နင့်ကိုတော့ လက်မထပ်နိုင်ဘူး
Vol. 24 Ch. 330
တုန်းလော့မြို့လည်ခေါင်ရှိ အက်ကွဲကြောင်းကြီးမှာ သစ်ပင်ပန်းမန်များဖြင့် ပြန်လည် ဖြည့်တင်းပြီး ဖြစ်သည်။ ပျက်စီးသွားသော ဒုတိယအထပ်မှာလည်း နဂိုအတိုင်း ပြင်ဆင်ပြီးလေပြီ။ သို့ရာတွင် သစ်ပင်ကြီးပေါ်က "၅" ကိုတော့ တုန်းလော့မျိုးနွယ်စု မည်သို့လုပ်စေကာမူ ဖုံးကွယ်နိုင်ခြင်းမရှိပေ။
လေလံပွဲကျင်းပရာနေရာသည် အဆိုပါသစ်ပင်ကြီးထံမှ မလှမ်းမကမ်းတွင် ဖြစ်၏။ မန်ဟို လေလံပွဲအနား လျှောက်သွားစဥ် "၅" အား မမြင်ဘဲ မနေပေ။ သူ့ပခုံးတွင် နားနေသော ကြက်တူရွေးက ၄င်းကို မျက်လုံးထောင့်မှ စွေစောင်းပြီး ကြည့်လိုက်သည်။ ထို့နောက် ၄င်းကား တစ်လောကလုံး သူ့ခြေဖဝါးအောက်တွင် ရှိနေသကဲ့သို့ ဘဝင်မြင့်နေသောဟန်ဖြင့် ခေါင်းကို မော့လိုက်သည်။
လေလံရုံသည် သိပ်မကြီးပေ။ ကျင့်ကြံသူထောင်သောင်းချီ ပါဝင်ဆင်နွှဲနိုင်သော ဇီယွင်ဂိုဏ်းလေလံပွဲနှင့် အကွာကြီးကွာသည်။ လူရာဂဏန်းမျှသာ လေလံခန်းမ ပတ်ပတ်လည်တွင် ထိုင်၍ တီးတိုးတီးတိုး စကားပြောကြသည်။ အားလုံးအလယ်တွင်တော့ မြှင့်ထားသော စင်မြင့်တစ်ခုရှိနေသည်။
တုန်းလော့မျိုးနွယ်စုမှ ခွင့်ပြုသော အမိန့်ဆွဲပြားများဖြင့် ကျင့်ကြံသူများသာလျှင် ဝင်ရောက်နိုင်၏။ မန်ဟို အနက်ရောင်အမိန့်ဆွဲပြားကို ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်း သူ့အား အရေးပေးဆက်ဆံကြပြီး သက်တောင့်သက်သာရှိသောခုံတစ်ခုံထံ လိုက်ပါပို့ဆောင်ပေးကြသည်။
လေလံခန်းမတွင်သာ သီးသန့်ရုံများ စီမံထားလျှင်တော့ အနက်ရောင်ဆွဲပြားကြောင့် မန်ဟို့အတွက် တစ်ရုံခံစားပိုင်ခွင့် ရှိလိမ့်မည်။
သူသည် ထူးထူးခြားခြား ပြောင်းလဲခြင်းမရှိသော မျက်နှာထားဖြင့် ထိုင်ပြီးနောက် မျက်လုံးများပိတ်၍ စိတ်တည်ငြိမ်အောင်လုပ်လိုက်သည်။ သူ့အနီးအနားတွင် ထိုင်နေကြသူများများစားစား မရှိသလို လေလံပွဲတွင်လည်း လူသိပ်မများပေ။ ဤသည်မှာ တုန်းလော့မြို့တော်အတွက် သိပ်ပုံမှန်မဟုတ်သော မြင်ကွင်းတစ်ခုဖြစ်၏။
