ဒေါင်းမုဒိန်းမြို့
Vol. 25 Ch. 351
တုန်းလော့မြို့၏ အနုသုခုမရုပ်ခန္ဓာအဆင့်အကြီးအကဲသုံးဦးမှာ အံတင်းတင်းကြိတ်ရင်း စဥ်းစားရကြပ်နေသည်။ မြူထု၏အပြင်ရှိ ကျင့်ကြံသူများမှာ ယခုထက်ထိ ထွက်မသွားကြသေးသဖြင့် ဖြစ်ကြောင်းကုန်စင်ကို ရှင်းရှင်းလင်းလင်း မြင်နေကြရသည်။ ထူးဆန်းသောအမူအရာများက သူတို့၏မျက်နှာကို ဖုံးလွှမ်းနေ၏။ သူတို့အားလုံးသည် မတိုင်ပင်ထားခြင်းမရှိဘဲ အကြောင်းအရာတစ်ခုတည်းကို တွေးမိလိုက်ကြသည်။ မန်ဟိုကား ကြောက်စရာကောင်းသောလူဖြစ်သည်ဟူ၍။
အချိန်အတော်လေးကြာပြီးနောက်တွင် အကြီးအကဲတစ်က သက်ပြင်းရှည်ကြီးချပြီး ပြောသည်။ "မျိုးနွယ်ဝင်တွေအားလုံးလွှတ်ပေး၊ မြို့ကိုမင်းယူလိုက် ဟုတ်ပြီလား"
မန်ဟိုအားလုံးက ပြုံးလိုက်သည်။ တစ်ယောက်မှ စကားလည်းမပြောသလို၊ လှုပ်လည်းမလှုပ်ကြပေ။ အနုသုခုမရုပ်ခန္ဓာအဆင့်အကြီးအကဲသုံးဦးကိုသာ ကြည့်နေကြသည်။
သူတို့၏အကြည့်များထဲ၌ လေးစားမှုအရိပ်အယောင်နည်းနည်းလေးကိုပင် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ မမြင်ရပေ။ မန်ဟို့အတွက် သူတို့ကို လေးစားရန်မလို။ ပြန်လည်မွေးဖွားခြင်းဂူအပြင်က တိုက်ပွဲမှာတုန်းက သူသည် အနုသုခုမရုပ်ခန္ဓာအဆင့် ပညာရှင်ဆယ်ယောက်ကျော်နှင့် တိုက်ခိုက်ခဲ့ဖူး၏။ သူတို့နှင့်ပတ်သက်၍ အံ့သြစရာဟူ၍ သူမတွေ့ခဲ့ရပေ။
ပို၍အရေးကြီးသည်က မန််ဟိုသည် သူ သွေးမျက်နှာဖုံးအားတပ်လိုက်လျှင် သူတို့နှင့် အပြည့်အဝတော့ မယှဥ်နိုင်သေးသော်လည်း သေချာပေါက်ပြန်တိုက်ခိုက်နိုင်မည်ဖြစ်ကြောင်း ယုံကြည်ချက်ရှိသည်။
အကြီးအကဲတစ်က တခဏကြာသည်အထိ ဘာမှမပြောသော်လည်း ခါးခါးသက်သက် ရယ်လိုက်သည်။ သူသည် လက်ကိုမြှောက်ပြီး သူ၏ရင်ဘတ်ပေါ်သို့ ခပ်ပြင်းပြင်း ရိုက်ချလိုက်သည်။ သူ့မှာ သွေးသုံးပွက်ဆက်တိုက် အန်ရင်း တစ်ကိုယ်လုံးတုန်ရီသွားသည်။ သွေးပွက်တစ်ပွက်စီတိုင်း သူ၏အရှိန်အဝါမှာ အားနည်းလာ၏။ ထို့နောက် သူ၏ကျင့်ကြံခြင်းအခြေခံမှာ တစ်ဝက်ကျဆင်းသွားသည်။
