နောက်ဆုံးသော အဓိကပါဝင်ပစ္စည်း
Vol. 26 Ch. 364
မန်ဟိုသည် တည်ငြိမ်အေးဆေးစွာဖြင့် ဆေးဝါးတာအိုအသွင်ပြောင်းဂါထာကို စတင်ရွတ်ဖတ်နေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏လက်ဖဝါးပေါ်ရှိ မီးတောက်ကား အပိုင်းနှစ်ပိုင်း ကွဲထွက်သွားသည်။ သူ၏စိတ်အတွင်း၌ ဆေးလုံးအသွင်ပြောင်းလဲမှု အမျိုးမျိုးသည် တရိပ်ရိပ် ဖြတ်ပြေးနေလေ၏။ သူက အနေအထားများ ထိန်းညှိနေသည်နှင့်အမျှ ဆေးပေါင်းဖိုမှာ တဖြေးဖြေး အနီရောင်တောက်လာသည်။
မန်ဟိုသည် အမျိုးမျိုးသော မုဒြာလက်ကွက်များ တရစပ်ဖော်ပြီး ဆေးပေါင်းဖိုအပေါ်သို့ ဖိနှိပ်ရင်း မျက်လုံးများ တဖျပ်ဖျပ်လက်နေချေသည်။ သူ ၄င်းကို ထိလိုက်သည့်အခါတိုင်း ဆေးပေါင်းဖိုမှာ ခပ်အုပ်အုပ် မြည်ဟည်းသွားတတ်ပြီး ကျယ်လောင်သောထစ်ချုန်းသံများအား အတွင်းမှ ကြားရတတ်သည်။ မကြာမီ ဆေးရနံ့တစ်ခု မျောလွင့်လာ၏။ အထူးဆန်းဆုံးမှာ ဆေးရနံ့ လွင့်ပျံ့လာသည်နှင့်တစ်ပြိုင်နက် လူအများသည် ၄င်းကို ရှူကြည့်ရန် ကြိုးစားသော်လည်း အနံ့မရပေ။
ဆေးရနံ့က အရှေ့တည့်တည့်တွင် ရှိနေပါသော်လည်း ရှုကြည့်၍မရသည့် အံ့ဖွယ်ဖြစ်ရပ်က ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏မျက်နှာကို ပြောင်းလဲသွားစေသည်။ အကြီးအကဲလေးဦးပင် မျက်လုံးပြူးလျက် စိုက်ကြည့်နေကြသည်။
"ဘာဖြစ်နေတာလဲ ။ ဒီလို ဘယ်လိုဆေးလုံး ဖော်စပ်နေတာတုန်း။ ဆေးရနံ့ကို အာရုံရနေပေမယ့် လုံးဝမရှိနေတဲ့အတိုင်းပဲ"
"ဘယ်လောက် ထူးဆန်းတဲ့ ဆေးလုံးလဲ ။ ဒီဆေးဝါးပညာရှင်က ငယ်ပေမယ့် နယ်နယ်ရရတော့မဟုတ်ဘူး"
"အာ ဒါက ဘာမှမဟုတ်ပါဘူး။ ပုံရိပ်ယောင်မှော်ပညာတစ်ခုခုနေမှာပေါ့။ မဟာအကြီးအကဲကျိုးကို ကြည့် ၊ ဘာတွေဖြစ်နေလဲ သူသိတယ်"
ကျိုးဒယ်ခွန်မှာ စိတ်ထဲတွင် မှင်သက်နေသော်လည်း တွေးပင်မတွေးမိဘဲ ဤအဖြစ်အပျက်အားလုံးက သူ၏မဟာဗျူဟာကြီး၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့်အလား ပြုံးလိုက်သည်။ သူပုံစံကား ဂျူနီယာမျိုးဆက်အဖွဲ့ဝင်တစ်ယောက်ကို ချီးကျူးနေသယောင်ပင်။
