← Chapters

ခေါင်းအထက်က မိုးနဂါးပျံကြီး

Vol. 26 Ch. 355

ခေါင်းအထက်က မိုးနဂါးပျံကြီး

Vol. 26 Ch. 355

လာနေသော ကျင့်ကြံသူများမှာ တိုက်ခိုက်တော့မည့်ပုံရသည်။ မန်ဟိုက မျက်တောင်ခတ်လိုက်၏။ "ငါသူ့ကို ကယ်ခဲ့တယ်ဆိုရင်တောင် ဘယ်သူ့မှ ယုံမယ့်ပုံမပေါ်ဘူး" ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ အလွန်အမင်း စိုးရိမ်နေသည့်ဟန်ရှိသော ခပ်ချောချောလူငယ်လေးတစ်ယောက် ဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ အမြုတေဖြစ်တည်မှုနှောင်းပိုင်းအဆင့်ဖြစ်သည်။ သူ့အနောက်မှ ကျင့်ကြံသူတစ်ဒါဇင်ကျော် လိုက်ပါလာကြပြီး အားအနည်းဆုံးမှာ အမြုတေဖြစ်တည်မှု စဦးပိုင်းအဆင့် ဖြစ်၏။ လူငယ်နှင့် ကျင့်ကြံခြင်းအခြေခံတူသော အမြုတေဖြစ်တည်မှု နှောင်းပိုင်းအဆင့် ကျင့်ကြံသူသုံးယောက်ရှိသည်။

သူတို့အဖွဲ့အရှေ့တွင် လည်နေသောဂြိုဟ်ငါးလုံးရှိသည်။ မန္တန်အစီအရင်က တဖျပ်ဖျပ် လက်နေပြီး သူတို့ကို ရှေ့သို့ လေသဖွယ် တဟုန်ထိုးသွားစေသည်။

ရုတ်တရက် ဟန်ရွှယ့်ရှန်းက လျှပ်တပြက် ထွက်သွား၏။ သူမ၏အမြန်နှုန်းမှာ မယုံနိုင်စရာကောင်းသဖြင့် မန်ဟို့၏မျက်လုံးများကို လင်းလက်သွားစေသည်။ သိသာစွာပင် သူမသည် စောစောက သူမ၏ စစ်မှန်သောအမြန်နှုန်းကို ဖုံးကွယ်ထားခဲ့လေသည်။ သူမရှေ့သို့ပျံသန်းသွားစဥ် သူမ၏ခြေထောက်အောက်၌ ရေခဲနှင်းတိမ်တိုက်တစ်ခု ပေါ်လာပြီး သူမကို အရှေ့သို့ သယ်ဆောင်သွား၏။ အခြားကျင့်ကြံသူနှစ်ယောက်လည်း သူတို့၏အမြန်နှုန်းကို မြှင့်တင်ရန် မှော်ပညာရပ်များနှင့် ရတနာများကို အသုံးပြုရင်း ရှေ့သို့ တဟုန်ထိုးထွက်သွားကြသည်။

သူတို့မှာ မန်ဟိုတိုက်ခိုက်မည်ကိုသော်လည်းကောင်း ၊ သူတို့ကို ဆွဲထားမည်ကိုသော်လည်းကောင်း စိုးရိမ်နေကြောင်း သိသာသည်။ သို့ရာတွင် ဤမှော်ပညာရပ်များနှင့်ပစ္စည်းများ သုံးလိုက်ခြင်းက အချည်းနှီးသာ။ မန်ဟိုက သူတို့ထွက်သွားသည်ကို ခပ်ပြုံးပြုံးဖြင့် ကြည့်နေသည်။ သူက ရှေ့သို့ တစ်လှမ်းပင်မလှမ်းပေ။ သည်အတိုင်းသွားခွင့်ပေးထား၏။

