မထင်မှတ်ထားဘူး
Vol. 26 Ch. 356
ရေနဂါးများသည် ရှေးမိုးနဂါးပျံကြီးများ၏ အစာဖြစ်သည်။
မန်ဟို၏ မိုးပျံနဂါးပျံတစ္ဆေကြီးသည် ၄င်း၏ကြီးမားသော ကိုယ်ထည်ကြီးဖြင့် အရာအားလုံးကို တုန်ခါစေရင်း လေကိုထိုးခွင်း၍ ပျံသန်းနေသည်။
အနီးနားရှိ ရေနဂါးဒါဇင်များစွာမှာ အထိတ်အလန့် အော်ဟစ်နေကြသည်။ ၄င်းတို့၏ခန္ဓာကိုယ်များ တဆတ်ဆတ်တုန်နေကြပြီး အရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးရန် ပြင်လိုက်ကြစဥ် မိုးနဂါးပျံတစ္ဆေကြီးက နောက်တစ်ကြိမ် အသံမဲ့ ဟိန်းဟောက်လိုက်၏။ မြေပြင်ပေါ်ရှိ ဝံပုလွေနက်များ တုန်ရီလာပြီး ကိုယ်ကိုဝပ် လိုက်ကြသည်။ အပြာရောင်ခြင်္သေ့ကြီးများလည်း တုန်ရီနေသောခေါင်းများကို နှိမ့်၍ ခစားသောအသံများ ပြုလိုက်ကြသည်။
ရေနဂါးများမှာတော့ မျှော်လင့်ချက်မဲ့နေသော်လည်း တုတ်တုတ်မှမလှုပ်ရဲပေ။ မန်ဟို့၏ မိုးနဂါးပျံတစ္ဆေကြီးက ထိုးဆင်းလာပြီး တစ်ကောင်ကို ဝါးမြိုလိုက်၏။
စစ်မြေပြင်တစ်ခုလုံး သုဿန်တစပြင်ပမာ တိတ်ဆိတ်သွားသည်။ လူတိုင်းမှာ ကောင်းကင်၌ ဖြစ်ပျက်နေသော မြင်ကွင်းကို ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေမိသည်။ မိုးနဂါးပျံတစ္ဆေကြီးက ရေနဂါးတစ်ကောင်ပြီးတစ်ကောင် ထိုးသုတ်၍ ဝါးမြိုနေချေသည်။
မကြာမီ ရေနဂါးများအား တစ်ကောင်မကျန် ဝါးမြိုပြီးနောက် မိုးနဂါးပျံတစ္ဆေကြီးက မန်ဟိုထံ ပျံသန်းဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။
အရာအားလုံး အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်နေသည်။
မန်ဟိုက ချောင်းဟန့်ပြီး ဟန်ရွှယ့်ရှန်းထံ ဆက်လျှောက်လာ၏။ သူ သူမအရှေ့ရောက်သောအခါ သူမ၏မျက်နှာမှာ မယုံနိုင်မှုနှင့်အတူ ကြောက်လန့်ခြင်းတို့ဖြင့် ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရသည်။ သူမဘေး၌ရပ်နေသော လူငယ်၏မျက်နှာမှာလည်း ထိုနည်းတူပင်။
"ဟို ငါ မင်းကို အသက်ခဲ့တယ်လေ" သူက အတန်ငယ်ရှက်နေသောဟန်နှင့်ပြောသည်။ "အခုထိ ငါ့ကို ကျေးဇူးပြန်မဆပ်သေးလို့ .... အဲ့ဒါ ဒီလိုထွက်သွားတာ တကယ်ပဲ သင့်တော်ရဲ့လား" သူ့မှာ မိန်းကလေးတစ်ယောက်အား ဤကဲ့သို့ပြောရသည်ကို အတန်ငယ်အနေရခက်နေပုံရသည်။
