အကူအညီလေး တောင်းစရာရှိတယ်
Vol. 26 Ch. 361
အသံကြီး ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျိုးဒယ်ခွန်က ဆေးပေါင်းဖိုကို ခြေမြန်လက်မြန် သိမ်းလိုက်သည်။ ချဉ်းကပ်လာနေသော အရိပ်သုံးခုမှာ ၄င်းကိုသော်လည်းကောင်း၊ ဆေးလုံးများကိုသော်လည်းကောင်း ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။
ဤလူသုံးယောက် ချဉ်းကပ်လာနေခြင်းကအကြီးအကဲလေးဦးကို မျက်နှာပျက်သွားစေသည်။
သုံးယောက်ထဲက တစ်ယောက်သည် အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ထားပြီး ဖြူဆွတ်နေသောမျက်နှာပိုင်ရှင်ဖြစ်၏။ သူက သက်လတ်ပိုင်းအရွယ် ဖြစ်သော်လည်း ထောင်ထောင်မောင်းမောင်းရှိသည်။ သူ၏ရုပ်ရည်သည် ချောမောခံ့ညားပြီး ဖော်ရွေသောအပြုံးတစ်ခုက မျက်နှာပေါ်တွင် ဖြစ်ထွန်းနေသည်။ သို့ရာတွင် ထိုအပြုံးမှာ ကြည့်လေကြည့်လေ၊ ပိုပို၍အေးစက်လာယောင်ပင်။
ဤလူ့တွင် အရုပ်ချီအစား သင်းပျံ့ပျံ့ဆေးရနံ့တစ်ခုရှိနေ၏။
သူ ရင်ပြင်ထဲသို့ ခြေချ၍ ကျိုးဒယ်ခွန်နှင့် မန်ဟို့ကြား၌ ရပ်လိုက်စဉ်တွင် သူစောစောက ပြောလိုက်သည့် စကားမ်ားမွာ ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။
သူသည် မောက်မာသောဟန်ရှိပြီး သူ၏အဖြူရောင်ဝတ်ရုံမှာ တလက်လက်တောက်ပနေသော ဆေးပေါင်းဖိုပန်းချီများဖြင့် တန်ဆာဆင်ခြင်း ခံထားရသည်။ ယခုတွင် သူ၏မျက်နှာပေါ်၌ အထက်စီးဆန်သော အမူအရာတစ်ခုကို မြင်နိုင်လေသည်။
"ဒါက တောင်ပိုင်းဒေသရဲ့ ဆေးဝါးတာအိုပေါ့။ မှန်းချက်နဲ့ နှမ်းထွက်မကိုက်လိုက်တာ ကျုပ် ရန် အရှေ့ဘက်နယ်မြေကို စိတ်ပျက်လက်ပျက်နဲ့ ပြန်ရမှာ စိုးမိတယ်" ထိုလူက ခေါင်းခါလိုက်သည်။ အမှန်အားဖြင့် သူသည် ကျိုးဒယ်ခွန်နှင့် မန်ဟို ဆေးဖော်စပ်နေသည်ကို မမြင်ခဲ့ပေ။ လေထဲတွင် ကျန်ရှိနေသေးသော ဆေးရနံ့ကိုသာ အနံ့ရခဲ့ပြီး ကျိုးဒယ်ခွန် ဆေးပေါင်းဖိုအား သိမ်းလိုက်သည်ကိုသာ မြင်လိုက်ခြင်းဖြစ်၏။ ထိုအခြင်းအရာအားလုံးက သူ့ကို စိတ်ပျက်သွားစေသည်။
ကျိုးဒယ်ခွန်က အသစ်ရောက်ရှိလာသူ သုံးယောက်ကိုကြည့်ရင်း မျက်နှာပျက်နေသည်။ သက်လတ်ပိုင်းလူအပြင် မျက်လုံးများ လျှပ်စီးသဖွယ် လင်းလက်နေသော စိမ်းပုပ်ရောင်ဝတ်ရုံနှင့် အဘိုးကြီးတစ်ယောက်လည်း ရှိသည်။ သူ၏မျက်နှာထားက ခက်ထန်ပြီး မောက်မာနေ၏။ သူ၏ကျင့်ကြံခြင်းအခြေခံအရှိန်အဝါအရ အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့် ဖြစ်ကြောင်း သိသာလေသည်။