သူသည် အနုသုခုမရုပ်ခန္ဓာအဆင့်တွင် ရှိနေသေးသော်လည်း သူ၏အတိုက်အခိုက်စွမ်းရည်မှာ ယခုတွင် အမြုတေဖြစ်တည်မှုမဟာစက်ဝန်းအဆင့်နှင့် ညီမျှသွားလေပြီ။ သူ့အတွက် ထိုကဲ့သို့အခြေအနေမှ အကောင်းပကတိပြန်ဖြစ်ရန် လနှင့်ချီကြာမည်ဖြစ်သည်။
အကြီးအကဲနှစ်က တခဏတိတ်ဆိတ်နေပြီးနောက် သက်ပြင်းချလိုက်သည်။ သူ့တွင် ရွေးချယ်စရာမရှိကြောင်း သူသိသည်။ သူလည်း သူ့ရင်ဘတ်သူ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ သွေးတချို့အန်ပြီးနောက်တွင် သူ၏မျက်နှာမှာ ဖြူဖျော့သွားတော့သည်။
အကြီးအကဲသုံးက မန်ဟို့ကို မုန်းတီးစက်ဆုပ်စွာ စိုက်ကြည့်ပြီးနောက် အသက်ပြင်းပြင်း ရှူလိုက်သည်။ သူလည်း ကိုယ့်ကိုကိုယ်ထိခိုက်စေ၍ ကျင့်ကြံခြင်းအခြေခံအဆင့် ကျသွားစေသည်။
"အခု ငါတို့ကို ယုံပြီလား" အကြီးအကဲတစ်က ပါးစပ်မှ သွေးများကို သုတ်ရင်း အေးစက်စက်ပြောသည်။
မန်ဟိုတစ်ယောက်က ရှက်ကိုးရှက်ကန်းပြုံးလိုက်သည်။ သူက ခေါင်းညိတ်ရင်း သိုလှောင်အိတ်ကို ပုတ်သည်။ သူထိုသို့လုပ်လိုက်ချိန်မှာပင် အကြီးအကဲသုံး၏မျက်လုံးများ လင်းလက်သွား၏။ သူက ရုတ်တရက် ပါးစပ်ဟပြီး အလင်းတန်းတစ်တန်းထွေးထုတ်လိုက်သည်။
ဤသည်မှာ အမြုတေချီနှင့်ဆင်တူသော အနုသုခုမရုပ်ခန္ဓာအရှိန်အဝါဖြစ်သည်။ သို့သော် အဆင့်အရာ၌ ၄င်းသည် ကောင်းကင်ဖြစ်ပြီး အမြုတေချီက မြေကြီးဖြစ်သည်။ ဤအနုသုခုမရုပ်ခန္ဓာအရှိန်အဝါသည် အနီရောင်ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးတွင် သဘောဝအလျောက် ပေါ်လာတတ်သော အနီရောင်အလင်းအားလုံးထက် ရဲရဲတောက်နေသည်။ ၄င်းသည် သိပ်မသိပ်သည်းသော်လည်း စူးရှတောက်ပသောအရောင်အဝါကို ဆောင်ကြဥ်းနေ၏။ တခဏအတွင်း ၄င်းသည် မန်ဟို့အရှေ့တွင် ပေါ်လာပြီးနောက် အရာအားလုံးကို ဖုံးလွှမ်းသွားသည်။
အလင်းက မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။ သိုလှောင်အိတ်ကို ပုတ်နေခဲ့သောမန်ဟိုနှင့် ပတ်ဝန်းကျင်ရှိ အခြားမန်ဟိုများအားလုံး ဖျက်စီးခံလိုက်ရလေပြီ။ သို့သော် မြေကြီးပေါ်ကျလာသည်မှာ အသွေးအသားများမဟုတ်၊ မြူများဖြစ်နေသည်။
