← Chapters

မှော်​မြူပင်လယ်

Vol. 25 Ch. 347

မှော်​မြူပင်လယ်

Vol. 25 Ch. 347

မန်ဟို့၏စကားလုံးများက မိုးထစ်ခြုန်းသံသဖွယ် ဟိန်းထွက်သွားသည်။

အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူသာ မျက်လုံးပြူးသွားခြင်းမဟုတ်၊ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူတစ်ထောင်လည်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။

စကားလုံးများ ပဲ့တင်ထပ်သွားသည့်အချိန်မှာ မဟာခေါင်းတစ်ယောက် မန်ဟို့၏ကံခေမှု လက်ခမောင်းခတ်နေသည့်ခုလတ်ဖြစ်သည်။ သူ့မှာ မျက်လုံးကြီးပြူး၊ ပါးစပ်အဟောင်းသား ဖြစ်သွား၏။ သူ့အမြင်အရ မန်ဟို့၏စကားလုံးများက ရင့်သီးလွန်းသည်။

တုန်းလော့လင်း၏မျက်ဝန်းလေးများ ဝိုင်းစက်သွားသည်။ လူတစ်ယောက်က ဤမျှရိုင်းစိုင်းမောက်မာနိုင်လိမ့်မည်ဟု သူမတစ်ခါမှမတွေးခဲ့ဖူးပေ။ တုန်းလော့ဟန်လည်း တအံ့တသြပြူးကြည့်နေမိသည်။ အခြားတုန်းလော့မျိုးနွယ်ကျင့်ကြံသူအားလုံးမှာလည်း မယုံနိုင်သလို ကြည့်နေကြသည်။

အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူက တဟားဟားရယ်တော့သည်။ သူ၏ရယ်သံက ကျယ်သထက်ကျယ်လာပြီး သူ၏မျက်နှာထားမှာ ပို၍ခက်ထန်လာသည်။ သူ၏အသတ်အဖြတ်စိတ်ဆန္ဒသည် အချိန်အတော်ကြာကတည်းက ပေါ်ထွက်နေပြီးဖြစ်၏။

"လူကလေး မင်းတော့ မိုးကောင်းကင်၏အမြင့်နဲ့ မြေကြီးရဲ့အနက်ကို တကယ်မသိသေးဘူးပဲ။ ကဲပါလေ သေချင်နေမှတော့ မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့" သူက စကားပြောရင်း မန်ဟို့ထံ လျှောက်လာသည်။

ချိုင့်ဝှမ်းကို ဝန်းရံလျက်ရှိသည့် တောင်တန်းများအပေါ်က တုန်းလော့မျိုးနွယ်ဝင်များလည်း တစ်ပြိုင်တည်း အလင်းတန်းအသွင်ပြောင်းပြီး ထိုးဆင်းလာကြသည်။

သို့သော် သူတို့လှုပ်ရှားလိုက်သည်နှင့် လေလယ်တွင် ပျံဝဲနေသော ကြက်တူရွေးက ရုတ်တရက် ခပ်စူးစူးအသံဖြင့် အော်လိုက်သည်။ "နေရာယူကြ"

ထိုအသံစူးစူးက ကျင့်ကြံသူတစ်ထောင်၏နားထဲ ထိုးဖောက်ဝင်ရောက်သွားသည်။ ချက်ချင်းပင် အစကတည်းက မန်ဟို့နှင့်အတူ ရှိခဲ့သော ကျင့်ကြံသူတစ်ရာကျော်သည် အလိုအလျောက် စပြေးတော့သည်။ သူတို့၏အပြုအမူက အခြားကျင့်ကြံသူများကို လှုံ့ဆော်လိုက်သည်။ သူတို့မှာ ကြက်တူရွေးနှင့်အတူ ဤအတတ်ကို ရက်ပေါင်းများစွာ လေ့ကျင်နေခဲ့ရ၏။ ခက်ခဲပါသော်လည်း သူတို့သည် မန္တန်အစီအရင်နှင့် ရင်းနှီးစပြုနေပြီဖြစ်သည့်အပြင် အခြားသူများနှင့် တညီတညွတ်တည်း လုပ်ဆောင်ခြင်းက ပို၍လွယ်ကူရိုးရှင်းစေလေသည်။