အေးခဲနှင်းမျိုးနွယ်စု၏ အကြီးအကဲလေးဦးပင်လျှင် ဤကဲ့သို့ ကျင့်ကြံခြင်းအခြေခံမျိုးအား မယှဉ်နိုင်ပေ။
သို့သော် ထိုလူ့အပေါ်က ချီသည် အခြားကျင့်ကြံသူများနှင့် အလွန်ကွဲပြားနေ၏။ ၄င်းက သိပ်သည်းပြီး အပြင်သို့ ပျံ့နှံ့မနေသော်လည်း မှောင်မိုက်နေသော ညသန်းခေါင်က အချက်ပြမီးပမာ ရှင်းလင်းစွာ မြင်သာနေသည်။
အဘိုးကြီး၏လက်ဖမိုးပေါ်တွင် အရုပ်ဆေးမင်ကြောင်တစ်ခုရှိ၏။ အခြားဆေးမင်ကြောင်များကိုမူ သူ၏ဝတ်ရုံက ဖုံးကွယ်ထားသည့်အတွက် မမြင်ရပေ။
ထိုလူသုံးယောက်ထဲက နောက်ဆုံးတစ်ယောက်မှာ လူငယ်တစ်ဦးဖြစ်သည်။ သူ၏ပုံပန်းသွင်ပြင်မှာ အသက်ကြီးသည့်ပုံမပေါ်သော်လည်း ရှေးဆန်သောအငွေ့အသက် ရှိနေသည်။ သူ၏ခန္ဓာကိုယ်သည် သာမန်ကျင့်ကြံသူတစ်ယောက်၏ အခိုးအငွေ့များနှင့်အတူ အရုပ်ချီကိုလည်း ထုတ်လွှတ်နေသည်။
အနက်ရောင်နယ်မြေများတွင် ဤလူငယ်နည်းတူ သာမန်ကျင့်စဉ်များကို အရုပ်ကျင့်စဉ်နှင့် ပေါင်းစည်းထားသော ကျင့်ကြံသူများစွာရှိသည်။ ယင်းက အံသြစရာ မဟုတ်သော်လည်း သူနှင့်ပတ်သက်၍ တစ်ခုခုက ထူးခြားနေလေသည်။
အေးခဲနှင်းမျိုးနွယ်စု အကြီးအကဲများက လူငယ်ကို မြင်သောအခါ မျက်နှာပျက်သွားကြသည်။ အထူးသဖြင့် အကြီးအကဲတစ်ပင်။ ဗျာများနေသောအမူအရာနှင့် မယုံနိုင်ဖြစ်နေမှုအား သူ၏မျက်နှာပေါ်တွင် မြင်နိုင်၏။
မန်ဟိုက ထိုသုံးယောက်ကို လှမ်းကြည့်ပြီးနောက် အကြည့်လွှဲလိုက်သည်။
အရှေ့ဘက်နယ်မြေမှ သက်လတ်ပိုင်းလူသည် စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါပြီး ထွက်ခွာတော့မည့်အချိန် ရုတ်တရက် ရပ်ပြီး ပြော၏။ "ဟင်" သူ၏မျက်လုံးများ တောက်ပသွားပြီး အံ့အားသင့်သွားသောအမူအရာက သူ၏မျက်နှာကို ဖုံးလွှမ်းသွားသည်။ "အဲ့ဒါ.... အဲ့ဒါက..... " သူက ရင်တဒိန်းဒိန်းခုန်လာရင်း ညာလက်ဖြင့် လေထဲတွင် ဖမ်းဆုပ်သည့်ဟန် လုပ်လိုက်သည်။ ချက်ချင်းပင် ချီမျှင်များ သူ၏လက်အတွင်းသို့ လွင့်မျောလာပြီးနောက် စုစည်းသွား၏။ အချိန်အနည်းငယ်ကြာသော် သူ၏လက်ဖဝါးပေါ်တွင် ချီအခဲတစ်ခု ပေါ်ပေါက်လာသည်။
ချီအခဲသည် အစိမ်းရောင်ရှိပြီး ဆေးလုံးတစ်လုံးနှင့်တူသည်။ သို့ရာတွင် ၄င်းက ဤလူ၏မှော်ပညာရပ်ကြောင့် ဖြစ်တည်လာသော ပုံရိပ်ယောင်မျှသာ ဖြစ်လေသည်။
