ဆေးဒယ်အိုး၏ ဂုဏ်သတင်း
Vol. 26 Ch. 358
"မဟာအကြီးအကဲဆေးဒယ်အိုးရဲ့ ဆေးဝါးတာအိုကို တကယ်စိတ်ဝင်စားမိတယ်" နဖူးပေါ်တွင် လသဏ္ဍာန်အမှတ်ရှိသော အကြီးအကဲနှစ်က ပြောသည်။ "ကံဆိုးစွာနဲ့ တောင်ပိုင်းဒေသဆီ သွားပြီး နှုတ်ဆက်ဖို့ ဘယ်တော့မှ အခွင့်မသာခဲ့ဘူး" သူ၏ပုံစံအရ မဟာအကြီးအကဲဆေးဒယ်အိုးအကြောင်းကြားဖူးသော်လည်း ပြန်လည်မွေးဖွားခြင်းဂူ၌ ဖြစ်ပွားခဲ့သောအရာများနှင့်ပတ်သက်၍ မသိရှိကြောင်း ထင်ရှားသည်။
အကြီးအကဲလေးက ပြုံးပြီး ယဥ်ယဥ်ကျေးကျေးဆိုသည်။ " မဟာအကြီးအကဲဆေးလုံးမိစ္ဆာရဲ့ တပည့်၊ မဟာအကြီးအကဲဆေးဒယ်အိုးရဲ့ အစ်ကိုကြီးအနေနဲ့ ဆရာကျိုးရဲ့ ဆေးဝါးတာအိုဟာ မိုးကောင်းကင််နဲ့ မြေကြီးကို တုန်လှုပ်စေနိုင်ပါတယ်ခင်ဗျာ။ အမှန်တကယ် လေးစားမိပါတယ် ဆရာကျိုးရေ တကယ့်ကို လေးစားပါတယ်။ ဆရာကျိုး ဒီမှာရှိနေသရွေ့ သန့်စင်နှင်းမြို့တော်က ဘယ်တော့မှ ကျရှုံးမှာမဟုတ်ဘူး"
ကျိုးဒယ်ခွန်က ရယ်သည်။ တောင်ပိုင်းဒေသမှာဆိုလျှင် သူ့အနေဖြင့် ဘယ်တော့မှ ထောင်လွှားနိုင်မည်မဟုတ်ပေ။ သို့သော် ဤသည်မှာ လေးစားခံရခြင်းဖြင့်သာ ဆက်လက်ရပ်တည်နိုင်သော အနက်ရောင်နယ်မြေမဟုတ်လော။ ရိုးသားအေးဆေးခြင်းကား ဤနေရာနှင့် လားလားမှမသက်ဆိုင်ပေ။ ကျိုးဒယ်ခွန််မှာ ဆင်းရဲပင်ပန်းခံပြီးမှ သည်သင်ခန်းစာကို သဘောပေါက်ခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် သူသည် စောစောက သူ့ကို မြှောက်ပင့်လိုက်သောစကားမှာ မှန်ကြောင်း ထောက်ခံသည့်သဘောဖြင့် ခေါင်းညိတ်လိုက်သည်။
သူက စိတ်ထဲတွင်တော့ အနက်ရောင််နယ်မြေသို့ ခေါ်ဆောင်ခံလာရပြီးနောက် ခံစားခဲ့ရသော ဆင်းရဲဒုက္ခများကို ပြန်စဥ်းစားရင်း သက်ပြင်းချလိုက်သည်။ သူ့မှာ ဂိုဏ်းထံသို့ ဘယ်တော့မှ ပြန်နိုင်တော့မည်မဟုတ်သဖြင့် ခါးသီးနာကြည်းခဲ့ရပုံကို တွေးလိုက်မိသည်။ ထိုစဥ်တုန်းက အနက်ရောင်နယ်မြေတွင် သူ့ကို အလုပ်အကျွေးပြုမည့်သူမရှိသလို၊ လက်ဆောင်များဆက်သ၍ ဖားမည့် ကျင့်ကြံသူမျိုးနွယ်စုများလည်း မရှိပေ။ သူ့ဘဝမှာ ပြာသဖွယ် မွဲခြောက်နေခဲ့သည်။
