ဓာတ်ငါးပါးကို ပထမဆုံးမြင်တွေ့ခြင်း
Vol. 26 Ch. 363
ကျိုးဒယ်ခွန်မှာ စိတ်ထဲတွင် ဆဲဆိုနေသော်လည်း ဘယ်သူ့ကို ဆဲသင့်သည်လဲ သေချာမသိတော့ပေ။ သူ့မှာ အံသြတုန်လှုပ်ကာ နောင်တကြီးစွာ ရနေတော့သည်။
ရန်အမည်ရှိလူက မျက်မှောင်ကြုတ်သွားသည်။ ဤအေးခဲနှင်းမျိုးနွယ်စုက အမှန်တကယ် စိတ်ပျက်စရာကောင်းသည်ဟု သူတွေးမိနေပြီဖြစ်၏။ ဆေးလုံးတစ်လုံးအား ကြည့်ရုံလေးကြည့်ရဖို့သာ တောင်းဆိုနေပါသော်လည်း တစ်စက္ကန်လေးပင် ကြည့်ခွင့်မရသေးသည်မဟုတ်လော။
သူက လငပုပ်ဖမ်းနေသော မျက်နှာဖြင့် လူငယ်ကို လှမ်းကြည့်သည်။
ဟန်ရွှယ့်ကျုံးသည် ဖြစ်ပျက်နေသည့် အရာအားလုံးကို စောင့်ကြည့်နေခဲ့လေသည်။ သူက ပြုံးလိုက်ပြီး သူ၏ခန္ဓာကိုယ်မှာ ရပ်ခနဲ ဖြစ်သွား၏။ တခဏကြာသော် သူကား ကျိုးဒယ်ခွန်၏အရှေ့တည့်တည့်တွင် ရပ်နေလေပြီ။
အကြီးအကဲတစ်က ကောက်ကာငင်ကာ ပြောသည်။ "ဟန်ရွှယ့်ကျုံး မင်းဘာလို့မသေသေးလဲ မသိပေမယ့်...."
"မသိပေမယ့် ဘာဖြစ်လဲ" သူက တစ်ချက်ရယ်ပြီး အကြီးအကဲတစ်၏ စကားကို ဖြတ်ပြောသည်။ "ငါ မသေတဲ့အကြောင်းရင်းက ဟိုအဘိုးကြီး သနားတတ်လို့ပေါ့။ ဒါပေမဲ့ သူသနားပေးတာက ငါ့ကျင့်စဥ်ကို မလွှမ်းမိုးနိုင်ဘူး။ အခု အေးခဲနှင်းမျိုးနွယ်စုက ငါနဲ့ ဘာမှမပတ်သက်တော့ဘူး။ ငါက အနောက်ပိုင်းသဲကန္တာရ လငါးစင်းမျိုးနွယ်စုရဲ့ လက်အောက်ခံတစ်ယောက်ပဲ။ ပြီးတော့ ငါ့တာဝန်က သန့်စင်နှင်းမြို့ကိုသုတ်သင်ဖယ်ရှားပစ်ဖို့။ ဒီမဟာအကြီးအကဲကျိုးအကြောင်း ကြားနေရလို့ သူ့ရဲ့ဆေးဝါးတာအိုက ဘာနဲ့တူလဲ ငါကိုယ်တိုင်လာကြည့်တာ"
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ ချက်ချင်း ဆူညံပွက်လောရိုက်သွားသည်။ အကြီးအကဲလေးဦး မျက်နှာမသာမယာဖြစ်သွား၏။ အဆိုပါသုံးယောက်အနက်မှ အဘိုးကြီးမှာ အနုသုခုမရုပ်ခန္ဓာ မဟာစက်ဝန်းအဆင့်သို့ ရောက်နေသည်မဟုတ်ပါလော။ သူ၏အရှိန်အဝါက လူတိုင်းကို ဖိနှိပ်ရင်း ခြိမ်းခြောက်နေလေသည်။
