မယုံသေး
Vol. 26 Ch. 362
ရန်ဆိုသည့်လူမှာ အတန်ကြာစောင့်စားနေသော်လည်း ကျိုးဒယ်ခွန်က ခေါင်းပင်မညိတ်သည်ကို မြင်သောအခါ လက်ယှက်ပြီး အရိုအသေထပ်ပေးပြန်သည်။ သူက ရိုးသားဖြောင့်မတ်သောလေသံဖြင့် ပြော၏။ "မဟာအကြီးအကဲကျိုးခင်ဗျား ဒီလိုတောင်းဆိုမှုမျိုးက ရိုင်းပျတယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဆေးဝါးတာအိုအပေါ် ရူးသွပ်မြတ်နိုးမှုကို စဥ်းစားပြီး အဲ့ဒီဆေးလုံးကို ကြည့်ရှုနိုင်ဖို့အတွက် ကျုပ်ကိုယ်တိုင် ဖော်စပ်ထားတဲ့ဆေးလုံးနဲ့ လဲလှယ်ချင်ပါတယ်"
သူ၏ကျင့်ကြံခြင်းအခြေခံမှာ အနုသုခုမရုပ်ခန္ဓာအဆင့်ဖြစ်သည့်အတွက် ကျိုးဒယ်ခွန်ကို ဤကဲ့သို့ အရိုအသေပေးနေသော အပြုအမူမှာ သူ၏ရိုးသားမှုနှင့် ဆေးဝါးတာအိုအပေါ် မြတ်နိုးမှုအတိမ်အနက်ကို ဖော်ပြနေလေသည်။
ကြည့်ရှုနေသူများအမြင်အရ ကျိုးဒယ်ခွန် ထိုလူ့အား ဆေးလုံးထုတ်မပြခြင်းမှာ အလွန်မောက်မာလွန်းနေပြီဖြစ်သည်။ ထိုလူက ယဥ်ယဥ်ကျေးကျေးတောင်းဆိုနေပြီး ဆေးလုံးကို ကြည့်ရုံလေးသာ မဟုတ်ပါလော။ သူသည် ထိုသို့ကြည့်နိုင်ရန်အတွက် အဖိုးအခပင်ပေးချေရန် အသင့်ဖြစ်နေသည်။
ကျိုးဒယ်ခွန်၏မျက်နှာမှာ သွေးမရှိတော့ပေ။ သူစကားပြောရန် ပြင်လိုက်သည့်အချိန် ရန်အမည်ရှိ လူက မျက်မှောင်ကြုတ်သွားသည်။
"မဟာအကြီးအကဲကျိုးခင်ဗျား" သူက အလေးအနက်ပြောပြန်သည်။ " ဆေးလုံးကို ကြည့်ရုံလေးပဲ ကြည့်ချင်တာပါ။ ဒီလို တောင်းဆိုချက်ရိုးရိုးလေးကို တကယ်ပဲ ငြင်းဆိုတော့မှာလား။ မဟာအကြီးအကဲကျိုး ကျေးဇူးပြုပြီး မပူပါနဲ့။ ကျွန်တော်စကားကို မရုတ်သိမ်းတတ်ပါဘူး။ ကြည့်ရုံပဲ ကြည့်ချင်တာပါ"
မန်ဟိုက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေပြီး ဘာမှမပြောပေ။ သူ၏နှုတ်ခမ်းထောင့်က အပြုံးတစ်ခုအသွင် ကွေးညွတ်သွားသည်။ သူ့မှာ အတန်ငယ်ရှက်နေပုံရ၏။
အကြိမ်များစွာ အရိုအသေပေးခံရလျှင် တခြားသူများအဖို့ ဂုဏ်ယူဝမ်းမြောက်ဖွယ် ဖြစ်သည်။ သို့ရာတွင် အရိုအသေတစ်ခါပေးခံရတိုင်း ကျိုးဒယ်ခွန်မှာ ရင်ဒိန်းခနဲ ဒိန်းခနဲ ခုန်နေတော့သည်။
