အချိန်အဆိပ်ဖြင့် သတ်ဖြတ်ခြင်း
Vol. 25 Ch. 349
သင်းကွဲကျင့်ကြံသူရာပေါင်းများစွာမှာ ထွက်မသွားဘဲ လေလယ်တွင် ပျံဝဲနေကြသည်။ သူတို့မှာ တိုက်ပွဲကို ဆက်လက်ရှုစားချင်နေကြသည်။
ဤမြူထုမှာ အနက်ရောင်နယ်မြေနန်းတော်၏လုပ်ရပ်မဟုတ်ကြောင်း လူတိုင်းပြောနိုင်၏။ သူတို့သည် ဤပတ်ဝန်းကျင်တွင် ကျင်လည်ကျက်စားခဲ့သည်မှာ ကြာပြီဖြစ်သည်။ စုံစမ်းမှုနည်းနည်းပါးပါးပြုလုပ်ပြီးနောက်တွင်တော့ မြူထုမှာ ရွှေအလင်းဘုရားကျောင်းတော်၏ လက်ချက်ဖြစ်ကြောင်း သိရှိသွားကြသည်။
သူတို့ စိတ်ဝင်တစားကြည့်နေကြစဥ်မှာပင် မြူထု၏အမြန်နှုန်းတိုးလာပြီး တုန်းလော့မြို့၏ အကာအကွယ်များနှင့် ပို၍နီးကပ်သွားလေပြီ။
ဆယ့်ငါးကီလိုမီတာ၊ တစ်ဆယ်ကီလိုမီတာ၊ ငါးကီလိုမီတာ၊ နှစ်ဒဿမငါးကီလိုမီတာ.....
ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီးက မြေကြီးကို လှုပ်ခတ်လိုက်ပြီး တုန်ခါလှိုင်းများအား ပျံ့နှံ့သွားစေသည်။ မြူထုကြီးက တုန်းလော့မြို့ကို ဝင်တိုက်သွားသည့်အခါတွင် မိုးကောင်းကင်နှင့် ကမ္ဘာမြေမှာ မှေးမှိန်ဖျော့တော့သွား၏။ တုန်းလော့မြို့ တုန်ခါသွားပြီး ၄င်းကိုဝန်းရံထားသည့် သစ်ရွက်များ တောက်ပလာသည်။ မြူများက ပြင်းပြင်းထန်ထန် အုံကြွလှုပ်ရှားသွားပြီး အလွန်တရာကျယ်လောင်သော ထစ်ချုန်းသံကြီး ၄င်းထံမှ မြည်ဟည်းလာသည်။
ထို့နောက် မြူထုကြီးက တုန်းလော့တစ်မ်ြို့လုံးကို တဖြေးဖြေး လွှမ်းခြုံရင်း သစ်ရွက်များအား အုပ်မိုးလာသည်ကို ကြည့်ရှုနေသူများမှာ ရွှန်းရွှန်းစားစား စိုက်ကြည့်နေကြတော့သည်။
ယခုအချိန်တွင် တုန်းလော့မြို့ကို မမြင်ရတော့ပေ။ အရာခပ်သိမ်းကို လွှမ်းခြုံသွားသော မြူထုကြီးကိုသာ မြင်နိုင်သည်။
သို့သော် သေသေချာချာကြည့်နေသူများအဖို့ တုန်းလော့မြို့၏ အကာအကွယ်မန္တန်အစီအရင်မှာ မြူထု၏လွှမ်းခြုံခြင်းခံလိုက်သည့်တိုင် မပျက်စီးသွားသည့်အပြင် မကြာခင်အတွင်း ပျက်စီးမည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းမြင်နိုင်လေသည်။ ဤသည်မှာ ကျင့်ကြံသူများအကြားက တိုက်ပွဲမဟုတ်၊ မန္တန်အစီအရင်နှစ်ခုကြားက အားပြိုင်မှုပင်။
