ခိုးသာ ခိုးလိုက်စမ်းကွာ
Vol. 24 Ch. 331
မန်ဟို တုံ့ခနဲရပ်သွားပြီး မျက်ဝန်းများ မဆိုစလောက် လင်းလက်သွားကာ လေလံပွဲကို အာရုံပြန်စိုက်လိုက်သည်။ အလံမှာ ပုံမှန်သာဖြစ်သော်လည်း ကြက်တူရွေး ဤမျှစိတ်ဝင်စားနေပုံအရ သေချာပေါက် တစ်ခုခုထူးခြားမည်ဖြစ်ကြောင်း မန်ဟို သေချာသည်။
"ဝိညာဥ်ကျောက်တုံး တစ်သောင်း" မိတ်ဆက်နေသည့်စကားလုံးများ လေလံခန်းမတွင် ပဲ့တင်ထပ်နေချိန်မှာပင် ခပ်သြသြအသံနှင့်တစ်ယောက်က ထအော်သည်။ မန်ဟိုသည် မသိမသာ မျက်လုံးဝေ့ကြည့်လိုက်ရာ အသံပိုင်ရှင်မှာ လေလံပွဲကို ကြီးစိုးခြယ်လှယ်နေသော ကျင့်ကြံသူအဖွဲ့သုံးဖွဲ့ထဲက တစ်ယောက်ဖြစ်ကြောင်း တွေ့လိုက်ရသည်။
အဖွင့်ခေါ်စျေးက လူတိုင်းကို မျက်မှောင်ကြုတ်သွားစေသည်။ သို့သော် မည်သူမှ ပြိုင်မခေါ်ရဲပေ။ အခြားနှစ်ဖွဲ့မှ ကျင့်ကြံသူများပင်လျှင် တီးတိုးတီးတိုး ဆွေးနွေးနေကြရုံမှတစ်ပါး ဘာမှလုပ်ခြင်းမရှိ။
လေလံပစ်သူက သက်ပြင်းခိုးချလိုက်သည်။ ယခင်က တုန်းလော့မြို့လေလံပွဲတွင် ယခုကဲ့သို့ အခြေအနေမျိုး တစ်ခါမှ မဖြစ်ပွားခဲ့ဖူးပေ။ သို့သော် အနက်ရောင်နယ်မြေများရှိ လတ်တလော မငြိမ်သက်မှုများကြောင့် ကိုးပြည်ထောင်စုသည် အဆိုပါပုဂ္ဂိုလ်များနည်းတူ အစွမ်းထက်ကျင့်ကြံသူများအဖွဲ့များကို စုဆောင်းချင်နေ၏။ ထို့ကြောင့် လေလံပွဲမှာ သိပ်အရေးမကြီးသည်ဖြစ်ရာ ယခုဖြစ်ပွားနေသောကိစ္စမျိုးကို လျစ်လျူရှုထားကြလေသည်။
လေလံပစ်သူက အပိတ်စျေးကို အတည်ပြုရန် တူအား ထုတော့မည့်အချိန် မန်ဟို့၏ အေးစက်သောအသံ ထွက်ပေါ်လာသည်။
"ဝိညာဥ်ကျောက်တုံး တစ်သောင်းခွဲ" သူက တည်ငြိမ်စွာ ပြောသည်။ သူ့အသံထွက်လာသည်နှင့်တစ်ပြိုင်နက် လေလံခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး အကြည့်တစ်ခုပြီးတစ်ခု သူ့အပေါ် ကျရောက်လာသည်။ အထူးသဖြင့် အဖွင့်စျေးခေါ်ခဲ့သော ကျင့်ကြံသူအဖွဲ့ပင်။ ထိုအဖွဲ့တွင် ဆယ်ယောက်ကျော်ရှိပြီး သုံးယောက်မှာ အမြုတေဖြစ်တည်မှုအဆင့်ဖြစ်သည်။ ကျန်ရှိသူများက ချီအခြေတည်အဆင့်ဖြစ်သော်လည်း အားလုံးက မန်ဟို့ကို ဝါးစားတော့မတတ် ကြည့်နေကြ၏။
အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူသုံးယောက်ထဲက မန်ဟိုနှင့် ကျင့်ကြံခြင်းအခြေခံအဆင့် တူသလောက်ရှိသော တစ်ယောက်က အေးစက်စွာ ပြောသည်။ " မင်းရဲ့ ဝိညာဥ်ကျောက်တုံး တစ်သောင်းခွဲကို ငါ့ကိုပေးပြီး ထွက်သွားတော့။ အေး အဲ့ဒီလိုထွက်သွားရင် ငါတို့ မင်းကို ပြဿနာမရှာဘူး"
သူ၏စကားလုံးများက မန်ဟို့ကို ပြုံးသာ ပြုံးလိုက်စေသည်။ "ဝိညာဥ်ကျောက်တုံး တစ်သောင်းခြောက်ထောင်" သူက ပြောသည်။
ဤအခြင်းအရာက ပတ်ဝန်းကျင်ရှိကျင့်ကြံသူများကို ပင့်သက်ရှိုက်သွားစေသည်။ မန်ဟို့မျက်လုံးထဲရှိ ထူးဆန်းသောအလင်းရောင်ကြောင့် စောစောက စကားပြောလိုက်သော သက်လတ်ပိုင်းလူ၏မျက်နှာကြီး မည်းမှောင်သွား၏။ အသတ်အဖြတ်စိတ်ဆန္ဒက သူ့မျက်လုံးများတွင် တောက်ပလာသည်။
"ငဲ့ညာပြီး ကမ်းလှမ်းပေးတာကို ငြင်းရအောင် မင်း ရူးနေတာလား ။ ဝိညာဥ်ကျောက်တုံး နှစ်သောင်း"
"နှစ်သောင်းတစ်ထောင်" မန်ဟို့တွင် တကယ်တော့ ဝိညာဥ်ကျောက်တုံးများ မရှိတော့ပေ။ ဤပမာဏမှာ သူတတ်နိုင်သမျှ အကုန်ဖြစ်သည်။ စိတ်ဝိညာဥ်သစ်ခွရွက်ကို ဝယ်ယူခြင်းက အကုန်အကျများခဲ့လေသည်။
"စိတ်ဝင်စားစရာပဲ" သက်လတ်ပိုင်းလူ၏ဘေး၌ ထိုင်နေသော အဘိုးကြီးတစ်ယောက်က ပြောသည်။ သူသည် အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူသုံးယောက်ထဲက တစ်ယောက်ဖြစ်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံမှာ တုန်းလော့ဟန်နည်းတူ အမြုတေဖြစ်တည်မှုအလယ်အလတ်အဆင့် ဖြစ်သည်။ "ဒီတော့ ဂိုဏ်းကြီးသုံးဂိုဏ်းအပိုင်ပစ္စည်းတွေကို လုရဲတဲ့သူ တုန်းလော့မျိုးနွယ်စုမှာ ရှိနေတာကိုး။ ဒီအလံအတွက် လေးသောင်း ပေးတယ်"
သူက မန်ဟို့ကို သေလူဖြစ်နေပြီးသကဲ့သို့ စိန်းစိန်းဝါးဝါး ကြည့်သည်။
မန်ဟိုသည် အသက်ရှိုက်စာအနည်းငယ်အထိ တိတ်ဆိတ်နေပြီးနောက် ပြောသည်။ "ဝိညာဥ်ကျောက်တုံး ငါးသောင်း" ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံမကြားရအောင် တိတ်ဆိတ်သွားသည်။ လေလံပစ်သူပင်လျှင် ကြောက်ဒူးတုန်နေပုံရသည်။ သူ၏တွက်ချက်မှုအရ ဤအလံမှာ ဝိညာဥ်ကျောက်တုံး လေးသောင်းဝန်းကျင်ထက်ပို၍ မတန်ပေ။ ငါးသောင်းမှာ အတိုင်းထက်အလွန် မြင့်သောစျေးဖြစ်၏။
