← Chapters

ကောင်းကင်မန္တန်အစီအရင်

Vol. 24 Ch. 334

ကောင်းကင်မန္တန်အစီအရင်

Vol. 24 Ch. 334

"ဒီမှာ အီးပေါလောကြီး ခင်ဗျား ကျုပ်နောက် အရင်စလိုက်တာနော်။ အဲ့ဒါကြောင့် ဒီလိုမျိုး ဖြစ်လာတာ" မန်ဟို တရိပ်ရိပ်သွားနေစဥ် သူ၏မျက်လုံးများ၌ အေးစက်သောအရိပ်အယောင်တစ်ခု ဖျတ်ခနဲ လက်သွားသည်။ ဘေးတွင် ခေါင်းဆောင်ကြီးမျက်နှာနီက သူ့ထံ ဦးတည်လာနေ၏။

ထိူလူက အေးစက်စက်နှာမှုတ်ပြီး အရှိန်တင်လိုက်သည်။ "လေလံပစ္စည်းကို ခိုးတာက ကြီးလေးတဲ့ပြစ်မှုပဲ။ ဒါ့အပြင် မင်းက အောက်တန်းကျတဲ့နည်းလမ်းတွေနဲ့ ငါတို့ပိုင်ဆိုင်မှုတွေကို ခိုးသွားတယ်။ ဒါ အနက်ရောင်နယ်မြေကို စော်ကားလိုက်တာပဲ။ မင်းကို သေဒဏ်ပေးရမယ်" သူ့အနောက်ရှိ ခေါင်းဆောင်ကြီးကျောက်ပေါက်မာ၏ မျက်လုံးများမှာ ရက်စက်သော အရိပ်အယောင်ဖုံးလွှမ်းနေသည်။ ထို့အနောက်က ကျင့်ကြံသူအားလုံးလည်း မန်ဟို့ကို ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒများဖြင့် ကြည့်နေကြသည်။

"ခင်ဗျားရဲ့ ကျင့်ကြံခြင်းအခြေခံက အမြုတေဖြစ်တည်မှု နှောင်းပိုင်းအဆင့်ဖြစ်တာတောင်မှ ကျုပ်လို ဘာမဟုတ်တဲ့ အမြုတေဖြစ်တည်မှု စဦးပိုင်းအဆင့် ကျင့်ကြံသူလေးတစ်ယောက်ကို မှီအောင်လိုက်ဖို့ သုံးရက်ကြာတယ်လား။ ဒီလိုအခြေအနေမှာ ဘယ်လိုတောင် ခေါင်းမော့နေနိုင်တာတုံး" မန်ဟိုလည်း အရှိန်တင်လိုက်သည်။

"မင်း ဘယ်လိုပါးစပ်သရမ်းရမလဲ ကောင်းကောင်းသိတာပဲ။ သေရတာထက် ဆိုးဝါးတဲ့ဘဝနဲ့နေရတာ ဘာနဲ့တူလဲ မင်းနားလည်အောင် မကြာခင်ကူညီပေးပါ့မယ်" ခေါင်းဆောင်ကြီးမျက်နှာနီက စကားပြောနေစဥ် အမည်မသိနည်းလမ်းတစ်ခုကိုသုံံးလိုက်ရာ သူ၏မျက်နှာမှာ ရုတ်တရက် ခရမ်းပုပ်ရောင်သမ်းသွား၏။ ထို့နောက် သူ၏အမြန်နှုန်းသည် အဆများစွာ မြင့်တက်သွားပြီး မန်ဟို့ထံ ဦးတည်လာသည်။ ဤအမြန်နှုန်းအရဆိုလျှင် အသက်ရှိိုက်စာအနည်းငယ်အတွင်း မှီတော့မည့်ပုံပင်။

