← Chapters

ကျိုးဒယ်ခွန် နှင့် မန်ဟို

Vol. 26 Ch. 359

ကျိုးဒယ်ခွန် နှင့် မန်ဟို

Vol. 26 Ch. 359

ဟန်ရွှယ့်ရှန်းက မန်ဟို၏ပုံစံအနေအထားကိုကြည့်ရင်း ပါးစပ်ဟ၍ တစ်ခုခုပြောရန်ပြင်လိုက်သော်လည်း ရုတ်တရက်တွေးမိသွားဟန်တူသည်။ သူမမျက်ဝန်းလေးများအရ ကရုဏာသက်သွားပုံရသည်။

သူမက ဟင်းခနဲ သက်ပြင်းချရင်း တွေးလေသည်။ "သူ့အပြုံးက ပုံမှန်လို့ထင်ရပေမယ့် တကယ်တော့ မဟာအကြီးအကဲဆေးဒယ်အိုးအပေါ် မနာလိုဖြစ်နေတာကို ဖုံးကွယ်နေတာပဲ။ သိသာလိုက်တာ" ထို့နောက် သူမသည် မန်ဟို သူမအား နှစ်ကြိမ်ကယ်ခဲ့ပုံနှင့် အမှန်အားဖြင့် သူ့မှာ သိပ်အမြင်ကပ်စရာမကောင်းကြောင်း တွေးလိုက်မိသည်။ သူမမျက်လုံးထဲတွင်လည်း စစ်မြေပြင်မှ မြင်ကွင်းအား ပြန်လည်မြင်ယောင်နေဆဲ ဖြစ်၏။

ရုတ်တရက် သူမနှလုံးသားလေး နူးညံ့ပျော့ပျောင်းသွားသည်။

သူမသည် စောစောက မန််ဟို့၏ စကားများနှင့် အပြုအမူကို ပြန်စဥ်းစားကြည့်ပြီးနောက် သူ့မှာ အတန်ငယ်ရှက်ရွံသိမ်ငယ်မိ၍ ထိုကဲ့သို့တုံ့ပြန်ခဲ့ခြင်းဖြစ်မည်ဟု သဘောပေါက်လိုက်သည်။ "အားမလို အားမရဖြစ်စရာမလိုပါဘူး" သူမက နှစ်သိမ့်သည်။ " မဟာအကြီးအကဲဆေးဒယ်အိုးက ကမ္ဘာပေါ်မှာ ရှားပါးတဲ့ ပင်ကိုယ်စွမ်းရည်ကို ပိုင်ဆိုင်ထားတာ။ ကဲပါ အားမလျှော့စမ်းပါနဲ့"

မန်ဟို့မှာ ရယ်မလား၊ ငိုရမလား မသိတော့ပေ။ သူ့အရှေ့တွင််ထိုင်နေသည့် မိန်းကလေးမှာ မဟာအကြီးအကဲဆေးလုံးမိစ္ဆာ၏ အမွေခံတပည့်၊ ထာဝရမီးတောက်ပိုင်ရှင်၊ ဆေးဝါတာအိုသွင်ပြောင်းဂါထာအသုံးပြုနိုင်သူ၊ တောင်ပိုင်းဒေသ၏ ထိပ်တန်းကြယ်ပွင့်ဖြစ်သည့် မဟာအကြီးအကဲဆေးဒယ်အိုးကို လက်ထပ်ချင်လောက်အောင် မြတ်နိုးလွန်းသည့် မိန်းကလေးဖြစ်နေသည်ကိုတော့ သူပြောနိုင်မည်မဟုတ်ပေ။

