မဟာမိစ္ဆာသားရဲသခင်
Vol. 26 Ch. 353
အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူက မိန်းကလေးကို တပ်မက်စွာ ပြုံးပြလိုက်သည်။ "ကမ္ဘာသစ်မိစ္ဆာတွေကို အနောက်ပိုင်းသဲကန္တာရမှာ စတင်မွေးမြူခဲ့တုန်းက အေးခဲသွေးမျိုးနွယ်စုက မဟာမိစ္ဆာသားရဲသခင်အဖြစ် မျိုးရိုးစဥ်ဆက် ဆက်ခံခဲ့ကြတယ်။ ငါငယ်ငယ်လေးတုန်းက မင်းတို့မျိုးနွယ်စုနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတွေအကုန်လုံး ကြားဖူးတယ်
"မဟာမိစ္ဆာသားရဲသခင်တွေက အရုပ်သခင်တွေထက် အများကြီး အစွမ်းပိုထက်တယ်။ သူတို့က အနောက်ပိုင်းသဲကန္တာရရဲ့ အထွတ်အထိပ်ပဲ။ ငါကတော့..... အဆင့်သုံး မိစ္ဆာသားရဲသခင်ဆိုပေမယ့် အေးခဲနှင်းမျိုးနွယ်စုရဲ့ အမွေအနှစ်ကို သိမ်းပိုက်နိုင်ရင်.... မဟာမိစ္ဆာသားရဲသခင်တစ်ယောက် ဖြစ်လာဖို့ အခွင့်အရေးရလိမ့်မယ်။ ဟန်ရွှယ့်ရှန်း ငါမွေးထားတဲ့ ကမ္ဘာသစ်မိစ္ဆာတွေကို ဘယ်လိုထင်လဲ" ပတ်ဝန်းကျင်ရှိ ဝံပုလွေနက်များ ခေါင်းထောင်ပြီး ဟိန်းဟောက်လိုက်စဥ် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူက တဟားဟားအော်ရယ်လိုက်သည်။ ရယ်သံမှာ ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေသည်။
ဝတ်ရုံအဖြူနှင့် မိန်းကလေးကို ဝန်းရံထားသောအကာအကွယ်မှာ ပျက်စီးတော့မည့် လက္ခဏာများပြလာသည်။ သူမ၏မျက်နှာမှာ ဖြူဆုပ်နေပြီး ပါးစပ်မှ သွေးများစီးကျလာ၏။ သူမ၏မျက်ဝန်းများထဲ၌ စိတ်ပျက်အားငယ်မှုတို့ရှိသော်လည်း ခိုင်မာပြတ်သားသော စိတ်ဆန္ဒကလည်း နေရာယူလျက်ရှိသည်။
သူမက သူမကို ကာကွယ်ပေးနေသည့် ကျင့်ကြံသူနှစ်ယောက်ထံ လှည့်ပြော၏။ "ကျွန်မအတွက် မပူနဲ့၊ ပြေးနိုင်တုန်း ထွက်ပြေးကြတော့"
ကျင့်ကြံသူနှစ်ယောက်မှာ စိုးရိမ်နေပုံရသည်။ သူတို့က တစ်ခုခုပြောတော့မည့်အချိန် မိန်းကလေးက မပြောရန် စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။
ဤအခိုက်အတန့်တွင် ဟိန်းဟောက်နေသော ဝံပုလွေနက်များ၏ ခန္ဓာကိုယ်များ ကားထွက်လာပြီး ၄င်းတို့က ရှေ့သို့ ပြေးသွားကြသည်။ ၄င်းတို့သည် တစ်ဝက်ကျော် ပျက်စီးနေပြီဖြစ်သော အကာအကွယ်ကို ဝင်တိုက်လိုက်၏။ ကြည့်ရသရွေ့ နောက်တစ်ချက်တိုက်လိုက်ရုံနှင့် ၄င်းမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားတော့မည့်ပုံပင်။
