ကလဲ့စားခြေရမယ်
Vol. 25 Ch. 339
ရုတ်တရက် ကီလိုမီတာ ၅၀၀၀ အထိ ပြန့်ကားလာသော အနက်ရောင်တိမ်တိုက်များအတွင်းမှ နားကွဲလုမတတ် ကျယ်လောင်သော ထစ်ချုန်းသံများ ကြားလိုက်ရသည်။ ယိမ်းနွဲ့ကခုန်နေသော လျှပ်စီးတန်းများအား ထိုအထဲတွင် မြင်ရနိုင်၏။ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုလည်း ရုတ်တရက်ပေါ်ပေါက်လာသည်။ ၄င်းသည် ကောင်းကင်နှင့်မြေကြီးရှိ လူခပ်သိမ်းကို သုတ်သင်ဖယ်ရှားပစ်ချင်ပုံရသည့် အရှိန်အဝါ၊ အရာရာတိုင်းကို ဖျက်စီးပစ်ချင်သော အရှိန်အဝါတစ်ခု ဖြစ်သည်။
မြေပြင်ကို ဖျက်စီးပစ်ချင်သည်ဆိုလျှင်တောင်မှ လူတစ်ယောက်မကျန် သေကိုသေရမည်။
မန်ဟိုက ခေါင်းထက်ရှိ တလိပ်လိပ်အုံ့ကြွဆူပွက်နေသော ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များကို မော့ကြည့်လိုက်သည်။ သူ မည်မျှသန်မာစေကာမူ မိုးကောင်းကင်ကား အရာခပ်သိမ်းကို ဖယ်ရှားပစ်မည့်ပုံပင်။
စူးရှသော ရွှေရောင်အလင်းသည် မန်ဟို့၏မျက်လုံးများတွင် တဖိတ်ဖိတ်တောက်ပနေ၏။ ပြီးပြည့်စုံသောရွှေအမြုတေရရှိခြင်းက ပြီးပြည့်စုံသောအခြေကို ရရှိခဲ့စဥ်ကနှင့် တစ်ခုခုကွဲပြားနေသည်။ ကြီးမြတ်သော မဟာတာအိုတစ်ခု သူ့အရှေ့တွင် ပွင့်သွားသကဲ့သို့ သူ၏အတွင်းထဲ၌ ပြောင်းလဲမှုတစ်ခု ဖြစ်သွားခဲ့သည်။
သို့သော် တခြားမတိုင်ခင် သူ့အတွက် ဤမိုးကောင်းကင်ပြစ်ဒဏ်ကို ကျော်လွှားရန် လိုအပ်၏။
"သောက်ကျိုးနဲ သခင်ငါးတော့ ပုံအောပြီး စွန့်စားတော့မယ်ဟေ့" ကြက်တူရွေးက အော်သည်။ "ဒီသခင်က သူများနဲ့မတူဘူး သူ့ကို လှည့်စားလို့မရဘူး၊ သူ ကံကောင်းတာက ငါနဲ့တော့ မယှဥ်နိုင်ပေမယ့် ဒီလောက်နှစ်တွေကြာခဲ့တာတောင် ဒီ့ထက်တော်တဲ့သူ မတွေ့ခဲ့ဖူးဘူး။ မင်းပဲ။ မင်းပဲဟေ့ ကလေးရေ။ သခင်ငါး အစွမ်းကုန်ကြိုးစားမယ်။ ဒီမိုးကောင်းကင်ပြစ်ဒဏ်ကို အချိန်ဆွဲကြတာပေါ့" ကြက်တူရွေး၏ မျက်လုံးများ ရဲတွတ်သွားပြီး ၄င်းက ဆိုင်းမဆင့်ဗုံမဆင့် ပြေးထွက်သွားသည်။ တစ်ချိန်တည်းမှာပင် ၄င်းသည် ညာမျက်လုံးကို ဖုံးအုပ်ရင်း အနက်ရောင်သိုင်းကြိုးကို ခေါင်းတွင်ရစ်ပတ်လိုက်သည်။
ကြက်တူရွေးပျံထွက်သွားစဥ် ခေါင်းအထက်ရှိ လျှပ်စီးတန်းများ စတင်စုဆုံလာ၏။ ထိုပမာဏက ဆေးလုံးပြစ်ဒဏ်တုန်းကထက် အဆပေါင်းများစွာ ကျော်လွန်သည်။ ထိုမျှသာမက လျှပ်စီးတန်းကြီးကား အနီရောင်ဖြစ်သည်။
