ငါးရောင်ခြယ်သောလမ်း
Vol. 27 Ch. 366
မြေပြင်တုန်ခါနေခြင်းမှာ တဖြေးဖြေး ရပ်သွားသည်။ အောက်မှ ဟိန်းထွက်လာသော အသံကြီးလည်း တိုးညှင်းပျောက်ကွယ်သွားပြီး သန့်စင်နှင်းမြို့တော်တစ်ခုလုံး သုဿန်တစပြင်ပမာ တိတ်ဆိတ်ကျန်ရစ်ခဲ့သည်။
လူထုမှာ ကျိုးဒယ်ခွန်ပျောက်ကွယ်သွားခဲ့သည့်နေရာကို မော့ကြည့်နေကြ၏။ လူတိုင်းမှာ ယူကျုံးမရဖြစ်နေသဖြင့် နှုတ်ဆိတ်နေကြလေသည်။
အနက်ရောင်နယ်မြေ၏ နံပါတ်တစ် ဆေးဝါးပညာရှင် မဟာအကြီးအကဲကျိုးကား ထိုမျှလွယ်ကူစွာဖြင့် ပါသွားခဲ့လေပြီ။
သူအနေဖြင့် သူသိပ်ချစ်သော သန့်စင်နှင်းမြို့တော်အား ဘယ်တော့မှ ပြန်လာနိုင်တော့မည်မဟုတ်ပေ။ နေရာသစ်တွင် အခြေချပြီး သူ၏မဟာအကြီးအကဲဆိုသော ဂုဏ်သတင်းမှာ ပို၍ပင် ကျော်ကြားကောင်း ကျော်ကြားလာလောက်ပါသည်......
ဤရုတ်တရက်ဆန်သော အဖြစ်အပျက်မှာ ဘယ်သူမှ မခန့်မှန်းနိုင်ခဲ့သောအရာပင်။
မန်ဟိုသည် အကယ်၍ သူသာ ဆေးဝါးပညာပြိုင်ပွဲတွင် ကျိုးဒယ်ခွန်ကို နိုင်ခဲ့လျှင် သို့မဟုတ် ကျိုးဒယ်ခွန်သာ စောစောကကဲ့သို့ ဟိတ်ဟန်မထုတ်ခဲ့လျှင် ဘာဖြစ်လိမ့်မည်ကို စဥ်းစားရင်း ကောင်းကင်ကို မော့ကြည့်နေ၏။ ထိုသို့ဆိုလျှင် ပါသွားမည့်သူမှာ ကျိုးဒယ်ခွန်မဟုတ်ဘဲ...... မန်ဟိုကိုယ်တိုင် ဖြစ်လိမ့်မည်။
သူ့မှာ အတွေးနက်နေရင်း မလှုပ်မယှက်ရပ်နေသည်။
သူ၏ပတ်ပတ်လည်ရှိ ကျင့်ကြံသူရာပေါင်းများစွာလည်း ထိုနည်းတူ အတွေးနက်နေကြသည်။ ယနေ့ ဤနေရာတွင် အများကြီးဖြစ်ပျက်သွားခဲ့၍ ဘယ်သူမှ လိုက်မမှီနိုင်ကြပုံရလေသည်။
တိတ်ဆိတ်မှုက ဝန်းရံနေသည့်အလယ်တွင် မန်ဟိုသည် ခေါင်းကို ဖြေးညင်းစွာ ခါပြီး ကြောင်တောင်တောင်လေးဖြစ်နေသော ဟန်ရွှယ့်ရှန်းကို လှမ်းကြည့်ပြီးနောက် အဘွားအိုကို ကြည့်လိုက်သည်။ သူက လက်နှစ်ဖက်ယှက်၍ သူမကို အရိုအသေပေးကာ ဤတိတ်ဆိတ်နေသောကမ္ဘာထဲမှ တရွေ့ရွေ့ထွက်ခွာသွား၏။
သူ လမ်းလျှောက်ထွက်သွားစဥ် ကျင့်ကြံသူများမှာ စိတ်နှင့်ကိုယ် ပြန်ကပ်သွားပုံရသည်။ တစ်ယောက်ပြီးတစ်ယောက် သူ့ကို လှည့်ကြည့်လိုက်ကြသည်။
