ပြီးပြည့်စုံသော အင်မိုတယ်ခန္ဓာ
Vol. 25 Ch. 338
"မဖြစ်ဘူး"
မန်ဟို ဆေးလုံးကို ပါးစပ်ထဲထည့်လိုက်သည့်မြင်ကွင်းက ကျင့်ကြံသူအားလုံးသာမက ဂိုဏ်းကြီးသုံးဂိုဏ်း၏ ခေါင်းဆောင်ကြီးများကိုပင် သွပ်သွပ်ခါရူးသွပ်သွားစေသည်။ သူတို့၏စိတ်များ ချာချာလည်သွားပြီး သူတို့ကိုယ်သူတို့ ထိန်းချုပ်မရတော့ဘဲ မန်ဟို့ထံသို့ အလုအယက်ပြေးလာကြသည်။
ဆေးလုံးကို ပါးစပ်ထဲထည့်လိုက်စဥ်တွင် မန်ဟိုသည် အေးဆေးတည်ငြိမ်လျက်ရှိ၏။ သို့သော် သူ၏မျက်လုံးများကား တမူထူးခြားသော အလင်းရောင်ဖြင့် တောက်ပနေသည်။ သူ၏ဆံပင်များ လေတွင် တလွင့်လွင့်ဖြစ်နေပြီး သူ့ခေါင်းထက်တွင် ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်ကြီးမှာ တလိပ်လိပ် ဆူပွက်နေသည်။ သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ ခမ်းနားတင့်တယ်စွာဖြင့် ရွှေရောင်ကန်၏အလယ်တွင် မားမားမတ်မတ် ရပ်နေသည်။
ဆေးလုံးက အရည်ပျော်ခြင်းမရှိဘဲ သူ၏ဝမ်းဗိုက်ထဲထိ ကျဆင်းသွားသည်။ ထိုသို့ကျရောက်သွားသောအခါ ထိုးဆင်းလာနေသော လျှပ်စီးတန်းကြီးသည် ရုတ်တရက် လေလယ်တွင် ရပ်ပြီး ပေါက်ကွဲသွား၏။ မရေမတွက်နိုင်သော လျှပ်စီးမီးပွားများ ဖွားခနဲ ရွာကျလာပြီး မျက်နှာတစ်ခုနှင့်တူသောအရာကို ဖန်တီးလိုက်သည်။
မျက်နှာကြီး၏ မျက်လုံးများက ပိတ်နေသော်လည်း ကမ္ဘာပေါ်ရှိ အရာအားလုံးကို မခြွင်းမချန် မြင်နိုင်စွမ်း ရှိပုံရသည်။ ထို့ပြင် မန်ဟို့ကို အာရုံစိုက်နေဟန်တူသည်။
မျက်နှာကြီး တစတစလွင့်ပျယ်လာသည်နှင့်အမျှ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များသည် တစ်ခါမှမမြင်ဖူးသော ပြင်းအားဖြင့် အုံ့ကြွဆူပွက်လာသည်။ တိမ်တိုက်များက အချင်းအားဖြင့် ကီလိုမီတာ ၅၀ရှိခဲ့သော်လည်း ယခုတွင် ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် ကြီးထွားလာနေ၏။ ကီလိုမီတာ ၂၅၀၊ ကီလိုမီတာ ၅၀၀၊ ကီလိုမီတာ ၁၅၀၀.... ၄င်းတို့အတွက် အချင်းဝက် ကီလိုမီတာ ၅၀၀၀ ရောက်ရန် တခဏသာ ကြာလိုက်သည်။
