မိုးကြိုးနဲ့ ပိုင်းဖြတ်ခံရမယ်
Vol. 25 Ch. 343
မဟာခေါင်းမှာ ဘာမှမတတ်နိုင်တော့သဖြင့် မန်ဟို့ကို စိုက်ကြည့်နေသည်။ ပြေးလွှားရခဲ့ရသည့် နေ့ရက်များ၊ နောက်မှတကောက်ကောက်လိုက်ခံနေရသည့်အဖြစ်၊ ထပ်ခါတလဲလဲ အကူအညီလိုက်တောင်းပြီးနောက် ခံစားရသည့် စိတ်ပျက်အားငယ်မှု စသည့်အရာအားလုံးက သူ့ကို အားအင်ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်စေသည်။ သူသည် ဟောဟဲလှိုက်လျက် လျှာထွက်နေပြီး တားမြစ်ပညာရပ်ကို အဆက်မပြတ် အသုံးပြုခြင်းက သူ၏ဒဏ်ရာများကို ပြန်လည်မကုသနိုင်တော့သည့် အခြေအနေထိပင် တွန်းပို့လိုက်သည်။ ယခုအချိန်တွင် သူ့မှာ ကျင့်ကြံခြင်းအခြေခံစွမ်းအား၏ နှစ်ဆယ်၊သုံးဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်တော့၏။
ထိုကဲ့သို့ စိတ်ရှိတိုင်း မထုတ်ဖော်နိုင်သော စွမ်းအားဖြင့် နောက်လိုက်ကျင့်ကြံသူရာချီရှိပြီး မဟာခေါင်းအကူအညီတောင်းခံခဲ့သော လူတော်တော်များများအား သတ်ခဲ့ပြီးဖြစ်သည့် မန်ဟို့ကို တိုက်ခိုက်ရန်က..... ဘယ်နည်းနှင့်မှ မဖြစ်နိုင်သည်သာ။ သူ့အနေဖြင့် ခုလည်းမခုခံနိုင်သလို၊ နည်းနည်းလေးပင် ပြန်မတိုက်နိုင်ပေ။
မဟာခေါင်းသည် ဤအရာအားလုံးကို သိသည့်အတွက် မန်ဟိုစကားပြောပြီးလျှင်ချင်း ဟိန်းဟောက်လိုက်သည်။ ယင်းက တိုက်ကွက်မဟုတ်သလို၊ မိမိကိုယ်ကို ဖောက်ခွဲခြင်းလည်းမဟုတ်။ သူ့ကို ချင်းနင်းနှိပ်စက်နေသော ဖိအားအလုံးစုံကို လွှတ်ထုတ်လိုက်သည့် ဟိန်းဟောက်သံကြီးဖြစ်သည်။ ထိုအသံကြီးမှာ ပဲ့တင်ထပ်နေ၏။
"ငါ အိုးရန် သေရင်တောင်မှ မင်းလို လူယုတ်မာတစ်ယောက်ကို ဦးမညွှတ်နိုင်ဘူး။ ငါ ဒီနေ့သေသွားရင်တောင်မှ တစ်ချိန်ကျ ကျင့်ကြံသူတစ်ယောက် ပြန်ဖြစ်လိမ့်မယ်။ ငါ့ဝိညာဥ်ကို ဖျက်စီးတာက ဘဝကူးပြောင်းခြင်းသံသရာစက်ဝန်းထဲ မရောက်အောင် တားလို့မရဘူးကွ။ ငါဘယ်လိုပြန်မွေးဖွားလာမလဲဆိုတာကို ဆုံးဖြတ်လို့မရရင် မရမယ်၊ ငါ ဘယ်လိုသေမလဲ ဆိုတာကိုတော့ ဆုံးဖြတ်လို့ရတယ် ခွေးမသား မိုးကြိုးမကောင်းဆိုးဝါး....." သူ၏စကားလုံးများ ပဲ့တင်ထပ်နေစဥ်မှာပင်၊ သူ၏ အမျက်ဒေါသအား တစ်ဆိတ်တစ်အိတ်လုပ်၍ ပေါက်ကွဲနေစဥ်မှာပင် ရုတ်တရက်.....