တောင်ပိုင်းဒေသတွင်ဆိုလျှင် လေလံခေါ်စျေးများသည် ဤအတိုင်းအတာအထိ ရောက်ရှိနိုင်သော်လည်း ဤနေရာမှာ အနက်ရောင်နယ်မြေဖြစ်သည်။ ထိုမျှသာမက အလံ၏လုပ်ဆောင်ချက် အစစ်အမှန်မှာ သူပြောခဲ့သကဲ့သို့ အံ့ဖွယ်ကောင်းမနေပေ။ တကယ်တော့ အတန်ငယ်ချဲ့ကားထားခြင်းပင်။
အမြုတေဖြစ်တည်မှု အလယ်အလတ်အဆင့် ကျင့်ကြံသူအဘိုးကြီးက ရေခဲတမျှ အေးစက်သောအကြည့်ဖြင့် မန်ဟို့ကို ကြည့်သည်။ သူတစ်ယောက်သာ မဟုတ်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများပင်လျှင် မန်ဟိုက တုန်းလော့မြို့၏ အဓိကအင်အားသုံးရပ်ထဲမှ ဟန်မြစ်ဂိုဏ်းကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေသည်ဟု ထင်လာကြသည်။
"ဒီလို စျေးခေါ်ချင်ရင် ဝိညာဥ်ကျောက်တုံးတွေ ပြဖို့ လိုလိမ့်မယ်" အဘိုးကြီးက ပြောသည်။ "မဟုတ်ရင် ငါလည်း ပါးစပ်ထဲရှိရာ လျှောက်ခေါ်လို့ရတာပဲ" သူက လေလံပစ်သူကို လှမ်းကြည့်လိုက်သဖြင့် လေလံပစ်သူမှာ တခဏ ချီတုံချတုံဖြစ်နေပြီးနောက် မန်ဟို့ကို မျက်နှာမူလိုက်သည်။
"တာအိုရောင်ရင်း" သူကပြောသည်။ "လေလံပွဲရဲ့ စည်းမျဥ်းတွေအရ စျေးပြိုင်ခေါ်သူမိတ်ဆွေကို သံသယဖြစ်စေရင် ဝိညာဥ်ကျောက်တုံးတွေ ထုတ်ပြိီး ရှိကြောင်း သက်သေပြဖို့လိုပါတယ်။ ကျေးဇူးပြုပြီး ကျုပ်ကို အခက်တွေ့အောင် မလုပ်ပါနဲ့ဗျာ"
"ဒါနဲ့ဆို ကျုပ် ဝိညာဥ်ကျောက်တုံး ဘယ်လောက်ချေးလို့ရလဲ" မန်ဟိုက အနက်ရောင်ဆွဲပြားကို မြှောက်ရင်း မေးသည်။
"တစ်သိန်း" လေလံပစ်သူက အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူကို ပြန်ကြည့်ရင်း ဖြေသည်။
"အလံအတွက် တစ်သိန်းခွဲပေးမယ်" အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူက အေးစက်စွာ ပြန်ဖြေသည်။ သူသည် မန်ဟို့ကို လှောင်ရယ်ရယ်ရင်း ကြည့်လိုက်၏။ ဂိုဏ်းကြီးသုံးဂိုဏ်း၏ အာဏာအပြင် လူသစ်စုဆောင်းရေးကမ်းလှမ်းချက်များ ရရှိထားသည့်အတွက် ဝိညာဥ်ကျောက်တုံး တစ်သိန်းခွဲဆိုသည်မှာ တုန်းလော့မျိုးနွယ်စု အလွယ်တကူမေ့ဖျောက်ပေးနိုင်သော ပမာဏ ဖြစ်သည်။ ထို့ကြောင့် သူ သိပ်ဂရုမစိုက်ပေ။ သူဂရုစိုက်သည်က ဤကျင့်ကြံသူအားလုံး၏ ရှေ့မှောက်တွင် သူ၏ဂိုဏ်း ပစ်မှတ်ထားခံရနေသည်ကိုပင်။ အသတ်အဖြတ်စိတ်ဆန္ဒသည် သူ့မျက်လုံးများထဲ၌ တောက်လောင်နေခဲ့ပြီး ဖြစ်၏။
