ကလိမ်ကျခြင်း
Vol. 26 Ch. 365
"မဖြစ်နိုင်ဘူး။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.... ဒီလူက...." ရန်စုန့်သည် ကျိုးဒယ်ခွန်ကို အလိုလိုလှမ်းကြည့်မိလိုက်၏။ ထိုလူက မဟာအကြီးအကဲဖြစ်သည်ဟုသာ သူ တထစ်ချမယုံကြည်ထားလျှင် ယခုအခိုက်အတန့်၌ မဟာအကြီးအကဲအစစ်အမှန်က မန်ဟိုဟု သေချာပေါက် တွေးထင်မိမည်ဖြစ်သည်။
သူ့မှာ သေချာသည့်တိုင် တုန်လှုပ်နေသေးသည်။ စောစောက ကျိုးဒယ်ခွန်၏စကားအရ ..... ရန်စုန့်အား အရှက်ခွဲချင်၍ ဤအရာအားလုံးကို သူကိုယ်တိုင် တမင် အကွက်ချစီစဥ်ထားသည်လား ပြောရခက်လေသည်။
ရန်စုန့်သာ ကျိုးဒယ်ခွန်ကို ဤသို့ကြည့်နေခြင်းမဟုတ်။ ပရိသတ်ထဲရှိ ကျင့်ကြံသူများ၊ အကြီးအကဲလေးဦးနှင့် ဟန်ရွှယ့်ကျုံးတို့အားလုံး ကျိုးဒယ်ခွန်ကြောင့် စိတ်နှလုံးတုန်လှုပ်သွားကြ၏။
သူတို့အားလုံး သူ့ကို လှမ်းကြည့်လိုက်ကြစဥ် သူတို့မြင်နေရသည့်အရာမှာ သူ၏ ဂရုမစိုက်သော အပြုံးနှင့် ချီးကျူးနေသောဟန်ပန် ဖြစ်သည်။ သူသည် ဂျူနီယာမျိုးဆက်အပေါ် အလေးထားနေကြောင်း သိသာလေရာ လူတိုင်းမှာ အလွန်အမင်း အံ့အားသင့်နေတော့သည်။
မဟာအကြီးအကဲတစ်ဦး၏အရှိန်အဝါကို ထုတ်လွှတ်နေသည့် သူ၏ထည်ဝါခံညားသောအသွင်က လူတိုင်းအား ကျိုးဒယ်ခွန်တစ်ယောက် ဆေးဝါးတာအို၏ထိပ်ဆုံးအဆင့်သို့ ရောက်နေပြီဟူ၍ ကောက်ချက်ချသွားစေသည်။
ယခုတွင် ရန်စုန့်ပင်လျှင် ချီတုံချတုံဖြစ်နေချေပြီ။ ကျိုးဒယ်ခွန်၏ သရုပ်ဆောင်မှုကား ချို့ယွင်းချက်မရှိ ပြီးပြည့်စုံလွန်းသည်။ တကယ်တမ်း ၄င်းက မန်ဟို့ကိုပင် မှင်သက်သွားစေ၏။ ကျိုးဒယ်ခွန်အကြောင်းမသိလျှင် သူပင် အရူးလုပ်ခံရလောက်သည်။
အမှန်တော့ ကျိုးဒယ်ခွန်၏ အေးဆေးတည်ငြိမ်သော အပြုံးမှာ ရင်တဒိန်းဒိန်းခုန်နေသည်ကို ဖုံးကွယ်ပေးထားခြင်းဖြစ်၏။ စိတ်ထဲတွင် သူ့မှာ မျက်ပြူးဆန်ပြာနှင့် အံ့သြမှင်သက်နေလေသည်။ မန်ဟို စောင့်နေသောအရာက မိုးကြိုး ဖြစ်နေလိမ့်မည်ဟု သူ တွေးနိုင်မည်တဲ့လား.....
