောင်းသွား၏။ ၄င်းက ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်ဖော်ရင်း အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူသုံးယောက်ထံ ဒေါသတကြီး ထိုးဆင်းသွားတော့သည်။

ဤအခြင်းအရာကို မြင်လိုက်သူတိုင်း အံ့သြတုန်လှုပ်သွား၏။ မန်ဟိုပင်လျှင် မျက်လုံးပြူးသွားသည်။

အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူသုံးယောက် မျက်နှာဖြူဆုပ်သွားသည်။ သူတို့အားလုံးက မုဒြာလက်ကွက်များ ဖော်လိုက်ကြသည်။ သူတို့အပေါ်တွင်တော့ တုန်လှုပ်ချောက်ချားဖွယ် မီးတောက်ကြီးများ ကျဆင်းလာလေပြီ။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ မျက်နှာပျက်သွားပြီး နောက်ဆုတ်လိုက်ကြသည်။ ပြင်းထန်သောပေါက်ကွဲမှုကြီးက အရာအားလုံးကို တုန်ခါသွားစေပြီး ဧရာမအက်ကြောင်းကြီးတစ်ခု မြေကြီးတွင် ပေါ်လာသည်။

ဤအက်ကြောင်းမှာ မြို့၏အလည်တည့်တည့်တွင်ဖြစ်ရာ ကြမ်းပြင်အား ဖွဲ့စည်းထားသည့် အပင်များအား ယိမ်းထိုးအိကျသွားစေသည်။

အက်ကြောင်းအတွင်းတွင် သက်ရှိဟူ၍ မည်သည့်အရာမှမရှိဘဲ ဧရာမကျီးနက်ကြီးကား ပျောက်ချင်းမလှ ပျောက်သွားခဲ့လေပြီ။

တစ်ခုတည်းသော ကျန်ခဲ့သည့်အရာမှာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သော အဆုံးအစွန်ထိ မောက်မာနေသည့်အသံကြီးပပင်။

"သခင်ငါးကို ယုံကြည်၊ ထာဝရဘဝရမည်။သခင်ငါးပေါ်လာ ဘယ်သူရန်ဖြစ်ရဲမှာ"

ဤသည်မှာ တိတ်ဆိတ်မှုအတွင်း ပဲ့တင်ထပ်နေသည့် တစ်ခုတည်းသောအသံပင်။ တုန်းလော့လင်း၏ မျက်ဝန်းလေးများမှာ ထိတ်လန့်မှုတို့ ပြည့်နှက်နေပြီး ဘေးတွင်တော့ တုန်းလော့ဟန်တစ်ယောက် ဟောဟဲလှိုက်နေသည်။ တုန်းလော့မျိုးနွယ်စုခေါင်းဆောင်က လေးနက်သောမျက်နှာထားဖြင့် အက်ကြောင်းထံ ထွက်သွားသည်။ သူ၏အသံက ခက်ထန်စွာ ထွက်ပေါ်လာ၏။ "မှတ်ထားကြ၊ ဘယ်တော့မှ ဘယ်တော့မှ အဲ့ဒီကျင့်ကြံသူကို ရန်သွားမစနဲ့။ သူ့လိုလူမျိုးမှာ အကူအညီပေးမယ့်သူတွေ အများကြီးရှိတယ်။ ငါတို့က အခုအမှားမခံတဲ့ အခြေအနေမှာ။ ရန်သူမလုပ်နဲ့ မိတ်ဆွေဖွဲ့"

နောက်ဆုံးတွင် မြေငလျင်လှုပ်နေခြင်း ရပ်တန့်သွားသည်။ မန်ဟိုသည် ထူးဆန်းသော မျက်နှာထားဖြင့် ပြတင်းပေါက်တွင် ရပ်နေ၏။ စောစောက ဖြစ်ပျက်သွားခဲ့သမျှ အရာအားလုံးကို တွေးကြည့်လျှင် ကြက်တူရွေးမှာ တကယ့််ကို ရယ်စရာကောင်းလေသည်။

ရုတ်တရက် ရောင်စုံအလင်းတန်းတစ်တန်း ရွှီးခနဲ အခန်းထဲဝင်လာသည်။ ကြက်တူရွေးမှာ မောနေပုံရသည်။ ၄င်းက စားပွဲပေါ် ဘုတ်ခနဲ ထိုင်ချပြီး မန်ဟို့ကို မျက်လုံးထောင့်မှ စွေကြည့်၏။။ ၄င်းမှာ ဟောဟဲဟောဟဲဖြစ်နေသော်လည်း ပုံစံကတော့ ယခင်အတိုင်း မောက်မာနေဆဲသာ။