အကြီးအကဲလေးဦးလည်း သူ့ကို လှည့်ကြည့်လိုက်ကြသည်။ အကြီးအကဲနှစ်က နှုတ်ဆိတ်နေသော်လည်း အကြီးအကဲလေးက တွ့န်ဆုတ်တွန့်ဆုတ်ဖြင့် ရှေ့တစ်လှမ်းလှမ်းလိုက်သည်။ အကြီးအကဲသုံးဖြစ်သည့် အဘွားအိုက ဘာမှမပြောပေ။
အကြီးအကဲတစ် လူပုလေးက အပြုံးတစ်ခုဆင်မြန်းရင်း ရှေ့သို့ လျှောက်သွားသည်။ သူက အသံကျယ်ကြီးဖြင့် မန်ဟို့ကို လှမ်းခေါ်သည်။ "မဟာအကြီးအကဲ ဘယ်သွားမလို့တုံး"
မန်ဟိုက တုံ့ခနဲ ရပ်ပြီး နောက်ပြန်လှည့်ကြည့်သည်။ "ကျုပ်မျိုးရိုးနာမည်က မန်ပါ" သူက ပြောသည်။ "စောစောက တစ်ယောက်က သန့်စင်နှင်းမြို့တော်မှာ ကျုပ်ကို မကြိုဆိုဘူးလို့ ပြောခဲ့တာဆိုတော့ ... ထွက်သွားရတော့မှာပေါ့" သူက ခေါင်းတခါခါနှင့် သက်ပြင်းချပြီး ထွက်ခွာရန် လှည့်လိုက်သည်။
ထိုစကားလုံးများက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို ချက်ချင်း တုန်လှုပ်သွားစေ၏။ သူတို့ မတုန်လှုပ်ဘဲ နေမည်လော။ ယခင်က ကျိုးဒယ်ခွန် ရှိနေသည့်အတွက် သူတို့အားလုံး သူ့ကို အထင်သေးခဲ့ကြသည်။ သို့ရာတွင် ယခုတော့ ကျိုးဒယ်ခွန်မှာ အတိတ်ကလူထက် မပိုတော့ပေ။ ရုတ်ခြည်းဆိုသလို မန်ဟို့၏အဆင့်အတန်းက ယခင်ထက် အဆုံးမရှိ မြင့်မားသွားခဲ့လေပြီ။
ကျိုးဒယ်ခွန်ပါသွားပြီဖြစ်၍ ဤနေရာတွင် မဟာအကြီးအကဲမရှိတော့ပေ။ သန့်စင်နှင်းမြို့တော်အတွက် ဤကဲ့သို့နစ်နာမှုကား အင်မတန်ကြီးမားလှ၏။
အကြီးအကဲတစ်က အကြီးအကဲနှစ်ကို စိတ်တိုတိုနှင့် မျက်စောင်းလှမ်းထိုးပြီး မန်ဟို့လမ်းကို ပိတ်ရပ်ကာ ရယ်ကျဲကျဲလုပ်နေသည်။
ချက်ချင်းပင် ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက မန်ဟို့ကို လှမ်းအော်ပြောကြသည်။
"မဟာအကြီးအကဲမန် စောစောက အဖြစ်အပျက်က နားလည်မှုလွဲတာပါ။ အေးခဲနှင်းမျိုးနွယ်စုအနေနဲ့ ဧည်သည့်တစ်ယောက်အပေါ် အိမ်ရှင်ဝတ္တရားပျက်ကွက်ခဲ့မိပါတယ်။ ကျေးဇူးပြုပြီး ခေါင်းထဲမထည့်ပါနဲ့ခင်ဗျာ။ မဟာအကြီးအကဲ ဒီနားလည်မှုလွဲတာကို စိတ်မခုပါနဲ့"