ဝံပုလွေများက နောက်တစ်ကြိမ် တိုက်ခိုက်ရန် အားယူနေကြပြီး အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူ၏ မျက်လုံးများက တဖျပ်ဖျက်လက်နေသည်။ ဤအခိုက်အတန့်မှာပင် တောအုပ်အတွင်းမှ နှင်းအပေါ် နင်းချလိုက်သည့် ခြေသံများ ရုတ်တရက် ပဲ့တင်ထပ်လာ၏။
အသံကား ရှင်းလင်းပြတ်သားလှသည်။ ဤပတ်ဝန်းကျင်တွင် သေမျိုးများ နေထိုင်ခြင်းမရှိသည့်အတွက် ခြေသံကို ကြားလိုက်ရသည်နှင့် မိန်းကလေးနှင့် သူမ၏အပေါင်းအပါကျင့်ကြံသူနှစ်ယောက် အသံလာရာကို လှည့်ကြည့်လိုက်ကြသည်။ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူလည်း မျက်မှောင်ကြုတ်လျက် လှမ်းကြည့်လိုက်သည်။
သူတို့မြင်ရသည်မှာ ပခုံးကျော်အထိ အနက်ရောင်ဆံနွယ်များကျနေလျက် ဝတ်ရုံရှည် ဝတ်ဆင်ထားသော လူငယ်တစ်ဦးဖြစ်သည်။ သူ၏ပုံပန်းသွင်ပြင်မှာ တည်ကြည်ခံ့ညားပြီး ယဥ်မွန်သောအငွေ့အသက်ရှိသည်။ မှန်ပါသည်၊ ဤလူငယ်ကား မန်ဟိုဖြစ်သည်။ သူက စာပေသမားတစ်ယောက်သဖွယ် ဖြေးညှင်းစွာ လမ်းလျှောက်လာ၏။
သူ၏ဟန်ပန်အမူအရာအရ သူသည် ညသန်းခေါင်ယံ၌ ပန်းခြံအပေါ် ကျနေသော နှင်းပွင့်ချပ်များကို ကြည့်ရှုခံစားရင်း သူ၏ကိုယ်ပိုင်ခြံဝင်းထဲတွင် လမ်းလျှောက်နေသည့်အလားပင်။ သူက စာလိပ်တစ်ခုကို ကိုင်လျက်လျှောက်လာလေရာ သူ၏စာပေသမားဆန်သောအငွေ့အသက်ကို ပို၍ထင်ရှားသွားစေသည်။
အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူက မန်ဟို့၏ နက်နဲသိမ်မွေ့သောအရှိန်အဝါမှာ အစစ်အမှန်ဖြစ်ကြောင်း မယုံနိုင်သည့်အလား မျက်လုံးများကျဥ်းမြောင်းသွားသည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ရဲရဲနီနေသောမျက်လုံးများဖြင့် ဝံပုလွေနက်ရှစ်ကောင်က မာန်ဖီရင်း မန်ဟို့အပေါ် ခုန်အုပ်လိုက်သည်။
ဝတ်ရုံဖြူမိန်းကလေးမှာ ထိုဖြစ်ရပ်ကြောင့် စိတ်မကောင်းဖြစ်သွားပုံရသော်လည်း သူမ၏စွမ်းအင်အားလုံးမှာ အေးခဲနှင်းပိုးကောင်ကို ထိန်းချုပ်ရာတွင် အာရုံစိုက်ထားရသဖြင့် မည်သည့်အကူအညီမှ မပေးနိုင်ဖြစ်နေသည်။ သူမမှာ တိတ်ဆိတ်စွာသာ ကြည့်နေနိုင်၏။
