← Chapters

ရွှေအလင်းဘုရားကျောင်းတော်

Vol. 25 Ch. 344

ရွှေအလင်းဘုရားကျောင်းတော်

Vol. 25 Ch. 344

ခါးသီးမှုတို့ မဟာခေါင်း၏ရင်ထဲ ပြည့်ကြပ်နေသည်။ သို့သော် အသက်နှင့်ကိုယ်အိုးစားမကွဲရန်အလို့ငှာ သူသည် ဝမ်းမြောက်ကြည်နူးနေဟန်ဖမ်းထားပြီး သူ၏သိုလှောင်အိတ်ထဲမှ အသေးစားဖန်ဘူးတစ်ဘူး ရိုရိုကျိုးကျိုး ထုတ်ပေးလိုက်သည်။

၄င်းက လက်သီးဆုပ်အရွယ်ရှိပြီး မျက်နှာပြင်ပေါ်တွင် အပေါက်များအား မြင်နိုင်၏။ လေက ထိုအပေါက်များကို ဖြတ်၍တိုက်ခတ်သွားသောအခါ ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော ငိုငြီးသံထွက်လာတတ်သည်။ အသံနှင့်ပတ်သက်၍ ထူးထူးခြားခြား ရှိပုံမရသည့်အပြင် ဖန်ဘူး၏ပုံပန်းသွင်ပြင်ကလည်း သာမန်သာဖြစ်သည်။ စိတ်ဝိညာဥ်အာရုံဖြင့် စစ်ဆေးကြည့်သည့်တိုင် ထူးခြားသည့်အရာမတွေ့ရပေ။

မန်ဟိုအနေဖြင့် ခေါင်းဆောင်ကြီးမဟာခေါင်းကို သတ်၍ သူ၏သိုလှောင်အိတ်ကို မွှေနှောက်ရင်း ဖန်ဘူးကို တွေ့လျှင်တောင်မှ ဂီတတူရိယာဟု ထင်မှတ်ပြီး အာရုံစိုက်တော့မည်မဟုတ်ပေ။

ခေါင်းဆောင်ကြီးမဟာခေါင်းက နားလည်မှုလွဲမှာစိုး၍ ထင်သည်၊ ဘယ်ဘက် လက်ခလယ်ကို ကပျာကယာကိုက်ပြီး ဖန်ဘူးပေါ်က အပေါက်ကိုးပေါက်အတွင်းသို့ သွေးစက်အနည်းငယ် ချလိုက်သည်။ အမှန်တွင် သတ်မှတ်ထားသော အစီအစဥ်အလိုက် ချလိုက်ခြင်းဖြစ်သည်။

၄င်းက မန်ဟို ယခင်ကတစ်ခါမှ မမြင်ဖူးသော ယန္တရားဖွင့်ခြင်းမျိုးဖြစ်ဟန်တူသည်။ ယခုတွင် မဟာခေါင်းဖွင့်လိုက်သဖြင့် ဖန်ဘူးမှ အနက်ရောင်အလင်းဖြာထွက်လာသည်။ ပတ်ဝန်းကျင်တွင် လေတိုက်ခတ်မှုမရှိသည့်တိုင် ဖန်ဘူးသည် ငိုငြီးသံများ ဆက်လက်ထုတ်လွှတ်နေ၏။

ရုတ်တရက် မှော်သင်္ကေတစီးကြောင်းများ အသေးစားဖန်ဘူးထံမှ လွင့်မျောတက်လာသည်။ ၄င်းတို့သည် အန္တရာယ်ပြုမည့် လက္ခဏာရှိသော အရှိန်အဝါတစ်ခုနှင့်အတူ စက်ဝိုင်းသဏ္ဍာန်လှည့်ပတ်နေသည်။

မန်ဟိုက အသက်ပြင်းပြင်းရှူလိုက်သည်။ သူသည် ညာလက်ချောင်းတစ်ချောင်းဖြင့် အနက်ရောင်ဖန်ဘူးကို သူ့ထံ ပျံသန်းလာစေသည်။ ၄င်းက သူ၏လက်ဖဝါးပေါ် ဆင်းသက်လာပြီး သူသည် ၄င်းကို သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်သည်။

