← Chapters

ခင်ဗျားက ဘယ်ကကောင်လဲ

Vol. 25 Ch. 346

ခင်ဗျားက ဘယ်ကကောင်လဲ

Vol. 25 Ch. 346

မန်ဟိုက ပဒုမ္မာဓားဝင်္ကပါကို ကြည့်လိုက်သည်။ ၄င်းသည် သူ့နောက်လိုက်နေသည့် ကျင့်ကြံသူများအား ကလိမ်ကျပြီး ရရှိခဲ့သော စာရွက်သုံးရွက်နှင့်စာအုပ်မှ အခြေခံသည်။ ၄င်း၏ပိုင်ရှင်က မည်သူဖြစ်သည်ကိုတော့ သူမသိပေ။

သို့သော် ထိုစာအုပ်ငယ်လေးက မန်ဟို့ကို ဉာဏ်အလင်းအမြောက်အမြားရရှိစေခဲ့သည်။ ယခင်က သူသည် ဓားများအား..... ဝင်္ကပါဖန်တီးနိုင်သည်ကို သဘောမပေါက်ခဲ့ဖူးပေ။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သူ၏လေ့လာမှုများသည် အရုပ်များ နှင့် စတုတ္ထတောင်မှ အမွေအနှစ်ဖြစ်သော အသေးစားဖန်ဘူးဖြင့်သာ ရပ်နေခြင်းမဟုတ်။ ဓားဝင်္ကပါများ လေ့လာရာ၌လည်း အချိန်များစွာပေးခဲ့၏။ စာရွက်သုံးရွက်နှင့်စာအုပ်မှာ စာသားမပါဘဲ ရုပ်ပုံများသာ ရှိသည်။ နားလည်နိုင်လျှင်တော့ နားလည်လိမ့်မည်။ နားမလည်နိုင်လျှင်တော့ ဘယ်တော့မှနားလည်တော့မည်မဟုတ်ပေ။

မန်ဟိုသည် သိပ်များများစားစား နားမလည်သော်လည်း သူလေ့လာခဲ့သည့်အရာအပေါ် အခြေခံ၍ ယခုကဲ့သို့ ပဒုမ္မာကြာကို ဖော်ဆောင်နိုင်သည်။ သို့ထိတိုင် ဓားဝင်္ကပါမှာ တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားကို ထုတ်လွှတ်နိုင်နေလေသည်။

ဤပဒုမ္မာကြာကဲ့သို့ ဝင်္ကပါတစ်ခု ဖော်ဆောင်ခြင်းက သူ့အား အလွန်တရာပြင်းထန်သော အချိန်စွမ်းအားကို ထုတ်ဖော်နိုင်စေသည်။

သူသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူတစ်ထောင်ကို ခေါင်းထဲမထည့်သော်လည်း သူတို့မှာတော့ သူ့ကို အာရုံစိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ မန်ဟိုသည် သူတို့၏ခေါင်းဆောင်ကြီး၊ ရွှေအလင်းဘုရားကျောင်းတော်၏ ဝိညာဥ်ဖြစ်သည်။ ခေါင်းဆောင်ကြီးရွှေအလင်းဆိုသော နာမည်က ဤနယ်မြေအပိုင်းအခြား၌ အမြင့်ဆုံးရာထူးသို့ ရောက်ရှိနေပြီဖြစ်သည်။

လူတိုင်းသည် မန်ဟို၊ လည်နေသောပဒုမ္မာကြာနှင့် ယိုယွင်းလာနေသောအဆောက်အအုံများကို ကြည့်ရင်း ရင်တဒိန်းဒိန်းခုန်လာ၏။ မဟာခေါင်း၏မျက်နှာမှာ ဖြူဆုပ်နေပြီး သူ၏အသက်ရှူသံမှာ ပုံမှန်မဟုတ်တော့ပေ။ သူ၏မျက်လုံးများသည် ပြင်းထန်သောအကြောက်တရားတို့ဖြင့် ပြည့်နှက်နေ၏။ ယခင်က သူသည် မန်ဟိုက စွမ်းအားအကုန်သုံး၍ သူ့အနောက်လိုက်ခဲ့သည်ဟု ထင်ထားခဲ့သော်လည်း ဤဓားဝင်္ကပါ၏ပုံစံက သူ့ကို ကြောက်ဒူးတုန်သွားစေသည်။