အချက်ပေးချက်တစ်စုံတရာမရှိဘဲ လျှပ်စီးတန်းကြီးတစ်တန်း မိုးသားတိမ်စိုင်ကင်းစင်နေသော ကောင်းကင်တွင် ပေါ်လာသည်။ ၄င်းက တုံ့ပြန်ရန် အခွင့်အရေးမပေးဘဲ မန်ဟို့ထံသို့ မယုံနိုင်ဖွယ် အမြန်နှုန်းဖြင့် ထိုးဆင်းလာသည်။ လျှပ်စီးတန်းကား မန်ဟို့ဦးထုပ်ကို ဝုန်းခနဲ ဝင်တိုက်သွား၏။
ဦးထုပ်ထံမှ မီးပွားများ ဖွားခနဲ ဖြာထွက်ကုန်ပြီး တချို့က မန်ဟို့အပေါ် ကျရောက်လာသည့်အတွက် သူ၏ဆံပင်မွှေးများကို အဆုံးထိထောင်သွားစေသည်။ အစိမ်းရောင်အငွေ့များ ဦးထုပ်ထံမှ လွင့်လူတက်သွား၏။
မိုးကောင်းကင်က မန်ဟို နောက်မှလိုက်ဖမ်းနေခြင်းကို အကျင့်သီလပျက်ပြားသည်ဟု ရှူမြင်သည့်အလားပင်။ မိုးကြိုးက မဟာခေါင်းစကားပြောနေသည့်အခိုက်အတန့်ကျမှ တည့်တည့်ကြီးပစ်ချခဲ့သည်မဟုတ်ပါလော။
မဟာခေါင်းက မန်ဟို့ကို ပါးစပ်အဟောင်းသားနှင့်ကြည့်နေသည်။ ဤသည်မှာ သူ့အတွက် မိုးကောင်းကင်မှ ဆိုင်းမဆင့်ဗုံမဆင့် မိုးကြိုးပစ်ချသည်ကို ဒုတိယအကြိမ် မြင်တွေ့ရခြင်းပင်။ လျှပ်စီးတန်းမှာ သာမန်ဖြစ်ပုံရသော်လည်း တကယ်တမ်း အမြုတေဖြစ်တည်မှု စဦးပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို သုတ်သင်နိုင်စွမ်းရှိ၏။
"ဒဏ်ခတ်ခံရတာ" မဟာခေါင်းက အသံပြဲကြီးဖြင့် အော်သည်။ "မင်းလို အယုတ်တမာကောင်တွေ ခံရတဲ့ ပြစ်ဒဏ်။ မိုးကြိုးနဲ့ နှစ်ပိုင်းပိုင်းခံတော့မှာပဲ" သူက တဆတ်ဆတ်တုန်လျက် အားပါးတရအော်ရယ်လိုက်သည်။ မန်ဟို၏မျက်နှာမူ အတန်ငယ် အရုပ်ဆိုးသွား၏။ ခေါင်းဆောင်ကြီးမဟာခေါင်း သူ့ကို တိုက်ခိုက်လိုစိတ် ကုန်ခမ်းနေပြီဖြစ်ကြောင်း သိသဖြင့် ယခုတွင် သူ၏အာရုံသည် ခေါင်းအပေါ်သို့ ရောက်နေ၏။
"ဒါ ဒုတိယအကြိမ်ပဲ" သူက တွေးလိုက်သည်။ သူ့ရင်ထဲရှိ မကောင်းသောခံစားချက်ကြီးမှာ ပို၍သာ ပြင်းထန်လာတော့သည်။ လဝက်ပင် မကြာသေး၊ လျှပ်စီးတန်းနှစ်တန်းက သူ့အနောက် လိုက်လာခဲ့ပြီးလေပြီ။ ၄င်းတို့၏ အမြန်နှုန်းက မယုံနိုင်ဖွယ်ကောင်းပြီး အချိန် သို့မဟုတ် နေရာနှင့် ဆက်စပ်နေပုံမရပေ။ ထိုမျှသာမက လျှပ်စီးတန်းနှစ်တန်းလုံးက မိုးကောင်းကင်ပြစ်ဒဏ်၏အရှိန်အဝါကို ထုတ်လွှတ်ခဲ့သည်။