တအုန်းအုန်းမြည်သံများ တစ်သံပြီးတစ်သံမြည်ဟည်းနေသည်။ ရုတ်တရက် ဧရာမတစ္ဆေကြီးများ မြူထုအတွင်း၌ ပေါ်လာရာ လေလယ်မှ ကြည့်နေကြသော ကျင့်ကြံသူများကို ပင့်သက်ရှိုက်သွားစေသည်။ ဤတစ္ဆေများသည် အမြင့်အားဖြင့် မီတာသုံးဆယ်ခန့်ရှိပြီး ၄င်းတို့၏သဏ္ဍာန်များမှ အနက်ရောင်အခိုးအငွေ့များပျံလွင့်လျက် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ပြေးနေကြသည်။
သူတို့ပြေးလွှားနေစဥ် မြူထုသည် ပိုမိုသိပ်သည်းလာပြီး ပေါက်ကွဲသံများ မြည်ဟည်းနေတော့သည်။
ထိုမျှသာမက မြူထုအလွှာ၏ထိပ်သည် တလိပ်လိပ်လှုပ်ရှားလာပြီး ပုံရိပ်တွင် ထွက်လာသည်။ သူက အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏အနက်ရောင်ဆံပင်များက လေတွင် မျောလွင့်နေသည်။ သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းထုတ်လွှတ်နေ၏။ မှန်ပါသည်၊ ဤလူကား မန်ဟိုပင်။
"ခေါင်းဆောင်ကြီးရွှေအလင်း"
"ဒါဆို ဒီမြူထုက ခေါင်းဆောင်ကြီးရွှေအလင်းရဲ့လက်ချက်ပေါ့။ သူစိတ်ရောမှန်သေးရဲ့လား။ အမြုတေဖြစ်တည်မှုအဆင့်မှာပဲ ရှိသေးတာတောင် တုန်းလော့မျိုးနွယ်စုကို တိုက်ခိုက်ရဲတယ်"
" အဲ့ဒီမန္တန်အစီအရင်က အစွမ်းထက်လောက်တယ်။ တုန်းလော့မျိုးနွယ်စုမှာက စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီး မရှိဘူးဆိုပေမယ့် အနုသုခုမရုပ်ခန္ဓာအဆင့် အကြီးအကဲသုံးယောက်ရှိတယ်။ ဒါက ဒီနယ်မြေတစ်ခုလုံးမှာ မြဲမြံတဲ့နေရာတစ်ခု ဆုပ်ကိုင်နိုင်ဖို့ လိုတာထက်တောင်ပိုသေးတယ်။ ဒီအနားပတ်ဝန်းကျင်က ဘယ်သူမှတုန်းလော့ မျိုးနွယ်စုကို ရန်မစရဲဘူး"
ထိိုအချိန်တွင် တုန်းလော့မျိုးနွယ်စုကို ဖုံးလွှမ်းနေသည့်မြူထုမှာ အားနည်းလာသည့် အရိပ်အယောင်စိုးစဥ်မျှ မပြပေ။ မြို့တော်ကို လွှမ်းခြုံထားသည် သစ်ရွက်များအတွင်းတွင် တုန်းလော့မျိုးနွယ်စုနှင့်ပူးပေါင်းရန် ရွေးချယ်ခဲ့သော သင်းကွဲကျင့်ကြံသူတစ်ရာခန့်ရှိသည်။ သူတို့မှာ စိတ်လှုပ်ရှားနေကြသော်လည်း တုန်းလော့မြို့အကာအကွယ်များ၏ ခံနိုင်ရည်ကိုမြင်သော် သူတို့၏ဆုံးဖြတ်ချက်အပေါ် ယုံကြည်ချက်ရှိသွားကြ၏။
