မာန်တက်နေသော ဆရာကျိုး
Vol. 26 Ch. 357
သန့်စင်နှင်းမြို့တော်သည် တုန်းလော့မြို့ထက် များစွာကြီးမားပြီး အတွင်းမြို့နှင့် အပြင်မြို့ဟူ၍ နှစ်ပိုင်းခွဲထား၏။ အတွင်းမြို့က အေးခဲနှင်းမျိုးနွယ်စုအပိုင်ဖြစ်ကာ အပြင်မြို့ကမူ အခြားသော ကျင့်ကြံသူများအတွက်ဖြစ်သည်။
အေးသောရာသီဥတုကြောင့် နှင်းမုန်တိုင်းများက မကြာခဏဆိုသလို ဝင်ရောက်တိုက်ခတ်တတ်လေသည်။ သို့ဖြစ်၍ တောင်ပိုင်းဒေသများတွင် တစ်ခါမှမမြင်ရဖူးသော နှင်းတို့ဖုံးနေသည့်ရှုခင်းအား ဤနေရာတွင် ကြည့်ရှုခံစားနိုင်သည်။
အပြင်မြို့၏ အရှေ့ပိုင်းတွင် ဝိညာဥ်စိမ့်စမ်းတစ်ခုစီရှိသော စံအိမ်တစ်တန်းအား မြင်နိုင်လေသည်။ စိမ့်စမ်းများမှ ထုတ်လွှတ်နေသော စိတ်ဝိညာဥ်စွမ်းအင်မှာ သိပ်မပေါများလှသော်လည်း အနက်ရောင်နယ်မြေများတွင်တော့ ထိုကဲ့သို့စံအိမ်များသည် အလွန်တရာ တန်ဖိုးကြီးမား၏။
စံအိမ်တစ်ခုစီသည် သီးသန့်ဖြစ်တည်နေပြီး မလိုအပ်သော ဧည်သည့်များ ဝင်ရောက်မလာစေရန် မန္တန်များဖြင့် ကာကွယ်ထားလေသည်။ အဆိုပါအကာအကွယ်မန္တန်များက သန့်စင်နှင်းမြို့တော်တစ်ခုလုံး၏ ခုခံရေးမန္တန်အစီအရင်နှင့် ချိတ်ဆက်နေသဖြင့် မယုံလောက်အောင် အစွမ်းထက်၏။
ဤစံအိမ်တွင် နေထိုင်ရသူများမှာ အရေးပါသော ဧည့်သည်များ ဖြစ်ကြသည်။ မှန်ပါသည်၊ မန်ဟို့အတွက်လည်း ဤနေရာတွင် နေထိုင်ရန် စီစဥ်ပေးထားလေသည်။
သူ၏ စံအိမ်နှင့် ခြံဝင်းမှာ သိပ်မကြီးသလို သေးသည်ဟုလည်း မဆိုနိုင်ရာ။ လောလောဆယ်တွင် ဘီလူးရိုင်းကြီးသည် တောင်ကုန်လေးသဖွယ် ထိုင်ရင်း တခေါခေါဟောက်နေသည်။ ၄င်းသည် ရံဖန်ရံခါ နိုးလာပြီး ဘေးရှိ အသားပုံကြီးမှ အသားတစ်ချို့ ဆွဲကာ ပါးစပ်ထဲပစ်ထည့်ပြီး မြိုချတတ်၏။ အကယ်၍ နိုးလာလာချင်း အသားရှာမတွေ့လျှင် ၄င်းက မျက်လုံးကြီး ပြူးနေအောင် ဖွင့်ပြီး ဟိန်းဟောက်တတ်သည်။
ထို့နောက် ဤသို့ ပြောလိမ့်မည်။ "အသား..... အသား"
၄င်း ထိုသို့ အသံပြဲကြီးဖြင့် အော်တိုင်း မန်ဟိုတစ်ယောက် ဆောင့်ဆောင့်အောင့်အောင့်နှင့် အသားပြေးရှာရသည်။ သူ့မှာ ဘယ်သူက သခင်လဲ ဝေခွဲမရတော့ပေ.....
