← Chapters

ဟန်ရွှယ့်ရှန်း

Vol. 26 Ch. 354

ဟန်ရွှယ့်ရှန်း

Vol. 26 Ch. 354

မန်ဟိုက စကားလုံးအသုံးအနှုန်းနှင့် မရင်းနှီးသဖြင့် မေးလိုက်သည်။ "မဟာမိစ္ဆာသားရဲသခင်က ဘာလဲ" မန်ဟိုသည် သူ့ကို တဆတ်ဆတ်တုန်ရီလျက် ကြောက်ရွံ့ရိုသေစွာ ကြည့်နေသော အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူထံ လျှောက်သွားသည်။

မန်ဟို့အမေးကို ပြန်ဖြေသူမှာ တုန်ရီနေသော အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူမဟုတ်ဘဲ အဖြူရောင်ဝတ်ရုံနှင့်မိန်းကလေး ဟန်ရွှယ့်ရှန်း ဖြစ်၏။ "မဟာမိစ္ဆာသားရဲသခင်ဆိုတာက အရုပ်ဘုရားနဲ့ဆင်တူတဲ့ အနောက်ပိုင်းသဲကန္တာရ မိစ္ဆာသားရဲသခင်တွေ ရရှိနိုင်တဲ့ အမြင့်ဆုံးဘွဲ့ပဲ။ နှစ်ခုလုံးက အဆုံးမဲ့စွမ်းအားကို ကိုယ်စားပြုတယ်။ တစ်ခုက မြေကမ္ဘာသစ်မိစ္ဆာတွေထက်တောင် အစွမ်းထက်တဲ့ ရှားပါးတဲ့သတ္တဝါတွေကို မွေးမြူတယ်။ တစ်ခုက အရုပ်ငါးရုပ်ထက်ပိုပြီး ထိန်းချုပ်တယ်။ ပထမတစ်ခု ဖြစ်တဲ့ မဟာမိစ္ဆာသားရဲသခင်ရဲ့ အတိုက်အခိုက်စွမ်းရည်က စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်နှင့်တူပြီး အရုပ်ဘုရားတွေလည်း တူလုနီးနီးပဲ"

မိန်းကလေးကို ဝန်းရံထားသည့် တလက်လက်တောက်ပနေသော အကာအကွယ်မှာ ပျောက်ကွယ်သွားခဲ့ပြီးဖြစ်ပြီး သူမ၏ ပင်ပန်းနွမ်းနယ်နေသောပိုးကောင်ကို သိမ်းခဲ့ပြီးလေပြီ။

မန်ဟို သူမကိုလှည့်ကြည့်လိုက်ရာတွင် သူမက လက်နှစ်ဖက်ယှက်ပြီး အရိုအသေးပေး၏။

"ကျွန်မက အေးခဲနှင်းမျိုးနွယ်စုက ဟန်ရွှယ့်ရှန်းဖြစ်ပါတယ်။ အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် စီနီယာ" သူမဘေးရှိ ပင်ပန်းနေသော ကျင့်ကြံသူများလည်း မန်ဟို့ကို ကျေးဇူးတင်သည့်အရိပ်အယောင်များပြသသည်။ သို့သော် သူတို့၏မျက်လုံးများက သတိရှိနေဆဲဖြစ်သည်။

စောစောက သူ ထုတ်ဖော်ခဲ့သည့် စွမ်းအားမှာ သူတို့ကိုမဆိုထားနှင့်၊ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူကိုပင် ချောက်ချားစေခဲ့သည်မဟုတ်လော။

မန်ဟိုက အင်္ကျီလက်စလေးတစ်ချက် ဝှေ့ယမ်း၍ မရေမတွက်နိုင်သော ဝံပုလွေများကို သတ်ခဲ့ပြီး ၄င်းတို့၏သွေးကို တိမ်တိုက်အသွင်ပြောင်း၍ အချင်းဝက်မီတာသုံးရာနယ်ပယ်အတွင်းရှိ အရာအားလုံးကို ပျက်စီးခြောက်ကပ်သွားစေသည့် မိုးအား ရွာစေခဲ့သည်။ ပတ်ဝန်းကျင်တွင် မည်သည့်အရာမှ အသက်ရှင်မကျန်ခဲ့ပေ။

