← Chapters

အနက်ရောင်နယ်​မြေများရှိ ပရမ်းပတာအခြေအနေများ

Vol. 26 Ch. 352

အနက်ရောင်နယ်​မြေများရှိ ပရမ်းပတာအခြေအနေများ

Vol. 26 Ch. 352

မိုးသောက်ချိန်ဖြစ်သည်။ မန်ဟိုသည် အစိမ်းရောင်ကြယ်ပျံတစ်စင်းသဖွယ် အမြင့်ဆုံးအရှိန်ဖြင့် လေကိိုခွင်း၍ သွားနေပြီးနောက် မိုးကုပ်စက်ဝန်းတွင် ပျောက်ကွယ်သွားသည်။

ဤသည်မှာ မြို့မှထွက်ခွာလာသော ခုနစ်ရက်မြောက်နေ့ဖြစ်သည်။ သူသည် ကျောက်စိမ်းပြားထဲရှိ မြေပုံပေါ်တွင် ဖော်ပြထားသောလမ်းကြောင်းအတိုင်း မရပ်မနားပျံသန်းနေခဲ့လေသည်။ အနက်ရောင်နယ်မြေများတွင် အဝေးရောက်နေရာရွှေ့ပြောင်းခြင်းမုခ်ဝများ တွေ့လေ့တွေ့ထမရှိပေ။ တစ်နေရာရာသို့ ခရီးနှင်ချင်လျှင် မိမိအစွမ်းအစကိုသာ အားကိုးနိုင်သည်။

ခုနစ်ရက်အတောအတွင်း လျှပ်စီးတန်းများ ရံဖန်ရံခါ ကျဆင်းလာတတ်ပြီး လီမျိုးနွယ်စုခေါင်းဆောင်ကြီး၏ မချိတင်ကဲအော်သံများ တစ်ဆက်တည်း ထွက်ပေါ်လာတတ်သည်။ မန်ဟိုမှာ နည်းနည်းလေးမှ ထိခိုက်ခြင်းမရှိပေ။ လောလောဆယ်တွင် သူသည် တစ်ချိန်က မြို့တစ်မြို့၏ အသေးစား အခြေစိုက်စခန်းဖြစ်ခဲ့သော မီးခိုးတလူလူ တက်နေသည့် အပျက်အစီးများအပေါ်၌ ပျံသန်းနေသည်။ တငွေ့ငွေ့လောင်ကျွမ်းနေသော အပျက်အစီးပုံအကြားတွင် အလောင်းတော်တော်များများအား မန်ဟိုမြင်တွေ့လိုက်ရသည်။

ဤသည်မှာ ပြီးခဲ့သည့်ခုနစ်ရက်အတောအတွင်း မန်ဟိုကြုံတွေ့ခဲ့ရသည့် ငါးခုမြောက်မြင်ကွင်း ဖြစ်သည်။ သူသည် ၄င်းကို တခဏငုံ့ကြည့်ပြီးနောက် ကျော်ဖြတ် ပျံသန်းသွားတော့မည့်အချိန် ရုတ်တရက် အေးစက်စက်နှာမှုတ်သံလိုက်သည်။ သူ၏မျက်လုံးများက တောက်ပသွားပြိီး ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ဓားပျံတစ်လက်က သူ့ထံ ဦးတည်လာနေခဲ့ပြီး ယခုတွင် ၁၅မီတာမျှသာ ကွာဝေးတော့၏။

အပျက်အစီးများအတွင်းမှ ဟိန်းဟောက်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ "တိုက်ခိုက်လိုက်"

အလင်းတန်းရှစ်တန်း မန်ဟို့ထံပြေးဝင်လာသည်။ လူရှစ်ယောက်အနက် တစ်ယောက်က အမြုတေဖြစ်တည်မှုနှောင်းပိုင်းအဆင့်ဖြစ်၏။ နှစ်ယောက်က အမြုတေဖြစ်တည်မှု အလယ်အလတ်အဆင့်ဖြစ်ပြီး ကျန်လူများက အမြုတေဖြစ်တည်မှုစဦးပိုင်းအဆင့်ဖြစ်ကြသည်။ ထိုရှစ်ယောက်အဖွဲ့မှာ မည်သည့်နေရာဒေသတွင်မဆို မည်သည့်အရာကိုမှ ပေါ့ပေါ့တန်တန် သဘောမထားသည့်ပုံရသည်။ သူတို့သည် တုန်လှုပ်ဖွယ်စွမ်းအားကို ထုတ်ဖော်ရင်း ပျံထွက်လာကြ၏။