ကျင့်ကြံသူများ စပြေးသည်နှင့်တစ်ချိန်တည်းမှာပင် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူက မန်ဟိုထံ ချဥ်းကပ်လာနေ၏။ သူ၏ညာလက်ဝါးက မြောက်တက်သွားပြီးနောက် လက်သီးဆုပ်လိုက်သည်။ မန်ဟို့ပတ်လည်ရှိ လေထုက မန်ဟို့အပေါ် ဖိနှိပ်ရင်း လျင်မြန်စွာကျုံ့လာ၏။

မန်ဟို၏မျက်လုံး စူးရှတောက်ပသွားသည်။ အဘိုးကြီး သူ့အနားရောက်လာသည်နှင့် ပဒုမ္မာဓားဝင်္ကပါ ရုတ်တရက်ပေါ်လာပြီး ရှေ့ထွက်သွားသည်။ ဘန်းခနဲ မြည်ဟည်းသွားပြီး ထိုသို့ဖြစ်ပျက်သွားစဥ်မှာပင် မန်ဟိုက မယုံကြည်နိုင်ဖွယ်စွမ်းအားကြီးဖြင့် ညာလက်ကို တွန်းထုတ်လိုက်သည်။

အဘိုးကြီးမျက်မှောင်ကြုတ်သွား၏။ သူက ရုတ်တရက် သွားနေရာမှ ရပ်ပြီး မန်ဟို၏ဓားဝင်္ကပါကို တိမ်းရှောင်ရင်း ပျောက်ကွယ်သွားသည်။ ထို့နောက် သူသည် အထင်သေးသောမျက်နှာထားဖြင့် မန်ဟို့အနောက်တွင် ပြန်ပေါ်လာသည်။ သူက ဘယ်လက်ကို ဆန့်ထုတ်ပြီး လက်သီးဆုပ်လိုက်သည်။ "အက်ကွဲလိုက်စမ်း"

နောက်ထပ်ပေါက်ကွဲသံကြီး ဟိန်းထွက်သွားပြီး မန်ဟို့ပတ်လည်ရှိ လေထုသည် သူ၏ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခွဲဖြတ်ရင်း အက်ကွဲသွား၏။

"အခု အမြုတေဖြစ်တည်မှုအဆင့်နဲ့ အနုသုခုမရုပ်ခန္ဓာအဆင့်ရဲ့ ကွာခြားချက်ကို သိပြီလား" အဘိုးကြီးက ပြောသည်။ "မင်းမှာ အံဖွယ်ဓားဝင်္ကပါ မကလို့ ညာလက်သီးမှာ ထူးဆန်းတဲ့စွမ်းအားပဲ ရှိနေပါစေ အရေးမကြီးဘူး။ ဒီလို....ဟမ်" ဝေဖန်နေရင်းတန်းလန်း အဘိုးကြီး၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး အံ့သြခြင်းတို့ ပြည့်နှက်သွားသည်။

အကြောင်းမူ မန်ဟို့၏ခန္ဓာကိုယ်က အရိုးနှင့်အသားအပိုင်းအစများအဖြစ် စုတ်ပြဲသွားခြင်းမဟုတ်ဘဲ ချီအဖြစ်ပြိုကွဲသွား၍ပင်။

"ကိုယ်ပွားလား။ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူတစ်ယောက်မှာ ဘယ်လိုလုပ် ကိုယ်ပွားရှိနေနိုင်တာလဲ" သူက မျက်နှာပျက်ယွင်းနေလျက် ချာခနဲ လှည့်လိုက်သည်။ သူထိုသို့လှည့်လိုက်သည့်အချိန်မှာပင် အထဲ၌ မီတာသုံးဆယ်အမြင့်ရှိ အရိပ်ကြီးများ ဟိုဟိုသည်သည်ပြေးလွှားလျက်ရှိသော မြူထုကို မြင်လိုက်ရသည်။