မန်ဟို တဖြေးဖြေး စိတ်လှုပ်ရှားလာသည်။ မှော်သင်္ကေတများက ဟိန်းဟောက်နေသော ဝိညာဥ်ပုံရိပ်များ အတူတကွဖြစ်ပေါ်လာနေချေသည်။ သူသည် ၄င်းကိုကြည့်ရင်း ဤသည်မှာ အမွေအနှစ်တစ်မျိုးဖြစ်ကြောင်း အာရုံရလိုက်၏။

"ဒါက ဟိုးအရင်နှစ်တွေတုန်းက မထင်မှတ်ဘဲ ရလိုက်တဲ့ ရတနာတစ်ပါးပါ" ခေါင်းဆောင်ကြီးမဟာခေါင်းက မည်သည့်အရာမှ မထိမ်ချန်ထားဝံ့သည့်အတွက် စကားလုံးများကို ဂရုတစိုက်ရွေးချယ်ရင်း ပြောသည်။ "ကျုပ် ဦးချိုနှစ်ခုနဲ့ မိစ္ဆာကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ရှာတွေ့ခဲ့တယ်။ သူနဲ့ အတူတွေ့တဲ့ ကျောက်စိမ်းပေလွှာကိုတော့ ဖတ်ပြီး ဖျက်စီးပစ်လိုက်တယ်။ အထဲမှာ ဒီမကောင်းဆိုးဝါးလေဖန်ဘူး သုံးပုံသုံးနည်းတွေ ရေးမှတ်ထားတာ။ အဲဒီမိစ္ဆာကျင့်ကြံသူက စတုတ္ထတောင်လို့ခေါ်တဲ့နေရာကနေ ရောက်လာပြီးတော့ မသေခင် အမွေအနှစ်ကို လက်ဆင့်ကမ်းဖို့လိုခဲ့တယ်လို့ပြောတယ်"

ခေါင်းဆောင်ကြီးမဟာခေါင်းသာ စတုတ္ထတောင်အကြောင်း မပြောခဲ့လျှင် မန်ဟို ဆက်၍ သံသယဝင်နေဦးမည်ဖြစ်သည်။ ဝို့သော် ထိုစကားလုံးကို ကြားလိုက်သည်နှင့် သူ၏မျက်လုံးများ မသိမသာလင်းလက်သွားသည်။

တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းအကြောင်းကိစ္စများသည် သာမန်ကျင့်ကြံသူများ သိနိုင််သည့်အရာများမဟုတ်ပေ။ မန်ဟိိုတွက်ချက်မှုအရ ထိုအကြောင်းသိသူ မရှိသလောက် ရှားပေလိမ့်မည်။

သူက မျက်တောင်တစ်ချက်မခတ်ဘဲ အသေးစားဖန်ဘူးကို သိမ်းပြီးနောက် ခေါင်းဆောင်ကြီးမဟာခေါင်းကို ကြည့်လိုက်သည်။

ထိုလူမှာ ချက်ချင်းပင် ဂနာမငြိမ်ဖြစ်လာပြီး ပြာပြာသလဲလဲပြော၏။ "တာအိုရောင်ရင်း၊ ကျုပ်ရှိနေရင် ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ ရတနာဆောင်တွေကို စိတ်ချရတယ်။ ဒါပေမယ့် တခြားဂိုဏ်းနှစ်ဂိုဏ်းက သူတို့ရဲ့ ဂိုဏ်းချုပ်တွေ သေကုန်တာသိသွားပြီဆိုတော့ ရတနာတွေကို ဂိုဏ်းသားတွေ ခွဲယူကြဖို့ ကြာမှာမဟုတ်တော့ဘူး။ ဆရာကြီး ကျုပ်တို့ မြန်မြန်လေး သွားသင့်တယ်မထင်ဘူးလား"