ဆင်းရဲဒုက္ခများပြီးနောက် ပျော်ရွှင်မှုတို့ ရောက်ရှိလာလိမ့်မည်ဟု မည်သူတွေးမိမည်နည်း။ သူသည် ကံတရားကို ပြောင်းပြန်လှန်ခဲ့၏။ သန့်စင်နှင်းမြို့တော်သို့ ခေါ်ဆောင်ခံခဲ့ရခြင်းမှာ လူအများက သူ့ကို ရတနာတစ်ပါးသဖွယ် ဖူးဖူးမှုတ်ခဲ့ကြသောကြောင့် ဖြစ်လေသည်။ သူ ဆေးလုံးတချို့ကို အိုးနင်းခွက်နင်းဖော်စပ်ပြပြီးနောက်တွင် ဒေသခံများမှာ အံ့သြသွားခဲ့ကြ၏။ ထိုအချိန်ကစပြီး သူ လက်ညှိုးညွှန်ရာ ရေဖြစ်ခဲ့သည်။ ယခုတွင် ငယ်ရွယ်သော မိန်းမလှလေးနှစ်ယောက်ပင် သူ့အနား၌ ရှိနေလေပြီ။ သူ့ဘဝမှာ ရုတ်တရက်ကြီး စိုင်ကော်လို့ ချုံပေါ်ရောက်ကာ အရှေ့ဆေးဝါးအဖွဲ့မှာတုန်းကထက်ပင် အလွန်ဟန်ကျသွား၏။
ကျိုးဒယ်ခွန်သည် အတိတ်ကို ပြန်ပြောင်းစဥ်းစားပြီးနောက် သက်ပြင်းချလိုက်သည်။ သူ၏ဂိုဏ်းကို ဘယ်တော့မှ ပြန်မတွေ့နိုင်သော်လည်း အခြေအနေက သိပ်တော့မဆိုးလှပေ.....
သူသည် ဤအထိ တွေးနေပြီးနောက်တွင် ချောင်းဟန့်ပြီးနောက် ကိုယ်ရည်ဆက်သွေးပြန်သည်။
"ဒီငနဲလေးက ဘာမှမဟုတ်ပါဘူး" သူက ပြောသည်။ "ကျုပ်ရဲ့အဆိပ်ဆေး ဖော်ပြီးတဲ့အထိသာစောင့် .... အဲ့ဒီအနောက်ပိုင်းသဲကန္တာရကျင့်ကြံသူတွေ ဒူးထောက်အရှုံးပေးစေရမယ်လို့ အာမခံတယ်" သူက မိမိကိုယ်ကို အထင်ကြီးနေသောလေသံဖြင့် ပြောသည်။
အကြီးအကဲတစ်က တခဏစဥ်းစားနေပြီးနောက် လေးပင်စွာပြော၏။ "မဟာအကြီးအကဲကျိုးသာ ဒီလိုအဆိပ်မျိုးကို ဖော်လည်း ဖော်စပ်နိုင်၊ ဖြေလည်း ဖြေပေးနိုင်ရင်တော့ အဲ့ဒီကျင့်ကြံသူကို ထွက်သွားခိုင်းသင့်တယ်ထင်တယ်"
အကြီးအကဲနှစ်နှင့် အကြီးအကဲလေးက ခေါင်းညိတ်ပြီး သဘောတူကြောင်း ပြောတော့မည့်အချိန်မှာပင် အဘွားအိုက ဝင်ပြောသည်။