ဟန်ရွှယ့်ရှန်းက စကားလမ်းကြောင်း အမြန်လွှဲလိုက်သည်။ သူမသည် ရုတ်တရက် ပြဿနာတစ်ခုကို တွေးမိလိုက်၍ မျက်မှောင်ကြုတ်ကာ ပြောသည်။ "နင် ဘာလုပ်မှာလဲ။ ဆရာကျိုးကို ရှုံးရင် အေးခဲနှင်းပိုးကောင်ကို ဘယ်လိုမှ ရမှာမဟုတ်တော့ဘူးနော်။ ဘွားဘွားတောင် ဘာမှတတ်နိုင်မှာမဟုတ်ဘူး ... ပြီးတော့ ပိုးလောင်းနှစ်ကောင်ကို ပျိုးထောင်ဖို့က တစ်နှစ်ကြာမှာ။ မဟုတ်လို့ကတော့ ငါ နင့်ကို တစ်ကောင်ရအောင် ကူညီပေးပါတယ် ..... ငါကိုယ်တိုင်က ဘယ်လိုပျိုးထောင်ရမလဲမသိလို့ရယ်" သူမက ဆက်ပြောတော့မည့်အချိန် မန်ဟို့၏ရယ်ရခက် ငိုရခက်ဖြစ်နေသော မျက်နှာထားကို မြင်သွားလေသည်။

သူမမှာ စိတ်တိုသွားပြီး ခြေကလေးဆောင့်နင်းလိုက်သည်။ "ဟွန်း ထားလိုက်တော့" သူမကပြောသည်။ "နင်တောင် စိတ်မပူရင် ငါက ဘာလို့စိတ်ပူပေးနေရမှာလဲ"

သူမ၏သဘောထားမှာ မန်ဟို အရင်ကတစ်ခါမှ မကြုံဖူးသောအရာ ဖြစ်သည်။ ရှူချင်ရော၊ ချူယွီယန်ပါ သည်လောက်စိတ်လိုက်မာန်ပါ မလုပ်တတ်ပေ။ သူ့မှာ သူမကို မနှိုင်းယှဥ်မိဘဲ မနေတော့ပေ။

"ဘာကြည့်တာလဲ" သူမက သူ့ကို မျက်စောင်းထပ်ထိုးရင်း ပြောသည်။ သူမ၏နုနယ်သောနှလုံးသားလေးမှာ တဒိတ်ဒိတ်ခုန်လာလေပြီ။ သူမမှာ သတိမထားမိဘဲ ခါးကိုမတ်ပြီး ရန်လုပ်တော့မည့်ဟန် ဖမ်းလိုက်သည်။

"မင်းကို ကြည့်နေတာလေ အလှလေးရဲ့" မန်ဟိုက မျက်စိတစ်မှိတ် ပြရင်း ခပ်ဟဟရယ်ကာ ပြောသည်။

"နင်....." သူမမျက်နှာလေး ရုတ်ခြည်း နီရဲသွားပြီး နှလုံးသားလေးမှာ ဘင်ခရာတီးနေချေပြီ။  သူမသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပြီးနောက် ဒေါနှင့်မောနှင့်ပြောသည်။ " နင်... နင်ငါ့ကို လာကြောင်နေတာပဲ"

မန်ဟိုက ခေါင်းတဗြင်းဗြင်း ကုတ်နေပြီး ပို၍ပြုံးဖြီးလာသည်။ ဤမိန်းကလေးကို နောက်ရသည်က အပျင်းပြေစရာကောင်းလေသည်။ သူက လည်ချောင်းရှင်းပြီး တစ်ခုခုပြောရန်ပြင်လိုက်စဥ် ဟန်ရွှယ့်ရှန်းက လေးနက်သောလေသံဖြင့် ထပ်ပြော၏။ "ဘွားဘွားပြောဖူးတယ်.... မျိုးနွယ်စုစည်းမျဥ်းတွေအရ အေးခဲနှင်းမျိုးနွယ်ဝင်တစ်ယောက်ကို လာကြောင်တဲ့ ဘယ်သူမဆို ရေခဲရုပ်တုပြောင်းသွားလိမ့်မယ်တဲ့။ တစ်ခုတည်းသော တခြားရွေးချယ်စရာက နင် ငါ့ကို ချစ်ကြောင်း ဝန်ခံဖို့ပဲ"

မန်ဟို ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူ့အတွက် ထိုမျှရယ်စရာကောင်းသော စည်းမျဥ်းအား ပထမဆုံးအကြိမ်ကြားဖူးခြင်းပင်။