"အာ မပူပါနဲ့" ဟန်ရွှယ့်ကျုံးက ပြုံးရင်း ပြောသည်။ "ဘယ်သူမှ အေးခဲနှင်းမျိုးနွယ်စုနဲ့ သူ့ရဲ့ အရင်းအမြစ်တွေအကြောင်း ငါ့ထက်ပိုမသိနိုင်ဘူး။ ဒါပေမဲ့ ဒီနေ့ ဒီကိုလာရတဲ့အကြောင်းရင်းက တိုက်ခိုက်ဖို့မဟုတ်ဘူး၊ ဒီမဟာအကြီးအကဲကျိုးကို ဆေးဝါးပညာပြိုင်ပွဲမှာ မြင်ချင်ရုံသက်သက်ပဲ။ လောင်းကြေးက တကယ်အချီကြီးနော်။ ဒါမှမဟုတ် ရှင်ခြင်းနဲ့ သေခြင်းက ဘာကွာလဲဆိုတာ မင်းပြောရင် ပြောနိုင်သွားလောက်တယ်။ ဘယ်သူနိုင်နိုင် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူတွေ မြို့တော်ကို သုံးလတိတိ မတိုက်ခိုက်စေရဘူး ငါကတိပေးတယ်။ ဒါဆို မင်းပြင်ဆင်ဖို့ အချိန်ရလိမ့်မယ်။ ဒါပေမယ့် ငြင်းရင်တော့..." ဤအခိုက်အတန့်တွင် မြို့နံရံ၏တစ်ဖက်မှ ဟစ်ကြွေးသံများ ရုတ်တရက် ထွက်ပေါ်လာသည်။ သားရိုင်းပင်လယ်ကြီးတစ်စင်းပေါ်လာသဖြင့် ရောင်စုံအလင်းတန်းများ လေထဲတွင် တောက်ပနေတော့သည်။
မန္တန်အစီအရင်များက အရာအားလုံးကို ပြင်းထန်သောဖိအားကြီးဖြင့် ဝန်းရံရင်း ကောင်းကင်တွင် တဖျပ်ဖျပ်လက်နေချေသည်။
ရင်ပြင်ရှိကျင့်ကြံသူများအားလုံး အဆိုပါမြင်ကွင်းကြောင့် တုန်လှုပ်သွားကြသည်။ သူတို့အတွက် ပြင်ဆင်မှုများ လုပ်ဆောင်ရန် သေချာပေါက် အချိန်လိုအပ်ပေမည်။ မည်သည့်အတွက်ကြောင့် သူတို့ကို အချိန်သုံးလပေးသည်လဲ မပြောတတ်သည့်တိုင် ၄င်းက ထောင်ချောက်ဆိုလျှင်တောင်မှ အေးခဲနှင်းမျိုးနွယ်စုအနေဖြင့် ခုန်ဝင်ရုံမှတစ်ပါး တခြားရွေးချယ်စရာမရှိပေ။ သူတို့အတွက် ထိုသုံးလအား မဖြစ်မနေလိုအပ်သည်။
ဟန်ရွှယ့်ကျုံးက အေးခဲနှင်းမျိုးနွယ်စုအကြီးအကဲလေးဦးကို ကြည့်ပြီး ရယ်လိုက်သည်။ "ဒါပေမဲ့ အခုတော့ အခြေအနေက နည်းနည်းလေးခြားနားသွားပြီ။ မဟာအကြီးအကဲကျိုးက ဆေးလုံးကို မထုတ်ပြချင်ဘူးလေ။ လူကြီးမင်းရန် ပြိုင်ချင်ရင် ဒီကောင်လေးနဲ့ အရင်ဆုံးပြိုင်ရင် ဘယ်လိုလဲ။ ဒါဆို လူကြီးမင်းရန်ရဲ့ ဆေးဝါးတာအိုကို မဟာအကြီးအကဲကျိုး အထင်သေးမှာမဟုတ်တော့ဘူး"
အကြီးအကဲတစ်မှာ ရှက်လည်းရှက်၊ ကျိုးဒယ်ခွန်ကိုလည်း အတော်လေးဒေါသထွက်နေလေပြီ။ အကြီးအကဲနှစ်လည်း ထိုနည်းတူပင်။ သူတို့သည် ကျိုးဒယ်ခွန်ကို အလေးအမြတ်ထားပြီး စစ်မှန်သော မဟာအကြီးအကဲတစ်ယောက်ဟု သတ်မှတ်ခဲ့လေသည်။ သို့သော် ယခုတော့ သူက သူ၏ကျွမ်းကျင်တတ်မြောက်မှုကို မထုတ်ပြချင်၍ တခြားတစ်ယောက်အပေါ် လွှဲချနေ၏။