မကြာသေးမီက အနက်ရောင်နယ်မြေတစ်ခွင် ပျံ့နှံ့နေခဲ့သော သတင်းကြောင့် လူအများ တုန်လှုပ်ချောက်ချားသွားခဲ့ကြသည်။ ကျင့်ကြံသူများစွာ မြို့အသီးသီးမှ ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သည်။ ယခုအချိန်တွင် ကိုးပြည်ထောင်စုမှာ အပြင်လောကလောက် လုံခြုံမှုမရှိတော့ပေ။
အနက်ရောင်နယ်မြေနန်းတော်က အနက်ရောင်နယ်မြေကျင့်ကြံသူများကို မဟုတ်ဘဲ ကိုးပြည်ထောင်စု၏ မျိုးနွယ်စုများကို ပစ်မှတ်ထားနေသည် မဟုတ်လော။
ယင်းကဲ့သို့ အခြေအနေ အရပ်ရပ်အောက်တွင် ဤလေလံပွဲသို့ တက်ရောက်ရန် ရွေးချယ်ခဲ့သူများသည် မိမိကိုယ်ကို ယုံကြည်ချက်ရှိိသူများဖြစ်ကြောင်း မန်ဟိုသိသည်။ စစ်ဖြစ်နေပြီကို ထည့်တွက်လျှင် ဤကဲ့သို့လေလံပွဲများအား အချိန်တစ်ခုအထိ ကျင်းပတော့မည် မဟုတ်ပေ။ ရှင်းရှင်းပြောရလျှင် ဤသည်က စစ်ပွဲမပြီးဆုံးမချင်း တုန်းလော့မြို့၏ နောက်ဆုံးလေလံပွဲဖြစ်လောက်သည်။
"ငါ တက်ရမယ်.... " မန်ဟိုက တစ်ယောက်တည်းပြောသည်။ အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် လေလံပွဲစ၏။ လူများစွာ ဝင်ရောက်လာကြပြီး ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် မန်ဟို့အနားချဥ်းကပ်လာသည်။
သူတို့အနားကပ်လာသဖြင့် မန်ဟိုက မျက်လုံးဖွင့်ကြည့်လိုက်ရာ တုန်းလော့ဟန်နှင့် တုန်းလော့လင်းကို မြင်လိုက်ရ၏။ တုန်းလော့ဟန်က ပါးစပ်နားရွက်တက်ချိတ်မတတ် ပြုံးနေသော်လည်း တုန်းလော့လင်းကတော့ ထိုနေရာတွင် ရှိမနေချင်သည့်အလား ဆူပုပ်နေသည်။
"တွေ့ရတာဝမ်းသာပါတယ် တာအိုရောင်ရင်း" တုန်းလော့ဟန်က ခပ်ပြုံးပြုံးဖြင့် မန်ဟို့အနားကပ်လာပြီး သူ့ဘေးက ခုံတွင် ဝင်ထိုင်လိုက်သည်။ "အရင်တစ်ခေါက်တုန်းက လူကြီးမင်းရဲ့ နာမည်ကို မေးခွင့်မရလိုက်ဘူး။ ဒီတစ်ခေါက်က သိခွင့်ရှိမလား"
တုန်းလော့လင်းက တခဏ တွန့်ဆုတ်နေပြီးနောက် မန်ဟို့၏တခြားတစ်ဖက်တွင် ထိုင်ချလိုက်သည်။
