ခေါင်းဆောင်ကြီးရွှေအလင်း
Vol. 25 Ch. 342
နှစ်ရက်ကြာသော် တောင်ကြားတစ်ကြားမှ အနက်ရောင်လူရိပ်တစ်ခု ပျံထွက်လာသည်။
"စိတ်မပူနဲ့ အစ်ကိုကြီးအိုးရန်" အသံက မောက်မာခက်ထန်စွာ ပြောသည်။ "ဒီပေါက်လို့ပဲစားအကောင်ကို ကျုပ် ကူရှင်းပေးမယ်။ သူ့ခေါင်းခွံသုံးပြီး ကျုပ်တို့ အရက်တူတူသောက်ရဖို့ မကြာတော့ပါဘူး" အဆိုပါပုံရိပ်က လာနေသောရွှေရောင်အလင်းတန်းကို ရင်ဆိုင်ရန် လေကိုခွင်းသွားသည်။
ဤပုဂ္ဂိုလ်သည် ဧရာမတောင်ကြီးသဏ္ဍာန်ရှိသော အမြုတေချီကို ပိုင်ဆိုင်ထား၏။ အမြုတေချီက ဟိန်းဟောက်နေသော အရုပ်မျောက်ဝံကြီးနှင့်အတူ မန်ဟို့ထံ ထိုးဆင်းသွားသည်။
မဟာခေါင်းက ကျေးဇူးတင်သောအမူအရာဖြင့် လှမ်းကြည့်လိုက်သည်။ နောက်ဆုံးတော့ သူ့ကို ကူညီပေးမည့်မိတ်ဆွေတစ်ယောက်အား ရှာတွေ့လေပြီ။
သူပထမဆုံးလုပ်သည်မှာ ချာခနဲလှည့်ပြီး အဝေးသို့ ခြေကုန်သုတ်လိုက်ခြင်းဖြစ်သည်။
သို့သော် သူ့မှာ အသက်ရှိုက်စာအနည်းငယ်သာ ပျံသန်းရသေးသည်၊ သွေးပျက်ချောက်ချားဖွယ် အသံနက်ကြီးအား ကြားလိုက်ရ၏။ ၄င်းမှာ ပြင်းထန်သော ပေါက်ကွဲမှုကြီးကြောင့် ပြတ်တောက်သွားသည်။
မဟာခေါင်းက ရင်တုန်ပန်းတုန်ဖြင့် နောက်ပြန်ကြည့်လိုက်ရာ တစစီ ပြုတ်ကျနေသော မျောက်ဝံကြီး နှင့် ပြိုကျပျက်စီးနေသောတောင်ကို မြင်လိုက်ရသည်။ မန်ဟို့လမ်းကို ဟန့်တားရန် ကြိုးစားခဲသည့်ကျင့်ကြံသူမှာ ပေါက်ကွဲသွားလေပြီ။ ထိုအရာအားလုံးက မန်ဟို့လက်သီးတစ်ချက်တည်းနှင့် ဖြစ်ပျက်သွားခြင်းပင်။
မန်ဟို့ညာလက်သီး၏ပုံစံက မဟာခေါင်းကို ခေါင်းနပန်းကြီးသွားစေသည်။ သူသည် နောက်သွေးတစ်လုပ် ထွေးထုတ်ရင်း ဖနောင့်နှင့်တင် တစ်သားတည်းကျအောင် ပြေးရပြန်သည်။
"ဘယ်လို အရူးတုန်း။ အနက်ရောင်နယ်မြေမှာ ဒီလောက်လူမဆန်တဲ့ကောင် ဘယ်တုန်းက ပေါ်လာတာလဲ။ ပြီးတော့ ငါကရော ဘယ်လိုလုပ်သွားရန်စမိတာလဲကွာ...." သူ့မှာ ခါးသီးမှုတို့ပြည့်နှက်လျက် ခေါင်းငုံ့ကာ အမြင့်ဆုံးအရှိန်ဖြင့် တဟုန်ထိုးပြေးနေတော့သည်။
လေးရက်ကြာပြီးနောက် မှောင်ရီပျိုးချိန်တွင်....
