လမ်းတစ်လျှောက်လုံး ကလိမ်ကျလျက်
Vol. 24 Ch. 333
နေအလင်းတန်းတို့ ဝိညာဥ်ကျောက်တုံးများကို ထိတွေ့သောအခါ ရောင်စုံအလင်းတို့ ဖြာထွက်လာသည်။ ယနေ့ နေ့လည်တွင် အနက်ရောင်နယ်မြေရှိ ဤဒေသ၌ ကျင့်ကြံသူရာပေါင်းများစွာမှာ သွေးရူးသွေးတန်း ဖြစ်နေကြသည်။
အထူးသဖြင့် ပွဲကြည့်ရန် လိုက်လာခဲ့သော အနောက်ဆုံးမှ ကျင့်ကြံသူများပင်။ သူတို့သည် မျက်လုံးနီကြီးများဖြင့် ဝိညာဥ်ကျောက်တုံးများအား အပြေးအလွှားကောက်နေကြသည်။
ဟန်မြစ်ဂိုဏ်းမှလူများမှ အနီးဆုံးတွင် ဖြစ်သည်။ ကျောက်ပေါက်မာနှင့်အဘိုးကြီးမှာ ပြေးလိုက်ရမလို၊ လိုက်ကောက်ရမလို ဖြစ်နေသည်။ သူ့အတွက် တစ်ခုခုက သိပ်မဟုတ်သေးပေ။ သူသည် လေလံပွဲကို ပြန်တွေးပြီး မန်ဟို ဝိညာဥ်ကျောက်တုံးကုန်နေပုံပေါ်ခဲ့ကြောင်း သတိရလိုက်သည်။ သို့သော် ဝိညာဥ်ကျောက်တုံးများမှာ အတုလားအစစ်လား ပြောရခက်လေသည်။ သူသည် သူ၏ပတ်ပတ်လည်ရှိ ဂိုဏ်းသားများ အသက်ရှူမြန်နေသည်ကို မြင်သောအခါ အံတင်းတင်းကြိတ်ပြီး နောက်မလိုက်တော့ဘဲ ဝိညာဥ်ကျောက်တုံးများထံ ဦးတည်သွား၏။ သူကား အင်္ကျီလက်စခါရင်း တတ်နိုင်သမျှ များများရအောင် ကြိုးစားတော့သည်။
ကျန်ဟန်မြစ်ဂိုဏ်းသားများအားလုံး သွေးရူးသွေးတန်း ရှေ့တက်သွားကြသည်။ အခြားနှစ်ဂိုဏ်းမှ ဂိုဏ်းသားများလည်း ဝိညာဥ်ကျောက်တုံးများအား သူ့ထက်ငါအလုအယက် ကောက်ကြလေသည်။ ကျင့်ကြံသူရာချီ ဟိုပြေးသည်ပြေးကောက်ရန် တခဏသာကြာလိုက်သည်။ မကြာမီ တိုက်ခိုက် လုယက်မှုများ စလာ၏။
"ချီးပဲ အဲ့ဒါ ငါ့ဝိညာဥ်ကျောက်တုံးကွ"
"လေလံပစ္စည်းခိုးသွားတဲ့ကောင် သူ့အသက်ကယ်ဖို့ ဒီဝိညာဥ်ကျောက်တုံးတွေကို ကြဲချခဲ့တာ။ ဘယ်သူ့အပိုင်မှ မဟုတ်ဘူး၊ ဦးသူလာ ဦးသူရပဲ"