"ကျုပ်ရဲ့ နိမ့်ကျတဲ့ မျိုးရိုးက မန်" မန်ဟိုက တည်ငြိမ်စွာ ပြန်ဖြေသည်။ "သင်းကွဲကျင့်ကြံသူတစ်ယောက်ပါ" သူက တုန်းလော့ဟန်ကို ပြုံးပြလိုက်သည်။ ထိုလူသည် သူ့ကို ပြဿနာလာရှာခြင်း မဟုတ်သော်လည်း တောင်းဆိုစရာတစ်ခုခုရှိ၍ လေလံပွဲမစခင် အချိန်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ကို သူအာရုံရလေသည်။
သူ့ကို ဤနေရာတွေ့ရသည်မှာ အံသြစရာမရှိပေ။ အမှန်တွင် ယခုကဲ့သို့ ဖြစ်လိမ့်မည်ဟု မန်ဟို ခန့်မှန်းထားပြီး ဖြစ်သည်။
"အစ်ကိုမန် နှိမ့်ချလွန်းရာ ရောက်နေပြီ" တုန်းလော့ဟန်က ယဥ်ကျေးစွာပြုံးရင်း ပြန်ဖြေသည်။ "အစ်ကိုမန် ဘယ်လောက် အစွမ်းထက်လဲ စဥ်းစားကြည့်ရင် ဘယ်သင်းကွဲကျင့်ကြံသူမှ ခင်ဗျားကို ယှဥ်နိုင်မယ်မထင်ပါဘူး" သူ၏မျက်လုံးများက ကြက်တူရွေးဆီ အမှတ်တမဲ့ ရောက်သွားပြီး ကြောက်ရွံ့မှုအရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်။
တုန်းလော့လင်းကတော့ မန်ဟို့၏တခြားတစ်ဖက်တွင် ထိုင်နေသည်။ သူမသည် တစ်ချိန်လုံး ကြက်တူရွေးကို မျက်ထောင့်နီကြီးဖြင့် ကြည့်နေလေ၏။ အကြည့်ဖြင့်သာ သတ်နိုင်လျှင် ကြက်တူရွေးအား အခါခါသတ်ပြီး ဖြစ်လိမ့်မည်။
မန်ဟိုက ရယ်လိုက်သော်လည်း ဘာမှမပြောပေ။ တုန်းလော့ဟန် ဆွေးနွေးလိုသည့် အကြောင်းအရာကို အစမဖော်သရွေ့ မန်ဟို ပုံမှန်အတိုင်းသာ နေစရာလိုသည်။ သို့သော် သူသည် ကံကောင်းခြင်းအဆောင်ကို ယခုရက်ပိုင်းလုပ်နေခဲ့သည့်တိုင်း လက်ထဲတွင် လှည့်နေ၏။ အဆောင် သိုလှောင်အိတ်ထဲ ပြန်မရောက်သည်မှာ ကြာပြီဖြစ်သည်။
ဤအခိုက်အတန့်တွင် ကြက်တူရွေးက တုန်းလော့လင်းကို စိတ်မရှည်သလို ကြည့်ပြီး ပြောသည်။ "လခွမ်းလိုပဲ ရူးနေတာလား ။ သခင်ငါးကို ဘာလို့ လာကြည့်နေတာလဲ ။ သေချင်လို့လား သောက်ကျိုးနဲ"
တုန်းလော့လင်း၏မျက်ဝန်းလေးများ ဝိုင်းစက်သွားပြီး မျက်နှာပေါ်က သွေးကြောများ ထောင်လာသည်။ သူမ၏လှပသော မျက်နှာဖူးဖူးလေးသည် ခရမ်းရောင်သမ်းသွားပြီး သူမက ဝုန်းခနဲ ထရပ်သည်။ သူမမှာ အလွန်စိတ်တိုနေသဖြင့် ကိုယ်လုံးလေးပင် တဆတ်ဆတ်တုန်နေသည်။
သူမဘဝတစ်လျှောက်လုံး ဤကြက်တူရွေးလောက် နုပ်နုပ်စင်းပစ်ချင်သည့်လူကို မတွေ့ခဲ့ဖူးပေ။ သို့နှင့် သူမ၏ မန်ဟို့အပေါ်မနှစ်မြို့မှုသည်လည်း မယုံနိုင်ဖွယ် အတိုင်းအတာသို့ ရောက်သွားတော့သည်။