"ကျွန်မ လက်မခံဘူး။ ဆရာကျိုးက ဆေးဝါးတာအိုရဲ့ မဟာအကြီးအကဲတစ်ယောက်ဆိုတာ မှန်တယ်။ ဒါပေမဲ့ ဆရာကျိုးအတွက် အဆိပ်ရဲ့သဘာဝကို ဆုံးဖြတ်ဖို့ ရက်နဲ့ချီ အချိန်ယူခဲ့ရတယ်မဟုတ်လား။ ဒါ့အပြင် အဲ့ဒီအဆိပ်ရဲ့ရလဒ်ကိုလည်း ကျွန်မကိုယ်တိုင် မြင်ပြီးပြီ။ ဆိုတော့ အဆိပ်က ဘယ်လောက်ထိရောက်မှုရှိလဲသိဖို့ ဆရာကျိုးနဲ့ အဲ့ဒီကျင့်ကြံသူကြားမှာ ပြိုင်ပွဲလေးလုပ်ရင် ဘယ်လိုလဲ။ ဒါဆိုရင် အဲ့ဒီလူရဲ့ ပုံစံအစစ်အမှန်ကိုပါ ရှင်းရှင်းလင်းလင်းမြင်နိုင်မယ်" သူမက အကြီးအကဲတစ်ကို ကြည့်လိုက်သည်။
အကြီးအကဲတစ်က တွန့်သွားပြီး အကြီးအကဲ နှစ်နှင့် အကြီးအကဲလေးကို ပါးစပ်ပိတ်ထားရန် မျက်နှာရိပ်မျက်နှာကဲပြလိုက်သည်။ သူက ကျိုးဒယ်ခွန်ကို လှမ်းကြည့်၏။ "ဆရာကျိုး သဘောကရော"
ကျိုးဒယ်ခွန်က မာနခေါင်ခိုက်နေလျက် ခနဲ့သလို ရယ်သည်။ "ကိစ္စမရှိဘူး ။ ကျုပ်လည်း အဲ့ဒီငနဲလေးကို သင်ခန်းစာပေးချင်နေတာနဲ့ အတော်ပဲ။ တောင်ပိုင်းဒေသရဲ့ ဆေးဝါးတာအိုက ဘယ်လောက်ကျယ်ပြန့်ပြီး တောင်ပိုင်းဒေသရဲ့ဆေးဝါးပညာရှင်တွေ ဘယ်လောက်ပြိုင်ဘက်ကင်းလဲ နားလည်အောင် လုပ်ပေးရမယ်"
အကြီးအကဲတစ်က နားထောင်နေရင်း ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။ ဤမဟာအကြီးအကဲကျိုးကို သူအတော်လေး လေးစား၏။ သူကိုယ်တိုင် ဤလူ၏ ဆေးလုံးများကို မြည်းစမ်းကြည့်ဖူး၍ အနက်ရောင်နယ်မြေ၌ ဆရာကျိုးသည် နံပါတ်တစ်ဖြစ်ကြောင်း ယုံကြည်ချက်ရှိလေသည်။
သူက အားပါးတရရယ်ပြီး ထရပ်ကာ အဘွားအိုနှင့် အခြားအကြီးအကဲများနည်းတူ လက်ယှက်အရိုအသေပေးလိုက််သည်။ အားလုံးပြုံးနေကြစဥ် အဘွားအိုက သက်ပြင်းခိုးချလိုက်၏။ သူမအနေဖြင့် တတ်နိုင်သမျှ ကြိုးစား၍ အတိုက်အခံလုပ်ခဲ့ပြီးလေပြီ။ အနည်းဆုံးတော့ ဟန်ရွှယ့်ရှန်းကို ကယ်တင်ပေးခဲ့သည့် မန်ဟို့၏ကျေးဇူးကို ပြန်ဆပ်ရန် အစွမ်းကုန်ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
လူအများက မန်ဟို့ကို အကြောင်းလာကြားကြသည်။ ဤသို့ဖြင့် "ဆေးဝါးတာအိုနှီးနှောဖလှယ်ပွဲနေ့"ကား နောက်သုံးရက်အကြာတွင် ကျင်းပတော့ပေမည်။