"လောဘကြီးချက်ပဲ" မန်ဟိုက အေးစက်စွာ ပြောသည်။ "ခင်ဗျားရဲ့ ကျင့်ကြံခြင်းအခြေခံကို စဥ်းစားပြီး မရှက်သေးဘူးလား" ကြက်တူရွေးက ပါးစပ်ဟလိုက်ရာ အံမခန်းလိလိ ဟိန်းဟောက်သံကြီးနှင့်အတူ လေပြင်းတစ်ချက် တိုက်ခတ်သွားသည်။

မန်ဟို့၏အမြန်နှုန်း တဟုန်ထိုးတက်သွားသည်။ ခေါင်းဆောင်ကြီးမျက်နှာနီနှင့် သူ့အနောက်ရှိ ကျင့်ကြံသူရာပေါင်းများစွာမှာ လေမုန်တိုင်းကို ရင်ဆိုင်ရင်း အရှိန်နှေးသွားသဖြင့် ဒေါသတကြီးဟိန်းဟောက်ရုံမှတစ်ပါး ဘာမှမတတ်နိုင်ကြပေ။

လောလောဆယ်တွင် သူတို့မှာ မည်သည့်မှော်ပစ္စည်းမှ မရှိကြပေ။ တချို့က မန်ဟိုနှင့် သူတို့ကြားက အကွာအဝေးကို ချုံ့ရန် အမြုတေချီကို သော်လည်းကောင်း၊ လျှို့ဝှက်မှော်ပညာရပ်များကို သော်လည်းကောင်း အသုံးပြုနိုင်ကြသည်။သို့သော် ကြက်တူရွေး လေတစ်ချက်ရှူ ထုတ်လိုက်သည်နှင့် အကွာအဝေးမှာ ချက်ချင်း တိုးသွားသည်။ ထို့ကြောင့် သူတို့ အရှိန်တင်ရန် မည်သို့လုပ်စေကာမူ မန်ဟို့အနောက် အမှီမလိုက်နိုင်ဖြစ်နေကြသည်။

သုံးရက်အတောအတွင်း သူတို့၏ဒေါသများကား ပိုပို၍ပြင်းထန်လာသည်။

သူတို့နှင့် မန်ဟို့အကြား၌ အကွာအဝေးနောက်တစ်ဖန် ဟသွားသည်ကိုကြည့်ရင်း ခေါင်းဆောင်ကြီးမျက်နှာနီ၏ ရင်ထဲက အသတ်အဖြတ်စိတ်ဆန္ဒသည် တစ်ကိုယ်လုံး လွှမ်းခြုံလာတော့သည်။ ခေါင်းဆောင်ကြီးကျောက်ပေါက်မာနှင့် သူတို့အနောက်ရှိ ကျင့်ကြံသူရာပေါင်းများစွာလည်း ထိုနည်းတူပင်။

သုံးရက်တိုင် ခရီးနှင်ပြီးနောက် သူဖြတ်သန်းသွားနေသော မြေမျက်နှာသွင်ပြင်အနေအထားရ သူ၏ကျင့်ကြံခြင်းဂူနှင့် နီးကပ်လာနေပြီဖြစ်ကြောင်း မန်ဟိုပြောနိုင်သည်။

"သူတို့ ဒီလောက်ဒေါသထွက်နေကြတာ ခင်ဗျားအကြံက အလုပ်ဖြစ်ပါ့မလား" မန်ဟိုက မျက်မှောင်ကြုတ်ပြီး ကြက်တူရွေးကို မေးလိုက်သည်။

"အလုပ်ဖြစ်တာပေါ့" ကြက်တူရွေးက ဂုဏ်ယူမော်ကြွားစွာပြောသည်။ "သခင်ငါး ပြောတာနားထောင် ဘယ်တော့မှ မမှားဘူး။ အဲ့ဒီကောင်တွေကို ငါတို့ပိုက်နက်ထဲသာ ခေါ်သွား။ ပြီးရင် မင်းဘာသာမင်း သွားကျင့်ကြံတော့ ကျန်တာ သခင်ငါးရှင်းလိုက်မယ်" ၄င်းက ရင်ဘတ်ကို ထု၍ ဝင့်ကြွားစွာပြောသည်။ "မပူနဲ့ လူများလေလေ အရှိန်အဝါက ပိုပြီးဗြောင်းဆန်လာလေလေ၊ ငါပြောထားတဲ့ မိုးကောင်းကင်ပြစ်ဒဏ်ကို အချိန်ဆွဲပေးနိုင်တဲ့နည်းလမ်း သုံးပြုရလွယ်လေလေပဲ"

