ပြီးပြည့်စုံသော ရွှေအမြုတေဆေးလုံး
Vol. 24 Ch. 337
ဆေးလုံးပြစ်ဒဏ် ဖြစ်ပေါ်လာသည့်အချိန်၌ မန်ဟိုသည် တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် သူ့အရှေ့ရှိ ဆေးပေါင်းဖိုကိုကြည့်ရင်း ကျင့်ကြံခြင်းဂူထဲတွင်ထိုင်နေသည်။ ဆေးပေါင်းဖိုမှာ ရွှေရောင်အလင်း၏လွှမ်းခြုံခြင်းခံထားရပြီး ကျင့်ကြံခြင်းဂူတစ်ဂူလုံးအား ရွှေရောင်သမ်းနေစေသည်။
ရွှေရောင်အလင်း လျှံထွက်လာစဥ် တဖျစ်ဖျစ်မြည်သံများအား မန်ဟိုအာရုံရလိုက်သည်။
အသံများသည် ဆေးပေါင်းဖိုအတွင်းမှ လာ၏။ ဆေးပေါင်းဖိုအတွင်း၌ လျင်မြန်စွာ ကျုံ့ရင်း အစိုင်အခဲဖြစ်လာနေသော ရွှေရောင်အရည်တစ်မျိုးရှိသည်။ ၄င်း ကျုံသွားတိုင်း အရည်မှာ သိပ်သည်းခံလိုက်ရသကဲ့သို့ ဖျစ်ခနဲ မြည်သွားတတ်သည်။
၄င်းသည် ဆေးလုံးပြစ်ဒဏ် အပေါ်ထက်ကောင်းကင်တွင် ပေါ်လာသောအချိန်ဖြစ်၏။ ထိုကဲ့သို့ ပြစ်ဒဏ်မျိုးမှာ ရှောင်လွှဲ၍မရပေ။ မန်ဟိုက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီးနောက် ဆေးလုံးအပေါ်တွင် အာရုံစိုက်လိုက်သည်။
အပြင်ဘက်ကမ္ဘာတွင် ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များသည် အရပ်မျက်နှာအရပ်ရပ်သို့ ပျံ့နှံ့သွား၏။ လျှပ်စီးများ တဝင်းဝင်းလက်နေပြီး မိုးထစ်ခြုန်းသံတို့က ကောင်းကင်ဘုံထိတိုင် မြည်ဟည်းလျက်ရှိသည်။ မန်ဟို့ကျင့်ကြံခြင်းဂူ၏အပြင်ဘက်တွင် အဖြူရောင်ချီအငွေ့တန်းများ ခပ်နိမ့်နိမ့်တောင်မှ လွင့်မျောတက်လာသည်။ ၄င်းတို့က လှည့်လည်စီးမျောပြီး ကောင်းကင်သို့ ပျံတက်နေချင်သည့် ဆေးပေါင်းဖိုကြီးသဏ္ဍာန် စုပေါင်းသွားသည်။
အဆိုပါမြင်ကွင်းက ဂိုဏ်းကြီးသုံးဂိုဏ်း၏ အမြုတေဖြစ်တည်မှု နှောင်းပိုင်းအဆင့် ကျင့်ကြံသူများကို ဆွံ့အစွာ ကြည့်နေမိစေသည်။ သို့သော် သူတို့၏ မျက်နှာပေါ်၌ မယုံကြည်နိုင်မှုများ ပြည့်နှက်သွားရန် သိပ်မကြာလိုက်ပေ။
"အဲ့ဒါ...ဆေးလုံးပြစ်ဒဏ်"
"အဲ့ဒါ ဒဏ္ဍာရီလာဆေးလုံးပြစ်ဒဏ်ပဲ။ ရှေးမှတ်တမ်းတွေမှာ ကျုပ်ဖတ်ခဲ့ဖူးတယ်။ ဆန်းကြယ်တဲ့ ဆေးလုံးတွေ ဒါမှမဟုတ် တစ်ခါတလေ ကောင်းကင်ပစ္စည်း၊ လောကဓာတ်ရတနာတွေ ပေါ်လာတဲ့အချိန် မိုးကောင်းကင်က ဒေါသူပုန်ထပြီး အဲ့ဒီအရာကို သုတ်သင်ပစ်ချင်လာတယ်"