ကီလိုမီတာ ၅၀၀၀ ရှိသည့် အနက်ရောင်တိမ်တိုက်ကြီးများက ကောင်းကင်တစ်ဆုံး ပျံ့နှံ့လျက် အရာအားလုံးကို ဖုံးလွှမ်းသွားသည်။ မိုးကြိုးများ တဂျိန်းဂျိန်းထစ်ခြုန်း၍ လျှပ်ပန်းလျှပ်နွယ်များ ယိမ်းနွဲ့ ကခုန်နေသည်။ မိုးကောင်းကင်မှ တဖျပ်ဖျက်လက်နေသော အလင်းများကား ကမ္ဘာမြေကို နှစ်ခြမ်းခြမ်းပစ်တော့မတတ်ပင်။
မန်ဟို့ထံမှ ကီလိုမီတာရာဂဏန်းမျှအကွာရှိ ကျောက်ခဲများပြန့်ကြဲနေသော ကွင်းပြင်တစ်ပြင်တွင် ဟောဟဲလှိုက်နေသောအသံတစ်သံ ထွက်ပေါ်လာသည်။ ထိုနေရာတွင် ချုပ်နှောင်ခံထားရသော အဘိုးကြီးမှာ သူ၏အနက်ရောင်မြူတိမ်တိုက်အတွင်းမှနေ၍ အဖြစ်အပျက်အားလုံးကို စောင့်ကြည့်နေသည်။ ဘယ်သူမှ သူ့ကို မမြင်ရသော်လည်း သူက ခေါင်းမော့ပြီး လျှပ်စီးများကို မြင်လိုက်သည်နှင့် ရယ်လိုက်သည်။ သူ၏ရယ်သံသည် လှိုက်လှိိုက်လှဲလှဲဖြစ်ပြီး စိတ်လှုပ်ရှားမှု၊ အားရကျေနပ်မှုတို့ဖြင့် ပြည့်နှက်နေ၏။
"ပြီးပြည့်စုံသော အင်မိုတယ်ခန္ဓာ" အဘိုးကြီးက တဟားဟားရယ်သည်။ "ကြီးမြတ်တဲ့ အင်မိုတယ်ခန္ဓာသုံးခုထဲက ပြီးပြည့်စုံသော အင်မိုတယ်ခန္ဓာ။ ဒီကလေးတော့ မကြာခင် အင်မိုတယ်တက်ခြင်းကို ရောက်ရှိတော့မှာပဲ"
ထိုအချိန်တွင် ပြီးပြည့်စုံသော ရွှေအမြုတေဆေးလုံးက သူ၏ဝမ်းဗိုက်အတွင်း ကျဆင်းသွားသဖြင့် မန်ဟို့၏ခန္ဓာကိုယ် စတင်တုန်ရီလာသည်။ အရုပ်ဆိုးသောအမူအရာက သူ၏မျက်နှာကို ဖုံးလွှမ်းသွားပြီး သူ့နဖူးတွင် သွေးကြောများ ထောင်လာသည်။ သူ၏ခန္ဓာကိုယ်မှာ တစစီဖြစ်အောင် ရက်ရက်စက်စက် စုတ်ဖြဲ ခံနေရသကဲ့သို့ ခံစားရလေသည်။ နာကျင်မှုမှာ ဖော်ပြ၍ပင်မရချေ။ ခရမ်းရောင်အမြုတေကို ဖော်ဆောင်ပြီးနောက် သူ၏မျက်ဆံများသည် ခရမ်းရောင်သမ်းခဲ့သော်လည်း ယခုတွင် ခရမ်းရောင်နေရာသို့ ရွှေရောင်က အစားထိုးဝင်ရောက်လာသည်။
သူ့ကိုယ်အတွင်းရှိ ခရမ်းရောင်အမြုတေ တုန်ခါလာပြီး ၄င်း၏မျက်နှာပြင်တစ်လျှောက် အက်ကြောင်း ပျံ့နှံသွားသဖြင့် တဖျစ်ဖျစ် အသံများ ထွက်ပေါ်လာသည်။ ၄င်းမှာ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးတော့မည့်ပုံရသည်။
တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူရာပေါင်းများစွာက နီရဲနေသောမျက်လုံးများဖြင့် သူ့ဆီ ထိုးဆင်းလာကြသည်။ သူတို့မှာ အသိစိတ်လွတ်သွားပြီး ရူးသွပ်မှုနှင့် လောဘတို့သာ ကျန်ရှိခဲ့ပုံရသည်။ မန်ဟိုက ရွှေရောင်ဆေးလုံးကို စားလိုက်သဖြင့် သူတို့က သူ့ကို စားချင်နေကြလေသည်။