ထိုကဲ့သို့ပညာရပ်များက သူတို့ကို မှင်သက်သွားစေသည်။ ထို့အပြင် သူတို့သည် မန်ဟို၏ကျင့်ကြံခြင်းအခြေခံကို မမြင်ရပေ။ သူက သူတို့အားလုံးကို လေးစားမှုမပြသဘဲ မနေနိုင်စေသော လျှို့ဝှက်ဆန်းကြယ်အားတစ်ရပ်ကို ထုတ်လွှတ်နေသည်။

"ငါက မဟာမိစ္ဆာသားရဲသခင်မဟုတ်ဘူး" မန်ဟိုက ခေါင်းခါရင်း ပြောသည်။ "ဒါပေမဲ့ မင်း ငါ့အပေါ် ကျေးဇူးအကြွေးတင်နေတာတော့ မှန်တယ်" သူက လက်ချောင်းတစ်ချောင်းအား မြေကြီးသို့ညွှန်ပြီး တစ်ချိန်တည်းမှာပင် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူ၏နဖူးကို ဖိချလိုက်သည်။

ထိုလူ၏ခန္ဓာကိုယ်မှာ ရုတ်ခြည်း တုန်ရီလာပြီး သူ၏မျက်လုံးများက တွေးတောနိုင်စွမ်း မရှိတော့သည့်အလား ငေးကြောင်ကြောင်ဖြစ်သွားသည်။

"သူရဲ့ ကျင့်ကြံခြင်းအခြေခံက အမြုတေဖြစ်တည်မှုအစောပိုင်းအဆင့်ပဲ" မန်ဟိုက တွေးသည်။ "ဒါပေမဲ့ သားရဲအများကြီးကို ထိန်းနိုင်တယ်။ ဒီတော့ ဒါက ....အနောက်ပိုင်းသဲကန္တာရ မိစ္ဆာသားရဲသခင်ပေါ့လေ" ယခုတွင် မန်ဟိုသည် အခြေအနေကို နားလည်သွားသော်လည်း မိစ္ဆာသားရဲသခင်များနှင့်ပတ်သက်၍ သိချင်သေးသဖြင့် ဝတ်ရုံဖြူနှင့်မိန်းကလေးကို ပြန်ကြည့်လိုက်သည်။ "မင်းကို အကြောင်းမဲ့သက်သက် ကယ်တာမဟုတ်ဘူး"

သူမဘေးတွင် ရပ်နေသော ကျင့်ကြံသူနှစ်ယောက်၏ မျက်လုံးများ ပို၍သတိရှိစွာ လင်းလက်သွား၏။ အထူးသဖြင့် မန်ဟိုက အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူ၏နဖူးအပေါ်သို့ ဖိချလိုက်သည်ကို မြင်တွေ့ပြီးနောက်ဖြစ်သည်။ ထိုလူအား ရုတ်တရက် ငေးကြောင်ကြောင် ဖြစ်စေရန် အသုံးပြုခဲ့သည့် နည်းလမ်းမှာ မည်သည့်အရာဖြစ်ပါစေ အလွန်ချောက်ချားဖွယ်ကောင်းလှသဖြင့် သူတို့ကို ပို၍စိတ်လှုပ်ရှားသွားစေသည်။

"ဘာမဆိုတောင်းဆိုဖို့ ဝန်မလေးပါနဲ့ စီနီယာ" ဟန်ရွှယ့်ရှန်းက ရွှင်ရွှင်ပျပျပြောသည်။

"ငါ အေးခဲနှင်းပိုးကောင်တစ်ကောင် လိုချင်တယ်" သူက ချက်ချင်းပြန်ဖြေ၏။

သူမဘေးရှိ ကျင့်ကြံသူနှစ်ယောက် မျက်မှောင်ကြုတ်သွားသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် မျက်လုံးထဲတွင်ပေါ်လာသည့် ဒေါသများကို ဖုံးကွယ်ရန် ကြိုးစားလိုက်ကြသည်။

