အချိန်၏ အရှုံးမပေးလိုမှု
Vol. 25 Ch. 350
အချိန်က မည်သည့်အရာနည်း.....
နှစ်ပေါင်းမြောက်မြားစွာကြာသော် ထိုတောက်ပနေသောအစိမ်းရောင်သစ်ရွက်အပေါ်တွင် ရပ်နေခဲ့သည်နေ့က မြင်ခဲ့ရသည့်အရာကို တုန်းလော့ဟန်တစ်ယောက် ဘယ်တော့မှမေ့နိုင်မည် မဟုတ်ပေ။ သူ၏မျက်လုံးများက ခံစားချက်မဲ့နေသော်လည်း သူ၏စိတ်မှာတော့ နိုးကြားနေသည်။ သူသည် သူ၏ခန္ဓာကိုယ် အိုမင်းလာသည်ကို မြင်နေရသည်။ သူ၏ပတ်ပတ်လည်ရှိ အစိမ်းရောင်သစ်ရွက်များ ခြောက်ကပ်ညှိုးနွမ်းလာသည်ကို မြင်နေရသည်။ သူ့ကို ဝန်းရံထားသည် ကုန်းမြေထုကြီး အိုမင်းလာသည်ကို မြင်နေရသည်။
ပဒုမ္မာဓားဝင်္ကပါက လည်နေပြီး ၄င်း၏စွမ်းအား ပျံလွင့်နေစဥ် မန်ဟိုသည် လေလယ်တွင်ပျံဝဲရင်း မြူထုအတွင်းရှိ အချိန်စွမ်းအား၏သက်ရောက်မှုများကို လေ့လာနေသည်။
အခြားတစ်ဖက်တွင် အချိန်သည် ကောင်းကင်နှင့်မြေကြီးအတွင်း၌ ပြောင်းလွယ်ပြင်လွယ်မှုရှိသော အရာဖြစ်သည်။ တစ်ဖက်တွင်တော့ အနိုင်မခံအရှုံးမပေးလိုမှု ပါရှိနေသည်။
မည်သည့်ပုဂ္ဂိုလ် ၊ မည်သည့်သက်ရှိအရာ၊ မည်သည့်သတ္တဝါမှ အချိန်ဖြစ်သည့် ထိုနူးညံ့သော တိုက်ခိုက်မှုကို မခံနိုင်ပေ။ မန္တန်အစီအရင်များ၊ နတ်ဘုရားစွမ်းရည်၊ ဒြပ်ရှိ ဒြပ်မဲ့ပစ္စည်းများ သုံး၍လည်း မရနိုင်။ ၄င်းတို့အားလုံး.... အရှုံးမပေးတတ်သော အချိန်၏အောက်တွင် ပျက်စီးသွားကြရမည်သာ။
ထို့ပြင် ဤသည်မှာ အချိန်ဓားများဖြင့် ဖန်တီးထားသော ပဒုမ္မာဓားဝင်္ကပါတစ်ခုသာရှိသေးသည်။ ဓားများအနက် တစ်လက်တွင်သာ နှစ်ခြောက်ဆယ်စက်ဝန်းသုံးခု ပါရှိသည်။ အခြားအရာများမှာ မပြည့်စုံပေ။ အချိန်ဓားအားလုံးတွင်သာ နှစ်ခြောက်ဆယ်စက်ဝန်းသုံးခုစီပါဝင်လျှင်တော့ ထိုအစုအပေါင်းက နှစ် ၁၈၀၀ နှင့်ညီမျှသော အချိန်စွမ်းအား ဖြစ်ပေလိမ့်မည်။ ယင်းကား ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါရန် လုံလောက်၏။
ဤသည်က အချိန်ပင်။
ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ သင်းကွဲကျင့်ကြံသူများအားလုံး အသက်ရှူဖို့ရန်ပင် မေ့လျော့နေကြလေပြီ။ သူတို့မှာ မြေပြင်ကို တအံ့တသြကြည့်နေကြ၏။ ၄င်းသည် တဖြေးဖြေး ဖုန်အဖြစ်လွင့်မျောသွားနေသော ပန်းချီကားချပ်အဟောင်းကြီးသဖွယ် အတော်လေး ဝါကြင့်နေသည်။