"မှတ်ထားနော်" ဟန်ရွှယ့်ရှန်းက ပြောသည်။ "နင် ဝန်ခံဖို့လိုတယ်" မန်ဟို့ကို စိုက်ကြည့်နေသည့် သူမ၏မျက်ဝန်းလေးများတွက် ဉာဏ်နီဉာဏ်နက်များ ပြည့်နှက်နေချေသည်။ သူမက လက်ကလေးအုပ်၍ပြုံးရင်း ချာခနဲလှည့်ကာ လမ်းလျှောက်ထွက်သွား၏။ သူမ၏ ခြေတံသွယ်သွယ်လေး၊ သေးသွယ်သောခါးလေးနှင့် ယိမ်းနွဲ့လှုပ်ရှားနေသော တင်ပါးလေးသည် သူမ၏နုနယ်ပျိုမျစ်မှုကို ပေါ်လွင်စေပြီး စိတ်ဆိုးမာန်ဆိုး လမ်းလျှောက်ထွက်သွားသည့်ပုံစံလေးက ဆွဲဆောင်ရှိနေစေသည်။

မန်ဟိုက တစ်ယောက်တည်း ရယ်နေရင်း သူမထွက်သွားသည်ကို ကြည့်နေသည်။ ထို့နောက် သူသည် ကျိုးဒယ်ခွန်၏ နာမည်ရေးထားသည့် ဖိတ်စာကို ငုံ့ကြည့်လိုက်၏။ သူ၏အပြုံးမှာ ပို၍ပင် တောက်ပသွားလေသည်။

"သိပ်ကောင်းတယ်... နောက်သုံးရက်နေရင် ဒီမဟာအကြီးအကဲကျိုးနဲ့ တွေ့ရမယ်ဆိုတော့.... အနက်ရောင်နယ်မြေမှာ နေနေတဲ့အတောအတွင်း ဒီလူ့ရဲ့ဆေးဝါးတာအို တိုးတက်လာမလား ကြည့်ရသေးတာပေါ့" သူသည် ဖိတ်စာကို သိမ်းပြီးနောက် မျက်လုံးများပိတ်ကာ ကြာပန်းများ၏အလယ်တွင် တင်ပျဥ်ခွေထိုင်လိုက်သည်။ သူသည် ကြာပန်းပွင့်များ၏ ပုံသဏ္ဍာန်ကို ရှုမှတ်ပြီး အနှစ်သာရအား နားလည်ရန် ရှာဖွေနေလေသည်။

ဘီလူးကြီးက တခေါခေါဟောက်ရင်း အိပ်ပျော်နေ၏။ ဘေးတွင်တော့ သနားစရာ ဂုလာမှာ ၄င်းနိုးလာလျှင် ကျွေးဖို့ အသားများတုံးနေသည်။

အားကိုးရာမဲ့နေသော အမူအရာက သူ၏မျက်နှာကို ဖုံးလွှမ်းနေသည်။ သူ့မှာ အနောက်ပိုင်းသဲကန္တာရမှာတုန်းက ဘဝကိုလွမ်းပါသော်လည်း ဟန်ရွှယ့်ရှန်းနှင့် မန်ဟို့တို့ပြောနေသည့်စကားများကို ကြားပြီးနောက်တွင် ရုတ်တရက် မဟာအကြီးအကဲဆေးဒယ်အိုးကို တွေ့လိုစိတ်များ တဖွားဖွားဖြစ်ပေါ်လာတော့သည်။

"ငါ ကျွန်ဖြစ်ရမယ်ဆိုရင်" သူက တစ်ယောက်တည်း တွေးနေသည်။ "တောင်ပိုင်းဒေသက ဆေးဝါးတာအိုရွေးချယ်ခံတစ်ယောက်ယောက်ရဲ့ ကျွန်ဖြစ်ရမှာ။ အဲ့ဒါကမှ ငါ့လိုလူမျိုးအတွက် အံခွင်ဝင်ကျဖြစ်တာ။ ဂုလာရေ ဂုလာရဲ့ .... အမလေးသနားစရာကောင်းလိုက်တဲ့ဂုလာ ....."

