ကျိုးဒယ်ခွန်၏ ရတနာဆေးလုံး
Vol. 26 Ch. 360
ကျိုးဒယ်ခွန်တစ်ယောက်သာ အံ့သြနေခြင်းမဟုတ်။ ဟန်ရွှယ့်ရှန်းလည်း မန်ဟို့ကို မျက်လုံးကလေးပြူးလျက် စိတ်ဆိုးစွာ ကြည့်နေသည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ တခဏ ဆွံ့အသွားကြ၏။ သို့သော် သူတို့အားလုံး ဝါးခနဲ ရယ်လိုက်ကြသည်။
"ဖန်မုတဲ့လား .... တောင်ပိုင်းဒေသက အထင်ကရ မဟာအကြီးအကဲဆေးဒယ်အိုးအကြောင်း ပြောနေတာလို့ မပြောစမ်းပါနဲ့"
"အူတက်ဟယ် ။ ဒီလူ မဟာအကြီးအကဲကျိုးကို စော်ကားနေတာပဲ"
"အလာသားပဲဟ အစွမ်းအစလည်းရှိလောက်တယ်။ မဟာအကြီးအကဲကျိုးနဲ့မှ တိုးတာ သနားစရာပဲ"
ရယ်သံများ ဆက်လက်ပျံ့လွင့်နေစဥ် မဟာအကြီးအကဲကျိုးက မျက်မှောင်ကြုတ်ပြီး နှာမှုတ်လိုက်သည်။
"အသိဉာဏ်မရှိတဲ့ ငမိုက်သား" ကျိုးဒယ်ခွန်က အင်္ကျီလက်စကို ခါရင်း ပြောသည်။ "မင်း ဖန်မုရဲ့ နာမည်ကို ပြောရဲတာ ယုံတောင်မယုံနိုင်ဘူး။ သူက ငါ့ရဲ့ညီ မဟာအကြီးအကဲဆေးဒယ်အိုးကွ" ဘဝင်မြင့်နေသောအရိပ်ယောင်က သူ၏မျက်ဝန်းများတွင် ထင်ဟပ်နေသည်။ သူ့အတွက် မဟာအကြီးအကဲဆေးဒယ်အိုး၏ အစ်ကိုကြီးဆိုသော အဆင့်အတန်းက အလွန်မြင့်မားသည်ဟု ခံစားနေရကြောင်း သိသာသည်။ "အစကတော့ မင်းကို ဆေးဝါးတာအိုအကြောင်း တစ်ခုနှစ်ခုလောက် သင်ပေးဖို့ပဲ လုပ်ထားတာ။ ဒါပေမဲ့ အခုတော့ ဆေးဝါးတာအိုရဲ့ ကြီးကျယ်ခမ်းနားမှုက ပေါ့တိပေါ့ပျက် ပြောစရာမဟုတ်ဘူးဆိုတာ မင်းသိအောင် ကူညီပေးမယ်" သူက ထိုသို့ပြောပြီး လက်မြှောက်လိုက်ရာ ပုလင်းအသေးလေးတစ်လုံး ပေါ်လာသည်။
"ဒီပုလင်းထဲမှာ မင်း ဟိုတစ်နေ့က သုံးခဲ့တဲ့ အဆိပ်သွေးပါတယ်" သူက အထက်စီးဆန်သောလေသံဖြင့် ဆက်ပြောသည်။ "ငါ ဒါကို ခွဲခြမ်းစိတ်ဖြာပြီးတာကြာပြီ။ ဒါက ပြင်းတဲ့ပုံပေါ်ပေမယ့် တကယ်တော့ ဘာမှမဟုတ်ဘူး" ထို့နောက် ပုလင်းကို မန်ဟို့ဆီ ပစ်ပေးလိုက်သည်။