အခြားသူများအတွက် ထိုကဲ့သို့အရှိန်အဝါတစ်ခုကို မှတ်မိရန် ခက်ခဲမည်ဖြစ်သော်လည်း မန်ဟိုကမူ မိုးကောင်းကင်ပြစ်ဏ်နှင့် ရင်းနှီး၏။ ဤသည်မှာ ပြစ်ဒဏ်မိုးကြိုးကလွဲ၍ တခြားမဟုတ်ကြောင်း မန်ဟိုသေချာသိလေသည်။
"ဘာလို့ ဒီလိုလုပ်နေတာလဲဲ" သူက တွေးသည်။ "နှစ်ကြိမ်ဖြစ်ပြီးပြီဆိုတော့ တတိယအကြိမ် ဖြစ်ဦးမှာလား။ အဲ့ဒီထက်ရော ပိုမှာလား...." ရုတ်တရက် ကြက်တူရွေး အိပ်စက်ရန် ဝင်ရောက်သွားပြီးနောက် အနားမယူခင် အသားဂျယ်လီပြောခဲ့သည့်စကားကို သူပြန်တွေးမိလိုက်သည်။ ၄င်းပြောခဲ့ပုံအရ ၄င်းနှင့်ကြက်တူရွေးနှစ်ကောင်သား လူတစ်ယောက်အား ပြစ်ဒဏ်ကိုကျော်လွှားရန် ကူညီပေးခဲ့သော်လည်း ထိုလူက ၄င်းတို့ကို လိုက်သတ်ခဲ့သည်ဟူ၍။
"ဒါက.... ပြစ်ဒဏ်ကို အချိန်ဆွဲလိုက်တဲ့ နောက်ဆက်တွဲအကျိုးဆက်လို့တော့ မပြောနဲ့နော်။ ဒီအတိုင်းဆို ငါ့ကို မိုးကြိုး ဆက်တိုက်ပစ်ချနေတော့မှာလား" မန်ဟို၏မျက်နှာရှုံ့မဲ့သွားပြီး မဟာခေါင်းကိုဘပြန်ကြည့်ကာ အေးတိအေးစက်မေးလိုက်သည်။ "ဘယ်လိုသေရမလဲ ရွေးချင်တာလား"
ကြောက်မက်ဖွယ် နွယ်လက်တံကြီးများ ထိုးထွက်လာသဖြင့် အောက်ရှိ မြေကြီးများ ဖွားခနဲလွင့်စင်ကုန်သည်။ နွယ်ပင်များက အနားကပ်မလာဘဲ ယိမ်းနွဲ့နေသည့်တိုင် နွယ်အဆုံးရှိ ပါးစပ်များမှာ ချွဲပျစ်ပျစ်အရည်များ စက်လက်စက်လက်ကျလျက် ချွန်ထက်နေသောသွားများဖြင့် ပြည့်နေသည်။
နွယ်များ၏ နီကြင့်ကြင့်အရောင်၊ ယိမ်းနွဲ့လှုပ်ရှားနေပုံ၊ ချောက်ချားဖွယ်ရာ အသွင်နှင့် ၄င်းတို့ထံမှ ပျံ့လွင့်နေသော အပုပ်နံ့က မြင်လိုက်သည့် မည်သူ့ကိုမဆို ကြောက်ချီးပန်းသွားစေနိုင်သည်။
"ငါ..... " မဟာခေါင်းက အေးတိအေးစက်ရယ်ပြီး မန်ဟို့ကို အထင်သေးသလိုကြည့်သည်။ သူသည် မာနကြီးသောအသွင်ဖြင့် နဖူးထံ လက်ကိုမြှောက်လိုက်သည်။