ပေါက်ကွဲသံများ တအုန်းအုန်းပဲ့တင်ထပ်နေသည်။ ဝိညာဥ်ကျောက်တုံးတစ်သန်းမှာ ပမာဏများသည်ဟုထင်ရသော်လည်း ကျင့်ကြံသူရာပေါင်းများစွာ လုယက်နေကြခြင်းကြောင့် လျင်မြန်စွာ လျော့နည်းလာသည်။ ကျင့်ကြံသူများက ဘာမှစဥ်းစားမနေဘဲ ၄င်းတို့ကို သိုလှောင်အိတ်ထဲ ပစ်ထည့်နေကြသည်။
ဟန်မြစ်ဂိုဏ်း ကျင့်ကြံသူများ၏မျက်လုံးများတွင် ထူးဆန်းသောအလင်းရောင်တစ်ခု ပေါ်လာသည်။ သူတို့သည် ဝိညာဥ်ကျောက်တုံးအများကြီး ရယူနိုင်ခဲ့ပြီး နှစ်သိန်းပင် ကျော်ကောင်းကျော်နိုင်သည်။ ကျောက်ပေါက်မာနှင့်အဘိုးကြီး၏ မျက်နှာထားက အနိုင်ရရန် စိတ်ပိုင်းဖြတ်ထားကြောင်း သက်သေပြနေသည်။ ဝိညာဥ်ကျောက်တုံးများက အတုမဟုတ်ကြောင်း သူသိလေသည်။ ၄င်းတို့ကို ဖမ်းယူပြီးနောက် သူသေသေချာချာ စစ်ဆေးကြည့်ရှုပြီးဖြစ်သည်။ သူကား အားပါးတရရယ်ရင်း ဂိုဏ်းသားများနှင့်အတူ မန်ဟို့အနောက်လိုက်သွား၏။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး ထိုနည်းတူပင်။ လောဘကြီးလွန်းလျှင် ဘေးတွေ့မှာစိုး၍ တုံ့ဆိုင်းနေသူများလည်း ရှိသည်။ တချို့က ထွက်သွားရန်ပင် စဥ်းစားနေကြ၏။ လူတိုင်း ဝိညာဥ်ကျောက်တုံးအနည်းငယ်စီ ရထားပြီးဖြစ်ရာ အရှုံးမရှိသည်မဟုတ်လော။ တချို့မှာ ဝိညာဥ်ကျောက်တုံး မည်မျှရယူနိုင်ခဲ့သည်လဲ ရေတွက်ရန် သိုလှောင်အိတ်များကို စစ်ဆေးနေကြ၏။
ထိုစဥ် အံ့အားသင့်နေသော ရေရွတ်သံတစ်သံ ကြားလိုက်ရသည်။
"ဟင် ဝိညာဥ်ကျောက်တုံးတွေ ဘယ်ရောက်ကုန်တုံး။ ငါ အခုလေးတင် တစ်ထောင်နီးရခဲ့တာလေ ဘယ်ရောက်သွားတာလဲ"
"ငါ့ဟာတွေလည်း မရှိတော့ဘူး ဘာတွေဖြစ်နေတာလဲ...."
အာမေဍိတ်သံများ ကြားလိုက်ရသူတိုင်း သူတို့၏သိုလှောင်အိတ်များကို ချက်ချင်းငုံကြည့်လိုက်ပြီး မျက်စိမျက်နှာပျက်သွားကြသည်။
"ငါ့ဝိညာဥ်ကျောက်တုံးတွေ မရှိတော့ဘူး။ မဖြစ်နိုင်တာ အခုလေးတင် အနည်းဆုံးရှစ်ထောင်လောက် ကောက်ထားတာလေ"
"ထူးဆန်းတာတစ်ခုခုတော့ ဖြစ်နေပြီ...."