မန်ဟို့ဆံပင်များသည် တဖျပ်ဖျပ်လွင့်လျက်ရှိပြီး သူ၏ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် တုန်ရီနေ၏။ သူ၏မျက်လုံးများက စုတ်ဖြဲခံထားရသကဲ့သို့ ကြက်သွေးရောင်သမ်းနေသည်။ သူ့အောက်ရှိ ကန်ရေပြင်သည် တပွက်ပွက်ဆူပြီး ရွှေရောင်ပုတီးစေ့များအသွင်ပြောင်းကာ လေထဲသို့ ဖြေးဖြေးချင်း မြောက်တက်လာသည်။
ကြက်တူရွေးက ထိုးတက်သွားပြီး ဒေါသတကြီးအော်ဟစ်လိုက်၏။ "မိုးကောင်းကင်ကို လှည့်စားလိုက်"
အော်သံနှင့်အတူ ၄င်း၏ခန္ဓာကိုယ်သည် မရေမတွက်နိုင်သော ရောင်စုံအလင်းတန်းများဖြင့် ပေါက်ကွဲသွားသည်။ အနီးအနားရှိ ကျင့်ကြံသူများ တုန်ရီသွားပြီး ချီမျှင်များ သူတို့၏ငယ်ထပ်မှ ထွက်လာသည်။ ချီမျှင်တန်းများက ကောင်းကင်ထံ မျောလွင့်တက်သွားပြီး အလင်းနှင့်အတူတကွပေါင်းစည်းကာ ဧရာမပိုက်ကွန်ကြီးတစ်ခု ဖော်ဆောင်လိုက်သည်။
အနီရောင်လျှပ်စီးတန်းက ထိုးဆင်းလာသည့်ခုလတ် မန်ဟို့၏ အရှိန်အဝါကို မရှာနိုင်တော့သကဲ့သို့ ရုတ်တရက် တွန့်ဆုတ်သွားသည်။
"အန္တိမဒုက္ခ လာ ကူဦးလေ ခွေးမသားရဲ့" ကြက်တူရွေးက လှမ်းငေါက်သည်။
အသားဂျယ်လီက တခဏသာ တွေဝေလိုက်၏။ ထို့နောက် ဖောက်ခနဲအသံနှင့်အတူ ၄င်း၏ခန္ဓာကိုယ်သည် ရုတ်တရက် ပုံရိပ်ယောင်တစ္ဆေများအသွင်ပြောင်းကာ ကောင်းကင်ထံထိုးတက်၍ ဒုတိယပိုက်ကွန်ဖော်ဆောင်လိုက်သည်။
မိုးကောင်းကင်ရှိ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များ တလိပ်လိပ်ထလာပြီး လျှပ်စီးတန်းများ ထပ်မံ လူးလွန့်လာသည်။ ၄င်းတို့ကား မန်ဟို့၏အရှိန်အဝါကို လိုက်ရှာနေပုံရ၏။
"ကံကောင်းစွာနဲ့ မင်းက အိပ်ပျော်နေတာကိုး ကျီရဲ့ကောင်းကင်" ကြက်တူရွေးက မောက်မာစွာ ပြောသည်။ "မင့်စိတ်ဆန္ဒရဲ့ အမျှင်လေးတစ်မျှင်ပဲ တည်ရှိနေတာဆိုတော့ မင်းရဲ့ကိုယ်အစစ်ကို အရူးမလုပ်နိုင်လောက်ပေမယ့် မင်းရဲ့စိတ်ဆန္ဒအမျှင်လေးကို ငါမလှည့်စားနိုင်ဘူးထင်လား။ သခင်ငါး မသိတာမရှိဘူးကွ။ ငါလုပ်ရမှာက သုံးရက်တောင့်ခံရုံလေးပဲ ၊ ဒီပြစ်ဒဏ်ကို သေချာပေါက် အချိန်ဆွဲလို့ရတယ်" ၄င်းပါးစပ်မှ စကားလုံးများ ထွက်သွားသည့်အချိန်မှာပင် အနီရောင်လျှပ်စီးတန်းကြီးက ထိုးဆင်းလာ၏။ ၄င်းက မန်ဟို့၏အရှိန်အဝါကို မရှာဖွေနိုင်သဖြင့် ပထမဆုံးပိုက်ကွန်ထံ ပြေးဝင်သွားသည်။