လောလောဆယ်တွင် အလင်းတန်းရာပေါင်းများစွာသည် အဝေးမှ ချဥ်းကပ်လာနေ၏။ ထိုမျှ ကြီးကျယ်ခမ်းနားသောမြင်ကွင်းကြီးက မဟာခေါင်းကို ပို၍ပင် ရင်တုန်သွားစေသည်။

သူ၏မန်ဟို့အပေါ်ကြောက်စိတ်မှာ သည့်ထက်မကြီးမားနိုင်တော့ပေ။ သူ၏တုန်လှုပ်ချောက်ချားမှုက နှလုံးသား၏အနက်ရှိုင်းဆုံးထဲထိ အမြစ်တွယ်နေပြီဖြစ်သည်။ အချိန်ကိုသာ နောက်ပြန်သွားနိုင်လျှင် ဤလူမဟုတ်သောသတ္တဝါကို ဘယ်သောအခါမှ ရန်စမည်မဟုတ်ပေ။

တစ်နည်းနည်းဖြင့် ရန်စခဲ့လျှင်တောင်မှ ထိုလူ့၏ မန္တန်အစီအရင်ကို ချိုးဖျက်ရန် ဘာမှလုပ်မည်မဟုတ်ပေ။ သူ့အသက်သူကယ်ဖို့အတွက် တခြားဂိုဏ်းကြီးနှစ်ဂိုဏ်းမှ ဂိုဏ်းချုပ်နှစ်ယောက်ကို ချက်ချင်း သတ်လိုက်မည်ဖြစ်သည်။

တစ်ချက်ကလေးကြည့်ရုံနှင့် မဟာခေါင်းဘာတွေးနေသည်လဲ မန်ဟိုပြောနိုင်သည်။ သူက တခဏစဥ်းစားပြီး ခေါင်းညိတ်လိုက်သည်။

မဟာခေါင်းမှာ ဟင်းခနဲ သက်ပြင်းချလိုက်သော်လည်း ရုတ်တရက် နောက်တစ်ဖန် ကြောက်ရွံ့လာပြန်သည်။ သူ့မှာ အခြားဂိုဏ်းကြီးနှစ်ဂိုဏ်း၏ ဂိုဏ်းသားများ ရတနာများ ခွဲယူနေမည်ကို အမှန်တကယ်စိတ်ပူနေ၏။ အချိန်အနည်းငယ်ကြာသော် သူနှင့်မန်ဟိုသည် တုန်းလော့မြို့ရှိရာသို့ တဟုန်ထိုးထွက်သွားသော အလင်းတန်းများ ဖြစ်သွားတော့သည်။

ရက်အနည်းငယ်ကြာသော် တုန်းလော့မြိို့မှ ခပ်လှမ်းလှမ်းရှိ တောင်ဖြူတစ်လုံးအား ဖုံးလွှမ်းနေသည့် တလက်လက်တောက်ပနေသော အဝါရောင် အကာအကွယ်တစ်ခုကို မြင်နိုင်၏။ တောင်၏ ဖြူဆွတ်မှုနှင့် အဝါရောင်အလင်းတို့က အတူတကွပေါင်းစည်းပြီး လှပသောမြင်ကွင်းကို ဖန်တီးနေသော်လည်း အတန်ငယ်မလိုက်မဖက်ဖြစ်နေသည်။

မန်ဟိုက တောင်၏အပြင်တွင် ပျံဝဲနေသည်။ သူသည် ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ခဲ့ခြင်းမရှိပေ။ ထိုတာဝန်ကို မဟာခေါင်းနှင့် တောင်နက်သူတော်စင်ကိုးဦးဝင် ဖြစ်ခဲ့ဖူးသော ကျင့်ကြံသူကတုံးကိုသာ လွှဲအပ်ထား၏။ သူတို့သည် ကျင့်ကြံသူရာပေါင်းများစွာနှင့်အတူ မန်ဟို့အနောက်လိုက်ရင်း ကောင်းကင်အပြည့် နေရာယူထားသည်။ တအုန်းအုန်း မြည်ဟည်းနေသော ပေါက်ကွဲသံများက အဘက်ဘက်သို့ ရိုက်ညောင်းလျက်ရှိသည်။