သူ့တွင် အသက်ချမ်းသာပေးရန် တောင်းဆိုလိုစိတ်မရှိပေ။ သူ့အနောက်လိုက်နေသူကြောင့် ကျန်ရစ်ခဲ့သော သွေးခင်းလမ်းကို စဥ်းစားကြည့်လျှင် ဤအခြေအနေမှ လွတ်မြောက်နိုင်ခြေနည်းပါးကြောင်း မဟာခေါင်းသိ၏။ ထို့ကြောင့် သူသည် သေရမည်ဆိုလျှင် သိက္ခါရှိရှိသာ သေမည်ဖြစ်သည်။
သို့သော် သူ၏လက် နဖူးကို ဖိချခါနီးတွင် နောက်ထပ်လျှပ်စီးတန်းကြီးတစ်တန်း ဘွားခနဲ ပေါ်လာသည်။ ၄င်းက မန်ဟို့ထံသို့ အလွန်လျင်မြန်စွာ ထိုးဆင်းလာသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ခေါင်းမှ ဆယ်မီတာသာကွာဝေးတော့သည်။
သို့သော် ယခင်လျှပ်စီးတန်းနှစ်တန်းကြောင့် မန်ဟိုသည် ကောင်းကင်ကို အာရုံစိုက်ထားပြီးဖြစ်သည်။ လျှပ်စီးတန်း ထိုးဆင်းလာသည်နှင့်တစ်ချိန်တည်းဆိုသလို သူက သိုလှောင်အိတ်ကို ပုတ်ပြီး တစ်ပိုင်းတစထိုးဖောက်မြင်နေရသော ဝိညာဥ်ကိုယ်တစ်ခုကို ထုတ်လိုက်သည်။
ဤဝိညာဥ်ကိုယ်မှာ လီမျိုးနွယ်ခေါင်းဆောင်ကြီးမှတစ်ပါး အခြားမဟုတ်ပေ။ ပါးလျပ်လျပ်အမျှင်လေးတစ်မျှင်က သူ့ကို သွေးမျက်နှာဖုံးနှင့် ချိတ်ဆက်ထားသည့်အတွက် ယခု အပြင်တွင် မျောလွင့်နေသည့်တိုင် မထွက်ပြေးနိုင်ဖြစ်နေသည်။ သူ၏ရှင်ခြင်းသေခြင်းကို မန်ဟို့၏အတွေးတစ်ချက်က အဆုံးအဖြတ်ပေးနိုင်၏။
ရုတ်တရက် ဤကဲ့သို့ ဆွဲထုတ်ခံလိုက်ရသဖြင့် လီမျိုးနွယ်စုခေါင်းဆောင်ကြီးမှာ ဘေးဘီဝဲယာကို မျက်လုံးကလေး ကလယ်ကလယ်နှင့် ကြည့်နေသည်။ သူ့အတွက် ဤသည်မှာ နှစ်ပေါင်းများစွာနေမှ အပြင်လောကရှိ ကောင်းကင်ကြီးကို ကြည့်ရှုခံစားရခြင်းဖြစ်သည်။ သို့သော် သူ သက်ပြင်းပင် မချနိုင်ခင် မန်ဟိုက သူ့ကို အပေါ်သို့ ပစ်လွှတ်လိုက်၏။
လျှပ်စီးတန်းကြီးက လီမျိုးနွယ်စုခေါင်းဆောင်ကြီး၏ ဝိညာဥ်ကိုယ်ကို ဝင်တိုက်သွားသဖြင့် ပေါက်ကွဲသံကြီး မြည်ဟည်းသွားသည်။ လီမျိုးနွယ်စုခေါင်းဆောင်ကြီးမှာ တဆတ်ဆတ်တုန်နေပြီး မချိတင်ကဲအော်သံကြီးက ပဲ့တင်ထပ်နေ၏။ သူက နာကျင်စွာဖြင့် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏ဝိညာဥ်ကိုယ်မှာ ကွဲထွက်တော့မတတ် ဖြစ်သွားသည့်အတွက် သူ့ကို အတော်လေး ထိတ်လန့်သွားစေ၏။ သူက ၄င်းကို ပြန်လည်စုစည်းရန် ကပျာကယာ ကြိုးစားလိုက်သည်။