ဟန်ရွှယ့်ရှန်းက တခဏ တွန့်ဆုတ်သွားသည်။

"စီနီယာ အေးခဲနှင်းပိုးကောင်က အရမ်းငယ်တဲ့အချိန်မှာ သခင်နဲ့ ပဋိညာဥ်ပြုပါတယ်။ လတ်တလောမှာတော့ အေးခဲနှင်းမျိုးနွယ်စုမှာ အဲ့ဒီလောက်ငယ်တဲ့ပိုးကောင်တစ်ကောင်မှ မရှိသေးပါဘူး။ ကျွန်မက အကြောင်းစုံတော့ မသိပါဘူး စီနီယာ။ ကျွန်မနဲ့ အေးခဲနှင်းမျိုးနွယ်စုကို လိုက်ခဲ့ရင် အဲ့ဒီကိစ္စကို သေချာစစ်ဆေးပြီး စီနီယာရဲ့ကျေးဇူးကို ပြန်ဆပ်ဖို့ အကောင်းဆုံးကြိုးစားပါ့မယ်" သူမသည် အလွန်တရာလှပသောမျက်ဝန်းလေးများဖြင့် မန်ဟို့ကို ကြည့်သည်။ ၄င်းတို့တွင် မည်သည့်မုသားမှ မပါရှိပေ။ သူမသည် အသက်ကယ်ပေးခဲ့အတွက် မန်ဟို့ကို ကျေးဇူးတင်သည့်အပြင် ကြောက်လည်းကြောက်၏။ စောစောက သူမကိုယ်တိုင်မြင်တွေ့ခဲ့ရသော အရာအားလုံးမှာ သူမကို ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။

သူမ၏စကားလုံးများက အတင်းဖိအားပေးခံထားရသံမပေါက်သော်လည်း ဖိအားပေးခံထားရခြင်းဖြစ်သည်။ သူမမှာ မှန်မှန်ကန်ကန်ပြန်မဖြေနိုင်လျှင် ဤလူ၏သနားကြင်နာမှုက ရန်ငြိုးအဖြစ်ပြောင်းလဲသွားလိမ့်မည်ဟု သူမခံစားနေရသည်။

ထိုမျှသာမက ယခု ဤနေရာတွင် သူပေါ်လာခြင်းက တိုက်ဆိုင်သည်လား ၊ ဤအခြေအနေဖြစ်အောင် ကြိုတင်အကွက်ချထားသည်လား သူမ မသေချာပေ။ မည်သို့ဆိုစေ သူသည် သူမအသက်ကို ကယ်တင်ခဲ့သည်။ သန့်စင်နှင်းမြို့တော်သို့ ပြန်ရောက်လျှင် သူ့ကို ကျေးဇူးပြန်ဆပ်ရန် သူမကြိုးစားမည်ဖြစ်သည်။

မန်ဟိုက အဓိပ္ပါယ်ဖော်ရခက်သော မျက်လုံးများဖြင့် မိန်းကလေးကိုကြည့်ရင်း စဥ်းစားနေ၏။ ထို့နောက် သူက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

ဝတ်ရုံအဖြူနှင့်မိန်းကလေးမှာ ထိုအခါမှ ရင်ထဲကအလုံးကြီးကျသွားတော့သည်။ သူမသည် အားတင်းပြုံး၍ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ သူတို့အားလုံး တောအုပ်ထဲမှ ထွက်လာကြစဥ် အခြားကျင့်ကြံသူနှစ်ယောက်မှာ မန်ဟို့ကို ပို၍ပင် သတိထား စောင့်ကြည့်နေကြသည်။