မြူအတွင်းတွင် မန်ဟို့၏ထိန်းချုပ်အောက်တွင် ရှိခဲ့သော တုန်းလော့မျိုးနွယ်ဝင်များ သတိပြန်လည်လာကြသည်။ သို့သော် ထိုအချိန်မှာပင် သူတို့သည် သတိပြန်မရလျှင်ကောင်းမည်ဟု တွေးလိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့မှာ အိုမင်းခါနီးဖြစ်နေသည်ကို တွေ့လိုက်၍ပင်။
တုန်းလော့လင်းသည် သူမ၏လက်နှစ်ဖက်ကို ငုံ့ကြည့်လိုက်သည်။ ၄င်းမှာ အတွန့်အခေါက်များဖြင့် ဖုံးနေလေပြီ။ သူမမှာ ဘာမှမစဥ်းစားနိုင်တော့ဘဲ ငေး၍ကြည့်နိုင်တော့သည်။
တုန်းလော့မြို့ကို ဝန်းရံထားသည့် အစိမ်းရောင်သစ်ရွက်များအကာအကွယ်မှာ ဆွေးမြည့်လာနေ၏။ ၄င်းသည် ပျက်စီးတော့မည့်လက္ခဏာများ စပြလာပြီး မြို့ကို ဖုံးလွှမ်းပေးနိုင်တော့သော နေရာတချို့ပင် ရှိလာသည်။ မြူထုက အချိန်စွမ်းအားအပြင် အပြင်စားအဆိပ်နှင့်အတူ အတွင်းထဲ စီးဝင်လာ၏။
ဤအခြင်းအရာအားလုံးက မြို့အတွင်း၌ ပြင်းထန်သောအကြောက်တရားအား မွေးဖွားပေးလိုက်သည်။ တုန်းလော့မျိုးနွယ်ကျင့်ကြံသူအားလုံးမှာ သူတို့၏စိတ်နှလုံးများ တုန်ရီနေသည်ကို ခံစားလိုက်ရလေသည်။
သူတို့ မည်သည့်တုံ့ပြန်မှုမှ မဆောင်ရွက်နိုင်ခင်မှာပင် မြူထုက တထောင်းထောင်း ရိုက်ခတ်အုံကြွလာသည်။ ရုတ်တရက် အတွင်းမှ ကြက်တူရွေး ထွက်လာပြီး ခပ်စူးစူးအော်ကာ လေထဲသို့ပျံတက်သွား၏။
၄င်း၏အောက်ရှိ မြူထုသည် အနက်ရောင်အငွေ့တန်းကြီးများအသွင် ပြောင်းလာသည်။ အချင်းအားဖြင့် မီတာငါးထောင်ခန့်ရှိသော အကန့်အသတ်မဲ့မြူထုသည် အနက်ရောင်အငွေ့တန်းရာပေါင်းများစွာ ဖြစ်လာကာ ကြက်တူရွေးကိုဗဟိုပြု၍ လှည့်ပတ်ရန် အပေါ်ထိုးတက်သွားသည်။ ထိုအငွေ့တန်းများ အတွင်းတွင် ရွှေအလင်းဘုရားကျောင်း၏ ကျင့်ကြံသူတစ်ထောင်ကျော်ရှိ၏။ သူတို့၏မျက်လုံးများမှာ ပိတ်နေပြီး သူတို့သည် မန္တန်အစီအရင်၏တစ်စိတ်တပိုင်းဖြစ်နေသကဲ့သို့ အနက်ရောင်အငွေ့များ၏ခြုံရံခြင်း ခံထားရသည်။
တုန်ရီနေသော ကျင့်ကြံသူများ ကြည့်ရှုနေစဥ်မှာပင် အနက်ရောင်အငွေ့များသည် ဧရာမကျီးနက်ကြီးတစ်ကောင်အဖြစ် လျင်မြန်စွာ စုစည်းလာကြ၏။