"ငါ မင်းကို သင်ပေးမယ့် ပထမဆုံးသင်ခန်းစာက အဲ့ဒီပုလင်းထဲမှာရှိတဲ့ အဆိပ်နဲ့သက်ဆိုင်တယ်။ မင်း...." သူစကားပင်ပြော၍ မဆုံးသေး၊ မျက်လုံးများပြူးထွက်သွားသည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးလည်း မန်ဟို့ကို မမှိတ်မသုန်ကြည့်ရင်း တိတ်ဆိတ်နေကြသည်။ အကြီးအကဲလေးဦးပင်လျှင် သူ့ကို မျက်တောင်မခတ်ဘဲ ကြည့်နေကြ၏။
ဤသို့ဖြစ်သွားရခြင်း၏ အကြောင်းရင်းကား မန်ဟို ပုလင်းကို ဖမ်းလိုက်သည့်အခိုက်အတန့်၌ ၄င်းမှာ ကွဲကြေသွား၍ပင်။ အော်ဂလီဆန်ဖွယ် အနက်ရောင်အရည်များနှင့်အတူ မြူတိမ်တစ်ခု ထွက်ပေါ်လာသည်။ မြူတိမ်က မန်ဟို့၏ လက်အပေါ်တွင် ဝဲနေ၏။
အချိန်အနည်းငယ်ကြာသော် မီးတောက်တစ်ခု သူ၏လက်ဖဝါးတွင် ပေါ်ပေါက်လာပြီး အနက်ရောင်မြူများကို ချက်ချင်း လွင့်စင်ပျောက်ကွယ်သွားစေသည်။ အရည်တို့က လူးလွန့်လာပြီး အသက်နှစ်ရှိုက်ခန့်ကြာသော် ဆေးလုံးတစ်လုံးအဖြစ် ပြောင်းသွား၏။ စောင့်ကြည့်နေသူတိုင်း ဖြစ်စဥ်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။
အနက်ရောင်ဆေးလုံးက ရုတ်တရက် အနီရောင်ချီမျှင်များကို စတင်ထုတ်လွှတ်ကာ ဆေးလုံး၏အရောင်ကား ခရမ်းရောင်ပြောင်းသွား၏။ ၄င်းသည် အော်လီဆန်ဖွယ်မကောင်းတော့ဘဲ ၄င်းထံမှာ ပျံ့လွင့်လာသော ရနံ့သည် သင်းပျံနေရာ ရှူလိုက်သည့် လူတိုင်းကို လန်းဆန်းသွားစေသည်။
"အရည်မှအခဲပြောင်း ဖော်စပ်နည်း" ကျိုးဒယ်ခွန် ရင်တဒိန်းဒိန်းခုန်လာသည်။ သူ့မှာ အံ့အားသင့်သွားသော်လည်း ခေါင်းထဲတွင် ရှာကြံအကြောင်းပြနေသည်။ "ဒါက လှည့်ကွက်တစ်ခုခုဖြစ်ရမယ်။ ဒီလူက ငယ်သေးလွန်းတယ်။ အရည်မှအခဲပြောင်းဖော်စပ်နည်းဆိုတာ ခရမ်းရောင်းဆေးပေါင်းဖိုဘုရင်တွေပဲ လုပ်နိုင်တာ"
မန်ဟိုက အတန်ငယ်ရှက်ရွံနေဟန်ဖြင့် ချောင်းဟန့်လိုက်သည်။ တကယ်တော့ သူ့တွင် ကျိုးဒယ်ခွန်အပေါ် ပြဿနာရှာလိုစိတ် မရှိပေ။ ဤနေရာတွင် တွေ့ရသည်ကိုပင် ဝမ်းသာသေး၏။ အရည်မှအခဲပြောင်းဖော်စပ်နည်း ဆိုသည်မှာ အံသြစရာမဟုတ်ပေ။ ၄င်းသည် ဆေးဝါးပညာရှင်များ အချင်းချင်းနှုတ်ဆက်သည့် နည်းလမ်းသာဖြစ်သည်။ ကံဆိုးစွာနှင့် ကျီမျိုးနွယ်စုကိစ္စအပြင် အခြေအနေများ မည်သို့ဖြစ်ပျက်နေသည်လဲ သေချာမသိ၍ မန်ဟို့အနေဖြင့် ကျိုးဒယ်ခွန်နှင့် ပွင့်ပွင့်လင်းလင်း မပတ်သက်လိုပေ။