အနောက်ပိုင်းသဲကန္တာရ မိစ္ဆာသားရဲသခင်က ငေးကြောင်ကြောင်ဖြစ်နေသော မျက်နှာဖြင့် မန်ဟို့နှင့်အတူလိုက်ပါလာသည်။ သူသည် သူ့ကိုယ်သူထိန်းချုပ်နိုင်စွမ်းမရှိတော့ပုံရသဖြင့် ယင်းက ဟန်ရွှယ့်ရှန်းနှင့် အခြားသူများကို ပို၍ပင်တုန်လှုပ်သွားစေသည်။

သန့်စင်နှင်းမြို့တော်သည် အနက်ရောင်နယ်မြေ၏ မြောက်ပိုင်းတွင် တည်ရှိ၏။ ၄င်းသည် အနောက်ပိုင်းသဲကန္တာရမှ အတန်ငယ်လှမ်းသော်လည်း အလွန်ဝေးသည်ဟု မဆိုနိုင်ပေ။ ဤပတ်ဝန်းကျင်ရှိ ကုန်းမြေသည် နှစ်ပတ်လည်တိုင်း ရေခဲနှင့်နှင်းတို့ဖြင့် လွှမ်းခြုံခံရသည့်အတွက် အရာအားလုံးကို ဖြူဆွတ်နေစေသည်။

၄င်းက မန်ဟို မကြာသေးမီက သိမ်းပိုက်ခဲ့သော ယခင်တုန်းလော့မြို့နှင့် အတော်လေး ကွာဝေးသည်။ နှစ်မြို့လုံးက ကိုးပြည်ထောင်စုအဖွဲ့ဝင်များဖြစ်သည့်တိုင် တကယ်တမ်း ကူးလူးဆက်ဆံမှု နည်းပါး၏။ မျိုးနွယ်စုနှစ်စုလုံး၏ ကိုးပြည်ထောင်စုရှိ နေရာမှာ မကြာသေးသော နှစ်များအတွင်း ဆုတ်ယုတ်လာခဲ့သည် မဟုတ်ပါလော။ တစ်ခါက မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ခဲ့ဖူးသော အေးခဲနှင်းမျိုးနွယ်စု၏ အာဏာမှာ ကျဆင်းလာခဲ့သည့်တိုင် သူတို့သည် သူတို့၏မာနနှင့် ဂုဏ်သိက္ခါကို ဆက်လက်ထိန်းသိမ်းထားနိုင်သေး၏။

ထိုမျှသာမက တံခါးပိတ်ကျင့်ကြံနေသည့် သူတို့၏ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးအကြောင်း ကောလဟာလများရှိသေးသည်။ သူပေါ်မလာခဲ့သည်မှာ နှစ်ရာပေါင်းများစွာကြာပြီဖြစ်သော်လည်း သူ သေလား ရှင်လား ဘယ်သူမှ သေချာမသိကြပေ။

သူအသက်ရှင်နိုင်ခြေရှိခြင်းကပင် အေးခဲနှင်းမြို့တော်အား မည်သည့်ဘေးမှမသင့်အောင် သေချာစေသည်။

ထို့ကြောင့် သန့်စင်နှင်းမြို့တော်သည် တစ်ခါကကဲ့သို့ ဂုဏ်ကျက်သရေကို မပိုင်ဆိုင်တော့သော်လည်း ခမ်းနားထည်ဝါစွာ တောက်ပနေဆဲဖြစ်သည်။

သို့သော် ယခုတော့ အေးခဲနှင်းမြို့တော်ရှိ လူတိုင်းမှာ ပူဆွေးသောကရောက်နေလေပြီ။ အနက်ရောင်တိမ်တိုက်ကြီးများက ကောင်းကင်တွင် စု၍ မြေပြင်အပေါ်သို့ ဖိနှိပ်နေသည့်အလား ဖိအားတစ်ခုသည် သူတို့အပေါ် သက်ရောက်နေသည်။ ရေခဲသဖွယ် သလင်းကျောက်မြို့တံတိုင်းများမှာ အပြင်ဘက်ကမ္ဘာသို့ သတိတရှိကြည့်နေကြသော အေးခဲနှင်းမြို့ကျင့်ကြံသူများဖြင့် ဖုံးလွှမ်းနေသည်။