ဤအဖြစ်အပျက်ကို မြင်သောအခါ မန်ဟို့၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မသိမသာလင်းလက်သွားသည်။
"ပုံရိပ်ယောင်ချီအဆီအနှစ်" သူက ထိုလူ့ကို ကြည့်ရင်း တွေးလိုက်မိသည်။ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တချို့ပင် ချီကို ပုံရိပ်ယောင်ဆေးလုံးအဖြစ် အဆီအနှစ်မထုတ်နိုင်ပေ။
၄င်းက မန်ဟို စောစောက အသုံးပြုခဲ့သော အရည်မှ အခဲပြောင်းခြင်းထက် တစ်ဆင့်မြင့်သော ပညာရပ်တစ်ခုဖြစ်လေသည်။
မန်ဟို၏မျက်လုံးများ လင်းလက်နေသည်။ "ဒီလူ့ရဲ့ဆေးဝါးတာအိုက မယုံနိုင်စရာပဲ"
ကျိုးဒယ်ခွန်၏မျက်လုံးများမှာ ပြူးကျယ်နေပြီး အံ့သြခြင်းတို့ ပြည့်နှက်၍နေသည်။ သို့သော် သူက ၄င်းကို အလျင်အမြန်ဖုံးကွယ်လိုက်၏။ သူ၏ပုံစံက မာနကြီးသည့်ဟန် ရှိနေသေးသော်လည်း ရင်ထဲတွင်တော့ မုန်တိုင်းထန်နေလေပြီ။
"ဒါက ထွင်တာမဟုတ်ဘူး" ကျိုးဒယ်ခွန်က မသိလိုက်ဘဲ နောက်သို့ ခြေတစ်လှမ်းဆုတ်ရင်း တွေးနေသည်။ "အဲ့ဒါက ပုံရိပ်ယောင်ချီအဆီအနှစ် အစစ်ပဲ။ သေလိုက်ပါတော့ကွာ.... ဒါက အနက်ရောင်နယ်မြေလေ။ ဘယ်နှယ့်ကြောင့် ဒီလိုဆေးဝါးပညာရှင်မျိုး ဘွားခနဲ ပေါ်လာရတာတုံး။ သောက်ကျိုးတော့နည်းပြီ.....သူ...သူက အနည်းဆုံး မဟာအကြီးအကဲတစ်ပိုင်းအဆင့် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်နဲ့ အဆင့်တူတူလောက်ပဲ" သူ့မှာ ရှောင်ထွက်ရန် နည်းလမ်းအား အသည်းအသန်စဉ်းစားရင်း ရင်တဒိန်းဒိန်းခုန်နေတော့သည်။ ဤအချိန်တွင် အရှေ့ဘက်နယ်မြေမှ လူက ရုတ်တရက် ခေါင်းမော့လိုက်သည်။
"ဒီဆေးလုံးက......" ရန်အမည်ရှိလူက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ၏မျက်လုံးများမှာ စူးရှတောက်ပလာ၏။ "ဒီလိုဆေးလုံးမျိုးက မိုးကောင်းကင်အောက်မှာ တည်ရှိတယ်တဲ့လား။ ဒါ့အပြင် ဒီအတိုင်းဖြစ်သလို ဖော်စပ်ခံထားရပုံပေါ်တယ်။ ငါ့အမြင်အရ ဒီဆေးလုံးကို ဖော်ခဲ့တဲ့သူဟာ သိပ်စိတ်နှစ်ထားပုံမပေါ်ဘူး။ တစ်ချက်ကလေးတွေးပြီး ဖော်စပ်တဲ့ပုံပေမယ့် ရလဒ်က ကောင်းကင်နဲ့မြေကြီးရဲ့ စိတ်ဝိညာဉ်ကို သရုပ်ဖော်နေတယ်