သူသည် ဤကဲ့သို့အမူအရာအား ပီပြင်စေရန် အရိုးကြေကြေ အရေခမ်းခမ်းအားထုတ်ခဲ့ရလေသည်။ ၄င်းမှာ ပြီးပြည့်စုံခြင်း၏အထွတ်အထိပ်သို့ပင် ရောက်နေပြီဖြစ်၏။ ယခုအခိုက်အတန့်တွင် ထိုက်တောင်ကြီး သူ၏ မျက်စိရှေ့တည့်တည့်၌ ပြိုကျသွားလျှင်တောင်မှ ၄င်းမှာ သူ့လက်ချက်ဖြစ်ကြောင်း လူတိုင်းအားယုံကြည်စေမည် ဖြစ်သည်။
(ထိုက်တောင်က တရုတ်ပြည်၊ ထိုက်အန်းမြို့က ယဥ်ကျေးမှုအမွေအနှစ်စာရင်းဝင်တောင်တစ်လုံးဖြစ်ပါတယ်)
ယင်းက အနက်ရောင်နယ်မြေများတွင် သူ၏နာမည် ထွန်းတောက်ကျော်ကြားလာစေသော အကြောင်းရင်းများထဲက တစ်ခုဖြစ်သည်။ စဥ်းစားစရာပင် မလိုဘဲ ဤကဲ့သို့မျက်နှာထားမျိုး ဖမ်းခြင်းဖြင့် သူသည် ကြည့်ရှုနေသူအားလုံးကို ကြောက်လန့်တုန်လှုပ်သွားစေလေသည်။
ရန်စုန့်မှာ မန်ဟို၏ဆေးပေါင်းဖိုကို အာရုံမပြည့်အဝစူးစိုက်၍ ကြည့်နေသည်။ တဖြေးဖြေးနှင့် သူ၏မျက်လုံးများတွင် မယုံကြည်နိုင်မှုများ စတင်ပြည့်နှက်လာတော့သည်။
"ဒါက.... အမှီအခိုမဲ့ဆေးရနံ့ပဲ။ ဆေးလုံးက မပြည့်စုံသေးတာကြောင့်မလို့ ဆေးရနံ့က အကောင်အထည်မရှိတာ။ ဆေးငွေ့တွေက ကောင်းကင်နဲ့မြေကြီးရဲ့ စိတ်ဝိညာဥ်စွမ်းအင်ကို စုပ်ယူဖို့အတွက် မျောလွင့်နေတာပဲ။ လူတိုင်း အာရုံခံလို့ရပေမယ့် တကယ်တမ်း ရှူရှိုက်လို့မရဘူး။ ဒါက ဒဏ္ဍာရီထဲမှာပဲ တည်ရှိတဲ့ ဆေးဖော်စပ်ခြင်းအဆင့်တစ်ခုပဲ။ ဒီလူက......." ရန်စုန့်မှာ ထိုအကြောင်းတွေးလေလေ၊ အံသြတုန်လှုပ်လေလေဖြစ်တော့သည်။ သူက ကျိုးဒယ်ခွန်ကို လှမ်းကြည့်လိုက်သည်။ ထိုလူ၏ ပဟေဌိဆန်သော မျက်နှာထားက သူ့ကို ရင်တဒိန်းဒိန်းခုန်လာစေသည်။
"ကျိုးဒယ်ခွန်ရဲ့ဆေးဝါးတာအိုက ဘယ်အတိုင်းအတာထိ နက်နဲတာလဲ" သူက တွေးသည်။
ဝိုင်းကြည့်နေသူများမှာ အလွန်အမင်းအံ့သြနေကြစဥ် မန်ဟိုက ဘယ်လက်ကို ဝှေ့ယမ်းရင်း ဆေးပင်များ ထပ်မံထုတ်လိုက်သည်။ ဤတစ်ကြိမ်တွင်တော့ အမှုန့်မခြေဘဲ ပင်ရည်၊ အခက်အလက် အစရှိသည်များကို စုဆောင်းပြီး ဆေးပေါင်းဖိုထဲ ထည့်သည်။ ဆေးပေါင်းဖိုကား ပို၍ပင် ရဲတောက်လာ၏။ တစ်နာရီကြာပြီးသည့်နောက်ဆုံးတွင် မန်ဟိုက ဆေးပေါင်းဖိုကို ပုတ်လိုက်သည်။
