ရွပ်ရွပ်ချွံချွံ
Vol. 24 Ch. 335
သတ်ဖြတ်လိုစိတ်များနှင့် လှောင်ပြောင်သရော်နေသော ဟန်မြစ်ဂိုဏ်းသားအုပ်လိုက်ကြီး ဆင်းသက်လာသည်။ သူတို့က မျက်လုံးများ ရက်စက်ကြမ်းကြုတ်မှုများ တောက်ပနေလျက် မြေပြင်ပေါ်၌ ဝိုင်းပတ်ပြေးနေကြသော ကျင့်ကြံသူတစ်ရာကျော်အနားကပ်လာသည်။
"ကလေးတို့ မကြည့်နဲ့ သူတို့ကို ဘေးမဲ့ပေးထားလိုက်" ကြက်တူရွေးက လေထဲတွင် တုံ့ပြန်လူးလာပျံသန်းနေရင်း အော်သည်။ သူ့ခြေထောက်ရှိ ခေါင်းလောင်းမှအသံကလည်း တချွင်ချွင်မြည်နေလျက်ရှိ၏။ "လာ လာ။ အသံကုန်အော်ကြမယ်....."
ကျင့်ကြံသူတစ်ရာကျော်သည် တညီတညာတည်း အော်လိုက်ပြန်သည်။ တုန်းလော့မြို့တော်မှာကတည်းက မန်ဟို့နောက်လိုက်နေခဲ့သော ကျင့်ကြံသူများ နီးကပ်လာသည်။ သို့သော် သူတို့ချဥ်းကပ်သွားစဥ် လေအဝှေ့ကို ခံစားလိုက်ရသဖြင့် အမူအရာများ ရိပ်ခနဲဖြစ်သွားသည်။
လေက သူတို့၏မျက်နှာကို တိုးဝှေ့၍ အဝတ်များကို လွင့်သွားစေကာ ဆံပင်များကို ဖြတ်တိုက်သွားသည်။ ၄င်းက သူတို့၏ခန္ဓာကိုယ်များကိုပင် စတင်တွန်းထုတ်နေ၏။ ချဥ်းကပ်လာနေသော ကျင့်ကြံသူများမှာ တဖြေးဖြေး ရပ်လိုက်ရသည်။ သူတို့၏အဝတ်အစားများမှာ တဖတ်ဖတ်လွင့်နေပြီး ဆံပင်များရှုပ်ပွနေကာ မျက်နှာများမှာ အံသြတုန်လှုပ်နေသည့်အသွင်သို့ တစတစပြောင်းလဲလာသည်။
ဖြေးဖြေးချင်း ရွေ့လျားနေသော လေပွေတစ်ခု ပြေးနေသော ကျင့်ကြံသူများ၏ ခြေထောက်အောက်မှ ပြန့်ကားလာသည်။ ၄င်းအပြင်သို့ ကားထွက်လာသည်နှင့် လာနေသောကျင့်ကြံသူများကို တွန်းထုတ်၍ဟန့်တားလိုက်သည်။ တခဏအတွင်း ၄င်းသည် လေပြေညင်းလေးအဖြစ်မှ တဝေါဝေါမြည်နေသော လေဆင်နှာမောင်းကြီးအသွင် ပြောင်းသွားလေပြီ။
လေအော်သံကြီးမှာ ကြောက်မက်ဖွယ်ကောင်းပြီး အတွင်းရှိ ကျင့်ကြံသူများ၏အော်သံများနှင့် ပေါင်းစည်း၍ မိုးကောင်းကင်ကို ဖြဲဆုတ်ပစ်တော့မည့် စွမ်းအားတစ်ရပ်အသွင် ပြောင်းသွားသည်။ တုန်းလော့မြို့မှ ကျင့်ကြံသူများမှာ မျက်ပြူးဆန်ပြာနှင့် နောက်ဆုတ်ကုန်ကြသည်။ တချို့မှာ နှေးလွန်းသဖြင့် လေဆင်နှာမောင်းမှ မှီသွားလေသည်။ သူတို့၏ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူတို့၏အတွင်းကလီစာများပင် အပိုင်းပိုင်းပြတ်ကုန်သည်။
ကျင့်ကြံခြင်းအခြေခံအားနည်းသည့် ကျင့်ကြံသူတစ်ဒါဇင်မှာ ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်လိုက်၏။ သူတို့၏ မချိတင်ကဲအော်သံများက လေနှင့်အတူမျောလွင့်လာကာ ကြည့်ရှူနေသူများ၏ နားထဲထိုးဖောက်ဝင်ရောက်သွားသည်။ လူအများမျက်စိရှေ့မှာပင် သူတို့ရောင်းရင်းများ၏ အဝတ်အစားများ တစစီစုတ်ပြဲကုန်သည်။ ဆံပင်များ ခဲရောင်သမ်းလာပြီး ဓားဖြင့် မွှန်းနေသကဲ့သို့ ခန္ဓာကိုယ်ပေါ်မှ အရေပြားများ တဖြေးဖြေးလန်လာသည်။ တဝေါဝေါမြည်နေသော လေဆင်နှာမောင်းထဲတွင် အသွေးအသားများ လွင့်စဥ်နေတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင်....