"ဒီဆေးလုံးက ချီအခြေတည်အဆင့်အတွက်ပဲ ဖော်စပ်ထားတာ။ ဒါပေမယ့် ကြီးမြတ်တဲ့ ဆေးဝါးတာအိုပါဝင်နေတယ်။ ပိုလို့တောင် အံသြစရာကောင်းတာက ဒီ တဖျပ်ဖျပ်လက်နေတဲ့ ဆေးလုံးကနေ ဘာဆေးအငွေ့အသက်မှ စိမ့်ထွက်မနေတာပဲ။ ငါ အခုသုံးလိုက်တဲ့ အထူးပညာရပ်ကြောင့်သာမဟုတ်ရင် ပုံရိပ်ယောင်ဆေးလုံးအဖြစ် အဆီအနှစ် ထုတ်နိုင်မှာမဟုတ်ဘူး
"ဆေးလုံးရဲ့ ဆေးစွမ်းအားကလည်း ရှစ်ဆယ်ရာခိုင်နှုန်းကျော် ရှိနေတယ် ။ ဖော်စပ်သူက ဒီဆေးလုံးကို သိပ်အလေးအနက်မထားဘဲ ဖော်စပ်ထားတယ်ဆိုပေမယ့်... ဆေးစွမ်းအား ရှစ်ဆယ်ရာခိုင်နှုန်းရှိတဲ့ ဆေးလုံးကို ဘာမွမဟုတ်သလို ဖော်စပ်နိုင်ဖို့က.... ဒါက......" ပုံရိပ်ယောင်ဆေးလုံး လွင့်ပျယ်ပျောက်ကွယ်နေစဉ် ရန်၏မျက်နှာမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ ဆေးလုံး လုံးဝပျောက်ကွယ်သွားသောအခါ သူက သက်ပြင်းအရှည်ကြီးချလိုက်သည်။
"ဒါကမှ ဆေးလုံးဆိုတာပဲ။ ကောင်းကင်နဲ့မြေကြီးရဲ့ ပြောင်မြောက်တဲ့ အစစ်အမှန်ဆေးလုံးတစ်လုံး။ ဒီဆေးလုံးကို ဖော်စပ်ခဲ့တဲ့သူကတော့ မဟာအကြီးအကဲစစ်စစ်တစ်ယောက်ပဲ။ ဆေးရနံ့ဟာ သဘောတွေ့စရာမကောင်းတဲ့ ပုံပေါ်ပေမယ့် ဒါကို တခြားအပေါစားဆေးလုံးနဲ့ နှိုင်းယှဉ်ဖို့ကတော့ စော်ကားရာရောက်တယ်။ အဲ့ဒီအပေါစားဆေးလုံးတွေထက် ခွေးချီးကမှ တန်ဖိုးရှိဦးမယ်။ အဲ့ဒီနှစ်လုံးကို ဘယ်သူကနှိုင်းတောင် နှိုင်းယှဉ်လိမ့်မှာတုံး" ရန်ဆိုသည့် လူက မန်ဟို့ကို မတူမတန်သလို ကြည့်ပြီးနောက် ကျိုးဒယ်ခွန်းဘက် လှည့်သွားသည်။ သိသာစွာပင် သူက အစိမ်းရောင်ဆေးလုံးကို ကျိုးဒယ်ခွန် ဖော်စပ်ခဲ့သည်ဟူ၍ ထင်မှတ်နေလေသည်။
အဘယ်ကြောင့်ဆိုသော် သူသည် ဤနေရာသို့မလာခင် အနက်ရောင်နယ်မြေသားများထံမှ မဟာအကြီးအကဲကျိုးအကြောင်း ကြားထားဖူး၍ဖြစ်သည်။
မန်ဟို့မှာတော့ ပါးစပ်အဟောင်းသားဖြစ်သွားပြီး ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။
သူတစ်ယောက်သာ ပါးစပ်အဟောင်းသားဖြစ်နေခြင်းမဟုတ်။ ပတ်ဝန်းကျင်ရှိကျင့်ကြံသူများလည်း မျက်လုံးပြူးလျက် ကြည့်နေကြသည်။ အကြီးအကဲလေးဦးမှာမူ မှင်သက်နေကြသည်။
သူတို့သည် ဆေးဝါးတာအိုအကြောင်း သိပ်နားမလည်ပါသော်လည်း စောစောက ထိုလူ့လက်ထဲတွင် ရှိခဲ့သော ဆေးလုံးမှာ မန်ဟိုဖော်စပ်ခဲ့သည့်ဆေးလုံးနှင့် အလွန်တူသည်ကိုတော့ သိ၏။
ထိုမျှသာမက ခွေးချီးလောက် တန်ဖိုးမရှိဟု ထိုလူ ပြောဆိုသွားသောဆေးလုံးမှာ ကျိုးဒယ်ခွန်းဖော်စပ်ခဲ့သည့် ဆေးလုံးဖြစ်ဟန်တူသည်။
"ဟို..."