သူနှင့်အတူ ဤနေရာသို့ လိုက်လာခဲ့သော မျိုးနွယ်ဝင်များအား မည်သည့်နေရာတွင်မှ မမြင်ရတော့ပေ။

"ဒါက.... " အဘိုးကြီး၏မျက်နှာ အတော်လေးအရုပ်ဆိုးနေတော့သည်။ သူထောင်ချောက်မိသွားသည်ကို နားမလည်လျှင်တော့ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူဖြစ်ရန် မထိုက်တန်ပေ။

"ဒီ ဘာမှမဟုတ်တဲ့ မန္တန်အစီအရင်က ငါ့ကို မချုပ်နှောင်နိုင်ဘူး" သူက အေးစက်စက်နှာမှုတ်ပြီး အသေးစားနေရာရွှေ့ပြောင်းခြင်းအား ထပ်မံအသုံးပြုလိုက်သဖြင့် သူ၏ခန္ဓာကိုယ်မှာ ရိပ်ခနဲ ပျောက်ကွယ်သွားသည်။ သူပြန်ပေါ်လာသောအခါ သူ၏မျက်နှာကို အံ့သြတုန်လှုပ်ခြင်းတို့က နေရာလပ်မကျန် စိုးမိုးနေတော့သည်။ အဘယ်ကြောင့်ဆိုသော် အဆုံးမဲ့သောမြူထုက သူ့အား ဝန်းရံလျက်ရှိသေးသည်ကို တွေ့ရှိလိုက်၍ပင်။

"အသေးစားနေရာရွှေ့ပြောင်းခြင်းက အလုပ်မဖြစ်ဘူးပဲ....." အဘိုးကြီးက ဝါးပေလွှာတစ်ခုထုတ်ရန် သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ သူသည် ၄င်း၏မျက်နှာပြင်ကို ပွတ်ကာ မီးလောင်စေလိုက်သည်။ မီးတောက်နှင့်အခိုးအငွေ့များအတွင်းမှ ဟိန်းဟောက်သံတစ်သံ ထွက်လာသည်။ ၄င်းသည် ရက်စက်ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင်၏ တစ္ဆေပုံရိပ်အသွင်ပြောင်းပြီး မြူထုထံသို့ ပြေးဝင်သွား၏။

"ချိုးဖျက်လိုက်" အဘိုးကြီးက အော်သည်။

ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားသဖြင့် တုန်းလော့လင်းနှင့် ကျန်သူများမှာ မြူထုကို ကြောက်လန့်တကြားကြည့်လိုက်ကြသည်။ သူတို့အားလုံးမှာ လူစုကွဲသွားခဲ့ကြပြီး ရံဖန်ရံခါ မချိတင်ကဲအော်ဟစ်သံများအား ကြားရတတ်လေသည်။

တောင်တန်းများမှ ထိုးဆင်းလာကြသော တုန်းလော့မျိုးနွယ်ဝင်များအားလုံး အံ့သြတုန်လှုပ်နေကြသည်။ မြူထဲ ဝင်သွားသည့်မည်သူမဆို အစမရှာမရတောင် ပျောက်သွားလေပြီ။ မြူထဲ မဝင်ရသေးသည့် ကျင့်ကြံသူများမှာတော့ ချိုင့်ဝှမ်းကိုငုံ့ကြည့်ရင်း အသက်ပြင်းပြင်းရှူနေကြသည်။ ဤအခိုက်အတန့်တွင် ချိုင့်ဝှမ်းသည် မြူပင်လယ်ကြီးဖြစ်လာခဲ့သည့်အလားပင်။