မဟာခေါင်းက မီးကုန်ရမ်းကုန် တိုက်ခိုက်နေ၏။ သူ၏မျက်လုံးများက သွေးချင်းနီနေပြီး သူ့မှာ အကာအကွယ်ကို ချိုးဖျက်၍ အထဲသို့မဝင်ရောက်နိုင်မှာ စိုးနေသည်။ ကျင့်ကြံသူကတုံးလည်း ထိုနည်းတူတွေးနေပြီး မန်ဟိုကို မျက်နှာလုပ်ချင်နေကြောင်း သိသာသည်။ သူတို့နှစ်ယောက်သည် ပညာရပ်ပေါင်းစုံ ထုတ်ရင်း တစ်ယောက်နှင့်တစ်ယောက် ပြိုင်နေကြဟန်တူသည်။

ကျင့်ကြံသူရာချီမှ အားဖြည့်ကူညီပေးထားသည့် ဤကဲ့သို့ လူနှစ်ယောက်၏ အစွမ်းထက်တိုက်ကွက်များအောက်ဝယ် ဤသေးနုပ်သောဂိုဏ်းတစ်ဂိုဏ်းမှာ အမွှေးတိုင်တစ်တိုင်ထွန်းစာသာ တောင်ခံနိုင်ပေလိမ့်မည်။ ထို့နောက် အကာအကွယ်သည် မရေမတွက်နိုင်သော အဝါရောင်အလင်းအပိုင်းအစများအဖြစ် ပြိုကျသွားသည်။ အကာအကွယ် ပျက်စီးသွားသဖြင့် အောက်ရှိ နှင်းဖုံးတောင်၏ ဖြူဆွတ်နေမှုမှာ မြင်သာလာသည်။

သတ်ဖြတ်စရာမလိုပေ။ အကာအကွယ်ပျက်စီးသွားသည်နှင့် ဟန်မြစ်ဂိုဏ်း ကျင့်ကြံသူတစ်ရာနီးပါးသည် မန်ဟို့ကို ချက်ချင်းသစ္စာခံကြ၏။

ထိုမျှသာမက သူတို့သည် သူတို့ဂိုဏ်း၏ ပိုင်ဆိုင်မှုပစ္စည်းများနှင့် ရတနာများများအား မန်ဟို့ထံ တရိုတသေအပ်နှံသည်။ ယခုတွင် မန်ဟိုသည် အင်အားအရေအတွက် ခြောက်ရာနီးပါးဖြင့် အခြားဂိုဏ်းသို့ ဦးတည်သွားသည်။

သူတို့သည် မယုံနိုင်ဖွယ်အမြန်နှုန်းဖြင့် သွားနေကြသော်လည်း ဤတစ်ကြိမ်တော့ အတားအဆီးတချို့တွေ့ရသည်။ ၄င်းသည် ခန္ဓာကိုယ်ပေါ်၌ အရုပ်ဆေးမင်ကြောင်သုံးရုပ် ထိုးထားသော သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်၏။ သူ၏အရပ်က မိုးထိုးနေပြီး သူ၏တိုက်ကွက်များက တွန့်လိမ်လူးလွန့်နေသော အဆိပ်ရေနဂါးတစ်ကောင်နှင့်အတူ တောင်နှင့်မြစ်၏ ပုံရိပ်ယောင်ဖြင့် အတူလာသည်။ အကုန်လုံး သစ္စာခံကြသည့်အချိန်မှာပင် ထိုလူက ကောက်ကျစ်စွာ အလစ်တိုက်ကွက်တစ်ကွက် ပစ်လွှတ်ခဲ့သည်။ သူသည် အညံ့ရန် အကြံပြုခဲ့သော ဂိုဏ်းသားအမြောက်အမြားကို သတ်ဖြတ်၍ ထွက်ပြေးရန် ကြိုးစားခဲ့သည်။