ဝုန်းခနဲ ပုံရိပ်ယောင် ပိုက်ကွန်ကြီး အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားသည်။ မန့်ဟိုကို ဝိုင်းထားသော ကျင့်ကြံသူများ သွေးအန်လိုက်ရပြီးနောက် ခေါင်းဆောင်ကြီးသုံးဦးမှအပ အခြားသူများအားလုံး..... ရုတ်ခြည်း ပေါက်ကွဲသွားသည်။
ခေါင်းဆောင်ကြီးသုံးဦးက သွေးအန်လိုက်ပြီး သူတို့၏ခန္ဓာကိုယ်များ ပိန်ချုံးရှုံ့တွသွားသည်။ အတွင်းရှိ သူတို့၏အမြုတေများမှာ အချိန်မရွေး ပျက်စီးတော့မည့်အခလား အက်ရာများဖုံးသွား၏။ တခဏကြာသော် သူတို့၏မျက်လုံးများ ကြည်လင်ပြတ်သားလာပြီး ထိတ်လန့်ကြောက်ရွံခြင်းတို့က မျက်နှာကိုစိုးမိုးနေတော့သည်။ သူတို့သည် ခေါင်းနပန်းကြီးစွာဖြင့် အသားကုန်ထွက်ပြေးတော့သည်။ သူတို့တွေးနိုင်သည့် တစ်ခုတည်းသောအရာမှာ ထွက်ပြေးရန်သာ။
"ခွေးမသား၊ စိတ်ဆန္ဒအမှန်ကို ဘာလို့ ဆက်မရှာတာတုံး" ကြက်တူရွေး ဒေါကန်နေ၏။ "ဟိုဟိုသည်သည် လျှောက်ပစ်ချနေတယ်။ မင်း မင်း မင်း မင်း ....မသမာတဲ့နည်း သုံးနေတာပဲ။ ရတယ်လေ သခင်ငါလည်း သုံးနိုင်တယ်။ အသေသတ်ပစ်မယ် ငလူးမ ကောင်းကင်ပြစ်ဒဏ်။ သခင်ငါး မင်းကို အသေသတ်ပစ်မယ်လို့ ။ ဟေ့ကောင် အန္တိမဒုက္ခ လာ ကူဦးလေ ခွေးမသားရဲ့။ ဒီတိမ်တိုက်တွေကို ငါ့အချစ်အမွှေးဖွားလေးတွေဖြစ်အောင် ပြောင်းပေးစမ်း" ၄င်း၏ဖြောင့်မတ်တည်ကြည်မှုကား ဆိုးဆိုးရွားရွား စိန်ခေါ်ခံလိုက်ရပုံထောက်သည်။ ၄င်းသည် ဟိန်းဟောက်ကြုံးဝါးရင်း ၄င်း၏ရောင်စုံအမွှေးတစ်မွှေးကို ကိုက်ဆွဲ၍ ခေါင်းကိုခါကာ နုတ်ပစ်လိုက်သည်။ ၄င်း၏မျက်လုံးများ ရူးသွပ်စွာ တောက်ပလာပြီး ၄င်း၏ခန္ဓာကိုယ်က တစတစကြီးမားလာရင်း ကောင်းကင်ထံ ထိုးတက်သွားသည်။
၄င်းသည် အမြင့်ဆုံးအရှိန်ဖြင့် ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်အတွင်းသို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။
တစ်ချိန်တည်းမှာပင် အသားဂျယ်လီပိုက်ကွန်မှ အတန်ငယ်မကျေမချမ်းဖြစ်နေပုံပေါ်သော အလင်းတန်းတစ်တန်းထိုးထွက်လာ၏။ ၄င်းက ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်အတွင်းဝင်ရောက်၍ ပျံ့နှံ့လွှမ်းခြုံလိုက်သည်။ ရုတ်တရက် တိမ်တိုက်များ တွန့်လိမ်ရှုံ့တွလာ၏။ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များ ပုံသဏ္ဍာန်ပြောင်းလဲလာသည်ကိုမြင်သောအခါ မန်ဟိုပါးစပ်အဟောင်းသား ဖြစ်သွားသည်။