"ဆေးဝါးပညာရှင်တစ်ယောက်အနေနဲ့ မင်းရဲ့ အရည်မရအဖတ်မရ စတန့်ထွင်ပြနေတာတွေကို ငါ မရှုံ့ချချင်ဘူး" ကျိုးဒယ်ခွန်၏လေသံမှာ မဟာအကြီးအကဲတစ်ယောက်အသံပေါက်နေသည်။ သူက ဆိုဆုံးမနေသော အသံနေအသံထားဖြင့် ဆက်ပြော၏။ "ဒါပေမဲ့ အဆိပ်ရည်ပြောင်းဖို့အတွက် အဲ့ဒီဆေးလုံးထဲကို စိမ့်ဝင်အောင်လုပ်ခဲ့ရတဲ့ ဆေးပင်ပမာဏက နည်းနည်းနောနောမဟုတ်ဘူး။ မင်းက ရာရာစစ အဲ့ဒီအဆိပ်ရည်တွေကို ဆေးလုံးပြောင်းပစ်ရဲတယ်ပေါ့လေ။ လောလောဆယ်မှာ မင်းရဲ့ဆေးဝါးတာအိုကို လျစ်လျူ ရှုထားလို့ရပေမယ့် ဒီလိုလှည့်ကွက်တွေကတော့ လက်မခံနိုင်စရာပဲ" အကြီးအကဲလေးဦးအပါအဝင် ကြည့်ရှုနေသူများမှာ ရုတ်တရက်ကြီး စောစောကလောက် မအံ့သြတော့ပေ။ သူတို့က ကျိုးဒယ်ခွန်ကို အလွန်တရာယုံကြည်အားကိုးထားသည် မဟုတ်ပါလော။
ကျိုးဒယ်ခွန်မှာ တကယ်တော့ စိတ်ထဲတွင် အတော်လေးသတိထားနေ၏။ သို့သော် ဤနေရာမှာ အနက်ရောင်နယ်မြေဖြစ်ပြီး သူက အရှေ့ဆေးဝါးအဖွဲ့၏ ဆေးပေါင်းဖိုဘုရင်ဖြစ်သည်။ ထို့ကြောင့် သူသည် စောစောက ဆေးလုံးအဖြစ် ခဲသွားစေရန် အသုံးပြုခဲ့သည်မှာ လှည့်ကွက်ဖြစ်ကြောင်း အယုံသွင်းနိုင်လိုက်လေသည်။
"လာခဲ့" သူက အံကြိတ်ပြီး ပြောသည်။ "ငါ့အတွက် ဆေးလုံးတစ်လုံး ဖော်ပေး။ မင့် ရှိသမျှ အစွမ်းအစတွေအကုန်ထုတ်သုံး" သူ၏လေသံက မောက်မာနေသော်လည်း စိတ်ထဲတွင်တော့ ဤအခွင့်အရေးကို အသုံးချ၍ ပြိုင်ဘက်၏ အရည်အချင်းအစစ်အမှန်ကို အကဲခတ်ရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။
မန်ဟိုက ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။ သူသည် ကျိုးဒယ်ခွန်ကို ကြည့်၍ ခေါင်းခါရင်း သိုလှောင်အိတ်ကိုပုတ်ကာ သာမန်ဆေးပေါင်းဖိုတစ်လုံး ထုတ်လိုက်သည်။ ထို့နောက် ဆေးပင်များထုတ်ပြီး ဆေးပေါင်းဖိုထဲ ပစ်ထည့်လိုက်၏။ အချိန်အနည်းငယ်ကြာသော် အစိမ်းရောင်ဆေးလုံးတစ်လုံး ထွက်လာသည်။ ဆေးရနံ့က ပြင်းရှရှဖြစ်ပြီး သာမန်ဆေးလုံးတစ်လုံးနှင့်သာ တူပါသော်လည်း ပရိသတ်အား အံ့သြစေနိုင်သည်အထိတော့ လုံလောက်လေသည်။