ကျီးနက်ကြီး၏ ခန္ဓာကိုယ်မှ အနက်ရောင်အရှိန်အဝါထုတ်လွှတ်နေသည်။ ၄င်းသည် အသက်ရှိသူများကို မျက်လုံးပိတ်စေပြီး သေလူများကို မျက်လုံးပြန်ဖွင့်စေနိုင်စွမ်းရှိပုံပေါ်သော စူးစူးဝါးဝါးအသံကြီးဖြင့် အော်လိုက်သည်။ ၄င်းက ကောင်းကင်နှင့်မြေကြီးတစ်လျှောက် ပဲ့တင်ထပ်သွားပြီးနောက် ကောင်းကင်ဘုံမှ ကျဆင်းလာသောကြယ်ပျံကြီးသဖွယ် တုန်းလော့မြို့ကိုဝင်တိုက်သွားသည်။
ဤမြင်ကွင်းမှာ ပွဲကြည့်ပရိသတ်တချို့အတွက် ရင်းနှီးသောမြင်ကွင်းတစ်ခုဖြစ်သည်။ သူတို့သည် ထိုညက ၄င်းနှင့်အလွန်ဆင်တူသောအရာကို တုန်းလော့မြို့တွင် မြင်ခဲ့ဖူး၏။ ယခုတွင်လည်း ထပ်မြင်ရပြန်လေပြီ။ သို့သော် စွမ်းအားပမာဏကား သူတို့ယခင်က အာရုံရခဲ့သည်ထက် အဆများစွာကျော်လွန်သည်။
သူတို့ တအံ့တသြကြည့်နေကြစဥ် ကျီးနက်ကြီးက လေကိုထိုးခွင်း၍ တုန်းလော့မျိုးနွယ်စု၏ အစိမ်းရောင်သစ်ရွက်အကာအကွယ်ထံသို့ တန်းတန်းမတ်မတ်ပြေးဝင်သွားသည်။
နားကွဲလုမတတ်ကျယ်လောင်သော ပေါက်ကွဲသံကြီး ရိုက်ညောင်းသွား၏။ အကာအကွယ်မှာ အားနည်းနေခဲ့ပြီးဖြစ်၍ ယခုတွင်တော့ ၄င်းမှာ ထိုးနှက်လိုက်သောအားကို မခံနိုင်တော့သည်။ ၄င်းသည် တသိမ့်သိမ့်တုန်ခါသွားပြီးနောက် ရုတ်တရက် ပျက်စီးပြိုကျလာ၏။
၄င်းပေါက်ကွဲသွားဖြင့် တုန်းလော့မြို့အတွင်းရှိ သစ်ပင်များ တစစီ ဖြစ်ကုန်သည်။ သစ်ရွက်များလည်း ကြေမွသွားပြီး အကာအကွယ်ကား..... လုံးဝပျောက်ကွယ်သွားလေပြီ။
တစ်ချိန်တည်းမှာပင် ကျီးနက်ကြီးလည်း လွင့်စင်ပြိုကွဲလာသည်။ ၄င်းသည် မြူခိုးများအသွင် ပြောင်းပြီးနောက် တုန်းလော့မြို့ကို နောက်တစ်ဖန်ဖုံးအုပ်ရန် အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားသည်။
ပေါက်ကွဲသံများနှင့်အတူ မချိတင်ကဲအော်သံများ လေတွင်ပြည့်နှက်သွားသည်။ အချိန်စွမ်းအားနှင့် အပြင်းစားအဆိပ်ငွေ့သည် မြို့ကို လှဲကျင်းတိုက်ခတ်သွား၏။ မြူထု၏အပြင်ရှိ အရာအားလုံးမှာ တိတ်ဆိတ်နေသည်။ ဘယ်သူမှ စကားမပြောကြပေ။ ကြည့်ရှုနေကြသည့် ကျင့်ကြံသူတစ်ရာကျော်မှာ ချာချာလည်မူးနောက်လျက် ကြောင်တောင်တောင်ဖြစ်နေကြသည်။ ဖြစ်ပျက်နေသည့်အရာအားလုံးကား ဘယ်တော့မှမမေ့ပျောက်အောင် သူတို့၏စိတ်အပေါ်သို့ ခတ်နှိပ်ခံနေရလေသည်။