သို့သော် အမြုတေဖြစ်တည်မှုနှောင်းပိုင်းအဆင့် ကျင့်ကြံသူကလွဲ၍ ကျန်လူအားလုံးမှာ ခံစားချက်မဲ့သော မျက်ဝန်းများရှိသည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံက အစွမ်းထက်ပါသော်လည်း သူတို့၏လှုပ်ရှားမှုများက ရုပ်သေးရုပ်များကဲ့သို့ တောင့်တောင့်တင်းတင်းဖြစ်နေ၏။

သူတို့သည် မျက်စိကျိန်းမတတ် တောက်ပနေသော ရောင်စုံမှော်ပစ္စည်းများနှင့်ပညာရပ်များကို အသုံးပြုရင်း မန်ဟို့ထံ တည့်တည့်ဝင်လာကြသည်။ ဓားပျံများနှင့် မှော်ပုလင်းများ လေထဲတွင် ပြည့်နှက်သွားပြီး မန်ဟို့ကို ဝင်တိုက်ရန် တခဏသာလိုတော့သည်။ မန်ဟိုက မျက်မှောင်ကြုတ်သွားပြီး မြန်နှုန်းမြှင့်သွေးအလင်းကို အသုံးပြုလိုက်သည်။ ချက်ချင်းပင် သူ၏ခန္ဓာကိုယ် လက်ခနဲ ဖြစ်သွားပြီး ပျောက်ကွယ်သွား၏။ သူပြန်ပေါ်လာသောအခါ အကွာအဝေးတစ်ခုသို့ ရောက်သွား၏။

ဤသည်မှာ အသေးစားနေရာရွှေ့ပြောင်းခြင်းမဟုတ်ပေ။ သို့သော် ထိုမျှအချိန်တိုအတွင်း အကွာအဝေးတစ်ခုရွှေ့ပြောင်းနိုင်ခြင်းက အလွန်တရာအံ့သြဖွယ်ကောင်းသည်။

သူ စောစောရှိခဲ့သည့်နေရာမှာ ပူးပေါင်းတိုက်ကွက်၏ရလဒ်အနေဖြင့် အလင်းတန်းအဖြစ် ပေါက်ကွဲသွားရာ ပေါက်ကွဲသံများဆူညံသွားသည်။

မန်ဟို၏ မျက်နှာ မည်းမှောင်သွားသည်။ စောစောက တိုက်ကွက်မှာ အသတ်အဖြတ်စိတ်ဆန္ဒဖြင့် ပြည့်နေခဲ့သော်လည်း သူ့အနေဖြင့် ဤလူများနှင့် တစ်ခါမှမဆုံတွေ့ဖူးကြောင်း သေချာလေသည်။

"အနက်ရောင်နယ်မြေက ပရမ်းပတာအခြေအနေတွေက ဒီအတိုင်းအတာရောက်နေပြီပဲ" သူက မျက်မှောင်ကြုတ်လျက် တွေးလိုက်သည်။ ဤအခိုက်တွင် လူရှစ်ယောက်အဖွဲ့သည် မန်ဟို ပျောက်ကွယ်သွားခဲ့သည်ကို သဘောပေါက်လိုက်၏။ သူတို့က ချာခနဲလှည့်လိုက်ရာ မန်ဟို့ကို တွေ့လိုက်ရသည်။ အမြုတေဖြစ်တည်မှုနှောင်းပိုင်းအဆင့်ကျင့်ကြံသူက အေးစက်စက်နှာမှုတ်ပြီး ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်တစ်ခု သူ၏မျက်လုံးများတွင် ပေါ်ပေါက်လာသည်။