ယူကြုံးမရအော်သံများနှင့်အတူ စကားသံများ ဆူညံပွက်လောရိုက်နေသည်။ သိုလှောင်အိတ်ကို စစ်ဆေးလိုက်သည်နှင့် ကျင့်ကြံသူအားလုံး လူသေကောင်သဖွယ် မျက်နှာဖြူဆုပ်ကုန်ကြသည်။ တချို့ကျင့်ကြံသူများဆိုလျှင် တဆတ်ဆတ်တုန်ရီလာကြပြီး မျက်နှာ၌ သွေးကြောများ ထောင်လာသည်။ ပြင်းထန်သောဒေါသနှင့် ရူးသွပ်မှုတို့က သူတို့၏မျက်လုံးများ ချက်ချင်း ပွင့်အံထွက်လာသည်။
"ငါ့ မှော်ပစ္စည်းတွေ မရှိတော့ဘူး"
"သေလိုက်ပါတော့ ငါ့ဆေးရည်။ သိုလှောင်အိတ်ထဲမှာ ဘာမှကို မရှိတော့ဘူးဟ"
"အားးးးးးးး ငါ့သိုလှောင်အိတ် ပြောင်တလင်းခါသွားပြီ။ ဘာတွေဖြစ်နေတာလဲ။ လေလံပွဲက ဝယ်ထားတဲ့မှော်ပစ္စည်းတောင် မရှိတော့ဘူး"
ယူကြုံးမရအော်သံများက ကျယ်သထက်ကျယ်လာသည်။ ဟန်မြစ်ဂိုဏ်းမှ ကျောက်ပေါက်မာနှင့် အဘိုးကြီး ရိပ်ခနဲဖြစ်သွားပြီး သူ့သိုလှောင်အိတ်သူ ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်နှာကား စက္ကူကဲ့သို့ ဖြူဆုပ်သွားတော့သည်။ သူက ကောင်းကင်ကို မျက်နှာမူပြီး စိတ်ဆင်းရဲစွာ ဟိန်းဟောက်လိုက်၏။
သူ့ခန္ဓာကိုယ်မှာ တုန်ရီနေပြီး သူ့ခေါင်းထိပ်မှ အငွေ့များထွက်လာသည်။ သူ၏မျက်လုံးများ၌ သွေးကြောကြီးများ ထောင်လာပြီး သွေးပျက်တော့မတတ်ဖြစ်နေတော့သည်။ သူ မရူးဘဲ နေမည်လော။ တစ်စုံတစ်ယောက်က စုတ်ဖြဲပစ်လိုက်သကဲ့သို့ သူ့နှလုံးသားမှာ သွေးစိမ်းရှင်ရှင်ကျနေလေပြီ။
သူ၏သိုလှောင်အိတ်တွင် အစက ဝိညာဥ်ကျောက်တုံးသောင်းချီရှိသော်လည်း ယခုတော့ ပျောက်ချင်းမလှပျောက်သွားသည်။ သူ၏ဆေးရည် ၊ မှော်ပစ္စည်းများ၊ ဆေးလုံးများ..... အကုန်သွားလေပြီ။ သူ အတွင်းထဲ၌စုဆောင်းထားသည့် တိုလီမုတ်စများပင်လျှင် အစအနမကျန် ပျောက်သွား၏။
သူ၏သိုလှောင်အိတ်မှာ ပြောင်သလင်းခါနေပြီး ယခု သူ့တွင် ဘာဆိုဘာမှမရှိတာ့ပေ။
ဟန်မြစ်ဂိုဏ်း ကြွယ်ဝချမ်းသာမှု၏ တစ်ဝက်ရှိသော ၊ သူ နှစ်ပေါင်းများစွာ စုဆောင်းခဲ့သည့် ပစ္စည်းများမှာ သူ့လက်ထဲတွင် ရှိခဲ့သည်။ သို့သော် ယခုတော့... ပျောက်ကွယ်သွားလေပြီ။
ကျောက်ပေါက်မာနှင့်အဘိုးကြီးက ဟိန်းဟောက်လိုက်သည်။ သူ့အနောက်တွင် အခြားဂိုဏ်းကြီးတစ်ဂိုဏ်းမှ ခေါင်းဆောင်ကြီးလည်း တဆတ်ဆတ်တုန်နေပြီး ဒေါသတကြီးဟိန်းဟောက်လိုက်၏။ သူ့သိုလှောင်အိတ်လည်း ထိုနည်းတူ ဗလာကျင်းနေသည်။
ကျင့်ကြံသူအားလုံး၏ သိုလှောင်အိတ်များ ပြောင်တလင်းခါကုန်သည်။ တစ်စုံတစ်ယောက်က အသံလည်းမထွက်၊ သက်သေလည်းမကျန်ခဲ့အောင် သူတို့၏ပစ္စည်းများအား သမသွားလေပြီ....