"တစ်ခုခုတော့ လွဲနေပြီ။ မဟာအကြီးအကဲကျိုး ဆေးလုံးနှစ်လုံး ဖော်ခဲ့တာများလား"
"ဘယ်လိုနေနေ မဟာအကြီးအကဲကျိုးက ဆေးဝါးတာအိုကို သိမြင်နှံစပ်တဲ့ ထိပ်တန်းဆေးဝါးပညာရှင်ပဲ။ ဘယ်လိုမှ မမှားနိုင်ဘူး"
ပရိသတ်၏မျက်နှာများ ထူးဆန်းနေကြစဉ် ရန်က ကျိုးဒယ်ခွန်ကို မျက်နှာမူလိုက်သည်။ သူ၏မျက်နှာထားမှာ လေးနက်ပြီး အတန်ငယ်ရှက်ရွံ့နေသယောင် ရှိသည်။ သူက လက်ယှက်ပြီး ခါးကို ၉၀ဒီဂရီ ကိုင်းကာ အရိုအသေပေးလိုက်သည်။
"ခုနက မဟာအကြီးအကဲကျိုးအပေါ် အပြောအဆို ရိုင်းပျမိခဲ့ပါတယ်။ ကျေးဇူးပြုပြီး ဗွေမယူပါနဲ့ ခင်ဗျာ။ ကျွန်တော်က ဒီတိုင်း ဆေးဝါးတာအိုက ရူးသွပ်လွန်းလို့ ဆေးဝါးတာအိုကို စော်ကားတဲ့ ဘယ်သူ့ကိုမဆို သည်းမခံနိုင်လို့ပါ။ ကျွန်တော် အမြင်ကျဉ်းမိသွားပါတယ် ။ မဟာအကြီးအကဲကျိုး .... အရှေ့ဆေးဝါးအဖွဲ့ကို ကျွန်တော် သိပ်လေးစားသွားပါပြီ။ ခင်ဗျားက တကယ်ပဲ အနက်ရောင်နယ်မြေမှာ နံပါတ်တစ် ဆေးဝါးပညာရှင်လို့ ခေါ်ခံရဖို့ ထိုက်တန်ပါပေတယ်။ တကယ့်ကို ပြီးပြည့်စုံခြင်းရဲ့ အထွတ်အထိပ်မှာပါပဲ" ထို့နောက် သူသည် သက်ပြင်းအရှည်ကြီးချပြီးနောက် နောက်တစ်ခေါက် လက်ယှက်၍ ခါးကိုင်းအရိုအသေပေးပြန်သည်။ သူကား သူ၏အတွေးမှန်ကြောင်း မုချယုံကြည်နေတော့သည်။
ကျိုးဒယ်ခွန်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေသည်။ သူ့မှာ ချာချာလည်မူးဝေနေသဖြင့် ချောင်းသာ ဟန့်လိုက်မိသည်။ ဤသို့ ရုတ်တရက်ကြီး ပြောင်းလဲသွားသည့်အဖြစ်က သူ့အတွက် လက်ခံရခက်သဖြင့် ဒူးတို့ပင် ညွတ်ခွေကျချင်လာတော့သည်။ သူက ရုတ်တရက် မန်ဟို့ကို လှမ်းကြည့်လိုက်၏။
မန်ဟို့မျက်နှာပေါ်ရှိ တောက်ပနေသည့်အပြုံးကြီးက သူ့ကို ပို၍သွေးတက်သွားစေသည်။
သို့သော် ကျားပေါ်တက်ခွပြီးမှတော့ ဆင်းရခက်ပြီမဟုတ်လော။ ကျိုးဒယ်ခွန်၏အဖြစ်လည်း ထိုအတိုင်းပင်။ သူ့မှာ ထိုလူ့၏စကားများအား မဟုတ်မှန်ကြောင်း အတိအလင်းမငြင်းဆိုနိုင်ပေ။ ထို့ကြောင့် စကားတစ်ခွန်းမှမပြောရဲသဖြင့် ချောင်းဟန့်ပြီး ခေါင်းသာညိတ်လိုက်သည်။