အချိန်များကုန်ဆုံးသွားပြီး မကြာခင် သုံးရက်ပြည့်သွားလေပြီ။ ဟန်ရွှယ့်ရှန်းသည် ထိုသုံးရက်အတောအတွင်း နှစ်ကြိမ်လာရောက်ခဲ့သော်လည်း မန်ဟို့၏ အေးဆေးတည်ငြိမ်သောပုံစံကို မြင်လိုက်တိုင်း စိတ်ဆိုးလေသည်။ ပြိုင်ပွဲစမည့်နေ့ သုံးရက်မြောက်နေ့တွင် သူမ နောက်ဆုံးအကြိမ် လာရောက်၏။ သူမက ဆူပုပ်ပုပ်နှင့်လျှောက်လာပြီး ကျောက်စိမ်းပြားတစ်ပြားပေးကာ စကားတစ်ခွန်းမှမပြောဘဲ ပြန်သွားသည်။

ကျောက်စိမ်းပြားတွင် ရိုးရှင်းသော ဆေးဖော်စပ်နည်းတစ်နည်းပါရှိ၏။ ဆေးဖော်စပ်နည်းအတွင်း၌ ကျိုးဒယ်ခွန်၏ ဆေးဝါးတာအိုကို မန်ဟို အာရုံရလိုက်သည်။ ဟန်ရွှယ့်ရှန်း ၄င်းအား မည်သို့ရရှိခဲ့ကြောင်း မပြောတတ်သော်လည်း သူ မရှုမလှ မရှုံးနိမ့်အောင် လေ့လာစေချင်၍ လာပေးခြင်းဖြစ်ကြောင်း သိသာသည်။

"တကယ် စိတ်ထားကောင်းတဲ့ မိန်းကလေးပဲ" သူက ရယ်ရင်း တွေးလိုက်သည်။ သူသည် ကျောက်စိမ်းပြားကို ခဏလေ့လာပြီးနောက် ပြာချကာ ဘီလူးရိုင်းကြီး၏ခေါင်းအပေါ် ပျံတက်လိုက်သည်။ "ကဲ သွားစို့။ ဘယ်သူသိမလဲ ငါ ကျိိုးဒယ်ခွန်ကို အကြံပေးရင် ပေးရလောက်တယ်ဆိုတာ။ အဲ့ဒီလူ ဆေးဝါးတာအိုအသိ ဘယ်လောက်တိုးတက်လာလဲအပေါ် မူတည်တယ်" သူ ခေါင်းခါရမ်းနေစဥ် ဘီလူးရိုင်းကြီး၏မျက်လုံးများ ပွင့်လာ၏။ ၄င်းသည် အတန်ငယ် ကြောင်တောင်တောင်ဖြစ်နေသော ပုံစံဖြင့် ထရပ်လိုက်သည်။ ၄င်း၏ ၉၉ မီတာအမြင့်သည် ၄င်းကို တောင်ပုလေးတစ်လုံးနှင့် တူစေသည်။ ၄င်းက အသံကျယ်ကြီးဖြင့် ဟိန်းဟောက်ပြီး အသားကြီးတစ်တုံး လှမ်းဆွဲကာ ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။

"အသား..... အသား...... " ၄င်းက မပီမသ ရွတ်သည်။ ထို့နောက် ခြေလှမ်းကြဲကြီးများဖြင့် ခြံဝင်းအပြင်သို့ လျှောက်ထွက်သွားတော့သည်။

ခေါင်းလောင်းသံများက သန့်စင်နှင်းမြို့တော်အတွင်းမှ ပျံ့လွင့်လာသည်။ ခေါင်းလောင်းသံကြားသည်နှင့် အနီးအနားရှိ ကျင့်ကြံသူများသည် ယနေ့က ရုတ်တရက် ကျိုးဒယ်ခွန် ဆေးဖော်စပ်ရန် ချိန်းဆိုထားသည့်နေ့ဖြစ်ကြောင်း ရုတ်တရက် သတိရလိုက်ကြသည်။ ချက်ချင်းပင် အားလုံး စိတ်လှုပ်ရှားလာကြ၏။