ထစ်ချုန်းသံ လေတွင်ပြည့်နှက်သွားသဖြင့် လူတိုင်းမှာ ဆေးလုံးအား အပြည့်အဝဖော်စပ်ပြီးပြီဟု ထင်လိုက်ကြသည်။ ဤအခိုက်တွင် မြေပြင်သည် တသိမ့်သိမ်တုန်လှုပ်လာပြီး ရုတ်တရက် တဝေါဝေါ လေတိုက်သံများ ထွက်ပေါ်လာသည်။ သို့သော် ၄င်းကား လေမဟုတ်။
စိတ်ဝိညာဥ်စွမ်းအင်ပင်။
သန့်စင်နှင်းမျိုးနွယ်စုရှိ စိတ်ဝိညာဥ်စွမ်းအင်အလုံးစုံသည် ဧရာမလေပွေကြီးသဖွယ် ပေါင်းစည်းရင်း တဟုန်ထိုးလာနေနေကြသည်။
ဤလေပွေကြီး၏ ဦးတည်ရာကား မန်ဟို့လက်ထဲရှိ ဆေးပေါင်းဖိုမှတစ်ပါး အခြားမဟုတ်ပေ။
"ဒါက....." အကြီးအကဲတစ်မှာ မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း ရှေ့သို့ဖြေးဖြေးချင်း လျှောက်သွားသည်။ ဆေးဖော်စပ်ခြင်းကြောင့် ဤကဲသို့ စိတ်ဝိညာဥ်စွမ်းအင်များ အုံ့ကြွလာသည့်အဖြစ်ကို သူ့တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှမကြားခဲ့ဖူးပေ။
ကျန်အကြီးအကဲများလည်း ဆွံ့အနေကြသည်။ ဟန်ရွှယ့်ရှန်းအပါအဝင် အေးခဲနှင်းမျိုးနွယ်ဝင်အားလုံးမှာ မယုံကြည်နိုင်သောမျက်နှာထားများဖြင့် ကြည့်ရှုနေကြလေသည်။
အပြင်မြို့မှ ကျင့်ကြံသူများလည်း ထိုနည်းတူ အံ့သြမှင်သက်နေကြပြီး အသက်ရှူမြန်လာကြသည်။ မကြာမီ စကားသံများ ပွက်လောရိုက်လာ၏။
"ဆေးဖော်တာက စိတ်ဝိညာဥ်စွမ်းအင်တွေ ဒီလောက် တစ်ပုံကြီးရောက်လာအောင် တကယ်လုပ်နိုင်လို့လား။ ဒါက....ဘာ....ဘာဆေးလုံးတုံး"
"ဒီလူ ဘာဆေးလုံးဖော်နေတာလဲ။ တကယ်မယုံနိုင်စရာပဲကွ"
စကားသံများ ဆူညံပွက်လောရိုက်နေစဥ် ကျိုးဒယ်ခွန်က ဂုဏ်ယူစွာ ဆက်ကြည့်နေသည်။ သူက လက်ပင်မြှောက်ပြီး ချီးကျုးနေသောဟန်ဖြင့် မုတ်ဆိတ်မွှေးကို သပ်နေချေသည်။ သူကိုယ်တိုင် ဤအံဖွယ်ဖြစ်ရပ်အားလုံးအား အကွက်ချစီစဥ်ထားသည့် ပုံပေါက်နေ၏။
တကယ်တော့ ကျိုးဒယ်ခွန်၏ နှလုံးမှာ ရင်ဘတ်ထဲမှ ပေါက်ထွက်တော့မတတ် ဒုန်းဆိုင်းခုန်နေပြီး သူ့မှာ အသံကုန်အော်ဟစ်ပစ်ချင်နေလေသည်။