"ဘယ်လို အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူက ဒီလိုဓားဝင်္ကပါကို ခံနိုင်ရည်ရှိမှာတုန်း" သူက စိတ်နှလုံးတို့ အထိန်းအကွပ်မဲ့စွာ တုန်ရီနေလျက် တွေးလိုက်မိသည်။

ကြာပန်းသည် လည်ပြီး အချိန်က ကခုန်နေ၏။ ကောင်းကင်နှင့်မြေကြီး တုန်လှုပ်သွားပြီး ပတ်ဝန်းကျင်ရှိအရာအားလုံး ပြိုကျပျက်စီးလာသည်။ မန်ဟို့အတွက် အများ၏အာရုံစိုက်ရာ မဖြစ်ဘဲမနေပေ။

ကြက်တူရွေးက ထူးထူးဆန်းဆန်း အံ့သြတကြီးကြည့်နေ၏။ ၄င်းသည် မောဟိုင်ပင်ပန်းစွာ အသက်ရှူရင်း ပဒုမ္မာဓားဝင်္ကပါကို မမှိတ်မသုန်ကြည့်နေသည်။ ၄င်းဘေးက အသားဂျယ်လီမှာလည်း မျက်လုံးကြီးပြူးလျက် ပါးစပ်အဟောင်းသားဖြစ်နေသည်။

၄င်းတို့နှစ်ကောင်မှာ စာအုပ်ကို သတိမထားမိခဲ့၍ ကျင့်ကြံသူတစ်ထောင်ကို စီမံကွပ်ကဲရာတွင် အာရုံစိုက်နေခဲ့ကြသည်။ မန်ဟိုနှင့် သူ၏ ဓားဝင်္ကပါများအား လေ့လာနေမှုကို အရေးမလုပ်ခဲ့ပေ။ ၄င်းတို့က အကြည့်ချင်းဖလှယ်လိုက်ရာ မျက်လုံးထဲရှိ အံသြတုန်လှုပ်မှုကို အချင်းချင်းသတိပြုမိလိုက်သည်။

"ဒီပဒုမ္မာဓားဝင်္ကပါအကြောင်း တစ်ခါမှမကြားဖူးခဲ့ဘူး" ကြက်တူရွေးက မျက်တောင်ခတ်ရင်း ပြောသည်။ "ဒါပေမဲ့... ဒါကိုကြည့်ပြီး ကြက်သီးတောင်ထတယ်...."

"ဒါကြီးက မိုက်မဲလွန်းတယ်" အသားဂျယ်လီက တည်ကြည်လေးနက်စွာ ဆိုသည်။ "ဒီလို မကောင်းဆိုးဝါးဓားဝင်္ကပါက ကြီးစိုးခြယ်လှယ်လွန်းတယ်။ အရှိန်အဝါက ထူးဆန်းလွန်းတယ်။ ဖျက်စီးပစ်ရမယ်။ ဒီလိုအရာမျိုးက ရှိတောင်မရှိသင့်ဘူး"

"သခင်ငါး ဒီသခင်အကြောင်း ကောင်းကောင်းမသိသေးပါလား......" ကြက်တူရွေးက ရေရွတ်လိုက်သည်။

ထိုအချိန်တွင် ကျင့်ကြံသူတစ်ဖွဲ့က ပဒုမ္မာဓားဝင်္ကပါကိုကြည့်ရင်း ချိုင့်ဝှမ်း၏အစပ်တွင် ပျံဝဲနေသည်။ သူတို့ထဲကတစ်ယောက်သည် အဘိုးကြီးတစ်ဦးဖြစ်၏။ သူက မျက်လုံးများ စူးရှသောအလင်းရောင်ဖြင့် တောက်ပနေလျက် ဂရုတစိုက်ကြည့်နေသည်။

ဤသည်မှာ ကြက်တူရွေးကို မကျေမနပ်ဖြစ်ခဲ့သော တုန်းလောမျိုးနွယ်စု၏ အနုသုခုမရုပ်ခန္ဓာအဆင့် ခေါင်းဆောင်ကြီး သုံးဦးထဲက တစ်ဦးဖြစ်သည်။ သူ့အနောက်တွင် တုန်းလော့လင်း၊ တုန်းလော့ဟန်နှင့်အတူ တုန်းလော့မျိုးနွယ်ကျင့်ကြံသူများရှိသည်။