၄င်းတို့က..... အမွှေးဖြူဖြူများဖုံးနေသည့် ဝဝဖိုင့်ဖိုင့်တိရစ္ဆာန်ကြီးတစ်ကောင် ပြောင်းသွားလေသည်။
ဤတိရစ္ဆာန်၏ အမွှေးများ ထူပိန်းနေမှုက ဖော်ပြရခက်သည်။ ဧရာမသတ္တဝါကြီးက အဘက်ဘက်သို့ ကီလိုမီတာထောင်ပေါင်းများစွာ ပြန့်ကားပြီး ကြီးမားလှသည့်အတွက် အဆုံးတစ်ဖက်မှ တစ်ဖက်ကို မင်မြင်ရပေ။ ၄င်းထံမှ အမွှေးဖွားဖွားများကလည်း အောက်သို့တွဲလျားကျနေသည်။
ကြက်တူရွေးကမူ ဂီးခနဲ စိတ်လှုပ်ရှားအော်ပြီး အမွှေးများထဲ ဒိုင်ဗင်ပစ်ဝင်သွား၏။ တခဏအကြာတွင် ပြန်ပေါ်လာသော်လည်း ပင်ပန်းသည့်ပုံစံမပေါ်ဘဲ မတူညီသောထောင့်မှ တက်တက်ကြွကြွ ဒိုင်ဗစ်ပစ်ဝင်သွားပြန်သည်။ ဤကဲ့သို့ ထပ်တလဲလဲဖြစ်နေ၏။
မန်ဟိုမှာတော့ ကြောင်တောင်တောင်သာ ငေးကြည့်နေမိသည်။ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များအား ဤပုံစံပြောင်း၍ရသည်ကို သူတစ်ခါမှ မတွေးခဲ့ဖူးပေ....
အစက အလွန်လေးနက်ပြီးအရေးကြီးခဲ့သော အခြေအနေမှာ ရုတ်တရက်ကြီး အတော်လေးရယ်စရာကောင်းသွားလေသည်......
မန်ဟိုက ခေါင်းခါလိုက်သည်။ ထိုစဥ် အမွှေးဖွားဖွားမိုးကြိုးတိမ်တိုက်ကြီးထံမှ ဂျိန်းခနဲ မြည်ဟည်းသွားသည်။ မရေမတွက်နိုင်သော လျှပ်စီးတန်းများ အရပ်မျက်နှာအနှံ့သို့ လွင့်စင်ပြိုကွဲကုန်၏။ တိမ်တိုက်ထဲတွင် ကြက်တူရွေးကို မြင်လိုက်ရသည်။ ၄င်း၏ခန္ဓာကိုယ်မှာ မည်းတူးနေသော်လည်း ခေါင်းမာမာဖြင့် အသည်းအသန်ကြိုးစားနေသေးသည်။
"အမွှေးလုံးလေး ငါ မင်းကို သေအောင်လုပ်ပစ်မယ်။ ဖျာသည်မ ၊ ငါ မင်းကို သေချာပေါက် သေအောင်လုပ်ပစ်မှာ" စိတ်လှုပ်ရှားနေသော ကြက်တူရွေးမှာ ရပ်တန့်ချင်သည့်ပုံမပေါ်ပေ။
သို့သော် လျှပ်စီးထုကြီးမှာ တဂျိန်းဂျိန်း ထစ်ခြုန်းသံများနှင့်အတူ ကျဆင်းလာနေ၏။ လျှပ်စီတန်းထောင်ပေါင်းများ မန်ဟို့ထံ ပြေးဝင်သွားသည်။ မန်ဟိုခေါင်းကြိမ်းသွား၏။ ပြီးပြည့်စုံသောအခြေကို ရရှိခဲ့တုန်းက မိုးကောင်းကင်ပြစ်ဒဏ်သည် သက်ရှိအရာအားလုံးကို ဖျက်စီးပစ်လိုစိတ်အားထက်သန်ခဲ့သည်။