မြို့ပြင်ရှိ နယ်မြေမှာ တသိမ့်သိမ့်တုန်ရီနေသည်။ လောလောဆယ်တွင် နက်မှောင်နေသော တောင်ပံရေနဂါးများက ကောင်းကင်တွင် မရေမတွက်နိုင်အောင် ပြည့်နှက်နေသည်။ ၄င်းတို့က ရက်စက်ကြမ်းကြုတ်သော မျက်လုံးနီကြီးများဖြင့် လေထဲတွင် လှည့်ပတ်သွားလာနေကြ၏။ သူတို့၏ဟိန်းဟောက်သံများက ကြည့်ရှုနေသောကျင့်ကြံသူများကို ရင်တုန်သွားစေသည်။

တစ်ချက်ကြည့်လိုက်လျှင် တောင်ပံရေနဂါးများမှာ ရေတွက်၍မရပုံပေါ်သော်လည်း တကယ်တော့ အကောင်ငါးဆယ်သာ သန့်စင်နှင်းမြို့တော်ကို ပတ်၍ပျံဝဲနေကြခြင်းဖြစ်သည်။ အောက်ရှိ မြေပြင်ပေါ်တွင် မီတာနှစ်ဆယ်ကျော် ရှည်လျားသော ဧရာမအပြာရောင်ခြင်္သေ့ကြီး အကောင်ခုနစ်ဆယ်၊ ရှစ်ဆယ်အား မြင်နိုင်သည်။ ၄င်းတို့လမ်းလျှောက်လိုက်တိုင်း ၄င်းတို့ခြေထောက်အောက်က မြေကြီးသည် အပြာရောင်ရေခဲအသွင်ပြောင်းသွား၏။

ဤသားရဲများအပြင် သန့်စင်နှင်းမြို့တော်ကို ကြည့်ရင်း၄င်းတို့အနောက်၌ ရပ်နေကြသော ကျင့်ကြံသူတစ်ထောင်ခန့်ရှိသည်။ သူတို့က အနက်ရောင်အဝတ်အစားများကို ဝတ်ထားပြီး မျက်နှာဖုံးများတပ်ထား၏။ အများစု၏ ကျင့်ကြံခြင်းအခြေခံမှာ ချီအခြေတည်အဆင့်ဖြစ်ပြီး အဖြူရောင်မျက်နှာဖုံးများ တပ်ဆင်ထားကြသည်။ ကျင့်ကြံသူထောင်ပေါင်းများစွာအထဲ၌ မိုးပြာရောင် မျက်နှာဖုံးနှင့်ကျင့်ကြံသူ အယောက်သုံးဆယ်ခန့်သာရှိသည်။

ခေါင်းဆောင်နေရာတွင်ကား အဖြူရောင်ဆံပင်များ မျောလွင့်နေလျက် မျက်နှာဖုံးအဖြူနှင့် အဘိုးကြီးတစ်ဦးဖြစ်သည်။ ကျင့်ကြံခြင်းအခြေခံအရှိန်အဝါအရ သူသည် အနုသုခုမရုပ်ခန္ဓာအဆင့်တွင် ဖြစ်၏။

ခပ်လှမ်းလှမ်းတွင် အရပ်မြင့်မြင့်လူရာပေါင်းများစွာ ရပ်နေသော နှင်းဖုံးတောင်တစ်လုံးရှိသည်။ သူတို့၏မျက်နှာများက ခံစားချက်မဲ့နေပြီး အခြားသူများထက်ပိုများသော အရုပ်ဆေးမင်ကြောင်များအား သူတို့၏ခန္ဓာကိုယ်ပေါ်တွင် မြင်နိုင်၏။ သူတို့၏အရှိန်အဝါများသည် အခြားကျင့်ကြံသူများထက် ပို၍ကြမ်းကြုတ်ပြီး ထူးဆန်း၏။