ဤအခြင်းအရာက ကျင့်ကြံသူနှစ်ယောက်ကို အံ့သြသွားစေသည်။ သို့သော် သူတို့မှာ ထိုအကြောင်းစဥ်းစားစရာ အချိန်မရှိပေ။ သူတို့သည် ယခင်အတိုင်း သတိထား၍ ဟန်ရွှယ့်ရှန်း စစ်မြေပြင်ထံ ဦးတည်သွားသည်ကို လိုက်ပါစောင့်ကြပ်ပေးရင်း သူမကို အသက်နှင့်လဲ၍ ကာကွယ်ရန် အသင့်ပြင်ဖြစ်နေကြသည်။ ဟန်ရွှယ့််ရှန်း ပျံသန်းနေစဥ် ငွေရောင်အလင်းစက်လုံးက သူမထံမှ ပျံထွက်လာသည်။ ငွေရောင်အလင်း သွားသည့်နေရာတိုင်းတွင် ဝိုင်းနေကြသော သားရဲများ လှုပ်ရှားနေရာမှ ရပ်ပြီး တုန်ရီလာကြသည်။ ဤသည်က သူတို့ကို တခဏအတွင်း အတော်ဝေးဝေးရောက်သွားစေ၏။

ဟန်ရွှယ့်ရှန်းနှင့် အစောင့်များ မန်ဟို့ထံမှ မီတာရာပေါင်းများစွာ ဝေးကွာသွားစဥ် ကျင့်ကြံသူလူငယ်၏အဖွဲ့နှင့် ဆုံသွားသည်ကို သူမြင်လိုက်သည်။ နှစ်ဖွဲ့လုံး အတော်လေး စိတ်လှုပ်ရှားသွားကြပုံရသော်လည်း သိသာစွာပင် ဤသည်မှာ ဆွေးနွေးဖို့ အချိန်မဟုတ်ပေ။ လူငယ်၏အဖွဲ့မှ ကျင့်ကြံသူများက လူဖြန့်၍ ဟန်ရွှယ်ရှန်းကို ကာကွယ်ကာ မြို့ထံသို့ ပြန်လည်ဦးတည်သွားသည်။

ဤအချိန်မှ နောက်ဆုံး ဟန်ရွှယ့်ရှန်းမှာ အသက်ရှူချောင်သွားတော့သည်။ သူမက အဝေးရှိ မန်ဟို့ကို လှည့်ကြည့်ပြီး သူမမျက်ဝန်းထဲတွင် မိမိကိုယ်ကို ကျေနပ်အားရနေသည့်အလင်း ဖြတ်ပြေးသွားသည်။

သို့သော် သူတို့အဖွဲ့ စတင်ထွက်ခွာသည့်အချိန်မှာပင် အနက်ရောင်နယ်မြေကျင့်ကြံသူများနှင့်အတူ ဝံပုလွေနက်အုပ်ကြီးတစ်အုပ်က သူတို့ကို တိုက်ခိုက်ရန် ပြေးလာကြသည်။ အဝေးမှ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူရှစ်ယောက်လည်း ချဥ်းကပ်လာကြသည်။ စစ်မြေပြင်မှာ ရုန့်ရင်းဆန်ခတ်ဖြစ်နေသော်လည်း ဤအဖြစ်အပျက်အားလုံးကို မန်ဟို ရှင်းရှင်းလင်း မြင်နေရသည်။

"ငါ မင်းကို အသက်ကယ်ပေးခဲ့တာကို လွယ်လွယ်နဲ့မေ့မယ် မထင်နဲ့" မန်ဟိုက ရေရွတ်လိုက်သည်။ ဤအချိန်တွင် သူပင်လျှင် ဤသည်မှာ ထိပ်တိုက်တိုက်ပွဲမဟုတ်ကြောင်း မြင်နိုင်သည်။ နှစ်ဖက်လုံးမှာ စိတ်မချဖြစ်နေကြ၍ အင်အားအစစ်အမှန်ကို ချုပ်တည်းထားကြ၏။

စစ်မြေပြင်တွင် အစွမ်းထက်ဆုံးစစ်သည်မှာ တိုက်ကွက်တစ်ကွက်မှ မထုတ်သေးသော အနက်ရောင်နယ်မြေနန်းတော်မှ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူဖြစ်သည်။ ဟန်ရွှယ့်ရှန်းကို စောင့်ကြပ်ပေးဖို့ စေလွှတိခံခဲ့ရသူမှာ ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်ဖြစ်သည်။ သန့်စင်နှင်းမြို့တော်က အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများအား တပ်ဖြန့်ထားခြင်းပင် မရှိပေ။