ဝိညာဥ်ကိုယ်သာ လွင့်စင်ပြိုကွဲသွားလျှင် သူ့အဖြစ်မှာ သေချာပေါက် လေယူရာသယ်ဆောင်သွားခံရမည့် ဖုန်ဘဝ ရောက်သွားလိမ့်မည်။
အကြောင်းမလှသောအခြေအနေကြောင့် သူ၏ မိန်းမောတွေဝေနေမှုများ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်သည်။ သူသည် လေလယ်တွင် မျောလွင့်နေစဥ် မန်ဟို့ကို ငုံ့ကြည့်ရင်း အံကြိတ်ပြီးကြုံးဝါးလိုက်၏။ အမုန်းသာ လူသတ်နိုင်လျှင် မန်ဟို့ကို တစ်ကိုက်ပြီးတစ်ကိုက် စုတ်ဖြဲပစ်မည်ဖြစ်သည်။
လျှပ်စီးတန်းက သုံးတန်းနှင့်ရပ်မသွားပေ။ အသက်ရှိုက်စာအနည်းငယ်ကြာသော် လေးတန်းမြောက် လျှပ်စီးတန်းကြီး ကျဆင်းလာ၏။ ၄င်း ရောက်မလာခင် မန်ဟိုက ခံစားချက်မဲ့သောမျက်နှာထားဖြင့် လီမျိုးနွယ်စုခေါင်းဆောင်ကြီးကို လှမ်းပစ်လိုက်သည်။
လျှပ်စီးတန်းက သူ့ကို ဝင်တိုက်သွားဖြင့် လီမျိုးနွယ်စုခေါင်းဆောင်ကြီးထံမှ စိတ်မချမ်းမြေ့ဖွယ် အော်သံကြီးထွက်လာသည်။ ကံကောင်းထောက်မစွာနှင့် ၄င်း၏ဝိညာဥ်ကိုယ်မှာ ကြံ့ခိုင်၏။ အသားဂျယ်လီ၏ ညှဥ်းပန်းနှိပ်စက်မှုဒဏ်ကို ခံစားရပြီးနောက်တွင် ၄င်းသည် အပြင်ပန်းအရအားနည်းပုံရသော်လည်း တကယ်တမ်း ဒူပေနာပေခံလာခဲ့သည်။
ပေါက်ကွဲမှုကြီး ရိုက်ခတ်သွားပြီးနောက် လီမျိုးနွယ်စုခေါင်းဆောင်ကြီးမှာ မှေးမှိန်လာ၏။ သို့သော် သူ အမောပင်မဖြေနိုင်ခင် ငါးတန်းမြောက်လျှပ်စီးတန်းကြီး ကျဆင်းလာပြီး မချိတင်ကဲအော်သံကြီး ပဲ့တင်ထပ်သွားသည်။ မဟာခေါင်းမှာတော့ ထိုအဖြစ်အပျက်အားလုံးကို မျက်လုံးအပြူးသားဖြင့် ကြည့်နေလေသည်။
သူ့မှာ မန်ဟို့အရှေ့တွင် ရပ်နေစဥ် ပထမဆုံးအနေဖြင့် သူ၏မျက်လုံးထဲရှိ အကြောက်တရားများကို ဖုံးကွယ်ခြင်းငှာ မစွမ်းနိုင်တော့ပေ။ သူ့မှာ ထိုဝိညာဥ်ကိုယ်ကို ကရုဏာသက်နေမိသည်။ သူ့အတွက်တော့ မန်ဟိုသည် အရက်စက်ဆုံး သက်ရှိထင်ရှား ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ သူသည် ယုတ်မာရန် နောက်တွန့်မည့်ပုံမပေါ်သလို လူနှင့်နတ်ဘုရားများအား ညှင်းပန်းနှိပ်စက်ရန် လက်တွန့်မည့်ပုံမရပေ။