ဤလူများမှာ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများဖြစ်သည်။

သန့်စင်နှင်းမြို့တော်နှင့် အနက်ရောင်နယ်မြေနန်းတော်၏ တပ်ဖွဲ့များအကြား၌ ပိုင်းခြားပေးထားသော လေထန်နေသည့် ဆီးနှင်းပြင်ကြီးရှိသည်။

ဟိုးအနောက်တွင်ကား သန့်စင်နှင်းမြို့တော်ကို ဝန်းရံ၍ ဖြန့်ကျက်ထားရှိသော အနက်ရောင်နယ်မြေနန်းတော်ဂိုဏ်းသား ထောင်ပေါင်းများစွာ ဖြစ်သည်။

ကြည့်ရသရွေ့ စစ်ပွဲကြီး စတင်တော့မည့်ပုံပင်။

ဤအခိုက်အတန့်မှာပင် မန်ဟိုနှင့်အခြားသူများ အဝေးတွင်ပေါ်လာပြီး သူတို့အရှေ့၌ ဖြစ်ပျက်နေသောမြင်ကွင်းကို မြင်လိုက်ကြသည်။ မန်ဟို၏အမူအရာမှာ ယခင်အတိုင်း ဖြစ်သော်လည်း ဟန်ရွှယ့်ရှန်းနှင့် အခြားကျင့်ကြံသူနှစ်ယောက်မှာ ချက်ချင်း မျက်နှာပျက်သွားကြ၏။

သူတို့သည် တစ်ရက်ကျော် ခရီးနှင်လာခဲ့သော်လည်း ထိုအတောအတွင်း မန်ဟိုက သူမအား သန့်စင်နှင်းမြို့တော်မှ ထွက်လာရသည့်အကြောင်းရင်းကို မမေးသလို ဟန်ရွှယ့်ရှန်းကလည်း အသေးစိတ် အရင်ပြောပြခြင်းမရှိပေ။

သို့သော် ကျင့်ကြံသူနှစ်ယောက်အကြားက ဆွေးနွေးတိုင်ပင်မှုတချို့အပေါ် အခြေခံ၍ သူတို့မြို့မှာ အဖွဲ့သားသုံးဆယ်ကျော် လွှတ်ခဲ့ကြောင်း သူသဘောပေါက်လိုက်သည်။ ယခုတွင် အစောင့်နှစ်ယောက်သာ ကျန်ရှိတော့၏။

"ငါတို့ မြို့ထဲဝင်မရတော့မယ့်ပုံပဲ" မန်ဟိုက အေးစက်စက်ပြောသည်။ အနက်ရောင်နယ်မြေနန်းတော်၏ တပ်ဖွဲ့များက အေးခဲနှင်းမြို့တော်ကို အဘက်ဘက်မှ ကာဆီးပိတ်ဆို့ထားလေသည်။ လောလောဆယ်တွင် မည်သည့်ဘက်ကမှ တိုက်ခိုက်မှု မစတင်သေးပေ။ တချို့လူများအနေဖြင့် မပြောနိုင်လောက်သော်လည်း လက်ရှိ အင်အားအကြီးဆုံးစစ်သည်မှာ အနုသုခုမရုပ်ခန္ဓာအဆင့်ဖြစ်သည့်အတွက် ဤသည်မှာ ထိပ်တိုက်တိုက်ပွဲမဟုတ်ဘဲ လက်ရည်စမ်းပွဲဖြစ်ကြောင်း သိသာသည်။

ဟန်ရွှယ့်ရှန်းက တစ်ခုခုပြောရန် ပြင်လိုက်သည့်အချိန် ရုတ်တရက် တိုက်ခိုက်သံများ ဆူညံသွားသည်။ တောင်ပံရေနဂါးကြီးများက အေးခဲနှင်းမြို့တော်ထံ ထိုးဆင်းသွား၏။ ဧရာမအပြာရောင်ခြင်္သေ့ကြီးများလည်း လေးညှို့မှပစ်လွှတ်လိုက်သော အပြာရောင်မြားတံများသဖွယ် ခန္ဓာကိုယ်များ တဖျပ်ဖျပ်တောက်ပလျက် ပြေးဝင်သွားကြသည်။