"သူတို့က ချုပ်တည်းထားကြတာပဲ" မန်ဟိုက စစ်မြေပြင်ကို စေ့စေ့ကြည့်ရင်း တွေးလိုက်သည်။ "ဘယ်ဘက်ကမှ အင်အားအစစ်အမှန်ကို မပြသေးဘူး။ ဒီတိုက်ပွဲက တစ်ဖက်နဲ့တစ်ဖက် စမ်းကြည့်နေတာလေးပဲ။ အဲ့ဒီမှာ ငါ့အတွက် ပြဿနာရှိမယ်မထင်ဘူး" သူသည် ငေးကြောင်ကြောင်ဖြစ်နေသော အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူနှင့်အတူ ရှေ့ဆက်လျှောက်သွားတော့သည်။

ရုတ်တရက် သန့်စင်နှင်းမြို့တော်အတွင်း၌ အလင်းတစ်ခု ဖြတ်ခနဲ လက်သွားပြီး အရိပ်တစ်ခုက မြို့တံတိုင်းကို ကျော်သွား၏။ ၄င်းက ခဲရောင်ဆံပင်များနှင့် အဘွားအိုတစ်ဦးဖြစ်သည်။ အနက်ရောင်နယ်မြေနန်းတော်မှ ငွေရောင်မျက်နှာဖုံးနှင့် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူက သူမကို မမှိတ်မသုန်ကြည့်ရင်း ရှေ့သို့လျှောက်လာသည်။ တစ်ယောက်မှ စကားပြောခြင်းမရှိဘဲ နတ်ဘုရားစွမ်းရည်များဖြင့် ချက်ချင်း တိုက်ခိုက်ကြတော့သည်။

ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားပြီး စစ်မြေပြင်အထက်ရှိ ကောင်းကင်မှာ ရုတ်တရက် မှေးမှိန်သွား၏။

တစ်ချိန်တည်းမှာပင် စစ်မြေပြင်ပေါ်ရှိ သတ်ဖြတ်တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာသည်။ သန့်စင်နှင်းမြို့တော်မှ ကျင့်ကြံသူများ ထပ်မံထွက်လာပြီး တိုက်ပွဲအားဆင်နွှဲတော့သည်။

ဟန်ရွှယ့်ရှန်းမှာမူ ပိုပို၍စိတ်လှုပ်ရှားလာနေသည်။ သန့်စင်နှင်းမြို့တော်မှ အစောင့်များ ဝန်းရံထားလျက် ရှိသည့်တိုင် သူမမှာ မြို့တော်နှင့် အတော်လေးအလှမ်းဝေးသေး၏။ ထိုမျှသာမက အနက်ရောင်နယ်မြေနန်းတော်နှင့် အနောက်ပိုင်းသဲကန္တာရမှ ကျင့်ကြံသူများ၊ ရေနဂါးများ၊ ခြင်္သေ့များ၊ ဝံပုလွေများက ပတ်ပတ်လည်မှ ဝိုင်းထားရာ လုံးဝလှုပ်မရဖြစ်နေချေသည်။ သူတို့၏ သန့်စင်နှင်းမြို့ကျင့်ကြံသူတစ်ဒါဇင်ကျော် အဖွဲ့အနက်မှ သုံးယောက်သေသွားခဲ့ပြီးဖြစ်သည်။

မှော်ဂြိုဟ်ငါးလုံးလက်နက်က လျင်မြန်စွာလည်ပတ်နေသော်လည်း ၄င်းထံမှ ဖြာထွက်နေသည့် တောက်ပသော အဖြူရောင်အလင်းတန်းများပင်လျှင် သူတို့ရောက်ရှိနေသော အန္တရာယ်အတွင်းမှ လွတ်မြောက်စေခြင်းငှာ မစွမ်းနိုင်ပေ။ ပို၍အရေးကြီးသည်က ဧရာမဘီလူးကြီးတစ်ကောင်က ၄င်း၏ဓားကြီးကို လွှဲရမ်းရင်း ချဥ်းကပ်လာနေသည်။ ထို့အပြင် လောလောဆယ်တွင် ရေနဂါးတစ်ဒါဇင်ကျော်က ဂြိုဟ်ငါးလုံးကို ဖျက်စီးရန် သွားနေကြသည်။