ပေါက်ကွဲသံကြီး မြည်ဟည်းပြီး ထိုလူ့၏ပါးစပ်မှ သွေးများပန်းထွက်သွားသည်။ သူ၏မျက်လုံးများသည် အဆိပ်ပြင်းသောမုန်းတီးမှုတို့ဖြင့် ပြည့်နှက်နေသော်လည်း သူမည်သည့် မှော်ပညာရပ်မှအသုံးမပြုနိုင်ခင် မန်ဟိုက သူ့ကို လက်သီးဖြင့် ထိုးလိုက်သည်။ သူသည် သူ့ကို သတ်မည့်အစား ကျင့်ကြံခြင်းအခြေခံကို ထိန်းချုပ်ပြီး သတိလစ်အောင် လုပ်လိုက်သည်။

နောက်ဆုံးဂိုဏ်းဖြစ်သည့် အဆောင်ဂိုဏ်းကတော့ ဘာပြဿနာမှမရှိပေ။ မဟာခေါင်းရှိနေသည့်အတွက် မည်သည့်အကာအကွယ်ကိုမှ ချိုးဖျက်မလိုသလို၊ ဂိုဏ်းသားများက မန်ဟို့ကို လေးလေးစားစားကြိုဆိုကြသည်။

အဆောင်ဂိုဏ်း၏ ပင်မဂိတ်တံခါးသည် တောင်တန်းများဝန်းရံနေသော ချိုင့်ဝှမ်းအကျယ်ကြီးတစ်ခုတွင် တည်ရှိသည်။ ဂိုဏ်းသည် ဆိတ်ငြိမ်အေးချမ်းပြီး စနစ်တကျတည်ဆောက်ထားသော အဆောက်အဦးများဖြင့် မျက်စိပသာဒရှိလှသည်။ ၄င်းကိုမြင်မြင်ချင်းမှာပင် မန်ဟိုက ထိုနေရာကို အချိန်တစ်ခုအထိ သိမ်းပိုက်ထားရန် ဆုံးဖြတ်လိုက်သည်။

ရက်အနည်းငယ်ကြာသော် ကြက်တူရွေးနှင့် အသားဂျယ်လီတို့နှစ်ကောင် သတိပြန်လည်လာ၏။ ကြက်တူရွေးမှာ နောက်လိုက်ခုနစ်ရာနီးပါးကို ကြည့်ရင်း ပျော်ရွှင်မြူးထူးနေသည်။ ၄င်းသည် တောင်ပံတဖျပ်ဖျပ်ခတ်ရင်း အမိန့်များပေးကာ ကျင့်ကြံသူများအား စတင်လေ့ကျင်တော့သည်။

အသားဂျယ်လီကတော့ ၄င်းကြည့်ရသည့်လူတစ်ယောက်ခေါင်းအပေါ်သို့ ပျင်းရိပျင်းတွဲပျံသွားရင်း ထုံးစံအတိုင်း ကြက်တူရွေးကို ပြစ်တင်ဝေဖန်နေ၏။

မန်ဟိုက ၄င်းတို့နှစ်ကောင်ကို ကောင်းကင်မှ ဆိုင်းမဆင့်ဗုံမဆင့် မိုးကြိုးပစ်ချတတ်သည့် အကြောင်းနှင့်ပတ်သက်၍ မေးကြည့်သည်။ သို့သော် သူအစဖော်လိုက်တိုင်း ကြက်တူရွေးနှင့်အသားဂျယ်လီမှာ တောင်ကြည့်မြောက်ကြည့်ကြည့်ပြီး ရုတ်တရက် ပျောက်သွားတတ်သည်။