"ဒီဝိညာဥ်ကိုယ်က ဒီလောက်သနားစရာကောင်းတဲ့ အခြေအနေရောက်နေတာတောင် သူက ဒီလိုလုပ်နေသေးတယ်" မဟာခေါင်းတွေးနေမိသည်။ "သူတို့ကြားမှ ဘယ်လိုရန်ငြိုးရှိလဲမသိဘူး.... အဲ့ဒီဝိညာဥ်ကိုယ်တော့ လုံးဝပြိုကွဲတော့မယ်ထင်တယ်" သူ့မှာ မန်ဟို့၏ရက်စက်မှုကြောင့် မူးမိုက်နေရင်း သက်ပြင်းချလိုက်သည်။ ယခုတွင် သူ၏ဆုံးဖြတ်ချက်မှာ အတည်တကျဖြစ်သွားလေပြီ။
"ဒီလူက ဘဝကို အရမ်းတွယ်တာပြီး ပြတ်သားမှုမရှိခဲ့တာဖြစ်မယ်။ အဲ့ဒါကြောင့် သူ့ဝိညာဥ်ကို ဒီမကောင်းဆိုးဝါးကျင့်ကြံသူရသွားတာပဲ။ ဒါပေမဲ့ ငါကတော့ ပြတ်သားတယ်။ အဲ့ဒီလို အဆုံးမသတ်စေရဘူး။ သူ ငါ့ဝိညာဥ်ကို လုယူရင်တော့ ဒီလိုအနှိပ်စက်ခံရမှာ" မဟာခေါင်းသည် သူ့ကိုယ်သူထိုသို့ပြောပြီး နဖူးကို ရိုက်ရန်ပြင်လိုက်သော်လည်း ရုတ်တရက် တစ်ကိုယ်လုံးတုန်ရီလာပြီး သူ၏ပြတ်သားမှုတို့ ကွဲကြေသွားသည်။
သူ၏မျက်လုံးများသည် မယုံနိုင်မှုနှင့်အတူ ထိတ်လန့်ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်လျက် ပြူးထွက်သွား၏။ အဘယ်ကြောင့်ဆိုသော် လျှပ်စီးတန်းကြောင့် ဝိညာဥ်ကိုယ် လွင့်စင်ပြိုကွဲတော့မည့်အချိန် မန်ဟို့၏မျက်လုံးများ၌ ခရမ်းရောင်အလင်း လက်သွား၍ပင်။ သူသည် သူ၏ကိုယ်ပိုင်အသက်စွမ်းအားဖြင့်ပြည့်ဝနေသော ရွှေရောင်ချီတစ်လုပ် ထွေးထုတ်လိုက်သည်။ ၄င်းက သိပ်များများစားစားမဟုတ်သော်လည်း လီမျိုးနွယ်စုခေါင်းဆောင်ကြီး၏ ဝိညာဥ်ကိုယ်နှင့် ပေါင်းစည်းသွားပြီးနောက်တွင် ထိုလူ့၏ ဒဏ်ရာအားလုံး ပျောက်ကင်းလာသည်။။
သို့သော် သူ အကောင်းတိုင်းပြန်ဖြစ်တော့မည့်အချိန်မှာပင် ခြောက်ခုမြောက်လျှပ်စီးတန်းကြီး ထိုးဆင်းလာသည်။ ဂျိန်းခနဲ ထစ်ချုန်းသံနှင့်မတူ မချိတင်ကဲအော်သံကြီး ကြားလိုက်ရသည်။ လီမျိုးနွယ်စုခေါင်းဆောင်ကြီး၏မျက်လုံးများတွင် ပူဆွေးမှုနှင့်အတူ စိတ်ပျက်မှုတို့က နေရာယူနေသည်။ ၄င်းမှာ သေချင်စိတ်က ရှင်လိုစိတ်ထက် ပိုလွန်ကဲနေသော ကူရာမဲ့နေမှုဖြစ်တော့သည်။