ခြံဝင်းထဲ၌ အသားချစ်သူဘီလူးရိုင်းကြီးအပြင် သက်လက်ပိုင်းအရွယ် လူတစ်ယောက်လည်း ရှိသေးသည်။ ထိုလူ၏ မျက်နှာမှာ ကြက်ဟင်းခါးသီး စားနေရသကဲ့သို့ ခါးသီးမှုတို့ ပြည့်နှက်နေချေသည်။ အကြောင်းရင်းကား မန်ဟိုက ဘီလူးရိုင်းကြီးကို အသားနှစ်ခါ ရှာကျွေးပြီးနောက် ထိုတာဝန်ကို ဤလူ့အပေါ် လွှဲပြောင်းပေးလိုက်ခြင်းကြောင့်ပင်။
ထိူလူသည် မန်ဟို ဖမ်းခဲ့သော အနောက်ပိုင်းသဲကန္တာရမိစ္ဆာသားရဲသခင်မှလွဲ၍ တခြားမဟုတ်ပေ။ မန်ဟိုက သူ့ကို ချုပ်နှောင်မထားတော့သော်လည်း အဆိပ်ဆေးလုံးအား အတင်းအကြပ်သောက်သုံးစေခဲ့လေရာ သူ့မှာ သက်ပြင်းချပြီး ကံတရားကို လက်ခံယုံရုံမှတစ်ပါး အခြားမရှိတော့ပေ။
မန်ဟို၏ စံအိမ်အတွက် တောင်းဆိုချက်များထဲက တစ်ခုမှာ ဟန်ရွှယ့်ရှန်းအား ဖြည့်ဆည်းပေးရန် အချိန်အတော်လေး ကြာစေခဲ့သည်။ နောက်ဆုံး၌ သူမသည် မန်ဟိုဓာတ်ကူနိုင်သော ကြာစေ့အမျိုးမျိုးအား ပေးပို့ခဲ့၏။
ယခုတွင် ခြံဝင်းတစ်ခုလုံးသည် ကြာပန်းများဖြင့် ပြည့်နှက်နေလေပြီ။ မှန်ပါသည်၊ သာမန်ကြာပန်းများမှာ ဤနေရာတွင် မပေါက်ရောက်နိုင်ပေ။ ဤကြာတို့က နှင်းပဒုမ္မာကြာများဖြစ်သည်။
နှင်းပဒုမ္မာကြာများသည် ခြံဝင်းအား အလှတရားဖြင့် ပြည့်နှက်နေစေသည်။ မန်ဟိုက ပန်းများကို စိုက်ကြည့်ပြီး တစ်နေ့လုံး အချိန်ဖြုန်းတတ်၏။
သူသည် ကြာပွင့်ပုံသဏ္ဍာန်များကို လေ့လာခြင်းဖြင့် ၄င်းတို့၏အနှစ်သာရကို အာရုံခံနိုင်လာသည်။ ပန်း၏ အနှစ်သာရအား နားလည်သဘောပေါက်လျှင် သူ၏ ပဒုမ္မာဓားဝင်္ကပါကို အဆင့်မြှင့်နိုင်လိမ့်မည်။
ထိုကဲ့သို့ ဘဝမျိုးမှာ အနောက်ပိုင်းသဲကန္တာရ မိစ္ဆာသားရဲသခင်အဖို့ ထူးဆန်းနေပုံပေါ်သည်။ သို့သော် နောက်ဆုံးတွင် မန်ဟိုက သူ့နာမည်နှင့် အခြားအကြောင်းအရာများ မေးမြန်းလာလေသည်။ သူက မန်ဟို့ကို ကမ္ဘာသစ်မိစ္ဆာများအကြောင်း နားလည်အောင် ကူညီပေး၏။ ထို့နောက်တွင်တော့ ဤဂုလာဆိုသောလူ၏ ရင်ထဲတွင် ဝမ်းနည်းကြေကွဲခြင်းတို့ ပြည့်နှက်လာတော့သည်။