မန်ဟိုက တခဏတိတ်ဆိတ်သွားပြီးနောက် သက်ပြင်းခိုးချလိုက်သည်။ သူ့မှာ ဘယ်သူ့ကိုမှ ပစ်မှတ်ထားနေခြင်းမဟုတ်၊ အလံကိုသာ လိုချင်ခြင်း ဖြစ်သည်။ သို့သော် ယခုတွင် လေလံပစ်သူသည် ဤမဲအား အနိုင်ရှိသူကို ကြေညာရန်ပြင်ရင်း သူ့ကို လှမ်းကြည့်နေသည်။
"ဒီအလံက ဘယ်လောက် အရေးကြီးတာတုံး" မန်ဟိုက ကြက်တူရွေးထံ အသံပေးပို့လိုက်သည်။
"သိပ်အရေးကြီးတယ်" တုံ့ပြန်ချက်ဖြစ်သည်။ "သခင်ငါး မမှားဘူးဆိုရင် အဲ့ဒါ အလံမဟုတ်ဘူး။ အဲ့ဒီဟာကို အလံအဖြစ် ပြုပြင်ပြောင်းလဲတဲ့ကောင်ကတော့ ငတုံးပဲ။ အဖိုးထိုက်ရတနာတစ်ပါးကို ဖျက်စီးရတယ်လို့။ မီးလောင်သွားတဲ့ အဆောင်စက္ကူကို ရေးဆွဲခဲ့တဲ့လူအကြောင်း မှတ်မိသေးလား။ ငါပြောခဲ့ဖူးတယ်လေကွာ။ အဆောင်က ကျဆင်းလာတဲ့ပြာတွေက အနက်ရောင်နယ်မြေတွေ ဖြစ်လာတယ်။ အဲ့ဒီအဆောင်စက္ကူက အပြီးတိုင်မပျက်စီးသွားဘူးကွ။ ကျန်ခဲ့တဲ့အပိုင်းအစတွေက ကမ္ဘာမြေအပေါ် ကျလာခဲ့တယ်
"ပြောရရင် ဒီအလံက အဲ့ဒီမီးလောင်သွားတဲ့စက္ကူရဲ့ အကြွင်းအကျန်ကလွဲလို့ တခြားမဟုတ်ဘူး။ မင်း ရအောင်ယူနိုင်ရင် အင်မိုတယ်မှော်သင်္ကေတွေရဲ့ ဉာဏ်အလင်းရှာဖွေတဲ့နေရာမှာ အထောက်အကူတော်တော်ဖြစ်လိမ့်မယ်။ ဒီအလံရရင် အဲ့ မှော်သင်္ကေတတွေအပေါ် အခြေခံပြီး ကျင့်ကြံအားထုတ်လို့ရပြီလို့ ပြောနိုင်တယ်။ ပိုက်ဆံမရှိရင် ခိုးကွာ။ ဘာစောင့်နေတာလဲ။ ကြောက်မနေနဲ့။ သခင်ငါးကို ယုံကြည်၊ ထာဝရဘဝ ရမည်။ သခင်ငါး မင်းကို စောင့်ရှောက်ပေးနေတာပဲ။ ငါလည်း တစ်ချိန်က ဒီလိုတွေလုပ်ခဲ့တာ။ ခိုးသာခိုးလိုက်။ စင်မြင့်ကို ကာကွယ်ထားတဲ့ဒိုင်းကို ထိုးဖောက်နိုင်အောင် ငါကူညီပေးမယ်" ကြက်တူရွေးမှာ မန်ဟို အလံကို ခိုးယူတော့မည့် အလားအလာကြောင့် ပိုပို၍စိတ်လှုပ်ရှားလာပုံရသည်။
အသားဂျယ်လီ၏အသံက ကြက်တူရွေးနှင့် မန်ဟို စိတ်ချင်းဆက်သွယ်နေသည်ကို နှောင့်ယှက်လိုက်သည်။ "ခိုးယူခြင်းဆိုတာ အကျင့်ပျက်တယ်။ ယုတ်မာတယ်။ မှားတယ်" ၄င်းက တည်ကြည်လေးနက်စွာ ပြောသည်။ "မင်းတို့နှစ်ယောက် ကျူးလွန်မယ်ဆို..."