"မကြောက်နဲ့ ညီလေးအိုးရန်" ကတုံးနှင့်ကျင့်ကြံသူတစ်ယောက်က ခွက်ကိုမြှောက်ရင်း ပြောသည်။ "ငါတို့ ၊ တောင်နက်သူတော်စင်ကိုးဦးက ကျင့်ကြံခြင်းအခြေခံအရ မင်းနဲ့မယှဥ်နိုင်ပေမယ့် ငါတို့မန္တန်အစီအရင်နဲ့ဆိုရင်တော့ အနုသုခုမရုပ်ခန္ဓာအဆင့်အောက် ဘယ်သူ့ကိုမဆို အနည်းဆုံးသုံးရက် ချုပ်ထားနိုင်တယ်"
မဟာခေါင်းက အင်တင်တင်ဖြင့် အရက်ခွက်ကို မြှောက်လိုက်သည်။ သို့သော် သူ့အကြည့်က ချဥ်းကပ်လာနေသော ရွှေရောင်အလင်းတန်းထံ လူရိပ်ရှစ်ခုဦးတည်သွားသည့်ဘက်ကို ရောက်နေသည်။
"ညီလေးအိုးရန်၊ တကယ်ပူစရာမလိုပါဘူး။ တောင်ပံပုတ်သင်အရုပ်ပေးမယ်လို့ ပြောထားတာကိုတော့ ပြန်ရုပ်သိမ်းဖို့မတွေးနဲ့" ကျင့်ကြံသူကတုံးက ရယ်လိုက်သော်လည်း သူ၏အကြည့်တွင် အထင်သေးမှုအနည်းငယ် ရှိနေသည်။
သူကြားခဲ့သော ကောလဟာလများအရ တုန်းလော့မြို့၏ ဂိုဏ်းကြီးသုံးဂိုဏ်းမှ ဤအိုးရန်ဆိုသောလူသည် ဂျူနီယာမျိုးဆက် အမြုတေဖြစ်တည်မှုအလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ရန်စခဲ့မိသည်ဟူ၍။ ထိုနှစ်ယောက်မှာ အနက်ရောင်နယ်မြေ၏ အနောက်ပိုင်းဒေသတစ်ဝက်ကျော်အထိ ပြေးတမ်းလိုက်တမ်းကစားနေခဲ့ကြသည်။
အိုးရန်၏ ချောက်ချားနေသောအခြေအနေကိုကြည့်ရင်း ကျင့်ကြံသူကတုံးမှာ အထင်မသေးဘဲမနေပေ။ ထိုလူ့၏ ဂုဏ်သတင်းတော့ ကုန်းကောက်စရာပင် မရှိတော့ဟုပင် ကောက်ချက်ချလိုက်သေးသည်။
ကျင့်ကြံသူကတုံးက အရက်တစ်ခွက်သောက်ပြီး ပြောသည်။ "မဖြစ်စလောက် အမြုတေဖြစ်တည်မှု အလယ်အလတ်အဆင့်ကျင့်ကြံသူလေးကိုများ ခေါင်းဆောင်ကြီးရွှေအလင်းတဲ့။ ဘယ်လောက်ရယ်စရာကောင်းလိုက်လဲ။ ကျုပ်တို့ တောင်နက်သူတော် ..... ဟင်" သူ့စကားပင်မဆုံးခင် ပေါက်ကွဲသံကြီး လေတွင်ပြည့်နှက်သွားပြီး မြေကြီးတသိမ့်သိမ့်တုန်သွားသည်။ ကတုံးအတွက် ပို၍ပင် အံ့သြစရာကောင်းသည်က နေ့ခင်းကြောင်တောင်ကြီး တိုက်ပွဲဖြစ်ပွားနေသော နေရာတွင် ကြယ်တာရာကောင်းကင်ကြီးတစ်ခုကို မြင်လိုက်ရ၍ပင်။
ကတုံး အံ့သြလွန်း၍ဆွံ့အနေစဥ်မှာပင် အိုးရန်စိတ်ထဲ တဝီဝီမြည်သွားသည်။ သူက အားကိုးရာမဲ့နေသောမျက်နှာထားဖြင့် အရက်ခွက်ကို ပစ်ချလိုက်၏။ ထို့နောက် ရင်ဘတ်ကိုပုတ်ပြီး လျှို့ဝှက်ပညာရပ်ကို အသက်သွင်းရန် သွေးတစ်လုပ်ထွေးသည်။ သူမှာ အကျင့်ပင် ဖြစ်နေသည့်အလား အမြန်ဆုံးနှုန်းဖြင့် ပန်းကန်လုံးစီးပြီး ထွက်သွားတော့သည်။ ကတုံးမှာတော့ ပါးစပ်အဟောင်းသားနှင့် ငေးကျန်ရစ်ခဲ့၏။