တုန်းလော့မြို့၏ဒုတိယအထပ်ရှိ တုန်းလော့မျိုးနွယ်ကျင့်ကြံသူများမှာ စိတ်သက်သာရာ ရသွားကြသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူနှစ်ယောက်၏မျက်လုံးများ အေးစက်သောအလင်းဖြင့် တောက်ပသွားပြီး သူတို့က နှာမှုတ်လိုက်သည်။
မြို့၏ မန္တန်အစီအရင်က ဤထူးဆန်းသောမြူထုကို ခုခံနိုင်သည့်အချက်က သူတို့ကို စိတ်အေးသွားစေ၏။ တုန်းလော့မျိုးနွယ်စုခေါင်းဆောင်ပင်လျှင် အတန်ငယ်ပို၍ စိတ်သက်သာရာရသွားသည်။
အနုသုခုမရုပ်ခန္ဓာအဆင့်အကြီးအကဲတစ်ယောက်က ကျောက်စိမ်းပြားတစ်ပြားထုတ်လိုက်သည်။ "ဒီလူရဲ့ မန္တန်အစီအရင်က တကယ် ဘယ်လောက်ရှိန်စရာကောင်းလဲ သိချင်မိတယ်" သူက ကျောက်စိမ်းပြားကို လက်ချောင်းများကြား၌ ချိုးဖျက်ရင်း ပြောသည်။ အစိမ်းရောင်အရှိန်အဝါတစ်ခုက အလင်းစက်လုံးအသွင်ပြောင်းပြီး မြို့၏သစ်ရွက်အကာအကွယ်ထံ ပြေးဝင်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သစ်ရွက်မန္တန်အစီအရင်ထဲမှ အဆိပ်နကျယ်ကောင်များ ပျံထွက်လာသဖြင့် တဝီဝီမြည်သံများ ဆူညံသွားသည်။ အဆိပ်နကျယ်ကောင် တစ်ကောင်ချင်းစီသည် အန္တရာယ်များသောအရှိန်အဝါကို ထုတ်လွှတ်ရင်း မန္တန်အစီအရင်အတွင်းမှ ပျံထွက်လာ၏။ သို့သော် ၄င်းတို့ ရှေ့သို့ချီတက်သွားစဥ်မှာပင် မြူထဲမှ မန်ဟို့၏ သမာဓိအပ်နှင်းခြင်း၏ ထိန်းချုပ်မှုအောက်ရှိ တုန်းလော့မျိုးနွယ်ဝင်ခုနစ်ကျော်သည် မျက်လုံးများ လျှို့ဝှက်ဆန်းကြယ်သောအလင်းရောင်ဖြင့် တောက်ပနေလျက် ၄င်းတို့ထံ ပျံသန်းသွားသည်။
"ချီးတဲ့မှပဲ" တုန်းလော့မျိုးနွယ်အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ မျက်နှာပျက်သွားသည်။ သိသာစွာပင် သူသည် အဆိပ်နကျယ်ကောင်များ၏မျက်လုံးများမှတစ်ဆင့် အပြင်ရှိမြင်ကွင်းကို ကြည့်ရှုနေခြင်းဖြစ်လေသည်။ သူ၏ညာလက်က မုဒြာလက်ကွက်လှုပ်ရှားကာ အပြင်ရှိ အဆိပ်နကျယ်ကောင်များအား မျိုးနွယ်ဝင်များမှ ရှောင်ကွင်း၍ ရွှေအလင်းဘုရားကျောင်း၏ ကျင့်ကြံသူများကို ရှာဖွေစေလိုက်သည်။