မှော်ဂြိုဟ်ငါးလုံးလက်နက်သာ ဖျက်စီးခံရလျှင်တော့ သူတို့အတွက် ပို၍အန္တရာယ်များလေပြီ။

ရေနဂါးတစ်ဒါဇင်ကျော်က ဟိန်းဟောက်လိုက်ကြသဖြင့် လေထဲတွင် ထစ်ချုန်းသံကြီး မြည်ဟည်းသွားသည်။ ၄င်းတို့ ဂြိုဟ်ငါးလုံးလက်နက်ထံ တဟုန်ထိုးသွားနေကြစဥ် ၄င်းတို့၏ခန္ဓာကိုယ်များသည် တလက်လက်တောက်နေ၏။ ဂြိုဟ်ငါးလုံးလက်နက်မှာ စတင်ပျက်စီးလာလေရာ တဂျိန်းဂျိန်းထစ်ခြုန်းသံများ မြည်ဟည်းနေတော့သည်။ အချိန်အနည်းငယ်ကြာသော် ၄င်းမှာ လုံးဝပျက်စီးပြိုကျသွားလေပြီ။

ဂြိုဟ်ငါးလုံးလက်နက် ပျက်စီးသွားသောအခါ ဟန်ရွှယ်ရှန်းကို ဝန်းရံထားသည့် ကျင့်ကြံသူလေးယောက် ထပ်မံသေဆုံးသွားသည်။ သူတို့၏ သေခါနီး မချိမဆန့်အော်ဟစ်သံများ ကြားသောအခါ သူမ၏မျက်နှာလေး ဖြူဖျော့သွား၏။ သူမကြည့်နေစဥ်မှာပင် ကျင့်ကြံသူများအနက်မှ တစ်ယောက်က အသတ်မခံရခင် မိမိကိုယ်ကို ဖောက်ခွဲပစ်လိုက်သည်။ အားပြင်းသောပေါက်ကွဲမှုလှိုင်းကြီး ပျံ့နှံ့သွားပြီး ရန်သူများကို ဝင်တိုက်ကာ သူတို့အတွက် အချိန်ဆွဲပေးလိုက်သည်။

အမြုတေဖြစ်တည်မှုနှောင်းပိုင်းအဆင့်လူငယ်က မျက်လုံးများ နီရဲနေလျက် ဟန်ရွှယ့်ရှန်းကို စိုးရိမ်တကြီး ဆွဲပြီး မြို့ထံသို့ ဦးတည်သွားသည်။ သူ့မှာ အနီးနားရှိ သားရဲများ၊ ကျင့်ကြံသူများလည်း မိမိကိုယ်ကို ဖောက်ခွဲပစ်မည်ကို စိုးရိမ်နေပုံရသည်။

စောစောက ဟန်ရွှယ့်ရှန်း မန်ဟို့ထံသို့ ပြသခဲ့သည့် မိမိကိုယ်ကို အားရကျေနပ်မှုမှာ ယခုတွင် လုံးဝ ပျောက်ဆုံးသွားပြီး ပူဆွေးသောကတို့က အစားထိုးဝင်ရောက်လာသည်။ သူမမှာ နှုတ်ခမ်းလေးကိုက်ပြီး သူမအရှေ့က လူငယ်၏ ဆွဲခေါ်ရာအနောက်သာ လိုက်သွားနိုင်တော့သည်။

ဤအချိန်တွင် မန််ဟိုသည် စစ်မြေပြင်သို့ ဝင်ရောက်လာ၏။ သူ ဝေးဝေးလံလံမသွားနိုင်ခင် အနီးနားရှိ ဝံပုလွေနက်များက ရက်စက်ကြမ်းကြုတ်စွာ မာန်ဖီလျက် သူထံသို့ ပြေးဝင်လာသည်။ မန်ဟို၏ ညာလက်က ဆန့်ထွက်သွားပြီး တစ်ကောင်ကို လည်ပင်းမှ ဆွဲကိုင်လိုက်သည်။ သူက ဘယ်လက်ကိုသုံးရင်း ဆေးလုံးတစ်လုံးကို ၄င်း၏ပါးစပ်ထဲထည့်ကာ ၄င်းအား တဆတ်ဆတ် တုန်ရီသွားစေသည်။ ရုတ်တရက် ၄င်း၏ခန္ဓာကိုယ်မှ အမွှေးများကျွတ်ကျလာပြီး ဖောင်းပွလာ၏။ ဤဖြစ်စဥ်တစ်ခုလုံးမှာ အသက်ရှိုက်အနည်းငယ်သာကြာလိုက်သည်။ အခြားဝံပုလွေများ ချဥ်းကပ်လာသည်တွင် မန်ဟိုက ၄င်းကို လွှတ်ချလိုက်သည်။