အဘယ်ကြောင့်ဆိုသော် မန်ဟိုက လေ့လာရသည်ကို နှစ်ခြိုက်၍ပင်။ သူသည် သွေးများ၊ အရိုးများ၊ အသားနှင့် အရုပ်များကို စူးစမ်းတတ်သည်။ ဤအရာများထဲက တစ်ခုခုကို သူလေ့လာသည့်အချိန်တိုင်း ဂုလာအဖို့တော့ အိပ်မက်ဆိုးကြီးပင်။
လက်ရှိအချိန်တွင် မန်ဟိုသည် ကြာပွင့်တစ်ပွင့်၏အရှေ့၌ တင်ပျဥ်ခွေထိုင်နေ၏။ သူ ၄င်းကို လေ့လာနေစဥ် အနောက်ပိုင်းသဲကန္တာရ မိစ္ဆာသားရဲသခင်များနှင့် ပတ်သက်သည့် အချက်အလက်များက သူ့စိတ်ထဲတွင် လည်ပတ်နေသည်။ " မိစ္ဆာသားရဲသခင်တွေကို အဆင့်ကိုးဆင့် ခွဲထားတယ်။ အဆင့်(၉) ဆိုရင် မဟာမိစ္ဆာသားရဲသခင်ဖြစ်ပြီ။ ကမ္ဘာသစ်မိစ္ဆာတွေမှာလည်း အဆင့်သတ်မှတ်ချက်တွေရှိတယ်။ သူတို့ကတော့ အနောက်ပိုင်းသဲကန္တာရမှာနေတဲ့ ထူးခြားဆန်းကြယ်သတ္တဝါကြီးတွေပဲ။ နောက်ပိုင်းကျ ကမ္ဘာသစ်မိစ္ဆာဆိုပြီး ခေါ်လာကြတာ
"ကမ္ဘာသစ်မိစ္ဆာ အဆင့် (၁) ကနေ (၉) အထိပြီးရင် အဆင့် (၁၀)ရှိတယ်။ အဆင့် (၁၀) က မြေကမ္ဘာသစ်မိစ္ဆာ၊ အဆင့် (၁၁)က ကောင်းကင်ကမ္ဘာသစ်မိစ္ဆာဖြစ်ပြီးတော့ အဆင့်(၁၂)ကတော့ ..... အရုပ်တွေပဲ" ထူးဆန်းသောအလင်းရောင်တစ်ခု မန်ဟို့၏မျက်လုံးများတွင် တောက်ပသွားသည်။ ယခုတွင် သူသည် ကမ္ဘာသစ်မိစ္ဆာများအကြောင်း ပိုမိုသိရှိလာပြီဖြစ်၍ အနောက်ပိုင်းသဲကန္တာရ၏ အရုပ်များအပေါ် နားလည်မှုလည်း ပို၍ပြည့်စုံလာသည်။
အနောက်ပိုင်းသဲကန္တာရရှိ ဒဏ္ဍာရီများအရ မျိုးနွယ်စုတစ်စုစီ၏ အရုပ်များသည် ကောင်းကင်ကမ္ဘာသစ်မိစ္ဆာဟုလည်း သတ်မှတ်နိုင်သော အဆင့် (၁၂) ကမ္ဘာသစ်မိစ္ဆာများမှ အစပြုသည်ဟူ၍ ဆိုကြသည်။ ထိုမျှအဆင့်မြင့်မားသော ကမ္ဘာသစ်မိစ္ဆာများသာလျှင် အရုပ်များဖြစ်လာနိုင်၏။ ထို့နောက်တွင်တော့ မျိုးဆက်မှ သွေးကို အသုံးပြုကာ အရုပ်ဆေးမင်ကြောင်များ ရေးဆွဲနိုင်သည်။ ဤနည်းဖြင့် ထိုအရုပ်များအား မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းလာခဲ့ခြင်းပင်။
အင်အားတောင့်တင်းသော မျိုးနွယ်စုတစ်စုတွင် အရုပ်များစွာ ရှိတတ်သည်။ သေးငယ်ပြီး အင်အားနည်းပါးသော မျိုးနွယ်စုတစ်စုတွင်တော့ တစ်ရုပ်လောက်သာ ရှိနိုင်၏။