ထိုသတင်းသည် သန့်စင်နှင်းတစ်မြို့လုံးအား လေဆင်နှာမောင်းကြီးသဖွယ် တိုက်ခတ်သွားသည်။ အတွင်းမြို့ထဲရှိ အေးခဲနှင်းမျိုးနွယ်ဝင်များသာမက အပြင်မြို့၏ ကျင့်ကြံသူများအားလုံး သိရှိသွားကြလေသည်။ စိတ်လှုပ်ရှားမှုများ ကြီးထွားလာကြ၏။ ကျိုးဒယ်ခွန်နာမည်ကိုကား မသိသူမရှိပေ။ မကြာသေးသော နှစ်များက သန့်စင်နှင်းမြို့တော်အတွင်းတွင် မဟာအကြီးအကဲကျိုး၏ ဂုဏ်သတင်းမှာ မွန်းတည့်နေသဖွယ် ထိန်ထိန်ငြီးလာခဲ့သည် မဟုတ်ပါလော။
အမှန်တွင် မဟာအကြီးအကဲကျိုးကြောင့် သင်းကွဲကျင့်ကြံသူများစွာ သန့်စင်နှင်းမြို့တော်၌ စုဝေးနေခဲ့ခြင်းဖြစ်၏။ သူတို့မှာ မည်သည့်အဖိုးအခပင် ပေးရစေကာမူ သူ၏ဆေးလုံးများကို မြည်းစမ်းကြည့်ချင်ကြလေသည်။
သူတို့အားလုံးအတွက် ကျိုးဒယ်ခွန်သည် အနက်ရောင်နယ်မြေတွင် နံပါတ်တစ် ဆေးဝါးကျွမ်းကျင်ပညာရှင်ဖြစ်သည်။ အမှန်အတိုင်းဆိုရလျှင် သူ၏ဆေးလုံးများအား ကိုယ်တိုင်သုံးစွဲဖူးသော ကျင့်ကြံသူများမှာ အလွန်တရာအံ့သြသွားကြကာ ကျိုးဒယ်ခွန်ကို တောင်ပိုင်းဒေသ၏ အတုမရှိသော မဟာအကြီးအကဲဟုပင် ကောက်ချက်ချကြ၏။
သို့နှင့် ကျိုးဒယ်ခွန်၏နာမည်မှာ သန့်စင်နှင်းမြို့တော်တွင် ပို၍သာ ထင်ရှားကျော်ကြားလာခဲ့သည်။ ကံကောင်းစွာနှင့် ဤနေရာမှာ ဒေါင်းမုဒိန်းမြို့ တဖြစ်လဲ တုန်းလော့မြို့ထံမှ အလွန်ဝေးကွာလေရာ ထိုအကြောင်းနှင့်ပတ်သက်၍ မန်ဟို သတင်းမရခဲ့ခြင်းဖြစ်သည်။
ကျိုးဒယ်ခွန် ဆေးဝါးတာအိုနှီးနှောဖလှယ်ပွဲကျင်းပမည်ဆိုသော သတင်းသည် ဒေသခံကျင့်ကြံသူများအကြား၌ အတော်လေး ပွက်လောရိုက်သွားစေ၏။ သူတို့အားလုံးသည် မဟာအကြီးအကဲကျိုးကို အားပေးရန်သာမက ဆေးဖော်စပ်ပုံကို လေ့လာရန် ကိုယ်တိုင်သွားကြည့်ကြမည်ဖြစ်သည်။
ဤသတင်းနှင့်တင် အံ့ဖွယ်ကောင်းနေပြီဖြစ်သော်လည်း မကြာခင် ကျိုးဒယ်ခွန် နေထိုင်သော ဘုရားကျောင်းမှ အမိန့်တစ်ခု ထုတ်ပြန်လိုက်ပြန်သည်။ အမိန့်တွင် ဖော်ပြထားသည်ကား ပြီးခဲ့သည့် တိုက်ပွဲက ရမှတ်များအပေါ် အခြေခံ၍ သူကိုယ်တိုင် ဆေးဖော်ပေးမည့် လူ (၁၀) ယောက် ရွေးချယ်မည်ဟူ၍ဖြစ်သည်။ ဤကြေညာချက်က ချက်ချင်း အုတ်အော်သောင်းနင်းဖြစ်သွားစေလေ၏။
