ကလိမ်ကျခြင်း
Vol. 24 Ch. 332
မန်ဟို လေကိုခွင်း၍ တရိပ်ရိပ်သွားနေသည်။ ကြက်တူရွေးက သူ့ပခုံးကို ခြေသည်းများဖြင့် ခပ်တင်းတင်းကုပ်ထားပြီး တောင်ပံနှစ်ဖက်အား တဖျပ်ဖျပ်ခတ်လျက် အလွန်ကျေနပ်အားရနေပုံပေါ်သည်။
"ခိုးပစ် ခိုးပစ် ခိုးပစ်" ၄င်းက စူးစူးဝါးဝါးအော်သည်။ "ဒီလိုပဲဖြစ်နေရမှာ။ လိုချင်ရင် ခိုးလိုက်၊ သတ်ချင်ရင် သတ်ပစ်လိုက်။ ဘဝကို အဲ့ဒီလိုနေထိုင်ရမှာကွ။ သခင်ငါးကို ယုံကြည်၊ ထာဝရဘဝရမည်။ သခင်ငါးပေါ်လာ၊ ဘယ်သူရန်ဖြစ်ရဲမှာ"
မန်ဟိုက ကြက်တူရွေးကို လျစ်လျူရှုထားသည်။ သူ့မျက်နှာမှာ အတန်ငယ်နီရဲနေလေသည်။ ဤသည်မှာ ပထမဆုံးအကြိိမ် ပေါ်တင်ခိုးခဲ့ခြင်းဖြစ်၍ တစ်မျိုးကြီးခံစားရလေသည်။ စာပေသမားဘဝတုန်းကဆိုလျှင် ယခုကဲ့သို့ ဘယ်တော့မှ ပေါ်တင်ခိုးခဲ့မည်မဟုတ်ပေ။
အမှန်တွင် ကြက်တူရွေး လောဆော်မနေပါက သူဘယ်တော့မှ ထိုသို့ပြုလုပ်ခဲ့မည်မဟုတ်။ ဝိညာဥ်ကျောက်တုံးများ ပုံအောလိုက်စဥ်ကပင် သူ့မှာ တုံ့ဆိုင်းနေခဲ့သေးသည်။ တကယ်တမ်း ဖြစ်နိုင်လျှင် အရင်ဆုံး ဆေးလုံးတချို့ရောင်းရန် ကြိုးစားခဲ့ပေမည်။ သို့သော် အဆုံးသတ်တွင် ထိုကိစ္စကား ဖြစ်နိုင်မည့်ပုံမပါ်ပေ။
ထို့ကြောင့် ကြက်တူရွေးစကား နားထောင်၍ လေလံပွဲတွင် ခိုးမှုကျူးလွန်ခဲ့ရလေသည်.....
ထိုကဲ့သို့ ပြောင်ပြောင်တင်းတင်းခိုးမှုက သူ့ကို အတော်လေးစိုးရိမ်စေသော်လည်း စိတ်လည်းလှုပ်ရှားစေသည်။
သူသည် အမြင်ဆုံးအရှိန်ဖြင့် သွားနေစဥ် ခါးသက်စွာ ရယ်ရင်း ခေါင်းခါလိုက်သည်။ ကြက်တူရွေးနိုးလာကတည်းက မသိလိုက်ဘဲ ၄င်း၏လွှမ်းမိုးခြင်းခံနေခဲ့သည်ကို သူသဘောပေါက်လိုက်သည်။
"သောက်ကျိုးနဲ ကြက်တူရွေး" သူက သက်ပြင်းခိုးချရင်း တွေးလိုက်သည်။ ထိုစဥ် ဒေါသတကြီးဟိန်းဟောက်သံများနှင့်အတူ ကျင့်ကြံသူများ လေကိုခွင်း၍လာနေသည့်အသံကို သူ့အနောက်မှ ကြားလိုက်ရသည်။
"ခွေးမသားလေး။ ငါပစ္စည်းကို ခိုးတယ်ပေါ့လေ။ မင်း သေချင်နေလား" အသံသည် မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ထပ်လာ၏။ မန်ဟိုက စိတ်ဝိညာဥ်အာရုံ ဖြန့်ကျက်လိုက်ရာ သူ့အနောက် လိုက်နေကြသော ကျင့်ကြံသူဒါဇင်ကျော်ကို ချက်ချင်း မြင်လိုက်သည်။ သူတို့ သုံးနေသည့်ပညာရပ်ကို သူမသိသော်လည်း သူတို့၏ခန္ဓာကိုယ်များကို အနီရောင်အလင်းက ဝန်းရံထားသည်။ ထိုအလင်းက သူတို့အားလုံးကို အတူတကွ ဆက်သွယ်၍ အရှိန်မြန်စေပုံထောက်သည်။