မြူထုအတွင်းတွင် ကြက်တူရွေးက ခပ်စူးစူးအော်သံပြုလိုက်သည်။ ချက်ချင်းပင် သူ့ကိုပတ်၍ ပြေးလွှားနေသော တစ္ဆေများ ဦးတည်ရာပြောင်းသွားသည်။ မြူထုသည် အတွင်းထဲ၌ ယိမ်းနွဲ့ကခုန်နေသောလျှပ်စီးများရှိသော ဝဲကြီးတစ်ခုအသွင် ပြောင်းသွားလေပြီ။ ကြက်တူရွေး၏ ရောင်စုံအမွှေးများက အဆုံးထိထောင်နေပြီး ၄င်း၏မျက်လုံးများတွင် ဂနာမငြိမ်ဖြစ်နေသော အရိပ်အယောင်တစ်ခုဖုံးလွှမ်းနေသည်။ ၄င်းက မြို့၏အကာအကွယ်များကို ဖျက်စီးရန် မန္တန်အစီအရင်၏စွမ်းအားကို အဆုံးစွန်အထိ တွန်းပို့လိုက်သည်။
"သခင်ငါး ဒီမြို့ကို စမုံတုန်းဖြစ်မယ်လို့ ကျိန်တယ်" ၄င်းသည် ပြုစားခံနေရသကဲ့သို့ မန္တန်အစီအရင်၏လှုပ်ရှားမှုများကို ထိန်းချုပ်ရင်း စူးစူးဝါးဝါးအော်၏။ "ခွေးမသားတွေ စောင့်နေ၊ သခင်ငါးလာပြီ" တစ္ဆေများက မြို့ကို တက်နင်းပြီး ပြေးလွှားနေသည့်အတွက် ပေါက်ကွဲသံများဆူညံနေပြီး သစ်ရွက်များ တုန်ရီလာတော့သည်။
မန္တန်အစီအရင်နှစ်ခု အကြိတ်အနယ်တိုက်ခိုက်နေကြစဥ် မန်ဟိုသည် မြူများကို ထိုးဖောက်၍ အတွင်းရှိ တုန်းလော့မြို့ကို ငုံ့ကြည့်ရင်း လေလယ်တွင်ပျံဝဲနေသည်။
သူက ညာလက်ကို မြောက်၍ မုဒြာလက်ကွက်ဖော်ပြီးနောက် မြေကြီးသို့ ညွှန်လိုက်သည်။
"သမာဓိအပ်နှင်းခြင်း" သူက အေးစက်စွာ ဆိုသည်။ အသံဟိန်းထွက်သွားစဥ် နေရာလပ်မကျန် ပေါ်ပေါက်လာသော သရဲပုံရိပ်များကို မန်ဟို မြင်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် ချီမျှင်များက အရပ်မျက်နှာတစ်ခွင်မှ လွင့်မျောတက်လာပြီး သူ့ကိုလှည့်ပတ်နေသည်။ သူက မြူထုထံသို့ ညွှန်လိုက်သည်နှင့် မိစ္ဆာချီများက ချက်ချင်း စုစည်းပြီး ၄င်းထံ ပြေးဝင်သွားသည်။ ၄င်းက မြူကို ဖြတ်၍ တုန်းလော့မြို့၏မန္တန်အစီအရင်ထံသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။
ပေါက်ကွဲသံကြီး မြည်ဟည်းသွားရာ အရာအားလုံးကို ပြင်းပြင်းထန်ထန် တုန်ခါသွားစေသည်။ မန်ဟိုသည် ညာလက်ဖြင့် မုဒြာလက်ကွက်များ ဆက်ဖော်နေ၏။ ပို၍များပြားသော မိစ္ဆာချီများက ရှေ့သို့တဟုန်ထိုးထွက်သွားကြပြီး မြူထုကိုဖြတ်၍ အခြားမန္တန်အစီအရင်ကို ဝင်တိုက်လိုက်သည်။