"မလောက်လေးစား အမြုတေဖြစ်တည်မှုစဦးပိုင်းအဆင့်ကျင့်ကြံသူ၊ မင်းမှာ မှော်ပစ္စည်းကောင်းကောင်း ရှိနေပုံပဲ။ ဒါပေမဲ့ အခု ငါနဲ့မှ ပက်ပင်းတိုးတယ်ဆိုတော့ လိမ်လိမ်မာမာနဲ့ ငါ့ရုပ်သေးရုပ်ဖြစ်လာဖို့က လွဲပြီးရွေးချယ်စရာမရှိဘူး။ အရုပ်များလေ ငါ့အတွက် လုံခြုံလေပဲ" ထိုလူက လက်ကိုမြှောက်လိုက်ရာ အခြားကျင့်ကြံသူခုနစ်ယောက်သည် အသက်မပါသောမျက်နှာများဖြင့် မန်ဟို့ထံ ပြေးဝင်လာ၏။

မန်ဟိုက ကျင့်ကြံခြင်းအခြေခံ၏စွမ်းအားကို ညာမျက်လုံးတွင် စုဆုံစေရင်း မျက်တောင်တစ်ဖျပ်ဖျပ်ခတ်လိုက်သည်။ ချက်ချင်းပင် သူ၏အမြင် ပြောင်းလဲသွား၏။ ကောင်းကင်စက္ခုပညာရပ်ကို အသုံးပြုရင်း မန်ဟိုသည် ကျင့်ကြံသူခုနစ်ယောက်၏ခန္ဓာကိုယ်နှင့် တွယ်ဆက်နေသော အနုစားပင့်ကူမျှင်အမြောက်အမြားကို မြင်နိုင်သွားသည်။ အမျှင်များက အမြုတေဖြစ်တည်မှုနှောင်းပိုင်းအဆင့်ကျင့်ကြံသူ၏လက်သီးအတွင်း ဝင်ရောက်သွားသည်။

ဤလူများမှာ သူ၏ထိန်းချုပ်မှုအောက်ရှိ ရုပ်သေးရုပ်များ အမှန်တကယ် ဖြစ်ဟန်တူသည်။

သူတို့ သူထံ ပြေးဝင်လာစဥ် မန်ဟိုက လက်မြှောက်လိုက်သည်။ သူသည် လက်ချောင်းထိပ်ကို လှီးပြီး သွေးများစီးထွက်လာစေ၏။ သူက မျက်နှာတင်းမာခက်ထန်စွာဖြင့် ရှေ့သို့ လက်ညှိုးထိုးလိုက်ရာ သူ့မြင်ကွင်းရှိအရာအားလုံး သွေးရောင်ပြောင်းကုန်သည်။ ထစ်ခြုန်းသံနှင့်အတူ သွေးချီတစ်ခုသည် တိုက်ကွက်အသွင်ပြောင်းကာ လာနေသော ကျင့်ကြံသူခုနစ်ယောက်ဆီ ပြေးဝင်သွားသည်။

သွေးချီက နဂါးတစ်ကောင်၏စွမ်းအားဖြင့် လေကို တုန်ခါစေသည့်အတွက် ထစ်ခြုန်းသံကြီး ပိုမိုကျယ်လောင်လာသည်။ ကျင့်ကြံသူခုနစ်ယောက် သွေးအန်လိုက်ရပြီး ခန္ဓာကိုယ်များ နောက်သို့ယိမ်းယိုင်ကုန်သည်။ အမြုတေဖြစ်တည်မှုနှောင်းပိုင်းအဆင့်ကျင့်ကြံသူ မျက်နှာပျက်သွား၏။ မန်ဟိုက မြန်နှုန်းမြှင့်သွေးအလင်းကို သုံးရင်း နောက်တစ်ကြိမ် ရှေ့တက်လာသည်။ မျက်တစ်မှိတ်အတွင်းမှာပင် သူသည် ရန်သူ၏အရှေ့တည့်တည့်သို့ ရောက်သွားလေပြီ။ သူက ညှာတာခြင်းမရှိ၊ တုံ့ဆိုင်းခြင်းမရှိဘဲ သွေးရွှဲနေသောလက်ချောင်းကို မြှောက်၍ ထိုလူ၏နဖူးအပေါ်ဖိချလိုက်သည်။

သွေးချီက ကျင့်ကြံသူ၏ခန္ဓာကိုယ်အတွင်း စီးဝင်ပြီး သူ့ကို တုန်ရီသွားစေသည်။ သွေးကြောများ သူ၏အရေပြားပေါ်တွင် ဖောင်းပွလာပြီး အနီအစင်းကြောင်းများ သူ၏မျက်လုံးများ၌ ပေါ်လာသည်။ သူကား အကြိမ်အနည်းငယ် ဆန့်ငင်ဆန့်ငင်ဖြစ်ပြီးနောက် ပေါက်ကွဲသွားတော့သည်။