ထိုမြင်ကွင်းက အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများကို ပို၍မျက်နှာပျက်သွားစေသည်။ သူတို့သည် ရှိရှိသမျှနည်းလမ်းပေါင်းစုံ အသုံးပြုခဲ့သော်လည်း ခေါင်းဆောင်ကြီးရွှေအလင်း၏ အမြော်အမြင်နှင့် ကောက်ကျစ်မှုက သူတို့ကို အကြိမ်ကြိမ် အနိုင်ယူခဲ့သည်။
"သိုလှောင်အိတ်ပုတ်လိုက်တာ ကျုပ်အစစ်မဟုတ်ဘူးဗျ" မြူထုထဲမှ အသံတစ်သံထွက်လာသည်။ မြူများရိုက်ခတ်လှုပ်ရှာသွားပြီး မန်ဟိုလမ်းလျှောက်ထွက်လာသည်။ " စီနီယာကြီးတို့ ကျုပ်ရဲ့ကိုယ်ပွားတွေက သိသာတယ်ဆိုတာ သိပါတယ်။ စီနီယာကြီးတို့ ကျုပ်အစစ်နဲ့ မှားသွားတာကတော့ ကျုပ်အမှားပဲထင်ပါတယ်နော်"
သူက လက်ကိုဝှေ့ယမ်းလိုက်ရာ ဆေးရည်စီးကြောင်းရာပေါင်းများစွာ ပျံထွက်လာသည်။ ၄င်းတို့က လှုပ်မရသော တုန်းလော့မျိုးနွယ်ဝင်များထံ တန်းတန်းမတ်မတ်ပြေးဝင်သွားပြီး နဖူးမှတစ်ဆင့် သူတို့၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။
"ဒီအဆိပ်က တကယ်အန္တရာယ်မရှိပါဘူး" မန်ဟိုက ခပ်ပြုံးပြုံးဖြင့်ဆိုသည်။ "သေလည်းမသေနိုင်သလို ကျင့်ကြံခြင်းအခြေခံကိုလည်း မထိခိုက်ပါဘူး။ ဘယ်လိုပြောရမလဲ..... အာမခံသဘောပေါ့" သူသည် ဘေးသို့ကပ်ပြီး မြူထုအတွင်း၌ အပြင်ဘက်သို့ဦးတည်နေသော လမ်းတစ်လမ်း ပွင့်သွားသည်။ တုန်းလော့မျိုးနွယ်ကျင့်ကြံသူများကို ရစ်ပတ်သောမြူများက သူတို့ကို လွှတ်ပေးလိုက်သည်။
အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူသုံးယောက်မှာ မန်ဟိုတစ်ယောက်တည်းကို စိုက်ကြည့်ရင်း ကိုယ်ပွားလားအစစ်လား မပြောနိုင်ဖြစ်လျက် ဒေါသတကြီးရပ်နေကြသည်။
အတန်ကြာတိတ်ဆိတ်နေပြီးနောက်တွင်တော့ သူတို့လမ်းလျှောက်လာကြသည်။ သူတို့ သူ့ကို ကျော်ဖြတ်သွားသောအခါ မန်ဟိုက ယခင်အတိုင်းပြုံးနေသည်။ ရုတ်တရက် သူတို့က ရပ်ပြီး သူ့ကို ကြည့်လိုက်ကြသည်။