မန်ဟို့မျက်နှာမှာ သုန်မှုန်နေသည်။ သုံးရက်တာခရီးနှင်နေခဲ့သည့်အတောအတွင်း သူသည် ကြက်တူရွေးနှင့် မိုးကောင်းကင်ပြစ်ဒဏ်ကိစ္စ ဆွေးနွေးခဲ့ကြသည်။ အဆိုပါနည်းလမ်းမှာ ကောင်းကင်နှင့်မြေကြီးကို ဇဝေဇဝါဖြစ်စေရန် အရှိန်အဝါမျိုးစုံသုံးရင်း လှည့်စားခြင်းမျိုးဖြစ်သည်။ ၄င်းမှာ မိုးကောင်းကင်ပြစ်ဒဏ်၏ မျက်နှာအပေါ်သို့ ပါးလွှာသောပိတ်စတစ်စ ဖြန့်ချလိုက်သကဲ့သို့ပင်။

ထို့ကြောင့် နောက်မှလိုက်လာနေသော ဤကျင့်ကြံသူတစ်ရာကျော်သည် မန်ဟိုနှင့်ကြက်တူရွေးအတွက် အသုံးဝင်၏။ သို့သော် ထိုနည်းလမ်း အောင်မြင်မည်လား၊ ကြက်တူရွေး လူအုပ်ကြီးကို အမှန်တယ် ထိန်းနိုင်မည်လား မန်ဟို ရာနှုန်းပြည့်မသေချာပေ။

သူ ဤအကြောင်းများ တွေးနေစဥ်မှာပင် ရုတ်တရက် သူ၏မျက်လုံးများ ဖြတ်ခနဲ လက်သွားသည်။ သူက ရှေ့သို့လှမ်းကြည့်ပြီး မျက်လုံးများ ကျဥ်းမြောင်းသွား၏။ ထိုနေရာတွင် သူထံသို့ တဝှီးဝှီးလာနေကြသော ရောင်စုံအလင်းတန်းတစ်ဒါဇင်ကျော်ကို သူမြင်လိုက်ရသည်။ သူကား နှစ်ဖက်ညှပ်ခံလိုက်ရလေပြီ။

အရှေ့တွင် အတားအဆီးများ၊ အနောက်တွင် ထပ်ကြပ်မကွာလိုက်နေသောလူများ။ အရှေ့ကလူများ သူ့ကိုနည်းနည်းအချိန်ဆွဲလိုက်သည်နှင့် နောက်ကလူများ ရောက်လာလိမ့်မည်။ သူ့မှာ အဝိုင်းခံနေရပြီဖြစ်၏။

သူ့အနောက်ရှိ ခေါင်းဆောင်ကြီးမျက်နှာနီနှင့် အခြားသူများအားလုံး ရုတ်တရက် အလွန်စိတ်လှုပ်ရှားသွားပုံပေါ်သည်။ သိသာစွာပင် သူတို့သည် စောစောက နည်းလမ်းပေါင်းစုံသုံး၍ အကူအညီလှမ်းတောင်းခဲ့သည့်အတွက် ရလဒ်အနေဖြင့် မန်ဟို့လမ်းကို ပိတ်ဆို့ပေးမည့် ဤအဖွဲ့ရှေ့တွင် ပေါ်လာခြင်းပင်။