ယင်းက အရုပ်များ၏ ဇစ်မြစ်ဖြစ်သည်။ တစ်ချိန်က အဆင့် (၁၂) ကမ္ဘာသစ်မိစ္ဆာတစ်ကောင် ပေါ်လာခဲ့ခြင်းကြောင့် ဤမတူညီသောအရုပ်မျိုးစုံ တည်ရှိလာခဲ့သည်ဟု ဆိုနိုင်သည်။
"အဆင့် (၁၂) ကမ္ဘာသစ်မိစ္ဆာက ဘယ်လောက်အစွမ်းထက်မလဲ" မန်ဟို တွေးကြည့်မိသည်။ သို့သော် သူ့အတွက် ဘယ်နည်းနှင့်မှ သိနိုင်မည်မဟုတ်သလို၊ ဂုလာလည်း ရှင်းပြနိုင်မည်မဟုတ်။ ၄င်းတို့က အင်မတန် စွမ်းအားကြီးမားသည်ဟုသာ ပြောနိုင်သည်။ အသေးစိတ်သိသူကတော့ မရှိသလောက် ရှားပေလိမ့်မည်။
အနောက်ပိုင်းသဲကန္တာရ၏ ကျင့်ကြံသူများသည် အရုပ်ကျင့်စဥ်ကို အားထုတ်ရ၏။ သို့စေကာမူ ကမ္ဘာသစ်မိစ္ဆာများကို အမှန်တကယ် ထိန်းချုပ်နိုင်သူများမှာတော့ မိစ္ဆာသားရဲသခင်များဖြစ်ကြသည်။
အရုပ်ကျင့်စဥ်ကို လေ့လာခြင်းအပြင် မန်ဟိုသည် ကောင်းကင်မြေကြီးရှိ မှော်သင်္ကေတများအား နားလည်သဘောပေါက်ရန်ကိုလည်း စဥ်ဆက်မပြတ် ကြိုးစားနေ၏။ ၄င်းမှာ သူ့အတွက် အလေ့အကျင်ပင် ဖြစ်နေချေပြီ။ သူသည် လေ့လာစရာ အထွေအထူးမရှိလျှင် အပြင်တွင်ထိုင်ရင်း ကြာပန်းကို ကြည့်နေတတ်သည်။
မကြာမီ သူ သန့်စင်နှင်းမြို့တော်သို့ ရောက်နေသည်မှာ ရက်အနည်းငယ် ကြာခဲ့ပြီဖြစ်သည်။ သို့ရာတွင် အေးခဲနှင်းမျိုးနွယ်စုက အေးခဲနှင်းပိုးကောင်ကိစ္စအား တစ်ခွန်းမှမဟပေ။ ပြောရလျှင် သူဆောင်ရွက်ပေးရမည့် ဆေးဖော်စပ်ခြင်းဆိုင်ရာတာဝန်များနှင့် ပတ်သက်၍လည်း ဘာမှလာမပြောကြခြင်း ဖြစ်သည်။ ဤသို့နှင့် လာရောက်သူ မရှိဘဲ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွား၏။ မန်ဟို့မှာ အမေ့ခံလူသားသဖွယ် စံအိမ်ထဲတွင် တစ်ယောက်တည်းသာ နေနေရလေသည်။
သို့ရာတွင် သူကား အလျင်မလို။ ပြီးခဲ့သည့်ရက်အနည်းငယ်က တိုက်ပွဲတွင် ထုတ်ဖော်ပြသခဲ့သည့် သူ၏အစွမ်းအစကြောင့် အေးခဲနှင်းမျိုးနွယ်စုအနေဖြင့် သူ့ကို တစ်နေရာတွင် အသုံးချရန် ကြံစည်ထားကြောင်း သူသိသည်။ နောက်ဆုံးတွင် တစ်ယောက်မဟုတ် တစ်ယောက်တော့ သူ့ကို သေချာပေါက် လာခေါ်လိမ့်မည်။
ထိုမျှသာမက တိုက်ပွဲအရှိန် မြင့်တက်လာသည်နှင့်အမျှ သူ၏အဆိပ်များက ပို၍သာ အသုံးတည့်လာလိမ့်မည်။ သူက ဧည့်သည်သာဖြစ်ပြီး သူတို့က ဘယ်တော့မှ မပြောင်းလဲမည့် အိမ်ရှင်များပင်။ သို့သော် ဧည့်သည်က ပို၍အစွမ်းထက်လျှင်တော့ အိမ်ရှင်အနေဖြင့် အလိုလိုက်အကြိုက်ဆောင်ရမည်သာ။