"မိုးကြိုးကို ဆေးလုံးအတွက် နောက်ဆုံး အဓိကပါဝင်ပစ္စည်းအဖြစ် သုံးတယ် သောက်ကျိုးနည်း" သူက တွေးသည်။ "လူမဟုတ်ဘူး။ ကြံကြံဖန်ဖန်ကွာ.... ဖန်မုထက်တောင် ပိုပြီး ထူးဆန်းသေးတယ်" သို့သော် သူ့မှာ ရင်တုန်လေလေ သရုပ်ဆောင်ပိုပီပြင်လာလေလေပင်။ သူသည် အနက်ရောင်နယ်မြေများတွင် ဤကဲ့သို့ အကြိမ်ကြိမ်အခါခါ သရုပ်ဆောင်ခဲ့ရ၍ ကျွမ်းနေပြီဖြစ်သည်။ အမှန်အတိုင်းဆိုရလျှင် သူ၏သရုပ်ဆောင်စွမ်းရည်မှာ တစ်ခါတရံ သူ့ကိုယ်သူပင် လက်ဖျားခါမိသည့် အဆင့်ပင် ရောက်နေလေပြီ။
များသောအားဖြင့် ကျိုးဒယ်ခွန်သည် အကျိုးသင့်အကြောင်းသင့် စဥ်းစားနိုင်သော်လည်း ယခုတွင်တော့ ကြိတ်၍ငြီးတွားနေတော့သည်။ သူ၏ ပြောင်မြောက်လှသော သရုပ်ဆောင်ချက်ကြောင့် စောစောက သူ ကောင်းကင်သို့ ဂုဏ်ယူဝင့်ကြွားစွာ မော့ကြည့်ခဲ့သော အပြူအမူမှာ ကြည့်ရှုနေသူများအား ရုတ်တရက် အကြောင်းစုံ သဘောပေါက်သွားစေသည်။
"ဒါဆို ခုနက မဟာအကြီးအကဲကျိုး ကောင်းကင်ကို မော့ကြည့်လိုက်တာက မိုးကြိုးက အဓိကပါဝင်ပစ္စည်းဆိုတာ သိနေလို့ပေါ့"
"အမှန်ပဲ။ ငါလည်း အဲ့ဒါ တွေးနေတာ။ သေချာတယ် မဟာအကြီးအကဲကျိုးက ဆေးဝါးတာအိုရဲ့ မဟာအကြီးအကဲအစစ်ပဲဟ"
ရန်စုန့်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏မျက်နှာတွင် လေးစားမှုတို့ ပြည့်နှက်သွားသည်။ ဆေးဝါးတာအိုအကြောင်း အမှန်တကယ် နားမလည်သဖြင့် ရန်စုန့်၏တုံ့ပြန်မှုကိုကြည့်၍သာ သုံးသပ်နိုင်သော အေးခဲနှင်းသွေးဆက် ဟန်ရွှယ့်ကျုံးနှင့် အကြီးအကဲလေးဦးတို့ကား ဆိုဖွယ်မရှိတော့ပြီ။
"အဲ့ဒါ ဘာဆေးလုံးလဲ" ရန်စုန့်က မေးသည်။ ယခုတွင် သူ၏မျက်နှာအပေါ်၌ အထင်သေးသောအရိပ်အယောင် မရှိတော့ပေ။ မန်ဟို့၏ဆေးလုံးသည် သူ၏ဆေးဝါးတာအိုအဆင့်ကို အပြည့်အဝ သက်သေထူပြီးလေပြီ။ ရန်စုန့်မှာ သူ့ကို အလွန်စိတ်ဝင်စား၍ ကျိုးဒယ်ခွန်နှင့်ပင် တစ်တန်းတည်း သတ်မှတ်ထား၏။
မန်ဟိုက ပြုံးလိုက်သည်။ "မိုးကြိုးပင်လယ်တစ်စင်း ထုတ်ပေးနိုင်တဲ့ သာမန်ဆေးလုံးတစ်လုံးပါပဲ" ဤဆေးလုံးမှာ သောက်သုံးရသော ဆေးလုံးမျိုးမဟုတ်၊ မှော်ဆေးလုံးနှင့် ပိုတူသည်။ ဓာတ်ငါးပါးဖော်စပ်နည်းမှာ မှော်ဆေးလုံးများ ဖော်စပ်ရာ၌ ပို၍ထိရောက်မှုရှိသည်ကို မန်ဟို သဘောပေါက်ခဲ့လေသည်။