သူ့အသားလေးတစ်ကိုက် ကိုက်လိုက်ရသည်ကို တွေးကြည့်ရုံဖြင့် သူတို့ကို သွပ်သွပ်ခါအောင် ရူးသွားစေနိုင်ပုံရသည်။
သို့သော် သူတို့ သူ့အနား ရောက်လာစဥ်မှာပင် မန်ဟိုက မိုးကောင်းကင်ကို မျက်နှာမူ၍ ကြုံးဝါးလိုက်သည်။ ကြုံးဝါးသံကြီးက ချဥ်းကပ်လာနေသောကျင့်ကြံသူများကို လှိုင်းကြီးသဖွယ် ရိုက်ခတ်သွား၏။ သူတို့ပါးစပ်မှ သွေးများပန်းထွက်သွားပြီး နောက်သို့ ဒလိမ့်ခေါက်ခွေး လွင့်ထွက်သွားကြသည်။
ဂိုဏ်းကြီးသုံးဂိုဏ်းမှ ခေါင်းဆောင်ကြီးသုံးဦးပင်လျှင် ခန္ဓာကိုယ်များ တုန်ရီပြီး ပါးစပ်မှ သွေးများပန်းထွက်ရင်း လည်ထွက်သွား၏။
သူတို့ အထိန်းအချုပ်မဲ့စွာ လည်ထွက်သွားစဥ် မန်ဟို့၏ခရမ်းရောင်အမြုတေ ကြေမွသွား၏။ ၄င်းပြိုကွဲသွားခြင်းကြောင့် ဖြစ်လာသောနာကျင်မှုသည် မန်ဟို့၏ကြုံးဝါးသံကြီးကို ပို၍ချောက်ချားဖွယ်ကောင်းသွားစေသည်။ ယခုတွင် သူ၏မျက်ဆံများသည် တစ်ဝက်ပို၍ ရွှေရောင်သမ်းလာပြီး ရွှေရောင်အလင်းက သူ၏တစ်ကိုယ်လုံးတွင် ပြည့်နှက်နေသည်။
သူ၏ကိုယ်အတွင်းက ခရမ်းရောင်အမြုတေရှိခဲ့ဖူးသော နေရာတွင် ရွှေရောင်အမြုတေ ရုတ်တရက်ပေါ်လာပြီး ခရမ်းရောင်အမြုတေ၏ အစအနများကို ချက်ချင်း လှဲကျင်းဖယ်ရှားလိုက်၏။
မြောက်မြားစွာသော ရွှေရောင်အလင်းများ ရွှေအမြုတေမှ စီးမျောကာ မန်ဟို့၏ချီစီးဆင်းမှုလမ်းကြောင်းများတစ်လျှောက် ဖြာထွက်သွား၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ရွှေအလင်းရောင်ဖြင့် ပြည့်နှက်သွားသည်။
နာကျင်မှုကို ပီတိက ချက်ချင်း အစားထိုးနေရာယူသွားသည်။ သူ၏ခန္ဓာကိုယ်တစ်လျှောက် တဟုန်ထိုးစီးဆင်းနေသော စွမ်းအားကို ခံစားနေစဥ် သူ၏ဆံပင်များသည် လေတွင် ပျံ့လွင့်နေ၏။ သူ၏ရင်ခုန်သံတို့ မြန်ဆန်လာသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံ တစ်ကြိမ်လည်ပတ်သွားတိုင်း အဘက်ဘက်သို့ ထစ်ခြုန်းသံများ ရိုက်ညောင်းသွားစေသည်။
သူ၏အသားအရေမှာ အတန်ငယ် ဖျော့တော့နေပြီး မိစ္ဆာဆန်သောအငွေ့အသက်က သူ၏ပုံပန်းသွင်ပြင် အတွင်းသို့ စိမ့်ဝင်နေပုံရသည်။ သူသည် ပို၍ချောမောခန့်ညားလာသည့်အပြင် အရပ်လည်းပိုမြင့်လာသည်။ ရွှေရောင်အလင်းက သူ၏ပတ်လည်တွင် ကွန့်မြူးနေလျက်ရှိ၏။