တစ်မြို့လုံး ဆူညံပွက်လောရိုက်နေစဥ် မန်ဟိုသည် ကြာပန်းများ ဝန်းရံနေသည့် ခြံဝင်းထဲတွင် တင်ပျဥ်ခွေထိုင်လျက် လက်ထဲရှိ ဖိတ်စာကို ကြည့်နေသည်။ ထူးဆန်းသောအမူအရာတစ်ခုက သူ၏မျက်နှာကို ဖုံးလွှမ်းနေသည်။ အပြုံးဟုဆိုနိုင်သော်လည်း အပြုံးမဟုတ်ပြန်။ သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသူကား သူ့အတွေးများကို နားမလည်နိုင်ဖြစ်နေသည့် ဟန်ရွှယ့်ရှန်းပင်။
"ဟဲ့ အဲ့ဒါ ဘာရုပ်ဖြစ်သွားတာလဲ" သူမက စိတ်လှုပ်ရှားနေသည်ကို ထိန်းချုပ်ရန် ကြိုးစားရင်း ပြောသည်။ ဘာကြောင့်ရယ်မသိ၊ မန်ဟို သူမကို ဘီလူးကြီး၏ ခေါင်းအထက်မှ ငုံ့ကြည့်ရင်း ထိုစကားများ ပြောခဲ့သည့်နေ့ကတည်းက ..... သူမမှာ သူ့အကြောင်းသာ တွေးနေမိလေသည်။
အမှန်တွင် သူမသည် မဟာအကြီးအကဲကျိုးအကြောင်း ကြားလျှင်ချင်း မန်ဟို့ထံ ကမန်းကတန်း ပြေးလာခဲ့ခြင်းဖြစ်သည်။
"မဟုတ်ပါဘူး" မန်ဟိုက ပြုံးရင်း ပြန်ဖြေသည်။ "ကျိုးဒယ်ခွန်က ရယ်စရာကောင်းတယ် ထင်လို့"
"နင်" သူမက ခြေအောင့်နင်းပြီး မန်ဟို့ကို မျက်စောင်းကလေးထိုးသည်။ "ဆရာကျိုးက အနက်ရောင်နယ်မြေမှာ နံပါတ်တစ် ဆေးဝါးပညာရှင်၊ ဆေးဝါးတာအိုရဲ့ အတုမရှိအကြီးအကဲနော်။ တောင်ပိုင်းဒေသမှာတောင် မဟာအကြီးအကဲဆေးလုံးမိစ္ဆာရဲ့ တိုက်ရိုက်တပည့်ဆိုပြီး နာမည်ကြီးတယ်။ မဟာအကြီးအကဲဆေးဒယ်အိုးရဲ့ အစ်ကိုကြီးလည်းဟုတ်တယ်။ နင် မဟာအကြီးအကဲဆေးလုံးမိစ္ဆာက ဘယ်သူလဲသိလား။ သူ့အကြောင်း ကြားရောကြားဖူးရဲ့လား
"သူတို့လိုလူတွေကလေ ကောင်းကင်ဘုံရဲ့ရွေးချယ်ခံတွေလိုပဲ။ ဒါတောင် နင်က မသိဘူးတဲ့လား... အဆိပ်ဆေးလုံးလေးပဲ ဖော်စပ်နိုင်တာတောင် စိတ်ပူမယ်မရှိဘူး"
သူမသည် နဂိုကတည်းက လှပသောမိန်းကလေးဖြစ်သော်လည်း ယခုလိုမျိုး
ပြုမူသည့်အခါ ကြာပန်းများ၏အလှနှင့် ပြိုင်ဆိုင်နေကဲ့သို့ သူမ၏