ပေါက်ကွဲသံများ မြည်ဟည်းနေစဥ်မှာပင် အနက်ရောင်နယ်မြေနန်းတော်ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် လေပေါ်ပျံတက်လိုက်ကြသည်။ သူတို့၏အနောက်တွင် မီတာကိုးဆယ်ခန့် အမြင့်ရှိသော ဘီလူကြီးနှစ်ကောင်ပေါ်လာသဖြင့် မြေပြင်မှာ တသိမ့်သိမ့် တုန်ရီသွားသည်။ ၄င်းတို့မည်သည့်နေရာက ထွက်လာသည်လဲ မရှင်းလင်းသည့်တိုင် ၄င်းတို့သည် တဝုန်းဝုန်းမြည်ဟည်းသံများနှင့်အတူ ရှေ့လျှောက်လာ၏။ ဘီလူးတစ်ကောင်ချင်းစီ၏ ပခုံးတွင် မီတာသုံးရာအရှည် ဓားကြီးများကို လွယ်ထားသည်။

ဓားများက ဟောင်းနွမ်းပြီး ရှေးဆန်နေသည့်တိုင် ထုတ်လွှတ်နေသော စွမ်းအားက အံ့ဖွယ်ကောင်းသည်။

ဤရွေ့ဤမျှသာဆိုလျှင် ကိစ္စမရှိသေး။ သို့သော် ပေါက်ကွဲသံများ မြည်ဟည်းနေစဥ် အနက်ရောင်ပင်လယ်တစ်စင်း ပေါ်လာသည်။ ဤအနက်ရောင်ပင်လယ်သည် ဝံပုလွေနက်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်၏။ ၄င်းကား မြေပြင်တစ်လျှောက်ပြန့်ကားလာရင်း သန့်စင်နှင်းမြို့တော်ထံ ချဥ်းကပ်လာသည်။

မြို့ထဲမှ ကျင့်ကြံသူတစ်ထောင် ပျံတက်လာသဖြင့် သန့်စင်နှင်းမြို့တော်ကို ဝန်းရံထားသော အကာအကွယ်တဖျပ်ဖျပ်လက်သွားသည်။ သူတို့က မှော်ပညာရပ်များနှင့် မှော်ပစ္စည်းများကို အသုံးပြုလိုက်ကြပြီး ၄င်းတို့၏စွမ်းအားက အကာအကွယ်ကိုခွင်း၍ လာနေသောသားရဲများနှင့် ကျင့်ကြံသူများကို ပိုင်းဖြတ်ရန် တဟုန်ထိုးထွက်သွားသည်။

ထို့အပြင် တလက်လက်တောက်ပနေသော ဧရာမအဖြူရောင်အလင်းတန်းကြီးတစ်တန်း မြို့အတွင်းမှ ထိုးတက်လာသည်။ မြို့အထက်တွင် ဂြိုဟ်များနှင့် သဏ္ဍာန်တူသော မျက်စိကျိန်းမတတ် တောက်ပနေသည့် အလင်းစက်လုံးငါးလုံးပေါ်လာပြီး လည်ပတ်နေသည်။ တစ်ပတ်လည်သွားတိုင်း ၄င်းတို့က မြို့တံတိုင်းများကိုကျော်၍ ရိုက်ခတ်သွားသော အဖြူရောင်အလင်းစက်ပိုင်းပြတ်တစ်ခု ထုတ်လွှတ်ပေးသည်။

ပေါက်ကွဲသံများက ကောင်းကင်နှင့်မြေကြီးကို လှုပ်ရမ်း၍ အရာအားလုံးကို တုန်ခါနေစေသည်။ မန်ဟိုသည် ဤကဲ့သို့သော ကျင့်ကြံသူများအကြားက တိုက်ပွဲမျိုးကို တစ်ခါမှမမြင်ခဲ့ဖူးပေ။