ပြီးခဲ့သည့်ရက်ပိုင်းက သန့်စင်နှင်းမြို့တော်သည် အနက်ရောင်နယ်မြေနန်းတော်၏ ကျူးကျော်မှုအား ခုခံနိုင်စွမ်းတိုးမြှင့်နိုင်ရန်အတွက် ကျင့်စဥ်များ၊ မှော်ပစ္စည်းများနှင့် ပညာရပ်အမြောက်အမြား ထုတ်ပေးခဲ့လေသည်။

ထိုကဲ့သောပစ္စည်းများမှာ တိုက်ပွဲဝင်ရမှတ်အပေါ်အခြေခံ၍ ထုတ်ယူနိုင်ခြင်း ဖြစ်သည်။ ကိုးပြည်ထောင်စု၏ သြဇာအာဏာရှိသော မျိုးနွယ်စုဖြစ်ခဲ့ဖူးသည့် ယခင်အဆင့်အတန်းကြောင့် အေးခဲနှင်းမျိုးနွယ်စုတွင် ထိုကဲ့သို့ ပစ္စည်းအမြောက်အမြား ရှိလေသည်။

ကျိုးဒယ်ခွန်က တိုက်ပွဲဝင်ရမှတ်များအပေါ် အခြေခံ၍ လူဆယ်ယောက်အတွက် ဆေးဖော်စပ်ပေးမည်ကို လူတိုင်းသိကြသည်။ ထိုသတင်းက အတော်လေးပွက်လောရိုက်စေခဲ့သည် မဟုတ်ပါလော။ ယခုတွင် ခေါင်းလောင်းသံများ တချွင်ချွင်မြည်နေစဥ် ကျင့်ကြံသူများသည် မြို့၏အရှေ့ပိုင်းတွင်ရှိသော အေးခဲနှင်းရင်ပြင်ထံသို့ အစုလိုက်အပြုံလိုက် သွားနေကြ၏။

မန်ဟိုနှင့် ဘီလူးရိုင်းကြီးပေါ်လာသောအခါ သူ့မှာ ထင်းခနဲမြင်သာနေသည်။ ခပ်လှမ်းလှမ်းက လူအများပင်လျှင် ဘီလူးရိုင်းကြီး၏ ကြီးမားသောကိုယ်ထည်ကို မြင်နိုင်ချေသည်။

ဘီလူးရိုင်းကြီး အမြင့်ဆုံးအရှိန်ဖြင့် ရှေ့သို့ပြေးလာနေစဥ် တီးတိုးပြောသံများ ထွက်လာ၏။ ဘီလူးရိုင်းကြီးမှာ ပျံစရာမလို၊ ၄င်းတစ်ခါခုန်လိုက်ရုံနှင့် မီတာရာပေါင်းများစွာ ရောက်လေသည်။

မန်ဟိုက ဘီလူးရိုင်းကြီး၏ခေါင်းအပေါ်တွင် တင်ပျဥ်ခွေထိုင်နေသည်။ နှင်းပွင့်ချပ်လေးများသည် အေးစက်သောလေ၏ သယ်ယူရာသို့ လိုက်ပါရင်း ကခုန်နေကြလေသည်။ သူသည် ကြည့်ရှုနေသူများအား ဂရုစိုက်ခြင်းမရှိဘဲ မျက်လုံးမှိတ်လျက် ဘီလူးရိုင်းကြီးထံသို့ ညွှန်ကြားချက်များအား တိတ်ဆိတ်စွာ ပေးပို့နေသည်။

အသက်ဆယ်ရှိုက်ကြာသော် သူက မျက်လုံးဖွင့်ကြည့်ရာတွင် မြို့ကို ဖြတ်၍စီးဆင်းနေသည့် ရေခဲမြစ်တစ်စင်းအပေါ်မှ ဘီလူးရိုင်းကြီး ခုန်ကျော်လိုက်သည်ကို တွေ့လိုက်သည်။ ထို့နောက် သူတို့ အေးခဲနှင်းရင်ပြင်သို့ ရောက်ရှိသွား၏။