သူတို့အားလုံးက တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်အောက် ကျင့်ကြံသူများမှာ ဓားဝင်္ကပါမှ ထုတ်လွှတ်နေသော လှိုင်းများကို ကြည့်ပြီး တုန်လှုပ်နေကြ၏။ အတွင်း၌ တည်ရှိနေသော ပျက်စီးခြင်းစွမ်းအားကို သူတို့မြင်နေကြရသည်။ တောင်များ အိုမင်းလာပြီး မြေကြီးပင်လျှင် ရှေးကျလာပုံရသည်။

ဤအခိုက်အတန့်တွင် မန်ဟို့၏မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်၏။ ပဒုမ္မာဓားဝင်္ကပါကား တုန်းလော့မျိုးနွယ်ကျင့်ကြံသူများထံ လေကိုခွင်း၍ ဦးတည်သွားသည်။

ခေါင်းဆောင်နေရာရှိ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူက လက်ကို ချက်ချင်းဝှေ့ယမ်းလိုက်သည်။ တလက်လက်ထနေသော အကာအကွယ်တစ်ခုက သူ၏အနောက်၊ တုန်းလော့မျိုးနွယ်ကျင့်ကြံသူများ၏ အရှေ့တည့်တည့်တွင် ပေါ်လာသည်။

မန်ဟို့၏ မျက်နှာအမူအရာက ဘယ်သောအခါမှ မပြောင်းလဲပေ။ သူ၏ညာလက်သည် ဂါယာမန္တယားဆိုင်ရာမုဒြာဟန် လှုပ်ရှားသွားပြီးနောက် ဓားဝင်္ကပါထံ လက်ချောင်းတစ်ချောင်းကို ဝှေ့ယမ်းလိုက်သည်။ ဝီခနဲ မြည်သွား၏။ ကြာပန်းကား မလည်တော့ဘဲ သစ်သားအချိန်ဓားဆယ်လက်သည် အနုသုခုမရုပ်ခန္ဓာအဆင့်အဘိုးကြီးထံ ပြေးဝင်သွားသော အလင်းတန်းဆယ်တန်းအသွင်ပြောင်းသွားသည်။

ထိုလူ၏မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး သူက ညာလက်သီးကို လေပေါ်မြှောက်လိုက်သည်။ ထို့နောက် ၄င်းကို ဖြေးဖြေးချင်း ပြန်ဖြန့်ပြီး ပြောသည်။ "တည်ငြိမ်လိုက်"

သူ၏ပါးစပ်မှ ထိုစကားလုံး ထွက်သွားသည်နှင့်တစ်ပြိုင်နက် လေထုသည် ပုံပျက်သွားပုံရသည်။ အုန်းခနဲပေါက်ကွဲသံကြီး ရိုက်ညောင်းသွားပြီး မြေပြင်တုန်ခါသွားသည်။ အချိန်ဓားများသည် ရှေ့သို့တစ်လက်မလေးပင် မပျံသန်းနိုင်တော့သကဲ့သို့ တုံ့ခနဲရပ်သွားသည်။ သို့သော် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ မျက်နှာကွက်ခနဲ ပျက်သွား၏။

သူ့အနောက်ရှိ အကာအကွယ်မှာ ရှေးပဝေဏသီကတည်းက တည်ရှိနေခဲ့သည့်အလား အစိတ်စိတ်အမြွှာမြွာ ပြိုကျလာသည်။ ၄င်းကို ပြိုကျလာစဥ် ထိုအဘိုးကြီး၏မျက်နှာမှာ ရုတ်တရက် ရွတ်တွလာ၏။

ကြည့်သရွေ့ သူ၏သက်တမ်းမှာ စုပ်ယူခံနေရပုံထောက်သည်။ သူမျက်နှာပျက်နေစဥ်မှာပင် မန်ဟိုက ညာလက်ကိုဝှေ့ယမ်းလိုက်သည်။ ဓားဆယ်လက်က သူ့ထံ ချက်ချင်းပျံလာပြီး ပျောက်ကွယ်သွား၏။