မန်ဟိုက သွေးနှင့်အသားတုံးများ သူ့ကိုလာမစင်အောင် အင်္ကျီလက်စကို ခါလိုက်သည်။ သူက အမြုတေဖြစ်တည်မှု နှောင်းပိုင်းအဆင့်ကျင့်ကြံသူကို ကျွမ်းကျင်ပိုင်နိုင်စွာ သတ်ဖြတ်ခဲ့လေပြီ။ အမြုတေဖြစ်တည်မှုနှောင်းပိုင်းအဆင့်ကျင့်ကြံသူ သေဆုံးပြီးနောက် ကျန်ခုနစ်ယောက်မှာ ဆတ်ဆတ်တုန်ရီလာကြသည်။ သွေးများ သူတို့၏ဒွါရပေါက်မှ စီးကျလာကာ တဖြေးဖြေး သေဆုံးသွားတော့သည်။

မန်ဟိုက မျက်မှောင်ကြုတ်၍ သူတို့၏ သိုလှောင်အိတ်များကို သိမ်းလိုက်သည်။ တိုက်ပွဲတစ်ခုလုံးမှာ အတန်ငယ်ထူးဆန်းခဲ့လေသည်။

"အနက်ရောင်နယ်မြေက လူတွေကြည့်ရတာ အကြောက်တရားနဲ့ နေနေရပုံပဲ။ အားနည်းတဲ့သူက သန်မာချင်ပြီးတော့ လိပ်ပြာမလုံမဖြစ်ဘဲ သတ်ဖြတ်မယ်။ ရန်သူတွေကိုသတ်ဖြတ်တာက ခွန်အားကိုတိုးစေမယ်" သူက လှည့်ပြီး သန့်စင်နှင်းမြို့တော်သို့ ဆက်လက်ဦးတည်သွားတော့သည်။

"သန့်စင်နှင်းမြို့တော်ရဲ့ အေးခဲနှင်းမျိုးနွယ်စုမှာ စိုးရိမ်စရာတွေ မဖြစ်ဖို့ မျှော်လင့်တယ်။ သူတို့တွေပဲ အေးခဲနှင်းပိုးကောင်ကို မွေးမြူနိုင်တာဆိုတော့ တစ်ခုခုပြောင်းလဲသွားရင် ငါ့အစီအစဥ်ပျက်ပြီ" ယခုတွင် မန်ဟိုသည် အနက်ရောင်နယ်မြေများ၏ ပရမ်းပတာအခြေအနေများကို အမှန်တကယ်နားလည်သွားလေပြီ။ သူက အမြင့်ဆုံးအရှိန်ဖြင့် ရှေ့ဆက်သွားနေ၏။

ရက်အနည်းငယ်ကြာသော် တောင်စဥ်တန်းတစ်ခုကို သူဖြတ်ကျော်သွားစဥ် ရုတ်တရက် ပေါက်ကွဲသံတစ်သံ ပဲ့တင်ထပ်သွားသည်။ ကျင့်ကြံသူတစ်ဒါဇင်ကျော် သူ့ဆီ ချဥ်းကပ်လာသဖြင့် မန်ဟို၏မျက်လုံးများ အသတ်အဖြတ်စိတ်ဆန္ဒဖြင့် တောက်ပသွားသည်။ ခေါင်းပြတ်များ ပျံထွက်သွား၏။ အမွှေးတိုင်တစ်တိုင်ထွန်းစာကြာမြင့်သော် မန်ဟိုသည် အနိဋ္ဌာရုံမြင်ကွင်းကို နောက်တွင်ချန်ရစ်ခဲ့ရင်း ထွက်ခွာသွား၏။