နောက်ထပ်အလှတရားလေးတစ်ခုက လှစ်ဟထွက်ပေါ်လာလေသည်။ မန်ဟိုက ခေါင်းခါပြီး ပြုံးလိုက်သည်။
သူက ဇဝေဇဝါဖြစ်နေသော မျက်နှာထားဖြင့် မေးသည်။ "မဟာအကြီးအကဲဆေးလုံးမိစ္ဆာအကြောင်းတော့ ကြားဖူးတယ် ၊ အရမ်းလည်းလေးစားပါတယ်။ ဒါပေမဲ့ မဟာအကြီးအကဲဆေးဒယ်အိုးဆိုတာ ဘယ်သူများလဲ"
"မဟာအကြီးအကဲဆေးဒယ်အိုးကို မသိဘူးလား" သူမက မယုံနိုင်သလို မျက်လုံးကလေးပြူးနေသည်။ "အင်းပါလေ အံ့သြစရာတော့မရှိပါဘူး။ နင်က သင်းကွဲကျင့်ကြံသူတစ်ယောက်ဆိုတော့ တောင်ပိုင်းဒေသအကြောင်း ဘယ်သိလိမ့်မလဲ။ မဟာအကြီးအကဲဆေးဒယ်အိုးကို မသိတာ နားလည်ပေးလို့ရပါတယ်လေ
"ဒီမှာ ငါပြောပြမယ် မဟာအကြီးအကဲဆေးဒယ်အိုးက တောင်ပိုင်းဒေသရဲ့ ဇီယွင်ဂိုဏ်းမှာ နံပါတ် တစ် ရွေးချယ်ခံပဲ" သူမစကားပြောနေစဥ် ချစ်မြတ်နိုးသောအရိပ်အယောင်တို့က သူမ၏မျက်ဝန်းလေးထဲတွင် တောက်ပနေ၏။ "သူ့နာမည်က ဖန်မုတဲ့... မဟာအကြီးအကဲဆေးလုံးမိစ္ဆာရဲ့ အမွေခံတပည့်...။ သူ့ရဲ့ ဆေးဝါးတာအိုက မိုးကောင်းကင်အောက်က ဘယ်အရာကိုမဆို တုန်လှုပ်စေနိုင်တယ်။ သူကလေ နောင်တစ်ချိန်ကျရင် ဒဏ္ဍာရီလာ ဆေးဝါးပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မှာ။ အဆိပ်ဖော်တဲ့နေရာမှာလည်း တော်တယ် ... သူမတူတဲ့ ဆေးဝါးတာအိုအသိလည်း ရှိတယ်။ ဒီအနက်ရောင်နယ်မြေက ကိုးပြည်ထောင်စုမှာ သူ့အကြောင်း မသိတဲ့သူမရှိဘူး။ ငါ့မှာ အိပ်မက်တစ်ခုရှိတယ်သိလား.... တစ်နေ့ကျရင် တောင်ပိုင်းဒေသကို မရောက်ရောက်အောင် သွားပြီး သူ့ဆီအလည်သွားဖို့ပဲ။ ငါ့အတွက် ဆေးလုံးတစ်လုံး ဖော်စပ်ပေးဖို့ သူ့ကို အသနားခံရမယ်"
မန်ဟိုက ချောင်းဟန့်လိုက်သည်။ "အဟမ်း ချဲ့ကားပြောနေတာပဲ" သူ့မှာ မတွေးမိဘဲ ပြောလိုက်ခြင်းဖြစ်၏။ သူ့ပါးစပ်မှ ထိုစကားလုံးများ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ဟန်ရွှယ့်ရှန်း၏အကြည့်လေးမှာ မန်ဟို့ကို အစိမ်းလိုက်စားတော့မည့် ပုံပေါက်သွားသည်။