"ငါ ဒီလိုမျိုး ထပ်မလုပ်ဘူး" မန်ဟိုက တွေးသည်။ "ခိုးတာက ငါနဲ့တကယ် မလိုက်ဖက်ဘူး။ အေး နောက်တစ်ခါကျရင် အဲ့အဘိုးကြီးကို ဝယ်ခွင့်ပေးမယ်။ နောက်မှသူ့ကို ရှာပြီး သူ့ဆီက ယူရမယ်။ ဒါဆို ဒီလိုမျိုး အာရုံမစိုက်ခံရတော့ဘူး" မန်ဟိုသည် ပြဿနာဖြေရှင်းရာ၌ တော်သည့်အတွက် တခဏကြာ စဥ်စားပြီးနောက် သူ၏စိတ်ဝိညာဥ်အာရုံကို နောက်တစ်ဖန် ဖြန့်ကျက်လိုက်သည်။ အမြုတေဖြစ်တည်မှုကျင့်ကြံသူသုံးယောက်အနက် မျက်နှာတစ်ခုလုံး ကျောက်ပေါက်မာများ ပြည့်နေသော အဘိုးကြီးကိုသာ မန်ဟိုအာရုံစိုက်လေသည်။ သူ့တွင် အမြုတေဖြစ်တည်မှု နှောင်းပိုင်းအဆင့် ကျင့်ကြံခြင်းအခြေခံရှိသည်။ တခြားသူအားလုံးကို မန်ဟို ခေါင်းထဲမထည့်ပေ။
ကျောက်ပေါက်မာနှင့်အဘိုးကြီးက တစ်ချိန်လုံး စကားတစ်ခွန်းမှ မပြောပေ။ ထိုအစား သူက အေးစက်သောမျက်လုံးများဖြင့်သာ စောင့်ကြည့်နေခဲ့သည့်အတွက် မန်ဟို အတန်ငယ် စိတ်ဖိစီးမိသည်။
သွေးအင်မိုတယ်မျက်နှာဖုံးကို မတပ်မချင်း ထိုလူ့ကို အနိုင်ယူရခက်လိမ့်မည်။
သူက ကြက်တူရွေးကို လှည့်ကြည့်လိုက်သည်။ "ခင်ဗျားမီးမွှေးလိုက်တဲ့ပြဿနာကို ကြည့်"
"ဘာတွေ ကြောက်နေတာလဲ" ကြက်တူရွေးက သူ့ကို မာန်တက်နေသောအသွင်ဖြင့် ပြန်ကြည့်သည်။ "စမုံတုန်းပစ်" ရုတ်တရက် ၄င်း၏ခြေသည်းက ၄င်းမျက်နှာထံ ဦးတည်ပြီး အနက်ရောင်သိုင်းကြိုးတစ်ကြိုးဖြင့် မျက်လုံးတစ်လုံးကို ဖုံးကွယ်ရင်း ခေါင်းတွင် သိုင်းပတ်လိုက်သည်။ ထို့နောက် ၄င်းက မန်ဟို့ပခုံးမှ ပျံထွက်သွားသည်။
၄င်းက ဂီးခနဲ အော်လိုက်ရာ လျင်မြန်စွာကြီးမားလာနေသော ၄င်း၏ခန္ဓာကိုယ်ပတ်လည်တွင် အနက်ရောင်မီးတောက်တစ်ခု ရုတ်တရက် ပေါ်လာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၄င်း၏ခန္ဓာကိုယ်သည် မီတာ နှစ်ဆယ် ၊ သုံးဆယ်ခန့် မြင့်သွားလေပြီ။
မန်ဟို့၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ သူ့မျက်စိရှေ့တွင် ကြက်တူရွေးကား ရဲရင့်စွာ ချီတက်သွား၏။ ၄င်းအတွက် နောက်မှလိုက်လာနေသော ကျင့်ကြံသူများကို ဝင်ဆောင့်ရန် တခဏသာ ကြာလိုက်သည်။ ပေါက်ကွဲသံကြီး မြည်ဟည်းသွားပြီး အဆိုပါကျင့်ကြံသူများကို ဝန်းရံထားသည့် အနီရောင်အလင်း ချက်ချင်း ပြိုကွဲသွားသည်။ တချို့မှ သွေးအန်လိုက်ကြရ၏။ အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူသုံးယောက် တကွဲတပြား ဖြစ်သွားသည်။