ရန်စုန့်က ရပ်ပြီး စဥ်စားနေ၏။ သူ့အတွက် ဆေးလုံးကို အနီးကပ်ကြည့်ရန် မလိုပေ။ ဖော်စပ်နည်းအဆင့်ဆင့်နှင့် နောက်ဆုံးရလဒ်ကို ကိုယ်တိုင် ကြည့်ရှုခဲ့ရသဖြင့် မန်ဟို့၏စကားများက အမှန်ဖြစ်ကြောင်း သူပြောနိုင်သည်။
ဤဆေးလုံးမျိုးကို ဖော်စပ်ဖို့ဆိုလျှင် အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုရန် ဆေးဖော်စပ်နေသည့်အတောအတွင်း မိုးကြိုးပစ်ချမှဖြစ်မည်။ ယင်းကား မယုံနိုင်လောက်အောင် ကံကောင်းမှသာ တိုက်ဆိုင်နိုင်လေသည်။
အတိတ်တုန်းက သူသည် မိုးကြိုးကို အသုံးပြု၍ ဆေးလုံးများဖော်စပ်ခဲ့သည်ကို မြင်ခဲ့ဖူးသော်လည်း ယင်းက ဓာတ်ငါးပါး၏ အာနိသင်ကို တိုးမြှင့်ရန်သာ ဖြစ်ခဲ့သည်။ မိုးကြိုးကို အဓိကပါဝင်ပစ္စည်းအဖြစ် မန်ဟို အသုံးပြုခဲ့သလိုမျိုး မဟုတ်ပေ။
ထိုနှစ်ခုအကြားရှိ ကွဲပြားခြားနားမှုက မည်သည့်အရာက သာလွန်ပြီး မည်သည့်အရာက နိမ့်ကျသည်လဲ အသိသာကြီးဖြစ်သည်။
ကျိုးဒယ်ခွန်သည်က ချောင်းဟန့်ပြီး တည်ကြည်လေးနက်စွာ ဆိုသည်။ "သိပ်တော်တယ်။ မင်းရဲ့ဆေးဖော်စပ်နည်းက စိတ်ဝင်စားစရာပဲ။ ဒီတိုင်းဆက်သွားပြီး အတွေးချဲ့ထွင်သင့်တယ်။ မင်းအနေနဲ့ ဆေးဝါးတာအိုလမ်းစဥ်အသစ်ကို ဖွင့်ရင်တောင် ဖွင့်နိုင်လောက်မှာ။ ကြီးကျယ်ခမ်းနားတဲ့ ဆေးဝါးတာအိုလမ်းစဥ်တော်ကို လျှောက်လမ်းတဲ့အခါ ဘယ်တော့မှ မိမိကိုယ်ကို ကျေနပ်အားရနေလို့မဖြစ်ဘူး။ ဆေးဝါးပညာဆိုတာ အကန့်အသတ်မဲ့ပြီး တာအိုဟာ အဆုံးအစမဲ့တယ်။ ငါတို့အနေနဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ မဟာဆေးဝါးတာအိုကို သက်သေပြဖို့အတွက် အမြဲတမ်း စူးစမ်းလေ့လာလိုစိတ်ထားရမယ်" သူ၏မျက်နှာသည် ပါမောက္ခတစ်ယောက်က လမ်းညွှန်ထောက်ပြနေသကဲ့သို့ မောက်မာထောင်လွှားမှုတို့ဖြင့် ပြည့်နှက်နေချေသည်။
မန်ဟို့၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခုအား ရေးထိုးထား၏။ အပြုံးနှင့်တူသယောင်ရှိသော်လည်း အပြုံးမဟုတ်ပေ။ ရန်စုန့်က အသက်ပြင်းပြင်းရှူသွင်းပြီးနောက် ကျိုးဒယ်ခွန်ကို လက်ယှက်အရိုအသေပေးလိုက်သည်။
"မဟာအကြီးအကဲကျိုး ရဲ့ စကားတွေက သွေးထွက်အောင် မှန်ပါပေတယ်။ ကျုပ် ရန်စုန့် အခု အပြည့်အဝယုံကြည်သွားပါပြီ။ စောစောက ဆေးလုံးကို ကြည့်ဖို့ မလိုတော့ပါဘူး။ ဘာလို့ကြည့်ခွင့်မပြုတာကိုလည်း နားလည်သွားပါပြီ။ ကျုပ်ရဲ့ ဆေးဝါးတာအိုက မလုံလောက်သေးတဲ့မတွက် အဲ့ဒီဆေးလုံးကို ကြည့်ရင် ကျုပ်စိတ်နှလုံးအတွက် အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်တာသိပါပြီ။ ဒီကြင်နာမှုကို ကျုပ် တစ်သက်လုံး အမှတ်ရနေမှာပါ" သူက ဟန်ဆောင်ခြင်းကင်းမဲ့စွာဖြင့် နောက်တစ်ကြိမ် အရိုအသေပေးလိုက်ပြန်သည်။