ချဥ်းကပ်လာနေသော ကျင့်ကြံသူများအကြားတွင် အမြုတေဖြစ်တည်မှုအလယ်အလတ်အဆင့်နှင့် သက်လတ်ပိုင်းလူတစ်ယောက်ပါသည်။ အမြုတေချီက သူ၏ခေါင်းထက်တွင် ပျံဝဲနေသော်လည်း အရောင်များ ရောသမမွှေနေသည်။ ဤလူ့အနေဖြင့် ၄င်းကို မကြာသေးမီကမှ ကျင့်ကြံထားခဲ့ကြောင်း သိသာသည်။ ထိုမျှသာမက သူ့တွင် ရောနှောအမြုတေတစ်ခု ရှိနေသည်။

သူက ခက်ထန်သောမျက်နှာထားဖြင့် မန်ဟို့ကို အကဲခတ်နေသည်။ ထို့နောက် မုဒြာလက်ကွက်ဖော်လိုက်ကာ အမြုတေချီကို သားရဲတစ်ကောင်၏ခေါင်းအသွင် ပြောင်းသွားစေ၏။ ၄င်း ဟိန်းဟောက်အော်မြည်ရင်း ရှေ့တက်လာသည်။

မန်ဟို့၏အမူအရာမှာ ယခင်အတိုင်းသာ။ သူက လက်ကိုမြှောက်ပြီး မြေကြီးကို လက်ညှိုးထိုးလိုက်သည်။

"သမာဓိအပ်နှင်းခြင်း" ထူးဆန်းသောအလင်းရောင်တစ်ခု သူ၏မျက်လုံးများတွင် လင်းလက်သွားသည်။ တခဏအတွင်း သရဲပုံရိပ်များ မြေကြီးမှ ထိုးထွက်လာသည်။ ယခုတွင် သူသည် အခြားသူများ မမြင်နိုင်သော မိစ္ဆာချီမျှင်များကို မြင်နိုင်ပြီဖြစ်သည်။ ၄င်းတို့က မန်ဟို့ထံ ပြေးဝင်လာပြီး သူ၏ခန္ဓာကိုယ်ကိုပတ်၍ လှည့်ပတ်နေသည်။

မန်ဟို့ကို ဝန်းရံထားသည့် မမြင်နိုင်သော အရှိန်အဝါတစ်ခုသည် တစ္ဆေတစ်ကောင်အသွင် စုစည်းရင်း သက်ဝင်လှုပ်ရှားနေ၏။ ၄င်းမှာ ဝေဝါးနေသော်လည်း ပုံသဏ္ဍာန်ဖြစ်ပေါ်ပြီးနောက်တွင် မန်ဟို့၏အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ထို့နောက် သူက အရှေ့ရှိ ကျင့်ကြံသူများထံ လက်ကို ဝှေ့ယမ်းလိုက်ကာ တစ္ဆေအား သူတို့ထံ ပြေးထွက်သွားစေသည်။

မန်ဟိုသည် တစ္ဆေအား ထိန်းချုပ်ရင်း အာရုံစိုက်မှု မလျော့သွားချင်၍ ၄င်း ကျင့်ကြံသူအဖွဲ့အနားရောက်သည်နှင့်တစ်ပြိုင်နက် ပြောလိုက်သည်။ "ပေါက်ကွဲစမ်း"

တစ္ဆေမှာ ရုတ်ခြည်း ပေါက်ကွဲသွား၏။

ပေါက်ကွဲမှုကြီးက ကောင်းကင်နှင့်မြေကြီးကို တသိမ့်သိမ့်တုန်ခါသွားစေသည်။ အခြားလူများ မြင်လိုက်ရသည်မှာတော့ မန်ဟို ထိုကျင့်ကြံသူအဖွဲ့ထံ လက်ညှိုးလေးထိုးလိုက်ရုံနှင့် သူတို့ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်ကိုပင်။ တချို့မှာ လွင့်ပင်လွင့်ထွက်သွား၏။ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူ၏ မျက်နှာပျက်သွားပြီး နောက်သို့ ခုနစ်လှမ်းရှစ်လှမ်းဆုတ်လိုက်သည်။ သို့သော် သူ့မှာ မမြင်ရသောလေမုန်တိုင်းကို ခုခံနိုင်စွမ်းမရှိသဖြင့် နောက်သို့ ဒလိမ့်ခေါက်ခွေးလွင့်ထွက်သွားတော့သည်။