ကျင့်ကြံသူတစ်ဒါဇင်ကျော်၏ ခန္ဓာကိုယ်ပေါ်မှ အရေပြားနှင့် အသားများ ရစရာမရှိအောင် စုတ်ဖြဲလိုက်သည့်အတွက် အရိုးစုသာ ကျန်ခဲ့တော့သည်။ ထို့နောက် ကျိုးအက်သံများ ထွက်ပေါ်လာပြီး အရိုးစုများ အစိတ်စိတ်အမြွှာမြွှာဖြစ်ကာ လေနှင့်အတူ ပျောက်ကွယ်သွားတော့သည်။
ဤမြင်ကွင်းက နောက်မှလိုက်နေသော ကျင့်ကြံသူများကို ခေါင်းနပန်းကြီးသွားစေသည်။ သူတို့၏မျက်နှာများသည် ပြင်းထန်သော ထိတ်လန့်မှုတို့ဖြင့် တောက်ပလာ၏။ သူတို့မှာ ကမန်းကတမ်း နောက်ပြန်ဆုတ်ရင်း အသက်ရှူသံများ မြန်လာကြသည်။ ဘယ်သူမှ ရှေ့ဆက်မတိုးရဲတော့သည့်အပြင်..... တဝေါဝေါလေတိုက်သံများနှင့်.... ပြေးလွှားနေသော ကျင့်ကြံသူများ၏အသံများမှအပ တိတ်ဆိတ်နေသည်။ အသံများက အတူတကွ စုပေါင်းသွားပြီး လေနှင့် တစ်သားတည်းဖြစ်သွားသည်။
"သခင်ငါးကို ယုံကြည် .... ထာဝရဘဝ ရမည် ...."
တိတ်ဆိတ်ခြင်းက စိုးမိုးနေသည့်အချိန် ခေါင်းဆောင်ကြီးမျက်နှာနီက အေးစက်စက် နှာမှုတ်လိုက်သည်။ သူ့အနောက်မှ အမြုတေဖြစ်တည်မှုအလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက် လမ်းလျှောက်ထွက်လာသည်။ ခေါင်းဆောင်ကြီးကျောက်ပေါက်မာ၏ ဘေးမှ နောက်ထပ် အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူတစ်ယောက် အံကြိတ်လျက် ထွက်လာသည်။
တတိယမြောက် အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူသည် ဂိုဏ်းကြီးသုံးဂိုဏ်းအနက် တတိယမြောက်ဂိုဏ်းမှ ခေါင်းဆောင်ကြီးတစ်ဦးနှင့်အတူ ပေါ်လာသည်။ ဤလူမှာ ခန္ဓာကိုယ်တောင့်တင်းသန်မာပြီး အရပ်မြင့်သည်။ သူ ရှေ့တစ်လှမ်းလှမ်းပြီးနောက်တွင် အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူသုံးယောက်ကား ရှေ့သို့တဟုန်ထိုးထွက်သွားသော အလင်းတန်းများအသွင် ပြောင်းသွားသည်။
သူတို့သည် ဧရာမလေဆင်နှာမောင်းကြီးကို ထိုးဖောက်၍ အတွင်းရှိ ကျင့်ကြံသူတစ်ရာကျော်ကို သတ်ဖြတ်ရန် ကြံစည်ထားပုံရသည်။
သို့သော် သူတို့ လေဆင်နှာမောင်းအနား ရောက်သွားသည်နှင့်တစ်ပြိုင်နက် မျက်နှာထား ချက်ချင်း ပြောင်းသွား၏။ သူတို့က မာန်သွင်းဟိန်းဟောက်၍ ခေါင်းထက်၌ ပုံစံမျိုးစုံရှိသော အမြုတေချီများအား ထုတ်ဖော်ပြီးနောက် ဝေဝါးနေသောလေအလွှာထံ ပြေးဝင်သွားသည်။