ရန်အမည်ရှိလူက နောက်တစ်ကြိမ် ခါးကိုင်းအရိုအသေပေးပြီးနောက် ရှေးဆန်သောအငွေ့အသက်နှင့် လူငယ်ကို ပြန်လှည့်ကြည့်လိုက်သည်။ "တာအိုရောင်ရင်းဟန်ရွှယ့် ထပ်ပြီး စစ်ဆေးစရာမလိုတော့ပါဘူး။ ဒီလို ဆေးဝါးတာအိုရဲ့မဟာအကြီးအကဲစစ်စစ်တစ်ယောက်ကို တွေ့ခွင့်ရတာပဲ လုံလောက်နေပြီ။ စောစောက ဆေးလုံးကိုကြည့်ရင် မဟာအကြီးအကဲကျိုးရဲ့ ဆေးဝါးတာအိုက ပြိုင်ဘက်ကင်းတယ်ဆိုတာ ကျုပ်အတည်ပြုပေးနိုင်တယ်။ အဲ့ဒါတော့ လုံးဝသေချာတယ်"
လူငယ်က ပြုံးသည်။ "မဟာအကြီးအကဲရန် ကိုယ့်ကိုယ်ကို ဒီလိုနှိမ့်ချနေဖို့ မလိုဘူး။ ဆေးဝါးတာအိုက ဘယ်လိုကြီးကျယ်တဲ့ လမ်းစဉ်မျိုးလဲ နားမလည်ပေမယ့် အောင်မြင်မှုဆိုတာ တိုက်ခိုက်ခြင်းကနေပဲ ဆုံးဖြတ်လို့ရနိုင်တာ။ ပြီးတော့ ကျုပ် ဒီနေရာ မရောက်တာ နှစ်နဲ့ချီနေပြီဆိုတော့ နည်းနည်းတော့ အလွမ်းဖြေချင်သေးတယ်။ မဟာအကြီးအကဲရန် ဒီမဟာအကြီးအကဲကျိုးနဲ့ ဆေးဝါးပညာပြိုင်ပွဲ လုပ်ပါ့လား" သူသည် သူ့ထံမှ ထုတ်လွှတ်နေသော ရှေးဆန်မှုကို ဖုံးကွယ်ရန် မကြိုးစားတော့ပေ။ သူက စကားပြောနေစဉ် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်နေပြီး စကားပြောပြီးသည့်နောက်တွင်တော့ သူ၏အကြည့်သည် အကြီးအကဲလေးဦးအပေါ် ကျရောက်သွား၏။ "မင်းတို့တွေတောင် အရွယ်ရောက်လာပြီပဲ"
ထိုစကားက ရင်ပြင်ရှိ လူတိုင်း၏မျက်နှာထားများအား ရိပ်ခနဲ ပြောင်းသွားစေသည်။ ဤလူသုံးယောက် ရောက်လာခြင်းမှာ ရုတ်တရက်ဆန်လွန်းပြီး အထူးသဖြင့် အဘိုးကြီးက အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူတစ်ဦး ဖြစ်သည်ကို ထည့်တွက်လျှင်ဖြစ်သည်။ သန့်စင်နှင်းမြို့တော်သည် အရုပ်ဆေးမင်ကြောင်ကျင့်ကြံသူများ ဝင်မလာနိုင်အောင် မမြင်နိုင်သော အကာအကွယ်မန္တန်အစီအရင်ကို အချိန်အတော်ကြာကတည်းက ပြုပြင်ထားခဲ့ပြီးလေသည်။