စွမ်းအား။ ပြန်လည်မွေးဖွားခြင်းဂူအနား၌ အမြုတေဖြစ်တည်မှုအဆင့်ရောက်ရှိသည့်အချိန် ခံစားခဲ့ရသည်နှင့် တူသောအရာကို သူခံစားလိုက်ရသည်။ ထိုစဥ်တုန်းက ချီအခြေတည်အဆင့်နှင့် အမြုတေဖြစ်တည်မှုအဆင့်ကြားက ခြားနားချက်သည် ရှင်းလင်းသွားခဲ့၏။ ယင်းက သူ ယခုခံစားနေရသကဲ့သို့ပင်။
သူ၏စိတ်ဝိညာဥ်အာရုံ အစွမ်းထက်လာပြီး သူ၏အပြင်အားကိုယ် သန်မာလာကာ အရိုးများ တောင့်တင်းလာသည်။ သူ၏တွေးတောနိုင်စွမ်းပင်လျှင် ယခင်ထက် ပိုမြန်လာ၏။ သူသည် ပြောင်းလဲမှုအကြီးကြီးနှင့် ကြုံတွေ့လိုက်ရသကဲ့သို့ သူ့နှင့်ပတ်သက်သမျှ အရာအားလုံး ပြောင်းလဲသွားလေပြီ။
ဤပြောင်းလဲမှုက ကြီးမြတ်သော မဟာတာအိုအပေါ် ခြေချလိုက်ခြင်းနှင့် ညီမျှသည်။
ရွှေအမြုတေ၏ ကြီးမြတ်သော မဟာတာအို။
မန်ဟိုက မျက်လုံးများဖွင့်လိုက်ပြီး ၄င်းတို့ပွင့်လာသောအခါ စူးရှတောက်ပသော ရွှေရောင်အလင်း ဖြာထွက်လာသည်။ ရွှေအလင်းက သူ၏အစိမ်းရောင်ဝတ်ရုံကို လွှမ်းမိုးသွားရာ သူ့ကို ကောင်းကင်စစ်သည်တော်တစ်ဦးနှင့် တူသွားစေသည်။
ခပ်လှမ်းလှမ်းတွင် ကြက်တူရွေးနှင့် အသားဂျယ်လီသည် သတိတရှိ စောင့်ကြည့်နေ၏။ ကြက်တူရွေး၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး အံ့သြတုန်လှုပ်ခြင်းဖြင့် ပြည့်နှက်သွားသည်။ ၄င်းသည် မန်ဟိုနှင့်အတူ နှစ်ပေါင်းများစွာရှိခဲ့သော်လည်း အချိန်အများစုက ကြေးမုံထဲတွင်သာ ဖြစ်ခဲ့သည်။ အမှန်တွင် ၄င်းမသိသော လျှို့ဝှက်ချက်များစွာ မန်ဟို့တွင် ရှိနေလေသည်။
အသားဂျယ်လီမှာမူ တကယ်တော့ မန်ဟို့၏ စစ်မှန်သော အဆင့်ကို လုံးလုံးဝမသိပေ။ သူက အတော်လေး သန်မာသည်ကိုသာ ၄င်းသိသည်။
ယခုတွင် နှစ်ကောင်သား သူပြောင်းလဲနေသည်ကို မျက်မြင်ကိုယ်တွေ့မြင်ရလေပြီ။
"ဘယ်လောက် ဆန်းကြယ်လိုက်သလဲ" အသားဂျယ်လီက ခပ်တိုးတိုးရေရွတ်လိုက်သည်။ "ပြီးပြည့်စုံသော အင်မိုတယ်ခန္ဓာ၊ အရင်က တစ်ခါမှ သတိမထားမိခဲ့ပါလား