"ဟုတ်တယ် မဟာအကြီးအကဲမန် ခင်ဗျားက ဆေးဝါးတာအိုရဲ့ အထွတ်အထိပ်မှာပါ။ ကိုယ့်ကိုယ်ကို နှိမ့်ချနေစရာ မလိုပါဘူး။ ဒီနေရာကို အိမ်လို့ သဘောထားပြီး နေပါ မဟာအကြီးအကဲမန်"
"မဟာအကြီးအကဲမန် ဘာလို့မနေသေးလဲ။ ခင်ဗျား ထွက်သွားရင် အပြင်လောကမှာ ခင်ဗျားရဲ့ပါရမီကို သတိထားမိကြမှာမဟုတ်ဘူးနော်။ ဒီမှာနေရင်တော့ ပိုလို့တောင် နာမည်ကြီးလာမှာ"
"မဟာအကြီးအကဲဖန် ထွက်မသွားပါနဲ့ ကျွန်မတို့တောင်းပန်ပါတယ်"
ကျင့်ကြံသူများ၏ ဟန်ဆောင်ခြင်းကင်းမဲ့သော အသံများထွက်ပေါ်လာသည်။ မန်ဟိုက ချက်ချင်း ရပ်လိုက်ပုံရသည်။ သူသည် လမ်းလျှောက်နေရာမှရပ်၍ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို မျက်လုံးဝေ့ကြည့်ပြီးနောက် လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးလိုက်သည်။
"တာအိုရောင်ရင်းတို့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ပုံမှန်ဆို ကျုပ် ဘယ်တော့မှ မငြင်းပါဘူး။ ဒါပေမယ့် .... ကျုပ်ကို သဘောမကျတဲ့လူတွေ ရှိနေတော့လည်း ထွက်သွားဖို့ကလွဲပြီး တခြားမရှိမှာ စိုးရွံမိပါတယ်" သူ၏စကားလုံးများက အကြီးအကဲနှစ်ကို မျက်နှာပျက်သွားစေသည်။ သူ ဘေးဘီဝဲယာကို အကဲခတ်လိုက်ရာ လူအများ သူ့ကို စိုက်ကြည့်နေကြကြောင်း တွေ့လိုက်ရသည်။ သူက အံတင်းတင်းကြိတ်ရင်း ရှေ့သို့ ခြေလှမ်းအနည်းငယ်လျှောက်သွားပြီးနောက် လက်နှစ်ဖက်ယှက်ကာ မန်ဟို့အား ခါးကိုင်း၍ အရိုအသေပေးလိုက်သည်။
"မဟာအကြီးအကဲမန် ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ။ စောစောက ကျုပ်မှားသွားတဲ့အတွက် စိတ်ထဲမထားဖို့ တောင်းပန်ပါတယ်။ မဟာအကြီးအကဲက တကယ့်ကို ဆေးဝါးတာအိုရဲ့ အထွတ်အထိပ်မှာပါ။ အေးခဲနှင်းမျိုးနွယ်စု ကျဥ်းထဲကြပ်ထဲ ရောက်နေတဲ့အချိန်မှာ ခင်ဗျားက အခက်အခဲတွေ၊ ဘေးအန္တရာယ်တွေကို ဥပေက္ခါပြုပြီး ကျုပ်တို့ ကူညီပေးခဲ့တယ်။ ကျုပ် ဆံဖြူသွားကျိုးတဲ့အထိ ခင်ဗျားရဲ့ ကျေးဇူးကို မမေ့ပါဘူးခင်ဗျာ