သူက အံ့သြတင်းတင်းကြိတ်ပြီး ချော်လဲရောထိုင်လုပ်ရန်သာ ဆုံးဖြတ်လိုက်တော့၏။ အခြေအနေက သူမထိန်းချုပ်နိုင်တော့သည့် အတိုင်းအတာသို့ပင် ရောက်နေခဲ့လေပြီ။ သူသည် သိုလှောင်အိတ်ကိုပုတ်ပြီး စောစောက ဖော်စပ်ခဲ့သောဆေးလုံးကို ထုတ်ကာ ရန်ဆီသို့ ပစ်ပေးလိုက်သည်။
ရန်က လက်နှစ်ဖက်ဖြင့် ဆေးလုံးကို လက်ခံယူလိုက်စဥ် သူ၏ မျက်လုံးများမှာ တဖျပ်ဖျပ် လက်နေတော့သည်။ သူသည် မျက်လုံးများ ပိတ်၍ အသက်ပြင်းပြင်းရှူသွင်းပြီး စိတ်ကို တည်ငြိမ်စေလိုက်သည်။ ထို့နောက် ဘုရားဖူးဝတ်ပြုရန် သွားတော့မည့်လူတစ်ယောက်သဖွယ် ဆေးလုံးကို ရွှန်းရွှန်းစားစား ကြည့်နေတော့သည်။
သူ ဆေးလုံးကို မမှိတ်မသုန်ကြည့်နေသည့် အခိုက်အတန့်တွင် သူတို့သုံးယောက်ထဲမှ အေးခဲနှင်းမျိုးနွယ်စု၏ အကြီးအကဲလေးဦးကို ထိတ်လန့်သွားစေခဲ့သော လူငယ်က ဘေးပတ်ဝန်းကျင်ကို ငေးမောကြည့်လိုက်သည်။
"အဖေ့ရဲ့ အရှိန်အဝါ ရှိနေသေးပါလား" သူက တစ်ချက်ပြုံးကာ ဆိုသည်။ "ကြည့်ရတာ မသေသေးဘူး ထင်တယ်။ ဒါပေမဲ့ အရှိန်အဝါက အားနည်းနေတော့ အိပ်ပျော်နေတုန်းပဲ ဖြစ်လောက်တယ်"
ဤစကားများကြောင့် အကြီးအကဲတစ် မျက်နှာတစ်ချက် မပြောင်းသွားသော်လည်း ကျန်အကြီးအကဲသုံးဦး၏ မျက်နှာများမှာတော့ ရုတ်ခြည်း ပြောင်းသွားကြသည်။ သူတို့သည် ဂိုဏ်းအတွင်း၌ တားမြစ်ထားသော အကြောင်းအရာတစ်ခုကို ရုတ်တရက် သတိရလိုက်သည်။
"ဟန်ရွှယ့်ကျုံး" အကြီးအကဲတစ်က လူငယ်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ပြီး အသံကျယ်ကြီးဖြင့် ဆိုသည်။
သူ၏စကားလုံးးများက ကျန်အကြီးအကဲသုံးဦး၏နားထဲ၌ ပဲ့တင်ထပ်သွားပြီး မျိုးနွယ်ဝင်များ၏ အသည်းနှလုံးအထဲအထိ ထိုးဖောက်ဝင်ရောက်သွားသည်။ သူတို့အားလုံးမှာ အကြောင်းအရာတစ်ခုကို မှတ်မိသွားဟန်ဖြင့် အံသြထိတ်လန့်သွားကြလေသည်။
ချက်ချင်းပင် အေးခဲနှင်းမျိုးနွယ်ဝင်များ အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။