မန်ဟိုက ထရပ်လိုက်သည်။ သူ၏နက်မှောင်သောဆံနွယ်များက လေတွင်မျောလွင့်နေပြီး သူ၏အစိမ်းရောင်ဝတ်ရုံရှည်က ကြော့ရှင်းပြီး ပညာရှိဆန်သောအသွင် ရှိနေစေသည်။ သူ၏ ခံ့ညားသောပုံပန်းသွင်ပြင်တွင် စာပေသမားတစ်ယောက်၏ ဂုဏ်သိက္ခါနှင့် ကျင့်ကြံသူတစ်ယောက်၏ မာန်မာနတို့ပါဝင်နေသည်။ "ကျုပ် စောနလေးကမှ မန္တန်ဝင်္ကပါတွေ စမ်းကြည့်နေတာ" သူက အေးတိအေးစက်ပြောသည်။ " နည်းနည်း သတိလက်လွတ် ဖြစ်သွားမိတယ်။ စီနီယာကြီး ခွင့်လွှတ်ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်"

ဤအခိုက်အတန့်မှ ကျင့်ကြံသူတစ်ထောင်မှာ အနီးနားရှိတောင်တန်းများအပေါ်၌ တုန်းလော့မျိုးနွယ်ကျင့်ကြံသူများ ပေါ်လာခဲ့သည်ကို သတိထားမိခြင်းဖြစ်သည်။ ကျင့်ကြံသူတစ်ထောင်၏ မျက်လုံးများ တောက်ပလာပြီး သူတို့၏စွမ်းအားအရှိန်အဝါများက အတူတကွပေါင်းစည်း၍ ချေမှုန်းခြင်းဖိအားကို အဘက်ဘက်သို့ ပျံ့နှံ့သွားစေသည်။

ဤမြေသည် သူတို့၏ဂိုဏ်း၊ အပြင်လူများ ခွင့်ပြုချက်မရှိဘဲ ဝင်ခွင့်မရှိသော နေရာဖြစ်သည်။ မည်သည့်ဧည်သည့်မဆို သူတို့ကိုယ်သူတို့ ထုတ်ဖော်၍ ဝတ္တရားအရ ဝင်ရောက်ခွင့်ပေးရန် တောင်းဆိုသင့်သည်။ သို့သော် တုန်းလော့မျိုးနွယ်စုကား ခွင့်မတောင်းဘဲ ပေါ်လာခဲ့လေပြီ။

သူတို့က မကောင်းသောရည်ရွယ်ချက်များဖြင့် လာရောက်ခဲ့ကြောင်း သိသာထင်ရှားသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်က အဖွဲ့ကို ဦးဆောင်လာသည့်အချက်က ပို၍ပေါ်လွင်စေသည်။

" အဲ့ဒီအတွက် မပူပါနဲ့" အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူက ခပ်ဟဟရယ်ပြီး ပြောသည်။ "မောင်ရင် ကိုယ့်ကိုကိုယ် အပြစ်တင်စရာမလိုပါဘူး" သူက တုန်းလော့မျိုးနွယ်ဝင်ဒါဇင်များစွာဖြင့် ချိုင့်ဝှမ်းထံ ချီတက်လာသည်။ သူရှေ့သို့ ရွေ့လျားနေစဥ် သူ၏မျက်နှာထားက ပုံမှန်သာ ဖြစ်သော်လည်း ရင်ထဲတွင်တော့ အံ့သြတုန်လှုပ်ခြင်းတို့ ပြည့်နှက်နေသည်။ ဤကျင့်ကြံသူတစ်ထောင်၌ မတူကွဲပြားသော ကျင့်ကြံခြင်းအခြေခံများရှိသည့်တိုင် သူတို့က တစ်သားတည်းဖြစ်သည်ဆိုသော ခံစားချက်ကိုပေးနေ၏။

ထိုခံစားချက်က အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူကို အံ့အားသင့်သွားစေသည်။ ထို့နောက် သူသည် ပတ်ဝန်းကျင်ရှိ ပျက်စီးယိုးယွင်းနေသော အဆောက်အအုံများကို ကြည့်ပြီး ရုတ်တရက် အတန်ငယ်တွန့်ဆုတ်သွားမိသည်။