တုန်းလော့မြို့ထဲတွင်တော့ အနုသုခုမရုပ်ခန္ဓာအဆင့်အကြီးအကဲနှစ်ယောက်မှာ ဖြူဆုပ်ဖြူလျော်ဖြင့် ရပ်နေကြသည်။ သူတို့ကို ဝန်းရံထားသည့် ကျယ်ပြောသောမြူထုကြီးက သူတို့၏ရောင်ရင်းမျိုးနွယ်ဝင်မျာစကို မမြင်နိုင်ဖြစ်နေစေသည်။ သူတို့ ကြားရသမျှမှာလည်း ၎င်သွေးပျက်ချောက်ချားဖွယ်အော်သံများသာ။
သူတို့သည် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများဖြစ်၏။ အခြားသူများနှင့်ယှဥ်လျှင် သူတို့က အစွမ်းထက်ဆုံးပင်။ သို့ရာတွင် ဤမန္တန်အစီအရင်အတွင်း၌ သူတို့မှာ လှုပ်ပင်လှုပ်မရပေ။ မည်သည့်နတ်ဘုရားစွမ်းရည်သုံးသုံး၊ ဤမြူထုအား ချိုးဖျက်၍မရသလို၊ မလွတ်မြောက်နိုင် ဖြစ်နေသည်။
ဒေါသများ ထွက်လာသော်လည်း အချည်းနှီးသာဖြစ်သည်။
ပထမရက်တွင် သူတို့မှာ မည်သည့်ချိုးဖျက်ရမည်လဲ စဥ်းစားမရသေးပေ။ ဒုတိယနေ့တွင်လည်း ထိုနည်းတူပင်။ အမှန်တွင် ငါးရက်မြောက်နေ့အထိ ထိုအတိုင်းဖြစ်သည်။ ထို့နောက်ပိုင်း သူတို့၏ရောင်ရင်းမျိုးနွယ်ဝင်များထံမှ မချိတင်ကဲအော်သံများ မကြားရတော့ပေ။ သူတို့မှာ မျှော်လင့်ချက်မဲ့လျက် ဆောက်တည်ရာမရ ပူဆွေးနေကြလေပြီ။
သူတို့၏ပုံပန်းသွင်ပြင်များမှာ ငါးရက်ကျော်အထိ အချိန်စွမ်းအား၏ တိုက်ခိုက်မှုကို အလူးအလိမ့် ခံခဲ့ရသည်။ သူတို့သည် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများဖြစ်သော်လည်း ဤကဲ့သို့ တိုက်ခိုက်ခြင်းမှ ဖြစ်ပေါ်လာသော ပြောင်းလဲမှုများကို မတွန်းလှန်နိုင်ပေ။
ခြောက်ရက်မြောက်နေ့တွင်တော့ တုန်းလော့မြို့ကို အုပ်မိုးထားသည့် မြူထုကြီး ရုတ်တရက် မြောက်တက်သွားသည်။ ၄င်းက မြို့ထဲမှ ထွက်ခွာပြီး ပတ်ပတ်လည်ကိုဝန်းရံလိုက်သည်။ အထဲ၌ မြူမျှင်လေးတစ်မျှင်ကိုပင် မမြင်ရတော့ပေ။
တုန်းလော့မြို့အတွင်း သိသာထင်ရှားစွာ မြင်ရသည်မှာ ပျက်စီးယိုယွင်းခြင်းကိုသာ။ သစ်ပင်များ၊ သစ်ရွက်များ၊ ရှိရှိသမျှအရာအားလုံး နှစ်ပေါင်းရာချီ ဆွေးမြည့်ပျက်စီးနေခဲ့သည့်အလားပင်။