"ခွေးမသားတွေ ၊ သခင်ငါးသာ လောလောလတ်လတ်ကမှ အိပ်ပျော်ရာက နိုးလာတာ မဟုတ်ရင် ဒီ့ထက်အများကြီးပိုပြီး အစွမ်းထက်မှာ။ ဒီတစ်မြို့လုံးကို မြေပုံပေါ်က ဖျောက်ပစ်နိုင်တယ်။ ဒါမှ မင်းတို့ကောင်တွေ သခင်ငါး ဘယ်လောက်ဆိုးလဲသိမှာ။ ကလေး မင်းကတော့ကွာ ငါ့ကို တစ်ချက်နှစ်ချက် အရိုအသေပေးပြီး ကျေးဇူးတင်လို့ရတယ်။ လာ လာ...လိိုက်ဆို။ သခင်ငါးကိုယုံကြည်... "

မန်ဟိုက ကြက်တူရွေးကို လျစ်လျူရှုပြီး သတိရှိသောမျက်ဝန်းများဖြင့် ပြတင်းပေါက်အပြင်ကို လှမ်းကြည့်သည်။ သူသည် ကံကောင်းခြင်းအဆောင်ကို ထုတ်၍ အသုံးပြုနိုင်သည်လား စမ်းကြည့်နေပြီဖြစ်သည်။

သို့သော် အချိန်တချို့ကြာသည့်တိုင် အခြေအနေက ငြိမ်သက်နေသည်။ ဘယ်သူမှ ပြဿနာလာမရှာသည့်အပြင် တုန်းလော့မျိုးနွယ်စုမှာ ဒေါသမထွက်ပုံရသည်။ အရာအားလုံးက အဆင်ပြေချောမွေ့နေ၏။

ဤသည်က မန်ဟို့ကို ပို၍စိတ်လှုပ်ရှားစေသည်။ တုန်းလော့မျိုးနွယ်စုနှင့်ပတ်သက်၍ စိတ်မပူသော်လည်း လက်ရှိအခြေအနေဖြစ်ပေါ်စေသော အကြောင်းရင်းကိုတော့ သူ စိုးရိမ်မိသည်။

ကြီးကြီးမားမားတစ်စုံတစ်ရာ မဖြစ်ပွားခဲ့လျှင် တုန်းလော့မျိုးနွယ်စုအနေဖြင့် ဤကဲ့သို့ပြုမူမည်မဟုတ်ပေ။

သုံးရက်ကြာပြီးနောက်ဆုံး မန်ဟို အကြောင်းစုံနားလည်သွားသည်။ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီး သေဆုံးသွားပြီးနောက် ကိုးပြည်ထောင်စုထဲက မြို့တစ်မြို့ သိမ်းပိုက်ခံခဲ့ရသည်။ အနောက်ပိုင်းသဲကန္တာရက အနက်ရောင်နယ်မြေနန်းတော်ကို ထိန်းချုပ်နေ၏။ ၄င်း၏ရည်ရွယ်ချက်မှာ အနက်ရောင်နယ်မြေအားလုံးကို ဝါးမြိုရန် ဖြစ်ပုံထောက်သည်။

ဤသတင်းသည် အနက်ရောင်နယ်မြေအားလုံးအား မိုးသက်မုန်တိုင်းသဖွယ် တိုက်ခတ်သွားသည်။ မကြာမီ မသိသူမရှိတော့ပေ.....

လေလံပွဲနေ့ရောက်သောအခါ မန်ဟို အခန်းထဲမှ ထွက်လာ၏။ အပြင်တွင် လေအေးများ တိုက်ခတ်နေပြီး တိမ်မည်းများက ကောင်းကင်ကို ဖုံးလွှမ်းနေသည်။ မုန်တိုင်းကျတော့မည့်ပုံရ၏။

"အနက်ရောင်နယ်မြေတွေက ဆူပူအုံကြွမှုကို ဦးတည်နေတာပဲ" မန်ဟိုက တစ်ယောက်တည်းပြောသည်။ သူ့ဘေးဘီဝဲယာကို ကြည့်လိုက်ရာ ကျင်ကြံသူများအားလုံး လေလံပွဲရှိရာသို့ ခပ်သုတ်သုတ်သွားနေကြကြောင်း တွေ့လိုက်ရသည်။

ကြက်တူရွေးက တစ်နေ့ ဤနေရာကို ၄င်းသိမ်းပိုက်မင်းမူရမည်ကို သိနေသကဲ့သို့ ပတ်ဝန်းကျင်ကို ဂုဏ်ယူဝင့်ကြွားစွာ ကြည့်ရင်း မန်ဟို့ပခုံးပေါ်တွင် နားနေသည်။

***

All Chapters