"အဲ့ဒီသောက်ကျင့်ကြံသူက ဆေးဖော်စပ်နေတာလား။ သူ ဆေးဖော်နိုင်တာ ငါတို့က ဘယ်လိုလုပ်သိမှာတုန်း။ ပြီးတော့ ဆေးလုံးပြစ်ဒဏ်ကို လှုံ့ဆော်နိုင်တဲ့ ဆေးလုံးကို ဖော်စပ်နိုင်မယ်လို့ ဘယ်သူက ထင်မှာတုန်း"
လောဘအရိပ်အယောင်များ ခေါင်းဆောင်ကြီးသုံးဦး၏ မျက်နှာပေါ်တွင် ထင်ဟပ်လာသည်။
သူတို့အနောက်ရှိ ကျင့်ကြံသူများမှာ အနက်ရောင်တိမ်တိုက်များ ပေါ်လာခြင်း၏အဓိပ္ပါယ်ကို မသိသည့်အတွက် ဇဝေဇဝါဖြစ်နေကြသည်။ ထို့နောက် မိုးထစ်ခြုန်းသံမှာ ပိုမိုပြင်းထန်လာ၍ သူတို့၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံမှုများ ဖုံးလွှမ်းလာတော့သည်။
ဤအခိုက်အတန့်တွင် မန္တန်အစီအရင်ကို အားဖြည့်ပေးနေသော ကျင့်ကြံသူတစ်ရာအနက်မှ ကျန်ရှိသူများအားလုံး သွေးအန်ပြီး သတိလစ်သွားကြသဖြင့် မြေပြင်တစ်လျှောက် တုန်ခါလှိုင်းကြီးတစ်လုံး ရိုက်ခတ်သွားသည်။ သူတို့ လဲကျသွားသည်နှင့် မြူများလွင့်စင်ပျောက်ကွယ်လာသည်။
ယခုတွင် တောင်နှင့်အတူ လေလယ်တွင် ပျံဝဲနေသော ကြက်တူရွေးနှင့် အသားဂျယ်လီတို့ မြင်သာလာသည်။ လောလောဆယ်တွင် ၄င်းတို့နှစ်ကောင်မှာ ကောင်းကင်ကို ကြောင်တောင်တောင် မော့ကြည့်နေကြသည်။
မြူများ လွင့်စင်ပြိုကွဲသွားသောအခါ ကျန်ရှိနေသော မကောင်းဆိုးဝါးဝိညာဥ်များကား ကောင်းကင်ရှိ လျှပ်စီးမိုးကြိုးများကို ထိတ်လန့်နေသည့်အလား စူးစူးဝါးဝါး အော်ဟစ်နေကြသည်။
ရုတ်တရက် ဧရာမလျှပ်စီးတန်းကြီးတစ်တန်း မြေပြင်ကို ထိုးဆင်းလာသည်။ ၄င်းက ထိုးဆင်းလာနေစဥ် သေးငယ်သော လျှပ်စီးတန်းများအဖြစ် ကွဲထွက်သွားပြီးနောက် တုန်ရီနေသော မကောင်းဆိုးဝါးဝိညာဥ်များထံ ရွှီးခနဲ ပြေးဝင်သွားသည်။
ဤမကောင်းဆိုးဝါးဝိညာဥ်များမှာလည်း မိုးကောင်းကင်ပြစ်ဒဏ်၏အာရုံကို ဆွဲဆောင်နိုင်သောအရာ ဖြစ်ဟန်တူသည်။ သို့ဖြစ်၍ လျှပ်စီးတန်းကြီးက ခွဲထွက်ပြီး ၄င်းတို့ကို ဖျက်စီးချင်နေပုံထောက်သည်။