ဟန်ရွှယ့်ရှန်းမှာ တုန်ရီနေပြီး သူမ၏မျက်ဝန်းလှလှလေးမှာ ကြောက်လန့်မှုတို့ဖြင့် ပြည့်နှက်၍နေသည်။ သူမမှာ ထိတ်လန့်လွန်း၍ မည်သို့ပြန်ဖြေရမည်လဲ မသိတော့ပေ။
သို့သော် ဤအခိုက်အတန့်တွင် သူမ၏မျက်ဝန်းလေးများ ဝိုင်းစက်ပြူးကျယ်သွား၏။ သူမသာမဟုတ်။ မန်ဟို့ကို အာရုံစိုက်နေကြသည့် စစ်မြေပြင်ပေါ်ရှိ လူတိုင်း ယခုတွင် အသက်ရှူသံများ မြန်သွားကြလေပြီ။
မန်ဟို့၏အနောက်တွင် မီတာကိုးဆယ်ကျော် မြင့်သော ဘီလူးကြီးက ဧရာမဓားကြီးကိုလွှဲရင်း သူ့ထံသို့ ပြေးလာနေ၏။
ဤဓားသည် လေကို ထိုးဖောက်နိုင်စွမ်းရှိပုံရသည်။ ၄င်းက ဓားကို မန်ဟို့ထံသို့ လွှဲချလိုက်သဖြင့် ရွှီးခနဲ အသံကြီး လေတွင်ပြည့်နှက်သွားသည်။ ၄င်းက လှိုင်းများ မထုတ်လွှတ်ဘဲ လေထုကို စုပ်ယူနေပုံပေါ်သည်။ မန်ဟို့ကို ဝန်းရံလျက်ရှိသော မြူထုကြီးကား တဝုန်းဝုန်း အုံကြွလှုပ်ရှားလာလေ၏။
ဤအခြင်းအရာအားလုံးကို ဖော်ပြရန် အချိန်အနည်းငယ်ကြာလိုက်သော်လည်း တကယ်တမ်း တခဏအတွင်းဖြစ်ပျက်သွားခြင်းပင်။ မန်ဟိုစကားပြောပြီးသည့်အချိန်တွင် ဧရာမဓားကြီးကား သူ့ခေါင်းမှ မီတာသုံးဆယ်ခန့်သာ ကွာဝေးတော့၏။
ဓားကြီးကား မီတာသုံးရာခန့် ရှည်လျားသည်။ ဘီလူးကြီးမှာ မီတာကိုးဆယ်အမြင့်ရှိပြီး အလွန်အားကောင်းသော စွမ်းအားကြီးဖြင့် ပြည့်နှက်နေသည်။ ၄င်းတွင် ကျင့်ကြံခြင်းအခြေခံ မရှိသော်လည်း မည်သူ့ကိုမဆို ကြောက်ဒူးတုန်သွားစေသည်အထိ အစွမ်းထက်သည်။
ဓားသည် မန်ဟို့၏ခေါင်းထံသို့ ကျဆင်းလာသဖြင့် သူ၏ပတ်ပတ်လည်ရှိ မြူခိုးများအား အဘက်ဘက်သို့ ပြန့်ထွက်သွားစေသည်။ ဤသည်က မန်ဟို့ကို စစ်မြေပြင်တွင် ပို၍ထင်ရှားသွားစေ၏။
သို့သော် ဓားကြီး ကျရောက်လာတော့မည့်အချိန်မှာပင် မန်ဟိုက ခေါင်းမော့ခြင်းပင်မရှိဘဲ ညာလက်ကို ဆန့်ထုတ်၍ ဓားကိုဆုပ်ကိုင်လိုက်သည်။ ဝုန်းခနဲ အသံကြီးရိုက်ညောင်းသွား၏။
ဓားထံမှ စွမ်းအင်တို့က မန်ဟို့ထံ ရိုက်ခတ်လိုက်သည့်အတွက် သူ၏အရိုးများကို ကျိုးသွားစေကာ သူ၏ပတ်ပတ်လည်ရှိ မြေကြီးတစ်လျှောက် အက်ကြောင်းပေါ်ပေါက်လာစေသည်။ များစွာသော စွမ်းအင်ပမာဏသည် သူ၏ခြေထောက်ကိုပင် မြေကြီးအတွင်းသို့ ရှစ်လက်မခန့် နစ်ဝင်သွားစေသည်။ မန်ဟို၏အမူအရာကား တစ်ခါလေးမှ ပြောင်းလဲခြင်းမရှိ။ သူက ဘီလူးကြီးကို လှည့်ကြည့်သည်။