သို့သော် ကြက်တူရွေး၏ စကားလုံးများကို ကြားပြီးနောက် မန်ဟို၏မျက်လုံးများမှာ တဖျပ်ဖျပ်လက်နေပြီး ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် ပြည့်နေချေပြီ။ ဤလေလံပွဲအား တုန်းလော့မျိုးနွယ်စုမှ စီစဥ်ကျင်းပခြင်းဖြစ်ပြီး မန်ဟိုမှာ သူတို့နှင့်ပူးပေါင်းရန်ပင် စဥ်းစားထားသည်။ သို့သော် သူတစ်ယောက်နှင့် ဤဆယ်ယောက်အား မည်သို့ယှဥ်နိုင်မည်နည်း။
အဆုံးသတ်တွင် တုန်းလော့မျိုးနွယ်စု မည်သည့်ဘက်၌ ရပ်မည်ကို ပြောရခက်ခြင်းက ပြဿနာပင်။ တခြားရွေးချယ်စရာမရှိတော့သည့်အတွက် လေလံပစ်သူ တစ်ခုခုပြောတော့မည့်အချိန်မှာပင် မန်ဟိုက ရုတ်တရက် ထရပ်လိုက်သည်။
ဤသည်က လေလံပစ်သူကို အထိတ်တလန့် လှမ်းကြည့်မိလိုက်စေ၏။ ထိုစဥ်မှာပင် မန်ဟို့၏ခန္ဓာကိုယ်က ရိပ်ခနဲ ဖြစ်သွားသည်။ ကျင့်ကြံသူအားလုံး၏ အရှေ့တည့်တည့်တွင် သူကား လေလံခန်းမအလယ်ရှိ စင်မြင့်သို့ ပြေးထွက်သွားတော့သည်။
သူလှုပ်ရှားသွားသည်မှာ မြန်လွန်းသဖြင့် ဘယ်သူမှ မတုံ့ပြန်နိုင်လိုက်ပေ။ စင်မြင့်အနားရောက်သည်နှင့် ကြက်တူရွေးမှာ ပို၍စိတ်လှုပ်ရှားလာသည်။ ၄င်းက ဂီးခနဲ အော်ပြီး ပါးစပ်မှ တစ်စုံတစ်ခု ထွေးထုတ်လိုက်သည်။
ယင်းက စင်မြင့်ကို ချက်ချင်း ဝင်ဆောင့်ပြီး ပေါက်ကွဲမှုဖြစ်ပေါ်စေသော တိုက်ကွက်တစ်ခု ဖြစ်သည်။ စင်မြင့်ကို ကာကွယ်ထားသည့် မမြင်ရသောဒိုင်းတစ်ခုလုံး တစစီကွဲကြေသွားသည်ကို လေလံပစ်သူမှာ ကြောင်တောင်တောင်လေး ကြည့်နေ၏။ မန်ဟိုက လေလံပစ်သူကို လျစ်လျူရှုရင်း ဆင်းလာကာ အလံကိုဆွဲယူပြီးနောက် ထွက်ပြေးသွားတော့သည်။
လေလံပွဲတက်ရောက်သူများကား တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။ သို့သော် မန်ဟို ထွက်ပြေးသည့်အခိုက်အတန့်တွင် လေလံခန်းမ၏အလယ်မှ ဟိန်းဟောက်သံကြီးနှစ်သံ ထွက်လာသည်။ အဘိုးကြီးနှစ်ယောက် ရုတ်တရက် ပေါ်လာပြီး မန်ဟို့ကို ဟန့်တားရန် ပျံထွက်သွားသည်။
"ငါတို့ တုန်းလော့မျိုးနွယ်လေလံပွဲကနေ ခိုးရဲတယ်ပေါ့ မင်းသေချင်နေလား"
"ပြန်လာခဲ့စမ်း" အဘိုးကြီးနှစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံမှာ အမြုတေဖြစ်တည်မှု နှောင်းပိုင်းအဆင့်၏စွမ်းအားဖြင့် ပေါက်ကွဲထွက်သွားသည်။ သူတို့ချဥ်းကပ်လာခြင်းက ကြက်တူရွေးကို ပို၍စိတ်လှုပ်ရှားစေသည်။ ၄င်းက ဂီးခနဲ ထပ်အော်လိုက်သည်။ ထိုအော်သံက တိုက်ကွက်အသွင်ဖြင့် ပြန့်ကားသွားပြီး အမြုတေဖြစ်တည်မှု နှောင်းပိုင်းအဆင့်ကျင့်ကြံသူ အဘိုးကြီးနှစ်ယောက်ထံ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။ သူတို့၏ခန္ဓာကိုယ်များ တုန်ခါသွားပြီး အနားထပ်မကပ်နိုင်တော့ပေ။