သို့သော် ဆေးလုံးပေါ်လာသည့်အချိန်တွင် ကြည့်ရှုနေသူများမှာ နည်းနည်းလေးမှ အံ့သြသွားပုံမရပေ။ တချို့ဆို လှောင်သလိုပင် ရယ်နေသေး၏။ အကြီးအကဲလေးဦး မျက်မှောင်ကြုတ်သွားပြီး အဘွားအိုမှာသက်ပြင်းချပြီး ခေါင်းခါလိုက်လေသည်။
ဟန်ရွှယ့်ရှန်းလည်း ခေါင်းခါလိုက်ပြီးနောက် သူ့အား ရှုံးနိမ့်သွားပြီဖြစ်၍ နှစ်သိမ့်ပေးရန် ကြိုးစားနေသကဲ့သို့ ကြည့်နေသည်။
မန်ဟို ပါးစပ်အဟောင်းသားဖြစ်သွား၏။ တစ်ခုခုတော့ လွဲနေချေပြီ။ အစိမ်းရောင်ဆေးလုံးသည် သာမန်သာ ဖြစ်ပုံရသော်လည်း ပြင်းရှသောဆေးရနံ့ကို ထုတ်လွှတ်နေသည့်အပြင် ချီအခြေတည်အဆင့်အတွက် ဆေးစွမ်းအား (၈၀) ရာခိုင်နှုန်းပါဝင်နေလေသည်။
"ဒါက မင့်ဆေးလုံးလား။ ကောင်းပြီလေ ငါ မင်းကို ခက်ခဲအောင် မလုပ်ချင်ပေမယ့် ဆေးလုံးစစ်စစ်က ဘာလဲဆိုတာ ပြပေးရလိမ့်မယ်" တကယ်တော့ ကျိုးဒယ်ခွန်မှာ ဇောချွေးပြန်နေလေပြီ။ မန်ဟို့၏ဆေးဝါးတာအိုက သူ၏ဆေးဝါးတာအိုထက်ပို၍ သာလွန်နေပြီး ဖြစ်သည်။ ထိုမျှသာမက မန်ဟိုဖန်တီးလိုက်သည့် ဆေးလုံးကား နယ်နယ်ရရ မဟုတ်ပေ။ အမှန်တွင် ဆေးလုံးကို မကိုင်ကြည့်သရွေ့ ကျိုးဒယ်ခွန်အနေဖြင့် ၄င်း၏အဆင့်ကို ဘယ်နည်းနှင့်မှ မပြောနိုင်သည်သာ။ သူက အေးဆေးတည်ငြိမ်နေသောဟန်ဖြင့် သိုလှောင်အိတ်ကိုပုတ်ကာ ဆေးပေါင်းဖိုတစ်လုံး ထုတ်လိုက်သည်။
ဤဆေးပေါင်းဖိုသည် ကျောက်စိမ်းဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ၄င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် စိတ်ဝိညာဥ်စွမ်းအင်အား ထုတ်လွှတ်ပေးနေသည်။ မန်ဟို့မှာ တအံ့တသြနှင့် ကြည့်လိုက်မိ၏။ သူသိထားသည့် ဆေးပေါင်းဖိုများအကြောင်းအပေါ်အခြေခံ၍ ၄င်းကို တစ်ချက်ကြည့်လိုက်ရုံနှင့် သာမန်မဟုတ်ကြောင်း အတပ်ပြောနိုင်သည်။
ကျောက်စိမ်းဆေးပေါင်းဖို၏ မျက်နှာပြင်အပေါ်တွင် မင်္ဂလာရှိသော တိရိစ္ဆာန်ရုပ်ပုံများအား ရေးဆွဲထားသည်။ ၄င်းတို့က သာမန်စုတ်ချက်များနှင့် မတူဘဲ အရုပ်များဖြစ်ဟန်တူပြီး အထူးလုပ်ဆောင်ချက်တချို့ ဆောင်ရွက်ပေးနိုင်ကြောင်း သိသာသည်။