"အချိန်" သူက အေးစက်စွာဆိုသည်။ သစ်သားအချိန်ဓားဆယ်လက်က သူ၏သိုလှောင်အိတ်ထံမှ ပျံထွက်လာကာ ပဒုမ္မာဓားဝင်္ကပါပုံစံပေါ်လိုက်သည်။ ၄င်းက ဘီလူးကြီးကို ပတ်ရင်း လေထဲ၌ ပျံဝဲနေသည်။
ဘီလူးကြီးက ဟိန်းဟောက်ပြီး ဓားကို ပြန်ဆောင့်ဆွဲလိုက်သော်လည်း မည်မျှအားသုံးသုံး ဓားက မန်ဟို့လက်ထဲတွင်သာ ရှိနေသည်။ ၄င်းအား ဘယ်နည်းနှင့်မှ ပြန်ယူမရပေ။
ဘီလူးကြီးက ဟိန်းဟောက်လိုက်ရာ ၄င်း၏ မျက်လုံးများ အစိမ်းရောင်အလင်းဖြင့် တောက်ပသွားသည်။ ၄င်းသည် ဓားကိုလွှတ်၍ လက်သီးဆုပ်ပြီး မန်ဟို့ကို ထိုးချလိုက်သည်။
"စိတ်ဝင်စားစရာပဲ" မန်ဟိုက အေးစက်စက်ရယ်သည်။ "မင်းကို သတ်ပစ်လိုက်ရင် နှမြောစရာဖြစ်လိမ့်မယ်" သူက ဓားကို ဘေးသို့ လွှတ်ပစ်ရင်း သစ်သားအချိန်ဓားများကို ပြန်သိမ်းပြီးနောက် ဧရာမလက်သီးကြီးကျရောက်မလာခင်လေးမှာပင် မြန်နှုန်းမြင့်သွေးအလင်းကို သုံးကာ ပျောက်ကွယ်သွားသည်။ သူပြန်ပေါ်လာသောအခါ ဘီလူးကြီး၏ခေါင်းအပေါ်တွင် ဖြစ်သည်။ သူသည် ဘယ်လက်ချောင်းဖြင့် အောက်သို့ညွှန်လိုက်သည်။
"သမာဓိအပ်နှင်းခြင်း"
ချက်ချင်း စစ်မြေပြင်ပေါ်၌ သရဲပုံရိပ်များ နေရာလပ်မကျန် ပေါ်လာသည်ကို မန်ဟိုမြင်လိုက်သည်။ ချီတစ်မျှင်ပြီးတစ်မျှင် ဘီလူးကြီး၏ခေါင်းအထဲသို့ အပြေးအလွှားစီးဝင်နေသည်ကို သူတစ်ယောက်သာ မြင်ရ၏။
ဘီလူးကြီးက မန်ဟို့ထံသို့ လက်နှစ်ဖက်လုံးဖြင့် လှမ်းရင်း ဟိန်းဟောက်လိုက်သည်။ သို့သော် မြန်နှုန်းမြင့်သွေးအလင်းက ဖျတ်ခနဲလက်သွားပြီး သူက အထိအခိုက်မရှိ ရှောင်တိမ်းနိုင်လိုက်၏။ ဘီလူးကြီးမှာ သူ့ကို ဖမ်းရန် မည်မျှကြိုးစားကြိုးစား မရနိုင်ဖြစ်နေပြီး သူက သမာဓိအပ်နှင်းခြင်းပညာရပ်ကို ဆက်လက်အသုံးပြုနေသည်။ ဤမြင်ကွင်းက ကြည့်နေသူတိုင်းကို တုန်လှုပ်သွားစေသည်။
"သမာဓိအပ်နှင်းခံရတာက မင်းအတွက် ကံကြမ္မာကောင်းကွ မင်းဆက်ပြီး ရုန်းနေဦးမယ်ဆိုရင်...." သူက ထူးဆန်းသောအလင်းဖြင့် မျက်လုံးများတောက်ပနေလျက် ဘီလူးကြီး၏ခေါင်းအပေါ်သို့ လက်ကို ဖိချလိုက်သည်။ ဘီလူးကြီး၏ တင်းခံနေသောစိတ်ဆန္ဒ နှင့် သူကိုင်စွဲထားသည့် မိစ္ဆာချီအပေါ် တပ်မက်စိတ်အား သူအာရုံရလိုက်သည်။ ဒွိဟဖြစ်နေမှုက ၄င်းကို အားကုန်မထုတ်အောင် ချုပ်တည်းထားပုံရသည်။