"လခွမ်း ဒီကောင် လူမဟုတ်ဘူးဟ" သူက တွေးသည်။ "ထူးဆန်းလိုက်တာ။ ဆေးဝါးတာအိုနဲ့ပတ်သက်ရင် ဖန်မုအပြင် ဒီလိုကောင်မျိုး ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။ သူဘာလုပ်နေတာပါလိမ့်။ ဘာဆေးလုံးဖော်နေတာလဲ....." စိတ်လှုပ်ရှားလာသည်နှင့်အမျှ သူ၏နှစ်ထောင်းအားရဖြစ်နေသော အမူအရာမှာ ပို၍ပီပြင်လာတော့သည်။
ရန်စုန့်အပါအဝင် လူအများ ၄င်းကို မြင်သောအခါ သူတို့မျက်လုံးထဲရှိ သူ၏အဆင့်အတန်းကို ပို၍သာ မြင့်မားသွားစေ၏။
"ဆေးလုံးပြစ်ဒဏ်မဟုတ်ဘူး" ရန်စုန့်က ကောင်းကင်ကို မော့ကြည့်ရင်း ပြောသည်။ "ဒီဆေးလုံးက အံသြစရာကောင်းတဲ့ပုံပေါ်ပေမယ့် တကယ်တမ်း အဲ့ဒီလောက်မဟုတ်ဘူး" သူ့မှာ ဤအချက်ကြောင့် အတန်ငယ်စိတ်သက်သာရာရသွား၏။
ဤအခိုက်အတန့်မှာပင် မန်ဟိုက သိပ်အလေးအနက်မထားဟန်ဖြင့် ပြောသည်။ "လူကြီးမင်းတို့ နည်းနည်းတော့ ထပ်စောင့်ဖို့လိုသေးတယ်ခင်ဗျ။ ဆေးလုံးမှာ အရေးကြီးတဲ့ နောက်ဆုံးပါဝင်ပစ္စည်း လိုနေသေးတယ်" ဆေးပေါင်းဖိုမှာ ရဲတောက်နေပြီး ၄င်းပတ်ပတ်လည်ရှိ လေထုသည် ပုံပျက်ရှုံ့တွနေ၏။ အရပ်မျက်နှာအနှံ့အပြားရှိ စိတ်ဝိညာဥ်စွမ်းအင်အမြောက်အမြားမှာ ဆေးပေါင်းဖိုအတွင်းသို့ စုပ်ယူခံနေရသည်။ ယခုတွင် ၄င်းမှာ အလွန်ရဲတောက်နေရာ မန်ဟို၏ လက်ထဲတွင် နေတစ်စင်းအား ကိုင်ဆောင်ထားသကဲ့သို့ ဖြစ်နေ၏။
ယခုအချိန်တွင် မန်ဟို၏ပုံစံမှာ အလွန်တရာ အထင်ကြီးဖွယ်ကောင်းနေတော့သည်။
ပရိသတ်ကြီး ချက်ချင်း အံသြတုန်လှုပ်ကုန်ကြ၏။
"နောက်ဆုံးဖြစ်တဲ့ အဓိကပါဝင်ပစ္စည်း လိုနေသေးတယ်တဲ့။ အဲ့ဒါဘာအဓိပ္ပါယ်လဲ။ လိုနေရင်လည်း ဘာလို့ဒီတိုင်းမထည့်လိုက်သေးတုံး"
မဟာအကြီးအကဲလေးဦးလည်း မနားလည်သည့်အတွက် မျက်မှောင်ကြုတ်ပြီး ကျိုးဒယ်ခွန်ကို လှမ်းကြည့်လိုက်ကြသည်။
သူတို့တင်မဟုတ်၊ ရန်စုန့်လည်း တွေတွေကြီး လှမ်းကြည့်နေသည်။
ထို့အပြင် ဟန်ရွှယ့်ကျုံးနှင့် စကားတစ်ခွန်းမှ မပြောသော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတို့နှစ်ယောက်လည်း ကျိုးဒယ်ခွန်ကို ကြည့်နေကြ၏။