သူတို့သည် ကျင့်ကြံသူတစ်ရာကျော်ဆီသို့ လမ်းတစ်ဝက်နီးပါး ချဥ်းကပ်နိုင်ခဲ့ပြီး မီတာသုံးဆယ်ခန့်သာ ကွာတော့သည့်အချိန် ရုတ်တရက် လေဆင်နှာမောင်းကြီးအတွင်း၌ ဧရာမတစ္ဆေကြီးတစ်ကောင် ပေါ်လာသည်။
၄င်းက လေမှ ဖြစ်ပေါ်လာပြီး အမြင့်ကား မီတာသုံးဆယ်ထက်မနည်းပေ။ ၄င်း၏မျက်နှာသွင်ပြင်မှာ ဝေဝါးနေသည်။ သိသာထင်ရှားသည်ကတော့ ၄င်း၏ကြီးမားသော ကိုယ်ထည်ကြီးနှင့် ၄င်း၏ကိုယ်ပေါ်၌ တဖျပ်ဖျပ်လွင့်နေသည့် ပုံရိပ်ယောင်အဝတ်များပင်။ တစ္ဆေကြီးက ပေါ်လာသည်နှင့် မပီသသောဟိန်းဟောက်သံများ ထုတ်လွှတ်ရင်း ပြေးလွှားနေသည်။ ၄င်းကား လာနေသောကျင့်ကြံသူသုံးယောက်ကို သတိထားမိပုံပင်မရပေ။
ထိုလူသုံးယောက်က မုဒြာလက်ကွက်များ ဖော်ကာ အသတ်အဖြတ်စိတ်ဆန္ဒများ ထုတ်ဖော်လိုက်သည်။ အမြုတေချီများ အပြင်သို့ ပေါက်ကွဲထွက်လာပြီး တစ်ခုက သဲမြေစီးကြောင်းအသွင်ပြောင်းကာ နောက်တစ်ခုက ဓားပျံအတန်းကြီးအသွင်ပြောင်းသည်။ တတိယမြောက်တစ်ခုက တောင်နှင့်မြစ်များ ခြယ်မှုန်းထားသော ပန်းချီကားချပ်အသွင် ပြောင်းသွားသည်။ အမြုတေချီများက ဧရာမတစ္ဆေကြီးထံ တန်းတန်းမတ်မတ် တိုက်ခိုက်ရင်း ပတ်ဝန်းကျင်ကို လွှမ်းခြုံသွား၏။
"ကွဲထွက်စမ်း" လူသုံးယောက်က အေးစက်သောအသံများဖြင့် ပြောသည်။
သို့သော် သူတို့၏အမြုတေချီများသည် ဧရာမတစ္ဆေကြီးအား အကောင်အထည်ဒြပ်မရှိသည့်သဖွယ် တိုက်ရိုက်ဖောက်ထွက်သွားသည်။
ဤအခြင်းအရာက လူသုံးယောက်ကို ပင့်သက်ရှိုက်သွားစေ၏။ ထို့နောက် ဖြစ်ပျက်သောအရာကတော့ တစ္ဆေကြီးက လှည့်ပြီး သူတို့ထံ ပြေးလာခြင်းပင်။
တစ္ဆေကြီးမှာ အကောင်အထည်ဒြပ်မရှိသည့်တိုင် ဤလူသုံးယောက်၏ ခန္ဓာကိုယ်များကို ပြင်းပြင်းထန်ထန် တုန်ခါသွားစေ၏။ သူတို့၏မျက်နှာများ ဖြူဆုပ်သွားပြီး သွေးအန်လိုက်ရသည်။ သူတို့မှာ အလွန်အမင်းတုန်လှုပ်လျက် နောက်ဆုတ်တော့မည့်အချိန် ရုတ်တရက် နှစ်ကောင်၊ သုံးကောင်၊ လေးကောင်...တခဏအတွင်း ဧရာမတစ္ဆေကြီးဆယ်ကောင်ကား လေဆင်နှာမောင်းအတွင်းတွင် ပေါ်လာခဲ့လေပြီ။ ၄င်းတို့အားလုံးက သုတ်သီးသုတ်ပျာ နောက်ဆုတ်နေကြသော လူသုံးယောက်ဆီ ပြေးဝင်လာသည်။