သူတို့မှာ အခြေအနေကို မည်သို့ကိုင်တွယ်ရမည်လဲမသိတော့ပေ။
အကြီးအကဲတစ်သည် မျက်မှောင်ကြုတ်ရင်း အခြေအနေကို စဥ်းစားနေသည်။ နောက်ဆုံးတွင် သူက သက်ပြင်းချပြီး မန်ဟို့ကို လှမ်းကြည့်သည်။ "မိတ်ဆွေလေး ဆေးလုံးဖော်စပ်ပေးဖို့ တောင်းဆိုပါတယ်။ အေးခဲနှင်းပိုးကောင်ကိစ္စကိုတော့ လက်ရှိကိစ္စကို ဖြေရှင်းပြီးရင် ပြန်ဆွေးနွေးကြတာပေါ့ ဘယ်လိုလဲ"
မန်ဟိုက ပြုံးလိုက်သည်။ သူသည် ကျိုးဒယ်ခွန်ကို အမှန်တကယ် မျက်နှာမပျက်စေလိုပေ။ သို့သော် ဆေးဝါးတာအိုနှင့်ပတ်သက်လျှင်တော့ ဘယ်သူ့ကိုမဆို အရှက်ခွဲရန် တုံ့ဆိုင်းနေမည်မဟုတ်။ အထူးသဖြင့် ဘဝင်မြင့်နေသော အရှေ့ဘက်နယ်မြေဆေးဝါးပညာရှင်ကိုပင်။
ထို့ကြောင့် သူက အကြီးအကဲတစ်ကို ခေါင်းညိတ်ပြလိုက်သည်။
သူခေါင်းညိတ်၍ပင်မပြီးခင် ရန်အမည်ရှိလူ၏မျက်နှာအပေါ်၌ ဒေါသအရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်။ သိသာစွာပင် သူသည် မဟာအကြီးအကဲကျိုးက သူ၏ဆေးဝါးတာအိုကို မယုံကြည်၍ ဤနည်းလမ်းဖြင့် စစ်ဆေးရန် ကြိုးစားနေသည်ဟု တွေးထင်နေလေသည်။
ရန်က အေးစက်စက်နှာမှုတ်၍ မန်ဟို့ကို လှမ်းကြည့်ပြီး ကျိုးဒယ်ခွန်ကို ပြန်ကြည့်သည်။ သူက လက်နှစ်ဖက်ယှက်ကာ ပြော၏။ "ကျုပ်က အရှေ့ဘက်နယ်မြေရဲ့ ဆေးဝါးတောင်က ရန်စုန့်ပါ" ဤသည်မှာ ဆေးဝါးပညာပြိုင်ပွဲမစခင် ဝတ္တရားအရ မိတ်ဆက်ရခြင်းဖြစ်သည်။ သို့သော် ရန်စုန့် က မန်ဟို့ကို ယှဥ်ပြိိုင်ရသည့်တိုင် ကျိုးဒယ်ခွန်နှင့်ပြိုင်ပွဲဟူ၍ မှတ်ယူထား၏။
ကျိုးဒယ်ခွန်မှာ ရင်ထဲတွင် ခါးသက်သက် တစ်ချက်ရယ်လိုက်သည်။ သူ့မှာ ပို၍ရင်တုန်လာပြီး ကယောက်ချောက်ချားဖြစ်နေလေပြီ။ သူစဥ်းစားရသရွေ့ ယနေ့အဖြစ်အပျက်အားလုံးမှာ နားလည်မှုအကြီးကြီးလွဲသွားခြင်းပင်။ သို့သော်လည်း ယခုမှတော့ ဘယ်နည်းနှင့်မှ ဖြေရှင်းမရတော့ပေ။
မန်ဟို၏အမူအရာမှာ ပုံမှန်အတိုင်းဖြစ်သည်။ ဤသည်မှာ တရားဝင်ဆေးဝါးပညာပြိုင်ပွဲဖြစ်သဖြင့် သူက အသက်ပြင်းပြင်းရှူသွင်းပြီး သူ့ကိုယ်သူ မိတ်ဆက်တော့မည့်အချိန် ရန်စုန့်က သူ၏အင်္ကျီလက်စကို ခါလိုက်သည်။