"ဟန်ရွှယ့်ကျုံး.... ငါမှတ်မိပြီ။ မျိုးနွယ်သမိုင်းထဲမှာ လွန်ခဲ့တဲ့နှစ်တစ်ထောင်က အေးခဲနှင်းမျိုးနွယ်စုရဲ့ ရွေးချယ်ခံတစ်ယောက်အကြောင်း ရေးထားတဲ့ မှတ်တမ်းရှိတယ်။ သူ့နာမည်က ဟန်ရွှယ့်ကျုံးပဲ"
"အဲ့ဒီလူ ဟုတ်တယ်။ မျိုးနွယ်သမိုင်းကြောင်းအရဆိုရင် သူက ပြိုင်ဘက်ကင်းလောက်အောင် ဆိုးသွမ်းပြီး လူသားတောင် စားတယ်ဆိုပဲ။ နှစ်တစ်ရာတောင် မပြည့်ခင် အနုသုခုမရုပ်ခန္ဓာအဆင်အရောက်ခဲ့ပြီးတော့ အဲ့ဒီအချိန်တုန်းက မျိုးနွယ်စုရဲ့ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီး နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ သူ့အဖေအရင်း ဟန်ရွှယ့်ပေါင်ရဲ့ အသက်စွမ်းအားနဲ့ ကျင့်ကြံခြင်းအခြေခံကိုပါ စုပ်ယူခဲ့တယ်တဲ့"
"ကျုပ်လည်း မှတ်မိပြီ။ ဒါပေမဲ့ မျိုးနွယ်သမိုင်းထဲမှာ ဟန်ရွှယ်ကျုံး ရှုံးနိမ့်သွားတဲ့နောက် ဘာဖြစ်သွားလဲ ရေးမထားဘူး။ ခေါင်းဆောင်ကြီးဟန်ရွှယ့်ပေါင်က သူ့ကို မသတ်ခဲ့ဘူးလား"
ကြားလိုက်ရသည့် ကျင့်ကြံသူအားလုံး တုန်လှုပ်သွားကြသည်။ အေးခဲနှင်းမျိုးနွယ်ဝင်များ ပြောခဲ့သည်အကြောင်းအရာက အမှန်ဆိုလျှင် ဤလူကြီးဆန်သောအသံနှင့် လူငယ်ကား အမှန်စင်စစ် ကြောက်စရာကောင်းသည့်လူပင်။
လူငယ်က ရယ်သည်။ "ငါ ဒီလောက်အဝေးရောက်နေခဲ့တာတောင် မှတ်မိနေကြဦးမယ်လို့ မထင်ထားဘူး" သူ၏အကြည့် ကျိုးဒယ်ခွန်အပေါ် ကျရောက်သွားသည်တွင် သူ၏မျက်လုံးများ တောက်ပသွား၏။
ကျိုးဒယ်ခွန်၏မျက်နှာကြီးမှာ အီးမှန်ထားသကဲ့သို့ ဖြစ်နေတော့သည်။ သူ့မှာသက်ပြင်းချလွန်း၍ အသက်ပင်တိုပေတော့မည်။ အမှန်တွင် လူငယ်၏အကြည့်ကို သူနည်းနည်းလေးမှ ဂရုမစိုက်ပေ။ အကြောင်းရင်းက ရန်ကျင့်ကြံသူ၏ ထူးဆန်းနေသောမျက်နှာထားကြောင့်ဖြစ်သည်။
၄င်းမှာ စစချင်း သံသယဝင်နေသည့်အသွင်မှ ဇဝေဇဝါဖြစ်နေသည့်ပုံစံ ပြောင်းကာ နောက်ဆုံး လုံးဝမယုံကြည်နိုင်တော့ဟန် ဖြစ်သွားတော့သည်။ သူ၏ခန္ဓာကိုယ်မှာ စတင်တုန်ရီလာ၏။