"မပူပါနဲ့ မြို့က မင်းအပိုင်ပဲ" အကြီးအကဲတစ်က ဟန်ဆောင်ခြင်းမရှိသော အသံဖြင့်ပြောသည်။ "တုန်းလော့မျိုးနွယ်စုလည်း ဆက်ပြီးမလိုချင်တော့ဘူး။ စစ်ရေးမငြိမ်မသက်မှုတွေက အခြေအနေတွေကို ဆုပ်ကိုင်ထားတဲ့အပြင် အခုတုန်းလော့မျိုးနွယ်စုအနေနဲ့ တိုက်ခိုက်ဖို့ အင်အားနည်းလွန်းနေပြီ။ ငါတို့ပုန်းအောင်ပြီးပဲနေတော့မယ်။ ဒါပေမဲ့ မင်းရဲ့အဆိပ်ကြောင့် ငါတို့မျိုးနွယ်တွေ တစ်ခုခုဖြစ်လို့ကတော့ မင်းကို ငါတို့သုံးယောက် အရှင်မထားဘူး" သူက စကားပြောပြီးသည်နှင့် အင်္ကျီလက်စကို ခါပြီး လျှောက်ထွက်သွားသည်။
မန်ဟိုက တစ်ချိန်လုံးပြုံး၍သာ နေသည်။ သူက လူတိုင်းထွက်ခွာသွားသည်ကို ကြည့်ပြီး ရုတ်တရက် ညာလက်ကိုမြှောက်လိုက်သည်။ သူ့လက်ဝါးထဲတွင် လီမျိုးနွယ်စုခေါင်းဆောင်ကြီး ရှိ၏။ လီမျိုးနွယ်စုခေါင်းဆောင်ကြီးပေါ်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ထက်တွင် လျှပ်စီးတန်းကြီးတစ်တန်း ဆိုင်းမဆင့် ဗုံမဆင့်ပေါ်လာသည်။ ၄င်းက ထိုးဆင်းလာပြီး လီမျိုးနွယ်စုခေါင်းဆောင်ကြီး၏ဝိညာဥ်ကိုယ်ကို ဝင်တိုက်လိုက်သည်။
"ငါလိုး မင်း သောက်....." အဘိုးကြီး ဆက်မဆဲနိုင်ခင် မန်ဟိုက သူ့ကို သွေးရောင်မျက်နှာဖုံးထဲ ပြန်ထည့်လိုက်သည်။
စောစောက မန်ဟို့၏အပြုအမူများမှာ မျောလွင့်နေသော တိမ်တိုက်များနှင့် စီးဆင်းနေသော ရေအလျင်သဖွယ် ညက်ညောခဲ့သည်။ သူသည် ယခုတွင် အတော်လေးကျွမ်းကျင်ပါးနပ်နေလေပြီ။
အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူသုံးဦးက နောက်ပြန်လှည့်ကြည့်လိုက်သည်။ လျှပ်စီးတန်းကြီး ထိုးဆင်းလာပြီး မန်ဟို့၏အပြုအမူများကို မြင်သောအခါ သူတို့၏မျက်နှာများ မည်းမှောင်သွားပြီး သက်ပြင်းခိုးချလိုက်ကြသည်။
ယခုတော့ သူတို့ ယခုလေးတင် အနားမှဖြတ်လျှောက်ခဲ့သည် မန်ဟိုမှာ အစစ်ဖြစ်ကြောင်း ထင်ရှားသွားလေပြီ။
ရာဂဏန်းခန့်ရှိသော တုန်းလော့မျိုးနွယ်စုတစ်စုလုံး ထွက်ခွာသွားကြသည်။ သူတို့ထွက်သွားသောအခါ တစ်ခါက သူတို့အပိုင်ဖြစ်ခဲ့သော တုန်းလော့မြို့သည် ပြောင်တလင်းခါသွားတော့သည်။
ဘယ်သူမှ သူတို့ ဘယ်ဆီကိုထွက်သွားကြသည်လဲ မသိကြပေ။ ရက်အနည်းငယ်ကြာသည့်နောက်မှ သူတို့သည် ကိုးပြည်ထောင်စုမှ ခွဲထွက်ပြီဆိုသော ကြေညာချက်ကို ထုတ်ပြန်လိုက်သည်။