ထိုလူ၏မျက်နှာပေါ်တွင် သရော်နေသည့်ဟန်ပေါ်လာသည်။ တခဏကြာသော် ထိုသရော်ဟန်မပျောက်သေးခင်မှာပင် သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအားလုံး အဆုံးထိထောင်လာသည်။ ပြင်းထန်သောအန္တရာယ်အာရုံကြီးက ရုတ်တရက် သူ၏စိတ်တွင် ပြည့်နှက်သွားသည်။ သူ့မှာ နွေခေါင်ခေါင်မိုးကြိုးပစ်ခံရလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူ့အရှေ့တွင် ရွှေရောင်အလင်းကွန့်မြူးနေသော စာပေသမားဆန်ဆန် လူငယ်တစ်ယောက် ရောက်နေလေပြီ။ မည်သည့်အချိန်က ရောက်လာခဲ့သည်လည်း မပြောတတ်ပေ။ သူက အရက်ပုလင်းကိုယူပြီး တစ်ကျိုက်မော့လိုက်သည်။
"မင်း....." ကျင့်ကြံသူကတုံးက ပြောသည်။ သူ အဝေးသို့လှမ်းကြည့်လိုက်ရာ သူ့မိတ်ဆွေများမှာ လေလယ်မှ ခွေးကျဝက်ကျကျနေဆဲရှိသေးသည်။
သူ့မှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး နောက်ဆုတ်လိုက်သည်။ အရာအားလုံး မည်းမှောင်လာ၏။
သို့သော် အမှောင်ဖုံးမသွားခင် ကျင်ကြံသူကတုံးက ကပျာကယာအော်လိုက်သည်။ " သစ္စာခံပါ့မယ် ခေါင်းဆောင်ကြီးရွှေအလင်း" ရုတ်ခြည်းပင် သူ၏အမြင်အာရုံ ပုံမှန်ပြန်ဖြစ်သွားသည်။
ဤသို့ဖြင့် နောက်မှလိုက်ဖမ်းနေခြင်းက ခုနစ်ရက် ထပ်ကြာသွားသည်။
ခေါင်းဆောင်ကြီးမဟာခေါင်းက ဂိုဏ်းကို မပြန်ရန် ရွေးချယ်ခဲ့သည်။ သူသည် ခေါင်းဆောင်ကြီးတစ်ဦး ဖြစ်သည့်အတွက် လေ့လာရေးခရီးထွက်ရန် သူနှင့်အတူ ဂိုဏ်းအကြီးအကဲများကို ခေါ်ခဲ့မိသည်။ ဂိုဏ်းတွင် ကျန်ခဲ့သူများမှာ ချီအခြေတည်အဆင့်ကျင့်ကြံသူများသာ ဖြစ်၏။ အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူတစ်ယောက်တလေပင် မရှိပေ။
ထိုမျှသာမက သူ၏လက်ရှိအခြေအနေအရ ဂိုဏ်း၏ မဟာမန္တန်အစီအရင်ကို ဖော်ဆောင်ရန် ဖြစ်နိုင်မည်မဟုတ်ပေ။ ထို့အပြင် သူရပ်လိုက်ပါက မုချသေမည်ကို လည်း သိ၏။
ထို့ကြောင့် သူ့မှာ ပတ်ဝန်းကျင်၌ အသိအကျွမ်း အစွမ်းထက်ပုဂ္ဂိုလ်များကို ရှာဖွေရင်း ထွက်ပြေးနေရုံမှတစ်ပါး မတတ်နိုင်ပေ။ ကံဆိုးစွာနှင့် ထိုလူများမှာ ကျင့်ကြံခြင်းအခြေခံမမြင့်မားသည့်အပြင် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူဟူ၍ မတွေ့နိုင်ဖြစ်နေသည်။
အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများသည် အနက်ရောင်နယ်မြေများတွင် အစွမ်းအထက်ဆုံးပညာရှင်များ ဖြစ်ကြသည်။ အခြားအချိန်အခါဆိုလျှင် အနုသုခုမရုပ်ခန္ဓာအဆင့် သင်းကွဲကျင့်ကြံသူတစ်ယောက်ထံမှ အကူအညီတောင်းခံနိုင်မည်။ ကံဆိုးချင်တော့...... အနက်ရောင်နယ်မြေများရှိ ရုတ်ရင်းဆန်ခတ်အခြေအနေများကြောင့် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများသည် ကိုးပြည်ထောင်စုနှင့် အနက်ရောင်နန်းတော်အတွက် မဟာမိတ်ဖွဲ့ရန် အလွန်တရာ တန်ဖိုးရှိသောလူများဖြစ်နေသည်။ အင်အားနှစ်ရပ်လုံးက သူတို့ကို အဖွဲ့ထဲဝင်ရောက်စေရန် ရှိသမျှအရာအားလုံးဖြင့် ကမ်းလှမ်းနေကြသည်။ မဟာခေါင်းအနေဖြင့် ယင်းနှင့် မယှဥ်နိုင်ပေ။
ထို့ကြောင့် သူ့မှာ တစ်နေရာမှတစ်နေရာသို့ ခွေးပြေးဝက်ပြေး ပျံပြေးနေရခြင်းပင်။ တုန်းလော့မြို့သို့ သွားရန် တွေးမိသော်လည်း အနက်ရောင်နယ်မြေကျင့်ကြံသူများ၏ အကြင်နာမဲ့မှုကို သူကောင်းကောင်းသိသည်။ သူ၏လက်ရှိအနေအထားအရ သူသည် တုန်းလော့မြို့အတွက် ဘာမှတန်မည်မဟုတ်။ သူတို့က သူ့အတွက် ဘာမှလုပ်ပေးမည်မဟုတ်ပေ။ သူတို့ကိုသာ စောစောစီးစီး သစ္စာခံခဲ့လျှင် လွယ်ကူပေဦးမည်။ သူ့ကို မတတ်သာဘဲ ကူညီရမည်ဖြစ်သည်။
ကံတရားက သူ့ဘက်မပါချင်တော့ အကျိုးအမြတ်များများရဖို့အတွက် သူတို့၏ကမ်းလှမ်းချက်ကို စဥ်းစားပေးမည် ပြောခဲ့သော်လည်း တရားဝင်သဘောတူညီမှု မပြုလုပ်ခဲ့မိပေ။ သို့နှင့် သူတို့ဆီက အကူအညီအား အသနားခံတောင်းဆိုရန် ခက်ခဲနေတော့သည်။
"လခွမ်းတဲ့မှ၊ အနက်ရောင်နယ်မြေမှာ ဒီလိုလူမဟုတ်တဲ့ တိရစ္ဆာန်ကောင် ဘယ်တုန်းက ပေါ်လာတာလဲ" သူက မန်ဟို့ကို ကျိန်ဆဲရင်း တွေးနေမိသည်။ ရုတ်တရက် သူ့အနောက်မှ ရွှေရောင်အလင်းတန်းတစ်တန်းကို လှမ်းမြင်လိုက်သဖြင့် သွေးတစ်ချို့ ထွေးထုတ်ပြီး ကရာသောပါးပြေးရပြန်သည်။ သူ့မှာ သက်တမ်းတစ်ခုလုံးနှင့်ညီမျှသော သွေးတို့ထွေးနေခဲ့ရသည့်အလား ခံစားနေတော့သည်။ သူ၏မျက်နှာမှာ ဖြူဆုပ်နေပြီး သွေးဆုံးရှုံးမှုကြောင့် သူ၏ဒဏ်ရာများမှာ ပို၍ပင်ဆိုးရွားနေလေပြီ။
သို့သော်လည်း သူ့အတွက် ရွေးချယ်စရာမရှိပေ။ မတိုက်ခိုက်နိုင်သဖြင့် ပြေးရန်သာရှိသည်။
သူ့အနောက်တွင် မန်ဟိုသည် ထိန်ထိန်လင်းနေသော ရွှေရောင်အလင်းဖြင့် ဝန်းရံလျက် လေကိုခွင်း၍လာနေသည်။ သူ့အနောက်မှ လိုက်ပါပျံသန်းနေသည်ကတော့ ကျင့်ကြံသူလေးရာနီးပါး ရှိသည်။ ဤလူများမှာ မဟာခေါင်းအကူအညီရယူရန် ကြိုးစားခဲ့သော အဖွဲ့များမှဖြစ်၏။ သူတို့သည် သေခြင်းနှင့်ရင်ဆိုင်ရသောအခါ မန်ဟို နှင့် တစ်လှေတည်းစီးရန် ရွေးချယ်ခဲ့ကြသည်။