"တယ်လှတဲ့အမွေးတွေ" မန်ဟိုက ဝံပုလွေများကို ဝေ့ကြည့်ရင်း ပြောသည်။ "ကြက်တူရွေးသာ ရှိလို့ကတော့ သဘောကျနေမှာပဲ" ဤဝံပုလွေများသည် ပုံရိပ်ယောင်မဟုတ်၊ အသွေးအသားဖြင့် ဖွဲ့စည်းထားသော မှော်သတ္တဝါများဖြစ်သည်။
သို့သော် အရုပ်စွမ်းအားလည်း ၄င်းတို့အတွင်းတွင် တည်ရှိနေပုံရသည်။ မန်ဟို့အတွက် ဤကဲ့သို့ သားရဲမျိုးကို ပထမဆုံးမြင်ဖူးခြင်းဖြစ်၏။ အကောင်တစ်ရာကျော်ရှိပြီး တစ်ကောင်ချင်းစီက ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်နှင့် တူသောစွမ်းအားတစ်မျိုးကို ထုတ်လွှတ်နေကြသည်။
တောင်ပိုင်းဒေသမှာဆိုလျှင် ဤဝံပုလွေနက်အုပ်ကား အတော်လေး အားကောင်းသောအဖွဲ့နှင့် ညီမျှမည်။
"စိတ်ဝင်စားစရာပဲ" မန်ဟိုက ရှေ့သို့လျှောက်လာရင်း ပြောသည်။ သူက အနီရောင်ဆေးလုံးတစ်လုံး ထုတ်ရန် သိုလှောင်အုတ်ကို ပုတ်လိုက်သည်။ ၄င်းကို အမှုန့်ခြေပြီးနောက် အင်္ကျီလက်စခါ၍ အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားစေသည်။
လေတစ်ချက်က အမှုန်များကို သူ့ဆီပြေးလာနေသည့် ဝံပုလွေရှစ်ကောင်ဆီ ပျံ့လွင့်သွားစေသည်။ ၄င်းတို့က အမှုန့်နှင့်ထိတွေ့သွားသည်နှင့်တစ်ပြိုင်နက် တအီးအီးအော်လာတော့သည်။ တခဏကြာသော် ၄င်းတို့သည် သွေးမြူတိမ်အဖြစ် ပေါက်ကွဲသွား၏။ သွေးနှင့်အသားတုံးများက ချက်ချင်း မည်းနက်ပြီး အရည်ပျော်သွားလေသည်။
အမှုန့်သည် ဆက်လက်ပျံ့လွင့်လာပြီး ဝံပုလွေနက်များမှာ ဆွဲဆွဲငင်ငင်အူလိုက်ကြသည်။ ၄င်းတို့၏ခန္ဓာကိုယ်များက ပုပ်သိုးလာပြီးနောက် ပေါက်ကွဲသွားတော့သည်။ ခန္ဓာကိုယ်များ ပေါက်ကွဲသွားခြင်းကြောင့် အနက်ရောင်သွေးများက ဆွတ်ဆွတ်ဖြူနေသောနှင်းများကို စွန်းထင်သွားစေပြီး လေထဲ၌ အပုပ်နံ့များပြည့်နှက်သွားစေသည်။ သွေးကို ထိလိုက်သည့် အခြားဝံပုလွေများမှာ နာကျင်စွာ အော်ဟစ်လာကြသည်။ သူတို့၏ခန္ဓာကိုယ်များ တုန်ရီလာကာ ဗုန်းဗုန်းလဲကျသွားရန် အချိန်အနည်းငယ်သာကြာလိုက်သည်။
၄င်းမှာ ဆက်တိုက်ဖြစ်ပွားသွားခြင်းပင်။ မန်ဟိုရှေ့သို့လျှောက်လာသည်နှင့်အမျှ ဝံပုလွေများ အတုံးအရုံးလဲကျသေဆုံးကုန်သည်။ လွင့်စင်လာသော အနက်ရောက်သွေးများက ပျံဝဲရင်း အနက်ရောင်မြူထုသဖွယ် ပြန်ကားလာကာ လေပေါ်တက်သွားပြီး တိမ်တိုက်တစ်ခုဖြစ်လာသည်။