ဆေးပေါင်းဖိုသည် တဖျပ်ဖျပ်လက်နေသော အနီရောင်ကျောက်တုံးတစ်တုံးနှင့်အတူ ပေါ်လာခဲ့ခြင်းဖြစ်၏။ ဆေးပေါင်းဖိုအား နေရာချပြီးသည့်နောက်တွင် ကျောက်တုံးထံမှ မီးတောက်များ တောက်လာသည်။ ထို့နောက် ကျိုးဒယ်ခွန်သည် ဆေးပင်များထုတ်၍ ပုံစံအမျိုးမျိုးဖြင့် ဓာတ်ကူပြီးနောက် ဆေးပေါင်းဖိုထဲ ပစ်ထည့်လိုက်သည်။
ဆေးပေါင်းဖို၏ အလင်းရောင်က ကျိုးဒယ်ခွန်ကို တန်ခိုးရှင်တစ်ယောက်သဖွယ် တောက်ပနေစေတော့သည်။ သူက မာနကြီးသော ဟန်ရှိပြီး သန့်စင်မွန်မြတ်သည့်အရိပ်အယောင်ပင် ထင်ဟပ်နေသည်။ သူ့ကို ကြည့်လိုက်သည့် မည်သူမဆို သူ၏ခမ်းနားမှုကို ချက်ချင်း လက်ခံမိသွားပေလိမ့်မည်။
ဤအခိုက်အတန့်တွင် သူကား တန်ခိုးရှင်တစ်ယောက်၏အရှိန်အဝါကို အမှန်တကယ် ထုတ်လွှတ်နေလေသည်။
"မဟာအကြီးအကဲကျိုးလို့ခေါ်ခံရတာ အံ့သြစရာမရှိဘူး ... တစ်ချက်လေးကြည့်လိုက်ရုံနဲ့ မဟာအကြီးအကဲဆိုတာ ပြောလို့ရတယ်"
"ဒါက ကျုပ်အတွက် အကြီးအကဲကျိုး ဆေးဖော်တာကို ကြည့်ခွင့်ရတဲ့ ဒုတိယအကြိမ်ပဲ။ အကြိမ်တိုင်း အံသြပြီး လေးစားမိတယ်"
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ လေးစားရိပ်သန်းနေသောမျက်ဝန်းများဖြင့် ဆွေးနွေးနေကြလေသည်။ အကြီးအကဲလေးဦးသည်လည်း ခေါင်းတညိတ်ညိတ်နှင့် နှစ်ထောင်းအားရစွာ ကြည့်နေကြ၏။
ထူးဆန်းသော အမူအရာတစ်ခု မန်ဟို့မျက်နှာပေါ်တွင် ပေါ်လာတော့သည်။ ကျိုးဒယ်ခွန် ဖော်စပ်နေသည့်ဆေးလုံးမှာ ထူးခြားပြီး ပို၍ပင်ထူးခြားသည်က ထိုလူ သူ၏ခန္ဓာကိုယ်ကို တောက်ပအောင် သုံးနေသော နည်းလမ်းဖြစ်သည်ကို တစ်ချက်ကြည့်ရုံနှင့် သူပြောနိုင်သည်။
"ဒီနေရာမှာ ရပ်တည်နေနိုင်တာ အံ့သြစရာမရှိပါဘူး" မန်ဟိုက တွေးလိုက်သည်။ "ဒီပညာရပ်က တကယ်အသုံးဝင်တယ်။ ငါ မှတ်မိတာ မှန်ရင် သူ တောင်ပိုင်းဒေသမှာတုန်းက အဲ့ဒီလိုမလုပ်နိုင်ခဲ့ဘူး။ ဒီနည်းလမ်းကို အနက်ရောင်နယ်မြေမှာ ရှာတွေ့ခဲတာဖြစ်ရမယ်"