ထို့ကြောင့် မန်ဟိုသည် ကြာပန်းများရှုစားလိုက်၊ အရုပ်များလေ့လာလိုက်၊ ကောင်းကင်မြေကြီးအား စူးစမ်းလိုက်နှင့် စိမ်ပြေနေပြေ အချိန်ကုန်ဆုံးနေတော့သည်။
ထိုအချိန် သန့်စင်နှင်းမြို့တော်၏ အတွင်းမြို့အလယ်ဗဟိုရှိ ပင်မဘုရားကျောင်းခန်းမတွင် အဘွားအိုသည် လူသုံးယောက်နှင့်အတူ တင်ပျဥ်ခွေထိုင်နေ၏။ သူတို့လေးယောက်၏အရှေ့ရှိ အေးစက်သောလေထဲတွင် ဆီမီးအိမ်တစ်လုံးရှိသည်။ မီးအိမ်အတွင်းရှိ မီးတောက်က ယိမ်းထိုးကခုန်လျက် အရိပ်များအား ခန်းမနံရံ၌ တရိပ်ရိပ်လှုပ်နေစေသည်။
သူတို့သည် အေးခဲနှင်းမျိုးနွယ်စု၏ အနုသုခုမရုပ်ခန္ဓာအဆင့် အကြီးအကဲလေးဦးဖြစ်ကြပြီး မြို့တော်ဝန်အာဏာကို ကိုင်စွဲထားကြသည်။
လေးယောက်အနက် တစ်ယောက်သည် နဖူးပေါ်၌ လသဏ္ဍာန်အမှတ်ရှိသော ခဲရောင်ဆံပင်နှင့် အဘိုးကြီးတစ်ဦးဖြစ်သည်။ သူ စကားပြောလိုက်စဥ် ထိုအမှတ်က တောက်ပသွား၏။ "အကြီးအကဲသုံးရဲ့ အကြံကို သဘောမတူနိုင်သေးဘူး။ အေးခဲနှင်းပိုးကောင်ကိစ္စက အရမ်းလေးနက်တယ်။ လောလောဆယ်မှာ ပိုးကောင်အဆင့်ရောက်နိုင်တာဆိုလို့ နှစ်ကောင်ပဲ ရှိနေတယ်လေ။ သူစိမ်းတစ်ယောက်ကို ဘယ်နှယ့်ကြောင့်မို့ တစ်ကောင်ပေးနိုင်မှာတုံး"
သူတို့လေးယောက်သား မန်ဟို့ကိစ္စကို ဆွေးနွေးနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။
"အကြီးအကဲနှစ်ပြောတာ ထောက်ခံတယ်" သက်လတ်ပိုင်းလူက ဝင်ပြောသည်။ သူ၏မျက်နှာပေါ်တွင် အလိုမကျဖြစ်နေသောဟန်ရှိ၏။ "ပထမဆုံးတစ်ချက် အဲ့ဒီအဆိပ်ပညာရှင်က ဘယ်ကလာမှန်းတောင် မသိဘူး။ နောက်တစ်ချက် အမြုတေဖြစ်တည်မှုအဆင့်ပဲ ရှိတာတောင် အေးခဲနှင်းပိုးကောင်ကို ရာရာစစတောင်းဆိုရတယ်လို့။ ကြည့်ရတာ အေးခဲနှင်းမြို့တော် ပျက်စီးခါနီးနေတာကို မြင်လို့ အချောင်ယူဖို့ လာတာဖြစ်မယ်။ ငါ့အမြင်တော့ ဒီကောင့်ကို နမူနာအနေနဲ့ သွားသတ်ပစ်လိုက်သင့်တယ်"