သို့ထိတိုင် ဤလူသုံးယောက်က ကျင့်ကြံသူများ၏ရှေ့မှောက်တွင် အလွယ်တကူ ချဉ်းကပ်လာခဲ့သည်။
ထို့အပြင် ရန်အမည်ရသော လူ၏စကားများက လူတိုင်း၏မျက်နှာများအပေါ်တွင် ထူးဆန်းသောအမူအရာများ ပေါ်ပေါက်လာစေသည်။ ဤလူသုံးယောက်မှာ ရုတ်တရက်ကြီး ပို၍ပင် လျှို့ဝှက်ဆန်းကြယ်သွားလေပြီ။
ထို့နောက် လူငယ် ပြောလိုက်သည့်စကား။ အေးခဲနှင်းမျိုးနွယ်အကြီးအကဲများ ရုတ်ခြည်း လေးနက်သွားပုံရသည်။ အထူးသဖြင့် အကြီးအကဲတစ်။ လူငယ် ပေါ်လာသည့် အခိုက်အတန့်ကတည်းက သူ၏အမူအရာမှာ ထူးဆန်းနေပြီး စိုးရိမ်နေဟန်ပင်ရှိခဲ့သည်။ သူ၏မျက်လုံးများမှာ မယုံနိုင်မှုများဖြင့် တောက်ပနေလေသည်။
ကျန်အကြီးအကဲသုံးယောက်မှာမူ လူငယ်ကို မသင်္ကာသလို ကြည့်နေကြသည်။ အကြောင်းရင်းက သူတို့မျိုးနွယ်စု၏ချီတချို့ကို သူ၏အပေါ်၌ အာရုံရနေသောကြောင့်ပင်။
"မင်း...." အကြီးအကဲတစ်က မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း ပြောသည်။
ထိုစဉ် ရန်အမည်ရှိလူက ခေါင်းခါလိုက်သည်။ သူအနေဖြင့် လူငယ်၏အကြံကို သဘောမတူကြောင်း ထင်ရှားသည်။ သူက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ မျက်နှာအပေါ်က အံသြတုန်လှုပ်မှုများကို လျစ်လျူရှုရင်း နောက်တစ်ကြိမ် လက်ယှက်၍ ကျိုးဒယ်ခွန်ကို ခါးကိုင်းအရိုအသေပေးလိုက်ပြန်သည်။
"မဟာအကြီးအကဲကျိုး ကျုပ်တို့အတွက် ဆေးဝါးပညာမှာ ယှဉ်ပြိုင်စရာမလိုဘူးလို့ ယုံကြည်ပါတယ်။ ဒါပေမယ့် အကူအညီလေး တောင်းစရာတော့ရှိတယ်" သူက လက်ယှက်ပြီး လေးလေးစားစား အရိုအသေပေးလိုက်သည်။ "စောစောက ဖော်စပ်ထားတဲ့ ဆေးလုံးကို ထုတ်ပြပေးလို့ရမလားခင်ဗျာ"
ကျိုးဒယ်ခွန် ရင်တုန်နေလေပြီ။ သူက ပြုံးမြဲပြုံးနေသော်လည်း အတွင်းတွင်တော့ မျက်ရည်ကျလုမတတ် ဖြစ်နေသည်။ "အာ..... ဘယ်ဆေးလုံးကို ပြောတာလဲ"
မန်ဟိုက ချောင်းဟန့်လိုက်သော်လည်း ဘာမှမပြောပေ။
***