"အကြီးအကဲတစ်" သူက တည်ကြည်လေးနက်စွာ ပြောသည်။ " ကျုပ်တို့ မဟာအကြီးအကဲမန်ကို အေးခဲနှင်းပိုးကောင် ပေးသင့်တယ်။ အဲ့ဒါကမှ အေးခဲနှင်းမျိုးနွယ်စု ဘယ်လောက်ကျေးဇူးတင်နေလဲ ဖော်ပြဖို့ တစ်ခုတည်းသောနည်းလမ်းပဲ"
"တစ်ကောင်နဲ့မလောက်ဘူး" အကြီးအကဲလေးက ဝင်ပြောသည်။ သူသည် အမြဲမှုန်ကုပ်နေသော မျက်နှာပိုင်ရှင်ဖြစ်သော်လည်း ယခုတွင် ပြုံးဖြီးနေ၏။ သူက ရှေ့သို့လျှောက်လာပြီး လက်ယှက်လျက် မန်ဟို့ကို အရိုအသေပေးသည်။ "တစ်ကောင်တည်းနဲ့ လုံးဝမလုံလောက်ဘူး။ ငါတို့မှာ အရွယ်ရောက်ခါနီး သားလောင်းနှစ်ကောင်ရှိနေတာပဲ။ နှစ်ကောင်လုံးကို မဟာအကြီးအကဲမန်ဆီ ပေးလိုက်သင့်တယ်။ အကြီးအကဲတစ် သဘောတူတယ်မလား။ ဒါမှပဲ မျိုးနွယ်စု ဘယ်လောက် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်လဲ ဖော်ပြနိုင်မှာ။ ပိုးကောင်တွေကတော့ မျိုးနွယ်စုတည်တန့်နေသရွေ့ အမြဲမွေးလို့ရတာပဲလေ"
အကြီးအကဲတစ်မှာ မန်ဟို့ကို ကြည့်ရင်း ဦးနှောက်ခြောက်နေ၏။ ကျိုးဒယ်ခွန်မရှိတော့သဖြင့် သူတို့တွင် မဟာအကြီးအကဲမန်တစ်ယောက်သာ ကျန်တော့သည်။ သူက အံကြိတ်ပြီး ပြောသည်။ "သွေးထွက်အောင် မှန်လိုက်လေ... မဟာအကြီးအကဲမန် ဘာမှမပူနဲ့ ။ အေးခဲနှင်းပိုးကောင်ကို တစ်နှစ်အတွင်း ပို့ပေးပါ့မယ်"
မန်ဟိုသည် စိတ်ထဲတွင် ပျော်ရွှင်မြူးထူးနေသော်လည်း အပြင်ပန်းတွင်တော့ တွေဝေနေဟန်ဖမ်းထားသည်။ ဤစွမ်းရည်အား စောစောက ကျိုးဒယ်ခွန်ထံမှ သူသင်ယူထားခဲ့ခြင်းဖြစ်လေသည်။
သူ၏တွေဝေနေသောပုံစံကြောင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးထံမှ ထွက်မသွားရန် အော်ဟစ်တောင်းဆိုသံများ ထွက်လာသည်။ မန်ဟိုက တွေဝေနေသည့်ပုံ ဆက်ဖမ်းထားပြီးနောက် ခေါင်းတခါခါလုပ်တော့သည်။ အော်ဟစ်သံများ နောက်တစ်ဖန် ထွက်လာသည့်အခါမှ မန်ဟိုက စဥ်းစားနေပုံဖမ်းလိုက်သည်။
"ကျုပ် မနေချင်တာ မဟုတ်ပါဘူး" သူက သက်ပြင်းချလိုက်သည်။ "ဒီနေရာက အန္တရာယ်များတယ်။ ကျုပ်ရဲ့ကျင့်ကြံခြင်းအခြေခံက နိမ့်သေးတယ်ဆိုတော့ ကိုယ့်ကိုယ်ကို မကာကွယ်နိုင်မှာ စိုးရိမ်မိတယ်... ဒါ့အပြင် ဒီမှာ နှစ်ဝက်လောက်ပဲ နေနိုင်မှာ။ တစ်နှစ်လုံး နေဖို့က မဖြစ်နိုင်ဘူး"