ထိုသတင်းက အနက်ရောင်နယ်မြေတစ်ခွင်လုံးသို့ လေမုန်တိုင်းကြီးသဖွယ် တိုက်ခတ်သွားသည်။ ထိုမျှသာမက သူတို့တိုက်ခိုက်မှု၏ ကျေးဇူးကြောင့် ခေါင်းဆောင်ကြီးရွှေအလင်း၏နာမည်မှာ တဟုန်ထိုး ထင်ရှားကျော်ကြားလာတော့သည်။
တုန်းလော့မြို့သည် သိမ်းပိုက်ခံလိုက်ရပြီး နာမည်က ဒေါင်းမုဒိန်းမြို့သို့ ပြောင်းသွားသည်။ ဤအခြင်းအရာက အနက်ရောင်နယ်မြေကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပြီးနောက် အဖွဲ့အမြောက်အမြား စစ်ဆေးစုံစမ်းမှုပေါင်းစုံပြုလုပ်လာကြသည်။ အဆုံးသတ်တွင် ၄င်းကား အရေးမကြီးပေ။ ရွှေအလင်းဘုရားကျောင်းကား အင်အားတစ်ရပ် အခိုင်အမာတည်ထောင်ပြီးဖြစ်လေပြီ။
ဒေသခံကျင့်ကြံသူများမှာ ဒေါင်းမုဒိန်းမြို့တွင် နေထိုင်ရန် အလုအယက်သွားကြသည်။ မကြာမီ ရွှေအလင်းဘုရားကျောင်းသည် လူအင်အား ၁၅၀၀ ကျော်သွား၏။ ယခုတွင် သူတို့သည် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူသုံးဦးမရှိသည်ကလွဲ၍ တုန်းလော့မျိုးနွယ်စုရှိခဲ့သည့် အင်အားထက် ပို၍တောင့်တင်းသွားလေသည်။
မြို့မှာ အကောင်းပကတိအတိုင်း ပြုပြင်ပြီးဖြစ်သည်။ သို့သော် ပုံစံက တုန်းလော့မြို့နှင့် ကွဲပြား၏။ အသစ်ပြန်လည်ပြင်ဆင်ထားသော ဒေါင်းမုဒိန်းမြို့သည် ကြက်တူရွေး၏ပုံစံကို ထင်ဟပ်နေ၏။ ၄င်းက ရောင်စုံတောက်ပနေလေသည်။
မန်ဟိုက အားလုံးကို ကြက်တူရွေးလက်ထဲထည့်ပြီး တံခါးပိတ်ကျင့်ကြံရန် ဝင်ရောက်သွား၏။ မြို့နံရံများ၊ အကာအကွယ်များအစရှိသဖြင့် အရာအားလုံးမှာ ကြက်တူရွေး၏ အရောင်တောက်တောက်များကို ဖော်ကျူးနေတော့သည်။
နွယ်များနှင့်ပတ်သက်၍မူ မန်ဟိုသည် တချို့ကို ဤနေရာတွင်စိုက်၍ မြို့၏ခုခံမှုစနစ်တစ်ခုဖြစ်လာစေသည်။
ရွှေအလင်းဘုရားကျောင်းသို့ ဝင်ရောက်သည့် မည်သူမဆို မြို့တွင် နေထိုင်ခွင့်ရှိသည်။ ရွှေအလင်းဘုရားကျောင်းသည် ဂိုဏ်းတစ်ဂိုဏ်းမဟုတ်သဖြင့် လူများတစတစ များပြားလာသည်နှင့်အမျှ မြို့မှာ မြို့နှင့်မတူတော့ဘဲ ဘုရားကျောင်းကြီးသဖွယ် ဖြစ်လာတော့သည်။