မန်ဟိုက သူတို့ကို ရှောင်၍ ကြယ်ပျံတစ်စင်းသဖွယ် အခြားကျင့်ကြံသူများ၏ ခေါင်းပေါ်မှ ရွှီးခနဲ ဖြတ်သွားတော့သည်။ သူ အလင်းတန်းအသွင်ပြောင်း၍ ကောင်းကင်ထံ ထိုးတက်သွားစဥ် သူယူလိုက်သည့်အဟုန်က သူတို့၏မျက်နှာကို ဖြတ်တိုက်သွားသည်။
ဤဖြစ်စဥ်တစ်ခုလုံး အသက်ရှိုက်စာအနည်းငယ်သာ ကြာလိုက်၏။ သူ အလံကို ဆွဲယူသည့်အခိုက်အတန့်မှ ပျောက်ကွယ်သွားသည်အထိ လှုပ်ရှားသွားသော အမြန်နှုန်းကား လက်ဖျားခါလောက်သည်။ အလံကို လုရန် သူသုံးသွားသည့် နည်းလမ်းမှာ လေ့ကျင့်ထားသကဲ့သို့ ပြေပြစ်လွန်းသည်။ ကျန်ခဲ့သော ကျင့်ကြံသူများမှာ ပါးစပ်အဟောင်းသားနှင့် ကြောင်တောင်တောင်ဖြစ်နေကြ၏။
ဤသည်မှာ သူတို့အတွက် တစ်စုံတစ်ယောက် လေလံပစ္စည်းအား ခိုးသွားသည်ကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ အနက်ရောင်နယ်မြေတွင်ပင်လျှင် ဤအခြင်းအရာမျိုး အင်မတန် ဖြစ်တောင့်ဖြစ်ခဲ၏။ အထူးသဖြင့် လေလံပွဲဦးဆောင်ကျင်းပသည်က အဓိကမျိုးနွယ်စုကြီးများသာ ဖြစ်သည့်အတွက်ပင်။ ကျင့်ကြံသူအားလုံး၏ မျက်နှာထားများကား ထူးဆန်းတော့သည်။
ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကြည့်ရှုနေသူများလည်း ဆွံ့အနေသည်။ အားလုံးအထဲ အအံ့သြဆုံးသူမှာတော့ စျေးအမြင့်ဆုံးခေါ်ခဲ့သည့် အဘိုးကြီးပင်။ သူ့ပြိုင်ဘက်က ဤကဲ့သို့ စည်းကမ်းဖောက်သွားလိမ့်မည်ဟု သူ မည်သို့တွေးနိုင်ခဲ့မည်နည်း။
ပိုက်ဆံမရှိ၍ ခိုးသွားခြင်း ..... ဤဂိုဏ်းကြီးသုံးဂိုဏ်းလည်း ထိုကဲ့သို့ မကြာခဏ လုပ်ခဲ့ဖူးသော်လည်း တိတ်တဆိတ်လျှို့ဝှက်၍သာ ဖြစ်သည်။ ဘယ်တော့မှ လူသိထင်ရှား လုပ်ရဲမည်မဟုတ်ပေ။
ယခုတော့ အဘိုးကြီးပြောသမျှစကားလုံး ဟာသကြီးဖြစ်ကျန်ခဲ့လေပြီ။ ဒေါသအရိပ်အယောင်တို့က သူ့မျက်နှာကို လျင်မြန်စွာ ဖုံးလွှမ်းသွားသည်။ ပို၍ပင် စိတ်တိုနေသည်ကတော့ မန်ဟို့ကို တားရန်ကြိုးစားခဲ့သည့် အဘိုးကြီးနှစ်ယောက်ပင်။ သူတို့၏မျက်လုံးများမှာ ဒေါသမီးတောက်နေပြီး နဖူးတွင် သွေးကြောများထောင်နေကြသည်။
စောင့်ကြည့်နေသူများကြား၌ စကားသံများ ချက်ချင်း ဆူညံပွက်လောရိုက်သွားသည်။