အကြီးအကဲလေးဦး အကြည့်ချင်းဆုံသွားသည်။ နောက်ဆုံးတွင် အဘွားအိုက မန်ဟို့ကို ကြည့်ရင်း ပြောသည်။ "ငါတို့ လေးယောက် အတူကြိုးစားရင် အချိန်ကို တစ်ဝက်လျှော့ချနိုင်လိမ့်မယ်။ အေးခဲနှင်းပိုးကောင်ကို နှစ်ဝက်အတွင်း ပျိုးထောင်ပေးမယ်"
"အေးခဲနှင်းပိုးကောင်ရပြီးရင် မဟာအကြီကဲမန် ထွက်သွားနိုင်တယ်" အကြီးအကဲတစ်က ပြောသည်။ "ကျုပ်တို့ မတားဘူး စိတ်ချ"
ပရိသတ်ထဲရှိ ကျင့်ကြံသူအတော်များများမှာ မန်ဟို့ကို နေဖို့ အော်ဟစ်တောင်းဆိုနေကြသည်။ ဤကဲ့သို့ လေးလေးနက်နက် တောင်းဆိုမှုများကြောင့် နောက်ဆုံးတွင် မန်ဟို သဘောတူလိုက်သည်။ ဤအခြင်းအရာက ကျေးဇူးတင်ကြောင်း ပြောသံများအား ဆူညံသွားစေလေသည်။
ဤသို့ဖြင့် မန်ဟိုတစ်ယောက် သန့်စင်နှင်းမြို့တော်တွင် နေဖြစ်သွား၏။ ၄င်းက ထိုနေရာတွင် သူ နာမည်ကြီးလာပုံလည်း ဖြစ်သည်။ အပြင်မြို့ရှိ ကျင့်ကြံသူများဖြစ်စေ၊ အတွင်းမြို့မှ အေးခဲနှင်းမျိုးနွယ်ဝင်များဖြစ်စေ မဟာအကြီးအကဲမန်ဆိုသော နာမည်သည် သူတို့၏နားထဲ၌ မိုးခြိမ်းသံကြီးကဲ့သို့ မြည်ဟည်းနေတော့သည်။
ယခင်က ကျိုးဒယ်ခွန် မြို့ထဲ၌ ရှိနေခဲ့၍ကြောင့်သာ မဟုတ်လျှင် သူတို့အတွက် မန်ဟို့ကို လက်ခံရန် လွယ်ကူမည် မဟုတ်သလို ဤမျှအရေးတယူလည်း လုပ်နေမည်မဟုတ်ပေ။
ကံကောင်းစွာနှင့် ကျိုးဒယ်ခွန်သည် ခိုင်မာသောအုတ်မြစ် ချထားခဲ့ပြီး မြို့သူမြို့သားတိုင်းအား ဆေးဝါးတာအိုအပေါ် လေးစားကြည်ညိုစေခဲ့သည်။ မြို့ခံများ ဆေးဝါးပညာရှင်တို့အပေါ် အရူးအမူးလေးစားခြင်းကြောင့် အေးခဲနှင်းမျိုးနွယ်စုသည် မန်ဟို့ကို ယဥ်ကျေးပျူငှာစွာဖြင့် ဆက်ဆံကြလေသည်။
ဤကဲ့သို့ အခြေအနေမျိုးတွင် မန်ဟို့အတွက် ကျိုးဒယ်ခွန် တည်ဆောက်ခဲ့သော အုတ်မြစ်ကို သူ၏အပိုင်အဖြစ် သိမ်းပိုက်နိုင်ခြင်းက ပုံမှန်သာဖြစ်သည်။