"မင်း စကားပြောစရာမလိုဘူး" သူက ပြောသည်။ "မင်းနာမည်ကဘာလဲ မင်းဘယ်ကလာလဲ ငါစိတ်မဝင်စားဘူး။ မင်းလုပ်နိုင်တဲ့ အကောင်းဆုံးဆေးလုံးကိုသာ ဖော်စပ်ပြ ဟုတ််ပြီလား"
အရေးမစိုက်မှုက မန်ဟို့ကို မျက်မှောင်ကြုတ်သွားစေသည်။
ရန်စုန့်က ဆေးပေါင်းဖိုအား သူ၏လက်အပေါ်တွင် ပျံဝဲစေလိုက်သည်။ ရုတ်တရက် မီးတောက်တစ်ခု သူ၏လက်ဖဝါးမှ ထွက်လာသည်။ ဤသည်မှာ သာမန်မီးတောက်မဟုတ် အနုသုခုမရုပ်ခန္ဓာမီးဖြစ်သည်။ မီးအမျိုးအစားအနုသုခုမရုပ်ခန္ဓာနှင့် အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများသာလျှင် ထိုကဲ့သို့ မီးတောက်မျိုးကို ထုတ်လုပ်နိုင်သည်။
မီးတောက်သည် လိမ္မော်ရင့်ရင့်ဖြစ်ပြီး လှိုင်းများထုတ်လွှတ်နေသည်။ ၄င်းက သူ၏လက်ဖဝါးအပေါ်၌ ဝဲနေသော ဆေးပေါင်းဖိုကို နီရဲတောက်သွားစေရန် တခဏသာကြာလိုက်၏။ ရန်စုန့်သည် သိုလှောင်အိတ်ကို ပုတ်၍ အမှုန့်အမျိုးမျိုးပြည့်နှက်နေသော အိတ်အဖြူသေးသေးလေးများ ထုတ်လိုက်သည်။
သူက အမှုန့်များအား အချိုးအစားအသီးသီး ခွဲပြီးနောက် ဆေးပေါင်းဖိုထဲ ထည့်သည်။ မန်ဟို့၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး ကျိုးဒယ်ခွန်က အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
"အပင်နဲ့ ဆေးဖော်နေတာမဟုတ်ပါလား....."
"အရှေ့ဘက်နယ်မြေက ဆေးဝါးတောင်မှာ အပင်နဲ့ ဆေးမဖော်ဘူး" ရန်စုန့်က အေးစက်စွာ ပြန်ဖြေသည်။ " အခြေခံအဖြစ် ဓာတ်ငါးပါးကို အသုံးပြုတယ်။ ဓာတ်ငါးပါးနဲ့ လိုက်လျောညီထွေဖြစ်တဲ့ အရာဝတ္ထုတွေကို ရှာဖွေ၊ အမှုန့်ခြေပြီးတော့ ဓာတ်ငါးပါးရဲ့စွမ်းအားနဲ့ ဆေးဖော်စပ်တယ်။ ဒါက ဆေးဝါးတာအိုရဲ့ စစ်မှန်တဲ့လမ်းစဥ်ပဲ" သူ၏ဆေးပေါင်းဖိုမှာ အလွန်ကျယ်လောင်သော ထစ်ချုန်းသံများ စတင်ထွက်ပေါ်လာသည်။ ရုတ်တရက် အထက်ကောင်းကင်တွင် အနက်ရောင်တိမ်တိုက်များ စုဝေးလာပြီး မိုးထစ်ချုန်းသံများ မြည်ဟည်းလာသည်။