နောက်ဆုံးတွင်တော့ မန်ဟိုသည် ကြက်တူရွေးကို ရည်ရွယ်ချက်ရှိရှိ ရန်စတော့သည်။ ဂုဏ်သိက္ခါကို စိန်ခေါ်ခံလိုက်ရသည်နှင့် ၄င်းက မန်ဟို့၏မျက်နှာကို အရုပ်ဆိုးသွားစေသော စကားအား လွှတ်ခနဲပြောလိုက်၏။ "အဲ့တော့ ဘာဖြစ်တုန်း" ၄င်းက ပြောသည်။ "သခင်ငါး မိုးကောင်းကင်ပြစ်ဒဏ်ကို အချိန်ဆွဲပေးခဲ့တာပဲလေ။ ဟုတ်တာပေါ့ မိုးကြိုး ခဏခဏ ပစ်ချလိမ့်မယ်။ မင်းကို သတ်မှာမဟုတ်ပါဘူး။ လျှပ်စီးတန်းနည်းနည်းပါးပါးလေးပဲကို"

ထို့နောက် ကြက်တူရွေးက တောင်ပံတဖျပ်ဖျပ်ခတ်ပြီး အလျင်အမြန်ပျံထွက်သွားသဖြင့် မန်ဟိုတစ်ယောက်သာ မဟာခေါင်းပိုင်ဆိုင်ခဲ့ဖူးသောအခန်းထဲတွင် တံခါးပိတ်ကျင့်ကြံလျက် ကျန်ရစ်ခဲ့သည်။

အချိန်များ လျှပ်တပြက်ကုန်ဆုံးသွားပြီး မကြာခင် လဝက်ကြာသွား၏။ ထိုလဝက်အတောအတွင်း ခေါင်းဆောင်ကြီးရွှေအလင်းဆိုသော နာမည်သည် အနက်ရောင်နယ်မြေတစ်ခွင်လုံး၌ ထင်ရှားကျော်ကြားလာသည်။ နာမည်က သိပ်ဝေးဝေးလံလံမပျံ့နှံ့သွားသော်လည်း ဒေသခံကျင့်ကြံသူတိုင်း ထိုနာမည်အား သိကြသည်။

ကျော်ကြားလာသောဂုဏ်သတင်းအရ ခေါင်းဆောင်ကြီးရွှေအလင်းက ကျင့်ကြံသူများအား သတ်ဖြတ်ရသည်ကို နှစ်သက်ခုံမင်သည်ဟူ၍။ သူက တာအိုမဏ္ဍိုင်များကို အရက်ချက်သောက်ပြီး အမြုတေများကို ဝါးမြိုကာ မည်သည့်မကောင်းမှုကို ကျူးလွန်သည်ဟုဆိုကြသည်။ ထိုကဲ့သို့ဖော်ပြချက်များမှာ နောက်ဆုံးတွင် လူတျုင်း သူ့အကြောင်းပြောတိုင်း ကြောက်လန့်လွန်း၍ မျက်နှာဖြူဆုပ်သွားသည်အထိ လွန်ကျူးသထက် လွန်ကျူးလာတော့သည်။

အကြင်နာမဲ့ကျင့်ကြံသူ၊ မျိုးဆက်တစ်ဆက်၏ ဦးဆောင်သူ ခေါင်းဆောင်ကြီးရွှေအလင်း။ ယခုတွင် သူ၏အာဏာစက်သည် နယ်မြေတစ်လွှား၌ ခိုင်မာစွာ အမြစ်တွယ်ပြီးလေပြီ။

အနက်ရောင်နယ်မြေသားများမှာ ပိုပို၍ ရင်မအေးနိုင်ဖြစ်လာကြသည်။ ပြီးခဲ့သည့်ဆက်ရက်က ကိုးပြည်ထောင်စု၏ မဟာမိတ်ဖြစ်ခဲ့ဖူးသော မျိုးနွယ်စုရှစ်စုထဲမှ တစ်စုသည် အနက်ရောင်နယ်မြေနန်းတော်၏ အလစ်တိုက်ခိုက်ခြင်းခံခဲ့ရသည်။ ၄င်းမှာ တစ်ယောက်မကျန် သုတ်သင်ခံခဲ့ရပြီး မြို့သည် ညတွင်းချင်း တစ်ပါးသူ၏လက်ထဲကျရောက်သွား၏။ ထို့နောက် အနက်ရောင်နယ်မြေနန်းတော်က အမိန့်တစ်ခုထုတ်ပြန်သည်။