ဖြစ်ပျက်နေသမျှ အရာအားလုံးက စောင့်ကြည့်နေသော သင်းကွဲကျင့်ကြံသူများကို ကြောက်ဒူးတုန်သွားစေသည်။ ခေါင်းဆောင်ကြီးရွှေအလင်းက နည်းနည်းလေးမှ ခေသူမဟုတ်ကြောင်း သူတို့ရုတ်တရက် သဘောပေါက်လိုက်လေပြီ။
ရုတ်တရက် မြူထုအောက်မှ မာန်တက်နေသော အေးစက်စက်နှာမှုတ်သံတစ်သံ ထွက်လာသည်။ "အစုတ်အပြတ် ရွှေအလင်းဘုရားကျောင်း။ မလောက်လေးစား အမြုတေဖြစ်တည်အဆင့် ကောင်လေး။ ရာရာစစ ငါ့ရဲ့တုန်းလော့မျိုးနွယ်ဝင်တွေကိို ပိတ်လှောင်ဖို့ မြူမန္တန်အစီအရင်ကို သုံးရဲတယ်ပေါ့လေ" အသံက လေကို ကွဲကြေစေရင်း မြူနယ်ပယ်ကိုအလွန်အထိ ပဲ့တင်ထပ်သွားသည်။
ထိုအဘိုးကြီး၏ နောက်ထပ်အသံတစ်သံ ထွက်လာသည်။ " ကောင်းကင်ရဲ့ အမြင့်နဲ့ မြေကြီးရဲ့အနက်ကို မသိဘူးလား ကောင်စုတ်လေး" ရုတ်တရက် တုန်းလော့မြို့၏ သစ်ရွက်အကာအကွယ်များမှ တောက်ပသော အစိမ်းရောင်အလင်းဖြာထွက်လာကာ ၄င်းအတွင်း၌ သစ်ရွက်များ၏ပုံရိပ်ကို မြင်နိုင်လေသည်။ အလင်းက မြူထုကို တုန်ခါသွားစေသည့် ပေါက်ကွဲသံကို ထုတ်လွှတ်ရင်း လည်ပတ်သွားသည်။ ရုတ်တရက် အတွင်းရှိ ပြေးလွှားနေသောပုံရိပ်များမှ အားနည်းသည့်အရိပ်အယောင်များ စတင်ပြလာသည်။
ကြက်တူရွေးက စူးစူးဝါးဝါးအော်သံတစ်သံပြုလိုက်သည်နှင့် မြူထုက ရုတ်တရက် လှိုင်းလုံးကြီးသဖွယ် ရိုက်ခတ်လှုပ်ရှားလာ၏။ တုန်းလော့မြို့၏ အကာအကွယ်များအပေါ် တိုက်ခိုက်မှုက နှစ်ဆဖြစ်သွားသည့်အတွက် ထစ်ချုန်းသံများ ဟိန်းထွက်လာတော့သည်။
မောက်မာသောအသံတစ်သံ ထွက်လာသည်။ "တုန်းလော့မြို့မန္တန်အစီအရင်က နှစ်ပေါင်းများစွာ ထိပ်ဆုံးမှာ ရပ်တည်ခဲ့တယ်။ ဘယ်တော့မှ ချိုးဖျက်လို့မရခဲ့ဘူး။ မဖြစ်စလောက် ရွှေအလင်းဘုရားကျောင်းကိုအသာထား၊ အနက်ရောင်နယ်မြေနန်းတော်တောင်မှ ဒါကိုချိုးဖျက်ဖို့ တော်တော်များများပေးဆပ်ရမှာ
"မင်းရဲ့မန္တန်အစီအရင်က မယုံနိုင်စရာကောင်းရင် ကောင်းလိမ့်မယ်။ ဒါပေမဲ့ ဘယ်အထိခံနိုင်မှာလဲ။ မင်းမခံနိုင်တော့တာနဲ့ ငါကိုယ်တိုင် မင်းကို အရေခွံနွှာပြီး ငါ့အိပ်ခန်းမှာ ချိတ်ထားမယ်" ပဲ့တင်ထပ်နေသော ထိုအသံကြီးကို စောင့်ကြည့်နေသူများကြားသောအခါ စိတ်နှလုံးတုန်ရီသွားကြသည်။