တိုက်ပွဲစတင်သည်နှင့် မြို့အတွင်းမှ တလက်လက်တောက်ပနေသောအကာအကွယ်ထံသို့ ပျံထွက်သွားသော အဖွဲ့တစ်ဖွဲ့ကိုလည်း မန်ဟိုသတိထားမိလိုက်သည်။ သူတို့ ၄င်းကို ဖြတ်သွားသည့်အခိုက်၌ သူတို့အထက်တွင် ပျံဝဲနေသောဂြိုဟ်ငါးလုံးပေါ်လာသည်။ ၄င်းတို့က သူတို့အရှေ့ရှိ စူးစူးဝါးဝါး အော်နေသော သားရဲကို အပိုင်းပိုင်းဖြတ်ပစ်လိုက်သည့် အဖြူရောင်အလင်းစက်ဝန်းပြတ်များကို ထုတ်လွှတ်ရင်း လည်ပတ်နေ၏။ ခေါင်းအထက်ရှိ ရေနဂါးများက တိမ်းရှောင်ရင်း သူတို့အနားမကပ်နိုင်ဖြစ်နေသည်။

ထိုကဲ့သို့ အဖွဲ့တစ်ဖွဲ့သာ ပေါ်လာခြင်းမဟုတ်။ မြို့တံတိုင်း၏အပြင်ရှိ အနက်ရောင်နယ်မြေနန်းတော်တပ်ဖွဲ့များနှင့် တိုက်ခိုက်ရန် မြို့အတွင်းမှ အဖွဲ့ဆယ်ဖွဲ့ကျော် ထွက်လာကြသည်။ မချိတင်ကဲ အော်သံများနှင့်အတူ ပေါက်ကွဲမှုများ လေတွင် ပြည့်နှက်သွားပြီး တိုက်ပွဲကား ဆက်လက်ဖြစ်ပွားနေ၏။

မန်ဟိိုသည် ကျင့်ကြံခြင်းသူများအကြားက တိုက်ပွဲများအား တစ်ခါမှမမြင်ဖူးခြင်းမဟုတ်။ သို့သော် ဤကဲ့သို့တိုက်ပွဲမျိုးမှာတော့ ယခင်က သူတစ်ခါမှမမြင်ဖူးသည့်အရာဖြစ်သည်။ ထိုမြင်ကွင်းက သူ့ကို ရင်တဒိန်းဒိန်းခုန်လာစေ၏။ သို့သော် သူသည် ကျင့်ကြံခြင်းလောကသို့ အသစ်ဝင်ရောက်လာသူ မဟုတ်သည့်အတွက် စိတ်တည်ငြိမ်အောင် လျင်မြန်စွာ လုပ်လိုက်သည်။

သူစိတ်အဝင်စားဆုံးမှာ စစ်မြေပြင်ကို ဖြတ်လျှောက်နေသော ဧရာမဘီလူးကြီးနှစ်ကောင်ဖြစ်သည်။ ၄င်းတို့၏လှုပ်ရှားမှုများက နှေးကွေးသော်လည်း ခြေတစ်လှမ်းချလိုက်တိုင်း မြေကြီးကို တုန်သွားစေသည်။ ၄င်းတို့လွယ်ထားသော ဧရာမဓားကြီးများက ကြောက်မက်ဖွယ် ဓားအရှိန်အဝါကို ထုတ်လွှတ်နေသည်။

ရုတ်တရက် မြို့ထဲမှ ကျင့်ကြံသူတစ်ဖွဲ့က မန်ဟိုတို့အဖွဲ့ရှိရာသို့ ဦးတည်ချက်ပြောင်းလာသည်။ သူသည် ၄င်းကို တိုက်ဆိုင်သည်ဟုထင်လိုက်သော်လည်း ဟန်ရွှယ့်ရှန်း၏မျက်ဝန်းများထဲက တဖျပ်ဖျပ်လက်နေသော ပျော်ရွှင်မှုအရိပ်အယောင်ကို မြင်သောအခါ ဤလူများက သူမကို မြို့တော်ပြန်ခေါ်သွားရန် လာနေကြခြင်းဖြစ်ကြောင်း သူသိလိုက်သည်။

***

All Chapters