ကျိုးဒယ်ခွန်က မုတ်ဆိတ်ကို သပ်နေရင်း မထူးခြားသလို ပြုံးလိုက်သည်။ သူသည် သူ၏အစီအစဥ်အတိုင်း သွားနေသည်ကို သဘောကျနေသည့်အလား တည်ငြိမ်နေသယောင်ရှိသည်။ သူ၏သရုပ်ဆောင်စွမ်းရည်မှာ အမှန်တကယ့်ကို အဆုံးအစွန်ထိ ပြီးပြည့်စုံနေလေပြီ။
သို့ရာတွင် စိတ်ထဲတွင်တော့ သူ့မှာ ကောင်းကင်၊မြေကြီးနှင့် ပရိသတ်အပေါင်းကိုပင် ဆဲဆိုနေ၏။ လူမဟုတ်သော ဆေးဝါးပညာရှင်နှစ်ယောက်ပေါ်လာခဲ့သည့်တိုင် လူတိုင်းက သူ့ကို အားလုံးအထဲ အစွမ်းထက်ဆုံးထင်နေကြချေသည်။
စိတ်ဓာတ်ကြံ့ခိုင်သောသူသာ ကိုယ့်ကိုယ်ကို မူးလဲမသွားအောင် ထိန်းနိုင်လိမ့်မည်။ ကျိုးဒယ်ခွန်က ချောင်းဟန့်လိုက်၏။ လူတိုင်းက သူ့ကို ကြည့်ရင်း ရှင်းပြမည်ကို စောင့်နေကြသည်။
"မဟာအကြီးအကဲကျိုး ကျေးဇူးပြုပြီး ရှင်းပြပေးပါဦး"
"ဟုတ်တယ် မဟာအကြီးအကဲကျိုး ဒီလူ ဆေးဖော်စပ်ပြီးဖို့ လိုနေတဲ့ နောက်ဆုံးအဓိကပါဝင်ပစ္စည်းက ဘာလဲ။ မကြာခင် ရောက်လာတော့မှာလား"
ရန်စုန့်ပင်လျှင် ကျိုးဒယ်ခွန်ထံသို့ လက်ယှက်ပြီး အလေးအနက်ပြောသည်။ "မဟာအကြီးအကဲကျိုး ကျေးဇူးပြုပြီး ရှင်းလင်းပေးပါ"
"မင်းဂျီးတော်ကို ရှင်းပြရမှာလား။ သောက်ကျိုးနည်း၊ ငါက ဘယ်လိုလုပ်သိမှာတုံး" ဟုတ်ပါသည်၊ ကျိုးဒယ်ခွန်မှာ ဤစကားအား ရင်ထဲတွင် ပြောလိုက်ခြင်းသာ ဖြစ်၏။ သူ၏မျက်နှာထားကတော့ ထုံးစံအတိုင်း ဂုဏ်ယူဝင့်ကြွားနေဆဲပင်။ သူက ပြုံးသည်ဆိုရုံလေး ပြုံးပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။
"ငါ့ရဲ့တွက်ချက်မှုအရ" သူက ပြောသည်။ "နောက်ဆုံးပါဝင်ပစ္စည်းက သာလွန်ထူးကဲတယ်။ ရိုးရှင်းပေမယ့် လျှို့ဝှက်ဆန်းကြယ်တယ်။ သာမန်ဆိုပေမယ့် ထူးခြားတယ်။ ဒီလို ပါဝင်ပစ္စည်းမျိုး လိုအပ်တဲ့ ဆေးဝါးတာအိုဆိုတာ မင်းတို့တွေ နားလည်နိုင်တဲ့အရာ မဟုတ်ဘူး။ နားမလည်နိုင်ဘူးဆိုမှာတော့ ဘာလို့ရှင်းပြခိုင်းနေသေးလဲ" ကျိိုးဒယ်ခွန်သည် ဤကဲ့သို့ ယောင်တိယောင်ဝါးရှင်းပြရင်း သူ၏မြင့်မြတ်သောအရှိန်အဝါကို ထိန်းထားလေသည်။ လူတိုင်းမှာ သူ့ကို မဟာအကြီးအကဲတစ်ဦးအဖြစ် သတ်မှတ်ထား၍ကြောင့်သာမဟုတ်လျှင် တောင်စဥ်ရေမရ လျှောက်ပြောနေသည်ဟု ယူဆမိမည်ဖြစ်သည်။