သို့ရာတွင်....ဤအဆုံးမရှိသောလျှပ်စီးတန်းများက မန်ဟို့ကို မအီမသာဖြစ်စေသည်။ ကြည့်ရသရွေ့ သူ၏ ပြီးပြည့်စုံသောရွှေအမြုတေထံ ပစ်လွှတ်လိုက်သောဤပြစ်ဒဏ်မှာ ကြက်တူရွေး၏ကျေးဇူးကြောင့် တစ်နည်းနည်းဖြင့် ပြောင်းလဲသွားခဲ့ပုံရသည်။
လျှပ်စီးတန်းများ မန်ဟို့ထံကျဆင်းလာသည်နှင့် အသားဂျယ်လီပိုက်ကွန်က မကျေမချမ်း ဟိန်းဟောက်ပြီး မန်ဟို့အပေါ်အုပ်မိုးရန် ရွေ့လျားလာသည်။ ပေါက်ကွဲမှုကြီးက ကမ္ဘာမြေကို တသိမ့်သိမ့်တုန်လှုပ်သွားစေ၏။ လျှပ်စီးတန်းများက အသားဂျယ်လီကို ဝင်တိုက်သွားရာ မန်ဟိုတုန်လှုပ်ချောက်ချားသွားသည်။
စူးရှသောတောက်ပသောအလင်းရောင်က သူ့ပတ်ဝန်းကျင်ရှိ မည်သည့်အရာကိုမှ မမြင်နိုင်အောင် ပိတ်ကွယ်ကာဆီးသွား၏။ အချိန်အတော်ကြာပြီးနောက်တွင်တော့ လျှပ်စီးမိုးကြိုးများ တစတစ လွင့်ပါးသွားသည်။ မန်ဟိုက အပေါ်သို့မော့ကြည့်လိုက်ရာ ကောင်းကင်တွင် ဧရာအမွှေးလုံးကြီး မရှိတော့သည်ကို တွေ့လိုက်ရသည်။
သူ၏မျက်လုံးများ ပြူးထွက်သွားပြီး သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ အရာအားလုံးက တည်ငြိမ်အေးချမ်းနေသော်လည်း ဤမျှများပြားသော ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များကား သည်လောက်လွယ်လွယ် မပျောက်ကွယ်သွားနိုင်ကြောင်း မန်ဟိုသိသည်။ မိုးကောင်းကင်ပြစ်ဒဏ်ကြောင့် သူခံစားခဲ့ရသော အန္တရာယ်အာရုံကြီးမှာ ယခုထက်ထိ မထွက်သွားသေးပေ။
မည်းခြစ်နေသော ကြက်တူရွေး ဘုတ်ခနဲ မြေကြီးပေါ် ပြုတ်ကျလာသည်။ ၄င်းမှာ မနည်း ကုန်းရုန်းထပြီးနောက် ၄င်းရင်ဘတ်၄င်း အားမာန်အပြည့်ဖြင့် ပုတ်လိုက်သည်။
၄င်းမှာ ဟောဟဲလှိုက်နေလေသည်။ ၄င်း၏အမူအရာမှာ အတော်လေး ခြေကုန်လက်ပန်းကျနေပြီး အရှိန်အဝါလည်း အားနည်းနေသည်။ သို့သော် လေသံကတော့ ထုံးစံအတိုင်း မောက်မာနေဆဲ ဖြစ်သည်။ "သခင်ငါးလောက် ဘယ်ကောင်သက်လုံကောင်းမလဲ။ မင်းအတွက် ငါ မိုးကောင်းကင်ပြစ်ဒဏ်ကို အချိန်ဆွဲပေးပြီးပြီ။ ကဲ ကျေးဇူးတင်ဖို့အချိန်ရောက်ပြီနော်။ သခင်ငါးမရှိရင် အန္တိဒုက္ခရှိတောင်မှ မင်းဘာမှမတတ်နိုင်ဘူး။ မိုးကောင်းကင်ပြစ်ဒဏ်က မင်းကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ပစ်ချမပြီးမချင်း ဒီတိုင်းဆက်သွားနေမှာ