"မယုံဘူးလား လက်မခံနိုင်ဘူးပေါ့" သူမက သူ့ကို မျက်လုံးကလေးပြူးကြည့်လျက် ဆိုသည်။ မန်ဟို သူမကို နှစ်ခါကယ်ပေးပြီးနောက်တွင် သူမသည် သူ့အရှေ့တွင် ဟိတ်ဟန်သိပ်မရှိဘဲ ပွင့်လင်းလာလေသည်။ "နင် သူများတွေကို မယုံဘဲ နေလို့ရတယ်၊ လက်မခံလို့လည်း ရတယ်။ ဒါပေမဲ့ မဟာအကြီးအကဲဆေးဒယ်အိုးကိုတော့ မလေးမခန့်မလုပ်နဲ့။ ဖန်မုက အသက် ၁၇ အရွယ်လေးနဲ့ ဇီယွင်ဂိုဏ်းကို ဝင်ရောက်ခဲ့တာ။ ဆေးဝါးအတတ်သင်ဘဝမှာပဲ ရှိတုန်းက ဇီယွင်ဂိုဏ်းရဲ့ အရှေ့ဆေးဝါးအဖွဲ့ကျင့်စဥ်တွေကိုသုံးပြီး အံ့ဖွယ်ကောင်းအောင် လုပ်ပြနိုင်ခဲ့တယ်။ သူ့ရဲ့ပင်ကိုယ်စွမ်းရည်က ထူးခြားလွန်းလို့ လူတိုင်းအံ့သြသွားခဲ့တယ် နင်သိလားအဲ့ဒါ
"သူ့အရည်အချင်းကြောင့် အရှေ့ဆေးဝါးအဖွဲ့ အကြီးအကဲတစ်ယောက်ကိုယ်တိုင် ဆေးဝါးကျွမ်းကျင်ပညာရှင်အဆင့် မီးလျှံစမ်းသပ်ပွဲဝင်ပြိုင်ဖို့ ထောက်ခံပေးခဲ့တယ်။ သူက အဲ့ဒီလို ဂိုဏ်းထဲ ဝင်တာ တစ်နှစ်တောင်မပြည့်သေးဘဲ ဝင်ပြိုင်ခွင့်ရှိခဲ့တဲ့ ပထမဆုံးလူတစ်ယောက်ပဲ။ ဂိုဏ်းမှာ သူ နံပါတ်တစ်ဖြစ်လာခဲ့တဲ့နည်းက ရှေးခေတ်ကနေ ယနေ့ထက်ထိ မြင်တွေ့ရခဲတယ်
"သူရဲ့ပြိုင်ဘက်ကင်းတဲ့စွမ်းရည်တွေ ကျေးဇူးနဲ့ ဆေးဝါးကျွမ်းကျင်ပညာရှင် ဖြစ်လာပြီးတဲ့နောက် ဖော်စပ်ခဲ့တဲ့ ပျက်စီးခြင်းဆေးလုံးကဆိုရင်လေ တောင်ပိုင်းဒေသတစ်ခုလုံးကို ပွက်လောရိုက်စေခဲ့တာ။ နောက်ပိုင်းကျ မဟာအကြီးအကဲထာဝရတောင်နဲ့ ယှဥ်ပြိုင်ပြီး ဘယ်လိုမှ ခြေလို့မရတဲ့ အသင်္ချေခွန်အားဆေးလုံးတစ်လုံး ဖော်စပ်ခဲ့တယ်။ အဲ့ဒီချိန်က သူ ဆေးပေါင်းဖိုဘုရင်ဖြစ်လာတဲ့ အချိန်ပဲ" သူမမှာ တတွတ်တွတ်ပြောနေရင်း ဝမ်းနည်းလာပုံရသည်။ သူမစကားများက အတန်ငယ်မြန်လာ၏။
"အဲ့ဒီနောက်ပိုင်း ချင်းလော်ဂိုဏ်းမှာ ဆေးဝါးပညာဖလှယ်ပွဲ ကျင်းပခဲ့တယ်။ သူ့ရဲ့တာအိုကလေ တကယ့်ကို အံ့သြစရာကောင်းတာသိလား။ နောက်ပိုင်း ရှေးဟောင်းတာအိုရေပူစမ်းမှာ ဉာဏ်အလင်းရခဲ့တယ်။ အနက်ရောင်နယ်မြေနန်းတော်ရဲ့ တာအိုကလေးကို ခြိမ်းခြောက်ပြီးတော့ မိုးပြာရောင်မျက်နှာဖုံး အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူတစ်ယောက်ကို သုတ်သင်ခဲ့လို့ သူ့နာမည်ကို မသိတဲ့သူ မရှိဘူး။ အဲ့ဒီနောက် ဇီယွင်ဂိုဏ်း ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ရွေးချယ်ပွဲမှာ ခရမ်းရောင်ဆေးပေါင်းဖိုဖြစ်လာမယ့် ရွေးချယ်ခံကို အံ့သြစရာကောင်းတဲ့ပုံစံနဲ့ ကျော်ပြီး အရှေ့ဆေးအဖွဲ့ရဲ့ အမွေခံတပည့်ဖြစ်လာခဲ့တယ်
"ဒါတွေအားလုံးကို နှစ်အနည်းငယ်လေးနဲ့ လုပ်ခဲ့တာနော်။ နင့်လိုလူက သူ့ထက် သာမယ်ထင်နေတာလား ။ တကယ်ပဲ ယှဥ်နိုင်မယ်ထင်လား"
မန်ဟို့မှာ သူမကို ပါးစပ်အဟောင်းသားနှင့် ကြည့်နေမိသည်။ သူ၏မျက်နှာမှာ အတန်ငယ်နီမြန်းနေပြီး အတော်လေးရှက်နေလေ၏။
ဤကဲ့သို့ ချီးကျူးလေးစားခံရခြင်းက သူ အသားမကျသေးသောအရာ ဖြစ်သည်။ သူ့မှာ ဟန်ရွှယ့်ရှန်း သူ့အကြောင်း သည်လောက်သိနေသည်ကို မယုံနိုင်သလောက်ပင်။
"ငါ့အကြောင်း တမင်စုံစမ်းထားတာများလား" သူ့မှာ သူ့ကိုယ်သူ အတန်ငယ်ကျေနပ်စွာဖြင့် ချောင်းဟန့်ရင်း တွေးလိုက်မိလိုက်၏။ သူသည် ဟန်ရွှယ့်ရှန်းကို ပြုံး၍မကြည့်ဘဲ မနေနိုင်ပေ။ သူမ၏မျက်နှာထားလေးမှာ သူသာ မဟာအကြီးအကဲဆေးဒယ်အိုးကို မလေးစားလျှင် ရိုက်သတ်တော့မည့်ပုံပင်။
"ဒီမဟာအကြီးအကဲဆေးဒယ်အိုးသာ အနက်ရောင််နယ်မြေမှာ မင်းလို လေးစားနေတဲ့သူရှိတယ်ဆိုတာ သိရင် တော်တော်ပျော်သွားလိမ့်မယ် ထင်တယ်" သူက ရယ်ရယ်မောမောနှင့် နောက်လိုက်သည်။
"ဟွန့် ငါ့ရဲ့ မဟာအကြီးအကဲဆေးဒယ်အိုးအပေါ်ထားတဲ့ အချစ်တွေကို မလှောင်နဲ့နော်၊ ငါ့ဘာသာငါချစ်တော့ ဘာဖြစ်လဲ။ သူက ငါ့ရဲ့အိပ်မက်ချစ်သူလေး"
မန်ဟိုက ရယ်သည်။ ယခုတွင် အကြောင်းတစ်ခုခုကြောင့် ပြန်လည်မွေးဖွားခြင်းဂူက အဖြစ်အပျက်အား အနက်ရောင်နယ်မြေကျင့်ကြံသူများ မသိကြကြောင်း သေချာသွားလေပြီ။ သတင်းက ပျံ့မသွားခဲ့ခြင်း သို့မဟုတ် ... သူ ဇီယွင်ဂိုဏ်းမှ ထွက်ခွာ၍ အသက်လုပြေးခဲ့ရသည့်အဖြစ်က.... လျှို့ဝှက်ခံလိုက်ရခြင်း ဖြစ်တန်ရာသည်။
***