သို့သော်လည်း သူတို့၏ မျှော်မှန်းမှုများကြောင့် ၄င်းမှာ လေးနက်ပြီး ပဟေဋ္ဌိဆန်နေချေသည်။
အမှန်တွင် ကျိုးဒယ်ခွန် ရှင်းပြနေစဥ် ကောင်းကင်သို့ မော့ကြည့်လိုက်သည့် အကြောင်းရင်းမှာ ဤနောက်ဆုံးပါဝင်ပစ္စည်းက မည်သည့်အရာဖြစ်စေ၊ လိုနေသည်ဆိုမှတော့ တစ်ယောက်ယောက်တော့ လာပို့လိမ့်မည်ဟု ခံစားရသောကြောင့်ပင်။ ထို့ပြင် လာပို့မည်ဆိုလျှင် သေချာပေါက် ပျံလာရမည်ဖြစ်သည်။
ပျံသန်းပြီး လာမပို့လျှင်တောင်မှ သူ ကောင်းကင်သို့ မော့ကြည့်ရသော အကြောင်းရင်း နောက်တစ်ခုရှိ၏။ ဆေးပင်များသည် ကောင်းကင်နှင့်မြေကြီး၏ ဖန်တီးမှုတစ်ခုဖြစ်သည်။ သို့ဖြစ်၍ ကောင်းကင်သို့ မော့ကြည့်ခြင်းကား မမှန်ကန်သောဗျူဟာတော့ မဟုတ်တန်ရာ။
မန်ဟိုက ကျိုးဒယ်ခွန် လုပ်နေသောပုံစံကို ကြည့်ပြီး ရုတ်တရက် တစ်မျိုးတမည်ခံစားလိုက်ရသည်။ ကျိုးဒယ်ခွန်မှာ ဇီယွင်ဂိုဏ်းမှာတုန်းကထက်ပင် ပို၍ ရယ်စရာကောင်းနေချေသည်။
မန်ဟိုလည်း ကောင်းကင်ကို မော့ကြည့်ပြီး တွေးလိုက်သည်။ "ငါ ဒီရောက်နေတာ ခုနစ်ရက်၊ ရှစ်ရက်လောက်ရှိပြီ။ တွက်ချက်ထားရသလောက်ဆိုရင် အချိန်ကနီးနေပြီဆိုတော့ ဒီထက်ပိိုမစောင့်သင့်တော့ဘူး" သူ ဤကဲ့သို့ တွေးနေချိန်မှာပင် ရုတ်တရက် သူ၏မျက်နှာထား ရိပ်ခနဲ ဖြစ်သွားသည်။ သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ လီမျိုးနွယ်စုခေါင်းဆောင်ကြီး ရုတ်တရက် ပေါ်လာပြီး ဝှီးခနဲ လေပေါ်မြောက်တက်သွားသည်။
ပြာလဲ့နေသောကောင်းကင်၏ အလယ်တည့်တည့်တွင် ကြောက်မက်ဖွယ် လျှပ်စီးတန်းတစ်တန်းပေါ်လာကာ ဂျိန်းခနဲ ထစ်ချုန်းသွားသည်။ နားကွဲမတတ် ကျယ်လောင်သော ထစ်ချုန်းသံကြီးမှာ ဆေးလုံးပြစ်ဒဏ်မိုးကြိုးတုန်းကထက် အဆများစွာ သာလွန်၏။ ၄င်းက လီမျိုးနွယ်စုခေါင်းဆောင်ကြီးကို ပစ်ချလိုက်ပြီး မချိတင်ကဲအော်သံကြီးက နောက်ဆက်တွဲ ထွက်ပေါ်လာသည်။ လျှပ်စီးတန်းမှာ ရုတ်ခြည်း အားပျော့လာပြီး လီမျိုးနွယ်စုခေါင်းဆောင်ကြီး ဆဲပင်မဆဲနိုင်ခင် မန်ဟိုက သူ့ကို သိုလှောင်အိတ်ထဲ ပြန်ထည့်လိုက်သည်။ ထို့နောက် အားပျော့သွားသော လျှပ်စီးတန်းကို ဆေးပေါင်းဖိုအပေါ်သို့ တန်းတန်းမတ်မတ် ကျရောက်စေလိုက်သည်။