"ဒီမှာ ကျွန်မတို့ ဒီကိစ္စကို ဆွေးနွေးနေတာ ပေရှည်နေပြီ" အဘွားအိုက ပြောသည်။ "ဒီလူရဲ့ ရည်ရွယ်ချက်က ဘာဖြစ်ဖြစ် ဒီလိုအချိန်မှ ရောက်လာတာတော့ သံသယဖြစ်စရာကောင်းတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ တိုက်ပွဲတုန်းက သူ့ထုတ်ဖော်ခဲ့တဲ့ စွမ်းအားကို ကျွန်မတောင် စိတ်ဝင်စားမိတယ်။ ဒီလိုမဟာမိတ်တစ်ယောက်ကို တကယ်ပဲ မျက်နှာလွှဲခဲပစ် လုပ်တော့မှာလား။ ဒီအတိုင်းဆိုရင် ဘယ်သူက ကျွန်မတို့ကို လာကူညီရဲတော့မလဲ။ အကြီးအကဲလေးက သူဘယ်ကလာလဲ မသိဘူးပြောတယ်နော်။ အနက်ရောင်နယ်မြေက လူတွေအားလုံး သင်းကွဲကျင့်ကြံသူတွေ မဟုတ်ဘူးလား။ ဘယ်ကလာလဲဆိုတာ သူက ဘယ်လိုလုပ် သက်သေပြပေးနိုင်မှာလဲ
"ဒါ့အပြင် ကျွန်မ စကားကျွံပြီးသွားပြီ။ ပြန်တော့ မရုပ်သိမ်းနိုင်ဘူး။ အဆိပ်တွေက ထိရောက်မှုမရှိရင် ထား။ ဒါပေမဲ့ အနိုင်ရအောင် ကူညီပေးနိုင်ရင်တော့ အေးခဲနှင်းပိုးကောင်က သူ့အပိုင်ဖြစ်စေရမယ်" သူမအသံသည် တည်ငြိမ်သော်လည်း သြဇာပြည့်နေ၏။
ပင်မဘုရားကျောင်းခန်းမမှာ တခဏ တိတ်ဆိတ်သွားသည်။ စကားတစ်ခွန်းမှ ဝင်မပြောသည့် အကြီးအကဲမှာ အကြီးအကဲတစ်ဖြစ်သည်။ သူ့တွင် ဖြူဆွတ်နေသောဆံပင်နှင့် ရှေးဆန်သော ပုံပန်းသွင်ပြင်ရှိ၏။ သူသည် အရပ်ပုပု၊ ခါးကုန်းကုန်းဖြစ်ရာ လူပုလေးတစ်ယောက်နှင့်တူသည်။ နောက်ဆုံးတွင် သူ၏မျက်လုံးများ ပွင့်လာ၏။
၄င်းတို့သည် ချက်ချင်းဆိုသလို တောက်ပသွားရာ ခန်းမအား ထိန်ထိန်လင်းသွားစေသည်။ အလင်းရောင်က ဆီမီးအိမ်မှာ အလင်းရောင်ကိုပင် လွှမ်းမိုးလိုက်ပုံရသည်။
သူစကားစပြောသည့်အခိုက်၌ အကြီးအကဲသုံးဦးအပြင် အဘွားအိုပင်လျှင် ခေါင်းငုံ့သွားကြ၏။
"သိပ်ကောင်းတယ်" သူက ပြောသည်။ "မင်းတို့သုံးယောက် အချေအတင်ဖြစ်နေတာ အချိန်ကုန်တယ်။ အရင်ဆုံး ဘာဆုံးဖြတ်ချက်မှမချခင် ဆရာကျိုး အဲ့ဒီသွေးထဲက အဆိပ်ကို စစ်ဆေးပြီးတာ စောင့်ကြတာပေါ့"
လေးနာရီကြာသော် ရုတ်တရက် ဘုရားကျောင်းခန်းမထဲ၌ ခြေသံများ ထွက်လာသည်။ အကြီးအကဲလေးယောက်က လာနေသော အဘိုးကြီးတစ်ယောက်ကို ခေါင်းမော့ကြည့်လိုက်ကြ၏။ ထိုလူသည် အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ထားပြီး မျက်နှာက မောက်မာထောင်လွှားခြင်းတို့ဖြင့် ပြည့်နေသည်။