"ဟိုပေါက်လို့ပဲစား ဓားပြကောင်၊ အဲ့ဒီခွေးမသားမသေမချင်း ငါအနားမယူဘူး" ထိုစကားတို့က ခေါင်းဆောင်ကြီးကျောက်ပေါက်မာပင် မပြောရသေးမီ ထွက်လာခြင်းဖြစ်သည်။ အသံပိုင်ရှင်ကား တစ်ကိုယ်လုံးတုန်ရီနေသည့် မျက်နှာနီနီအဘိုးကြီးတစ်ယောက်ပင်။ သူ့မျက်လုံးများထဲရှိ ရူးသွပ်မှုမှာ ခေါင်းဆောင်ကြီးကျောက်ပေါက်မာထက် သာသည်။ ဤလူကား အခြားမျိုးနွယ်စုများမှ ခေါင်းဆောင်ကြီးဖြစ်၏။
သူ့ဒေါသ၏အရင်းခံကား လေလံပွဲမတိုင်မီ သူ၏သိုလှောင်အိတ်တွင် ဝိညာဥ်ကျောက်တုံးတစ်သန်း ထည့်ထားမိခြင်းကြောင့်ပင်။ ယင်းမှာ တုန်းလော့မျိုးနွယ်စုနှင့် ပူးပေါင်းပေးဖို့အတွက် သူတို့ဆီမှ တောင်းဆိုခဲ့သော ပမာဏဖြစ်သည်။
ဝိညာဥ်ကျောက်တုံးများအပြင် သူလိုချင်နေခဲ့သည့် တုန်းလော့မျိုးနွယ်စုမှ မှော်ပညာရပ်များလည်း ရှိခဲ့သည်။ သို့သော် ယခုတော့ .... အကုန်လုံးမရှိတော့ပေ။ သူ ဒေါသမထွက်ဘဲ နေမည်လော။
ဤအနက်ရောင်နယ်မြေကျင့်ကြံသူများမှာ မတုံးပေ။ တရားခံက မန်ဟိုဖြစ်သည်ကို မသိလျှင်တော့ သူတို့ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည်က အလကားဖြစ်မည်။ ပြဿနာ၏ ရင်းမြစ်က ထိုဝိညာဥ်ကျောက်တုံးများပင်.....
ယခုတွင် ကျင့်ကြံသူရာပေါင်းများစွာ ဒေါကန်နေကြ၏။ သူတို့၏မျက်လုံးများ ရဲတွတ်နေကြပြီး ထုတ်နိုင်သမျှ အစွမ်းကုန်ထုတ်၍ မန်ဟို့နောက်သို့ အသည်းအသန်လိုက်ကြတော့သည်။
ကလဲ့စား ချေကိုချေရမည်။ သို့သော် မန်ဟို့ကား အရိပ်အယောင်ကိုပင် မတွေ့ရတော့ပေ။ သူ လွတ်သွားမည်စိုးသဖြင့် ကျင့်ကြံသူရာပေါင်းများစွာသည် နည်းမျိုးစုံသုံး၍ မိတ်ဆွေရောင်ရင်းများအား လှမ်းခေါ်ကြ၏။
တချို့က မန်ဟို့ကို အရှေ့မှ ပိတ်ဆို့ရန် စီစဥ်ကြသည်။ တချို့က အဖွဲ့ကြီးများ သို့မဟုတ် အရှေ့ရှိ ဂိုဏ်းများအား ဆက်သွယ်ပြီး အကူအညီပေးရန်သော်လည်းကောင်း၊ ကျောက်စိမ်းပြားများ၊ ဝိညာဥ်ကျောက်တုံးများ ချေးရန်သော်လည်းကောင်း တောင်းဆိုကြသည်။
အမှန်တွင် ကလိမ်ကျသွားသူမှာ မန်ဟိုမဟုတ်ဘဲ ကြက်တူရွေးဖြစ်ကြောင်း သူတို့တစ်ယောက်မှ မသိကြပေ။ သို့သော် ၄င်းကအရေးမကြီး။ မန်ဟိုနှင့်ကြက်တူရွေးမှာ ယခင်က ထိုကဲ့သို့ ကြိိမ်ဖန်များစွာ ကလိမ်ကျခဲ့ဖူးသည်။
ကျင့်ကြံခြင်းလောကသို့ ရောက်ရှိခဲ့သည့်ကာလတစ်လျှောက်လုံး မန်ဟို ကလိမ်ကျခဲ့သည့် လူမည်မျှရှိသလဲ တွေးကြည့်လျှင်တော့ လမ်းတစ်လျှောက်လုံး ကလိမ်ကျခဲ့သည်ဟုပြောနိုင်သည်....