သူ ပါးစပ်သွေးများပန်းထွက်ပြီး ဂျွမ်းထိုးမှောက်ခုံဖြစ်သွားစဥ် အံ့သြတုန်လှုပ်မှုတို့က သူ၏မျက်နှာကို ဖုံးလွှမ်းနေသည်။ အစက သူသည် သူ၏ပြိုင်ဘက်က တစ်နည်းနည်းဖြင့် ထူးခြားနေလျှင်တောင်မှ သူက လူတစ်ဒါဇင်ကျော်ရှိသည့် အဖွဲ့နှင့်အတူဖြစ်သည်။ ထိုမျှသာမက အချိန်ဆွဲရုံလေးသာ လိုအပ်သည့်အတွက် ဒုက္ခမများသင့်ပေ။

သို့ထိတိုင် မန်ဟိုက လက်ညှိုးထိုးရုံလေးနှင့် မယုံကြည်နိုင်ဖွယ်စွမ်းအား ထုတ်လွှတ်လိုက်သော အမည်မသိပညာရပ်တစ်ခုကို အသုံးပြုခဲ့သည်။ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူမှာ မန်ဟိုချဥ်းကပ်လာသည်ကိုကြည့်ရင်း ခြေလက်များ အေးစက်သွား၏။ သူ့မှာ မန်ဟို့ကို တားရန် ဘာမှမလုပ်ရဲတော့ပေ။

မန်ဟိုသည် လမ်းပိတ်ရန် ကြိုးစားရင်း ဒလိမ့်ခေါက်ခွေးလွင့်ထွက်ကုန်သော ကျင့်ကြံသူအဖွဲ့ကို ချက်ချင်း ကျော်ဖြတ်သွား၏။

ဤမြင်ကွင်းက နောက်မှလိုက်နေသော ကျင့်ကြံသူတစ်ရာကျော်ကို မှင်သက်သွားစေသည်။ သူတို့အားလုံးမှာ ချီတုံချတုံဖြင့် အရှိန်လျှော့လိုက်ကြ၏။ သို့သော် ပြောင်တလင်းခါနေသော သိုလှောင်အိတ်များနှင့် အရေအတွက်အားဖြင့်သာသည်ကို တွေးမိသောအခါ အသတ်အဖြတ်စိတ်ဆန္ဒများ နောက်တစ်ဖန် တဟုန်းဟုန်းတောက်လာပြန်သည်။ တစ်ယောက်မှ ပြန်မဆုတ်ပေ။ အကုန်လုံး လေးကြိုးမှပစ်လွှတ်လိုက်သော မြားတစ်စင်းသဖွယ် မန်ဟို့ထံ အတန်းလိုက်ကြီး ပျံသန်းသွား၏။

အချိန်များကုန်လွန်သွားသည်။ အသက်သုံးလေးရှိုက်ကြာပြီးနောက်ဆုံး ခပ်နိမ့်နိမ့်တောင်နှင့် ကျင့်ကြံခြင်းဂူကို မန်ဟိုလှမ်းမြင်လိုက်သည်။ တောင်ပတ်ပတ်လည်တွင် နေထိုင်နေကြသော ကျင့်ကြံတစ်ရာကျော်ကိုလည်း မြင်လိုက်ရ၏။

သူတို့မှာ သူနှင့် သူ့နောက်လိုက်နေသူများကို မြင်သောအခါ သတိရှိပြီး စိုးရိမ်သော အရိပ်အယောင်များ မျက်နှာတွင် ပေါ်လာကြသည်။

သူတို့ စိုးရိမ်စပြုလာသည့်အခိုက်အတန့်မှာပင် ကြက်တူရွေး၏ အသံစူးစူးက ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ "ကဲကဲ ကလေးတို့၊ သခင်ငါး ဧည့်သည့်တွေခေါ်လာတယ်။ နေရာယူကြ"