ကျိုးဒယ်ခွန်က မထူးခြားသလို ပြုံးရင်း ယခင်အတိုင်း ပညာဂုဏ်မောက်နေသည်။ ဤအခြင်းအရာက သူ့ကို စောင့်ကြည့်နေသူများကို ပို၍ပင် လေးစားကြည်ညိုသွားစေ၏။ အကြီးအကဲလေးဦးသည် ယခုတွင် ကျိုးဒယ်ခွန်ကို ပို၍ပင် အလေးအမြတ်ထားသွားလေပြီ။
ဤအဖြစ်အပျက်အားလုံးက မန်ဟို့ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။ သူက လက်ထဲရှိ ဆေးလုံးကို ငုံ့ကြည့်ပြီးနောက် ကျိုးဒယ်ခွန်ကို လှမ်းကြည့်သည်။ သူ့မှာ ရယ်မလား ငိုရမလား မသိတော့ပေ။ သူ ခက်ခက်ခဲခဲ ဖော်စပ်ထားသော ဆေးလုံးကို ကျိုးဒယ်ခွန်က သာမန်ကာလျှံကာသာ မှတ်ချက်ပေးခဲ့ပြီး လူတိုင်းက သူ၏စကားများကို တထစ်ချယုံကြည်နေကြသည်။
"ကျိုးဒယ်ခွန်တော့ အနက်ရောင်နယ်မြေမှာ တော်တော်လေး သရုပ်ဆောင်ကျွမ်းလာပါလားဟ" မန်ဟိုက သူ့ကို ကြည့်ရင်း တွေးလိုက်သည်။ ကျိုးဒယ်ခွန်မှာ သူ့ကို ပြန်ကြည့်ပြီး ရုတ်တရက် စိတ်ထဲ၌ တုန်ရီလာတော့သည်။ ထို့ကြောင့် မန်ဟို့ကို စိတ်ရင်းနှင့် ချီးကျူးရန် ရည်ရွယ်ပြီး ပါးစပ်ဟလိုက်သည်။
သို့သော် ဤအခိုက်တွင် ဟန်ရွှယ့်ကျုံး၏ဘေး၌ ရပ်နေသော အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့် ကျင့်ကြံသူက ရုတ်တရက် ကျိုးဒယ်ခွန်ထံ ဦးတည်သွားသည်။
အေးခဲနှင်းမျိုးနွယ်အကြီးအကဲလေးဦးမှာ စောင့်ကြည့်နေခဲ့ကြသည်ဖြစ်၍ ထိုလူလှုပ်ရှားသည်နှင့်တစ်ပြိုင်နက် သူ့ကို ဟန့်တားရန် ပျံသန်းသွားကြသည်။
သူတို့အားလုံး ထိပ်တိုက်တွေ့ကြပြီး ပေါက်ကွဲသံအကျယ်ကြီး ပဲ့တင်ထပ်လာသည်။ အကြီးအကဲလေးဦး၏ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ အနောက်ပိုင်းသဲကန္တာရမှ အဘိုးကြီးလည်း တုန်ရီသွားသည်။ ရုတ်တရက် သူက ဦးတည်ရာ ပြောင်းပြီး မန်ဟို့ထံ ပြေးဝင်သွားသည်။
အကြီးအကဲလေးဦးက မုဒြာလက်ကွက်များ လျင်မြန်စွာဖော်ရင်း နောက်ဆုတ်ကာ ကျိုးဒယ်ခွန်ထံသို့ လက်ညှိုးထိုးလိုက်ကြသည်။ တလက်လက်တောက်ပနေသော အကာအကွယ်က သူ့ကို ချက်ချင်း ဝန်းရံသွားသည်။