ဤဘီလူးမှာ လူနှင့်မတူဘဲ တိရစ္ဆာန်တစ်ကောင်နှင့် ပိုတူသည်။ သူ့တွင် ကြီးမားသော ရုပ်ခန္ဓာကိုယ်ကြီးရှိသော်လည်း စကားပြောနိုင်ခြင်းမရှိပေ။ ၄င်း၏အသိမှာ အတော်လေး ကန့်သတ်ခံထားရပြီး ကျင့်ကြံအားထုတ်နိုင်စွမ်း ကင်းမဲ့သည်။
သို့သော် တိုက်ခိုက်သည့်အခါတွင်တော့ ၄င်း၏အပြင်အားကိုယ်စွမ်းအားသည် ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်ကဲ့သို့ ပြင်းထန်သည်။ ထိုကဲ့သို့ စစ်မှန်သော အပြင်အားကိုယ်စွမ်းအားမှာ ကျင့်ကြံခြင်းအခြေခံစွမ်းအားထက် အဆများစွာ ကြောက်ဖို့ကောင်းသည်။
ထို့ကြောင့် မန်ဟိုက သူ၏သမာဓိအပ်နှင်းခြင်းပညာရပ်ကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ၄င်း၏သက်ရောက်မှုများနှင့်ပတ်သက်၍ သူ၏ထင်မြင်ချက်များ မှန်လား၊ မှားလား ကြည့်ချင်လေသည်..... သူသည် မိစ္ဆာချုပ်နှောင်သူတစ်ယောက်အနေဖြင့် သမာဓိအပ်နှင်းခြင်း ပညာရပ်ကို ကောင်းကင်နှင့်မြေကြီးတွင်ရှိသော မည်သည့် သက်ရှိသတ္တဝါ အပေါ်မဆို အသုံံးပြု၍ သူ၏ခွင့်ပြုချက်ကို ၄င်းအား ပေးအပ်ကာ မိစ္ဆာဆန်အောင် လုပ်၍ ရသင့်သည်။
သူ၏ပါးစပ်မှ စကားလုံးများထွက်သွားစဥ် ဧရာမဘီလူးကြီး တုန်ရီလာသည်။ ၄င်းမှာ ရုတ်တရက် တွေးတောနိုင်သွားသည့်အလား ၄င်း၏မျက်လုံးနှစ်ဖက်ရှိ တောက်ပနေသော အစိမ်းရောင်အလင်း ပျောက်ကွယ်သွားသည်။ ၄င်း၏အမူအရာသည် မကြမ်းတမ်းတော့ဘဲ နာခံသည့်အသွင် ပြောင်းသွားသည်။ ယခုတွင် ၄င်းသည် မိစ္ဆာချီကို ခန္ဓာကိုယ်ထဲ စီးဝင်ခွင့်ပြုလိုက်၏။
အနက်ရောင်နယ်မြေကျင့်ကြံသူများမှာ ဖြစ်ပျက်နေသောအရာကို အတိအကျ နားမလည်သော်လည်း မြင်ကွင်းက အလွန်တရာအံ့အားသင့်ဖွယ်ကောင်းသည်။ သို့သော် သူတို့အတွက် ၄င်းမှာ စောစောက မိုးနဂါးပျံကြီးနှင့်ပတ်သက်၍ ဖြစ်ပျက်ခဲ့သည့်အရာလောက် မယုံနိုင်စရာမကောင်းပေ။
သို့သော် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများအတွက်မူ ယင်းက သူတို့ကို ထိန်းမနိုင်သိမ်းမရလောက်အောင် ချာချာလည်သွားစေသည်။
အထူးသဖြင့် မိစ္ဆာသားရဲသခင်သုံးဦးပင်။ သူတို့၏မျက်နှာများမှာ မယုံနိုင်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီး ဦးနှောက်များ ကပြောင်းကပြန်ဖြစ်ကုန်သည့်အလား ခံစားနေရတော့သည်။ သူတို့၏စိတ်မှာ ဘာမှမတွေးနိုင်တော့အောင် ဗလာကျင်းကုန်၏။