မန်ဟိုက အနီးနားရှိ မြစ်တစ်စင်းမှ ချောင်းဖောက်ကာ ကန်တစ်ကန်ဖန်တီးလိုက်သည်။ ဆေးလုံးတချို့ထည့်ပြီးနောက်တွင် ၄င်းသည် ဆေးရေကန်အဖြစ်ပြောင်းသွားသည်။ ဤသည်က ဘုရားကျောင်းတစ်ခုလုံး၏ရေသောက်မြစ် ဖြစ်လာသည်။
အစိမ်းရောင်သစ်ရွက်မန္တန်အစီအရင်ကို ကြက်တူရွေးက ပြုပြင်ခဲ့ပြီးဖြစ်သည်။ မြို့၏ပိုင်ရှင်ဖြစ်လာပြီးနောက် ကြက်တူရွေးသည် ၄င်းကိုမဖယ်ရှားဘဲ ပြုပြင်၍ အဆင့်မြှင့်ရန် နည်းလမ်းတချို့ အကြံရသွား၏။ ယခုတွင် မန္တန်အစီအရင်မှ ချေဖျက်ခြင်းဖိအားကို ထုတ်လွှတ်နိုင်လေပြီ။
၄င်းမှာ....အရောင်လည်း စုံလင်နေသည်။
မြို့အတွင်းပိုင်းမှာ ယခင်အတိုင်း သုံးထပ်ဖြစ်သည်။ တတိယအထပ်တွင် အဆောက်အဦး တစ်လုံးသာ ရှိသည်။ ထိုနေရာက မန်ဟို လောလောဆယ် တရားထိုင်နေသောနေရာ ဖြစ်သည်။ သူ၏အရှေ့တွင် မဟာခေါင်းထံမှ ရခဲ့သော စတုတ္ထတောင်မှ ငရဲမီးအဖွဲ့၏အမွေအနှစ်၊ အနက်ရောင်ဖန်ဘူးလေးရှိနေသည်။
သူ ထိုပစ္စည်းကို လေ့လာနေသည်မှာ ရက်ပေါင်းများစွာကြာပြီဖြစ်သည်။ သူသည် မဟာခေါင်းသုံးခဲ့သည့် အမြန်နှုန်းကို အတော်လေးအသုံးပြုနိုင်ချင်နေ၏။ ထိုအတွေးမှာ အတော်လေးစိတ်ဝင်စားစရာကောင်းသည်။
သူသည် ဖန်ဘူး၏မျက်နှာပြင်ကို ပွတ်သပ်လိုက်ရာ ရုတ်တရက် နတ်ဘုရားစွမ်းရည်နှင့် ပတ်သက်သော အချက်အလက် သူ့၏စိတ်ထဲတွင် ဖျတ်ခနဲပေါ်လာသည်။ "မြန်နှုန်းမြင့်သွေးအလင်း...." သူက ရေရွတ်လိုက်သည်။ "စီးဆင်းနေတဲ့ သွေးစွမ်းအားကို သုံးပြီး အမြန်နှုန်းကို မြှင့်တင်ခြင်း"
မန်ဟိုသည် သူ့နဖူးပေါ်ရှိ သိမ်းငှက်အကြေးခွံကို ပွတ်သပ်ပြီး မျက်လုံးများလင်းလက်သွားသည်။ သူမည်မျှကြိုးစားကြိုးစား၊ ၄င်း၏စွမ်းအားကို ဒုတိယအကြိမ် အသုံးမပြုနိုင်သေးပေ။
ရက်အနည်းငယ်ကြာသော် မန်ဟို မြန်နှုန်းမြင့်သွေးအလင်းပညာရပ်အား ကျင့်ကြံပြီးသည့် အချိန်မှာပင် မဟာခေါင်းက ကျောက်စိမ်းပြားတစ်ပြားအား သူ့ဆီ လာရောက်ပေးပို့သည်။ သူ၏စိတ်ဝိညာဥ်အာရုံဖြင့် ၄င်းကို စစ်ဆေးလိုက်ချိန်တွင် သူ၏မျက်လုံးများ တောက်ပလာသည်။