ဥပမာ မန်ဟို စိတ်ရှိလျှင် ချက်ချင်းကိစ္စတုံးပစ်နိုင်သော ချင်းလော်ဂိုဏ်းက လေလွင့်ဝိညာဥ်တစ်အုပ်ရှိသည်....
မန်ဟို လေကိုခွင်း၍သွားနေစဥ် အသားဂျယ်လီက သူ့ခေါင်းပေါ်တွင် အတော်လေး ဘဝင်မြင့်နေသောဟန်ဖြင့် ပျင်းရိပျင်းတွဲ လဲလျောင်းလိုက်သည်။
"ဒါ မှားတယ်..." မှော်ပစ္စည်းဒါဇင်များစွာ ထွေးထုတ်လိုက်သည်။
"ဒါ အကျင့်ပျက်တာပဲ... " ဝိညာဥ်ကျောက်တုံးများစွာ လေချဥ်တက်လိုက်သည်။
"ဒါက ယုတ်မာလွန်းတယ်...." မျက်စိတစ်မှိတ်အတွင်းမှာပင် ၄င်းသည် ဆေးရည်ပုလင်းများ၊ ကျောက်စိမ်းပေလွှာများ တစ်လုပ်ပြီး တစ်လုပ် ထွေးထုတ်လိုက်လေသည်။
"မင်းတို့နှစ်ယောက် ငါ့ကို လူယုတ်မာဖြစ်အောင် လုပ်နေတာပဲ...." အသားဂျယ်လီက သက်ပြင်းချပြီး နောက်တစ်လုပ် ထွေးလိုက်ပြန်သည်။
မန်ဟိုက ကျင့်ကြံသူရာပေါင်းများစွာ၏ ပစ္စည်းပေါင်းစုံကို စကြာဝဠာအိတ်ထဲ ထိုးထည့်နေသည်။ ၄င်းသာ ဤမျှပစ္စည်းအမျာကြီး ဆန့်နိုင်၏။
ပစ္စည်းပေါင်းသောင်းခြောက်ထောင်က မန်ဟို့၏ပါးစပ်နှင့်လျှာကို ခြောက်ကပ်သွားစေသည်။ မျက်စိရှေ့ရှိ ဝိညာဥ်ကျောက်တုံးတစ်သန်းကျော်က သူ၏မျက်လုံးများကို တောက်ပသွားစေသည်။ ထို့အပြင် အချက်အလက်အမြောက်အမြား သေချာပေါက် ပါရှိသော ကျောက်စိမ်းပေလွှာများ ရှိသည်။ မှော်ပစ္စည်းများကမူ မန်ဟို့အာရုံကို အတန်အသင့်မဆွဲဆောင်နိုင်ပေ။ သို့သော် ရောင်းလျှင်တော့ ဝိညာဥ်ကျောက်တုံးတစ်ပုံတစ်ခေါင်း ရနိုင်လိမ့်မည်။
အခြား ပစ္စည်းများလည်း ရှိသေးသည်။ ၄င်းတို့ထဲက တစ်ခုကို မန်ဟိုမျက်စိကျသွား၏။ ၄င်းသည် ရွှေနှင့်ပြုလုပ်ထားပုံရသော စာအုပ်တစ်အုပ်ဖြစ်သည်။ စာရွက်အစစ်သုံးရွက်၊ ရုပ်ပုံသုံးခု ပါရှိသည်။
ပထမဆုံးပုံက ဓားဆယ်လက်ကို ဖော်ပြထားသည်။ အဆိုပါဓားထိပ်များက အပြင်သို့ ညွှန်၍ ကြာပွင့်နှင့်တူသော အရာတစ်ခုအသွင် ဖြစ်ပေါ်နေသည်။
ဒုတိယပုံက ဓားတစ်ရာကို ဖော်ကျူးထားသည်။ ၄င်းတို့က အတူတကွ ပေါင်းစည်း၍ အကွင်းကြီးတစ်ကွင်းအဖြစ် သေသေသပ်သပ်အလှဆင်ထားသော ကြာပွင့်ဆယ်ပွင့်အသွင် ဖြစ်ပေါ်နေသည်။