ဟန်မြစ်ဂိုဏ်းမှ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူမှာ အခြားသူများထက် အတန်ငယ် နှေး၏။ သူ ခြေလှမ်းအနည်းငယ်သာဆုတ်ရသေးသည်၊ တစ္ဆေကြီးတစ်ကောင်က သူ့အပေါ် ရောက်နေလေပြီ။ အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူမှာ မျက်ဝန်းများ ရက်စက်မှုဖြင့် ပြည့်နှက်နေလျက် လျှာထိပ်ကိုကိုက်ကာ လေထဲသို့ သွေးတစ်လုပ်ထွေးလိုက်သည်။ သူက ထိုသွေးများအတွင်း၌ လက်နှစ်ဖက်ကို လှုပ်ရှားကာ သွေးအမှတ်အသားတစ်ခု လုပ်လိုက်သည်။
သူက သွေးအမှတ်အသားကို တွန်း၍ လောင်ကျွမ်းစေလိုက်ရာ ဧရာမသွေးဦးခေါင်းခွံကြီးအသွင် ပြောင်းသွားသည်။ ၄င်းက ကျယ်လောင်စွာ ဟိန်းဟောက်ရင်း လာနေသောတစ္ဆေကြီးထံ တဟုန်ထိုး ထွက်သွား၏။ သို့ရာတွင် တစ်ခုနှင့်တစ်ခု ဝင်တိုက်မည့်အစား သွေးဦးခေါင်းခွံကြီးက တစ္ဆေကြီးကို ဖြတ်သွားပြီး နောက်ထပ်တစ္ဆေရှစ်ကောင်ကိုပါ ဖောက်ထွက်ကာ လွင့်စင်ပျောက်ကွယ်သွားလေသည်။
ဟန်မြစ်ဂိုဏ်းသား၏မျက်နှာပေါ်၌ မျှော်လင့်ချက်မဲ့သွားသော အမူအရာ ဖုံးလွှမ်းသွားသည်။ ပထမဆုံးတစ္ဆေကြီးက သူ့ကို ဝင်တိုက်လိုက်သည့်အတွက် သူ့ပါးစပ်မှ သွေးများပန်းထွက်သွားပြီး အသံပြာကြီးဖြင့် အော်လိုက်သည်။
"ခေါင်းဆောင်ကြီး ကျွန်တော့်ကိုကယ်ပါဦး....." သူ့က ကြောက်စိတ်တို့မွှန်ထူနေသော အသံကြီးဖြင့် အသားကုန်အော်လိုက်သည်။ ခေါင်းဆောင်ကြီးကျောက်ပေါက်မာ မျက်နှာပျက်သွား၏။ သူ ထိုလူ့ကို ကယ်ရန် ရှေ့တက်တော့မည့်အချိန် သူ၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ ရုတ်တရက် သူ့မှာ ရှေ့ဆက်မသွားရဲတော့ဘဲ နောက်ပြန်ဆုတ်လိုက်၏။
အကြောင်းရင်းကား လေဆင်နှာမောင်းအတွင်းရှိ တစ္ဆေဒါဇင်များစွာက အမြင့်ဆုံးအရှိန်ဖြင့် ဦးတည်လာနေကြသည်ကို မြင်လိုက်၍ပင်။ ၄င်းတို့က ဘီလူးကြီးများ ခြေဆောင့်နင်းနေသကဲ့ မြေကြီးကို တုန်ခါစေသည်။ ဟန်မြစ်ဂိုဏ်း အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူမှာ ပြားကပ်အောင် တက်နင်းခံလိုက်ရသဖြင့် သွေးပျက်ဖွယ် အော်သံကြီးက ဟိန်းဟောက်သံများဖြင့် ရောနှောသွားသည်။