ဝံပုလွေတစ်ရာကျော်အနက် တစ်ဝက်အသတ်ခံရရန် တခဏသာ ကြာလိုက်သည်။ ကျန်အကောင်များမှာ အမြီးကုပ်၍ တုန်ရီလျက် နောက်ဆုတ်သွားကြသည်။ ၄င်းတို့မှာ လိပ်ပြာလွင့်မတတ် ကြောက်လန့်နေသော မျက်ဝန်းများဖြင့် မန်ဟို့ကိုကြည့်နေကြသည်။
ဝတ်ရုံဖြူမိန်းကလေးမှာ ဤအဖြစ်အပျက်အားလုံးကို မျက်လုံးကလေးပြူးလျက် ကြည့်နေသည်။ သူမဘေးရှိ ကျင့်ကြံသူနှစ်ယောက်မှာလည်း ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူပင်လျှင် မှင်သက်နေ၏။
"ဒါက..... မင်း....." သူ၏မျက်လုံးမှာ ဦးခေါင်းခွံမှ ကျွတ်ထွက်တော့မတတ် ပြူးကျယ်နေသည်။ "သေချင်နေတာလား ဟမ်" ထို့နောက် သူက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ သူ့မျက်နှာပေါ်ရှိ သွေးကြောများ ထောင်လာပြီး သူ၏မျက်လုံးများက သွေးချင်းနီသွားသည်။
သူက ညာလက်ကို မြှောက်လိုက်ရာ အထဲ၌ ကျောက်ခဲနက်တစ်လုံး ပေါ်လာသည်။ သူသည် ၄င်းကို ခြေပြီးနောက် လက်ကိုဝှေ့ယမ်းလိုက်သည်။ အနက်ရောင်အငွေ့တန်းတစ်တန်းက လှည့်ပတ်ပြီးနောက် ဝဲတစ်ခုအသွင်ပြောင်းသွားသည်။
"အဆင့်နှစ် ကမ္ဘာသစ်နဂါးပုတ်သင်မိစ္ဆာ ထွက်လာခဲ့" ရုတ်တရက် ဝဲအတွင်းမှ ဟိန်းဟောက်သံများနှင့်အတူ သုံးမီတာအရှည်ရှိသည့် အနီရောင်တောက်တောက် ပုတ်သင်ကြီးတစ်ကောင် ထွက်လာသည်။ ၄င်းနောက်မှ နောက်တစ်ကောင်လိုက်ပါလာ၏။ မကြာခင် ဆယ်ကောင်၊ ထို့နောက် အကောင်သုံးဆယ်။
ပုတ်သင်ကြီး အကောင်သုံးဆယ်က အံ့မခန်းလိလိစွမ်းအားများ ထုတ်လွှတ်ရင်း ထွက်ပေါ်လာလေပြီ။ ၄င်းတို့၏ဟိန်းဟောက်သံများက အရာအားလုံးကို တသိမ့်သိမ့်တုန်နေစေ၏။
ထူးဆန်းသောအလင်းရောင်တစ်ခုက မန်ဟို့၏မျက်လုံးများ၌ ဖြတ်ပြေးသွားသည်။ ဤအနောက်ပိုင်းသဲကန္တာရကျင့်ကြံသူနှင့်ပတ်သက်၍ တစ်ခုခုက ထူးခြားနေကြောင်း သူအချိန်အတော်ကြာကတည်းက သတိထားမိပြီးဖြစ်၏။ ထိုလူ၏ခန္ဓာကိုယ်ပေါ်တွင် အရုပ်ဆေးမင်ကြောင်နှစ်ခုရှိသည်။ တစ်ခုက ဝံပုလွေနက်တစ်ကောင်ဖြစ်ပြီး ကျန်တစ်ခုက ပုတ်သင်တစ်ကောင်ဖြစ်။ အရုပ်များက အခြားအနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများအပေါ်တွင် မြင်ရသည့်အမျိုးအစားများနှင့် ကွဲပြားသည့်ပုံမရပေ။ သို့ရာတွင် ၄င်းတို့နှင့်ပတ်သက်၍ တစ်ခုခုက ထူးဆန်းနေသည်ကို မန်ဟိုအာရုံရနေ၏။