တစ်ချိန်တည်းမှာပင် မန်ဟိုက အလင်းတန်းအသွင်ပြောင်းပြီး တောင်ဘေးရှိ အက်ကြောင်းထံ တန်တန်းမတ်မတ်ဝင်သွားသည်။

သူထိုသို့လုပ်လိုက်သည်နှင့် ကြက်တူရွေးက သူပခုံးအားကုပ်ထားသည်ကို ဖြေလျော့ပြီး လေပေါ်ပျံတက်လိုက်၏။ သူ့ခြေထောက်တွင် ချိတ်နေသော အသားဂျယ်လီခေါင်းလောင်းမှ တချွင်ချွင်မြည်သွားသည်။

ဒေသခံကျင့်ကြံသူတစ်ရာကျော် ကြက်တူရွေး၏အသံကြားသောအခါ တစ်ကိုယ်လုံးတုန်ရီသွား၏။ သူတို့က အံတင်းတင်းကြိတ်ပြီး ချက်ချင်း ထရပ်လိုက်ကြသည်။ ထို့နောက် လုပ်နေကျအတိုင်း တောင်ကို ဝိုင်းပတ်၍ အစီအစဥ်တကျ ပြေးတော့သည်။

မန်ဟို ဤအခြင်းအရာအားလုံးကို စိတ်ဝိညာဥ်အာရုံဖြင့် စောင့်ကြည့်နေစဥ် သူ၏မျက်နှာပေါ်၌ ထူးဆန်းသောအမူအရာတစ်ခုပေါ်လာသည်။ ကြက်တူရွေး ကောင်းကင်မန္တန်အစီအရင်ဟု ခေါ်ခဲ့သည့် အရာနှင့် ကျင့်ကြံသူများအား ညွှန်ကြားခဲ့သည့် လေ့ကျင့်ရေးအားလုံးကို ပြန်တွေးမိလိုက်သည်။ သူ့မှာ တခဏချီတုံချတုံဖြစ်နေပြီးနောက် အံတင်းတင်းကြိတ်၍ တင်ပျဥ်ခွေထိုင်ချလိုက်သည်။ ထို့နောက် ပြီးပြည့်စုံသော ရွှေအမြုတေဆေးလုံး ဖန်တီးရန် ဆေးပင်များကို ထုတ်ကာ စတင်ဖော်စပ်တော့သည်။

ပြီးပြည့်စုံသော ရွှေအမြုတေဆေးလုံးကို ပြုလုပ်၍ စားသုံးပြီးနောက်တွင် သူ၏ခရမ်းရောင်အမြုတေကို ရွှေအမြုတေဖြင့် အစားထိုးမည်။ ထိုမျှသာမက ပြီးပြည့်စုံသော ရွှေအမြုတေကိုသုံးရင်း အမြုတေဖြစ်တည်မှု စဦးပိုင်းအဆင့်မှ အမြုတေဖြစ်တည်မှု အလယ်အလတ်သို့ အစွမ်းကုန်ဖောက်ထွက်မည်။

"အဲ့ဒီလိုလုပ်ပြီးရင် ငါ မိုးကောင်းကင်ပြစ်ဒဏ်ကို အချိန်ဆွဲပြီး အမြုတေချီကျင့်ကြံရမယ်။ အားလုံးအဆင်ချောနေရင်တော့ ဒီကျင့်ကြံခြင်းဂူကနေထွက်ပြီး...." မန်ဟို့၏မျက်လုံးများ အေးစက်သောအလင်းရောင်ဖြင့် တောက်ပသွားသည်။ "နောက်က ဘယ်လိုလိုက်ရတာလဲဆိုတာ သိအောင်လုပ်ပေးရမယ်" သူသည် အသက်ပြင်းပြင်းရှူသွင်းပြီးနောက် ကြေးမုံကို ထုတ်ကာ သူအလိုရှိသော ဆေးပင်တချို့ကို ပွားလိုက်သည်။