သနားစရာ ကျိုးဒယ်ခွန်သာ သိလျှင်တော့ သွေးအန်ပြီး နောင်တကြီးစွာ ရနေပေလိမ့်မည်။ သူ့မှာ သေချာပေါက် သက်ပြင်းချပြီး အမြဲသရုပ်ဆောင်နေရန်က မဖြစ်နိုင်ကြောင်း တွေးနေလိမ့်မည်။ စိတ်မကောင်းစွာနှင့် သူ ဆင်းရဲဒုက္ခခံ၍ တည်ဆောက်ခဲ့ရသော အရာမှာ ယခုတော့ မန်ဟို့အပိုင် ဖြစ်သွားလေပြီ။
သို့သော် မန်ဟို့မှာလည်း အပြစ်သလိုခံစားနေရသည်။ ဤအခြေအနေကို ဖန်တီးခဲ့သူက သူမဟုတ်သည့်အပြင် ကြက်ကန်းဆန်အိုးတိုး၍သာ ဖြစ်လာခြင်း မဟုတ်ပါလော။ အရာအားလုံးက သူ့အရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့၍ ဘယ်နည်းနှင့်မှ ရှောင်မရခဲ့ပေ။ ၄င်းက သူ့လက်ထဲသို့ တည့်တည့်ကြီး ကျလာခဲ့ခြင်းဖြစ်သည်။
နောက်ရက်များတွင် မြို့ထဲရှိ ကျင့်ကြံသူအားလုံးနီးပါး မဟာအကြီးအကဲကျိုးအကြောင်း ပြောနေကြတော့သည်။ မန်ဟို့၏စံအိမ်မှာတော့ အေးခဲနှင်းမျိုးနွယ်ဝင်များ၏ အထူးစောင့်ရှောက်မှုအောက်တွင် ဖြစ်၏။
ဤအတောအတွင်း အတော်လေး သြဇာရှိသောကျင့်ကြံသူများ သူ့ဆီ လာရောက်လည်ပတ်ကြသည်။ သူတို့အားလုံးမှာ အလွန့်အလွန် ယဥ်ကျေးနေကြ၏။ မန်ဟို သူတို့အား ဆက်ဆံပုံမှာ ကျိုးဒယ်ခွန်၏ အမှတ်သညာဖြစ်သည့် လျှို့ဝှက်ဆန်းကြယ်သော ယောင်ဝါးဝါးအမူအရာနှင့် အလွန်ကွဲပြားသည်။ မန်ဟိုက ပြုံးပြီး ဆေးဝါးတာအိုနှင့်စပ်လျဥ်း၍ မှန်ကန်သော အကြံဉာဏ်များကို ပေးတတ်သည်။ သူက စကားအနည်းအကျဥ်းဖြင့်ပင် မြို့ခံကျင့်ကြံသူများကို ချက်ချင်း အတွေးထဲ နစ်မြောသွားစေနိုင်စွမ်းရှိ၏။
လဝက်ကြာသော် မန်ဟိုသည် သန့်စင်နှင်းမြို့တော်ရှိ သူ၏နေရာကို ခိုင်မာအောင် လုပ်ခဲ့ပြီးလေပြီ။ သူ၏နာမည်ကား အပြင်လောကအထိပင် စတင်ပျံ့နှံ့လာတော့သည်။
မီတာကိုးဆယ်အမြင့်ရှိသည့် ဘီလူးရိုင်းကြီးမူ လူအများသည် မန်ဟို့၏ ကိုယ်ပိုင် မြင်းသဖွယ် သတ်မှတ်ထားကြ၏။ အနောက်ပိုင်းသဲကန္တာရ မိစ္ဆာသားရဲသခင်ကိုတော့ မန်ဟို့၏အစေခံအဖြစ် မြင်ကြသည်။