ကျိုးဒယ်ခွန်မှာ ရင်တထိတ်ထိတ်ဖြစ်နေသော်လည်း တည်ငြိမ်အေးဆေးသောမျက်နှာအား အလိုလို ဖမ်းထားမိလျက်ပင်။ သူသည် ထုံးစံအတိုင်း မာနကြီးသော အသွင်ဆောင်နေသည်။ ဤအခြင်းအရာက ဟန်ရွှယ့်ကျုံးကို ပို၍စိတ်လှုပ်ရှားသွားစေ၏။ သူလည်း ရှေ့တက်လာလေပြီ။
သူက မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားလာရာ ကျိုးဒယ်ခွန်ကို ကာကွယ်ထားသော ဒိုင်းအနားသို့ တမုဟုတ်ချင်း ရောက်ချလာသည်။ အကြီးအကဲလေးဦးက ဟိန်းဟောက်ပြီး ချီတက်လာတော့မည့်အချိန် ဟန်ရွှယ့်ကျုံးက ညာလက်ကို ဝှေ့ယမ်း၍ သူတို့ကို လွင့်ထွက်သွားစေသည်။ တစ်ချိန်တည်းမှာပင် သူ၏ဘယ်လက်သည် လူးလွန့်ထွက်သွားပြီး ကျိုးဒယ်ခွန်ကို လှမ်းဆွဲလိုက်၏။
ကျိုးဒယ်ခွန်၏ခန္ဓာကိုယ်မှာ ရုတ်တရက် ကြောက်လန့်တုန်ရီသွားပြီး သူက အသားကုန်အော်ရန် ပြင်လိုက်သည်။
"မလန့်ပါနဲ့ မဟာအကြီးအကဲကျိုး" ဟန်ရွှယ့်ကျုံးက ပြောသည်။ "ထိခိုက်အောင်မလုပ်ပါဘူး။ မဟာအကြီးအကဲလို ပါရမီရှင်တစ်ယောက်ကို ဒီလိုနေရာမှာထားခဲ့ရမှာ နှမြောမိလို့ပါ။ အကြီးအကဲ လုပ်ပေးရမယ့်တာဝန်တွေက ဒီလိုနေရာရဲ့လိုအပ်ချက်တွေနဲ့ မယှဥ်နိုင်ပါဘူး။ ဒါပေမဲ့ ငြင်းမယ်ဆိုရင်တော့ ရှင်လျက်နဲ့ သေရတာ ဘယ်လိုမျိုးလဲ သိအောင်လုပ်ပေးရလိမ့်မယ်"
ကျိုးဒယ်ခွန်မှာ ဤသို့ ဆွဲခေါ်ခံရသည့်အခါတွင်တော့ ဟန်မဆောင်နိုင်တော့ပေ။ သူ၏မျက်နှာမှာ ဖြူဆုပ်နေပြီး ကြောက်ဒူးတုန်နေချေလေပြီ။
"အထင်လွဲတာ" သူက ကမန်းကတန်း ပြောသည်။ "ဒါတွေအားလုံး အထင်လွဲတာ။ ငါ့.....ငါ့... ငါ့ဆေးဝါးတာအိုက သူ့ရဲ့ခြေဖျားတောင်မမှီဘူး" သူ့မှာ တုန်ရီနေသောလက်ဖြင့် မန်ဟို့ကို လှမ်းလက်ညှိုးထိုးလိုက်သည်။ "ခေါ်သွားချင်ရင် သူ့ခေါ်သွား။ ငါ့ကို ခေါ်ရင်တော့ မင်းအချိန်ကုန်တာပဲ အဖက်တင်မယ်"
ဟန်ရွှယ့်ကျုံး၏မျက်လုံးများ အေးစက်သွားသည်။ "မဟာအကြီးအကဲကျိုး၊ မိုးကြိုးက အဲ့ဒီဆေးလုံးရဲ့ အဓိကပါဝင်ပစ္စည်းဆိုတာ ခင်ဗျားမြင်ခဲ့တယ်လေ။ ကျုပ်ကို ဒီလိုစကားလုံးတွေနဲ့ အရူးလုပ်လို့ရမယ်ထင်နေလား"
"ငါ.... ငါက အဲ့ဒီလောက်မတော်ပါဘူးဆို" ကျိုးဒယ်ခွန်မှာ အသံကုန်အော်တော့သည်။ "ဘုရားစူး တကယ်ပြောတာ။ ငါ ဘာမှန်းမသိလို့ အရည်မရအဖတ်မရ လျှောက်ပြောခဲ့တာကွ။ သူ့ကိုခေါ်သွား။ သူကမှ မဟာအကြီးအကဲအစစ်။ သူက ငါ့ညီ ဖန််မုနဲ့ ယှဥ်နိုင်တယ်.....ငါ့ထက် အများကြီးသာတယ်လို့"