အဘိုးကြီး ခန်းမထဲ ဝင်လာသည်နှင့် အကြီးအကဲ နှစ်၊ အကြီးအကဲသုံး နှင့် အကြီးအကဲလေးတို့က အပြုံးပန်းဝေလျက် ထရပ်လိုက်ကြသည်။
"ဆရာကျိုး" သူတို့အားလုံး နှုတ်ဆက်လိုက်ကြသည်။
"မင်္ဂလာပါ တာအိုရောင်ရင်းတို့" ဆရာကျိုးက အေးစက်စက်ပြောသည်။ သူ၏ပုံစံက ရှေးဆန်းခြင်းမရှိဘဲ မောက်မာနေပြီး မျက်နှာမှာ အဆီတဝင်းဝင်းနှင့် ပြောင်နေလေသည်။ မာနကြီးသောအရောင်အဝါက သူ့ထံမှ ဖြာထွက်နေသယောင်ပင်။ သိသာစွာပင် သူ့တွင် မြင့်မားသောရာထူးရှိပေလိမ့်မည်။ သို့မဟုတ် အနည်းဆုံးတော့ လူအများ၏ မြှောက်ပင့်ဖားရားခြင်းခံရသူ ဖြစ်မည်။
မန်ဟိုသာရှိလျှင်တော့ ပါးစပ်အဟောင်းသားနှင့် မှင်သက်သွားမှာ အသေအချာပင်။ အဘယ်ကြောင့်ဆိုသော် ဤလူကား အနက်ရောင်နယ်မြေသို့ ဖမ်းဆီးခေါ်ဆောင်သွားခံရသော အရှေ့ဆေးဝါးအဖွဲ့ ဆေးပေါင်းဖိုဘုရင် ကျိုးဒယ်ခွန်ဖြစ်နေ၍ပင်။
အစပိုင်းက ကတောက်ကဆဖြစ်ခဲ့သော်လည်း မန်ဟိုနှင့် အဘိုးကြီးကျိုးမှာ ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်နိုင်ခဲ့ပြီး မိတ်ဆွေဖြစ်လာခဲ့လေသည်။ သူသည် လက်ညှိုးညွှန်ရာ ရေဖြစ်စေမည့် ကျင့်ကြံသူမျိုးနွယ်စုများထံ မန်ဟို့ကို အလည်ခေါ်သွားပေးခဲ့သည်။ ကျိုးဒယ်ခွန်၏မျက်နှာမှာ ထိုအချိန်တုန်းက မျက်နှာအတိုင်းပင်။
သူဖမ်းဆီးခံရခြင်းက မန်ဟို့ကို အနက်ရောင်နယ်မြေရောက်ရောက်ချင်း စုံစမ်းရှာဖွေမိသည်အထိ စိတ်ပူစေခဲ့လေသည်။ သို့ရာတွင် ဘာသတင်းအစအနမှ မရခဲ့လေရာ မန်ဟို့မှာ ကျိုးဒယ်ခွန်တစ်ယောက် အနက်ရောင်နယ်မြေတစ်နေရာရာတွင် ညှင်းပန်းနှိပ်စက်ခံနေရသည်ဟု အမြဲတွေးနေမိလေသည်....
သို့သော် ကျိုးဒယ်ခွန်ကတော့ ယခင်ကထက်ပင် ဟန်ကျနေသေးသည်။ သူ၏အိုမင်းနေသောပုံပန်းသွင်ပြင်မှာ ယခုတွင် စိုပြေတောက်ပနေ၏။ မိန်းမငယ်လေးနှစ်ယောက်က သူ့ကို လေးလေးစားစားနှင့် ခိုးခိုးကြည့်နေသည့်ပုံအရ အဘိုးကြီးတစ်ယောက် ရုတ်တရက် ပန်းပွင့်လာသော သစ်ပင်အိုကြီးဖြစ်သွားကြောင်း သိသာသည်။ ထပ်ကာ ထပ်ကာ ပွင့်နေလျက်ရှိသော....