မန်ဟို စောင့်နေခဲ့သည့် နောက်ဆုံးအဓိကပါဝင်ပစ္စည်းမှာ ပြစ်ဒဏ်မိုးကြိုးကလွဲ၍ တခြားမဟုတ်ပေ။
ဆေးပေါင်းဖိုမှ အုန်းခနဲ မြည်သံကြီး ပဲ့တင်ထပ်လာသည်။ လျှပ်စီးများက မိုးထစ်ချုန်းသံများကို ထုတ်လွှတ်ရင်း ကခုန်နေ၏။ ဆေးပေါင်းဖိုမှာ တသိမ့်သိမ့်တုန်လာပြီး အဖုံးပွင့်သွားသည်။ အထဲမှ လျှပ်စီးများ ခြံရံနေသည့် ဆေးလုံးတစ်လုံး ပျံထွက်လာလေပြီ။
ဆေးလုံး ပေါ်လာသည့် အခိုက်၌ ကောင်းကင်တွင် တိမ်မည်းတိမ်စိုင်များဖြင့် ပြည့်နှက်သွား၏။ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များတော့ မဟုတ်၊ သဘာဝအလျောက်ဖြစ်ပေါ်လာသော တိမ်တိုက်များဖြစ်သည်။ ကြည့်ရသရွေ့ ဤဆေးလုံးသည် သဘာဝမိုးကြိုးနှင့် လျှပ်စီးတို့အား ညှို့နိုင်ပုံရသည်။ ခေါင်းအထက်ရှိ တိမ်တိုက်များသည် တလိပ်လိပ် အုံကြွလှုပ်ရှားနေရင်း ပထဝီမြေကြီးကို တုန်ခါနေစေတော့သည်။
မျော့လွင့်နေခဲ့သော ဆေးရနံ့သည် ရုတ်တရက် လူးလွန့်လှုပ်ရှားလာပြီး ဆေးလုံးအထဲသို့ စုပ်ယူခံရကာ ခဲသွား၏။ ဆေးလုံးကား ချက်ချင်းပင် ကြည်လဲ့သွားပြီး စူးရှတောက်ပသောအလင်းရောင်ကို ထုတ်လွှတ်လာလေသည်။ ၄င်းမှာ သာမန်မဟုတ်ကြောင်း သိသာထင်ရှား၏။
တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်များအားလုံး ရုတ်တရက် ရေလှိုင်းများသဖွယ် တဖွေးဖွေးလှုပ်လာသည်။ ဆေးလုံးသည် စိတ်ဝိညာဥ်စွမ်းအင်များအား အငမ်းမရ စုပ်ယူနေသည့် ဝဲကြီးတစ်ခုအား မွေးဖွားပေးလိုက်ပုံရသည်။ ခေါင်းအထက်က မိုးထစ်ချုန်းသံများက ပို၍ပင် ကျယ်လောင်လာသည်။
လျှပ်စီးတန်းကြီး ထပ်မံထိုးဆင်းလာတော့မည့်အချိန် မန်ဟိုက လျှပ်စီးများ ဖုံးလွှမ်းနေသောဆေးလုံးကို လှမ်းယူလိုက်သည်။ သူသည် ၄င်းကို ဖင်တစ်ပြန် ခေါင်းတစ်ပြန်ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်၏။