မန်ဟိုသည် အေးခဲနှင်းပိုးကောင်ရှိသည့်နေရာကိုရှာရန် မဟာခေါင်းအား အနက်ရောင်နယ်မြေတစ်ခွင် စုံစမ်းမှုတချို့ ပြုလုပ်စေခဲ့သည်။ ထိုကဲ့သို့ပိုးကောင်များမှာ ရှားမှရှားသော်လည်း မတွေ့နိုင်သည်တော့မဟုတ်ပေ။ ကံကောင်းထောက်မစွာနှင့် မဟာခေါင်းအတွက် လိုအပ်သောအချက်အလက်များစုဆောင်းမိရန် သိပ်မကြာလိုက်ပေ။
"သန့်စင်နှင်းမြိို့တော်..." မန်ဟိုက ကျောက်စိမ်းပြားကို ကြည့်ရင်း သက်ပြင်းဖွဖွချကာ ဆိုသည်။ ခပ်ရေးရေးအပြုံးတစ်ခုက သူ၏မျက်နှာတွင် ဖြစ်ထွန်းသွား၏။
အနက်ရောင်နယ်မြေအားလုံးတွင် အေးခဲနှင်းပိုးကောင်အား ရှာတွေ့နိုင်သော နေရာတစ်နေရာသာ ရှိသည်။ ၄င်းသည် ကိုးပြည်ထောင်စု၏ မြို့များထဲတစ်ခုအပါအဝင်ဖြစ်သော သန့်စင်နှင်းမြို့တော်ပင်။
မြို့တော်သည် တုန်းလော့မျိုးနွယ်စုထက် အဆများစွာ အင်အားကြီးသော အေးခဲနှင်းမျိုးနွယ်စုအပိုင် ဖြစ်သည်။ သူတို့၏ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးများက နှစ်ပေါင်းများစွာ ဆက်လက်တည်တန့်စေခဲ့ခြင်းဖြစ်သည်။ အမှန်တွင် သူတို့သည် စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးသုံးဦးဖြင့် ကိုးပြည်ထောင်စုအတွင်း၌ အမြင့်ဆုံးနေရာကိုပင် သိမ်းပိုက်နိုင်ခဲ့ဖူးသည်။
ကံဆိုးစွာနှင့် မကြာသေးသောနှစ်များအတွင်းက သူတို့၏အာဏာမှာ အကျဘက်သို့ သက်ရောက်သွားခဲ့သည်။ ယခုတွင် သူတို့၌ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးတစ်ဦးသာ ရှိတော့၏။ ကောလဟလများအရ ဤနောက်ဆုံးခေါင်းဆောင်ကြီးသည် ဘဝ၏အဆုံးသို့ရောက်နေပြီဖြစ်၍ ထွက်လာခဲ့လေသည်။ သူကား ယခုတွင် အေးခဲနှင်းမျိုးနွယ်စု၏ တာအိုစောင့်ရှောက်သူဖြစ်၏။
ကြည့်ရသရွေ့ မျိုးနွယ်စု၏ တိုက်ရိုက်သွေးဆက်များသာ အေးခဲနှင်းပိုးကောင်ကို မွေးမြူပျိုးထောင်ရန် နည်းလမ်းဖြင့်အတူ လက်ခံရရှိနိုင်ခြင်းဖြစ်ဟန်တူသည်။ အရေးအကြီးဆုံးက အေးခဲနှင်းပိုးကောင်သည် မွေးဖွားလာသည့်အခိုက်အတန့်၌ သခင်နှင့် ပဋိညာဥ်ပြုမည်ဖြစ်သည်။ ထိုပဋိညာဥ်အား ဘယ်တော့မှ မပြောင်းလဲနိုင်ပေ။ သခင်သေသွားလျှင် ပိုးကောင်လည်း သေမည်။