အေးစက်သော အလင်းရောင်တစ်ခု မန်ဟို့၏မျက်လုံးများ၌ ဖြတ်ပြေးသွားသည်။ သူ့အနေဖြင့် မန္တန်အစီအရင်ကို အသုံးပြု၍ တုန်းလော့မြို့ကို သီးသန့်ခွဲထုတ်ပြီးနောက် တုန်းလော့မျိုးနွယ်ဝင်များကို တိုက်ခိုက်ရွေးချယ်ခဲ့သည့် အကြောင်းရင်းမှာ အနက်ရောင်နယ်မြေရှိ ရုန့်ရင်းဆန်ခတ်အခြေအနေများက တုန်းလော့မျိုးနွယ်စုကို အားကုန်မသုံးအောင် ဟန့်တားနေလိမ့်မည်ကို သိသောကြောင့်ဖြစ်သည်။
သူသည် နယ်နယ်ရရမဟုတ်ကြောင်း တုန်းလော့မျိုးနွယ်စုအား သတိပေးချင်၏။ သူနှင့် သူတို့မှာ သီးခြားစီဖြစ်၍ သွေးအနည်းငယ်စွန်းခဲ့သော်လည်း ပြဿနာအလုံးစုံကို သတ်ဖြတ်ခြင်းဖြင့် ဖြေရှင်းစရာမလိုပေ။
သို့သော် တုန်းလော့မျိုးနွယ်စု၏မောက်မာမှုကား ပြေလျော့မည့်အရိပ်အယောင်မပြပေ။ အမှန်တွင် ပို၍ပြင်းထန်လာပုံရသည်။ ခံစားချက်မဲ့သောအပြုံးတစ်ခုက မန်ဟို့၏နှုတ်ခမ်းတွင် ဖြစ်ထွန်းသွားသည်။
"အင်း ဒီလိုဆိုတော့လည်း မန်ဟို နားလည်ပြီ" သူက တွေးလိုက်သည်။ သူသည် သိုလှောင်အိတ်ကို ပုတ်၍ အနက်ရောင်ဆေးလုံးတစ်လုံး ထုတ်လိုက်သည်။
၄င်းက ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူတစ်ယောက်၏ အသိစိတ်ကို စုပ်ယူနိုင်ပုံရသည့် လျှို့ဝှက်ဆန်းကြယ်သောအလင်းရောင်ကို ထုတ်လွှတ်နေသည်။
ဤသည်မှာ အစွမ်းထက်ဆုံး အမျိုးအစားများထဲက တစ်ခု၊ မန်ဟိုကိုယ်တိုင်ဖော်ထားသော အဆိပ်ဆေးလုံးတစ်လုံးဖြစ်သည်။ သူက လက်ကို တစ်ချက်ဝှေ့ယမ်းပြီး ဆေးလုံးကို အမှုန့်ခြေလိုက်သည်။ ၄င်းက လည်နေသော မြူဝဲကြီးအတွင်းသို့ စုပ်ယူခံလိုက်ရသည်။ တခဏကြာသော် ၄င်းသည် တုန်းလော့မြို့၏သစ်ရွက်အကာအကွယ်များအပေါ် ကျဆင်းသွား၏။
အမှုန့်များ ကျလာစဥ် သစ်ရွက်များသည်ကျုံ့လာပြီး ပျက်စီးခြင်းလက္ခဏာများပြလာသည်။ ၄င်းတို့ထံမှ အော်သံများပင်ထွက်လာ၏။
တစ်ချိန်တည်းမှာပင် မန်ဟိုက နောက်ဆေးလုံးတစ်လုံး ထုတ်လိုက်သည်။ သူသည် ဤတစ်ခုကိုလည်း ခြေပြီး ဖြစ်ပေါ်လာသောအမှုန့်ကို အောက်သို့ဖြူးလိုက်ရာတွင် မီးပင်လယ်တစ်စင်းဖြစ်တည်လာ၏။ အဆိုပါ လျှို့ဝှက်ဆန်းကြယ်သော မီးတောက်များကား မြူဝဲမှတစ်ဆင့် တုန်းလော့မြို့ထံသို့ ထိုးဆင်းသွားလေသည်။