သူ့ကို တွန့်ဆုတ်စေသည့်အရာမှာ မန်ဟို့၏ကျင့်ကြံခြင်းအခြေခံမဟုတ်ဘဲ သူ ယခုလေးတင် အသုံးပြုခဲ့သော ဓားဝင်္ကပါကြောင့်ဖြစ်သည်။

"ဒီဓားဝင်္ကပါက သက်တမ်းကိုစုပ်ယူနိုင်တယ်...." အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူမှာ ဤနေရာသည် လုံးဝထူးဆန်းနေသည်ဟူသောခံစားချက်ကို မဖယ်နိုင်ဖြစ်နေ၏။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ တန်ဖိုးအထားဆုံးအရာနှစ်ခုမှာ သူတို့၏အသက်နှင့် သက်တမ်းဖြစ်သည်။

သူတို့တွင် ရှည်လျားသောသက်တမ်းရှိသည်ဖြစ်သော်လည်း အနည်းငယ်လေးလျော့သွားရုံနှင့် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလေသည်။

မူလအစီအစဥ်က ဤနေရာသို့ခရီးနှင်၍ မန်ဟိုနှင့်သူ၏နောက််လိုက်အပေါင်းအပါများကို တုန်းလော့မျိုးနွယ်စုသို့ အတင်းအဓမ္မဝင်ရောက်စေရန် ဖြစ်သည်။ အကယ်၍ငြင်းဆန်လျှင် တုန်းလော့မျိုးနွယ်စုသည် အင်အားသုံးမည်ဖြစ်သည်။

မန်ဟိုသည် ဤနယ်မြေတစ်ကြောတွင် သြဇာလွှမ်းမိုးလာခဲ့သည့်အတွက် တုန်းလော့မျိုးနွယ်စုအား ယခုကဲ့သို လှုပ်ရှားစေခဲ့ခြင်းပင်။

သို့သော် အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူ၏ရင်ထဲ၌ တွန့်ဆုတ်မှုများ ပြည့်နှက်သွားရန် တခဏသာကြာလိုက်သည်။ သူသည် စောစောက မန်ဟို့၏ ပဒုမ္မာဓားဝင်္ကပါနှင့် ထိရုံလေးသာထိခဲ့သော်လည်း သက်တမ်းလပေါင်းများစွာ ဆုံးရှုံးခဲ့ရကြောင်း ပြောနိုင်၏။

နောက်ထပ်အကြောင်းရင်းတစ်ခုက ကြက်တူရွေး ပျံသန်းနေသည်ကို သူမြင်လိုက်၍ပင်။ ရုတ်တရက် သူ့မှာ သက်ပြင်းခိုးချလိုက်သည်။ ယခုတွင်တော့ ထိုကြက်တူရွေးသည် တုန်းလော့မြို့မှာတုန်းက သူရင်ဆိုင်ခဲ့ရသည့် ပညာရပ်တစ်မျိုးဖြင့် အသွင်ပြောင်းထားသော ဗလတောင့်တောင့်နှင့်လူဖြစ်ကြောင်း အတော်လေးသေချာသွား၏။

သို့သော် ဤအရာအားလုံးက သူ့ကို တွန့်ဆုတ်ရုံလေးသာ ဖြစ်စေသည်။ ၄င်းတို့က တုန်းလော့မျိုးနွယ်စု ချထားသည့် အစီအစဥ်ကိုတော့ စွန့်လွှတ်စေခြင်းငှာ မစွမ်းနိုင်ပေ။ သူသည် မန်ဟို့ထံမှ မီတာသုံးဆယ်သာ ကွာဝေးသည့်နေရာအထိ ချီတက်သွားပြီး ရပ်လိုက်သည်။ သူက မန်ဟို့ကို စိုက်ကြည့်လိုက်စဥ် သူ၏မျက်လုံးများ၌ ရန်လိုသောအရိပ်အယောင်တစ်ခု ဖျတ်ခနဲ လက်သွားသည်။