"ငါတော့ သေပြီဟေ့ သေပြီ...." ကျိုးဒယ်ခွန်မှာ ခါးသီးစွာဖြင့် တွေးနေတော့သည်။ သူ၏နှလုံးမှာ ရင်ဘတ်ထဲမှ ခုန်ထွက်တော့မည့်အလားပင်။
ရန်အမည်ရှိလူက ရုတ်တရက် အသက်ပြင်းရှူသွင်းပြီး ကျိုးဒယ်ခွန်ကို ဖြေးဖြေးချင်း ပြန်မော့ကြည့်သည်။
"အဲ့ဒီဆေးလုံးက...." ကျိုးဒယ်ခွန်က စကားလိုက်သည်။ သို့ရာတွင် သူဆက်မပြောနိုင်ခင် ရန်က နောက်တစ်ဖန် လက်ယှက်ပြီး ခါးကိုင်းအရိုအသေပေးပြန်သည်။
"မဟာအကြီးအကဲကျိုး ကျွန်တော်ရဲ့ဆေးဝါးတာအိုဟာ ဆရာ့ရဲ့ ဆေးဝါးတာအိုနဲ့ မယှဥ်နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ကို အရှက်ခွဲဖို့ တခြားဆေးလုံးကို ထုတ်ပြစရာမလိုပါဘူး" သူ၏လေသံက တည်ငြိမ်နေသော်လည်း ရင်ထဲတွင်တော့ ဒေါသထွက်နေလေပြီ။ "ဒီဆေးလုံးကို ခင်ဗျားဖော်စပ်ထားတာ မဟုတ်တာ ကျွန်တော်သိတယ် မဟာအကြီးအကဲကျိုး။ ဒီလိုစုတ်ပြတ်နေတဲ့ဆေးလုံးနဲ့ ကျုပ်ကို ဘာလို့အရှက်ခွဲတာလဲ"
"ငါ....." ကျိုးဒယ်ခွန်မှာ ပို၍ပင် ခေါင်းကြိမ််းလာတော့သည်။ သူက ရှင်းပြရန် ပြင်လိုက်သော်လည်း စကားဖြတ်ပြောခံရပြန်သည်။
"မဟာအကြီးအကဲကျိုး ကျွန်တော် အဲ့ဒီဆေးလုံးကိုပဲ ကြည့်ချင်တာပါ။ မပြချင်ဘူးဆိုရင် အနည်းဆုံးတော့ ဆေးလုံးအသစ်တစ်လုံး ဖော်စပ်ပြပါလား။ မဟာအကြီးအကဲကျိုး ကျွန်တော် အနူးအညွတ် တောင်းဆိုနေတာပါ" သူ့မှာ ရင်ထဲပန်းများပွင့်နေသည်ကို ဆက်လက်သည်းခံနေ၏။ ထိုကဲ့သို့ ဆေးလုံးတစ်လုံးကို ကြည့်ရှူလိုစိတ်က သူ့ကို နောက်တစ်ဖန် လက်ယှက်၍ ခါးကိုင်းအရိုအသေပေးစေပြန်သည်။
ကျိုးဒယ်ခွန်မှာတော့ စိတ်ထဲတွင် ကျိန်ဆဲနေတော့သည်။ သူ့မှာ စိတ်ပျက်စွာဖြင့် 'အဲ့ဒါ ငါဖော်ထားတဲ့ ဆေးလုံးကွ' ဟုသာ အော်ဟစ်လိုက်ချင်တော့၏။
သို့သော်လည်း အကြီးအကဲလေးဦးအပါအဝင် လူတိုင်း သူ့ကို ကြည့်နေကြလေသည်။ ပို၍ပင်အရေးကြီးသည်က သူ့အနောက်ရှိ မိန်းကလေးနှစ်ယောက်လည်း ကြည့်နေခြင်းကြောင့်ပင်။
ထို့အပြင် ပတ်ဝန်းကျင်ရှိကျင့်ကြံသူများက ယခုတွင် သူ့ကို အားပေးဆော်သြနေကြလေပြီ။