"ဟမ်" အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူက ပြောသည်။ သူက မန်ဟို့ဆီ ဆက်သွားရန်ပြင်လိုက်စဥ် ဟန်ရွှယ့်ကျုံးက တဆတ်ဆတ်တုန်နေသော ကျိုးဒယ်ခွန်ကို လက်မှဆွဲရင်း လေပေါ်ပျံတက်လာသည်။
"သူ့ကို ပြဿနာရှာစရာမလိုဘူး" ဟန်ရွှယ့်ကျုံးက အေးတိအေးစက်ပြောသည်။ "ငါတို့ ဒီကိုလာရတဲ့ အကြောင်းရင်းက အထူးချွန်ဆုံး ကျင့်ကြံသူတစ်ယောက်ကို ငါတို့ဆီဖိတ်ခေါ်ဖို့ပဲ။ အခု မဟာအကြီးအကဲကျိုးကိုရပြီဆိုတော့ တခြားလူမလိုတော့ဘူး"
"ငါက မထူးချွန်ပါဘူးဆို" ကျိုးဒယ်ခွန်က စူးစူးဝါဝါးအော်သည်။ "မင်းမေဂျီးဒေါ်ပဲ ငါတကယ်မတော်ပါဘူးဆို ဟုတ်ပြီလား။ အထင်လွဲတာလို့။ စောစောက ငါ ဒီတိုင်းဟန်ဆောင်နေတာကွ။ တကယ်ဟန်ဆောင်နေတာပါဆို။ ငါက မဟာအကြီးအကဲမဟုတ်ဘူး အရှေ့ဆေးဝါးအဖွဲ့က သာမန်ဆေးပေါင်းဖိုဘုရင်အဆင့် အဘိုးကြီးပဲ။ ဟိုလူကမှ တကယ့် မဟာအကြီးအကဲအစစ်။ သူ့ကိုခေါ်သွား နော်" သူ့မှာ ငိုချင်ပါသော်လည်း မျက်ရည်က ကျမလာ။ သူ၏သရုပ်ဆောင်မှုက အပီပြင်လွန်ခဲ့၍ ယခုတော့ ကိုယ့်သေတွင်းကိုယ်တူးမိရက်သား ဖြစ်ချေပြီ။
သူ့မှာ ကြောက်ဒူးတုန်နေပြီး တအီးအီး အော်ဟစ်ငိုယိုနေတော့သည်။
"ဒီလိုလုပ်စရာမလိုပါဘူး မဟာအကြီးအကဲကျိုး" ဟန်ရွှယ့်ကျုံးက ပြန်ပြောသည်။ "ကျုပ် တစ်ချိန်လုံး ခင်ဗျားကို စောင့်ကြည့်နေတာကြောင့်မလို့ မမှားနိုင်ဘူး။ ခင်ဗျား က ဘယ်လို နည်းလမ်းနဲ့ပဲ ဖြစ်ဖြစ် သဲလွန်စကိုမြင်ပြီး နောက်ဆုံး အဓိကပါဝင်ပစ္စည်းကို ပြောပြနိုင်ခဲ့တယ်။ အဲ့ဒါကပဲ အဲ့ဒါက စစ်မှန်တဲ့အသိအမြင်ပဲ။ ကျုပ် ဟန်ရွှယ့်ကျုံး ဘယ်လိုမှ မမှားနိုင်ဘူး။ ခင်ဗျားကမှ ဆေးဝါးတာအိုရဲ့ မဟာအကြီးအကဲစစ်စစ်။ စောစောက ခင်ဗျားရဲ့အပြုအမူကတော့ ကံဆိုးစွာနဲ့ မပီပြင်ဘူး"
"အမှန်ပဲ" ရန်စုန့်က ပြောသည်။ "ကျုပ် ရောက်တဲ့အချိန်ကစပြီး အခုထိ မဟာအကြီးအကဲကျိုးဟာ အရာအားလုံးကို အသေးစိတ် သိရှိခဲ့ပြီး အရေးကြီးတဲ့အရာတွေကို ဖမ်းဆုပ်နိုင်ခဲ့တယ်။ ဆေးရနံ့ကိစ္စပဲဖြစ်ဖြစ်၊ မိုးကြိုးပါဝင်ပစ္စည်းကိစ္စပဲဖြစ်ဖြစ် မဟာအကြီးအကဲကျိုးရဲ့ ဂျူနီယာမျိုးဆက်ကို ချီးကျူးနေတဲ့ပုံစံက မပြောင်းလဲခဲ့ဘူး။ ဆေးဝါးတာအိုရဲ့ ဉာဏ်အသိအမြင်ဆိုတာ ဟန်ဆောင်နိုင်တဲ့အရာ မဟုတ်ပေဘူး။ ကျုပ်မှာ အဲ့ဒီလိုအသိမျိုးမရှိသလို တခြားဆေးဝါးပညာရှင်တွေမှာလည်း မရှိဘူး။ မဟာအကြီးအကဲကျိုးမှာပဲ ရှိတာ။ ကျုပ် စိတ်ရင်းနဲ့ လေးစားတဲ့လူ များများစားစား မရှိပေမယ့်လို့ ဒီနေ့ မဟာအကြီးအကဲကျိုးက ကျုပ် စာရင်းထဲပါသွားပြီ" ထို့နောက် သူက ရိုသေစွာ လက်ယှက်ပြီး အရိုအသေပေးလိုက်သည်။