မြို့တွင်း၌ လူသုံးယောက်သာ ကျန်ခဲ့သည်။ သူတို့သည် တုန်းလော့မြို့၏ အနုသုခုမရုပ်ခန္ဓာအဆင့် အကြီးအကဲများမှလွဲ၍ တခြားမဟုတ်ပေ။ မြူထဲ၌ အကြာဆုံး ပိတ်လှောင်ခံထားရသည့် တစ်ယောက်မှာ မြူများထွက်ခွာသွားသည်နှင့် ပတ်ဝန်းကျင်ကို မျက်ပြူးဆန်ပြာကြည့်လိုက်သည်။ ချက်ချင်း သူ၏အသက်ရှူသံများ မြန်ဆန်လာပြီး အံ့သြခြင်းတို့ သူ၏မျက်လုံးများတွင် ပြည့်နှက်သွားသည်။
သူသည် အစမှအဆုံးအထိ ရွှေအလင်းဘုရားကျောင်း၏ ချိုင့်ဝှမ်းထဲတွင်သာ ရှိနေခဲ့သည်ဟု ထင်ခဲ့သည်။ ယခုအချိန်မှ သူတိုက်ခိုက်နေခဲ့သည့်နေရာကို သိလိုက်ရလေပြီ။
တစ်ချိန်တည်းမှာပင် အခြားအနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူနှစ်ယောက်ကို သူမြင်လိုက်သည်။ သူတို့အားလုံး အကြည့်ချင်းဖလှယ်ပြီးနောက် မန်ဟို မြူထဲမှ လမ်းလျှောက်ထွက်လာသည်ကို တိတ်ဆိတ်စွာ လှမ်းကြည့်လိုက်ကြသည်။
သူ့ကိုမြင်လိုက်သည်နှင့် သူတို့သုံးယောက်မှာ လိုအပ်လျှင် အသေးစားနေရာရွှေ့ပြောင်းခြင်း အသုံးပြုရန် အသင့်ပြင်လိုက်သဖြင့် ခန္ဓာကိုယ်များဝေဝါးသွားကြသည်။ ယခုတွင် မန်ဟိုကိုယ်တိုင် ထွက်လာပြီဖြစ်၍ မည်သည့်အရာမဆိုအတွက် အသင့်ပြင်ထားရန် သူတို့စိတ်ပိုင်းဖြတ်ထားကြ၏။
မန်ဟိိုက အဘိုးကြီးသုံးယောက်ကို ကြည့်ပြီးနောက် ညာလက်ကို မြှောက်လိုက်သည်။ ချက်ချင်းပင် ဝန်းရံထားသော မြူထုမှ ပုံရိပ်တစ်ရာကျော် ထွက်လာသည်။ သူတို့ကား မြူခိုးများမှ ဆွဲထုတ်ပေးလိုက်သော သတိလစ်နေသည့် တုန်းလော့မျိုးနွယ်ဝင်များမှတစ်ပါး အခြားမဟုတ်ပေ။
ဤလူများပေါ်လာခြင်းက အဘိုးကြီးသုံးယောက်ကို နေရာရွှေ့ပြောင်းရန် အကြံအား လက်လျှော့သွားစေသည်။ မျိုးနွယ်ဝင်အားလုံး ဤနေရာတွင်ရှိနေသည်ဖြစ်ရာ သူတို့အရဲစွန့်မည်မဟုတ်ပေ။
သူတို့က တိတ်ဆိတ်စွာ ရပ်နေကြသည်။
"တော်သင့်ပြီ" မန်ဟိုကပြောသည်။ "ခင်ဗျားတို့အမှားဆိုတာ သိကြလား။ ကျုပ် ပြန်မတိုက်ရင် ခင်ဗျားတို့ ကျုပ်ကို လက်ခံပေးလောက်တယ်။ ခင်ဗျားတို့နဲ့ပူးပေါင်းတာက အဲ့ဒီလောက်မဆိုးပါဘူး ... ထင်တာပါပဲ... ရိုးသားမှုမရှိတာကလွဲလို့ပေါ့။ ခင်ဗျားလူတွေကို ကျုပ် သိပ်မသတ်ထားဘူး။ အကုန်လုံး ဒီမှာရှိတယ်။ ခင်ဗျားတို့ရဲ့ မြို့ပျက်နဲ့ သူတို့နဲ့ လဲမယ်" သူက အဖြေကိုစောင့်ရင်း သူတို့ကိုကြည့်လိုက်သည်။
အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူသုံးဦး၏ ရင်ထဲတွင် ခါးသီးမှုများ ပြည့်ကြပ်သွားသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီးနောက် အကြီးအကဲနှစ်က အံကြိတ်ရင်း ခေါင်းညိတ်လိုက်သည်။
"ဖြစ်ခဲ့ပြီးတာတွေက ဖြစ်ခဲ့ပြီးပြီ" သူကပြောသည်။ "မင်းပြောတာတွေအားလုံး သဘောတူတယ်။ ဒါပေမဲ့...." သူက စကားပြောမပြီးခင် မန်ဟို့ကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ သူက လေးစားသမှုပြသနေပုံရသော်လည်း ရုတ်တရက် အကြီးအကဲသုံးဦး၏ခန္ဓာကိုယ်များ ပျောက်ကွယ်သွား၏။ သူတို့က အသေးစားနေရာရွှေ့ပြောင်းခြင်းကို သုံးရင်း တိုက်ခိုက်တော့မည့်အလား ဘေးတွင်ပြန်ပေါ်လာသည်။
မန်ဟို သူတို့ကို လှမ်းကြည့်လိုက်စဥ်မှာပင် တစ်ချိန်လုံး စကားမပြောခဲ့သော အကြီးအကဲတစ်က ရုတ်တရက် ဝေဝါးသွားသည်။ ထိုသို့ဝေဝါးသွားစဥ် အသတ်အဖြတ်စိတ်ဆန္ဒက သူ၏မျက်လုံးများတွင် ပြည့်နှက်နေသည်။ သူပြန်ပေါ်လာသောအခါ သူသည် မန်ဟို့အနောက်တွင် ရပ်နေလေပြီ။ သူ၏လက်က မန်ဟို့ကို ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်သည်။
အကြီးအကဲ၏အရှေ့က မန်ဟိုမှာ ဝုန်းခနဲ အစိတ်စိတ်အမြွှာမြွှာကွဲထွက်သွားသည်။ သို့သော် ကွဲထွက်သွားသည်ကား ချီမျှင်များထက်မပိုပေ။
ထို့နောက် အကြီးအကဲသုံးက မြူထုထံသို့ပြေးဝင်သွားသည်။ သူသည်ထွက်ပြေးနေခြင်းမဟုတ်၊ သူ၏ညာလက်တွင် မုဒြာဟန်တစ်ခု လက်သွားသည်။ သူ၏ခန္ဓာကိုယ်မှာ ဝီခနဲမြည်သွားပြီး ဧရာမလက်ကြီးတစ်ဖက် သူ့အနောက်တွင် ပေါ်လာသည်။ ၄င်းက မြူကို ထိုးခွင်း၍ တစ်စုံတယောက်ကို ဖမ်းဆုပ်လိုက်သည်။
၄င်းဖမ်းဆုပ်လိုက်သူကား မန်ဟိုမှတစ်ပါးအခြားမဟုတ်ပေ။
"သေစမ်း" အကြီးအကဲသုံးက အော်သည်။ ထိုလူက လက်သီးဆုပ်လိုက်သဖြင့် အုန်းခနဲ မြည်ဟည်းသွား၏။ သို့သော်... ပေါက်ကွဲသံကြီးပဲ့တင်ထပ်နေစဥ်မှာပင် လက်သီးဆုပ်အတွင်းရှိ မန်ဟိုသည် ရုတ်တရက် ချီမျှင်များအဖြစ် ပြိုကွဲသွားသည်။
အကြီးအကဲသုံးဦး မျက်နှာပျက်သွားသည်။ အကြီးအကဲတစ်၊ စောစောက စကားပြောနေခဲ့သော အကြီးအကဲနှစ်နှင့် အကြီးအကဲသုံးတို့အားလုံး ရင်တဒိန်းဒိန်းခုန်လာသည်။