မန်ဟို့၏မျက်လုံးများ လင်းလက်သွားသည်။ သူသည် တုံ့ဆိုင်းမနေဘဲ ရှေ့တက်သွား၏။ တခဏအတွင်းမှာပင် သူကား အမြုတေဖြစ်တည်မှု စဦးပိုင်းအဆင့်ကျင့်ကြံသူ၏ အရှေ့တည့်တည့်သို့ ရောက်သွားလေပြီ။ သူက လက်သီးဆုပ်ကိုမြှောက်ပြီး ထိုးသွင်းလိုက်သည်။
ထိုလူ၏ပါးစပ်က အကျည်းတန်သောအပြုံးအသွင် ကွေးညွတ်သွားသည်။ သူက လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်ဖော်ပြီး လည်နေသောရေဝဲတစ်ခုအား ပစ်လွှတ်လိုက်သည်။ ၄င်းသည် နက်မှောင်နေပြီး အတွင်း၌ လျှပ်စီးများ တဝင်းဝင်းလက်နေသည်။ ထိုမျှသာမက ချောက်ချားဖွယ်အော်သံစူးစူးများ ကြားလိုက်ပြီး ၄င်းနှင့်အတူ ဝိညာဥ်မျက်နှာအမြောက်အမြားက မန်ဟို့ကို ဝါးမြိုရန် ပြင်ရင်း ပြေးဝင်လာသည်။
မန်ဟိုက အေးစက်စက်နှာမှုတ်လိုက်သည်။ သူသည် တုံ့ဆိုင်းမနေဘဲ လက်သီးကို ထိုးချလိုက်သည်။ ဝုန်းခနဲ မြည်ဟည်းသွားသည်။ မျက်နှာများ တွန့်လိမ်ရှုံ့တွသွားပြီး စူးစူးဝါးဝါးအော်ပြီးနောက် အစိတ်စိတ်အမြွှာမြွာ ပြိုကွဲသွားသည်။ လျှပ်စီးများ လွင့်စင်ပျောက်ကွယ်သွားပြီး ရေဝဲကား အပိုင်းပိုင်းပြတ်ထွက်သွား၏။ ဤမှော်ပညာရပ်မှာ မန်ဟို့လက်သီးချက်ကို နည်းနည်းလေးပင် ခံနိုင်ရည်မရှိပေ။ သက်လတ်ပိုင်းကျင့်ကြံသူ မတုံ့ပြန်နိုင်ခင် မန်ဟို့လက်သီးသည် ၄င်းတို့အားလုံးကို ဖြတ်ကျော်၍ သူ၏ရင်ဘတ်အား ဝင်ဆောင့်သွားသည်။
ဘုန်း
သက်လတ်ပိုင်းကျင့်ကြံသူမှာ ပါးစပ်နှင့် ကျောကုန်းမှ သွေးများ ပန်းထွက်ပြီး နောက်လိမ့်ထွက်သွားသည်။ သူ၏ရင်ဘတ်မှာ အပေါက်ကြီးပေါက်ထွက်သွားသဖြင့် တစ်ကိုယ်လုံး တုန်ခါသွားလေသည်။ သူ့မှာ တစ်ကိုယ်လုံးမပေါက်ကွဲခင် ငုံ့ကြည့်ရန်သာ အချိန်ရလိုက်၏။
မန်ဟိုက တခဏပင် မရပ်ပေ။ သူ့ညာလက်သည် ရုတ်ခြည်း မုဒြာလက်ကွက်ပုံစံ ဖြစ်ပေါ်သွားသည်။