"မဟာအကြီးအကဲကျိုး ဒီအပြင်လူကို ဘာလို့ ဆေးလုံးကြည့်ခွင့် မပေးတာလဲ။ ကျုပ်တို့ အနက်ရောင်နယ်မြေ ဆေးဝါးပညာရှင်တွေ ဘယ်လောက်အံ့သြစရာကောင်းလဲ ပြလိုက်စမ်းပါ"
"ဟုတ်တယ် အမှန်ပဲ မဟာအကြီးအကဲကျိုး ဒီလူ့ကို ပညာပြလိုက်စမ်းပါ။ မဟာအကြီးအကဲစစ်စစ်ဆိုတာ သက်သေပြလိုက်"
"မဟာအကြီးအကဲကျိုး အရှေ့ဘက်နယ်မြေကျင့်ကြံသူရဲ့ ဆန္ဒကို ဖြည့်ပေးလိုက်။ စစ်မှန်တဲ့ မဟာအကြီးအကဲဆိုတာ ဘာလဲသိအောင် လုပ်ပြလိုက်စမ်းပါ"
အသံတစ်သံပြီး တစ်သံထွက်လာသည်။ ပုံမှန်ဆိုလျှင် ထိုစကားများကြောင့် ကျိုးဒယ်ခွန် အတော်လေး မာန်တက်မိပေလိမ့်မည်။ သို့သော် ယခုအချိန်တွင် သူ့မှာ ချုံးပွဲချသာ ငိုလိုက်ချင်တော့သည်။
"ငါ....ငါ....." ကျိုးဒယ်ခွန်မှာ စိတ်ထဲတွင် ဆဲဆိုနေသော်လည်း အပြင်ပန်းတွင်တော့ ပြုံးနေ၏။ သို့သော် သူ၏ပြုံးနေသောမျက်နှာမှာ ငိုနေသည့်မျက်နှာထက်ပင် ကြည့်ရဆိုးနေချေသည်။ သူ့မှာ လှမ်းကြည့်လိုက်ရာတွင် မန်ဟိုက ခပ်ရှက်ရှက် ပြုံးရင်း သူ့ကို ကြည့်နေသည်ကို မြင်လိုက်သောအခါ ထပ်သည်းမခံနိုင်တော့သည့်အလား ခံစားလိုက်ရသည်။ သို့သော် သူ့မှာ ရင်တုန်နေသောကြောင့် စဥ်းစားဖို့ အချိန်မရှိပေ။
ကျိုးဒယ်ခွန်သည် အံတင်းတင်းကြိတ်လျက် သိုလှောင်အိတ်ကိုပုတ်၍ တောင်ပိုင်းဒေသတွင် သူဖော်စပ်ခဲ့ဖူးသမျှထဲ အကောင်းဆုံးဆေးလုံးကို ထုတ်လိုက်သည်။ သူက ၄င်းကို ရန်အမည်ရှိလူထံ ပစ်ပေးလိုက်၏။
ရန်က ချက်ချင်း ဖမ်းယူလိုက်သည်။ ၄င်းကို တခဏကြည့်ပြီးနောက်တွင် သူမျက်မှောင်ကြုတ်သွား၏။ ယခုတွင် သူ့မှာ ဒေါသကို မထိန်းနိုင်တော့သဖြင့် မျက်နှာကြီးရဲလာပြီး အသားတို့ပင် တဆတ်ဆတ်တုန်လာသည်။
"မဟာအကြီးအကဲကျိုး ကျုပ်ကို ဆက်တိုက် စော်ကားနေစရာမလိုဘူး။ ခင်ဗျားရဲ့တာအိုက မယုံနိုင်စရာကောင်းပေမယ့် ဒီလို အဆင့်နိမ့်ဆေးလုံးက စောစောက ဆေးလုံးရဲ့ ခြေဖျားတောင် မမှီဘူး။ ကိုယ်တိုင်ဖော်စပ်ထားတဲ့ ဆေးလုံးတွေကိုတောင် မထုတ်ပြတော့တဲ့ အဆင့်ရောက်နေပြီလား။ ကျုပ် ရန်က ခင်ဗျားရဲ့ဆေးလုံးကို ကြည့်ဖို့လေးတောင် အရည်အချင်း မပြည့်မှီဘူးလား။ မဟာအကြီးအကဲကျိုး.... သည်းခံတယ်ဆိုတာ အတိုင်းအတာရှိတယ်။ ကျုပ်....ကျုပ်က အဲ့ဒီဆေးလုံးကို ကြည့်ရုံပဲ ကြည့်ချင်တာပါ။ ဘာလို့ ဒီလိုအကူအညီလေးကို မဖြည့်ဆည်းပေးနိုင်ရတာလဲ"