ကျိုးဒယ်ခွန်မှာ ရင်တဒိန်းဒိန်းခုန်လာတော့သည်။ ခေါင်းအထက်က တိမ်တိုက်များမှာ ဆေးလုံးပြစ်ဒဏ်ဖြစ်ကြောင်း ထင်ရှားလေသည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ မှင်သက်နေကြပြီး အကြီးအကဲလေးဦး၏ အသက်ရှူသံများ မြန်ဆန်နေလေပြီ။ သူတို့သည် ဆေးဝါးတာအိုအကြောင်း ထဲထဲဝင်ဝင် နားမလည်သော်လည်း ဆေးလုံးပြစ်ဒဏ်အကြောင်းတော့ ကြားဖူး၏။ မျက်စိဖြင့် တပ်အပ်မြင်တွေ့ရခြင်းက သူတို့ကို စိတ်နှလုံးတုန်ရီသွားစေသည်။
ရန်စုန့်က ဆေးလုံးပြစ်ဒဏ်ကို ဂုဏ်ယူစွာ မော့ကြည့်သည်။ "အရှေ့ဘက်နယ်မြေမှာ ဆေးလုံးပြစ်ဒဏ်က အထူးအဆန်းမဟုတ်ဘူး။ တကယ်တော့ ဆေးလုံးပြစ်ဒဏ် ဖြစ်ပေါ်လာရင် မိုးကြိုးစွမ်းအားကို အသုံးချပြီး ဓာတ်ငါးပါးရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နိုင်တယ်" သူစကားပြောနေစဥ် ဂျိန်းခနဲအသံကြီးနှင့်အတူ ဆေးပေါင်းဖိုထံသို့ လျှပ်စီးတန်းအမြောက်အမြား ထိုးဆင်းလာသည်။ မျက်စိတစ်မှိတ်အတွင်း လျှပ်စီးတန်းများသည် လျှပ်စီးပြင်ကြီးအဖြစ် အတူတကွ ပေါင်းစည်းသွား၏။
ရန်စုန့်သည် ခေါင်းကိုမော့ပြီး ဟိန်းဟောက်လိုက်သည်။ သူက ညာလက်ဖြင့် ဆေးပေါင်းဖိုကို ပုတ်ကာ အဖုံးအား ပွင့်သွားစေသည်။ ပျံထွက်လာသော ခြောက်ရောင်ခြယ်ဆေးလုံးတစ်လုံးကို ရန်စုန့်က ဖမ်းယူလိုက်၏။ ချက်ချင်းပင် ခေါင်းအထက်က တိမ်တိုက်များ လွင့်စင်ပြိုကွဲသွားသည်။ သို့ရာတွင် လျှပ်စီးတန်းကြီးက ဆက်လက် ထိုးဆင်းလာပြီး ရန်စုန့်ပတ်ပတ်လည်ရှိ မြေကြီးကို ထိမှန်သွားသဖြင့် သူ့ကို မှင်သက်သွားစေသည်။
"ကံဆိုးစွာနဲ့ နည်းနည်း အလောတကြီးလုပ်မိသွားတယ်" ရန်စုန့်က မန်ဟို့ကို လှမ်းကြည့်ရင်း ပြောသည်။ "ရလဒ်က အကောင်းဆုံး မဖြစ်နိုင်တော့ဘူး" ထို့နောက် သူက ကျိုးဒယ်ခွန်ကို စိန်ခေါ်နေသည့်အလား ကြည့်လိုက်သည်။
ကျိုးဒယ်ခွန်မှာ မြင့်မြတ်တည်ကြည်သောပုံဖမ်းထားသော်လည်း တကယ်တော့ နှလုံးရောဂါရပေတော့မည်။
မန်ဟိုက တခဏအတွေးထဲ နစ်မြောသွားသည်။ ထို့နောက် သူက ညာလက်ကိုဝှေ့ယမ်းရင်း ဆေးပေါင်းဖိုတစ်လုံး ထုတ်လိုက်သည်။
ရန်စုန့်က မန်ဟို့၏ဆေးပေါင်းဖိုကို အကဲခတ်နေပြီး သူ၏တည်ငြိမ်အေးဆေးသောအမူအရာမှာ ယခုတွင် မာန်တက်နေသည့်ပုံပေါက်နေ၏။ ဤသည်မှာ ကျိုးဒယ်ခွန်နှင့် ဆက်ဆံစဥ်က ပြသခဲ့သောအမူအရာမဟုတ်ပေ။ သို့သော် ယခု မန်ဟိုနှင့် ရင်ဆိုင်သောအခါတွင်တော့ ဆီနှင့်ရေသဖွယ် ပြုမူနေသည်။