"ဘီလူးရိုင်းတစ်ကောင်က တကယ် အညံ့ခံလိုက်တယ်....မဖြစ်နိုင်ဘူး။ ဘီလူးရိုင်းတွေက ဘယ်တော့မှ အညံ့မခံဘူး။ မဟာမိစ္ဆာသားရဲသခင်တောင် အဲ့ဒီလိုမလုပ်နိုင်ဘူး။ ငါတို့ ကောင်းကင်လူရိုင်းမျိုးနွယ်စုတောင်မှ ဘီလူးရိုင်းအုပ်စုနဲ့ အထူးသဘောတူညီချက် ရှိလို့သာ အသုံးပြုနိုင်တာ။ ငါတို့အပြင် အနောက်ပိုင်းသဲကန္တာရက ဘယ်သူမှ ဘီလူးရိုင်းတစ်ကောင်ကို အညံ့ခံအောင် မလုပ်နိုင်ဘူး"
"ကျင့်ကြံခြင်းအခြေခံနဲ့ မဆိုင်ဘူး။ ဒါက ဘီလူးရိုင်းတွေရဲ့ စည်းမျဥ်းတစ်ခုလိုပဲ။ သူတို့ရဲ့သိက္ခါနဲ့ သွေးက ခွင့်မပြုတာ။ အဲ့ဒါကြောင့်မလို့....ဒါ.. ဒါဘာတွေဖြစ်နေတာလဲ...."
အနောက်ပိုင်းသဲကန္တာရ မိစ္ဆာသားရဲသခင်များသည် မန်ဟို ဘီလူးကြီး၏ခေါင်းပေါ်တွင် ရပ်နေသည်ကို ကြည့်ပြီး မှင်သက်နေကြ၏။ မန်ဟိုသည် သူ၏တည်ရှိမှုက မွေးဖွားပေးလိုက်သော စစ်မြေပြင်ပေါ်ရှိ ရုတ်ရင်းဆန်ခတ်အခြေအနေများကို ဂရုမစိုက်သလို သူ့ကိုကြည့်နေသူများ အံ့သြနေကြသည်ကိုလည်း စိတ်မဝင်စားပေ။ သူသည် သူဖန်တီးခဲ့သည့် မြူခိုးများ လေပေါ် မြင့်တက်ပြီး အဆိပ်မိုးတိမ်အသွင်ပြောင်းသွားခဲ့သည်ကိုပင် သတိမထားမိပေ။
ထိုအစား မျက်နှာဖြူဆုပ်နေသော ဟန်ရွှယ့်ရှန်းကို ငုံကြည့်နေလေသည်။
"အခုဆို ငါမင်းကို နှစ်ကြိမ်ကယ်လိုက်ပြီ" သူက အပြုံးလေးတစ်ခုဖြင့် ပြောသည်။ "ငါ့ကို ပြန်ဆပ်ဖို့ နည်းလေးဘာလေး စဥ်းစားပါဦး။ ကဲကဲ ဒီကိုတက်လာခဲ့ အိမ်ပြန်ခေါ်သွားပေးမယ်" ဘီလူးကြီးက ရုတ်တရက် မြေကြီးထံ လှမ်းပြီး ဟန်ရွှယ့်ရှန်း၏အရှေ့၌ လက်ဖဝါးချပေးလိုက်သည်။
သူမ မန်ဟို့ကို ပါးစပ်အဟောင်းသားနှင့်မော့ကြည့်နေမိစဥ် သူမပတ်ပတ်လည်ရှိ လူတိုင်းမှာ သူမကို စောင့်ကြည့်နေကြသည်။ သူမသည် အကြောင်းရင်းကိုပင်မသိဘဲ ရုတ်တရက် ခြေထောက်ကြွပြီး ဘီလူးကြီး၏လက်ဖဝါးအပေါ် နင်းလိုက်သည်။ ၄င်းက သူမကို မြှောက်ပြီး ခေါင်းအပေါ်တင်ကာ မန်ဟို့ဘေးတွင် ရပ်စေလိုက်သည်။ ထို့နောက် ဘီလူးကြီးကား ဟိန်းဟောက်ပြီး သန့်စင်နှင်းမြို့တော်ထံ လျှောက်သွားတော့သည်။
ဝေဟင်ထက်တွင် အပြန်အလှန်တိုက်ခိုက်နေခဲ့သော အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူနှစ်ယောက်မှာ ယခုတွင် အောက်တွင် ဖြစ်ပျက်နေသည့် ထူးဆန်းသောမြင်ကွင်းကို စိုက်ကြည့်နေကြသည်။ မန်ဟိုကလည်း သူတို့အာရုံစိုက်နေသည်ကို သတိထားမိ၏။