အမွှေးမရှိသော ဝံပုလွေမှာ မချိတင်ကဲအော်ပြီးနောက် ပေါက်ကွဲသွားသည့်အတွက် ပေါက်ကွဲသံကြီး လေတွင်ပြည့်နှက်သွားသည်။ သို့ရာတွင် အသွေးအသားမရှိဘဲ အနက်ရောင်မြူတိမ်တစ်ခုသာ အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ လာနေသော ဝံပုလွေများ မြူခိုးများကို ထိမိသည်နှင့်တစ်ပြိုင်နက် ၄င်းတို့၏ခန္ဓာကိုယ်များ ခြောက်ကပ်လာကာ မြူခိုးများအသွင်ပြောင်းလာသဖြင့် မချိတင်ကဲအော်နေကြတော့သည်။ မန်ဟို့ ပတ်ပတ်လည်ရှိ ဧရိယာမှာ ထူထဲသောမြူခိုးများဖြင့် တမုတ်ဟုတ်ချင်း ပြည့်သွား၏။

သူသည် ထုံးစံအတိုင်း တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် ရှေ့ဆက်သွားနေသည်။ မှန်ပါသည်၊ ယခုလေးတင် ဖြစ်ပျက်သွားသောမြင်ကွင်းက ကြည့်ရှုနေသူတိုင်း၏မျက်လုံးများတွင် အံသြခြင်းတို့ ပြည့်နှက်သွားစေသည်။

သူ ဆက်လျှောက်လာနေစဥ် မြူများက ထိလိုက်သည့် မည်သည့်သားရဲကိုမဆို သတ်ရင်း တလိပ်လိပ်ထနေသည်။ မကြာမီ မီတာဒါဇင်များစွာကျယ်ပြန့်သည့် မြူထုကြီးက သူ့ကို အဘက်ဘက်မှ ဝန်းရံနေတော့သည်။ ယခုတွင် စစ်မြေပြင်ပေါ်က လူတော်တော်များများ သူရှိရာသို့ လှမ်းကြည့်နေကြသည်။

ဟန်ရွှယ့်ရှန်းလည်း ဖြစ်ပျက်နေသောအရာကို မြင်လိုက်သည်။ ဤအခိုက်အတန့်တွင် မီတာနှစ်ဆယ်ကျော် ရှည်လျားသည့် အပြာရောင်ခြင်္သေ့ကြီးတစ်ကောင်က မန်ဟို့အပေါ် ခုန်အုပ်လိုက်သည်။ သို့သော် ၄င်း သူ့အနားမရောက်ခင် မန်ဟို၏ညာလက်က လျှပ်စီးသဖွယ် ဆန့်ထွက်သွားပြီး ခြင်္သေ့၏လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။ သူက ဘယ်လက်ကို နောက်တစ်ကြိမ် သုံးရင်း ၄င်း၏ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံးထည့်လိုက်၏။

လူတိုင်း အံသြတကြီး ကြည့်ရှုနေစဥ်မှာပင် ဧရာမခြင်္သေ့ကြီး၏ အမွှေးများ ရုတ်တရက် ကျွတ်ကျလာသည်။ ထို့နောက် ၄င်းပေါက်ကွဲသွား၏။ အသွေးအသားအဖြစ် မဟုတ်၊ အပြာရောင်မြူတိမ်တစ်ခုအသွင်ဖြစ်သည်။