ရန်မှာ မချင့်မရဲဖြစ်နေချေပြီ။ သူတောင်းဆိုသည်ကား ကြီးကြီးမားမားလည်းမဟုတ်..... နောက်ဆုံးတွင် သူ့မှာ ဒေါသကိုမြိုသိပ်ပြီး နောက်တစ်ဖန် လက်ယှက်၍ အရိုအသေပေးလိုက်ပြန်သည်။ "မဟာအကြီးအကဲကျိုး ထပ်ပြီးတော့ အနူးအညွတ်တောင်းဆိုပါတယ်။ ဒါက ကျုပ်နောက်ဆုံးအကြိမ် တောင်းဆိုခြင်းပဲ"
ဤနောက်ဆုံးအကြိမ် အရိုအသေပေးခြင်းက ကုလားအုတ်၏ကျောကို ချိုးပစ်လိုက်သော ကောက်ရိုးမျှင်ပမာပင်။ ကျိုးဒယ်ခွန်မှာ မူးလဲတော့မတတ် ဖြစ်သွား၏။ သူ့မှာ ရုတ်တရုတ် ဒေါသတကြီးပေါက်ကွဲတော့သည်။ "အကူအညီ အကူအညီဟုတ်လား။ မင်းလိုတာက အကူအညီမလား။ ငါ့ဆေးလုံးတွေ မင်းကိုပေးပြီးပြီလေ။ ငါ့ဘာသာငါဖော်စပ်ထားတာ မင်းမြင်သားနဲ့။ ငါ့ဆေးဝါးတာအိုက သာမန်ပဲကွ သာမန်ပဲ။ မင်းက ဘာဖြစ်ချင်နေတာလဲ။ ငါက အဲ့ဒီလိုပဲ။ မင်း ကြည့်ချင်တဲ့ဆေးလုံးက ငါဖော်စပ်ခဲ့တာမဟုတ်ဘူး။ အဲ့ဒီအကောင် ဖော်စပ်တာ" သူက မန်ဟို့ကို လက်ညှိုးထိုးလိုက်သည်။ "အဲ့ဒါ သူ့ဆေးလုံးပဲ။ မင်းက စိတ်တိုတယ်ပေါ့။ ငါက မင်းထက်တောင် စိတ်တိုသေးတယ်။ အမှားလုပ်တဲ့သူက မင်းကွ။ အဲ့ဒီဆေးလုံးကို အဲ့ဒီလောက်ကြည့်ချင်နေရင် အဲ့အကောင်ဆီက တောင်းကြည့်"
ကျိုးဒယ်ခွန်က အင်္ကျီလက်စကို ခါလိုက်သည်။ သူထွက်ခွာရန် လှည့်လိုက်စဥ် သူ၏မျက်နှာမှာ ဖြူဆုပ်နေပြီး ဒေါသတို့ပင် ဖုံးလွှမ်း၍နေသည်။ သူ့မှာ အခြေအနေမှ သူ့ကိုယ်သူကယ်တင်ရန် နည်းလမ်းကို ခက်ခက်ခဲခဲစဥ်းစားထားရသဖြင့် ရင်တဒိန်းဒိန်းခုန်လေသည်။
ရန်အမည်ရှိလူက အံ့အားသင့်သွားပြီး မန်ဟို့ကို လှည့်ကြည့်သည်။
သူသာမဟုတ်။ အကြီးအကဲလေးဦးအပါအဝင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအားလုံး မန်ဟို့ကို ဖြေးညင်းစွာ လှည့်ကြည့်လိုက်ကြသည်။ ယခုတွင် မျက်လုံးအားလုံးသည် သူတစ်ယောက်အပေါ်တွင်သာ ကော်နှင့်ကပ်ထားသလို ကပ်နေ၏။