"ဒါပေမဲ့လည်း သိပ်စိတ်မလှုပ်ရှားနဲ့ဦး။ ငါကိုယ်တော်သခင်ငါး အစွမ်းကုန်ထုတ်ပြီး အချိန်ဆွဲပေးထားပေမယ့်လို့ ဘယ်လောက်ခံမလဲမပြောနိုင်ဘူး။ မင်း တတ်နိုင်သမျှ မြန်မြန် ပြစ်ဒဏ်ကျော်လွှား အံ့ဖွယ်သက်ရှိပုံစံကို ပိုင်ဆိုင်ထားဖို့လိုတယ်။ ကဲ သခင်ငါး အနားယူလိုက်ဦးမယ်၊ သိပ်စိတ်နှလုံးမလှုပ်ရှားသွားပါနဲ့။ အာ ဒါနဲ့ ဟုတ်သား အမွှေးအတောင်ထူထူနဲ့ကောင်တွေ ရှာပေးဖို့မမေ့နဲ့ ကြားလား" ထို့နောက် ၄င်းကား လဲကျသွားတော့သည်။ ၄င်း၏ခန္ဓာကိုယ်သည် ခဲရောင်ပြာအသွင်းပြောင်းပြီး လေနှင့်အတူ မျောလွင့်သွား၏။ သို့သော် ပြာနှင့်အတူ အရောင်စုံအလင်းစက်လုံးတစ်လုံးက မန်ဟို့၏သိုလှောင်အိတ်ထဲ ပျံဝင်သွားသည်။
မန်ဟိုမှာ စိတ်နှလုံးတုန်ရီသွားသည်။ သူသည် သိုလှောင်အိတ်ထဲက ကြေးမုံကို ကပျာကယာ စစ်ဆေးလိုက်၏။ ကြက်တူရွေးသည် ကြွားလုံးထုတ်တတ်သော်လည်း ယခု ၄င်း သူ့ကို ကူညီခဲ့ပုံကို မန်ဟိုဘယ်တော့မှ မေ့မည်မဟုတ်ပေ။
ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များ လွင့်စင်ပျောက်ကွယ်သွားခြင်းက ရိုးရှင်းသော်လည်း ကြက်တူရွေး၏အခြေအနေအရ ကြီးကြီးမားမားပေးဆပ်ခဲ့ရကြောင်း မန်ဟိုသိသည်။
"စစ်ဆေးစရာမလိုပါဘူး" အသားဂျယ်လီက ပင်ပန်းနွမ်းနယ်စွာ ပြောသည်။ ၄င်း၏ခန္ဓာကိုယ်မှာ စုတ်ပြတ်နေပြီး နုံးခွေနေလေသည်။ "သူမသေဘူး။ ရက်နည်းနည်းလောက်နားလိုက်ရင် အဆင်ပြေသွားလိမ့်မယ်။ သနားစရာကောင်းလိုက်တဲ့ငါ အမြဲမိုးကြိုးပစ်တာခံရတယ်။ မိုးကြိုးစားရတာကြိုက်ပေမယ့် ငါလည်း တစ်ခါတလေ ဗိုက်ပြည့်တတ်တာပေါ့" ၄င်းသည် ဦးထုပ်တစ်လုံးအသွင်ပြောင်းပြီး မန်ဟို့ခေါင်းပေါ်တွင် နေရာယူလိုက်သည်။
"မင်း ဂရုစိုက်ရမယ်" ၄င်းက တစတစအားနည်းလာနေသောအသံဖြင့် ပြောသည်။ "အဲ့ဒီကလစ်ကကျစ် ကြက်တူရွေးနဲ့ ငါ မိန်းကလေးတစ်ယောက်အတွက် မိုးကောင်းကင်ပြစ်ဒဏ်ကို အချိန်ဆွဲပေးခဲ့ဖူးတယ်။ နောက်ကျတော့ အဲ့ကလေးမ ဒေါကန်ပြီး ငါတို့ကို သတ်ဖို့ကြိုးစားတယ်လေ။ နှစ်ပေါင်းများစွာ ငါတို့ကို လိုက်သတ်နေခဲ့တာ။ ကျေးဇူးကို အငြိုးနဲ့ ပြန်ဆပ်တာပေါ့။ ငါ တကယ် အဲ့ဒီလိုလူတွေကိုမုန်းတယ်" နောက်ဆုံး၌ ၄င်းသည် ဗလုံးဗထွေး ရေရွတ်ပြီး စကားပြောရပ်သွား၏။