ဤအချိန်တွင်တော့ ကျိုးဒယ်ခွန်တစ်ယောက် တကယ်ကြီး ငိုနေလေပြီ။ သူ့မှာ သူ့သေတွင်း သူတူးခဲ့မိသည့်အလား ခံစားနေရတော့သည်...... မျက်ရည်များလည်း ဝဲလာပြီး သူ၏မိန်းမလှလေးနှစ်ယောက်ကို ငုံ့ကြည့်လိုက်သည်။ ယခုကတည်းက သူတို့ကို သူလွမ်းနေလေပြီ။ သူ့မှာ အနောက်ပိုင်းသဲကန္တာရ မည်မျှခေါင်ပြီး မည်မျှကြောက်စရာကောင်းသည်ကို တွေးကြည့်ပြီး ဗလုံးဗထွေး ထပ်ရှင်းပြပြန်သည်။
"ငါက တကယ့် မဟာအကြီးအကဲမဟုတ်ဘူး။ အတုမှ အတု။ မဟာအကြီးအကဲ အယောင် ဆက်မဆောင်တော့ပါဘူးကွာ။ သူ့ကိုခေါ်သွား ဟုတ်ပြီလား။ သူ့ကိုခေါ်သွားသင့်တာပါဆို မင်းမေ့ဂျီးဒေါ်တဲ့မှ။ သူကမှ မဟာအကြီးအကဲအစစ်လို့...." ကျိုးဒယ်ခွန်မှာ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်မိ၍ နောင်တအကြီးကြီးရနေတော့သည်။ ယခုတော့ သူဘာပြောပြော ဘယ်သူမှ မယုံရေးချမယုံတော့ပေ။
"ဟန်ဆောင်မနေပါနဲ့တော့ မဟာအကြီးအကဲကျိုး" ဟန်ရွှယ့်ကျုံးက တဟားဟား ရယ်ရင်း ပြောသည်။ "သူက မဟာအကြီးအကဲဆိုရင်တောင်မှ ကျုပ်စောင့်နေခဲ့တဲ့လူက မဟာအကြီးအကဲကျိုးပဲ" သူက ကျိုးဒယ်ခွန်၏ လက်ကိုဆွဲရင်း လေပေါ်ပျံတက်သွားသည်။
အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူက မန်ဟို့ကို နောက်ဆုံးတစ်ချက် အေးတိအေးစက် ကြည့်ပြီးနောက် ချာခနဲလှည့်၍ ပျံတက်သွားသည်။ ဤအခိုက်အတန့်တွင် သန့်စင်နှင်းမြို့တော်အတွင်းမှ အသံကြီးတစ်သံ ရုတ်တရက် ထွက်လာသည်။
"ထွက်သွားစမ်း" စကားလုံးများက ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေသည်။ မြို့တော်၏အပြင်ရှိ အကာအကွယ်မန္တန်အစီအရင်များမှာ လေမုန်တိုင်း၏တိုက်ခတ်ခြင်း ခံလိုက်ရသည့်အလား အစိတ်စိတ်အမြွှာမြွှာ ပျက်စီးကုန်သည်။ ကောင်းကင်ထက်မှနေ၍ သန့်စင်နှင်းမြို့တော်၏အောက်ရှိ မြေကြီးမှ ဖြာထွက်လာသော လှိုင်းများကို မြင်နိုင်လေသည်။ ၄င်းတို့က မြိို့နံရံကို ကျော်လွန်သွားသည်နှင့် အပြင်၌ စောင့်နေသော သားရဲများ၊ ကျင့်ကြံသူများအားလုံးကို ချက်ချင်း အပိုင်းပိုင်း စုတ်ဖြဲပစ်လိုက်သော လေမုန်တိုင်းကြီးအသွင် ပြောင်းသွားသည်။