ထိုမြင်ကွင်းက မဟာခေါင်းကို ခေါင်းကြိမ်းသွားစေပြီး သူ၏မျက်နှာကို ဖြူဖျော့သွားစေသည်။ သူ့မှာ ကြောက်ဒူးတုန်လာ၏။ သူသည် စောစောက စကားကြီးစကားကျယ်ပြောရန် ပြင်နေခဲ့သော်လည်း ယခုတော့ ဂလုခနဲ တံတွေးသာမြိုချလိုက်နိုင်သည်။ နဖူးထံရွေ့လျားနေသောလက်က ဘေးသို့ကျသွားသည်။ သူ၏မျက်လုံးထဲရှိ မာနနေရာတွင် ကူရာမဲ့မှုက ဝင်ရောက်လာ၏။ ။
အကယ်၍ သူ့ကိုယ်သူသတ်သေလိုက်လျှင်တောင်မှ သူသည် ကျင့်ကြံသူတစ်ယောက် ဖြစ်နေကြောင်း ရုတ်တရက် သဘောပေါက်လိုက်သည်။ သူသေဆုံးပြီးနောက် သူ၏ဝိညာဥ်ကို နုတ်ယူနိုင်သော နည်းလမ်းပေါင်းမြောက်မြားစွာ ရှိ၏။
သူ့ကိုယ်သူ ဖောက်ကွဲနိုင်သော်လည်း မန်ဟို ညှင်းပန်းနှိပ်စက်ရာ၌ မည်မျှကျွမ်းကျင်သည်ကို ကြည့်ရင်း သေခြင်းက လွတ်မြောက်ရာနည်းလမ်းမဟုတ်ကြောင်း မဟာခေါင်းမြင်နေရသည်။
သူသည် သေရမည်ကို မကြောက်သော်လည်း သေခြင်းထက် ဆိုးရွားသောဘဝနှင့်နေရမည်ကိုတော့ ကြောက်သည်။
လောလောဆယ်တွင် မန်ဟိုသည် မဟာခေါင်းကို ဘေးမဲ့ပေးပြီး လျှပ်စီးတန်းနှင့် လီမျိုးနွယ်စုခေါင်းဆောင်ကြီး၏ဝိညာဥ်အပေါ် အပြည့်အဝအာရုံစိုက်နေသည်။
သူသတိထားမိသည်မှာ ဝိညာဥ်ကိုယ်ပျက်စီးတော့မည့်အချိန်မှာပင် လျှပ်စီးမီးပွားအကြွင်းအကျန်များက ဝိညာဥ်ကိုယ်နှင့် ပေါင်းစည်းနေ၏။ မန်ဟို့အသက်စွမ်းအားမှ ကုသပေးမှုကြောင့် လီမျိုးနွယ်စုခေါင်းဆောင်ကြီး၏ဝိညာဥ်ကိုယ်မှာ အတွင်းတွင် လျှပ်စီးများစွာ ထိန်းသိမ်းနိုင်သွားလေသည်။
"မိုးကြိုးဝိညာဥ်သန့်စင်ခြင်း..... အဲ့ဒီလိုအရာမျိုးသန့်စင်ဖို့ နည်းနည်းတော့စတေးရမယ့်ပုံပဲ" မန်ဟိုသည် လျှပ်စီးတန်းများအား ဝေ့ကြည့်ရင်း မျက်လုံးများ တဖျပ်ဖျပ်လက်နေ၏။ အမွှေးတိုင်တစ်တိုင်ထွန်းစာကြာမြင့်ပြီးနောက် နောက်ဆုံးလျှပ်စီးတန်းပေါ်လာသည်။ မန်ဟိုသည် လီမျိုးနွယ်စုခေါင်းဆောင်ကြီးအား ၄င်းကို စုပ်ယူစေပြီး သွေးမျက်နှာဖုံးထဲ ပြန်ထည့်လိုက်သည်။ သူက မန်ဟို့ကို တစ်ချိန်လုံး ပယ်ပယ်နှယ်နှယ် ကျိန်ဆဲနေခဲ့လေသည်။
နောက်ဆုံး၌ မန်ဟိုသည် မဟာခေါင်းကို လေးနက်စွာပြန်ကြည့်၏။ သူက နွယ်များအား ထိုလူ့ကို စားသုံးစေ၍ သူ၏လျှို့ဝှက်ပညာရပ်များကို ယူရန် ရည်ရွယ်ရင်း လက်ကိုမြှောက်လိုက်သည်။