သူသည် လက်နှစ်ဖက်ကို နောက်ပစ်ရင်း အေးဆေးစွာပြော၏။ "ကံဆိုးစွာနဲ့ မောင်ရင်ရယ်၊ မင်းရဲ့ မတော်တဆလုပ်ရပ်တွေအကြောင်း သတင်းပြန့်သွားရင် ငါ့သိက္ခါကို ထိခိုက်လိမ့်မယ်" သူက မန်ဟို့ကို အဓိပ္ပါယ်ပါပါကြည့်သည်။ "ငါ ဒီနေ့ ဒီကိုဘာလို့လာလဲ မင်းသိပြီးသားလို့ ယူဆတယ်။ ကျေးဇူးပြုပြီး အဖြေပေးပါ။ ဒီနေ့ ဒီမှာဘာဖြစ်မလဲဆိုတာ မင်းအပေါ်မူတည်တယ်" သူ၏စကားလုံးများက အမိန့်သဘောဆန်သောအငွေ့အသက်ဖြင့် ပြည့်နေသည်။ သူ့အနောက်တွင် အဘက်ဘက်သို့ ရန်လိုစွာကြည့်နေကြသော တုန်းလော့မျိုးနွယ်ဝင်များရှိသည်။

တုန်းလော့ဟန်တွင်သာလျှင် အားတုံ့အားနာဖြစ်နေသောအရှိန်အဝါရှိ၏။ သူ့ဘေးရှိ တုန်းလော့လင်းမှာတော့ မောက်မာမှု၏ပြယုဂ်ပင်။ သူမသည် အထင်သေးသောအမူအရာဖြင့် မန်ဟို ခေါင်းညိတ်သဘောတူမည်ကိုသာ စောင့်ရင်း မုန်းတီးစွာကြည့်နေသည်။

အဘိုးကြီး၏ စကားလုံးများ ပဲ့တင်ထပ်နေစဥ် ပုံရိပ်တစ်ခုပြီးတစ်ခု ချိုင့်ဝှမ်းပတ်ပတ်လည်ကို ဝန်းရံလျက် ရုတ်တရက်ပေါ်လာကြသည်။ သူတို့သည် ချိုင့်ဝှမ်းအထဲသို့ မဝင်ရောက်ဘဲ ရပ်နေကြသော်လည်း သူတို့ဆီမှ ချေမှုန်းခြင်းဖိအားက ဒေသခံကျင့်ကြံသူတစ်ထောင်အပေါ် တဖြေးဖြေးသက်ရောက်လာ၏။

ကြက်တူရွေးက ဘေးဘီဝဲယာကို မတူမတန်သလို ကြည့်လိုက်သည်။ အသားဂျယ်လီကတော့ လောလောဆယ်တွင် ကြောက်ဒူးတုန်နေသော ဟွမ်ဒရှန်း၏ခေါင်းပေါင်တွင် နားနေ၏။ ဖြောင့်မတ်တည်ကြည်သောအသွင်က ၄င်း၏မျက်နှာကို ဖုံးလွှမ်းနေပြီး ၄င်းသည် လူဘယ်နှစ်ယောက် ဝိုင်းထားသည်လဲ ရေရွတ်နေသည်။

သို့သော် မည်မျှရေတွက်နေစေကာမူ.....သုံးယောက်ထက်မပိုပုံရသည်။ (အသားဂျယ်လီက သုံးအထိပဲ ရေရွတ်နိုင်ပါတယ်)

ကျင့်ကြံသူတစ်ထောင်မှာတော့ စိုးရိမ်သောကရောက်လာသည်။ မဟာခေါင်းတစ်ယောက်သာလျှင် အံကြိတ်ပြီး တစ်ကိုယ်တည်းရေရွတ်နေ၏။ "ဒီတုန်းလော့မြို့သားတွေကတော့ တခြားဘယ်သူ့ကိုမဆို ရန်စနိုင်ပေမယ့် ဒီလူမဟုတ်တဲ့အယုတ်တမာကောင်ကို ရန်စဖို့ ရွေးချယ်လိုက်ပါလား...."