"လူမဟုတ်ဘူး" ကြက်တူရွေးက နာကျင်နေသောလေသံဖြင့် ပြောသည်။ "ဘယ်လောက်ကောင်းလိုက်တဲ့ ကံလဲကွာ။ ဘယ်လောက်အံသြစရာကောင်းတဲ့ ကံကြမ္မာလဲ။ မြင့်မြတ်သောဝိညာဥ်ကျမ်းဆရာပဲ ပြီးပြည့်စုံသောအင်မိုတယ်ခန္ဓာကို ရနိုင်တာ။ ဒါပေမဲ့ သူက တကယ်ကြီး ရသွားတာပဲ။ သခင်ငါးလို ဆရာကြီးတွေပဲ ပြီးပြည်စုံသောအင်မိုတယ်ခန္ဓာ ရသင့်တာကို
"ဂန္တဝင်ကျမ်းစာသုံးခု : မြင့်မြတ်သော ဝိညာဥ်၊ တာအိုနတ်ဘုရားနဲ့ ကောင်းကင်ဖျက်စီးခြင်း။ ကျမ်းစာတစ်ခုစီမှာ ကြီးကျယ်ခမ်းနားတဲ့ တောင်နဲ့ပင်လယ်တွေရဲ့ လျှို့ဝှက်ချက်တွေ ပါရှိတယ်။ သူတို့ကို အသုံးပြုပြီးတော့ အင်မိုတယ်ခန္ဓာသုံးခုကို ကျင့်ကြံနိုင်တယ်။ ရှေးရှေးတုန်းကနေ အခုထက်ထိ မြင့်မြတ်သောဝိညာဥ်ကျမ်းဆရာတစ်ပါး နဲ့ တာအိုနတ်ဘုရားကျမ်းဆရာတစ်ပါး ပေါ်လာခဲ့ဖူးတယ်။ ကောင်းကင်ဖျက်စီးကျမ်းဆရာကို တစ်ခါမှ မမြင်ရခဲ့ဘူး
"ဒီကလေးမှာ မိုးကောင်းကင်ကို ဖီဆန်နေတဲ့ ကံကြမ္မာကောင်းတွေ ရှိတယ်။ ပြီးပြည့်စုံသောအင်မိုတယ်ခန္ဓာ ....အာာာာား အဲ့ဒီလိုခန္ဓာမျိုးနဲ့ဆို အင်မိုတယ်အဆင့်တက်ခြင်း ရောက်ရှိရင် မြင့်မြတ်သောဝိညာဥ်ကျမ်းဆရာရဲ့ အမွေခံတပည့် ဖြစ်လာနိုင်တယ်
"အာ ကျမ်းဆရာတွေ... တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းရဲ့ အစွမ်းထက်ပညာရှင်စစ်စစ်၊ တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းရဲ့ အရှင်တွေကို တွန်းလှန်အာခံနိုင်တဲ့ ကျင့်ကြံသူတွေ။ ဟုတ်တာပေါ့ ငါကိုယ်တော် သခင်ငါး ကတော့ သူတို့ကို သိပ်ခေါင်းထဲမထည့်ပါဘူးလေ ဒါပေမယ့်လို့..... သခင်ငါးက အခု အားနည်းနေတာဆိုတော့ ဒီကောင်လေး သူတို့အကူအညီကို အားထားရလိမ့်မယ်"
ကြက်တူရွေးသည် ပိုပို၍ တက်ကြွလာ၏။ "ပြီးတော့ ငါ့ကို ဒီလိုကပ်ဆိုက်စေတဲ့ တရားခံ ဟိုသောက်ကျိုးနဲ ဒဏ္ဍာရီ ရှိသေးတယ်... အဲ့ဒီဒဏ္ဍာရီအရ ဒီ ကျမ်းစာသုံးခုလုံးကို စုစည်းပြီး ပေါင်းစပ်လိုက်ရင် တောင်နဲ့ပင်လယ်ကျမ်းစာဖြစ်လာမယ်တဲ့။ အဲဒီကျမ်းစာက..... " ၄င်းသည် ဒဏ္ဍာရီလာကြောက်မက်ဖွယ် တောင်နှင့်ပင်လယ်ကျမ်းစာကို ပြန်ပြောင်းတွေးတောရင်း ရူးတော့မည့်ပုံရသည်။
မန်ဟိုကမူ ရွှေအမြုတေနှင့်အတူ လည်ပတ်နေသော ကျင့်ကြံခြင်းအခြေခံကို ခံစားရင်း အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။ ဧရာမစွမ်းအားလှိုင်းလုံးကြီးများက သူ့ကို ရိုက်ခတ်ဆေးကြော၍ ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် ပြည့်နှက်သွားစေသည်။