သူ့အရှေ့တွင် အသတ်အဖြတ်စိတ်ဆန္ဒဖြင့် တဟုန်းဟုန်းတောက်နေသော အမြုတေဖြစ်တည်မှု အလယ်အလတ်အဆင့်ကျင့်ကြံသူအဘိုးကြီး ရှိသည်။ သူက အင်္ကျီလက်စခါလိုက်ရာ မျက်နှာပြင်ပေါ်တွင် ဆန်းကြယ်သောသတ္တဝါပုံစံများ ထွင်းထားသည့် ပြာဿဒ်ကိုးခု သူ့ကိုဝန်းရံ၍ ပေါ်လာသည်။ ရုတ်တရက် မရေမတွက်နိုင်သော တစ္ဆေသတ္တဝါပုံရိပ်များ ပြဿဒ်ကိုးခု၏ ပတ်လည်တွင် ဖြစ်တည်လာကာ ကောင်းကင်တွင် ပြည့်နှက်သွားသည်။ ၄င်းတို့က မန်ဟို့ထံ ချက်ချင်း ပြေးဝင်လာသည်။
သို့သော် အခိုက်အတန့်တွင် မန်ဟိုက အော်လိုက်သည်။ "အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်" သူ့လက်ချောင်းကျဆင်းလာသည်နှင့် အရာရာတိုင်းမှ သရဲပုံရိပ်များ နေရာအနှံ့တွင် ထွက်ပေါ်လာသည်။ လက်ရှိကမ္ဘာပေါ်တွင် ဒုတိယမြောက်သရဲတစ္ဆေကမ္ဘာ တည်ရှိနေရသည့်အလား ထင်ရသည်။ ၄င်းတို့က အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူအဘိုးကြီးအပေါ် ထပ်လာရာ သူ၏မျက်နှာကို ရိပ်ခနဲ ဖြစ်သွားစေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ ချက်ချင်းချုပ်နှောင်ခံလိုက်ရပြီး သူ့မှာ ဤကမ္ဘာနှင့် မသက်ဆိုင်တော့၍ ကောင်းကင်နှင့်မြေကြီးထံမှ ဖယ်ရှားခံလိုက်ရသည့်အလားပင်။
"ဒါ ဘာမှော်ပညာလဲ...." သူ ချာချာလည်နေစဥ် မန်ဟိုက ခံစားချက်မဲ့သောမျက်နှာထားနှင့် ချဥ်းကပ်လာသည်။ သူ၏လက်သီးကျဆင်းလာ၏။ ထို့နောက် နောက်တစ်ချက်။ ထို့နောက် တတိယမြောက်လက်သီးချက်။
တတိယမြောက်လက်သီး ကျဆင်းလာသည့်အခါတွင် ပြာဿဒ်ကိုးခုကား မှုန့်မှုန့်ညက်ညက် ကြေမွသွားခဲ့လေပြီ။ မျက်စိတစ်မှိတ်အတွင်း မန်ဟို့၏လက်သီးသည် အဘိုးကြီး၏နဖူးထံ တဟုန်ထိုးဦးတည်သွား၏။
ရုတ်တရက် အန္တရာယ်ရှိသောခံစားချက်က မန်ဟို့ခေါင်းထဲတွင် ပြည့်နှက်သွားသည်။ သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ လက်သီးကို လက်သည်းလက်ကြီးအသွင်ပြောင်း၍ အဘိုးကြီးကို ဆတ်ခနဲ ဖမ်းဆုပ်လိုက်သည်။ မန်ဟိုသည် သူ့အရှေ့ရှိလူကို တွန်းလိုက်ပြီးနောက် မရွေ့လျားနိုင်သော အဘိုးကြီးကို အသုံးပြု၍ နောက်သို့ ခုန်ဆုတ်လိုက်သည်။
သူခေါင်းမော့လိုက်သည်တွင် ကျောက်ပေါက်မာနှင့်အဘိုးကြီး၏ မျက်နှာမှ လိမ္မော်ရောင်အလင်းရောင် ဖြာထွက်လာသည်။ ၄င်းက သက်လတ်ပိုင်း အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူ တွန်းပို့ခံလိုက်ရသည့် စောစောက သူရှိနေခဲ့သောနေရာကို ပျံသန််းလာသည်။ ရုတ်တရက် ထိုအလင်းက ရပ်သွားသည်။