မြေငလျင်တို့ လှုပ်ခတ်လာသဖြင့် မြို့သူမြို့သားအပေါင်းမှာ မူးဝေလာပြီး အံ့သြတုန်လှုပ်ကုန်ကြသည်။
ဟန်ရွှယ်ကျုံး မျက်နှာပျက်သွားသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူမှာ တုန်ရီလာပြီး သွေးတစ်ပွက်အန်လိုက်ရသည်။ သူ၏မျက်နှာတွင် အံ့သြမှင်သက်ခြင်းတို့ ဖုံးလွှမ်းနေ၏။ ရန်စုန့်လည်း သွေးတချို့အန်လိုက်ရပြီး လေပေါ်သို့ ကပျာကယာ ပျံတက်လိုက်သည်။
"ဒီနေရာက ထွက်သွားကြစို့" ဟန့်ရွှယ့်ကျုံးက မျက်ရည်ရွှဲသော ကျိုးဒယ်ခွန်ကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး ပြောသည်။ ထို့နောက် တောက်ပသောအလင်းရောင်တစ်ခုက သူတို့လေးယောက်ကို ဝန်းရံသွားပြီး နေရာရွှေ့ပြောင်းခြင်းမန္တန် အသက်ဝင်လာသဖြင့် သူတို့၏ခန္ဓာကိုယ်များ စတင်ဝေဝါးလာသည်။
"တကယ် အထင်လွဲတာပါဆို။ ငါဟန်ဆောင်နေတာလို့။ ငါက မဟာအကြီးအကဲအစစ် မဟုတ်ဘူး။ သူလို့... သူ......" ကျိုးဒယ်ခွန်၏ ဝမ်းနည်းငိုကြွေးသံကြီးမှာ ပဲ့တင်ထပ်နေတော့သည်။ အောက်ရှိ ကျင့်ကြံသူများမှာ ဘာမှမတတ်နိုင်၍ ဒေါသထွက်လျက်သာ ကြည့်နေနိုင်ကြသည်။
"မဟာအကြီးအကဲကျိုး"
"သေလိုက်ပါတော့ မဟာအကြီးအကဲကျိုးကြောင့် ရောက်လာတာကိုး"
အကြီးအကဲလေးဦးမှာ မျက်နှာပျက်နေကြသော်လည်း ဟန်ရွှယ့်ကျုံးနှင့်အခြားသူများ ပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေရုံမှတစ်ပါး မတတ်နိုင်ပေ။
ကျိုးဒယ်ခွန်၏ ငိုသံကြီး ကြည့်ရှုနေသူအားလုံး၏ နားထဲရောက်လာသောအခါ သူတို့၏ရင်ထဲ၌ ဝမ်းနည်းမှုများ ပြည့်နှက်သွားစေတော့သည်။
"အရေးကြီးတဲ့အခိုက်အတန့်မှာမှ မဟာအကြီးအကဲကျိုး ဒီလို သရုပ်ဆောင်လိမ့်မယ်လို့ ဘယ်သူတွေးမိမှာလဲ" သူတို့က တွေးသည်။ "မဟာအကြီးအကဲကျိုးက ဘယ်လိုလူလဲဆိုတာ မသိရင်တော့ သူ့စကားကို အမှန်ထင်ရင်ထင်လောက်မိမှာ"
မန်ဟို့မှာတော့ မျက်လုံးပြူးလျက် ကြည့်နေမိသည်။ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးမှာ သူ၏ခန့်မှန်းနိုင်စွမ်းထက် ကျော်လွန်နေသည်။
"ဒီတစ်ခေါက် ငါ ဘယ်သူ့ကိုမှ ကလိမ်မကျခဲ့ပါဘူး" သူက ပြန်တွေးကြည့်သည်။ "ဘယ်လိုလုပ် ဒီလိုဖြစ်သွားတာတုံး။ လူအများကြီးကို ကလိမ်ကျခဲ့တာမလို့ ပြန်ဝဋ်လည်တာများလား"
***