ယခင်ကဆိုလျှင် သူ့မှာ ဝိညာဥ်ကျောက်တုံးများမွဲပြာကျနေသဖြင့် အလွန်သတိထားခဲ့ရသည်။ ထိုမျှသာမက သာလွန်အဆင့်ဝိညာဥ်ကျောက်တုံးများ အသုံးပြုရခြင်းကလည်း ရင်နာစရာကောင်းသည်။ ယခုတွင်တော့ သူ့သိုလှောင်အိတ်ထဲတွင် ဝိညာဥ်ကျောက်တုံးတစ်သန်းကျော် ရှိနေလေပြီ။ ထို့ကြောင့် နှမြောစရာမလိုဘဲ စိတ်တိုင်းကျ အသုံးပြုနိုင်၏။

ထို့ပြင် မန်ဟိုသည် ချူယွီယန် ပြီးပြည့်စုံသောချီအခြေတည်ဆေးလုံး ဖော်စပ်ခဲ့စဥ်ကထက်ပို၍ သူ၏ဆေးဝါးတာအိုတွင် ယုံကြည်ချက်အလွန်ရှိသည်။ အရှေ့ဆေးဝါးအဖွဲ့၏ လျှို့ဝှက်သောအမွေအနှစ်ပညာရပ်နှင့်အတူ သူ၏ဆေးဝါးမီးတောက်ကို အသုံးပြုခြင်းက မန်ဟို့ကို အောင်မြင်မည်ဟု ခုနစ်ရာခိုင်နှုန်းပို၍ ယုံကြည်ချက်ရှိစေသည်။

ကျင့်ကြံခြင်းဂူ၏အပြင်တွင် ခေါင်းဆောင်ကြီးမျက်နှာနီ၊ ခေါင်းဆာင်ကြီးကျောက်ပေါက်မာနှင့် အခြားသူများအားလုံး သတ်ဖြတ်တော့မည့်မျက်နှာထားများဖြင့် ချဥ်းကပ်လာကြသည်။ မန်ဟိုက ခပ်နိမ့်နိမ့်တောင်အတွင်း ဝင်ရောက်ပျောက်ကွယ်သွားပြီး စူးစူးဝါးဝါး အော်ရင်း ပျံဝဲနေသော ကြက်တူရွေးနှင့် တောင်ကိုပတ်ပြေးနေသော ကျင့်ကြံသူတစ်အုပ်ကို သူတို့မြင်လိုက်ကြသည်။

၄င်းတို့အားလုံးက သူတို့ကို တခဏ ပါးစပ်အဟောင်းသားဖြစ်သွားစေပြီးနောက် ဝါးလုံးကွဲမတတ် အော်ရယ်ကြတော့သည်။ လူများထပ်မံရောက်ရှိလာပြီး စက်ဝိုင်းသဏ္ဍာန်ပတ်ပြေးနေကြသော ကျင့်ကြံသူများကို ကြည့်ကာ ဟားတိုက်ရယ်လိုက်ကြသည်။

"ဒီလူတွေ ဘာလုပ်နေတာလဲ။ ရူးများသွားပြီလား"

"အပြေးလေ့ကျင့်ခန်းလုပ်နေကြတာလား"

"ဘယ်လိုကျင့်ကြံသူတွေလဲကွာ။ အနက်ရောင်နယ်မြေအတွက် သိက္ခါကျစရာပဲ"

မန်ဟို့နောက်လိုက်လာသည့် ကျင့်ကြံသူများ၏ လှောင်သံများက မြေပြင်ပေါ်ရှိ ကျင့်ကြံသူများ၏ မျက်နှာပေါ်တွင် ရှက်ရွံသောအရိပ်အယောင်များ ပေါ်ပေါက်လာစေသည်။ သို့သော် သူတို့မှာ ပြေးနေသည်ကို မရပ်ရဲပေ။ ဤသည်မှာ ကြက်တူရွေး သူတို့ကိုသင်ပေးထားသည့် ပြေးခြင်းမှ စွမ်းအားထုတ်ယူသည့် တစ်ခုတည်းသော ကောင်းကင်မှော်ပညာရပ်ဖြစ်သည်။