အပြာရောင်မြူခိုးများသည် အေးမြသောလေထဲတွင် အနက်ရောင်မြူခိုးများနှင့် လျင်မြန်စွာ ပေါင်းစည်းရင်း ပြန့်ကားလာ၏။ ဖြစ်ပေါ်လာသော မြူထုသည် ကျယ်ပြန့်လာပြီး ယခုတွင် မန်ဟို့အနေဖြင့် မည်သည့်အပြာရောင်ခြင်္သေ့ကိုမှ ကိုယ်တိုက်ကိုယ်ကျ တိုက်ခိုက်စရာ မလိုတော့ပေ။ ၄င်းတို့ မြူထုကို ထိမိသည်နှင့်တစ်ပြိုင်နက် သွေးပျက်မတတ် အော်ဟစ်သံများ စစ်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်သွားတတ်သည်။

ပင့်သက်ရှိုက်သံများအား အနီးနားရှိ အနက်ရောင်နယ်မြေကျင့်ကြံသူများထံမှ ကြားနိုင်လေသည်။

"အဲ့ဒါ ဘယ်သူလဲ"

"ဒါ..... အဆိပ်လား။ အဲ့ဒီလူက အဆိပ်ပညာရှင်ပါလားဟ"

"သာမန်အဆိပ်မဖြစ်နိုင်ဘူး။ အနောက်ပိုင်းသဲကန္တာရ ကမ္ဘာသစ်မိစ္ဆာတွေ ဘာဖြစ်သွားလဲကြည့်။ ဒီအဆိပ်....ဒါ...."

အနက်ရောင်နယ်မြေနန်းတော်ကျင့်ကြံသူများ၏ မျက်နှာဖုံးများအောက်ရှိ မျက်နှာများမှာ အံ့သြခြင်းတို့ ပြည့်နှက်လာပြီး သူတို့က နောက်ဆုတ်သွားကြသည်။ အနောက်ပိုင်းသဲကန္တာရ မိစ္ဆာသားရဲများပင် မန်ဟို့၏အဆိပ်ကို မရှောင်နိုင်လျှင် သူတို့က မည်သို့ရှောင်နိုင်မည်နည်း။

သူတို့ထက် ပို၍တုန်လှုပ်နေသည်ကတော့ မန်ဟို့ကို အထိတ်တလန့်ကြည့်နေကြသော အနောက်ပိုင်းသဲကန္တာရ ကျင့်ကြံသူများဖြစ်သည်။

အနောက်ပိုင်းသဲကန္တာရတပ်ဖွဲ့များအနက် အခြားသူများကဲ့သို့ အရပ်မမြင့်သော်လည်း အရုပ်ဆေးမင်ကြောင်များတော့ ထိုးထားသည့် လူသုံးယောက်ရှိသည်။ ဤလူများမှာ ကမ္ဘာသစ်မိစ္ဆာများကို ထိန်းချုပ်နိုင်သော အနောက်ပိုင်းသဲကန္တာရ မိစ္ဆာသားရဲသခင်များဖြစ်သည်။

စစ်မြေပြင်ရှိ ရေနဂါးများ၊ ဝံပုလွေနက်များနှင့် ခြင်္သေ့အားလုံးသည် သူတို့၏ထိန်းချုပ်မှုအောက်တွင် ဖြစ်၏။ သို့သော် သူတို့မှာ အခြားသူတကာထက် တုန်လှုပ်ချောက်ချားနေသယောင်ပင်။ သူတို့သည် မန်ဟို့ကို ဝန်းရံနေသည့်မြူထုကို စိုက်ကြည့်ရင်း အသက်ရှူသံများမြန်လာသည်။ သူတို့၏ရင်ထဲတွင် အံသြတုန်လှုပ်ခြင်းတို့ ပြည့်နှက်နေလေပြီ။

"မိစ္ဆာသားရဲသခင်၊ သူက မိစ္ဆာသားရဲသခင်ပဲ......."

"မိစ္ဆာသားရဲသခင်ပဲ ကမ္ဘာသစ်မိစ္ဆာတွေကို ဒီလိုသတ်ပစ်နိုင်တဲ့အထိ နားလည်နိုင်တာ...."