မန်ဟိုက အကြာကြီးထိုင်စဥ်းစားနေသည်။ သူသည် ဘေးဘီဝဲယာကို ကြည့်ပြီးနောက် လက်ကိုဝှေ့ယမ်းလိုက်ရာ ဆေးလုံးတစ်ရာကျော် ပျံထွက်သွားစေသည်။ ၄င်းတို့က အသားဂျယ်လီနှင့် ကြက်တူရွေး ကာကွယ်ပေးခဲ့သော သတိလစ်နေသည့်ကျင့်ကြံသူများထံ ပျံသန်းသွားပြီး လေလယ်တွင် ကြေမွသွားသည်။ ဆေးများ သူတို့၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီးနောက် ကျင့်ကြံသူများ တဆတ်ဆတ်တုန်ရီလာကာ မျက်လုံးများ ဖြေးဖြေးချင်းဖွင့်လိုက်ကြသည်။
သတိပြန်ရလျှင်ချင်း သူတို့မှာ ကြောင်တောင်တောင်ဖြစ်နေပုံရသည်။ သူတို့အတွက် စိတ်နှင့်ကိုယ်ပြန်ကပ်ပြီး ဘေးဘီဝဲယာကို ကြည့်ရှုရန် သိပ်မကြာလိုက်ပေ။
တောင်နှင့် ၄င်းပတ်ပတ်လည်ရှိ အရာအားလုံး ပျောက်ကွယ်သွားလေပြီ။ ဆေးရည်ကန်လည်း မရှိတော့သည့်အပြင် သူတို့တည်ဆောက်ထားသော အဆောက်အဦးများမှာ ယခုတွင် အကျိုးအပဲ့များထက် မပိုတော့ပေ။ ဖြစ်ပေါ်လာခဲ့သော ရွှေရောင်ကန်လည်း မမြင်ရတော့ပေ။ အက်ကြောင်းအကြီးကြီး တစ်ကြောင်းသာ ကျန်ရစ်ခဲ့၏။
သူတို့မှာ ခါးသီးနာကြည်းမှုတို့ ပြည့်နှက်လျက် တိတ်ဆိတ်စွာ ကြည့်နေကြသည်။ သူတို့သည် ဤနေရာတွင် အေးအေးလူလူ ကျင့်ကြံအားထုတ်ဖို့ ၊ လုံခြုံမှုရဖို့အတွက် ဆင်းရဲဒုက္ခများစွာ ခံခဲ့ရသည်။ သို့သော် အခုတော့ အရာအားလုံးပျောက်ကွယ်သွားလေပြီ။
"ကျင့်ကြံခြင်းဂူမရှိတော့ဘူး" မန်ဟိုက ပြောသည်။ "ဒါပေမဲ့ ငါ မင်းတို့အတွက် နောက်တစ်ဂူ ရှာပေးနိုင်တယ်" ကျင့်ကြံသူတစ်ရာကျော်က သူ့ကို ခေါင်းမော့ကြည့်လိုက်ကြသည်။
"ဆေးရည်ကန်မရှိတော့ဘူး ဒါပေမဲ့ ငါမင်းတို့အတွက် အသစ်လုပ်ပေးနိုင်တယ်" ဤဒုတိယစကားက သူတို့၏မျက်လုံးများကို တောက်ပသွားစေ၏။ သူတို့၏စိတ်ဓာတ်များ ကြံ့ခိုင်လာပုံရသည်။
"မင်းတို့ ဆန္ဒရှိရင်" မန်ဟို ပဲ့တင်ထပ်နေသောအသံကျယ်ကြီးဖြင့် ပြောသည်။ "ငါ့နောက်လိုက်ခဲ့။ ငါတို့ ကလဲ့စားချေရမယ်။ သတ်ဖြတ်ဖို့ အချိန်ကျပြီ" သူက အင်္ကျီလက်စကိုခါ၍ လေထဲထိုးတက်သွားသည်။ သူ့အနောက်တွင် အသတ်အဖြတ်စိတ်ဆန္ဒများ တောက်လောင်နေသောမျက်လုံးများဖြင့် ကျင့်ကြံသူတစ်ရာ လိုက်ပါလာ၏။ သူတို့သည် အနက်ရောင်နယ်မြေကျင့်ကြံသူများဖြစ်သည့်အတွက် ကလဲ့စား၏အဓိပ္ပါယ်ကို ကောင်းကောင်းနားလည်ကြလေသည်။
မန်ဟို့၏စိတ်ဝိညာဥ်အာရုံက ထွက်ပြေးနေသော ဂိုဏ်းကြီးသုံးဂိုဏ်းမှခေါင်းဆောင်ကြီးများကို ခြေခံရာရန် ပြန့်နှံ့သွားသည်။
***