မန်ဟိုက ကျောက်စိမ်းပြားကို သိမ်းလိုက်သည်။ အေးခဲနှင်းပိုးကောင်မှာ သူ၏ပြစ်ဒဏ်ကို ကျော်လွှားနိုင်စွမ်းနှင့် ပတ်သက်နေသည်ဖြစ်၍ သေချာပေါက် တစ်ကောင်တော့လိုအပ်သည်။ သူသည် စိတ်အေးအေးထားစဥ်းစားပြိီးနောက် ထရပ်ကာ စံအိမ်မှ ထွက်လာလိုက်သည်။ သူ့မှာ ဆူညံနေသော ရောင်စုံမြို့ကို မြင်လိုက်သည်နှင့် မူးဝေသွား၏။
ကြက်တူရွေးက ခြေကုန်လက်ပန်းကျနေသော ကြက်သွေးရောင်ဒေါင်းသုံးကောင်နှင့်အတူ စိတ်လှုပ်တရှား ပျံဝဲနေသည်။ အောက်ဖက်မှ သခင်ငါးကိုယုံကြည်၊ ထာဝရဘဝရမည်ဆိုသော ရွတ်သံများက လွင့်ပျံ့လျက်ရှိသည်။
အသားဂျယ်လီမှာမူ ဘုရားကျောင်း၏ အဖွဲ့ဝင်တစ်ယောက်ကို တရားဟောနေ၏။ လောလောဆယ်တွင် ၄င်းသည် ချီအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ကို တည်ကြည်စွာ ကြည့်ရင်း သူ၏မျက်နှာပေါ်ရှိ စိတ်ပျက်လက်ပျက်ဖြစ်နေသာအမူအရာကို လျစ်လျူရှုကာ အတိတ်က နေဝင်ဆည်းဆာ၏အလှတရားအကြောင်း တက်တက်ကြွကြွပြောပြနေသည်။
မန်ဟိုက တခဏကြည့်ပြီးနောက် သက်ပြင်းချလိုက်သည်။ သူ့အမြင်တွင် ကြက်တူရွေးနှင့် အသားဂျယ်လီ၏ ကျေးဇူးကြောင့် မြို့ရှိကျင့်ကြံသူများမှာ ခါတိုင်းနှင့်မတူတော့သလိုပင်။ သူသည် ခဏတဖြုတ်စဥ်းစားပြီးနောက် အလင်းတန်းအသွင်ပြောင်းကာ အဝေးသို့ထွက်သွားသည်။
ကြက်တူရွေးက သူထွက်သွားသည်ကို မြင်သောအခါ ရုတ်တရက်ကြီး အလွန်စိတ်လှုပ်ရှားလာပုံရသည်။
"သွားပြီလား အီး။ ဟဲဟဲဟဲ သခင်ငါးရဲ့ အချိန်ယူပြီး ကြံစည်ထားရတာကို အကောင်အထည် ဖော်တော့မယ်။ လာကြလာကြ ကလေးတို့။ မင်းတို့လေးတွေကို ဒုတိယကောင်းကင်မန္တန်အစီအရင် သင်ပေးမယ်။ ဒီတစ်ခုကို အင်မိုတယ်ကွပ်မျက်ခြင်းအစီအရင်လို့ခေါ်တယ်" ကြက်တူရွေးက ၄င်း၏အတောင်ပံဖြင့် ရင်ဘတ်ကို ပုတ်လိုက်သည်။ ၄င်း၏အသံမှာ စိတ်လှုပ်ရှားစွာ ဟိန်းထွက်လာ၏။ "ဒီအစီအရင်က ကောင်းကင်နဲ့မြေကြီးကို လှုပ်ခါပစ်နိုင်တယ်။ ဒါကိုသုံးတာက နည်းနည်းလေးမှ အန္တရာယ်မဖြစ်ဘူး။ မင်းတို့ကိုလည်း နည်းနည်းလေးတောင် မထိခိုက်ဘူး။ အရင်က သခင်ငါး ကိုယ့်မန္တန်အစီအရင်တွေနဲ့ကိုယ် အကြပ်ရိုက်တာ ကိုးကြိမ်ထက်မကျော်ခဲ့ဘူး။ ဒါကြောင့် လုံးဝစိတ်မပူကြနဲ့ ဟုတ်ပြီလား"
***