ဆေးပေါင်းဖိုကို တခဏ အကဲခတ်ပြီးနောက်တွင် ရန်စုန့်၏မျက်နှာပေါ်၌ အံ့သြသွားသည့်အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ဤဆေးပေါင်းဖိုမှာ မန်ဟို ချင်းလော်ဂိုဏ်းတွင်ရရှိခဲ့သော သန့်စင်ခြင်းတစ်သောင်းဆေးပေါင်းဖိုဖြစ်၏။
ဆေးပေါင်းဖိုကိုမြင်လိုက်သည်နှင့် ကျိုးဒယ်ခွန် ချာချာလည်သွားသည်။ သူသည် ယခု မန်ဟိုလက်ထဲတွင် ကိုင်ထားသည့် တစ်ခုနှင့် ချွတ်စွပ်တူသော သန့်စင်ခြင်းတစ်သောင်းဆေးပေါင်းဖိုကို ယခင်က မြင်ခဲ့ဖူး၏။ ဆေးပေါင်းဖိုများနှင့်ပတ်သက်လျှင် သန့်စင်ခြင်းတစ်သောင်းဆေးပေါင်းဖို မဆိုထားနှင့် ၊ ချွတ်စွပ်တူသော နှစ်လုံးအား တွေ့ရန်မှာ မဖြစ်နိုင်ပေ။
ကျိုးဒယ်ခွန်သည် တခဏ ချီတုံချတုံနေပြီးနောက် သူ၏သံသယများကို မြိုသိပ်လိုက်သည်။
မန်ဟိုကမူ ညာလက်ဖြင့် ဆေးပေါင်းဖိုကို ကိုင်ထားပြီး မျက်လုံးများ တဖျပ်ဖျပ်လက်နေသည်။ သူ၏ကိုယ်ထဲရှိ အရှေ့ဆေးဝါးထာဝရမီးတောက်သည် တောက်လောင်လာပြီး သူ၏လက်ဖဝါးတွင် ထွက်ပေါ်လာ၏။ မီးတောက်အား မမြင်ရသော်လည်း မန်ဟို့လက်အနားတစ်ဝိုက်ရှိ လေထုမှာ ပုံပျက်ရှုံ့တွနေလေသည်။
ထိုမြင်ကွင်းက ရန်စုန့်၏မျက်လုံးများကို ကျဥ်းမြောင်းသွားစေသည်။ ပထမဆုံးအကြိမ်အနေဖြင့် သူ၏မျက်နှာပေါ်တွင် သံသယဝင်သွားသော အရိပ်အယောင် ဖြစ်ပေါ်လာသည်။
ဆေးဝါးပညာရှင်တစ်ယောက်၏ ဆေးဖော်စပ်ပုံအပေါ် အခြေခံ၍ ထိုသူ၏ဆေးဝါးတာအိုအား ခပ်ရေးရေးသိမြင်နိုင်လေသည်။ မန်ဟို့၏ နည်းလမ်းများမှာ တမူထူးခြားကြောင်း ရန်စုန့် ချက်ချင်းမြင်လိုက်၏။ အထူးသဖြင့် မန်ဟို အသုံးပြုနေသည့် အကောင်အထည်မဲ့ မီးတောက်ဖြစ်သည်။ သူ၏ရင်ထဲတွင် အံ့သြခြင်းတို့ ပြည့်နှက်လာ၏။
"အဲ့ဒီမီးတောက်က..... " သူက တွေးသည်။ သူ့စိတ်ထဲတွင် ဇဝေဇဝါဖြစ်နေလေပြီ။