ဤမြင်ကွင်းက ကျင့်ကြံခြင်းအခြေခံ မည်သည့်အဆင့်ပင်ဖြစ်စေ ကြည့်ရှုနေသူတိုင်းကို ရင်တဒိန်းဒိန်းခုန်သွားစေသည်။ ဝေဝါးနေသောလေသည် ပိုပို၍ မထင်မရှားဖြစ်လာ၏။ သူတို့၏အမူအရာများမှာ လှောင်ပြောင်နေသည့်ဟန်မရှိတော့ပေ။ ထိုအစား ကြောက်စိတ်တို့က စိုးမိုးနေလေပြီ။
ချက်ချင်းပင် လူများ ခြေဦးတည့်ရာ ထွက်ပြေးကြသည်။ သို့သော် သူတို့ သတိမထားမိလိုက်သည်ကတော့ သူတို့အနောက်တွင် နောက်ထပ်လေဆင်နှာမောင်းကြီးတစ်လုံး ပေါ်လာခဲ့သည်ကိုပင်။ ၄င်းက သူတို့ကို ဝန်းရံလွှမ်းခြုံရင်း ပြေးပေါက်မှန်သမျှပိတ်ထား၏။
ဤကျင့်ကြံသူများသည် မန်ဟို့နောက်သို့ အညှာတာကင်းမဲ့စွာ လိုက်ခဲ့ကြသော်လည်း ယခုတွင် အသည်းနှလုံးများ အေးစက်နေလေပြီ။
အရှေ့နှင့်အနောက်ရှိ လေဆင်နှာမောင်းများအတွင်း၌ တစ္ဆေပုံရိပ်ကြီးများကို သတိထားမိသည့်အခါတွင် ပိုပင်ဆိုးသွားလေသည်။ ပုံရိပ်များက ပြေးလွှားနေသဖြင့် မြေကြီးကို တသိမ့်သိမ့်တုန်ခါနေစေသည်။ တစ်ကောင်ကောင်နှင့်သာ တိုက်မိလိုက်ပါက မည်မျှလျင်မြန်စွာ အသက်ထွက်သွားမည်ကို အလွယ်တကူတွေးကြည့်နိုင်၏။
စောစောက တစ္ဆေကြီးများ တက်နင်းပစ်လိုက်သည့် အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူမှာ ပွဲချင်းပြီးဆုံးသွားသည်မဟုတ်လော။ ဤအခြင်းအရာက အခြားကျင့်ကြံသူများအား ကြောက်ဒူးတုန်သွားစေသည်။
အဆိုပါ လေဆင်နှာမောင်းအတွင်း၌ ပြေးလွှားနေသော တစ္ဆေကြီးများမှာ တကယ်တော့ သူတို့ပြက်ရယ်ပြုခဲ့သော ကျင့်ကြံသူတစ်ရာကျော်မှလွဲ၍ တခြားမဟုတ်ကြောင်း သဘောပေါက်ရန် သိပ်မကြာလိုက်ပေ။
သူတို့ လှည့်ပတ်ပြေးနေစဥ် သူတို့၏အသံများသည် ကျယ်သထက်ကျယ်လာ၏။
"သခင်ငါးကို ယုံကြည် ၊ ထာဝရဘဝရမည်။ သခင်ငါးပေါ်လာ၊ ဘယ်သူရန်ဖြစ်ရဲမှာ" အသံများက စုပေါင်းသွားပြီး ကမ္ဘာမြေကြီးကို တသိမ့်သိမ့်တုန်သွားစေသည့်အတွက် ကျင့်ကြံသူများ၏မျက်နှာတွင် သွေးမရှိတော့ပေ။
"ဒါဘယ်လို မန္တန်အစီအရင်လဲ" ထိုစကားကို ဝေဝါးသထက် ဝေဝါးလာသော လေဆင်နှာမောင်းကြီးကို ကြည့်ရင်း ကြောက်လန့်တုန်ရီနေသော ခေါင်းဆောင်ကြီးမျက်နှာနီ ပြောလိုက်ခြင်းမဟုတ်သလို၊ အရုပ်ဆိုးနေသောမျက်နှာကြီးဖြင့် ရပ်နေသော ခေါင်းဆောင်ကြီးကျောက်ပေါက်မာ ပြောခြင်းလည်း မဟုတ်ပေ။