စောစောက တိုက်ခိုက်မှုသည် မန်ဟို ကျင့်ကြံခြင်းအခြေခံအား အားဖြည့်ရန် ဆေးလုံးတစ်လုံး စားခဲ့သည့်အချိန်မတိုင်ခင် ရက်အနည်းငယ်က မတော်တဆမှုတစ်ခုမှ အစပြုခဲ့ခြင်းဖြစ်သည်။ ကျင့်ကြံသူတစ်ယောက်က အဖြစ်အပျက်ကို မျက်မြင်တွေ့သွားသဖြင့် အခြားဒေသခံများအား လောဘတက်စေခဲ့သည်။ ယခုတော့ သူတို့အားလုံး သေသွားကြလေပြီ။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားသည်။ လဝက်ကြာသော် မန်ဟိုက တစ်ယောက်တည်း ခရီးနှင်နေဆဲဖြစ်သည်။ သူသည် လမ်းတစ်လျှောက် အန္တရာယ်များသောအခြေအနေများအား ရင်ဆိုင်ခဲ့ရသော်လည်း အဆုံးသတ်တွင် သူ၏ ထိတ်လန့်ဖွယ်ဗျူဟာများက သူ့ကိုလာရှုပ်သည့် မည်သူ့ကိုမဆို ဇီဝန်ချုပ်စေခဲ့သည်။ ထို့နောက်တွင်တော့ သူသည် ခရီးနှင်နေစဥ် ထိုခေါင်းပြတ်များအား သူ၏အနောက်တွင် လိုက်ပါမျောလွင့်နေစေရန် မှော်ပညာရပ်တစ်ခု အသုံးပြုလိုက်သည်။

အဆုံးသတ်တွင် မျောနေသောခေါင်းပြတ်များ၏အရေအတွက်ကား တစတစများပြားလာ၏။ ဒါဇင်ပေါင်းများစွာ ရှိလာပြီး အများစုက ခြောက်ကပ်နေသော်လည်း တချို့ကတော့ သွေးတို့ စက်လက်စက်လက်ကျနေသေးသည်။

ဤမြင်ကွင်းက ဒေသခံလူယုတ်မာအတော်များများအား ချောက်ချားသွားစေ၍ မန်ဟို့ကို အတန်ငယ်အန္တရာယ်ကင်းစေလေသည်။ သူ့ကို ရန်စလိုသည့်လူအရေအတွက်မှာ သိသိသာသာနည်းပါးလာ၏။

ဦးနှောက်ရှိသည့် မည်သည့်ကျင့်ကြံသူမဆို ခေါင်းပြတ်များကိုမြင်သည်နှင့် မန်ဟို့ကို သွားရှုပ်ရန် အကြံအစည်အားလုံးကို ခေါင်းထဲက ထုတ်လိုက်သည်။

ရက်အနည်းငယ် ထပ်မံကုန်ဆုံးသွားသည်။ မန်ဟို ယခင်တုန်းလော့မြို့မှ ထွက်ခွာလာခဲ့သည်မှာ လဝက်ကျော်ခဲ့လေပြီ။ သူသည် အနက်ရောင်နယ်မြေတစ်ခုလုံးနီးပါး ဖြတ်သွားခဲ့ရသည့်အတွက် စိုးမိုးနေသော မင်းမဲ့စရိုက်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ အမိန့်အာဏာဟူ၍ မရှိပေ။ အနက််ရောင်နယ်မြေနန်းတော်၏တပ်ဖွဲ့များနှင့် ကိုးပြည်ထောင်စု၏စစ်တပ်များမှာ တိုက်ပွဲများ မရေမတွက်နိုင်အောင်ဆင်နွဲနေသဖြင့် နယ်မြေတစ်ခွင်အား စစ်ပွဲမီးတောက်များဖြင့် အခိုးတဝေဝေဖြစ်နေစေတော့သည်။

ဤကဲ့သို့ ဝရုန်းသုန်းကားအခြေအနေမှာ တောတွင်းဥပဒေအား အတိအလင်းပေါ်လွင်စေလေ၏။ လူတစ်ယောက်၏ အပြုအမူများအား ဖုံးကွယ်ရန်မလိုအပ်သလို၊ စနိုးစနောင့်ဖြစ်စရာလည်း မလိုအပ်ပေ။ အားကြီးသူသာ အသက်ရှင်မည်။ အားနည်းသူများမှာတော့ အားကြီးသူများ၏ အသုံးတော်ခံရန် ရှိနေခြင်းသာ။