"ဆိုတော့ ဒါက ပြီးပြည့်စုံသောရွှေအမြုတေရဲ့ စွမ်းအားတဲ့လား...." သူက မျက်လုံးများ ရွှေရောင်အလင်းဖြင့် တဖိတ်ဖိတ်တောက်ပနေလျက် ရေရွတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ဖြောင့်မတ်တည်ကြည်မှုကို ထုတ်လွှတ်နေ၏။ သူက ညာလက်ကို မြှောက်လိုက်ရာ သူ၏ကျင့်ကြံခြင်းအခြေခံမှ စွမ်းအားသည် ပေါက်ကွဲထွက်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မန်ဟိုကို ဗဟိုပြု၍ လည်နေသော ရွှေရောင်လေများသည် တဝေါဝေါအော်မြည်နေသော လေဆင်နှာမောင်းကြီးဖြစ်လာ၏။ ၄င်း ချာချာလည်နေစဥ် လေအတွင်း၌ မန်ဟို့၏မျက်နှာ ပေါ်ပေါက်လာသည်။
"ဒီအခိုက်အတန့်မှာ" မန်ဟိုက အေးစက်စွာ ပြောသည်။ " ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံကို ထိန်းချုပ်ထားစရာမလိုတော့ဘူး။ ပြီးပြည့်စုံသော ရွှေအမြုတေရဲ့ အလယ်အလတ်အဆင့်ကို ဝင်ရောက်ဖို့ အချိန်တန်ပြီ" သူ၏ကိုယ်ထဲရှိ ရွှေအမြုတေသည် လျင်မြန်စွာ လည်ပတ်နေပြီး ကျင့်ကြံခြင်းအခြေခံစွမ်းအားက တဟူးဟူးအုံကြွလျက်ရှိသည်။ လေဆင်နှာမောင်းကြီးက အားကောင်းလာသည်နှင့်အမျှ ဝန်းရံနေသောကျင့်ကြံသူရာပေါင်းများစွာကို လွင့်ထွက်သွားစေသည်။
အံသြတုန်လှုပ်သောအမူအရာများ သူတို့၏မျက်နှာတွင် ပြည့်နှက်သွားသည်။ အထူးသဖြင့် ဂိုဏ်းကြီးသုံးဂိုဏ်း၏ ခေါင်းဆောင်ကြီးများ၏မျက်လုံးများမှာ မယုံကြည်နိုင်မှုများဖြင့် တောက်ပနေသည်။ မန်ဟိုက သူတို့ကို အချိန်မရွေး ချေမှုန်းပစ်နိုင်သည်ဟု သူတို့ခံစားလိုက်ရ၏။ သူတို့ကိုယ်အတွင်းရှိ အမြုတေများသည် မတည်ငြိမ်သောအရိပ်အယောင်များပင် စတင်ပြသနေလေပြီ။
လူတိုင်း၏ခေါင်းထဲတွင် မေးခွန်းတစ်ခုတည်း ဖြတ်ပြေးသွားသည်။ "ဒီကောင်...ဘာဆေးလုံးစားလိုက်တာတုံး"
ဤအခိုက်အတန့်တွင် မန်ဟို့၏ကျင့်ကြံခြင်းအခြေခံသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး အလွန်ကျယ်လောင်သော ထစ်ခြုန်းသံကြီး သူ့စိတ်ထဲတွင် ပြည့်နှက်သွားသည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ အရေးကြီးသောအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်၍ အချိန်မရွေး ဖောက်ထွက်နိုင်တော့ပေမည်။