ထိုအစား အခြားကျင့်ကြံသူတစ်ယောက်က ပြောလိုက်ခြင်းဖြစ်၏။ သူသည် ခေါင်းကြီးကြီး၊ ပုပုကွကွဖြစ်သည်။ ထို့ကြောင့် လူကြားထဲတွင် သိပ်မထင်ရှားပေ။ မန်ဟိုပင်လျှင် သူ့ကို သတိမထားပင်မထားမိပေ။
ခေါင်းအကြီးကြီးနှင့်ကျင့်ကြံသူ စကားပြောလိုက်သောအခါ ပတ်ဝန်းကျင်ရှိ စောင့်ကြည့်နေသူများ၏ မျက်နှာပေါ်တွင် ရိုသေလေးစားသောအရိပ်အယောင်များ ပေါ်လာပြီး ယဥ်ကျေးစွာ နောက်ဆုတ်လိုက်သည်။ ခေါင်းဆောင်ကြီးကျောက်ပေါက်မာက ဟန်မြစ်ဂိုဏ်းမှ ဖြစ်သည်။ ခေါင်းဆောင်ကြီးမျက်နှာနီက ကောင်းကင်မြင့်ဂိုဏ်းမှဖြစ်သည်။ ဤခေါင်းကြီးကြီးနှင့် ကျင့်ကြံသူကတော့ တတိယမြောက်ဂိုဏ်းကြီးဖြစ်သော အဆောင်ဂိုဏ်းမှ ခေါင်းဆောင်ကြီးပင်။
သူ၏ကျင့်ကြံခြင်းအခြေခံသည် အမြုတေဖြစ်တည်မှုနှောင်းပိုင်းအဆင့်ဖြစ်သည်။ သူ၏နည်းလမ်းက ရက်စက်ပြီး တုန်းလော့မြို့တော်တွင် သူ့ကို ရန်စရဲသူမရှိသလောက်ပင်။ သိမျှသာမက သူသည် မန္တန်အစီအရင်အရာ၌ အလွန်ကျွမ်းကျင်သည်ဟု ကျော်ကြား၏။ သူက ရှေ့သို့လျှောက်လာပြီး လေဆင်နှာမောင်းကိုကြည့်ကာ သူ၏သိုလှောင်အိတ်ကိုပုတ်၍ ကျောက်စိမ်းလက်ကောက်တစ်ခု ထုတ်လိုက်သည်။
ခေါင်းဆောင်ကြီးမျက်နှာနီနှင့် ခေါင်းဆောင်ကြီးကျောက်ပေါက်မာက ခေါင်းဆောင်ကြီးမဟာခေါင်း၏ သိုလှောင်အိတ်ကို ခါးသက်သက်အပြုံးများဖြင့် ကြည့်လိုက်သည်။ သူတို့က ဘာမှမပြောသော်လည်း သူက ဝိညာဥ်ကျောက်တုံးခိုးမှုကိစ္စတွင် မပါဝင်ခဲ့ကြောင်း ထင်ရှား၏။ သိသာစွာပင် သူ၏သိုလှောင်အိတ်မှာ ပကတိအတိုင်းရှိနေသေးလေသည်။
ခေါင်းဆောင်ကြီးမဟာခေါင်းက လက်ကောက်ကို ငုံ့ကြည့်သည်။ ၄င်း၏မျက်နှာပြင်မှာ နောက်ကျိနေသော်လည်း အပေါ်တွင် အလင်းစက်များ ဟိုဟိုသည်သည် ပြေးလွှားနေ၏။ သူက ၄င်းကို အချိန်အတော်ကြာ လေ့လာနေပြီးနောက် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူ၏မျက်လုံးများတွင် အံ့သြခြင်းတို့ ဝင်းပသွားပြီး စိတ်နှလုံးတုန်ရီသွားသည်။ "ဘယ်လောက် ခမ်းနားလိုက်တဲ့ ကောင်းကင်မန္တန်အစီအရင်လဲ" သူက ပြောသည်။ "ဒါက ကမ္ဘာပေါ်မှာ ပျောက်ကွယ်နေတာကြာပြီဖြစ်တဲ့ ရှေးခေတ်ကာလက ဒဏ္ဍာရီလာမှော်ပညာရပ်တစ်ခုပဲ။ ဒါပေမယ့် ဒီကနေ့တော့ ကျုပ်တို့မျက်စိရှေ့တည့်တည့်မှာ ပေါ်လာခဲ့ပြီ