ကြက်တူရွေးပြောစကားအရဆိုလျှင် ဤပညာရပ်သည် မယုံနိုင်လောက်အောင် တုန်လှူပ်ဖွယ် ကောင်း၏။ ၄င်းက ကောင်းကင်နှင့်မြေကြီးတွင် အထွတ်အထိပ်ဆုံးသော မန္တန်အစီအရင် ဖြစ်ပုံရသည်။

"လာ လာ" ကြက်တူရွေးက လေတွင်ပျံဝဲနေရင်း စိတ်လှုပ်ရှားစွာ အော်သည်။ "အားလုံး တညီတညာတည်း ဆိုမယ်...."

ကျင့်ကြံသူတစ်ရာကျော်မှာ တခဏ တွန့်ဆုတ်နေကြ၏။ သို့သော် တစ်နှစ်နီးပါး လေ့ကျင့်ခဲ့ရခြင်းက အလိုအလျောက်တုံ့ပြန်မှုကို ဖြစ်ပေါ်စေသည်။ တစ်ယောက်အော်လိုက်သည်နှင့်တစ်ပြိုင်နက် အားလုံး တက်ညီလက်ညီအော်ကြတော့သည်။

"သခင်ငါးကို ယုံကြည် ၊ ထာဝရ ဘဝရမည်။ သခင်ငါးပေါ်လာ၊ ဘယ်သူ ရန်ဖြစ်ရဲမှာ"

သူတို့၏အသံများ အတူတကွပေါင်းစည်း၍ အားကောင်းသောလှိုင်းဂယက်များ ရိုက်ခတ်သွားစေသည်။ အသံနှင့်အတူ လေပါတိုက်ခတ်လာ၏။ ပြေးနေခြင်းကြောင့်လား၊ အော်သံကြောင့်လား ပြောရခက်သည်၊ မည်သို့ဆိုစေ လေကား ထန်လာ၏။

တိုက်ခတ်နေသောလေသည် ကျင့်ကြံခြင်းဂူ ပတ်ပတ်လည် ကီလိုမီတာငါးဆယ်ဧရိယာကို ရုတ်တရက် ဝေဝါးသွားစေသည်။ ဝေဝါးမှုက ခပ်ပါးပါးသာ ဖြစ်သည့်အတွက် ဘယ်သူမှ သတိမပြုမိလိုက်ပေ။ အမြုတေဖြစ်တည်မှု နှောင်းပိုင်းအဆင့် ခေါင်းဆောင်ကြီးမျက်နှာနီအပြင် တူညီသောအဆင့်ရှိအခြားသူများပင်လျှင် သတိမထားမိကြပေ။

"တစ်ယောက်မကျန် သတ်ပစ်" ခေါင်းဆောင်ကြီးကျောက်ပေါက်မာက အသံကုန် အော်သည်။ "မြက်တစ်ပင်တောင် မကျန်ခဲ့စေနဲ့" သူ၏စကားလုံးများက ပေါ့ပါးစွာ လွင့်မျောသွားသော်လည်း တုန်လှုပ်ဖွယ် အသတ်အဖြတ်စိတ်ဆန္ဒဖြင့် ပြည့်နှက်နေသည်။ ၄င်းတို့ထွက်လာသည်နှင့် သူ့အနောက်ရှိ ဟန်မြစ်ဂိုဏ်းသားများနှင့် အခြားကျင့်ကြံသူအားလုံး ရောင်စုံအလင်းတန်းများအသွင် ပြောင်းသွားကြသည်။ သူတို့၏မျက်နှာများမှာ အသတ်အဖြတ်စိတ်ဆန္ဒတို့ကြောင့် အရုပ်ဆိုးအကျည်းတန်နေတော့သည်။ သူတို့သည် အထင်သေးစွာဖြင့် မန်ဟို့အပေါ်မုန်းတီးမှုများကို ပုံချရန် ပြင်လိုက်ကြသည်။

***

All Chapters