တုန်းလော့ဟန်မှာတော့ ပါးစပ်အဟောင်းသားဖြစ်သွားပြီးနောက် ခါးသက်စွာရယ်ရင်း တစ်ခုခုပြောတော့မည့်အချိန်မှာပင် ကြက်တူရွေးက မျက်လုံးကစားလိုက်၏။ " အမွှေးမရှိတဲ့ လည်ပင်းတွေကို သခင်ငါးမုန်းတယ်" ၄င်းက အသံကုန်အော်သည်။ "အမွှေးမရှိတဲ့ ခါးတွေကိုလည်း သခင်ငါး မုန်းတယ်။ ရင်နဲ့တင်လှပေမယ့် ဘာအမွှေးမှ မရှိပြန်ဘူး။ မင်းကိုမင်း အလကားပေးရင်တောင် သခင်ငါး မယူနိုင်ဘူး" ၄င်း၏မျက်နှာထားက သူမဘာပြောပြော ဘယ်တော့မှ ပြန်မကြိုက်နိုင်ကြောင်း ပြောနေသည်။
မန်ဟို သွေးတက်သွားလေပြီ။ သူက ချောင်းဟန့်လိုက်၏။
စောစောက ကြက်တူရွေး၏စကားလုံးများက တုန်းလော့လင်းကို ပေါက်ကွဲထွက်တော့မတတ် ခံစားလိုက်ရစေသည်။ ဒေါသမီးတောက်များ သူမ၏မျက်ဝန်းလေးများတွင် တဟုန်းဟုန်း တောက်နေပြီး ထိန်းချုပ်နိုင်စွမ်း မရှိတော့မည့်ပုံရသည်။ သူမ လှုပ်ရှားရန် ပြင်လိုက်စဥ် တုန်းလော့ဟန်၏မျက်နှာ ရုတ်တရက် မည်းမှောင်သွားသည်။
"ညီမလေးငါး ပြန်ထိုင်"
တုန်းလော့လင်းက သူ့ကို လှည့်ကြည့်သည်။ သူမသည် မျိုးနွယ်စု၏လုံခြုံမှုနှင့် တုန်းလောဟန့်၏ တင်းမာသောမျက်နှာထားကို ထည့်စဥ်းစားပြီး အံတင်းတင်းကြိတ်လိုက်၏။ သူမအနေဖြင့် ခံပြင်းဒေါသများကို မြိုသိပ်ပြီး ပြန်ထိုင်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ သို့သော် နောင်တွင် ဤမုန်းစရာကြက်တူရွေးကို လာတွေ့ရန် သူမကို ဘယ်သူတိုက်တွန်းတိုက်တွန်း လုံးဝငြင်းမည်ဟု သန္နိဋ္ဌာန်ချလိုက်၏။
"အစ်ကိုမန် ပြက်ရယ်ပြုတာ ခံသင့်ပါတယ်" တုန်းလော့ဟန်က ပြောသည်။ "ညီမလေး စိတ်လိုက်မာန်ပါ လုပ်မိတာကို ကျေးဇူးပြုပြီး ဗွေမယူပါနဲ့ခင်ဗျာ။ တကယ်တော့ ဟိုတစ်နေ့က ကိစ္စအတွက် တောင်းပန်ခိုင်းမလို့ ကျုပ်နဲ့အတူ ခေါ်လာတာပါ"