"ဒီကောင်းကင်မန္တန်အစီအရင်က လူသားအပေါ်အခြေတည်တယ်။ ရှေးတုန်းကကျင်ကြံသူတွေဟာ အကောင်အထည်ရှိတဲ့ကိုယ်တွေကို အသုံးပြုပြီး မန္တန်ရဲ့ မျက်လုံးကို ဖန်တီးခဲ့တယ်။ မန္တန်အစီအရင်ထဲမှာ လူများလေလေ၊ စွမ်းအားကြီးလေလေပဲ..... ဒီမန္တန်အစီအရင်ရဲ့လေက အင်မိုတယ်တွေကို သတ်ဖြတ်နိုင်တယ်။ အဲ့ဒီတစ္ဆေတွေကတော့ လူသားကောင်းကင်တွေပဲ" ခေါင်းဆောင်ကြီးမဟာခေါင်း၏ ဦးရေပြား ထုံကျင်သွားသည်။ သူက သူတို့အနောက်ရှိ ဝေဝါးနေသောလေထုကို ရုတ်တရက် ခေါင်းလှည့်ကြည့်ပြီးနောက် သူ၏မျက်လုံးများ တောက်ပလင်းလက်လာသည်။
"ဒါပေမဲ့ ဒီမန္တန်ကို အားဖြည့်ပေးနေတာ လူတစ်ရာပဲရှိတယ်။ ပြီးတော့ ဒါက ရှေးကျင့်ကြံသူတွေမဟုတ်တဲ့အပြင် သူတို့ရဲ့ကျင့်ကြံခြင်းအခြေခံတွေက ကွဲပြားပြီး အားနည်းတယ်။ ဆိုလိုတာက...ဒီမန္တန်အစီအရင်ကို ချိုးဖျက်လို့ရတယ်။ ခင်ဗျားတို့ ဘာရွေးမလဲ၊ ကျုပ်တို့အရှေ့က လေကိုဖောက်ထွက်ပြီး အထဲကလူတွေကို သတ်မလား၊ ဒါမှမဟုတ် အနောက်က လေကို ဖောက်ထွက်ပြီး ပြန်ပြီးတော့ နောက်ထပ်အစီအစဥ်ဆွဲကြမလား" သူက တဖျပ်ဖျပ်လက်နေသော မျက်လုံးများဖြင့် ခေါင်းဆောင်ကြီးကျောက်ပေါက်မာနှင့် ခေါင်းဆောင်ကြီးမျက်နှာနီကို ကြည့်လိုက်သည်။
သူတို့သုံးယောက်သား အကြည့်ချင်းဖလှယ်လိုက်သည့်အခါတွင် သူတို့၏မျက်လုံးများသည် ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် ပြည့်နှက်နေလေပြီ။
"အများကြီးမလိုချင်ပါဘူး" ခေါင်းဆောင်ကြီးမဟာခေါင်းက လောဘမျက်လုံးများဖြင့် ပြုံးလိုက်သည်။ "အဲ့ဒီကြက်တူရွေးပဲ"
"ကျုပ်တော့ ကျုပ်ပစ္စည်းတွေ ပြန်လိုချင်တယ် ၊ ပြီးတော့ အဲ့ဒီလူရဲ့ သိုလှောင်အိတ်ထဲက ပစ္စည်းတစ်ဝက်" ခေါင်းဆောင်ကြီးကျောက်ပေါက်မာက လူယုတ်မာပြုံးပြုံးရင်း ပြောသည်။
"အခြားတစ်ဝက်ကို ကျုပ်ယူမယ်" ခေါင်းဆောင်ကြီးမျက်နှာနီက အသတ်အဖြတ်စိတ်ဆန္ဒတို့ ထုတ်ဖော်၍ပြောသည်။ "အသက်ရောပဲ"
***