တတိယပုံက ဓားတစ်ထောင်ကို ကြာပွင့်တစ်ရာအဖြစ် နေရာချထားကာ ကြီးမားသော ဓားဝင်္ကပါတစ်ခုကို ဖန်တီးနေသည့် ပုံစံဖြစ်သည်။ အဆိုပါဓားများသည် စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်၍ မတူညီသောလားရာအတိုင်း လည်နေပုံရသော အလွှာဆယ်လွှာ ဖြစ်ပေါ်စေသည်။ ထိုမြင်ကွင်းမှာအာရုံကို ဖမ်းစားနိုင်၏။
"ဓားဝင်္ကပါ" မန်ဟိုက တွေးလိုက်သည်။ သူသည် ၄င်းကို တခဏကြည့်ပြီးနောက် ဘေးဖယ်ထားလိုက်၏။ ထို့နောက် ရင်တုန်တုန်ဖြင့် ဆက်လက်ပျံသန်းနေသည်။ ဤတစ်ကြိမ်တွင်တော့ ကျင့်ကြံသူရာပေါင်းများစွာ၏ဥစ္စာဓနများကို ခိုးယူ၍ သူအမှန်တကယ် ချမ်းသာခဲ့လေပြီ။
"ဆိုးလွန်းတယ်...." သူ့မှာ ထိုစကားကို ရင်ထဲ၌ ရေရွတ်နေရုံသာရှိသေးသည်၊ သူ့ဘေးရှိ ကြက်တူရွေးက ဟင်းခနဲ သက်ပြင်းချပြီး သူတွေးနေသည့်အတိုင်း အာပြဲကြီးဖြင့် ပြောသည်။
"လူသိပ်မများတာ ဆိုးတယ်" ကြက်တူရွေးက ပြောသည်။ "ဒီထက်သာများရင် ပိုမြတ်မှာကို"
"ငါ့ကို ထပ်လုပ်ခိုင်းဖို့ စိတ်တောင်မကူးနဲ့" အသားဂျယ်လီက ကတ်ကတ်လန်အောင် ရန်တွေ့သည်။ ထို့နောက် ဖောက်ခနဲ ခေါင်းလောင်းအသွင်ပြန်ပြောင်းကာ ကြက်တူရွေး၏ ခြေထောက်ကို သွားချိတ်နေသည်။
မန်ဟိုက ကြက်တူရွေးကို ကြည့်ပြီး ကြက်တူရွေးက သူ့ကို ပြန်ကြည့်သည်။ လူတစ်ယောက်၊ ငှက်တစ်ကောင်။ ဤအခိုက်အတန့်တွင် သူတို့၏မျက်လုံးများထဲက အလင်းရောင်ကိုမြင်သော် နှစ်ယောက်လုံး ခင်မင်ရင်းနှီးမှုကို ခံစားလိုက်ရသည်။
"အခုကစပြီး မင်းက သခင်ငါးရဲ့ သခင်ပဲ" ကြက်တူရွေးက ရင်ထဲမှလာသောအသံဖြင့် ပြောသည်။
"နောက်ကျရင် ခင်ဗျားအတွက် အမွေးအတောင်နည်းနည်းပါးပါး ရှာပေးမယ်"
ဤစကားလုံးများအား ဖလှယ်ပြီးနောက် လူနှင့်ငှက်က အသားဂျယ်လီခေါင်းလောင်းကို ငုံ့ကြည့်လိုက်သည်။ အသားဂျယ်လီ တုန်သွားပြီး ကျောချမ်းသွားသဖြင့် မျက်လုံးများပွင့်လာသည်။ ၄င်း မျက်စိဖွင့်ပြီးနောက်တွင် မန်ဟိုက ကောင်းကင်အား မော့ကြည့်နေပြီး ကြက်တူရွေးက မြေပြင်အား ငုံ့ကြည့်နေသည်ကို မြင်လိုက်ရသည်။
"မင်းနှစ်ကောင်လုံး လူယုတ်မာတွေ...." အသားဂျယ်လီက အသံပြဲကြီးဖြင့် အော်သည်။