သူတို့သည် အကြည့်ချင်းဖလှယ်၍ အကွက်ချခဲ့ခြင်းဖြစ်သည်။ သို့သော် သူတို့၏အစီအစဥ်မှာ တခဏအတွင်း ရှုံးနိမ့်သွားလေပြီ။ ရုတ်တရက် မြူထုအတွင်းမှ လူတစ်ဒါဇင်ကျော် လမ်းလျှောက်ထွက်လာသည်။ အားလုံးက မန်ဟိုဖြစ်နေ၏။
သူတို့၏ပုံပန်းသွင်ပြင်များမှာ ထပ်တူကျနေပြီး အားလုံးက အကြီးအကဲသုံးဦးကို အေးစက်စွာ ကြည့်နေကြသည်။
"ရွှေအလင်းဘုရားကျောင်းခေါင်းဆောင်ကြီး" တုန်းလော့မျိုးနွယ်စု၏ အကြီးအကဲသုံးက ဒေါသတကြီး ပြောသည်။ "မန္တန်အစီအရင်ကိုပဲ အားကိုးနေမှာလား။ ငါတို့နဲ့ တစ်ယောက်ချင်း မတိုက်ရဲဘူးလား" ပြီးခဲ့သည့်ရက်များအတွင်း သူခံစားနေခဲ့ရသော မချင့်မရဲဖြစ်မှုတို ပေါက်ကွဲသွားသည်။ သူ၏အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံခြင်းအခြေခံမှ စွမ်းအားသည်လည်း ထွက်ပေါ်လာ၏။ သူ့တစ်ကိုယ်လုံးကား စွမ်းအားများဖြင့် ဟုန်းဟုန်းတောက်နေတော့သည်။
မန်ဟိုတစ်ယောက်က ချောင်းဟန့်ပြီး ပြောသည်။ "ဟင့်အင်း မတိုက်ရဲပါဘူး" သူ့ပုံစံမှာ အတန်ငယ်ရှက်ရွံ့နေသယောင်ပင်။
စကားလုံးများ သူ့ပါးစပ်မှထွက်သွားချိန်မှာပင် အကြီးအကဲနှစ်က သူ့အရှေ့တွင်ပေါ်လာပြီး တိုက်ခိုက်လိုက်သည်။ မန်ဟို့၏ခန္ဓာကိုယ်က အနက်ရောင်မြူများအဖြစ် ပြိုကွဲသွားသော်လည်း....... မြူထုထဲမှ မန်ဟိုဆယ်ယောက် ထပ်ထွက်လာသည်။
အဘိုးကြီးသုံးယောက်မှာ ယခုတွင် ကူရာမဲ့နေသလို ခံစားလာရတော့သည်။
"အကြီးအကဲတို့ ဒီလိုလုပ်တာက သိပ်မသင့်တော်ဘူးလို့ မထင်ဘူးလား" မန်ဟိုက တစ်ယောက်က ရှက်ကိုးရှက်ကန်းပြောသည်။ "ကျုပ်က ရိုးရိုးသားသားနဲ့ ဆွေးနွေးဖို့နည်းလမ်းရှာနေတာကို။ တုန်းလော့မျိုးနွယ်စုက အနက်ရောင်နယ်မြေမှာ တော်တော်လေးနာမည်ကြီးတယ်ဆိုတော့ .... ခင်ဗျား ကိုးပြည်ထောင်စုမှာရှိတဲ့ ရာထူးက ခုနောက်ပိုင်း အားနည်းလာတယ်ဆိုပေမယ့် ညတွင်းချင်း တစ်မျိုးနွယ်စုလုံး သေသွားရင် တကယ်ရှက်စရာကောင်းမှာနော်။ အကြီးအကဲသုံးဦး ဒီမြို့ကို ကျုပ်လက်ထဲထည့်ပေးဖို့ နောက်တစ်ခေါက်တောင်းဆိုပါမယ်။ ကဲဘယ်လိုလဲ"
သူစကားပြောနေစဥ်မှာပင် မြူမျှင်များက လည်ပင်းကို တင်းတင်းကြပ်ကြပ်ရစ်ပတ်လာသဖြင့် မြူထု၏ လွှမ်းခြုံခြင်း ခံထားရသော တုန်းလော့မျိုးနွယ်ကျင့်ကြံသူများ တုန်ရီလာကြသည်။
***