ထို့နောက် မန်ဟိုသည် နောက်ထပ်ဆေးလုံးသုံးလုံးထုတ်လိုက်သည်။ သူက ၄င်းတို့အားလုံးကို အမှုန့်ခြေပြီး အောက်သို့ဖြူးလိုက်ရာ သေစေနိုင်သောအဆိပ်သုံးမျိုးသည် မီးပင်လယ်နှင့်ပေါင်းစည်းပြီး ငါးရောင်ခြယ်အပြင်းစားအဆိပ်တစ်မျိုးဖြစ်လာသည်။
ထိုအပြင်းစားအဆိပ်မှာ မန်ဟို ဆေးဝါးတာအိုအသိကို အသုံးပြုရင်း အထူးတီထွင်ဖော်စပ်ထားသော အရာဖြစ်၏။ သူဖန်တီးထားသည့် အဆိပ်ဆေးလုံးများက အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများအတွက် ကြောက်စရာမဟုတ်သော်လည်း အဆိပ်မိသွားသည့် ထိုအဆင့်အောက်ရှိ မည်သူမဆိုအတွက်မူ မန်ဟို၏အကူအညီမပါဘဲ အဆိပ်ဖြေနိုင်မည်မဟုတ်ပေ။
ယခုတွင် ဤမြူထုသည် အဆိပ်မြူထုဖြစ်သွားလေပြီ။
ခပ်စူးစူးအသံများ ကျွတ်ကျွတ်ညံလာပြီး မြူခိုးများ တဖွေးဖွေးလှုပ်လာသည်။ တခဏအတွင်း တုန်းလော့မြို့မှာ အပ်ကျသံမကြားရအောင် တိတ်ဆိတ်သွား၏။ အတွင်းရှိလူတိုင်းမှာ ခံစားချက်မျိုးစုံဖြတ်ပြေးနေသော မျက်နှာများဖြင့် သစ်ရွက်အကာအကွယ်ကို မော့ကြည့်နေကြသည်။
တုန်းလော့မျိုးနွယ်ကျင့်ကြံသူအားလုံး မျက်နှာပျက်ယွင်းလျက် ကြည့်နေကြသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်အကြီးအကဲနှစ်ယောက်ပင်လျှင် အံ့အားသင့်နေကြ၏။
"ဒီလူက အဆိပ်ပညာရှင်လည်း ဟုတ်တယ်ဟ"
"သေလိုက်ပါတော့ ဘယ့်နှယ့်ကြောင့် ဒီလိုအရေးကြီးတဲ့အချက်ကို ဘယ်သူမှ မသိကြတာတုံး"
"အဆိပ်ကျင့်ကြံသူတွေက ထိပ်တိုက်တိုက်ပွဲတွေမှာ အရေးနိမ့်ပေမယ့် တိုက်ပွဲကြီးတွေမှာတော့ သူတို့ရဲ့စွမ်းရည်က အောင်မြင်မလား ရှုံးနိမ့်မလား အဆုံးအဖြတ်ပေးနိုင်တယ်"
တုန်းလော့မျိုးနွယ်ဝင်များမှာ အံ့အားသင့်နေသော်လည်း လေအလယ်မှ ကြည့်ရှုနေသော ကျင့်ကြံသူများမှာတော့ ပါးစပ်အဟောင်းသားနှင့် မန်ဟို့ကို ကြောက်လန့်တကြားသာ ကြည့်နေနိုင်လေသည်။
"အဆိပ်က အပိုင်းတစ်ပဲ ရှိသေးတယ်" မန်ဟို၏မျက်လုံးများ စူးရှတောက်ပွားသည်။ သူက ညာလက်ကိုဝှေ့ယမ်းလိုက်ရာ ပဒုမ္မာဓားဝင်္ကပါက မြူထုကို ထိုးခွဲသွား၏။ မြူအတွင်းတွင် ၄င်းသည် အချိန်စွမ်းအားပါဝင်သော လှိုင်းအမြောက်အမြားအား ထုတ်လွှတ်ရင်း လျင်မြန်စွာ လည်ပတ်လာသည်။