ဘီလူးကြီးက ရှေ့သို့ချီတက်လာရာ လေပြင်းများတိုက်ခတ်စေပြီး မြေကြီးအားတုန်ခါနေစေသည်။ မကြာမီ ၄င်းသည် သန့်စင်နှင်းမြို့တော်၏ အကာအကွယ်ဒိုင်းနှင့် နီးကပ်လာ၏။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို တပ်အပ်မြင်တွေ့ခဲ့ရသည့် အတွင်းရှိ ကျင့်ကြံသူများမှာ ယခုတွင် အကာအကွယ်ကို ဖွင့်ရမည်လား၊ ပိတ်ထားရမည်လား မသိတော့ဘဲ ကြောင်ပျောက်နေတော့သည်။
ဤအခိုက်တွင် စစ်ခရာသံများ ရုတ်တရက် ထွက်ပေါ်လာ၏။ အနက်ရောင်နယ်မြေနန်းတော်နှင့် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ ဆုတ်ခွာသွားကြလေပြီ။ ၄င်းတွင် ကမ္ဘာသစ်မိစ္ဆာများနှင့် သားရဲများအပါအဝင် မြို့တော်ကို ဝန်းရံထားသော တပ်ဖွဲ့အားလုံးပါဝင်၏။ အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် သန့်စင်နှင်းမြို့တော်ပတ်ဝန်းကျင်၌ မည်သည့်ရန်သူတပ်ဖွဲ့မှ မရှိတော့ပေ။
ဤကနဦးတိုက်ပွဲမှာ နှစ်ဖက်၏အတိုက်အခိုက်စွမ်းရည်ကို စမ်းကြည့်ရုံအတွက်သာ ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲမှာ အနုသုခုမရုပ်ခန္ဓာအဆင့်အောက်အထိသာ ကန့်သတ်ထားခဲ့သည်။ သို့သော် မန်ဟိုရောက်လာခြင်းက အရာအားလုံးကို ပရမ်းပတာ ဖြစ်စေခဲ့သည်။ အနက်ရောင်နယ်မြေနန်းတော်စစ်သည်များ၏ စိတ်ဓာတ်များ ပျက်စီးသွားသဖြင့် သူတို့မှာ တွန့်ဆုတ်မနေဘဲ ဆုတ်ခွာသွားကြခြင်းဖြစ်လေသည်။
အနက်ရောင်နယ်မြေနန်းတော် ဆုတ်ခွာသွားသောအခါ တိုက်ပွဲမှာ အစသာရှိသေးကြောင်း နားလည်ကြသော်လည်း ဝမ်းပန်းတသာကြွေးကြော်သံများ သန့်စင်နှင်းမြို့တော်အတွင်းမှ ထွက်လာသည်။
အနုသုခုမရုပ်ခန္ဓာအဆင့်အဘွားအိုကမူ အောက်ဆင်းလာပြီး မန်ဟို့အရှေ့၌ ပျံဝဲနေသည်။ သူမ သူ့ကိုကြည့်လိုက်သည်တွင် အကုန်လုံး တိတ်ဆိတ်သွား၏။ အကာအကွယ်အား ယခုထက်ထိ မဖွင့်ပေးသေးပေ။ မျက်လုံးအားလုံး မန်ဟို့အပေါ်တွင်ဖြစ်သည်။
"မင်း ဘာလိုချင်တာလဲ" အဘွားအိုက မေးသည်။
"အေးခဲနှင်းပိုးကောင်" မန်ဟိုက ပြုံးရင်း ပြန်ဖြေသည်။
"မင်းဘယ်နေရာမှာ တော်လဲ" အဘွားအိုက အေးအေးလူလူပြန်မေးသည်။
"သူ့ကို ကယ်ခဲ့တယ်" မန်ဟိုက ဟန်ရွှယ့်ရှန်းကို လက်ညှိုးထိုးရင်း ဖြေသည်။