ရင်ပြင်မှာ ဝိုင်းဖွဲ့၍ ထိုင်နေကြသော ကျင့်ကြံသူရာပေါင်းများစွာဖြင့် ပြည့်ကြပ်နေသည်။ ဘီလူးရိုင်းကြီးကို မြင်လိုက်သည်နှင့် သူတို့မှာ ကမန်းကတန်း လမ်းဖယ်ပေးလိုက်ကြသည်။ မည်သူမဆို ပြေးလာနေသော ဘီလူးရိုင်းကြီးကိုမြင်သည်နှင့် နှစ်ခါတွေးစရာမလိုဘဲ ရှောင်ပေးမိရက်သားဖြစ်မှာ သေချာလေသည်။

ရင်ပြင်၏အလယ်ဗဟိုကား ရှင်းလင်းနေ၏။ သန့်စင်နှင်းမြို့တော်ရှိ ကျိုးဒယ်ခွန်၏အဆင့်အတန်းအရ သူအနေဖြင့် သေချာပေါက် ထိုင်စောင့်နေမည်မဟုတ်ပေ။

ဘီလူးရိုင်းကြီး ရင်ပြင်ဆီသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် မန်ဟို့၏ခန္ဓာကိုယ်က ရိပ်ခနဲ ဖြစ်သွားသည်။ ပတ်ပတ်လည်ရှိ ကျင့်ကြသူရာချီ၏ မျက်စိရှေ့တည့်တည့်တွင် သူသည် တည်ကြည်လေးနက်သောအမူအရာဖြင့် သူတို့အပေါ်မှ ကျော်ဖြတ်သွား၏။ အပ်ကျသံမကြားရအောင် တိတ်ဆိတ်နေသည့် အခိုက်အတန့်တွင် သူက ရင်ပြင်၏အလယ်သို့ ခြေချလိုက်သည်။

နေ့လည်ခင်းဖြစ်သော်လည်း နှင်းတို့က ကောင်းကင်မှ လွင့်မျောကျလာပြီး ကြည့်ရှုနေသူများ၏အဝတ်များ၊ ဆံပင်များအပေါ် သက်ဆင်းနေသည်။ မန်ဟိုက သူတို့ကို တည်ငြိမ်စွာ ကြည့်ရင်း စောင့်နေ၏။

"ဒီတော့ သူက အေးခဲနှင်းပိုးကောင်လိုချင်လို့ အပြန်အလှန်အနေနဲ့ အဆိပ်ဆေးလုံးဖော်စပ်ပေးမယ့် အဆ်ိပ်ပညာရှင်ပေါ့"

"အဲ့ဒီလူသာ တခြားမြို့မှာဆိုရင် အတော်လေး အထင်ကြီးစရာ ကောင်းလောက်ပေမယ့်...ကံဆိုးစွာနဲ့ ဒီမြို့မှာ မဟာအကြီးအကဲကျိုးဒယ်ခွန် ရှိနေတယ်"

"တိုက်ပွဲဖြစ်တဲ့နေ့တုန်းက မဟာအကြီးအကဲကျိုးက ဆေးဖော်စပ်တဲ့နေရာမှာ အရေးကြီးတဲ့ အခိုက်အတန့်ရောက်နေလို့ ဝင်မပါနိုင်ခဲ့ဘူး။ ဒါကြောင့်မလို့ ဒီလူ့လိုမျိုး သူ့ရဲ့အဆိပ်စွမ်းရည်ကို ပြဖို့ အခွင့်မရလိုက်တာ"

ကြည့်ရှုနေသူများ တီးတိုးပြောနေပြီး မကြာခင်မှာပင် ရောင်စုံအလင်းတန်းလေးတန်းပေါ်လာ၏။ အေးခဲနှင်းမျိုးနွယ်ဝင်များနှင့်အတူ လူလေးယောက် ရင်ပြင်သို့ ရောက်လာသည်။