မန်ဟိုက အရှေ့ရှိ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူကို တည်ငြိမ်စွာ ကြည့်သည်။ ထိုသူ၏ကျင့်ကြံခြင်းအခြေခံမှာ အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်တွင်ဖြစ်သည်။ သူသည် ပြင်းထန်သောဖိအားကို ထုတ်လွှတ်ရင်း တောင်ကြီးသဖွယ် ရပ်နေ၏။ သူက ကျင့်ကြံသူတစ်ထောင်ကို ပိုင်သည့်အလား၊ သူ၏အတွေးလေးတစ်ချက်ဖြင့်သူတို့၏သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်သည့်အလား တွေးထင်နေသည်။

မန်ဟိုက မပြောင်းလဲသောမျက်နှာထားဖြင့် မေးသည်။ "တုန်းလော့မျိုးနွယ်နဲ့ပူးပေါင်းရင် ကျုပ်ဘာအကျိုးအမြတ်ရမှာလဲ" သူကား ပတ်ပတ်လည်ရှိ တောင်တန်းများအပေါ်တွင် ရပ်နေသော လူများကို သတိပင်မထားသည့်အလားပင်။

"တုန်းလော့မျိုးနွယ်စုရဲ့ အရန်အဖွဲ့ခွဲဖြစ်လာရင် မင်း ဒီနေရာကို သိမ်းပိုက်ခွင့်ရှိတယ်" အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူက အေးအေးဆေးဆေးပြောသည်။ "တုန်းလော့မျိုးနွယ်စုကနေ ငွေကြေးအထောက်အပံ့လည်း ရနိုင်မယ်။ ဟုတ်တာပေါ့ မျိုးနွယ်စုရဲ့ ဆေးကိုတော့ သောက်ရမယ်။ အချိန်တန်ရင် ငါတို့ သေချာပေါက်ပြန်ဖြေပေးမှာပါ" မန်ဟို အရှုံးပေးလိမ့်မည်ဟု သူသေချာသည်။ အမှန်တွင် ရွေးချယ်စရာ တစ်ခုတည်းသာ ရှိ၏။ မန်ဟိုအနေဖြင့် တခြားရွေးချယ်ရန် လုံလောက်သောအစွမ်းအစမရှိပေ။

အနက်ရောင်နယ်မြေရှိ လက်ရှိအကျပ်အတည်းများကို စဥ်းစားကြည့်လျှင် တုန်းလော့မျိုးနွယ်စုအတွက် ဤသို့လုပ်ရန်မှတစ်ပါး ရွေးချယ်စရာမရှိသလောက်ရှား၏။ နေရာအနှံ့အပြားဖြစ်ပျက်နေသော ရုန့်ရင်းဆန်ခတ်အခြေအနေများကြောင့် သူတို့နှင့် ဆန္ဒအလျောက်ပူးပေါင်းမည့်သူမရှိပေ။ မကြာသေးမီက သူတို့၏လူသစ်စုဆောင်းမှုရလဒ်များမှာ ဆိုးရွားခဲ့၏။ မန်ဟိုနှင့် သူ၏နောက်လိုက်တစ်ထောင်မှာ သိုးငယ်လေးများနှင့်တူသည်။ ထိုမျှသာမက မန်ဟို့၏ကျင့်ကြံခြင်းအခြေခံမှာ စိတ်ပူစရာလိုသည်အထိ မမြင့်မားပေ။ သူ၏တပ်အင်အားက လောလောဆယ်တွင် တောင့်တင်းလျှင်တောင်မှ သူ့ကို သုတ်သင်ဖို့က သိပ်ခက်ခဲမည်မဟုတ်ပေ။

"ငါ မင်းကို စဥ်းစားဖို့ အသက်သုံးရှိုက်ပေးမယ်" အဘိုးကြီးက အင်္ကျီလက်စခါရင်း ပြောသည်။ "မင်းက ထက်မြက်တဲ့လူတစ်ယောက်ပါ ဘယ်ဟာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်လဲဆိုတာ မင်းသိသင့်တယ်။ မင်း အညံ့မခံချင်ရင်တောင်မှ အညံ့ရလိမ့်မယ်"

"ခင်ဗျားက ဘယ်ကကောင်လဲ" မန်ဟိုက ယခင်မျက်နှာထားအတိုင်း အေးစက်စက်မေးလိုက်သည်။ "တုန်းလော့မျိုးနွယ်စုက ခေါင်းဆောင်အသစ်လိုက်ရှာနေတာလား"

***

All Chapters