ယင်းက ကြက်တူရွေးနှင့် အသားဂျယ်လီ၏မျက်နှာပေါ်တွင် ထူးဆန်းသောအရိပ်အယောင်များ ပေါ်ပေါက်လာသော အကြောင်းရင်းလည်းဖြစ်သည်။ အမှန်တွင် မန္တန်အစီအရင် ပျက်စီးသွားသည့် အခိုက်အတန့်မှာပင် ဆေးလုံးပြစ်ဒဏ်ဖြစ်ပေါ်လာသည်က ကံကောင်းသည်ဆိုရမည်။
ပေါက်ကွဲမှုများ ရိုက်ခတ်သွားပြီး မြေငလျင်လှုပ်သွားသည်။ မကောင်းဆိုးဝါးဝိညာဥ်ရာပေါင်းများစွာ၏ အော်သံများ ဆူညံသွားပြီး တစ်ဝက်ကျော်မှာ ချက်ချင်းအစအနမကျန် ချေမှုန်းခံလိုက်ရသည်။ ကျန်တစ်ဝက်မှာ ထွက်ခွာရန်ပြင်ရင်း တဖြေးဖြေးပျောက်ကွယ်လာသည်။
ကျင့်ကြံခြင်းဂူအတွင်းရှိ မန်ဟို့ဆေးပေါင်းဖိုထံသို့ လျှပ်စီးမီးပွားလေးတစ်ပွင့်ပင် ဦးတည်သွားခြင်းမရှိပေ။ ဆေးပေါင်းဖိုမှ တောက်ပနေသော ရွှေရောင်အလင်းသည် အဘက်ဘက်သို့ ဖြာထွက်လာပြီး ကျင့်ကြံခြင်းဂူကို ကျော်ဖြတ်၍ တောင်နှင့်မြေကြီးအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
ရုတ်တရက် ခပ်နိမ့်နိမ့်တောင်၏အပြင်ဘက်တွင် မျက်စိကျိန်းဖွယ် ရွှေရောင်အလင်း ကွန့်မြူးလာသည်။ ထို့အပြင် ရွှေရောင်အလင်းလှိုင်းများက မြေကြီးအတွင်းမှ တဖြေးဖြေး ဖြာထွက်လာ၏။
ပြစ်ဒဏ်မိုးကြိုးမှ လွတ်မြောက်ကျန်ရစ်ပြီး တစတစ ပျောက်ကွယ်နေပြီဖြစ်သော မကောင်းဆိုးဝါးဝိညာဥ်များ ရွှေရောင်အလင်းကို မြင်သောအခါတွင်တော့ ကြောက်လန့်တကြားအော်ဟစ်ပြီး အလောတကြီး ပျောက်ကွယ်ကုန်ကြ၏။
လျှို့ဝှက်နက်နဲသော ရွှေရောင်အလင်း။
၄င်းက အတွင်းထဲတွင် နေတစ်စင်းအား မြှပ်နှံထားသကဲ့သို့ တောင်၏အလယ်ဗဟိုမှ ထွန်းလင်းတောက်ပလာသည်။
ဤနေမှာ ငရဲမှ ရုန်းထွက်၍ မိုးကောင်းကင်နှင့် စီးချင်းထိုးချင်နေသည့်အလားပင်။
အသားဂျယ်လီနှင့် ကြက်တူရွေးကား အချိန်အတော်ကြာကတည်းက ပျံပြေးသွားခဲ့လေပြီ။ သို့သော် ကြက်တူရွေးသည် မန္တန်အစီအရင်ဖြစ်မြောက်အောင် လုပ်ဆောင်ပေးခဲ့သော ကျင့်ကြံသူများအတွက် စိတ်မကောင်းသဖြင့် ၄င်းနှင့်အသားဂျယ်လီ နှစ်ကောင်သား သူတို့ကို ခပ်လှမ်းလှမ်း၌ ဝှက်ထားပေးရန် သယ်သွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တောင်အား မမြင်ရတော့ပေ။ အကန့်အသတ်မဲ့သော အလင်းရောင်ကိုသာ မြင်နိုင်တော့သည်။