မြူများက ချိုင့်ဝှမ်းတစ်ခုလုံးတွင် ပြည့်နှက်နေ၏။

အဆိုပါ တလိပ်လိပ် အုံကြွလှုပ်ရှားနေသော မြူထုအတွင်းတွင် ဟိုဟိုသည်သည်ပြေးလွှားနေသော တစ္ဆေပုံရိပ်ကြီးများကို မြင်နိုင်၏။ ပုံရိပ်များက တစ်စုံတခုကို ရွတ်နေပုံရသော်လည်း ရှင်းလင်းစွာမကြားရပေ။ ၄င်းတို့ပြေးလွှားနေခြင်းက မြေကြီးကို တသိမ့်သိမ့်တုန်ခါနေစေသည်။ မိုးကောင်းကင်မှာလည်း မှေးမှိန်လာပြီးတိမ်တိုက်များ စုဝေးလာကြသည်။

မြူအတွင်းသို့ ဆွဲသွင်းမခံခဲ့ရသည့် တုန်းလော့မျိုးနွယ်ဝင်များမှာ ဆုတ်ခွာရန် ပြင်လိုက်ကြသော်လည်း ရုတ်တရက် သူတို့မသိလိုက်သည့်အချိန်မှာပင် သူတို့အနောက်၌ မြူထုကြီး ပေါ်ပေါက်လာခဲ့ကြောင်း တွေ့လိုက်ရသည်။ သူတို့ကား ပိတ်မိနေလေပြီ။ မကြာမီ ဇီဝန်ချုပ်တိုက်ကွက် ရောက်ရှိလာပေတော့မည်။

မန်ဟို့၏ ဤမန္တန်အစီအရင်အကြောင်း သိသူများမှာတော့ သူ့ကို သတ်ရန်ကြိုးပမ်းခဲ့သည့် လေလံပွဲက ကျင့်ကြံသူတစ်ရာသာဖြစ်သည်။ သို့ရာတွင် အားလုံးနီးပါး သေဆုံးကုန်ကြလေပြီ။ အသက်ရှင်ကျန်ရစ်သူများမှာလည်း ယခုတွင် မန်ဟို့အဖွဲ့၏ တစ်စိတ်တစ်ပိုင်းအပြင် အဆိပ်၏ထိန်းချုပ်မှုအောက်တွင် ရှိနေကြသည်။ အမှန်ပင် သူတို့အနေဖြင့် ထိုသတင်းအား ပေါက်ကြားစေမည်မဟုတ်ပေ။

သို့ဖြစ်၍ ဤမန္တန်အစီအရင်က မန်ဟို့၏ အင်အားအကြီးဆုံးဝှက်ဖဲဖြစ်သည်။ ဘယ်သူမှ ၄င်းကို မသိသည်သာမက အားဖြည့်ပေးသည့်လူတစ်ထောင်ရှိနေခြင်းက မန်ဟို့ကို အသာစီးရစေသည်။

လောလောဆယ်တွင် မန်ဟိုသည် သူ၏တံခါးပိတ်ကျင့်ကြံရာနယ်ပယ်အစစ်ဖြစ်သော လျှို့ဝှက်မြေအောက်ခန်းတစ်ခန်းထဲ၌ တင်ပျဥ်ခွေထိုင်နေသည်။ သူ မော့ကြည့်လိုက်သည်တွင် သူ၏အမြင်အာရုံက မြေကြီးကိုဖြတ်၍ အပေါ်တွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို မြင်နေရ၏။

တုန်းလော့မျိုးနွယ်ဝင်များနှင့် သူတို့ခေါ်လာခဲ့သည့်ကျင့်ကြံသူများ သေဆုံးသွားသည်ကို သူတွေ့ရသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်ပညာရှင်အဘိုးကြီး မန္တန်အစီအရင်အား ချိုးဖျက်ရန် ကြိုးစားရင်း ပျာယာခတ်နေသည်ကိုလည်း သူမြင်နေရ၏။ ကံဆိုးစွာနှင့် မန္တန်အစီအရင်၏ စွမ်းအားမှာ ထုတ်လွှတ်ထားပြီးဖြစ်လေသည်။ ၄င်းအား အပြည့်အဝ ဖော်ဆောင်ပြီးပါက အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူပင်ဖြစ်လင့်ကစား ချိုးဖျက်နိုင်မည်မဟုတ်ပေ။