လှိုင်းများ ပျံ့နှံ့သွားစဥ် ၄င်းတို့က မြူခိုးများကိုပါ တစ်ပါတည်းခေါ်ဆောင်ကာ အချိန်စွမ်းအား ပါဝင်စေလိုက်သည်။ ဓားဆယ်လက်အတွဲက နှစ်ခြောက်ဆယ်အချိန်စက်ဝန်း၏စွမ်းအားနှင့် ညီမျှသည်။
အဆိပ်တစ်ခုတည်းနှင့်ပင် အတိုင်းထက်အလွန် အန္တရာယ်များနေလေပြီ။ သို့သော် အချိန်စွမ်းအားနှင့်ပေါင်းစပ်သွားသောအခါ ၄င်းသည် ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးကြီးအသွင်ပြောင်းသွားတော့သည်။ မြူမန္တန်အစီအရင်၏ အံ့ဖွယ်စွမ်းအားဖြင့် အားဖြည့်ပေးထားသော လှိုင်းများ ဖြာထွက်လာသည်။
အချိန်လှိုင်းများ ဖြာထွက်နေစဥ် မြေကြီးပေါ်ရှိ အပင်များ ညှိုးနွမ်းခြောက်ကပ်လာသည်ကို အနီးပတ်ဝန်းကျင်မှ စောင့်ကြည့်နေသောကျင့်ကြံသူများ မြင်လိုက်ကြသည်။ မြေကြီးပင်လျှင် ပျက်စီးယိုယွင်းခြင်းလက္ခဏာများဖြင့် ဖုံးလွှမ်းနေပုံရသည်။ ထိုလက္ခဏာများအား လေထဲတွင်ပင် မြင်နိုင်သည်။
ဤအခြင်းအရာကို မြင်လိုက်သည့် ကျင့်ကြံသူများ ထွက်မပြေးနိုင်ခင် လှိုင်းများက သူတို့ကို ထိသွားသဖြင့် သူတို့၏မျက်နှာများ ရိပ်ခနဲဖြစ်သွားသည်။ ထို့နောက် သူတို့သည် နည်းလမ်းပေါင်းစုံသုံး၍ အဝေးသို့ တတ်နိုင်သမျှ မြန်မြန်ပြေးတော့သည်။ သို့သော်လည်း သူတို့မှာ မြန်သင့်သလောက် မမြန်ပေ။ သူတို့အားလုံး ရုတ်ခြည်း သက်လတ်ပိုင်းအရွယ်မှ အသက်ကြီးကုန်ကြသည်။ သူတို့ထဲက တစ်ယောက်ဆိုလျှင် သေခြင်းအရှိန်အဝါကိုပင် ထုတ်လွှတ်နေပြီဖြစ်သည်။
ကြည့်ရှုနေသူများ ဤအဖြစ်ကိုမြင်သောအခါ ပင့်သက်ရှိုက်ကုန်ကြသည်။ ချက်ချင်းပင် သူတို့မှာ လှိုင်းများနှင့်ထိမှာစိုး၍ နောက်သို့ ကြောက်အားလန့်အား ဆုတ်လိုက်ကြ၏။
"အဲ့ဒါ ဘာမှော်ပညာလဲ"
"အချိန် ။ အဲ့ဒါ အချိန် အချိန်စွမ်းအားပဲ။ မျက်တစ်မှိတ်အတွင်း အိုမင်းသွားစေနိုင်တဲ့ နတ်ဘုရားစွမ်းရည်တစ်ခု"
"ခေါင်းဆောင်ကြီးရွှေအလင်းက အစွမ်းထက်လိုက်တာ... တုန်းလော့မျိုးနွယ်စုကို ရန်စရဲတာ အံ့သြစရာမရှိဘူး"
***