စကားသံများ ပွက်လောရိုက်နေစဥ် ကျိုးဒယ်ခွန်သည် မျက်လုံးများ လင်းလက်တောက်နေလျက် ဆေးပေါင်းဖိုကို ပုတ်လိုက်သည်။ အဖြူရောင်ဆေးလုံးတစ်လုံးနှင့်အတူ စူးရှတောက်ပသောအလင်းတန်းများ ဖြာထွက်လာ၏။
ချက်ချင်းပင် သိပ်သည်းသော ဆေးအငွေ့အသက်များက အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ ၄င်းကို ရှူလိုက်သူတိုင်း အားအင်ပြည့်သွားပြီး ကျင့်ကြံခြင်းအခြေခံများ တလိပ်လိပ်တက်လာသည်ကို ခံစားလိုက်ရသည်။
စိတ်လှုပ်ရှားနေသော စကားသံများ ထွက်ပေါ်လာသည်။
"ကဲ ဒါကမှ ဆေးလုံးကွ။ ကျင့်ကြံခြင်းအခြေခံ အဆင့်တက်တာကို ခံစားရဖို့ ဆေးလုံးစားစရာတောင်မလိုဘူး။ အဲ့ဒီဆေးလုံးက မယုံနိုင်စရာပဲဗျိုး"
"ပြိုင်ဘက်ကင်းချက်ပဲဗျာ။ အရင်တစ်ခေါက်က မဟာအကြီးအကဲကျိုး ဖော်ခဲ့တဲ့ ဆေးလုံးအသုတ်ထက် ပိုစွမ်းနေသေးတယ်။ ဟားဟားဟား မဟာအကြီးအကဲကျိုးရဲ့ ဆေးဝါးတာအိုက အရင်ကထက်တောင် တိုးတက်လာပုံပဲ"
အကြီးအကဲများပင် ပြုံးပြီး ခေါင်းညိတ်နေကြသည်။ အဘွားအိုတော့ မပါပေ။
မန်ဟို့မှာ မိမိကိုယ်ကို နှစ်ထောင်းအားရဖြစ်နေသော ကျိုးဒယ်ခွန်ကို ကြည့်ရင်း ပါးစပ်အဟောင်းသားဖြစ်နေ၏။ အချိန်အတော်လေး ကြာပြီးနောက်တွင် သူက ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။ အားလုံး သူ့ကို အဘယ်ကြောင့် မအံ့သြသလို ကြည့်ခဲ့ကြသည်လဲ သူ သဘောပေါက်လိုက်လေပြီ။ ကျိုးဒယ်ခွန်း၏ဆေးလုံးများမှာ အမြဲထူးခြားခဲ့၏။ မည်သို့ဆိုစေ သူက ဆေးပေါင်းဖိုဘုရင် မဟုတ်ပါလော။ ထိုလူ ဆေးပေါင်းဖိုကို ပုတ်လိုက်သည့် နောက်ဆုံးလှုပ်ရှားမှုက တကယ်တော့ ဆေးလုံး၏အဆီအနှစ်ကို ပျံ့နှံ့စေခဲ့ခြင်းဖြစ်သည်။
ဆေးလုံးမှာ ပေါ်လာပြီးနောက်တွင် အားနည်းနေပြီး မူလဆေးစွမ်းအား၏ တစ်ဝက်ခန့်သာ ကျန်ရစ်ခဲ့သည်။ ကျန်တစ်ဝက်မှာ လေထဲသို့ ပျံလွင့်၍ အလဟဿဖြစ်နေလေသည်။
ဆေးအငွေ့အသက်များက လူတိုင်းကို အားအင်ပြည့်သွားစေသည့်အပြင် သူတို့၏ကျင့်ကြံခြင်းအခြေခံများ အနည်းငယ်အဆင့်တက်သွားသည်ကိုပင် ကြုံတွေ့စေခဲ့သည်။ ထိုအခြင်းအရာက သူတို့အတွက်တော့ ဤဆေးလုံးမှာ အဆင့်မြင့်ဆေးလုံးဖြစ်ကြောင်း ညွှန်ပြနေ၏။ အမှန်တွင် ယင်းက အနက်ရောင်နယ်မြေကျင့်ကြံသူများ ဆေးဝါးတာအိုအကြောင်း နားမလည်သော သက်သေပင်။