အလင်းက အပေါ်ရှိ တိမ်တိုက်များကို ထိုးဖောက်၍ ၄င်းတို့ကို တလိပ်လိပ်ထသွားစေသည်။ လျှပ်ပန်းလျှပ်နွယ်များ တုံ့ပြန်လူးလာ ကခုန်နေကြပြီး ဒုတိယမြောက်လျှပ်စီးတန်းကြီး စတင်ဖြစ်တည်လာသည်။ ၄င်းက ရွှေရောင်အလင်း၏ဗဟိုဖြစ်သည့် ခပ်နိမ့်နိမ့်တောင်သို့ ထိုးဆင်းလာသည်။
၄င်းသည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားနေသည့်အတွက် မကြာခင်မှာပင် တောင်ထိပ်သို့ ကျရောက်တော့မည့်ပုံရသည်။
သို့သော် ထိုသို့ဖြစ်ပျက်နေစဥ်မှာပင်....
ကျင့်ကြံခြင်းဂူအတွင်း၌ ဖောက်ခနဲ မြည်သွားသည်။ ဆေးပေါင်းဖို၏အဖုံး ပျံတက်သွားပြီး ထူးခြားဆန်းကြယ်စွာ တောက်ပနေသည့် ရွှေရောင်အလင်းသည် ရှိပြီးသားအလင်းရောင်ကို မှေးမှိန်စေရင်း ဖြာထွက်လာ၏။ နေပုံသဏ္ဍာန်ရှိသည့် အရာတစ်ခုက ပူပြင်းသော ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်ရင်း ပျံထွက်လာသည်။ မန်ဟို့၏ ကျင့်ကြံခြင်းဂူမှာ တောင်နှင့်အတူ လောင်ကျွမ်းတော့မည့်အလားပင်။
အမှန်တွင်.... အရည်ပျော်ကျနေလေပြီ။ ကျောက်တုံးများ၊ တားမြစ်မန္တန်များ၊ အတွင်းရှိ အရာဝတ္ထုအားလုံး တခဏအတွင်း ပြာကျသွား၏။ ကျန်ရှိခဲ့သည့် တစ်ခုတည်းသောအရာမှာ ကောင်းကင်ထိတိုင် ထိုးတက်တောက်ပနေသည့် ရွှေရောင်အလင်းပင်။ ဖုံးကွယ်၍မရသော အဆိုပါအလင်းကား အပေါ်သို့ ထိုးတက်၍ လျှပ်စီးတန်းကို ဝင်တိုက်လိုက်သည်။
အလင်းနှင့်အလင်းတန်းတို့ တွေ့ဆုံသောအခါ ဖြစ်ပေါ်လာသော ပေါက်ကွဲမှုကြီးသည် ကောင်းကင်နှင့်မြေကြီးကို ပြင်းထန်စွာ တုန်လှုပ်သွားစေ၏။ ကျင့်ကြံခြင်းဂူ မရှိတော့သဖြင့် မန်ဟိုက ရွှေရောင်အလင်းဖြင့် လွှမ်းခြုံလျက် တင်ပျဥ်ခွေထိုင်ကျန်ရစ်ခဲ့သည်။ သူ့အောက်ရှိ မြေကြီးလည်း အရည်ပျော်နေလေပြီ။ အနက်ရောင်မြေကြီးက ရွှေရောင်အရည်များအဖြစ် ပျော်ကျလာသည့်အတွက် နေရာတိုင်းတွင် အိုင်ထွန်း၍ ကန်တစ်ကန်ဖြစ်လာသည်။
ရွှေရောင်ကန်။