တစ်လဆိုသော ကာလအတွင်း ကိုးပြည်ထောင်စုအဖြစ် ဖွဲ့စည်းထားသော မြို့ကိုးမြို့အနက် လေးမြို့သာ ကျန်ရှိတော့သည်။ အခြားမြို့များရှိ မျိုးနွယ်စုများမှာ အနက်ရောင်နယ်မြေ၏ အမြစ်ဖြတ်သုတ်သင်ခံရလျှင်ခံရ၊ သို့မဟုတ် မတတ်သာ၍ ထွက်ပြေးပုန်းရှောင်သွားကြရသည်။ ကိုးပြည်ထောင်စုအတွက် အနောက်တိုင်းသဲကန္တာရနှင့် အနက်ရောင်နယ်မြေနန်းတော်၏ ပူးပေါင်းတပ်ဖွဲ့ကို ခုခံရန် ခက်ခဲလွန်းလေသည်။

မနေ့ကမှ သန့်ဇင်နှင်းမြို့တော် အဝိုင်းခံထားရကြောင်း ကြားလိုက်သဖြင့် မန်ဟို စိတ်လေးသွားသည်။

"ငါ့လမ်းမှာ အတားအဆီးတွေ မရှိဖို့မျှော်လင့်တယ်" သူက ခေါင်းခါရင်း ပြောလိုက်သည်။ သူသည် တတ်နိုင်သမျှမြန်မြန်သွားနေ၏။ သူ၏တွက်ချက်မှုများအရ လက်ရှိနှုန်းအတိုင်းဆိုလျှင် နှစ်ရက်အတွင်း သန့်စင်နှင်းမြို့တော်သို့ ရောက်ရှိပေလိမ့်မည်။

လောလောဆယ်တွင် သူသည် ပုစွန်ဆီရောင်ညနေခင်းကောင်းကင်၏ အောက်တွင် မြေပြင်ကို ဖြတ်သွားနေ၏။ အောက်ရှိမြေကြီးသည် ပိတ်ပိတ်ပိန်းနက်မှောင်မနေတော့ဘဲ အတော်လေး ဖျော့တော့နေသည်။ ၄င်းက အဖြူရောင်မြေတော့မဟုတ် ဆီးနှင်းတို့ဖုံးနေခြင်းဖြစ်သည်။

အပူချိန်မှာ အတော့်ကို နိမ့်သဖြင့် အသက်ငွေ့ အခိုးရိုက်သည်ကိုပင် မန်ဟိုမြင်နေရသည်။

လေက အရိုးခိုက်မတတ် စိမ့်နေပြီး နှင်းကျနေပြီဖြစ်သည်။

သူ့အတွက် နှင်းကျသည်ကို မမြင်ရသည်မှာ အလွန့်အလွန်ကြာခဲ့လေပြီ။ အမှန်တွင် သူမှတ်မိရသရွေ့ နောက်ဆုံးအကြိမ်မှာ ကျိုးပြည်တွင် စာပေသမားနှင့် မြင်းလှည်းအတူစီးရင်း တက်တက်ကြွကြွ စကားပြောခဲ့စဥ်က ဖြစ်သည်။

ဆီးနှင်းပွင့်များက ကောင်းကင်မှ လွင့်မျောကျနေပြီး မြေပေါ်က ဆီးနှင်းများကိုမြင်သောအခါ မန်ဟို၏မျက်လုံးများ တောက်ပသွားသည်။ အောက်ဖက်တွင် တောအုပ်တစ်ခုရှိသော်လည်း မည်သည့်သစ်ပင်တွင်မှ သစ်ရွက်များရှိမနေပေ။ ထိုအစား ၄င်းတို့၏အကိုင်းခြောက်တို့က ဆီးနှင်းတို့ဖြင့် ပုံနေသည်။

မန်ဟိုက အဝေးကို လှမ်းကြည့်လိုက်ပြီး ရုတ်တရက် သူ၏မျက်နှာ ရိပ်ခနဲဖြစ်သွားသည်။ သူသည် မြေပြင်ပေါ်ဆင်းသက်လိုက်၏။ သူ တောအုပ်ကိုဖြတ်၍လျှောက်သွားစဥ် သူ၏အစိမ်းရောင်ဝတ်ရုံသည် တဖတ်ဖတ် လွင့်လျက်ရှိသည်။