စောစောက မဟာခေါင်း၏သဘောထားက ခိုင်မာပြတ်သားပြီး သေပင်သေချင်နေခဲ့သည် မဟုတ်လော။ မန်ဟို သူ့ကို မည်မျှညှင်းပန်းနှိပ်စက်စေကာမူ ဤပညာရပ်များနှင့်ပတ်သက်၍ အမှန်အတိုင်းပြောနေသည်လား ဘယ်နည်းနှင့်မှ သိနိုင်မည်မဟုတ်ပေ။
သို့သော် မန်ဟို လက်မြှောက်လိုက်ချိန်မှာပင် မဟာခေါင်းက တုန်ရီလာပြီး သူ၏မျက်နှာတွင် ကြောက်ရွံ့မှုတို့ စိုးမိုးသွားသည်။
"တာအိုရောင်ရင်း.... တာအိုရောင်ရင်း နားထောင်ပါဦး" သူက ကပျာကယာပြောသည်။ "ဂိုဏ်းကြီးသုံးဂိုဏ်းလုံးရဲ့ လျှို့ဝှက်ရတနာဆောင်တွေ ဘယ်မှာရှိလဲ ကျုပ်သိတယ်။ အဲ့ဒီမှာ ဝှက်ထားတာတွေ အများကြီးပဲ။ ကျုပ်ရဲ့ အဆောင်ဂိုဏ်းက ရတနာတွေအားလုံးကို တစ်ခုမကျန် ဆရာကြီးကိုပေးပါ့မယ်။ ဆရာကြီး ဘာပဲတောင်းဆိုတောင်းဆို ဖြည့်ဆည်းပေးမယ်။ ဓားတောင်ကိုကျော်၊ မီးပင်လယ်ကိုတောင် ဖြတ်ရင်ဖြတ်ရပါစေ။ ကျုပ် မဟာခေါင်း ဘယ်တော့မှမငြိုငြင်ဘူး" စောစောက မန်ဟို့၏နည်းလမ်းများက သူ့ကိုတုန်ရီနေစေသည်။ သေပြီးသည့်နောက်တွင်တော့ ဝိညာဥ်ကိုပါ အနှိပ်စက်မခံလိုပေ။
မန်ဟိုက မဟာခေါင်းကို တအံ့တသြကြည့်လိုက်မိသည်။ ဤအခြင်းအရာက ထိုလူ့ကို ပို၍ရင်တုန်သွားစေသည်။ သူ့မှာ သူ့ရင်ခုန်သံကိုပင် သူပြန်ကြားနေရ၏။ သို့သော် သူ၏ မျက်လုံးများတွင် ခိုင်မာပြတ်သားသော အရိပ်အယောင် ထင်ဟပ်နေသည်။ သူသည် အဆိပ်ကျမ်းပင်ကျိန်၍ အံတင်းတင်းကြိတ်ရင်း နဖူးမှ သွေးတချို့ထုတ်ကာ မန်ဟို့ကို ပေးလိုက်သည်။ ၄င်းနှင့်ဆိုလျှင် မန်ဟို သူ့ကို အချိန်မရွေးသတ်နိုင်၏။
မဟာခေါင်းမှာ ဤနည်းဖြင့်သာ ကပ်ဘေးမှ ရှောင်တိမ်းနိုင်သည်ဟူ၍ ယုံကြည်နေသည်။
မန်ဟိိုက တခဏစဥ်းစားနေသည်။ သူ့အတွက် မဟာခေါင်းတွေးနေသည်ကို သိရန် မကြာလိုက်ပေ။ သူက ထိုလူ့ကို တခဏကြည့်၍ ပြုံးပြီးနောက် ဝိညာဥ်သွေးကို လက်ခံလိုက်၏။
"ကဲ အခု" မန်ဟိုက အေးစက်စွာ ပြောသည်။ "ခင်ဗျားရဲ့ လျှို့ဝှက်အမွေအနှစ်အကြောင်း ရှင်းပြတော့"
***