"အရမ်းယဥ်ကျေးလွန်းနေပြီ တာအိုရောင်ရင်းတုန်းလော့။ နားလည်မှုလွဲတာမလို့ ပြန်အစဖော်စရာမလိုပါဘူး" မန်ဟိုသည် ပြုံးလိုက်သော်လည်း သတိထားနေ၏။ နောက်ဆုံးတွင် တုန်းလော့မျိုးနွယ်စု သူ့ကို လာရှာလိမ့်မည်ကို သူမျှော်လင့်ထားပြီးဖြစ်သည်။ သူထုတ်ဖော်ပြသခဲ့သည့် စွမ်းအားနှင့် ကြက်တူရွေး၏ ဖျော်ဖြေတင်ဆက်ခဲ့မှုကြောင့် သူတို့မျိုးနွယ်စုလိုအပ်နေသည့် အရည်အချင်းများနှင့် ကိုက်ညီသွားပုံထောက်သည်။
သို့သော် စောစောက တုန်းလော့ဟန် ပြောစကားကို အခြေခံ၍ သူကြံစည်ထားသည်က သည့်ထက်ပို၍ ကြီးမားကြောင်း မန်ဟိုပြောနိုင်သည်။
"ကျုပ်ညီမလေးက အလိုလိုက်ထားလို့ ဆိုးနေတာပါ။ ကံဆိုးစွာနဲ့ မျိုးနွယ်စုမှာ ကသောင်းသနင်းဖြစ်နေတယ်။ အစ်ကိုမန်က ချောမောပြီး အရည်အချင်းရှိတယ်။ ခင်ဗျားနဲ့ကျုပ် စတွေ့ထဲက ပြောလို့ဆိုလို့ကောင်းနေတာဆိုတော့ အပြင်လူလို့တောင် မမှတ်ပါဘူး အစ်ကိုမန်ရေ။ တကယ်လို့များ.... "
မန်ဟို့၏မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး တစ်ခုခုပြောလိုက်ရန် ပြင်လိုက်စဥ် တုန်းလော့လင်းက နောက်တစ်ဖန် ဝုန်းခနဲ ထရပ်လိုက်ပြန်သည်။
"ဘာတွေပြောနေတာလဲ အစ်ကိုသုံး။ တောင်းပန်ခိုင်းမလို့ ခေါ်လာတာဆို။ အစ်ကိုသုံးပြောမှာ ညီမ သိတယ်၊ ဘယ်တော့မှ သဘောမတူနိုင်ဘူးနော်။ အစ်ကိုသုံးရဲ့အကြံပဲဖြစ်ဖြစ်၊ မျိုးနွယ်စုရဲ့အကြံပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး။ အတင်းဖိအားပေးမယ်ဆိုရင် ညီမ ကိုယ့်ကိုကိုယ် သတ်သေပစ်မယ်။ ဘယ်သူမှရဲ့ ဇနီးမဖြစ်ချင်ဘူး အထူးသဖြင့် ဒီလိုအရှက်မရှိတဲ့ ကလေကချေ အောက်တန်းစား လူရမ်းကားကောင်ဆိုရင်" သူမက အထင်သေးမုန်းတီးစက်ဆုပ်မှုများကို မဖုံးကွယ်ဘဲ မန်ဟို့ကို စိန်းစိန်းကားကားကြည့်သည်။ "နင်လည်း အိပ်မက်မက်မနေရင် ကောင်းမယ်။ ငါ ဘယ်တော့မှ သူများရဲ့ဇနီး ဖြစ်မလာစေရဘူးလို့ သစ္စာဆိုပြီးသား။ ဒါမဲ့ သစ္စာမဆိုထားရင်တောင်မှ ကိုးပြည်ထောင်စုမှ သူရဲကောင်းတွေ မရေမတွက်နိုင်အောင် ရှိတယ်။ နင်က သူတို့ရဲ့ ခြေဖျားတောင်မမှီသေးဘူး"