မန်ဟိုက ရှေ့ဆက်လျှောက်လာသည်။ ခေါင်းထက်တွင် ရေနဂါးသုံးကောင်က သူ့ဆီ တဟုန်ထိုး ဦးတည်လာသဖြင့် စူးစူးဝါးဝါး ဟိန်းဟောက်သံများ မြည်ဟည်းသွားသည်။ မန်ဟိုက ထူးဆန်းသော အလင်းတောက်ပနေသည့်မျက်ဝန်းများဖြင့် မော့ကြည့်လိုက်သည်။ ဤအခြေအနေအတွက် အဆိပ်သုံးစရာမလိုပေ။ သူ လုပ်လိုက်သည်မှာ ရေနဂါးများရှိရာသို့ ပါးစပ်ဟပြီး လေကို ခပ်ပြင်းပြင်း စုပ်ယူရုံသာဖြစ်သည်။

သူထိုသို့လုပ်လိုက်သည်နှင့် သူ၏ရွှေအမြုတေထဲရှိ မိုးနဂါးပျံအမြုတေသည် ရုတ်တရက် တုန်ခါလာ၏။ ရုတ်ခြည်းဆိုသလို ဧရာမမိုးနဂါးပျံကြီး၏ ပုံရိပ်တစ်ခု မန်ဟို့အနောက်တွင် ပေါ်လာသည်။

၄င်းသည် မီတာရာပေါင်းများစွာ ရှည်လျားပြီး မြင့်မြတ်မှု၏ သြဇာကြီးမားသော အငွေ့အသက်ကို ထုတ်လွှတ်နေ၏။ ၄င်းကား ဝေဟင်ရှင်ဘုရင်တစ်ပါး ဖြစ်သည်။ မန်ဟို ရှိုက်သွင်းလိုက်သည်တွင် မိုးနဂါးပျံကြီးက ပါးစပ်ဟပြီး ရေနဂါးများထံ ပျံသန်းသွား၏။ ၄င်းသည် နှစ်ထောင်ပေါင်းများစွာ အစာမစားခဲ့ရသကဲ့သို့ ဆာလောင်မွတ်သိပ်နေပုံရသည်။

ရေနဂါးသုံးကောင်မှာ ဆောက်တည်ရာမဲ့စွာ အော်ဟစ်လိုက်သည်။ ယခုတွင် ၄င်းတို့သည် မိုးနဂါးပျံတစ်ကောင်နှင့် ရင်ဆိုင်ရသောအခါ ကြောက်ရွံ့တုန်ရီနေကြလေပြီ။ ထွက်ပြေးချင်ပါသော်လည်း နောက်ကျသွားပြီဖြစ်၏။

မိုးနဂါးပျံကြီး သူတို့ကို ဝါးမြိုလိုက်သည့်မြင်ကွင်းမှာ စစ်မြေပြင်ပေါ်က လူတိုင်းကို ချာချာလည်သွားစေသည်။ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာ မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း မျက်လုံးပြူးသွားကြသည်။ အံသြခြင်းတို့က သူတို့၏မျက်နှာကို ဖုံးလွှမ်းနေသည်။

"သူ....သူက ကမ္ဘာသစ်မိစ္ဆာတွေကို ဝါးမြိုလိုက်တယ်"

"မဟာမိစ္ဆာသားရဲသခင်...သေချာပေါက် မဟာမိစ္ဆာသားရဲသခင်ပဲ"

"အဲ့ဒီမိုးနဂါးပျံကြီးတစ္ဆေကြီးက သူ့ရဲ့ ကောင်းကင်ကမ္ဘာသစ်မိစ္ဆာဖြစ်မယ်။ သေချာပေါက် ကောင်းကင်ကမ္ဘာသစ်မိစ္ဆာပဲ။ မဟာမိစ္ဆာသားရဲသခင်တစ်ယောက်ရဲ့ ကောင်းကင်အဆင့်ကမ္ဘာသစ်မိစ္ဆာ"

အနက်ရောင်နယ်မြေနန်းတော်ကျင့်ကြံသူများ၊ သန့်စင်နှင်းမြို့တော်ကျင့်ကြံသူများ၊ လူတိုင်းလူတိုင်း ကမ္ဘာကြီးဇောက်ထိုးမိုးမျှော်ဖြစ်သွားသကဲ့သို့ ချာချာလည်နေကြလေပြီ။ မန်ဟို့အနောက်ရှိ မိုးနဂါးပျံကြီးက ကောင်းကင်ကိုမျက်နှာမူ၍ အသံမထွက်သောအော်သံကြီးပြုပြီးနောက် ရေနဂါးများထံ ပြေးဝင်သွားသည်။

***

All Chapters