ယခုကစပြီး အနက်ရောင်နယ်မြေအတွင်း၌ အာဏာစက်ဟူ၍ အနက်ရောင်နယ်မြေနန်းတော်သာ တည်ရှိတော့သည်ဟူ၍ ပြောထား၏။

စစ်ပွဲကြီး အမှန်တကယ် စတင်ခဲ့လေပြီ။

ရုတ်ရင်းဆန်ခတ်ဖြစ်နေမှုများနှင့် စိုးရိမ်သောကရောက်နေရသည့်အချိန်တွင် မန်ဟို့၏ အခြေစိုက်စခန်းသည် ရုတ်တရက် ခိုလှုံရာနေရာဖြစ်လာတယတော့သည်။ အမြုတေဖြစ်တည်မှုအဆင့်အပါအဝင် ကျင့်ကြံသူများစွာ သူနှင့်လာရောက်ပူးပေါင်းကြ၏။

ဤအခြင်းအရာများ ဖြစ်ပျက်သွားသည့် လဝက်အတောအတွင်း တုန်းလောမြို့မှာ ပိုပို၍ လူသူကင်းမဲ့လာသည်။ သူတို့သည် မန်ဟိုနှင့် သူ၏လူတစ်ထောင်နီးပါးရှိသောအဖွဲ့ကို ကျားတစ်ကောင် ၄င်း၏သားကောင်ကိုကြည့်နေသကဲ့သို့ လှမ်းကြည့်လာကြသည်။

ရက်အနည်းငယ်ကြာသော် "ရွှေအလင်းဘုရားကျောင်းတော်" ဆိုသောစကားလုံး ပျံ့နှံ့လာ၏။ ယခုတွင် တုန်းလော့မျိုးနွယ်စုအပြင် ၄င်းသည် တုန်းလော့မြို့ပတ်ဝန်းကျင််ရှိ အင်အားအတောင့်ဆုံးအဖွဲ့ဖြစ်လာတော့သည်။

ဤစစ်ပွဲကာလတွင် မန်ဟို့၏ လူတစ်ထောင်အဖွဲ့သည် ဆက်လက်ကြီးထွားလာ၏။ သူကား ဤနယ်မြေတစ်ကြောတွင် အာဏာအပြည့်အဝသက်ရောက်နေပြီဖြစ်သည်။

အမှန်တော့ မန်ဟိုသည် ဤအဖြစ်အပျက်အများစုအား ကောင်းကောင်းမသိပေ။ ကြက်တူရွေးနှင့်အသားဂျယ်လီသာ ကျင့်ကြံသူများစုဆောင်းရာတွင် အလွန်တရာ စိတ်ဝင်စားနေကြပုံရသည်။ အသားဂျယ်လီမှာ လူတစ်ထောင်ကို တစ်ပြိုင်တည်း သွန်သင်ပြောင်းလဲပေးရခြင်းက ၄င်းတစ်ခါမှမလုပ်ခဲ့ဖူးသောအရာဖြစ်ပြီး အတိတ်၊ ပစ္စုပ္ပန်နှင့် တမလွန်ဘဝများအကြောင်း ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ၊ အံံ့ဖွယ်ကောင်းသော အောင်မြင်မှုတစ်ရပ်ဖြစ်မည်ဟု ခံစားရနေရ၏။

ကြက်တူရွေးကတော့ သခင်ငါးကိုယုံကြည်၊ ထာဝရဘဝရမည်ဆိုသောစကားများ ရေရွတ်နေကြသော လူတစ်ထောင်၏အသံများကို နားထောင်ရင်း အမွှေးများ အဆုံးထိ ထောင်နေတော့သည်။

၄င်းမှာ ရက်အနည်းငယ်ကြာတိုင်း ကောင်းကင်မှ လျှပ်စီးတန်းကြီး ထိုးဆင်းလာပြီး မန်ဟို့ပစ်ချတတ်သည်ကို မေ့ပျောက်သွားပုံရသည်။

***

All Chapters