ထို့နောက် သူမက မန်ဟို့ကို နောက်ဆုံးတစ်ခေါက် အထင်သေးစွာကြည့်ပြီးနောက် ခါးသိမ်သိမ်လေးကို လှည့်၍ ဆောင့်ဆောင့်အောင့်အောင့် ထွက်သွားသည်။ သူမ၏ နွဲ့ပျောင်းသောကိုယ်လေးမှာ မြင်လိုက်ရသည့် ပုရိသတိုင်းကို ဖိုးသိုးဖပ်သပ် ဖြစ်သွားစေလိမ့်မည်။
မန်ဟို မျက်မှောင်ကြုတ်သွား၏။ တုန်းလော့ဟန်၏ အကြံပြုချက်ကို ကြားပြီးနောက် သူ့မှာ ငြင်းပယ်ရန် ပြင်ခဲ့သည်။ သို့သော် တုန်းလော့လင်း၏တုံ့ပြန်ပုံက သူ့ကို ပြုံးမိလိုက်စေသည်။ သူက တုန်းလော့ဟန်ကို ပြန်ကြည့်လိုက်သည်။
တုန်းလော့ဟန်မှာ သက်ပြင်းခိုးချနေ၏။ တကယ်တော့ မျိုးနွယ်စု၏အကြံမဟုတ်၊ သူ့ဘာသာသူတွေးမိသော အရာဖြစ်သည်။ မန်ဆိုသော ဤကျင့်ကြံသူတွင် ကြီးမားသော လျှို့ဝှက်ချက်တချို့ရှိနေကြောင်း သူခံစားရသည်။ သို့ဖြစ်၍ သူ့အား မျိုးနွယ်စုထဲ ဝင်ရောက်ရန် စည်းရုံးဖို့အကြံမှာ သူ့ခေါင်းထဲ ဝင်လာခြင်းဖြစ်၏။
သို့သော် တုန်းလော့လင်း၏ ဒေါနှင့်မောနှင့် တုံ့ပြန်ပုံက တုန်းလောဟန်ကို ခါးသက်စွာ ရယ်ရင်း ခေါင်းခါမိစေသည်။ သူက မန်ဟို့ကို တောင်းတောင်းပန်ပန်ကြည့်ပြီးနောက် ထိုကိစ္စကို ဆက်မပြောတော့ပေ။ ထိုအစား တခဏတိတ်ဆိတ်နေပြီးနောက် ပြောသည်။ "ကျုပ်လာရတဲ့ ရည်ရွယ်ချက်ကို သိမယ်ထင်ပါတယ် အစ်ကိုမန်။ အနက်ရောင်နယ်မြေတွေ အုတ်အော်သောင်းနင်း ဖြစ်နေတယ်။ မဟာမိတ်ကိုးပြည်ထောင်စုက အနက်ရောင်နယ်မြေနန်းတော်နှင့် တန်းတူတော့မဟုတ်ပေမယ့် ကျုပ်တို့ရဲ့အင်အားက သိပ်အကွာကြီးမဟုတ်ပါဘူး။ တာအိုရောင်ရင်း ကျေးဇူးပြုပြီး ကိုးပြည်ထောင်စုနဲ့ ပူးပေါင်းပေးပါ ဘယ်တောင်းဆိုမှုကိုမဆို ဖြည့်ဆည်းပေးပါ့မယ်"
မန်ဟိုက ချက်ချင်း မငြင်းပေ။ တခဏထိုင်စဥ်းစားနေပြီးနောက် ဖြေးဖြေးချင်း တုံ့ပြန်သည်။ "ချက်ချင်း ဆုံးဖြတ်ချက်ချလို့ မရပါဘူး လူကြီးမင်း"
"ရပါတယ်" တုန်းလော့ဟန်က ပြန်ဖြေသည်။ အမှန်တွင် မန်ဟိုသာ ချက်ချင်း သဘောတူခဲ့ပါက သူသံသယဖြစ်မိလိမ့်မည်။ ပထမဆုံးငြင်းဆန်ခြင်းက အသင့်တော်ဆုံးတုံပြန့်ချက် ဖြစ်ပေသည်။ "လာမယ့်ရက်တွေမှာ ကိုးပြည်ထောင်စုကနေ အနက်ရောင်နယ်မြေ ကျင့်ကြံသူအသစ်တွေ စုဆောင်းဖို့ရှိတယ်။ ကိုးပြည်ထောင်စုက လူသစ်တွေကို