"အဲ့ဒါ ဘယ်သူတုန်း၊ ဘယ်လောက်မျက်နှာပြောင်လိုက်သလဲ၊ တကယ်ကြီးခိုးသွားတာဟ"
"တော်တော်ရဲတာပဲ။ ဝိညာဥ်ကျောက်တုံးမရှိလို့ ခိုးတယ်တဲ့လား။ သူနဲ့ယှဥ်ရင် ငါတို့ကိုယ်ငါတို့ အနက်ရောင်နယ်မြေကျင့်ကြံသူလို့တောင် မခေါ်နိုင်ဘူး။ သူကမှ အနက်ရောင်နယ်မြေကျင့်ကြံသူစစ်စစ်ပဲ"
"ငါတို့ သူ့ဆီက သင်ယူရမယ်"
ခပ်လှမ်းလှမ်းရှိ တံတိုင်းတစ်ခုပေါ်တွင် လေလံပွဲရှိ ဘယ်သူမှမမြင်နိုင်သော ရုံသေးသေးလေးတစ်ခု ရှိသည်။ အတွင်းတွင် လောလောဆယ် မန်ဟို့ကို ပါးစပ်အဟောင်းသားနှင့်ကြည့်နေသော တုန်းလော့ဟန် ရပ်နေသည်။ ဤရုံအတွင်းမှ အပြင်ကလူတိုင်းကို မြင်ရသော်လည်း အတွင်းကိုတော့ ဘယ်သူမှမမြင်နိုင်ပေ။
သူသည် မန်ဟို ဝိညာဥ်ကျောက်တုံးကုန်သွားသည်ကို အချိန်အတော်ကြာကတည်းက သတိထားမိခဲ့ပြီး အတန်ငယ်မျက်နှာပူနေ၏။ မန်ဟိုက တုန်းလော့မျိုးနွယ်စုဖြင့် ကနဦးသဘောတူညီချက်လုပ်ထားပြီးဖြစ်သော ဂိုဏ်းကြီးသုံးဂိုဏ်းထဲက ဟန်မြစ်ဂိုဏ်းဖြင့် ပြိုင်ဆိုင်နေခဲ့သည် မဟုတ်ပါလော။ တုန်းလော့ဟန်သည် မန်ဟို အဓွန့်တက်လျှင် ပါးပါးနပ်နပ်တုံ့ပြန်ရန်ပင် ပြင်ဆင်ထားပြီးဖြစ်၏။ မန်ဟိုက တကယ်ကြီး ခိုးသွားလိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့ဖူးပေ။
"ဘယ်လောက် မိုက်ရူးရဲဆန်လိုက်သလဲ...." တုန်းလော့ဟန်ဘေးတွင် ယောက်ျားတစ်ယောက်ရပ်နေသည်။ သူ့အသွင်မှာ နူးညံ့ပြီး တည်ကြည်ခံ့ညားသော်လည်း သူပင်လျှင် ချီးကျူးလိုက်၏။
တုန်းလော့ဟန်မှာတော့ ခပ်ယဲ့ယဲ့သာ ပြုံးနိုင်တော့သည်။
တစ်ချိန်တည်းမှာပင်....
ဟန်မြစ်ဂိုဏ်းမှ အမြုတေဖြစ်တည်မှုအဆင့်အဘိုးကြီး ထပေါက်ကွဲလေသည်။ "တုန်းလော့မျိုးနွယ်လေလံပွဲက ပစ္စည်းကို ခိုးရဲတယ်ပေါ့လေ၊ ပြီးတော့ ငါ့ပစ္စည်းတဲ့လား။ ဂိုဏ်းကြီးသုံးဂိုဏ်းက မင်းကို ဒီအတိုင်း မထားဘူး" သူ၏ခန္ဓာကိုယ်က ရိပ်ခနဲ လေပေါ် ပျံတက်သွားသည်။ နောက်ထပ်လူဆယ်ယောက်ကျော်က ရောင်စုံအလင်းတန်းများအသွင်ပြောင်း၍ သူ့နောက်မှလိုက်သွားကြသည်။
ဂိုဏ်းကြီးသုံးဂိုဏ်းမှ တခြားနှစ်ဖွဲ့လည်း အကြည့်ချင်းဖလှယ်လိုက်သည်။ ထို့နောက် သူတို့လည်း ပျံတက်ပြီး အမြင့်ဆုံးအရှိန်ဖြင့် လိုက်ပါသွား၏။
ကျန်ရှိသော ကျင့်ကြံသူများလည်း လေလံပွဲပြီးဆုံးသွားသည်ကို တွေ့လိုက်ရ၍ လေပေါ်ပျံတက်ပြီး ထပ်ကြပ်မကွာ လိုက်သွားကြသည်။
***