အဘွားအိုက ခေါင်းခါသည်။ "မလုံလောက်ဘူး"
"နှစ်ကြိမ်ကယ်ခဲ့တာ" မန်ဟိုက လေးလေးနက်နက် ပြန်ဖြေသည်။
"မလုံလောက်သေးဘူး" အဘွားအိုက မန်ဟို့ကို တည်ငြိမ်စွာ ကြည့်သည်။
မန်ဟိုက တခဏတွေဝေသွား၏။ "ဒါဆို တတိယအကြိမ် ကယ်ရမယ်ထင်တယ်"
"မင်း သူ့ကို လက်ထပ်ရင်တောင်မှ လုံလောက်ဦးမှာမဟုတ်ဘူး" အဘွားအိုက အေးစက်စက်ပြောသည်။ "အေးခဲနှင်းပိုးကောင်တစ်ကောင်ကို ပိုးကောင်အဆင့်ရောက်အောင် မွေးမြူဖို့ တစ်နှစ်ကြာတယ်။ အခုလောလောဆယ် ငါတို့မျိုးနွယ်စုမှာ ပိုးတုံးလုံးအရွယ်နှစ်ကောင်ပဲ ကျန်တော့တယ်"
မန်ဟိုက တခဏတွေးလိုက်သည်။ "ကျွန်တော် အဆိပ်ဖော်တတ်တယ်"
အဘွားအိုက သူ့ကို လေးလေးနက်နက်ကြည့်လိုက်သည်။ "အေးခဲနှင်းမျိုးနွယ်စုအတွက် တစ်နှစ် အဆိပ်ဆေးလုံးဖော်ပေးရင် အေးခဲနှင်းပိုးကောင်ပေးရမလား စဥ်းစားပေးမယ်။ ဒါပေမဲ့ မင်းမှာ တခြားရည်ရွယ်ချက်တွေရှိနေရင် မြို့ကနေ အသက်ရှင်ရက် ထွက်သွားရမယ်မထင်နဲ့" ထို့နောက် သူမက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ဟန်ရွှယ့်ရှန်းကို သူမဆီ ပျံသန်းလာစေလိုက်သည်။ ထို့နောက် နှစ်ယောက်သား အကာအကွယ်ထဲဝင်သွားကြသည်။
အကွာအကွယ်ကို ဖြတ်မသွားခင် ဟန်ရွှယ့်ရှန်းက မန်ဟို့ကို ပြန်ကြည့်သည်။
"ဘွားဘွား ပြောပြီးသွားပြီ" သူမက ပြောသည်။ "ရှင့်မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေရှိရင် ကောင်းကင်မိုးကြိုးက ရှင့်ဝိညာဥ်ကို ဖယ်ရှားပစ်လိမ့်မယ်။ ကိုယ့်ကိုယ်ကို သေချာ ဂရုစိုက်"
မန်ဟိုက ပြုံးပြီး တစ်ခုခုပြောတော့မည်အချိန် ရုတ်တရက် သူ၏မျက်နှာ ရိပ်ခနဲဖြစ်သွားသည်။ သူ၏လက်က လေပေါ်မြောက်တက်သွားပြီး ၄င်းအတွင်းတွင် လီမျိုးနွယ်ခေါင်းဆောင်ကြီး၏ ဝိညာဥ်ကို မြင်နိုင်သည်။ ဂျိန်းခနဲ မိုးခြိမ်းသံ မြည်ဟည်းသွားပြီး လျှပ်စီးတန်းတစ်တန်းက ဝိညာဥ်ကိုယ်ကို ဝင်တိုက်လိုက်သည်။ ဆဲဆိုသံနှင့်အတူ မချိတင်ကဲ အော်သံကြီးထွက်လာသည်။ မန်ဟိုက ဝိညာဥ်ကို မြန်မြန်ဆန်ဆန် သိမ်းလိုက်၏။
သူက ဘေးဘီဝဲယာကို ကြည့်လိုက်ရာ အဘွားအိုပင် သူ့ကို တအံ့တသြကြည့်နေတော့သည်။
"အာ.. ထူးဆန်းတယ်နော်" သူက ချောင်းဖွဖွဆိုးရင်း ရှက်နေဟန်ဖြင့် ပြောသည်။ "မထင်မှတ်ထားဘူး"
***