ကျိုးဒယ်ခွန်အတွက် မန်ဟို့၏ အကောင်အထည်မဲ့မီးတောက်ကို ပထမဆုံးမြင်ဖူးခြင်း မဟုတ်သော်လည်း ဤတစ်ခေါက်တွင် သေသေချာချာ စူးစမ်းကြည့်လိုက်သည်။ အသေးစိတ်ကြည့်ရှုပြီးနောက်တွင်တော့ သူ၏နှလုံးခုန်နှုန်းကား ပိုမြန်သွား၏။ သို့သော် သူ၏မျက်နှာတွင်တော့ နှစ်ထောင်းအားရဖြစ်နေသော ပုံစံဖမ်းထားဆဲပင်။ သူက ဂျူနီယာမျိုးဆက်တစ်ယောက် ဆေးဖော်နေသည်ကို ကြည့်ရခြင်းက သူ့ကို ပီတိဖြစ်စေသည့်အလား ချီးကျူးနေဟန်ဖြင့် ပြုံးလိုက်သည်။
သူ၏ မျက်နှာထားက ပရိသတ်ကြီးကို စိတ်အေးလက်အေးဖြစ်သွားစေ၏။ ယခုဖြစ်ပျက်နေသမျှ အရာအားလုံးသည် ကျိုးဒယ်ခွန်၏အကြံအစည်ဖြစ်ပြီး ရန်စုန့်ကို သူ၏ဆေးလုံးအား ကြည့်ခွင့်ပေးရန်မှာ သူ့အတွက် သိက္ခါကျစရာဟု ခံစားနေရသည်ဟူ၍ သူတို့အားလုံး ထင်မှတ်သွားကြလေပြီ။
ကျိုးဒယ်ခွန်မှာ စိတ်ထဲတွင် သက်ပြင်းတွင်တွင်သာ ချနေတော့သည်။ သူသည် ခါးသီးပြီး ရင်တုန်နေသည့်တိုင် မာန်လည်းမာန်တက်နေသည်။ သူသတိမထားမိသည်ကတော့ ဟန်ရွှယ့်ကျုံးတစ်ယောက် သူ့ကို စိတ်ဝင်စားနေသောပုံစံဖြင့် ကြည့်နေသည်ကိုပင်။
ထိုစဥ် မန်ဟိုက တခဏစဥ်းစားပြီးနောက် သိုလှောင်အိတ်ကို ပုတ်ကာ ဆေးပင်တစ်ပင်ထုတ်လိုက်သည်။ ၄င်းပေါ်လာသည်နှင့်တစ်ပြိုက်နက် အမှုန့်ခြေပြီး ဆေးပေါင်းဖိုထဲ ထည့်လိုက်၏။
ဆေးပင်တစ်ပင်သာ အသုံးပြုလျှင် အထူးအဆန်းမဟုတ်ပေ။ သို့ရာတွင် မန်ဟိုက တစ်ပင်ပြီးတစ်ပင် ဆက်တိုက်ထုတ်ပြီး အမှုန့်ခြေကာ ဆေးပေါင်းဖိုထဲ ထည့်နေသည်။ ရန်စုန့် မျက်မှောင်ကြုတ်သွားပြီး အေးစက်စက် ပြုံးလိုက်သည်။
"ငါ့ရဲ့ ဓာတ်ငါးပါးဆေးဖော်နည်းကို တုချင်တယ်ပေါ့လေ" ရန်စုန့်က ပြောသည်။ "ဖားတုလို့ ခရုခုန် အိုင်ပျက်ရုံတဲ့ကွ။ ဆေးလုံးဖော်စပ်တဲ့နေရာမှာ မင်းတော်ရင် တော်နိုင်မယ်... ဒါပေမဲ့ ငါ့ရဲ့ ဓာတ်ငါးပါးဆေးဖော်နည်းနဲ့ ပတ်သက်ရင် မင်းရဲ့ဆေးဝါးတာအိုအသိက ငါ့ထက်မသာသရွေ့ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး" သို့သော် သူ့မှာ ကျိုးဒယ်ခွန်ကို ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် ရင်တဒိန်းဒိန်းခုန်လာသည်။ ကျိုးဒယ်ခွန်၏အမူအရာမှာ ပကတိတည်ငြိမ်နေ၏။ သူ၏ လျှို့ဝှက်နက်နဲသော အရှိန်အဝါက ရန်စုန့်ကို ရုတ်တရက် ဇဝေဇဝါဖြစ်သွားစေသည်။
***