ဆေးဖော်စပ်ပေးရန် တောင်းဆိုလိုကြသော ကျင့််ကြံသူများသည် မန်ဟို ကြာပန်းများအား သဘောကျသည်ကို တွေ့သွားကြသည်။ သို့နှင့် သူတို့သည် သူ့အတွက် ကြာပန်းများအား နေရာမျိုးစုံ၌ သွားရှာပေးကြလေ၏။ မကြာမီ မန်ဟို့၏ခြံဝင်းသည် နှင်းပဒုမ္မာကြာများဖြင့် ပြည့်နှက်သွားတော့သည်။ ကြာပန်းတို့၏ရနံ့က အရာအားလုံးကို ဖုံးလွှမ်းကာ သင်းပျံ့မွှေးကြိုင်လျက်ရှိသည်။
အနက်ရောင်နယ်မြေနန်းတော်၏ ကျူးကျော်တိုက်ခိုက်မှုနှင့် ပတ်သက်၍မူ ဟန်ရွှယ့်ကျုံး ကတိပေးခဲ့သည့်အတိုင်း သုံးလအတွင်း မည်သည့်ကျူးကျော်မှုမှ လုပ်မည်မဟုတ်ပေ။ ဤအခြင်းအရာအကြောင့် အေးခဲနှင်းမျိုးနွယ်စုအတွက် စစ်ဒဏ်မှ နာလန်ထူရန် အချိန်အတန်ငယ် ရ၏။ အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်နှင့်အမျှ အကာအကွယ်မန္တန်အစီအရင်များ တိုးပွားလာသည်။ မြို့ခံကျင့်ကြံသူအားလုံးမှာ အေးခဲနှင်းမျိုးနွယ်စု၏ စစ်တပ်ထဲသို့ မဖြစ်မနေ ဝင်ရောက်ကာ မ်ြို့၏ စီရင်စုအသီးသီးတွင် အားဖြည့်ပေးကြရ၏။
မန်ဟိုတစ်ယောက်သာ အားယားနေခြင်း ဖြစ်သည်။ သူသည် အချိန်အများစုတွင် ကြာပန်းများအနား၌ တရားထိုင်နေတတ်သည်။ ရံဖန်ရံခါ ကောင်းကင်မြေကြီးတချို့ထုတ်ကာ ၄င်းအထဲရှိ မှော်သင်္ကေတများကို လေ့လာမည်ဖြစ်သည်။ တခြားအချိန်များတွင် သူသည် ဂုလာကိုခေါ်ကာ သူ၏ အရုပ်ဆေးမင်ကြောင်များကို လေ့လာတတ်၏။
ကောင်းကင်မှ ဆိုင်းမဆင့် ဗုံမဆင့် ပစ်ချတတ်သော မိုးကြိုးများကိုတော့ မန်ဟို ကျင့်သားရနေလေပြီ။ ယခုတွင် သူသည် ၄င်းပစ်ချတော့မည့် အချိန်ကိုပင် အလိုလိုသိနေပြီဖြစ်၏။ မှန်ပါသည်၊ လီမျိုးနွယ်စုခေါင်းဆောင်ကြီးမှာတော့ အဆက်မပြတ် အော်ဟစ်ဆဲဆိုနေရမြဲပင်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူ၏ဝိညာဥ်ကိုယ်သည် မိုးကြိုးဒဏ်ကို တဖြေးဖြေး ခံနိုင်ရည်ရှိလာ၏။
မန်ဟို့၏ လေ့လာမှုအရ လီမျိုးနွယ်စုခေါင်းဆောင်ကြီးမှာ မိုးကြိုးဝိညာဥ်အသွင် ပြောင်းနေပြီဖြစ်လေသည်။
အားလုံးအထဲမှ မန်ဟို အတိုးတက်ဆုံးမှာ ကောင်းကင်မြေကြီး မှော်သင်္ကေတများနှင့်ပတ်သက်၍ ဖြစ်သည်။ သူသည် ၄င်းတို့ကို အနက်ရောင်နယ်မြေသို့ စစရောက်ကတည်းက လေ့လာခဲ့လေရာ ယခုတွင် သဲလွန်စတချို့ရသည့်အဆင့်သို့ပင် ရောက်နေလေပြီ။