သူတို့ထဲက တစ်ယောက်သည် တောင်နက်မှ အမြုတေဖြစ်တည်မှုအလယ်အလတ်အဆင့် ကျင့်ကြံသူကတုံးဖြစ်၏။ တစ်ဖွဲ့လုံးက အရှေ့ရှိ မန်ဟိုနှင့်ရွှေရောင်အလင်းကို ကြည့်ရင်း ပျံသန်းနေကြသည်။
အင်အားဟူသည် အရေအတွက်မှလာ၏။ လွန်ခဲ့သည့်ခုနစ်ရက်အတောအတွင်း ဤအဖွဲ့သည် အနက်ရောင်နယ်မြေ၏ အနောက်ပိုင်းဒေသတွင် အတော်လေးနာမည်ကြီးလာခဲ့သည်။ သူတို့ မည်သည့်နေရာကို ဖြတ်သွားသွား၊ သူတို့အရိပ်များက မြေပြင်ကို မှောင်ရိပ်ကျသွားပြီး မိုးကောင်းကင်ကို ပိတ်ဖုံးကွယ်သွားသည်။ မန်ဟိုနှင့် သူ၏ခန္ဓာကိုယ်မှ တမင်ဖြာထွက်နေစေသော ရွှေရောင်အလင်းကိုပါ ထည့်ပေါင်းလိုက်လျှင် ၄င်းသည် အမှန်တကယ်ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းကြီးတစ်ခုဖြစ်နေတော့သည်။
မည်သူက ခေါင်းဆောင်ကြီးရွှေအလင်းဟု ပထမဆုံး စခေါ်ခဲ့သည်လဲ ပြောရခက်သော်လည်း တစ်ဆင့်စကားတစ်ဆင့်ကြား၍ ထိုနာမည်ကို ဒေသတစ်ကြောရှိ အဖွဲ့များအားလုံး သိသွားကြ၏။
နောက်ရက်တွင်တော့ မဟာခေါင်း ခြေကုန်လက်ပန်းကျနေလေပြီ။ သို့သော် သူသည် အံတင်းတင်းကြိတ်၍ ခပ်မြင့်မြင့်တောင်တစ်လုံးထံ ပျံတက်သွားသည်။ တောင်သည် အန္တရာယ်များမည့်လက္ခါရှိပြီး တောင်ခြေပတ်ပတ်လည်တွင် အနက်ရောင်ရေများ ဝန်းရံနေသည်။ ဧရာမလင်းတကြီးငါးကောင်က ရံဖန်ရံခါ စူးစူးဝါးဝါး အော်မြည်ရင်း တောင်ထိပ်ကိုပတ်၍ ပျံဝဲနေသည်။
ထိုတောင်ထိပ်တွင် အဘိုးကြီးသုံးယောက် တင်ပျဥ်ခွေထိုင်နေသည်။ တစ်ယောက်က ခုနစ်ရောင်ခြယ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အမြုတေဖြစ်တည်မှုနှောင်းပိုင်းအဆင့်ဖြစ်သည်။ အခြားနှစ်ယောက်က အမြုတေဖြစ်တည်မှု အလယ်အလတ်အဆင့်ဖြစ်၏။
အကျဥ်းတန်သောအမူအရာများက သူတို့၏မျက်နှာကို ဖုံးလွှမ်းသွားသည်။ သူတို့သည် တင်ပျဥ်ခွေရင်း တရားထိုင်နေပုံရသည်။ သို့သော် သူတို့၏ကျင့်ကြံခြင်းအခြေခံများမှာ လည်ပတ်နေပြီး သတိထားနေကြဟန်တူသည်။ သူတို့၏မျက်လုံးများက ချဥ်းကပ်လာနေသော ခေါင်းကြီးကြီးကျင့်ကြံသူနှင့် သူ့နောက်လိုက်နေသော ရွှေရောင်အလင်းတန်းကြီးကို မမှိတ်မသုန်ကြည့်နေကြသည်။
"သောက်ကျိုးနဲ ခေါင်းဆောင်ကြီးရွှေအလင်းဟ"