"စီနီယာ သူက အနောက်ပိုင်းသဲကန္တာရ မိစ္ဆာသားရဲသခင်တစ်ယောက်ပါ" ဝတ်ရုံအဖြူနှင့်မိန်းကလေးက စိုးရိမ်တကြီးပြောသည်။ မန်ဟိုသည် ဤကဲ့သို့သားရဲများနှင့် မရင်းနှီးကြောင်း သူမပြောနိုင်သဖြင့် ဆက်ရှင်းပြသည်။ "မိစ္ဆာသားရဲသခင်တွေက ကျင့်ကြံခြင်းအခြေခံမမြင့်မားပေမယ့် ကမ္ဘာသစ်မိစ္ဆာတွေကို အမိန့်ပေးနိုင်တယ်။ သူ့ကိုသတ်လိုက်ပါ။ ကမ္ဘာသစ်မိစ္ဆာတွေ လွင့်ပျယ်သွားလိမ့်မယ်"
"ဒီကောင်ကို သတ်ပြီးရင် မင်းကို သတ်မယ် အပျက်မ" အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူက ယုတ်မာစွာ ဆိုသည်။ သူက မန်ဟို့ထံ လက်ကိုဝှေ့ယမ်းလိုက်ရာ အနီရောင်ပုတ်သင်ကြီး အကောင်သုံးဆယ်က မန်ဟို့ထံ သွေးရူးသွေးတန်း ပြေးဝင်သွားသည်။ သူတို့၏ အနီရောင်ပါးစပ်ပေါက်ကြီးများမှ သေခြင်းအငွေ့အသက်များထုတ်လွှတ်နေသည်။
မန်ဟိုက အနီရောင်ပုတ်သင်ကြီးများကို နောက်တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။ သူက ညာလက်ကို ဝှေ့ယမ်း၍ လေလယ်တွင် ပျံဝဲနေလျက်ရှိသေးသော အနက်ရောင်တိမ်တိုက်ထံ လက်ညှိုးထိုးလိုက်သည်။ ချက်ချင်းပင် အနက်ရောင်မိုးပေါက်များ ကျလာ၏။ မိုးရေစက်က အနီရောင်ပုတ်သင်ကြီးများအပေါ် တဖွဲဖွဲရွာကျကာ ၄င်းတို့ကို မချိတင်ကဲ ဟိန်းဟောက်လိုက်စေသည်။ ၄င်းတို့၏ခန္ဓာကိုယ်များ တုန်ရီပြီး ပုပ်သိုးလာကြသည်။ အသက်အရှိုက်အနည်းငယ်အတွင်း မီတာသုံးရာအကျယ် အနက်ရောင်တိမ်တိုက်၏အောက်ရှိ ပုတ်သင်ကြီးများအားလုံး အရိုးစုဖြစ်သွားလေပြီ။
မန်ဟိုက အနက်ရောင်မိုးရေစက်များအကြားတွင် ရပ်နေသည်။ သူ၏အစိမ်းရောင်ဝတ်ရုံအပေါ်သို့ လည်းကောင်း၊ သူ၏ရှည်လျားသော အနက်ရောင်ဆံနွယ်များအပေါ်သို့လည်းကောင်း မိုးပေါက်လေးတစ်ပေါက်ပင် ကျလာခြင်းမရှိပေ။ ထိုမြင်ကွင်းက အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူကို ပင့်သက်ရှိုက်မိစေသည်။ သူ၏မျက်လုံးများမှာ မယုံနိုင်စွာ ပြူးကျယ်သွား၏။
"မင်းက ..... မင်းက မဟာမိစ္ဆာသားရဲသခင်ပဲ"
***