ထိုလိမ္မော်ရောင်အလင်းမှာ စောစောက မန်ဟို့ခေါင်းထဲတွင် အန္တရာယ်အာရုံပေါ်လာစေခဲ့သောအရာ ဖြစ်သည်။
သူက နောက်ဆုတ်ရင်း အေးစက်စွာ ရယ်လိုက်သည်။ ကြက်တူရွေးက လျှပ်စီးသဖွယ် ပျံသန်းလာပြီး သူတို့နှစ်ကောင်သား အဝေးသို့ ပျံပြေးသွားတော့သည်။
"ငါက ဟန်မြစ်ဂိုဏ်းရဲ့ ခေါင်းဆောင်ကြီးပဲ" ကျောက်ပေါက်မာနှင့်အဘိုးကြီးက တင်းမခက်ထန်စွာ ဆိုသည်။ "မင်းတို့ ငါ့လက်ကလွတ်အောင် ဘယ်လိုပြေးမလဲ ကြည့်ကြသေးတာပေါ့" အမြုတေဖြစ်တည်မှုအလယ်အလတ်အဆင့်ကျင့်ကြံသူ၏ ကျင့်ကြံခြင်းအခြေခံမှာ ပြန်လည်သက်သာလာနေပြီဖြစ်သော်လည်း သူ၏မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဆုပ်နေပြီး မန်ဟို့ကို အထိတ်တလန့်ကြည့်နေသည်။ သို့ရာတွင် သူ၏အသတ်အဖြတ်စိတ်ဆန္ဒမှာတော့ ယခင်ထက်ပို၍ အားကောင်းလာ၏။
တစ်ခေါက်တွင် ကျောက်ပေါက်မာနှင့်အဘိုးကြီးက ရှေ့ဆုံးမှ ဦးဆောင်၍ ကျင့်ကြံသူအဖွဲ့နှင့်အတူ မန်ဟို့အနောက်သို့ နောက်တစ်ဖန်လိုက်တော့သည်။
မန်ဟို့၏အမူအရာမှာ တည်ငြိမ်လျက်သာ။ သူ့လက်ထဲတွင် ကံကောင်းခြင်းအဆောင်ရှိသည်။ ၄င်းမှာ အက်ရာများပြည့်နေပြီး အပြီးတိုင်ပျောက်ကွယ်မသွားခင် ဘယ်နှကြိမ် အသုံးပြုနိုင်သေးသည်လဲ မန်ဟို သေချာမသိပေ။ ကံဆိုးစွာနှင့် ကံကောင်းခြင်းအဆောင်ကို ပွား၍မရကြောင်း သူတွေ့ရှိထားပြီးဖြစ်၏။ သို့သော် အခြေအနေအရ လိုအပ်လျှင် တွေဝေခြင်းမရှိ အသုံးပြုပေမည်။
"နေဦး" ကြက်တူရွေးက ပြောသည်။ "အဲ့ဒီပစ္စည်းကို မသုံးနဲ့ဦး။ ဘာလဲ ငါသိတယ်။ ဒီလောက် ကောင်းတဲ့အခွင့်အရေးကို ဘာလို့အလကားဖြစ်ခံမှာတုံးကွ"
မန်ဟိုက တရိပ်ရိပ်သွားနေစဥ် သူ့ပခုံးကား တင်းတင်းကြပ်ကြပ်ကုပ်ထားသော ကြက်တူရွေးကို ကြည့်လိုက်သည်။
"ခင်ဗျား ဘာတွေပြောနေတာလဲ"
ကြက်တူရွေး၏မျက်လုံးများကား တဖျပ်ဖျပ်လက်နေ၏။ "မင်း မချမ်းသာချင်ဘူးလား။ ရတနာသိုက်ကြီး မရချင်ဘူးလား။ မိုးကောင်းကင်အောက်မှာ အချမ်းသာဆုံးမဖြစ်ချင်ဘူးလား"
မန်ဟိုက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ သူသည် ငယ်ရွယ်စဥ်ကတည်းက လူချမ်းသာကြီးဖြစ်ရန် အိပ်မက်မက်ခဲ့သည်။ ဤအခိုက်အတန့်မှာမှ ကြက်တူရွေး ထိုအကြောင််းပြောသည်ကတော့ အတန်ငယ် သံသယဝင်စရာ ကောင်းသည်။