"ခေါင်းဆောင်ကြီးရွှေအလင်း အိုးရန်ကို သတ်ဖို့ကြိုးစားနေတဲ့အကြောင်း ပြီးခဲ့တဲ့ရက်တွေက လူတိုင်းပြောနေကြတာ။ အိုးရန်ကို ကူညီတဲ့ဘယ်သူမဆို သတ်ခံရတယ်တဲ့"
"ခေါင်းဆောင်ကြီးရွှေအလင်းလက်ချက်နဲ့ အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူဆယ်ယောက်ကျော် ကိစ္စတုံးသွားပြီကြားတယ်..... အားအနည်းဆုံးက အမြုတေဖြစ်တည်မှုအလယ်အလတ်အဆင့်၊ အဲ့ဒီထဲကနှစ်ယောက်က အမြုတေဖြစ်တည်မှုနှောင်းပိုင်းအဆင့်တဲ့"
"တုန်းလော့မြို့ရဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းကို မေ့သွားပြီလား။ အိုးရန်က အသက်လုပြေးနေရပေမယ့် အဲ့ဒီ ဂိုဏ်းနှစ်ဂိုဏ်းရဲ့ခေါင်းဆောင်ကြီးတွေကတော့ ပေါ်ကိုမလာတော့တာ။ သေသွားပြီဖြစ်ရမယ်။ သူတို့ကိုပါ ထည့်ပေါင်းလိုက်ရင် ခေါင်းဆောင်ကြီးရွှေအလင်းကြောင့် ကြွသွားတဲ့လူအရေအတွက်က မယုံနိုင်စရာပဲ"
ဤအခိုက်တွင် သူတို့၏မျက်နှာများမှာ အတိုင်းထက်အလွန်အရုပ်ဆိုးနေလေပြီ။ သူတို့သည် မဟာခေါင်းနှင့်မိတ်ဆွေဖြစ်သော်လည်း ထိုဆက်ဆံရေးက ခေါင်းဆောင်ကြီးရွှေအလင်းကို ရင်ဆိုင်စေသည်အထိ မလုံလောက်ပေ။ သို့သော် မဟာခေါင်းက သူတို့ဆီ အားကိုးတကြီး ပြေးလာနေ၏။
"တာအိုရောင်ရင်းတို့ ကယ်ပါဦး" သူသည် တောင်းပန်တိုးလျှိုးနေသောလေသံဖြင့် အော်လိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်နှင့်အဆင့်အတန်းကို ထည့်တွက်လျှင် သူ့အတွက် ထိုကဲ့သို့အော်သည့်အဖြစ်မှာ မည်မျှဒုက္ခရောက်နေကြောင်း ထင်ရှားစေသည်။ သူအသံက တောင်ထိပ်ကို ပျံ့လွင့်လာပြီး အဘိုးကြီးသုံးဦး၏နားထဲ ဝင်ရောက်သွားသည်။ သူတို့မှာ မသနားမိဘဲ မနေပေ။
မန်ဟိုက ရွှေရောင်အလင်းဖြင့် ခြံရံလျက် လေကိုခွင်း၍ ချဥ်းကပ်လာနေသည်။ "ခင်ဗျားတို့သုံးယောက်လည်း ဝင်ပါချင်လို့လား" သူက မိုးထစ်ခြုန်းသံကြီးသဖွယ် ပဲ့တင်ထပ်သွားသောအသံကြီးဖြင့် အေးစက်စက်ပြောသည်။
အဘိုးကြီးသုံးယောက်၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ အထူးသဖြင့် အားနည်းသောကျင့်ကြံခြင်းအခြေခံဖြင့် အဘိုးကြီးနှစ်ယောက်ပင်။
သူတို့မှာ ခေါင်းဆောင်ကြီးရွှေအလင်းနှင့်ပတ်သက်၍ ဟိုးလေးတကျော်ကျော်ဖြစ်နေသည့် သတင်းများကို မတွေးမိဘဲ မနေပေ။
သူက ကျင့်ကြံသူများ၏အမြုတေကို ထုတ်၍ အစိမ်းလိုက်စားပစ်တတ်သည်။ တစ်ယောက်မကျန် မညှာမတာ သတ်ဖြတ်ပြီး သူ၏ပညာရပ်များက ရက်စက်သည်ဟူ၍။