"တုန်းလော့မျိုးနွယ်စုက မကောင်းတဲ့အကြံအစည်နဲ့ လာခဲ့တာပဲ" မန်ဟိုက တွေးသည်။ "ဒီလိုတုံ့ပြန်မှုမျိုးအတွက် ငါ့ကို အပြစ်တင်လို့မရဘူး" သူက ညာဘက် လက်ခလယ်ဖြင့် မြေကြီးကို ဖိချလိုက်သည်။ ချက်ချင်းပင် မိစ္ဆာချီသည် အကောင်အထည်မရှိသော ခန္ဓာကိုယ်တစ်ခုအဖြစ် စုစည်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၄င်းသည် မန်ဟို့အသွင်ယူပြီးနောက် အပြင်လောကရှိ အဖြစ်အပျက်များတွင် ဝင်ရောက်ဆင်နွှဲရန် မြေကြီးကို ဖြတ်သွားတော့သည်။

ထို့နောက် မန်ဟိုက ထပြီး လျှို့ဝှက်အခန်းမှ ထွက်ခွာလာသည်။ သူ မြူအတွင်း ပြန်ပေါ်လာသောအခါ ရောင်စုံအလင်းတန်းတစ်တန်းက သူ့ဆီ ပျံသန်းလာ၏။ ၄င်းမှာ မိမိကိုယ်ကို အားရကျေနပ်လျက် မာန်တက်နေသော ကြက်တူရွေးဖြစ်သည်။ ၄င်းက သူ့ပခုံးပေါ်မှာနားပြီး ဘေးဘီဝဲယာကို သရော်သလိုကြည့်လိုက်သည်။

"မန်ဟို အဲ့ဒီမြို့ကို သိမ်းပိုက်ကြစို့။ အဲ့ဒီတုန်းလော့ဆိုလား တုန်းလောက်ဆိုလား အဲ့ဒီ မျိုးနွယ်စုကို ဓားပြတိုက်ရအောင်။ သူတို့ပိုင်ဆိုင်သမျှအရာအားလုံး ငါတို့အပိုင်ဖြစ်ရမယ်။ သခင်ငါးရဲ့ ကောင်းကင်န္တန်အစီအရင်နဲ့ဆို အဲ့ဒီခွေးမသားတွေကို စမုံတုန်းပစ်လို့ရတယ်ကွ။ ဟီးဟီး ပြီးရင် ဟိုငှက်ကလေးတွေဆီ သွားလည်ရမယ်။ ဟီးဟီး သခင်ငါးက အမြဲတမ်း အမိုက်ဆုံးပဲ။ ငှက်ကလေးတို့ ကိုကိုသခင်ငါးကို စောင့်နေနော် ဟုတ်ပြီလား။ အခုကစပြီး တုန်းလော့မြို့ကို ဒေါင်းမုဒိန်းမြို့လို့ ပြောင်းဖို့ သခင်ငါးဆုံးဖြတ်လိုက်ပြီ"

မန်ဟိုက ကြက်တူရွေးကို ဘေးမဲ့ပေးထားသည်။ သူက ရိပ်ခနဲ ရှေ့တက်သွား၏။ ကြက်တူရွေး၏အကူအညီကြောင့် မြူထုမှာ မန်ဟို့အတွက် ဘာမှမဟုတ်ပေ။ ၄င်းအတွင်း သွားလာခြင်းက ပန်းခင်းလမ်းကို လျှောက်ရသကဲ့သို့ လွယ်ကူလေသည်။

***

All Chapters