"ဒီကောင်းကင်မြေကြီးမှော်သင်္ကေတတွေက အရုပ်တွေနဲ့ဆင်တူတယ်။ ဒီ ကောင်းကင်အဆောင်စက္ကူက. ... သေချာပေါက် ကမ္ဘာဦးအရုပ်တစ်ရုပ်ဆိုတာ ရှစ်ဆယ်ရာခိုင်နှုန်း သေချာတယ်" သူက အသက်ပြင်းစွာရှူရင်း လက်ထဲရှိ ကောင်းကင်အဆောင်စက္ကူကို ငုံ့ကြည့်ပြီး မျက််လုံးများ တောက်ပလာသည်။
"ဒီအချိန်အထိ လေ့လာခဲ့တာတွေအားလုံးက အရုပ်တွေကို ညွှန်ပြနေတယ်" သူ၏ မျက်လုံးများ တဖျပ်ဖျပ်လက်နေသည်။ "ငါ အရုပ်တွေကို ဒီလောက်စိတ်ဝင်စားရတဲ့ အကြောင်းရင်းက မိုးကောင်းကင်ပြစ်ဒဏ်ပြီးရင် ခေါင်းခဲစရာကြီးက ပြီးပြည့်စုံတဲ့ အနုသုခုမရုပ်ခန္ဓာကို ဘယ်လိုရအောင် လုပ်ရမလဲဆိုတာပဲ"
"အနုသုခုမရုပ်ခန္ဓာကို ဓာတ်ငါးပါးနဲ့ အရောင်ငါးမျိုး ခွဲထားတယ်။ လေးရောင်က အနာအဆာမဲ့ခြင်းနဲ့ ညီမျှပြီးတော့ ငါးရောင်က ပြီးပြည့်စုံခြင်းပဲ ..... မြင့်မြတ်သောဝိညာဥ်ကျမ်းစာရဲ့ ရွှေအမြုတေကျင့်စဥ်ကိုသာ ရရင်တော့ လေးရောင်အနုသုခုမရုပ်ခန္ဓာကနေ ပြီးပြည့်စုံတဲ့ အနုသုခုမရုပ်ခန္ဓာကို အောင်အောင်မြင်မြင် တက်နိုင်မလားကြည့်ရမယ်။ ကံဆိုးတာက ရွှေအမြုတေကျင့်စဥ် ပျောက်ဆုံးနေတာပဲ...." သူ၏မျက်လုံးထဲရှိ အလင်းရောင်သည် ပို၍တောက်ပလာ၏။
"တခြားအဆင့်တွေက အနုသုခုမရုပ်ခန္ဓာအဆင့်နဲ့ ယှဥ်လို့တောင်မရဘူး။ လေးရောင်ရချင်ရင် ..... အဲ့ဒါက အရမ်းခက်တယ်။ ငါတောင်မှ ဘယ်လိုလုပ်ရမလဲ မသိဘူး။ ဒါပေမဲ့ အနောက်ပိုင်းသဲကန္တာရရဲ့ အရုပ်တွေနဲ့ အရှေ့ဘက်နယ်မြေက ရန်စုန့်ရဲ့ ဓာတ်ငါးပါးဆေးဖော်နည်းကြောင့် ငါ့လေ့လာစရာ လမ်းအသစ်တွေ့ပြီ
"ငါ အောင်မြင်နိုင်ခြေရှိမရှိကို လေ့လာဆန်းစစ်မှုတွေက ဆုံးဖြတ်ပေးလိမ့်မယ်။ အရုပ်ဆေးမင်ကြောင်တွေ လေ့လာရဖို့ အနောက်ပိုင်းသဲကန္တာရ ကျင့်ကြံသူတွေ ထပ်လိုတယ်။ အဲ့ဒါမှ သေသေချာချာသိရမှာ" မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏မျက်လုံးများသည် အေးစက်သောအငွေ့အသက်များ ထုတ်လွှတ်နေချေသည်။
***