စိတ်ရင်းနဲ့ဆက်ဆံပေးတယ်ဆိုတာ ခင်ဗျားကိုသိစေချင်ပါတယ်။ အနက်ရောင်နယ်မြေနန်းတော်နဲ့ ကိုးပြည်ထောင်စုကြားမှာ စစ်ဖြစ်ရင်တောင်မှ ကိုးပြည်ထောင်စုအနေနဲ့ အလွယ်တကူ သုတ်သင်ခံရမှာ မဟုတ်ပါဘူး။ အစ်ကိုမန် ရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေပါ့မယ်။ အဲ့ဒီအမိန့်ဆွဲပြားကို အသုံးပြုပြီး တုန်းလော့မျိုးနွယ်စုကို အသိပေးနိုင်ပါတယ်။ ဒါ့အပြင် ဒီနေ့လေလံပွဲမှာ သုံးဖို့လည်း ဝိညာဥ်ကျောက်တုံးတချို့ ငှားလို့ရပါတယ် လက်ဆောင်လို့သာ သဘောထားပါ"
ဤအခိုက်အတန့်တွင် လေလံခန်းမ၏ အလယ်ရှိ စင်မြင့်ထံမှ ခေါင်းလောင်းသံများ ပဲ့တင်ထပ်လာသည်။ စူးရှသောအလင်းရောင် ဖြာထွက်လာပြီး စင်မြင့်ပေါ်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ နောက်ဆုံးတော့ လေလံပွဲစလေပြီ။
တုန်းလော့ဟန်က လက်ယှက်နှုတ်ဆက်ပြီးနောက် ကျင့်ကြံသူအသစ်စုဆောင်းရန် လေလံခန်းမမှ ထွက်သွားသည်။ တုန်းလော့မျိုးနွယ်စုတစ်စုလုံးသည် မဟာမိတ်အင်အားတောင့်ရန် သင်းကွဲကျင့်ကြံသူများကို အသည်းအသန်စည်းရုံးနေခဲ့ကြ၏။
လာရောက်သူ များများစားစားမရှိသော်လည်း လေလံပွဲမှာ စည်ကားနေဆဲပင်။ သို့သော် ကျင့်ကြံသူများ လေလံပြိုင်မဆွဲနိုင်သည့် အဖွဲ့သုံးဖွဲ့ရှိကြောင်း မန်ဟို လျင်မြန်စွာ သတိထားမိလိုက်၏။ သူတို့မှာ အလွန်ဆုံး သုန်သုန်မှုန်မှုန်နှင့် ရန်လိုစွာသာ ကြည့်နိုင်ကြပြီး နှုတ်ဆိတ်၍သာ နေကြရသည်။
ဤအဖွဲ့သုံးဖွဲ့သည် လေလံစင်မြင့်မှ ဆန့်ကျင်ဘက်တွင် ရှိကြပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ မပြိုင်ဆိုင်ကြပေ။
မန်ဟိုက သူတို့ကို လှမ်းကြည့်ပြီးနောက် အာရုံစိုက်မနေတော့ပေ။ မည်သည့်နေရာတွင်မဆို သြဇာအာဏာရှိသောအဖွဲ့မျိုးစုံ ရှိမြဲမဟုတ်ပါလော။ အဆိုပါအဖွဲ့များသည် ဤကဲ့သို့အရေးကြီးသော လေလံပွဲ၌ အာဏာပြကြမည်သာဖြစ်သည်။
ပုံမှန်အခြေအနေဆိုလျှင်တော့ သူတို့အနေဖြင့် အတန်ငယ်သတိရှိလောက်သည်။ သို့ရာတွင် ဤသည်မှာ တုန်းလော့မြို့ဖြစ်ပြီး အနက်ရောင်နယ်မြေများ၌ အုတ်အော်သောင်းနင်း ဖြစ်နေသည်ကို ထည့်တွက်လျှင် ဤကဲ့သို့အဖွဲ့များသည် ယခင်ထက် များစွာပို၍ တန်ဖိုးရှိ၏။