"ဆရာကျိုး အဆိပ်စစ်ဆေးတာ ဘယ်နှယ့်ရှိစ" အကြီးအကဲတစ်က ပြုံးရင်း ပြောသ ည်။ သူသည် တင်ပျဥ်ခွေထိုင်နေသော်လည်း သူ့အမူအရာက ယဥ်ယဥ်ကျေးကျေးရှိနေ၏။ ကျိုးဒယ်ခွန်က ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်သာ ဖြစ်သည့်တိုင် သူက တန်းတူထား၍ပြောနေလေသည်။
"ကျုပ်ရဲ့ ဆေးဝါးတာအိုအဆင့်ကို စဥ်းစားကြည့်ရင်" ကျိုးဒယ်ခွန်က ဝင့်ကြွားစွာ ပြောသည်။ "မိုးကောင်းကင်အောက်မှာ ကျုပ်ထက်သာတဲ့ လူနှစ်ယောက်ပဲ ရှိတယ်။ တစ်ယောက်က ခင်ဗျားတို့အားလုံး သိကြတဲ့ ကျုပ်ဆရာ မဟာအကြီးအကဲဆေးလုံးမိစ္ဆာ။ နောက်တစ်ယောက်ကတော့ ကျုပ်ညီလေး ဖန်မု။ အဲဒီ့နှစ်ယောက်ကလွဲရက် ဘယ်သူမှ ကျုပ်အထက်မှာ မရှိဘူး" သူက လက်ကိုဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပုလင်းတစ်လုံး ပေါ်လာသည်။
"ခင်ဗျားတို့ ကျုပ်ကိုပေးခဲ့တဲ့ ဒီအဆိပ်သွေးက ထူးခြားတယ်။ သေသေချာချာနားလည်ဖို့ ရက်တော်တော်ယူလိုက်ရတယ်။ တခြားနေရာမှာဆို ဒီလူ့ကို ကောင်းကင်ဘုံရဲ့ရွေးချယ်ခံလို့ သတ်မှတ်နိုင်ပေမယ့် .... ကျုပ်အမြင်မှာတော့ သူက ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်သာသာပဲ။ သူ့အဆိပ်ကို အသက်ကလေးတစ်ရှိုက်နဲ့ ပြယ်သွားအောင် ကျုပ် လုပ်နိုင်တယ်။ ပြီးတော့ အဆိပ်တာအိုဆိုတာ ရိုးရှင်းတဲ့အရာမဟုတ်တာ ဒီလူ သိသင့်တယ်။ ကျုပ်အဖို့တော့ ဆေးဝါးတာအိုနဲ့ပတ်သက်ရင် လေးစားတဲ့သူတစ်ယောက်ပဲ ရှိတယ်... ကျုပ်ရဲ့ ညီလေးဖန်မု။ သူ့ရဲ့ ပျက်စီးခြင်းဆေးလုံး ပေါ်လာတုန်းက မဟာအကြီးအကဲဆေးဒယ်အိုးဆိုပြီး နာမည်ကြီးလာခဲ့တာ။ သူ့ကို အဆိပ်အားလုံးရဲ့ ခေါင်းဆောင်ကြီးလို့တောင် တင်စားနိုင်တယ်" သူက မေးရိုးကို ဂွပ်ခနဲ စေ့ပြီး စကားအဆုံးသတ်လိုက်သည်။ သိသာစွာပင် ကျိုးဒယ်ခွန်မှာ သူ့ညီလေးသာ ဤမျှအစွမ်းထက်နေလျှင် သူ၏ကိုယ်ပိုင်အစွမ်းအစအား စဥ်းစားသာကြည့်တော့ဟု ပြောနေခြင်းဖြစ်သည်။
အကြီးအကဲတစ်မှလွဲ၍ အကြီးအကဲသုံးယောက်လုံး လေးနက်သွားသည်။ အနောက်ရှိ မိန်းကလေးနှစ်ယောက်မှာ ကျိုးဒယ်ခွန်ကို အမြတ်တနိုးကြည့်နေကြ၏။
***