ရွှေရောင်လေဆင်နှာမောင်းကြီးက မန်ဟို့ကို အချင်းဝက် ကီလိုမီတာငါးဆယ်အထိ ဝန်းရံလွှမ်းခြုံနေသည်။ သူသည် ရုတ်တရက် စဦးရွှေအမြုတေအဆင့်မှ အလယ်အလတ်ရွှေအမြုတေအဆင့်သို့ တက်ရောက်သွားသည်ကို ခံစားလိုက်ရ၏။
သူ၏ခန္ဓာကိုယ် ပို၍သန်မာလာပြီး စိတ်ဝိညာဥ်အာရုံ ပို၍အားကောင်းလာသည်ကို သူခံစားလိုက်ရသည်။ ရွှေအမြုတေသည် သူနှင့်တစ်သားတည်း ပေါင်းစည်းကာ ဒုတိယဝိညာဥ်ကိုယ်နှင့်တူသော အရာကို ဖန်တီးလိုက်သည်။
ရွှေအမြုတေတွင် သူ၏မှတ်ဉာဏ်၊ ဝိညာဥ်၊အသက်တို့ ပါရှိသည်။ သူ၏အသက်စွမ်းအားနှင့် သူ၏အသက်ပင် ၄င်းအတွင်း တည်ရှိနေသည့်အလားပင်။ တကယ်တမ်းဆိုရလျှင် ၄င်းသည် အစေ့တစေ့သဖွယ် ဖြစ်နေသည့်အလား ခံစားရ၏။
ကြီးကျယ်ခမ်းနားသော မဟာတာအိုတစ်ခု၏ အစေ့။
အလယ်အလတ်ရွှေအမြုတေအဆင့်သို့ ဝင်ရောက်လိုက်သည်နှင့် မန်ဟိုကို ဝန်းရံလွှမ်းခြုံထားသော ရွှေရောင်အလင်းသည် သူ့ခေါင်းထက်တွင် မြေပြင်တစ်လျှောက် ရောင်ခြည်တို့ ပက်ဖြန်း၍ အရာခပ်သိမ်းကို ရွှေအလင်းဆောင်နေစေသည့် ရွှေရောင်နေလုံးကြီးသယောင် စူးရှတောက်ပလာသည်။
"ငါ့အမြုတေချီကို ဖော်ဆောင်ဖို့ အချိန်ကျပြီ။ အမြုတေချီအနှစ်သာရက ဘာဖြစ်မလဲ သိချင်မိတယ်..." ရွှေလေဆင်နှာမောင်းကြီး သူ့ကိုဗဟိုပြု၍ လည်နေစဥ် မန်ဟိုက မျက်လုံးများ ပိတ်လိုက်သည်။ သူ့စိတ်ထဲတွင် ..... သူ ကလေးဘဝမှ ယခုအထိအရွယ်အထိ ပုံရိပ်များ။ တန်မျှော်စင် ၊ ယွဲ့ကျဲစီရင်စု ၊ တာ့ချင်းတောင် ၊ မှီခိုရာဂိုဏ်း ၊ ကျိုးပြည် ၊ တောင်ပိုင်းဒေသ ၊ ဇီယွင်ဂိုဏ်း .....ပြန်လည်မွေးဖွားခြင်းဂူက အဖြစ်အပျက်များပေါ်လာသည်။
"အမြုတေချီက စိတ်ကူးသက်သက်လည်းဖြစ်နိုင်သလို အစစ်အမှန်လည်း ဖြစ်နိုင်တယ်...." သူက တွေးလိုက်သည်။ ရုတ်တရက် ချုံမန်းတိုင်နှင့် မဆုံတွေ့ခင်က မြင်ခဲ့ရသော ကြယ်တာရာကောင်းကင်ကို အမှတ်ရလိုက်၏။
ထိုနယ်မြေတွင် .... သူ အပေါ်သို့မော့ကြည့်ခဲ့စဥ်က ရှေးဟောင်းကြယ်တာရာကောင်းကင်ကို မြင်ခဲ့ရသည်။