ထိုကဲ့သို့ ကောလဟာလများ မည်သို့မည်ဖုံ ထွက်လာခဲ့သည်လဲ မရှင်းလင်းပေ။ အမှန်တော့ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သူသတ်ခဲ့သည့်လူက သိပ်မများပေ။ သေဆုံးမှုအများစုက သူ၏နောက်လိုက်များကြောင့်ဖြစ်သည်။
မည်သို့ဆိုစေ၊ မန်ဟို့၏စကားများ တောင်ထိပ်ပေါ်ရှိ လူသုံးယောက်၏ နားထဲရောက်လာသောအခါ ခုနစ်ရောင်ခြယ်ဝတ်ရုံဝတ်ထားသည့် ကျင့်ကြံခြင်းအခြေခံ အမြင့်ဆုံးနှင့် အဘိုးကြီးက ထရပ်လိုက်သည်။ သူသည် ပြုံးဖြဲဖြဲဖြင့် လက်ယှက်အရိုအသေပေးလိုက်၏။
"တွေ့ရတာဝမ်းသာပါတယ် ခေါင်းဆောင်ကြီးရွှေအလင်း။ ခင်ဗျားတို့နှစ်ယောက်ကိစ္စမှာ သေချာပေါက် ဝင်မစွက်ဖက်ပါဘူး" သူက ထိုသို့ပြောပြီး ခြေဆောင့်နင်းလိုက်ရာ တောင်၏ပတ်ပတ်လည်တွင် တလက်လက်တောက်ပနေသော အကာအကွယ်တစ်ခု ပေါ်လာသည်။ မဟာခေါင်းကား ဝင်ခွင့်မရှိတော့ပေ။
မဟာခေါင်းမှာ တအီးအီး အော်ငိုလိုက်၏။ သူက လျှို့ဝှက်ပညာရပ်ကို အသက်သွင်းရန် သွေးတချို့ထပ်မံထွေးထုတ်ပြီးနောက် သုတ်ခြေတင်တော့သည်။ သူသည် ယခုတွင် ပိန်ချုံးချည့်နဲ့နေရာ သူ၏ဧရာမခေါင်းကြီးကား ပို၍ပင်ထင်းနေလေသည်။ သူ့မှာ ခေါင်းငိုက်စိုက်ကျလျက် လက်သီးဆုပ်ဖို့ရန်ပင် အားမရှိတော့ပေ။
သူသည် ခံပြင်းဒေါသတို့ ပြည့်နှက်နေသော မျက်နှာဖြင့် အရူးမီးဝိုင်းလျက် ဆက်ပြေးနေတော့သည်။
နှစ်ရက်ကြာသွားသည်။ မဟာခေါင်း၏ခံပြင်းဒေါသတို့ ပိုမိုကြီးထွားလာ၏။ သူမည်သည့်နေရာသွားသွား သူ့မိတ်ဆွေအားလုံးက သူ့လမ်းကို သူတို့၏မှော်ပညာများဖြင့် ကာဆီးကြသည်။ သူ့မှာ လူစင်စစ်မှ ပုလိပ်ရောဂါအဖြစ် ပြောင်းသွားသည့်အလားပင်။
အမှန်တွင် မန္တန်အစီအရင်အသုံးပြုရာ၌ အတန်ငယ်နှေးသွားသော အဖွဲ့တစ်ဖွဲ့ရှိခဲ့သည်။ သူအထဲဝင်တိုးပြီး အကူအညီတောင်းသောအခါ သူ့မိတ်ဆွေက ပေါက်ကွဲပြီး သူ့ကိုတိုက်ခိုက်ခဲ့လေသည်။ ထိုလူမှာ ခေါင်းဆောင်ကြီးရွှေအလင်းနားလည်မှုလွဲမှာစိုးနေပုံရသည်။
မဟာခေါင်းသည် ယခုတွင် မျှော်လင့်ချက်မဲ့နေလေပြီ။ သူသည် အရပ်မျက်နှာတစ်ခွင်ကိုကြည့်ရင်း လေလယ်တွင် ရပ်နေ၏။ ကံဆိုးစွာနှင့် သူ့မှာ အကူအညီတောင်းနိုင်သည့်လူ မရှိတော့ပေ။ အင်အားလည်းကုန်ခမ်းနေသဖြင့် ဆက်မပြေးနိုင်တော့။ သူက မျက်နှာဖြူဆုပ်စွာဖြင့် ချဥ်းကပ်လာနေသော မန်ဟို့ကို လှည့်ကြည့်လိုက်သည်။
အသက်ဆယ်ရှိုက်ကြာသော် မန်ဟိုက သူအရှေ့တွင် ရပ်လိုက်၏။ "ပြေးလို့ပြီးပြီလား" သူက အေးစက်စွာ မေးသည်။
***