သူက သူ့နောက်လိုက်နေသူများကို ကြည့်ရန် စိတ်ဝိညာဥ်အာရုံ ဖြန့်ကျက်လိုက်သည်။ သူ၏လက်ရှိအမြန်နှုန်းအရဆိုလျှင် ဟန်မြစ်ဂိုဏ်းကျင့်ကြံသူများ သူ့ကိုမှီရန် သိပ်ကြာမည်မဟုတ်ပေ။
"သခင်ငါးက ငွေရေးကြေးရေးကို သိပ်ဂရုမစိုက်ဘူး။ အမွှေးအတောင်တွေကိုပဲ သခင်ငါးချစ်တာ။ ကဲ ဒီလိုဆိုဘယ်လိုလဲ.... မင်းအကုန်ယူလို့ရတယ်ကွာ ဒါပေမဲ့ နောင်ကျရင် သခင်ငါးအတွက် အမွှေးအတောင်နဲ့ သတ္တဝါလှလှလေးတွေ အများကြီး ရှာပေးမယ်လို့ ကတိပေး။ ကြက်သွေးရောင်ဒေါင်းလိုကောင်တွေဆို အဆင်ပြေတယ်" ၄င်းက မန်ဟို့ထံမှ အဖြေပင်မစောင့်ဘဲ ခြေသည်းတစ်ချောင်းကို မြှောက်၍ ခါလိုက်သည်။
"အန္တိမဒုက္ခ ဒီကိုထွက်လာခဲ့စမ်း"
ကြက်တူရွေး၏ခြေသည်းနှင့် ချိတ်နေသော ခေါင်းလောင်းသေးသေးလေးအပေါ်တွင် မျက်နှာတစ်ခုပေါ်လာသည်။ ၄င်းမှာ ဒေါသထွက်နေပုံပင်။ "မင်း ဘာကြံနေလဲ ငါသိတယ်။ ဒီတစ်ခေါက် ငါမလုပ်နိုင်ဘူး။ ငါ့မှာ ငါ့စည်းကမ်းနဲ့ငါ ရှိတယ်။ မလုပ်ပေးဘူး။ ဘယ်တော့မှပဲ"
ကြက်တူရွေးက ပျင်းရိပျင်းတွဲ သမ်းပြီး ပြောသည်။ "ဟိုနှစ်က မင်းကို တိုက်ခိုက်ခဲ့တဲ့ ဖက်တီးပုတ်ကို မှတ်မိလား။ သူဘယ်မှာလဲ ငါပြောပြမယ်" အသားဂျယ်လီ မလွဲဧကန် သဘောတူမည်ကို သိနေသည့်အလား ၄င်း၏မျက်နှာထားမှာ လုံးဝအထင်သေးနေသည့်ဟန်ပင်။
ကြက်တူရွေး၏စကားကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် အသားဂျယ်လီမှာ ဆုံးဖြတ်ရခက်သွားပုံရသည်။
"ငလူးမ ဖက်တီးပုတ်။ ငါက စေတနာနဲ့ သူ့ကိုပြောင်းလဲပေးရင်း နှစ်တစ်ထောင်အကုန်ခံခဲ့ရတာကို။ နောက်ဆုံးတော့ ငါ့စေတနာက အငြိုးနဲ့ ကျေးဇူးတယ်ခဲ့လေ။ ငါ....ငါ....ကောင်းပြီ။ငါ အဲ့ဒီကောင်ကို အပြီးသတ် ပြောင်းလဲပေးဖို့လိုတယ်။ အဲဒီ့အတွက်ကြောင့် မင်းကို နောက်တစ်ကြိမ်ကူညီပေးမယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်ပဲ။ ပြီးတော့ နောက်ဆုံးအကြိမ်.... တကယ်နောက်ဆုံးပဲ...." အသားဂျယ်လီ စကားများနေသဖြင့် ကြက်တူရွေး၏မျက်နှာပေါ်တွင် စိတ်မရှည်တော့သည့်အရိပ်အယောင် ပေါ်လာသည်။ ၄င်းက ခြေသည်းကို နောက်တစ်ကြိမ် ခါလိုက်ရာ အသားဂျယ်လီ လွင့်ထွက်သွားသည်။
"ခွေးမသား။ မင်း ဒီတစ်သက် သောက်ပေါက်ပိတ်ဦးမှာလား။ ကဲ ကဲ သခင်ငါးအတွက် ဝိညာဥ်ကျောက်တုံးနည်းနည်းပါးပါး ပြောင်းပေးတော့။ တစ်သန်းလိုချင်တယ် တစ်သန်း" ကြက်တူရွေး စကားပြောပြီးသောအခါ အသားဂျယ်လီက ငြီးတွားပြီးနောက် ရုတ်တရက် ပေါက်ကွဲသွားသည်။ မန်ဟို့မှာတော့ မှင်သက်နေလေသည်။