ကျီဟုန်တုန်၏ အမြုတေချီ၏ ပုံသဏ္ဍာန်မှာ ကျီမျိုးနွယ်စု၏ ကြယ်တာရာကောင်းကင် ဖြစ်သည်ကလွဲ၍ ကြယ်တာရာကောင်းကင်တစ်ခုအသွင် ရှိခဲ့သည်ကိုလည်း သတိရလိုက်သည်။
"ရှေးခေတ်ရဲ့ ကြယ်တာရာကောင်းကင်ဟာ ငါ့အမြုတေချီရဲ့ အနှစ်သာရပဲ" သူက မျက်လုံးများဖွင့်လိုက်ပြီး ထိုသို့ဖွင့်လိုက်သည်နှင့် ရွှေရောင်နေလုံးကြီး ပေါက်ကွဲသွားသည်။ အမြုတေချီအမြောက်အမြား ပြန့်နှံ့သွား၏။ တစ်ချိန်တည်းမှာပင် သူ့ကိုဝန်းရံလှည့်ပတ်နေသော ရွှေရောင်လေဆင်နှာမောင်းကြီး ရုတ်တရက် အတွင်းသို့ကျုံ့လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၄င်းသည် မန်ဟို့၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ကာ ပတ်ဝန်းကျင်ကို လွှမ်းခြုံနေသော ရွှေရောင်အလင်းအား ပျောက်ကွယ်သွားစေသည်။
ကျန်ရှိခဲ့သည့်တစ်ခုတည်းသောအရာမှာ.... လည်ပတ်နေသောရွှေအမြုတေမှ ဖြစ်ပေါ်လာနေသော.... ကြယ်တာရာကောင်းကင်တစ်ခု။
၄င်းသည် ရွှေရောင်ကြယ်တာရာကောင်းကင်မဟုတ်ဘဲ အနက်ရောင်ဖြစ်နေ၏။ သို့သော် ထိုအမှောင်ထုအတွင်းတွင် ရွှေရောင်ကြယ်များ မရေမတွက်နိုင်အောင် ရှိနေသည်။ ထိုကြယ်များသည် မြင်ဖူးသူ မရှိသလောက်ရှားသော ကြယ်များဖြစ်သည်..... ရှေးခေတ်၏ ကြယ်တာရာကောင်းကင်။
မန်ဟို့၏ ခေါင်းထက်၌ မြောလွင့်နေသော မျက်စိကျိန်းမတတ် တောက်ပနေသည့် ကြယ်တာရာကောင်းကင်မှ တုန်လှုပ်ချောက်ချားဖွယ် ဖိအားကြီး ထုတ်လွှတ်လာသည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများလန့်ဖျပ်သွားကြ၏။ အထူးသဖြင့် ဂိုဏ်ကြီးသုံးဂိုဏ်း၏ ခေါင်းဆောင်ကြီးများ ၄င်းကိုမြင်သောအခါ ပါးစပ်ပင် မစေ့နိုင်တော့ပေ။
"သူ့အမြုတေချီ....အနှစ်သာရက..... ကြယ်တာရာကောင်းကင်တစ်ခုပါလား"
"အမြုတေချီစွမ်းအားက အနှစ်သာရရဲ့ကြီးကျယ်ခမ်းနားမှုကြည့်ရင် သိသာတယ်။ ဒီကြယ်တွေထက် ဘယ်အရာက ခမ်းနားနိုင်တော့မလဲ"
"ရှေးခေတ်အခါကနေ အခုအချိန်အထိ ကောင်းကင်နဲ့မြေကြီးရဲ့ ရွေးချယ်ခံအစစ်အမှန်တွေပဲ အမြုတေချီကို ကြယ်တာရာကောင်းကင်အသွင် ဖော်ဆောင်စေနိုင်တာ။ ဒီလူက...." သူတို့သုံးယောက်သား ရင်ခုန်သံများမြန်လာပြီး ကြောက်လန့်နေသောမျက်နှာထားဖြင့် နောက်သို့ တဖြေးဖြေး ဆုတ်သွားကြသည်။
***