တစ်ယောက်က မန်ဟို့ကို စိတ်ပူစွာဖြင့် လှမ်းကြည့်နေသော ဟန်ရွှယ့်ရှန်းပင်။

လူလေးယောက်မှာတော့ အေးခဲနှင်းမျိုးနွယ်စု၏ အကြီးအကဲလေးဦးမှတစ်ပါး အခြားမဟုတ်ပေ။ အကြီးအကဲတစ်သည် လူပုလေးသဖွယ် ရပ်နေပါသော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံမှ ထုတ်လွှတ်နေသော စွမ်းအားက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို ဖိနှိပ်နေပုံရသည်။ သူတို့က သူ့ကို လေးစားစွာ ကြည့်လိုက်ကြသည်။

အကြီးအကဲနှစ်နှင့် အကြီးအကဲလေးအပြင် အကြီးအကဲသုံးဖြစ်သော အဘွားအိုတို့အားလုံး အနုသုခုမရုပ်ခန္ဓာအဆင့်ပညာရှင်များဖြစ်ကြသည်။ သူတို့ရောက်ရှိလာမှုက လူတိုင်းကို ချက်ချင်း ပါးစပ်ပိတ်သွားစေ၏။

မန်ဟို့၏အမူအရာမှာ ယခင်အတိုင်းသာ။ အကြီးအကဲများရောက်ပြီး အသက်ငါးရှိုက်ခန့်ကြာသော် ကျိုးဒယ်ခွန်ပေါ်လာသည်။ သူက လှပသော မိန်းမငယ်လေးနှစ်ယောက်ခြံရံလျက် မာနခေါက်ခိုက်နေသောဟန်ဖြင့် ရင်ပြင်အတွင်းသို့ လျှောက်လာလေသည်။

စုဝေးရောက်ရှိနေကြသော ကျင့်ကြံသူအားလုံး သူ့ကို လေးစားသောမျက်ဝန်းများဖြင့် ကြည့်ပြီး ပြုံး၍ တညီတညွတ်တည်းး လက်ယှက်အရိုအသေးပေးလိုက်ကြသည်။

"ဂါဝရပြုပါတယ် မဟာအကြီးအကဲကျိုး"

"ထောက်ပံ့ပေးတဲ့ ဆေးရည်အတွက် ကျေးဇူးအများကြီးတင်ပါတယ် မဟာအကြီးအကဲကျိုး။ ကျွန်တော် ကျင့်ကြံခြင်းအခြေခံ အဆင့်တက်နိုင်ခဲ့ပါတယ်။ အကြီးအကဲလိုတာမှန်သမျှ ကျွန်တော်ဖြည့်ဆည်ပေးဖို့ အသင့်ပါပဲ"

"ဟားဟားဟား မတွေ့ရတာ ရက်ပိုင်းပဲရှိသေးတယ် မဟာအကြီးအကဲကျိုးကတော့ ပိုပြီးခန့်ညားလာတာပဲ"

ဤကဲ့သို့စကားလုံးများက ကျိုးဒယ်ခွန်းကို ဂုဏ်ယူစွာ ပြုံးနေစေ၏။ သူသည် ရင်ပြင်ထဲ ဝင်ရောက်ပြီးနောက် အကြီးအကဲလေးဦးကို နှုတ်ဆက်ကာ မန်ဟို့ကို မတူမတန်သလို လှမ်းကြည့်သည်။

"နာမည်က ဘာလဲ" သူက ဆေးဝါးတာအို၏ စီနီယာကြီးပမာ ဟိတ်ဟန်အပြည့်နှင့် မေးသည်။

"ဖန်မု" မန်ဟိုက ချောင်းဟန့်ရင်း ပြန်ဖြေသည်။ မန်ဟို့မှာ ကျိုးဒယ်ခွန်ကို ကြည့်ပြီး သက်ပြင်းမချမိဘဲ မနေပေ။ သူ့မှာ ထိုလူ့အတွက် အတော်လေးစိတ်ပူနေခဲ့ရသော်လည်း သူကတော့ ဟန်ကျနေလေသည်။

ဖန်မုဆိုသော နာမည်ကိုကြားသည်နှင့် ကျိုးဒယ်ခွန် မျက်လုံးပြူးသွား၏။

***

All Chapters