ရုတ်တရက် မန်ဟိုသည် ဆေးဝါးတာအိုကို နားမလည်သော လူအများနှင့်ဆက်ဆံရာ၌ အလိုက်အထိုက် ဆက်ဆံရမည်ကို သဘောပေါက်လိုက်၏။
ထိုမျှသာမက သူကိုယ်တိုင်လည်း သူ၏ဆေးဝါးတာအို အမှုမဲ့အမှတ်မဲ့ တိုးတက်ခဲ့သည်ကို သတိထားမိလိုက်သည်။ ယခုတွင် သူ၏ဆေးလုံးများမှာ ဟိတ်ဟန်မရှိဘဲ မှိန်ဖျော့နေပြီဖြစ်၏။ ၄င်းက သာမန်ကျင့်ကြံသူများ အသာထား၊ သာမန်ဆေးဝါးပညာရှင်ထက် သာလွန်သော အဆင့်တစ်ခုဖြစ်၏။
မန်ဟိုက အစိမ်းရောင်ဆေးလုံးကို သိမ်းပြီး ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူတို့၏စကားများကြောင့် ဝမ်းသာပီတိဂွမ်းဆီထိနေသော ကျိုးဒယ်ခွန်ကို ကြည့်လိုက်သည်။
ဤအခိုက်အတန့်တွင် အေးခဲနှင်းမျိုးနွယ်စုမှ အကြီးအကဲနှစ်၏အသံ ထွက်လာသည်။
"မဟာအကြီးအကဲကျိုး ဒီကိုယ့်ကိုယ်ကို ဖန်မုလို့ပြောနေတဲ့ လူနဲ့ ဆက်ပြီးစကားပြောစရာ အကြောင်းမရှိတော့ဘူး" သူက အေးစက်စွာပြောသည်။ "ဒီမရင့်ကျက်တဲ့ ကျင့်ကြံသူနဲ့ လုပ်ခဲ့တဲ့ သဘောတူညီချက်မှန်သမျှ ဖျက်သိမ်းတယ်" သူက မန်ဟို့ကိုကြည့်သည်။ "ဟန်ရွှယ့်ရှန်းကို ကယ်ပေးခဲ့တာထောက်ထားပြီး စောစောက မင်းရဲ့အပြုအမူတွေကို သက်ညှာပေးလိုက်မယ်" သူ၏စကားသံများ ပဲ့တင်နေစဥ်မှာပင် ရုတ်တရက် ခပ်စူးစူးရယ်သံကြီးတစ်သံက တစ်မြို့လုံး လွှမ်းခြုံသွားသည်။
"ဆိုတော့ ဒါက အေးခဲနှင်းမျိုးနွယ်စုရဲ့ ဆေးဝါးပညာရှင်ပေါ့လေ။ ဝိုး တော်လိုက်တဲ့ မဟာအကြီးအကဲ။ ဆေးလုံးမိစ္ဆာထက်တောင် သာသေးတယ်။ လူတိုင်း မင်းကို ရယ်နေတာကလွဲလို့ပေါ့"
ရောင်စုံအလင်းတန်းသုံးတန်း ကောင်းကင်တွင် ရုတ်တရက် ပေါ်လာပြီး အောက်သို့ထိုးဆင်းလာသဖြင့် လှိုင်းများရိုက်ခတ်လာသည်။
လူသုံးယောက်ပေါ်လာပြီး သူတို့ သန့်စင်နှင်းမြို့တော်၏ ခုခံရေးမန္တန်အစီအရင်ကို ထိုးဖောက်ဝင်ရောက်လာမည့်အချိန်မှာပင် ၄င်းက အလိုအလျောက် ပွင့်သွား၏။ ဤလူသုံးယောက်အား မြင်သောအခါ အကြီးအကဲလေးဦး၏မျက်နှာထားများ ပြောင်းလဲသွားသည်။
***