သို့သော် မန်ဟိုလိုအပ်သည်မှာ လေလံပွဲတွင် ဆယ်ရွက်သာ ရနိုင်မည့် စိတ်ဝိညာဥ်သစ်ခွရွက် ဖြစ်သည်။ အနက်ရောင်နယ်မြေများ၏ ဝရုန်းသုန်းကားအခြေအနေကို စဥ်စားလျှင် ဒဏ်ရာပျောက်ကင်းစေနိုင်သော ဆေးဖက်ဝင်အပင်များကား အလွန်တရာ အဖိုးထိုက်ပေလိမ့်ည်။
သို့သော် မန်ဟိုက တစ်ရွက်ရအောင် ယူလိုက်နိုင်သေး၏။ သူရသွားသောအခါ ကျင့်ကြံသူခုနစ်ယောက်၊ ရှစ်ယောက်ခန့် သူ့ကို လိုချင်တပ်မက်သောမျက်လုံးများဖြင့် လှမ်းကြည့်ကြသည်။
မန်ဟိုသည် မပြောင်းလဲသောအမူအရာဖြင့် လေလံအစည်းအရုံးမှ စိတ်ဝိညာဥ်သစ်ခွရွက်အား သူ့ဆီ လာရောက်ပို့ဆောင်သည်ကို စောင့်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။
"နောက်လေလံတင်မယ့်ပစ္စည်းကတော့ အလံဖြစ်ပါတယ်။ ဒီအလံက အမြုတေဖြစ်တည်မှုအဆင့်အတွက် သင့်တော်ပြီး မဟူရာနေ့အောင်လံလို့ခေါ်ပါတယ်။ လွင့်ထူတဲ့အခါ အံဖွယ်စွမ်းအား ထုတ်လွှတ်ပြီး ခြေထောက်အောက်မှာ မင်လို နက်မှောင်မှုကို ထားရှိပေးပါတယ်။ တိုက်ခိုက်ဖို့အတွက်သာမက ခုခံဖို့အတွက်လည်း သုံးနိုင်တဲ့အပြင် အထူးဆန်းဆုံးကတော့ အမြုတေချီနှင့် ပေါင်းစည်းနိုင်တာပါပဲ
"ဒီရတနာကို ရှေးဟောင်းအပျက်အစီးပုံထဲက ရထားတာပါ။ ဒါ့အပြင် အနက်ရောင်နယ်မြေတစ်ခွင်လုံးမှာ ဒီတစ်ခုပဲ ရှိတယ်လို့ ကျုပ်တို့ အာမခံနိုင်ပါတယ်" လေလံပစ်သူ ပစ္စည်းတစ်မျိုးကို မိတ်ဆက်ပေးနေစဥ် ကြေးလင်ဗန်းကိုင်ထားသော အမျိုးသမီးတစ်ယောက် သူ့အနောက်မှ ထွက်လာသည်။ လင်ဗန်းထက်တွင် လက်သီးဆုပ်အရွယ် အဝတ်စတစ်စရှိ၏။
မန်ဟိုမှာ ထွက်ခွာတော့မည့်အချိန် ဖြစ်သည်။ ရုတ်တရက် ကြက်တူရွေး၏မျက်လုံးများ ပြူးကျယ်သွားပြီး အလံကို မယုံနိုင်သလို စိုက်ကြည့်နေသည်။
တခဏကြာသော် ကြက်တူရွေးသည် နှုတ်မှမပြောဘဲ ၄င်း၏ မယုံနိုင်ဖြစ်နေသော အော်သံကို မန်ဟို့စိတ်ထဲ ပေးပို့လိုက်သည်။ "ယူလိုက်။ မင်း အဲ့ဒါကို ယူရမယ်။ ဒါ အချီကြီးပွတာပဲကွ"
***