တောအုပ်၏အနက်ပိုင်းထဲတွင် ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ဦး၏အရှေ့၌ ကာကွယ်၍ ရပ်နေသော သွေးတို့စိုရွှဲလျက် မျက်နှာဖြူဖျော့နေသည့် ကျင့်ကြံသူနှစ်ယောက်ရှိသည်။ မိန်းကလေးသည် အဖြူရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး လက်ဖျားခါလောက်အောင် လှ၏။ သို့သော် သူမမှာ သနားဖွယ်ရာအခြေအနေတွင် ဖြစ်ပုံရသည်။ သူမမျက်နှာလေးမှာလည်း ဖြူဆုပ်နေပြီး သောကရောက်နေသောအမူအရာဖြင့် ပြည့်နှက်နေသည်။ သူမ၏ညာလက်သည် သလင်းကျောက်ဖြင့်ပြုလုပ်ထားပုံရသော ပိုးကောင်တစ်ကောင်ကို ကိုင်ထား၏။ ၄င်းမှာ လူသုံးယောက်အဖွဲ့ကို ဝန်းရံပေးသော အလင်းတန်းတစ်တန်းအသွင်ပြောင်းနေသည့် ပိုးခြည်များအား ထုတ်ပေးနေသည်။ ကံဆိုးစွာနှင့် ၄င်းမှာ အသက်ဆုံးတော့မည့်အလား ခြေကုန်လက်ပန်းကျနေပြီ ဖြစ်လေသည်။

အဖွဲ့ကို လောလောဆယ်တွင် အနက်ရောင်အခိုးအငွေ့များထုတ်လွှတ်လျက် မျက်လုံးနီနီများရှိသော ဝံပုလွေတစ်ရာကျော်က ဝန်းရံထားသည်။ ဝံပုလွေများ၏ အနောက်တွင် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူတစ်ယောက် ရှိသည်။ သူ၏ခန္ဓာကိုယ်တွင် အရုပ်ဆေးမင်ကြောင်များ ရှိနေပြီး သူက အဖြူရောင်ဝတ်ရုံနှင့် မိန်းကလေးကို တပ်မက်စွာ ကြည့်နေ၏။

မိန်းကလေးကို ကာကွယ်ပေးနေသည့် ကျင့်ကြံသူနှစ်ယောက်မှာ အမျိုးသားနှင့် အမျိုးသမီးဖြစ်သည်။ အမျိုးသားက ခပ်ပြတ်ပြတ်အော်သည်။ "မင်း ရွံစရာကောင်းတဲ့ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူ။ ငါတို့အေးခဲနှင်းမျိုးနွယ်စု စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးရဲ့စွမ်းအားကို မကြောက်ဘူးလား"

"မင်းတို့ ခေါင်းဆောင်ကြီးသေလား ရှင်လား ဆွေးနွေးစရာမလိုဘူး" အနောက်ပိုင်း အက်ကွဲကွဲအသံဖြင့် ပြန်ဖြေသည်။ "သူသာ အသက်ရှိသေးရင် သန့်စင်နှင်းမြို့ရဲ့ တိုက်ပွဲကို အာရုံစိုက်ရမှာပေါ့။ အခုတော့.... မင်းက အေးခဲနှင်းမျိုးနွယ်စုရဲ့ သာမန်ကျင့်ကြံသူ အဘိုးကြီးတစ်ယောက်ပဲ။ မင်းရဲ့သေခြင်းရှင်ခြင်းက သူ့အတွက် ဘာမှမဟုတ်ဘူး"

ထိုလူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာဝံပုလွေနက်အကောင်တစ်ရာက ပိုးကောင်၏ ရက်ထားသောအကာအကွယ်ကို ခုန်အုပ်လိုက်သည်။ ပေါက်ကွဲသံများ မြည်ဟည်းနေပြီး အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူ၏မျက်လုံးများမှာ ရမ္မက်ခိုးများဝေနေချေသည်။

"မင်းတို့ အေးခဲနှင်းမျိုးနွယ်စုက မင်းတို့နာမည်မှာ 'သွေး' ဆိုတဲ့ စာလုံးကို 'နှင်း' ဆိုတဲ့စာလုံးနဲ့ လဲခဲ့တယ်။ ဒါပေမဲ့ အဲ့ဒါလေးကြောင့် အနောက်ပိုင်းသဲကန္တာရက မင်းတို့ကို မေ့သွားမယ်ထင်နေလား" ထိုလူက မိန်းကလေးကိုကြည့်ပြီး ရယ်လိုက်သည်။

***

All Chapters