ကန်၏အလယ်တည့်တည့်တွင် မန်ဟိုရှိသည်။ သူ၏ဆံပင်များက ပျံ့လွင့်နေပြီး သူ၏ခရမ်းရောင်အမြုတေက သူ၏ကိုယ်ထဲတွင် လည်ပတ်နေသည်။ သူ့နဖူးပေါ်က ငှက်မွှေးလိုလို၊ အကြေးခံလိုလို အမှတ်အသားသည် တဖျပ်ဖျပ်လက်နေပြီး သူ၏အဝတ်အစားများက လှုပ်ခတ်နေကာ ခေါင်းမာမှုက သူ၏မျက်လုံးများတွင် စိုးမိုးနေသည်။
သူ၏ညာဘက်လက်ထဲတွင်ကား .... ရွှေရောင်ဆေးလုံးတစ်လုံး။
သူကိုင်ထားသည်က ဆေးလုံးမဟုတ်ဘဲ အလျှံတညီးညီးတောက်ပနေသော ရွှေရောင်နေတစ်စင်းဟု ပြောလျှင် ပိုမှန်မည်။
ဤရွှေရောင်ဆေးလုံးသည် ပြီးပြည့်စုံသောရွှေအမြုတေဆေးလုံးဖြစ်၏။
ဂိုဏ်းကြီးသုံးဂိုဏ်းမှ ခေါင်းဆောင်ကြီးသုံးယောက်နှင့်အတူ ကျင့်ကြံသူရာပေါင်းများစွာသည် ရင်တဒိန်းဒိန်းခုန်လျက် ရပ်နေကြသည်။ ဆေးလုံးကို မြင်လိုက်သည့် တခဏ၌ ဤဆေးလုံးကို စားခြင်းက အခြားဆေးလုံးနှင့်မတူကွဲပြားမည်ကို သိနေသကဲ့သို့ ချီအခြေတည်အဆင့်ကျင့်ကြံသူများ၏ တာအိုမဏ္ဍိုင်များ တုန်ရီလာ၏။
အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူများ အထူးသဖြင့် ခေါင်းဆောင်ကြီးသုံးဦး တစ်ကိုယ်လုံးတုန်ရီသွားသည်။ သူတို့သည် သူတို့၏ခန္ဓာကိုယ်အတွင်းရှိ အမြုတေများမှ ထုတ်လွှတ်နေသည့် ပြင်းပြသောမျှော်လင့်ချက်ကို အာရုံရနေသည်။ သူတို့၏အမြုတေများမှာ ဤရွှေဆေးလုံးနှင့် ပေါင်းစည်းချင်နေပုံရ၏။ ကျင့်ကြံသူသုံးယောက်အတွက် နားလည်ရန် တခဏသာ ကြာလိုက်သည်။ သူတို့သာ ဤဆေးလုံးကို စားနိုင်လျှင်တော့.... လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံခြင်းလမ်းကြောင်းကို လျှောက်လှမ်းနိုင်ပေလိမ့်မည်။
ခေါင်းဆောင်ကြီးသုံးယောက်သာ သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်၏။ ကျန်ကျင့်ကြံသူရာပေါင်းများစွာမှ ရုတ်တရက် ရူးသွပ်သွားပြီး ပြီးပြည့်စုံသော ရွှေအမြုတေဆေးလုံးကို လုရန် မန်ဟို့ဆီ ပြေးထွက်သွားသည်။
သို့သော် သူတို့ချဥ်းကပ်သွားစဥ်မှာပင် မိုးထစ်ခြုန်းသွားပြီး လျှပ်စီးသုံးတန်းစုစည်းလာ၏။ မန်ဟိုက ရှိသမျှအစွမ်းအကုန်သုံး၍ ဆေးလုံးကို ပါးစပ်ထဲထည့်လိုက်သည်။
ကြီးကျယ်ခမ်းနားသော ရွှေအမြုတေတာအို ဤတွင် စတင်လေပြီ။
***