ယခုအကြိမ်မှာ သူ့အတွက် ဤကဲ့သို့ဆေးလုံးမျိုးဖော်စပ်ဖူးသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ ရန်စုန့် သုံးသွားသည့် ဓာတ်ငါးပါးဖော်စပ်နည်းကို မြင်ပြီးနောက်တွင် သူသည် ထိုနည်းလမ်းကို သူ၏ကိုယ်ပိုင်နည်းလမ်းဖြင့် ပေါင်းစည်းရန် အကြံရခဲ့၏။ ရာနှုန်းပြည့် မအောင်မြင်ခဲ့သော်လည်း ၄င်းက သူ့ကို တံခါးအသစ်တစ်ချပ် ဖွင့်ပေးခဲ့လေပြီ။
"ဒီနည်းလမ်းကို သုံးပြီး ဆေးဖော်ရင် ပိုကောင်းတဲ့ ရလဒ်တွေ ထွက်လာတယ်" သူက တွေးလိုက်သည်။ "ဒါ့အပြင် ဓာတ်ငါးပါးရဲ့ ပြောင်းလဲမှုတွေကြောင့် နတ္ထိမှ အတ္ထိဖန်တီးခြင်းသဘောတရားအတိုင်း ဆေးလုံးတွေ ဖော်စပ်နိုင်မယ်....." သူက ဆေးလုံးကို နောက်ဆုံးတစ်ခေါက် ကြည့်ပြီး ရန်စုန့်ကို လှမ်းကြည့်လိုက်သည်။
လူတိုင်းမှာ ရင်တဒိန်းဒိန်းခုန်နေကြ၏။ အကြီးအကဲလေးဦးအပါအဝင် ရင်ပြင်ရှိ ကျင့်ကြံသူများအားလုံး လျှပ်စီးတို့ဝန်းရံနေသည့် ဆေးလုံးကို မမှိတ်မသုန် ကြည့်နေကြသည်။
ရန်စုန့်မှာ ကျောက်ရုပ်ကြီးသဖွယ် ရပ်နေကြသည်။ မန်ဟို ဆေးစဖော်စပ်ခဲ့စဥ်က ရန်စုန့်သည် သူ့ကို အထင်သေးခဲ့၏။ သို့သော် ဆေးဖော်နေသည်ကိုကြည့်ရင်း သူ၏သဘောထားမှာ တဖြေးဖြေးပြောင်းလဲလာခဲ့လေသည်။ ပုံရိပ်ယောင်ဆေးရနံ့ပေါ်လာသည့်အခါတွင် အံ့သြတုန်လှုပ်ခြင်းက သူ၏ရင်ထဲ၌ ဖြစ်တည်လာသည်။ ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဥ်စွမ်းအင်များ ၄င်းထံသို့ တရဟောစီးဝင်လာသည့်အချိန်တွင် သူ့မှာ လုံးဝတုန်လှုပ်သွားခဲ့သည်။ လျှပ်စီးတန်းကြီး ပေါ်ပေါက်လာသည့် အခိုက်အတန့်တွင်တော့ သူကား ကျောက်ရုပ်ဖြစ်သွားလေပြီ။
သူ့မှာ ဆေးလုံးကို ကြည့်ပြီး ၄င်းကို ဖန်တီးထားသည့် ဖော်စပ်နည်းမှာ သူ၏ဓာတ်ငါးပါးဖော်စပ်နည်းထက်ပင် သာလွန်နေကြောင်း သဘောပေါက်လိုက်သဖြင့် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး အသက်ပင်မရှူနိုင်တော့ပေ။ ဤနည်းလမ်းအသစ်ကား မှန်ကန်သော ပေါင်းစည်းမှုဖြစ်ချေသည်။
***