အကြည့်အများစုတွင် မယုံကြည်နိုင်ခြင်းတို့ ပြည့်နှက်နေကြသည်။
"ခင်ဗျား ဆေးလုံးကို ဖော်စပ်ခဲ့သည်ဖြစ်စေ မဖော်စပ်ခဲ့သည်ဖြစ်စေ အရေးမကြီးဘူး" ရန်က ကျိုးဒယ်ခွန်ကို ပြောသည်။ "ဒီနေ့ ကိစ္စဟာ ဘယ်သူက ကျုပ်လေးစားတဲ့ ဆေးဝါးပညာရှင်လဲ သက်သေပြဖို့ ဆေးဝါးပညာပြိိုင်ပွဲ မဖြစ်မနေဆင်နွဲရတော့မယ့် အတိုင်းအတာ ရောက်သွားခဲ့ပြီ"
"မဟာအကြီးအကဲကျိုး" သူက လေးလေးနက်နက် ဆက်ပြောသည်။ "ဒီလူ့ကို ကျုပ် အနိုင်ယူပြီးရင် ကျုပ်ကို အရှက်မခွဲတော့ဘဲ ကြည့်ခွင့်ပေးဖို့ မျှော်လင့်တယ်" သူက မန်ဟို့ကို ကြည့်ပင်မကြည့်ဘဲ ညာလက်ကို မြှောက်လိုက်သည်။ ဆေးပေါင်းဖိုတစ်လုံးထွက်ပေါ်လာ၏။
ကျိုးဒယ်ခွန်မှာ မျက်ရည်ဝဲနေချေပြီ။ အမှန်အတိုင်းပြောပြီးသည့်တိုင် ထိုလူ သူ့ကို ဘာကြောင့် မယုံသည်လဲ သူနားမလည်နိုင်တော့ပေ။ သူ စောစောက ဟန်ဆောင်ခဲ့သည့်ပုံစံက ယုံကြည်စရာကောင်းလွန်းခဲ့ပုံရသည်။ ထိုလူကား သူ သူ့ကို အထင်သေးနေသည်ဟု တထစ်ချယုံနေဟန်ပင်။
မန်ဟိုက ချောင်းဟန့်ပြီး ချီတုံချတုံနှင့်ပြောသည်။ "ဟို တောင်းပန်ပါတယ်။ ကျုပ်က မြို့ခံဆေးဝါးပညာရှင် မဟုတ်ပါဘူး။ မဟာအကြီးအကဲကျိုးနဲ့ ပြိုင်တာ ရှုံးသွားလို့ မြို့ကနေ ထွက်သွားခိုင်းခံရတဲ့သူပါ။ လူကြီးမင်းနဲ့ မယှဥ်နိုင်မှာ စိုးရွံ့မိပါတယ်" သူက အားတုံ့အားနာဖြစ်နေသောဟန်ဖြင့် သက်ပြင်းချလိုက်သည်။
ကျိုးဒယ်ခွန်မှာ ဤစကားကြာသော် မျက်နှာ ကွက်ခနဲ ပျက်သွားပြီး စိတ်ထဲ၌ မချိတင်ကဲ အော်ဟစ်နေတော့သည်။ "မင်းက ငါ့ဘကြီးလို့ ဟုတ်ပြီလား။ငါ့အပေါ် ဒီလိုမလုပ်နဲ့လေကွာ...."
စောစောက မန်ဟို့ကို မြို့မှထွက်သွားခိုင်းခဲ့သည့် အကြီးအကဲနှစ်က ကျိုးဒယ်ခွန်ကို ဒေါသတကြီး လှမ်းကြည့်သည်။ 'ဘာလို့ဆေးလုံး ထုတ်မပြနိုင်တာလဲ မဟာအကြီးအကဲကျိုးရေ' သူက တွေးသည်။ 'ဘာလို့ ဒီလိုသောက်ပြဿနာတက်အောင် လုပ်တာတုံး'
***