ပေါက်ကွဲသံက ဟန်မြစ်ကျင့်ကြံသူများ၏ အာရုံကို ချက်ချင်းဆွဲဆောင်လိုက်သည်။ ကျောက်ပေါက်မာနှင့်အဘိုးကြီးပင်လျှင် တုံ့ခနဲရပ်သွား၏။
သို့သော် တခဏကြာသော် တလက်လက်တောက်ပနေသော ဝိညာဥ်ကျောက်တုံးပုံအကြီးကြီး ပေါ်လာသည်။ ၄င်းတို့မှာ မိုးရွာကျနေသကဲ့သို့ ကောင်းကင်မှ တဖွဲဖွဲကျလာသည်။
၄င်းတို့မှာ နေရောင်အောက်တွင် မျက်စိကျိန်းမတတ် တောက်ပနေပြီး ၄င်းတို့ထံမှ အလွန်အံ့ဖွယ်ကောင်းလောက်အောင် သိပ်သည်းသော စိတ်ဝိညာဥ်စွမ်းအင်များ ထွက်နေသည်။ ၄င်းတို့ လေလယ်တွင် ဖြေးညင်းစွာကျဆင်းလာသည်ကို မြင်သောအခါ အနက်ရောင်နယ်မြေကျင့်ကြံသူများမှာ ကျိုးကြောင်းမဆင်ခြင်နိုင်တော့ဘဲ ပြေးထွက်သွားတော့သည်။
ကျောက်ပေါက်မာနှင့်အဘိုးကြီးပင်လျှင် မျက်လုံးများပြူးကျယ်သွား၏။ သူ့အတွက် ဝိညာဥ်ကျောက်တုံးတစ်သန်းဆိုသည်မှာ အလွန့်အလွန်များပြားသောပမာဏဖြစ်သည်။ သူ့အနောက်တွင် ကျန်ဂိုဏ်းကြီးနှစ်ဂိုဏ်းမှ အဖွဲ့ဝင်များရှိပြီး သူတို့အနောက်တွင် အခြားကျင့်ကြံသူရာချီ ရှိသည်။ သူတို့အားလုံး မျက်လုံးပြူးကြီးများဖြင့် အလုအယက်သွားနေကြသည်။
မန်ဟို့၏မျက်လုံးများ ဝင်းလက်သွားပြီး သူက အလင်းတန်းအသွင်ပြောင်းကား ကြယ်ပျံတစ်စင်းသဖွယ် အမြင့်ဆုံးအရှိန်ဖြင့် ထွက်သွားတော့သည်။ ချမ်းသာတော့မည့် အတွေးဖြင့် ပီတိဖြစ်နေသောလူများအားလုံး သူ့နောက်တွင်ကျန်ခဲ့သည်။
သူတိို့မှာ အသိစိတ်မရှိတော့သကဲ့သို့ မန်ဟို့တွင် ရုတ်တရက်ကြီး ဘာကြောင့် ဝိညာဥ်ကျောက်တုံးများစွာ ရှိသွားသည်လဲပင် မတွေးနိုင်တော့ပေ။ သူ့တွင် သည်လောက်ရှိနေပါက လေလံပစ္စည်းကို ခိုးစရာလိုခဲ့မည်လော။ တကယ်တော့ မန်ဟိုမှာ ဇဝေဇဝါဖြစ်နေသည်။ အသားဂျယ်လီ ဝိညာဥ်ကျောက်တုံးအဖြစ် ပြောင်းနိုင်သည်ဟု သူတစ်ခါမှ မတွေးခဲ့မိသည်ကို မယုံနိုင်ဖြစ်နေတော့သည်။
"ဟီး ဟီး ဟီး" ကြက်တူရွေးက လူယုတ်မာအပြုံးဖြင့် ရယ်သည်။ "ခိုးကြ၊ များများခိုးလေ ကောင်းလေ။ ဟိုးအရင်နှစ်တွေက တိုင်ပင်တာအိုခေါင်းဆောင်ကြီးရှစ်ယောက်ကို ဓားပြတိုက်ဖို့ အန္တိမဒုက္ခကို အတင်းအကြပ်လုပ်ခိုင်းပြီး ဒီနည်းကို သုံးခဲ့ဖူးတယ် ဟီးဟီး"
***