"ဝါး ဒီနေ့ ရာသီဥတုက တယ်ကောင်းပါလား" မန်ဟိုက လှပသောအဖြူရောင်တိမ်တိုက်များအား တစ်ခါမှမမြင်ဖူးသကဲ့သို့ မော့ကြည့်ရင်း ပြောသည်။
"အီး" ကြက်တူရွေးက ပီတိဖြာနေသောအမူအရာဖြင့် အောက်ကို ငုံ့ကြည့်ရင်း ပြောသည်။ " ဒီအောက်ကပန်းတွေ တယ်လှသကိုး။ အမွှေးအတောင်တွေနဲ့ ဖုံးနေတဲ့အတိုင်းပဲ"
မကြာမီ သုံးရက်ကုန်လွန်သွားသည်။ မန်ဟိုသည် တစ်ချိန်လုံး အမြင့်ဆုံးအရှိန်ဖြင့် ပျံသန်းနေသည်။ သူ့အနောက်တွင် ကျင့်ကြံခြင်းအခြေခံအဆင့်အလိုက် စီတန်း၍ ကျင့်ကြံသူရာပေါင်းများစွာ လိုက်နေကြသည်။
သူတို့၏မျက်လုံးများမှာ အသတ်အဖြတ်စိတ်ဆန္ဒဖြင့် ပြည့်နေ၏။ သူတို့ သူ့အပေါ်မုန်းတီးခြင်းမှာ ကောင်းကင်တစ်ခုတည်းအောက်တွင် မနေလိုသည့်အတိုင်းအတာတော့ မရောက်သေးသော်လည်း နီးကပ်နေပြီဖြစ်သည်။
အနက်ရောင်နယ်မြေကျင့်ကြံသူများသည် အမြဲတမ်း အန္တရာယ်ထဲတွင် ကျင်လည်ကျက်စားကြရသဖြင့် သူတို့၏ပိုင်ဆိုင်မှုအများစုကို သိုလှောင်အိတ်ထဲတွင် သိမ်းထားတတ်ကြသည်။ အထူးသဖြင့်.....လေလံပွဲသို့ သွားသည့်အချိန်မျိုးတွင်။
မန်ဟိုနှင့် တွေ့သည့်အချိန်က သူတို့၏သိုလှောင်အိတ်များ အပြည့်နေဆုံးအချိန်ဟုပင် ပြောနိုင်သည်။ သို့ဖြစ်၍ သူတို့၏မုန်းတီးမှုများမှာ မယုံနိုင်လောက်အောင် ပြင်းထန်နေတော့သည်။
အထူးသဖြင့် ဂိုဏ်းကြီးသုံးဂိုဏ်း။ ခေါင်းဆောင်ကြီးမျက်နှာနီမှာ အားလုံးထဲ သွေးအပျက်ဆုံး ဖြစ်သည်။ သူက ရှေ့ဆုံးမှဦးဆောင်၍ သွားနေသည်။ သူ့အနောက်ကလူကတော့ ခေါင်းဆောင်ကြီးကျောက်ပေါက်မာ။ မန်ဟို့ကို စိန်းစိန်းဝါးဝါး ကြည့်နေသော သူတို့၏ မျက်လုံးများသည် အသတ်အဖြတ်စိတ်ဆန္ဒဖြင့် ဟုန်းဟုန်းတောက်နေသည်။ သူတို့မှာ သူ့ကို အပိုင်းပိုင်းခုတ်ထစ်၍ ဝါးစားပစ်ရန် မစောင့်နိုင်တော့ပေ။
"ခွေးသားလေး။ မိုးမြေဆုံးတဲ့အထိ မင်းကို လိုက်ဖမ်းနေဦးမှာ။ မင်းသေကိုသေစေရမယ်" ဝိညာဥ်ကျောက်တုံးများကို တွေးမိလိုက်သည်နှင့် ခေါင်းဆောင်ကြီးမျက်နှာနီက အံတကြိတ်ကြိတ်နှင့်ဆိုသည်။ သူ့နှလုံးကား သွေးစိမ်းရှင်ရှင်ကျနေလေပြီ။
***